← Chapters

လောကပါလနတ်မင်း ပေါ်ထွက်လာခြင်း

Vol. 13 Ch. 1299

လောကပါလနတ်မင်း ပေါ်ထွက်လာခြင်း

Vol. 13 Ch. 1299

အချိန်လေဆင်နှာမောင်းမှာ ပိုင်ရှောင်ချန်းနှင့် သံယောဇဥ်မဲ့လူသားတို့အား နောက်တစ်ဖန် ဖုံးလွှမ်းသွားပြီး ယခုအကြိမ်တွင် ၎င်း၏ပုံစံမှာ ယခင်ကထက်ပင် ပို၍ ခမ်းနားကြီးကျယ်နေတော့သည်။ ထိုလေဆင်နှာမောင်းကြီး ပျောက်ကွယ်သွားသောအခါ သူတို့နှစ်ယောက်က တစ်ယောက်နှင့်တစ်ယောက် အနည်းငယ် ကွာေဝးနေကြပြီဖြစ်သည်။ သံယောဇဥ်မဲ့လူသားမှာမူ ယခင်ကလို ပိုင်ရှောင်ချန်းဆီသို့ ပြေးမသွားလိုက်ဘဲ ပတ်ဝန်းကျင်အား တအံ့တသြဖြင့် ကြည့်လိုက်မိတော့သည်။

ပိုင်ရှောင်ချန်းမှာလည်း အံ့သြမှင်တက်ဖွယ်ကောင်းသော အရာတစ်ခုကို အာရုံခံမိလိုက်သဖြင့် မျက်လုံးပြူးကြီးများဖြင့် ဘေးဘီဝဲယာကို ဝေ့ဝိုက်ကြည့်လိုက်တော့သည်။

ကြယ်တာရာကောင်းကင်ကြီးထဲရှိ အဝေးတစ်နေရာတွင် ယခင်က သံယောဇဥ်မဲ့လူသား၏ ခန္ဓာကိုယ်အရွယ်အစားထက် များစွာ ပို၍ကြီးမားသော ဧရာမလေပွေကြီးတစ်ခု ရှိနေသည်။

ထိုဝဲကတော့သဖွယ် လည်ပတ်နေသည့် လေပွေကြီးထဲတွင် ထာဝရကမ္ဘာမှ မဟုတ်သော အငွေ့အသက်တစ်ခု ရှိနေသည်။

ပို၍ အံ့အားသင့်ဖွယ်ကောင်းသည်မှာ ၎င်းအား ပိုင်ရှောင်ချန်း လှမ်းကြည့်လိုက်သောအခါ ရှေးဆန်ပြီး အိုဟောင်းနေသော စစ်သင်္ဘောကြီးတစ်စင်းက ထိုလေပွေထဲမှ ထွက်လာနိုင်ရန် ရုန်းကန်နေသည်ကို မြင်လိုက်ရခြင်းပင်။

ထိုစစ်သင်္ဘောကြီးကို ပိုင်ရှောင်ချန်း မှတ်မိပေသည်။ ၎င်းမှာ အင်မော်တယ်ကမ္ဘာထဲရှိ မဟူရာတိမ်တိုက်တောင်ကြားထဲတွင် သူ မြင်ခဲ့ရသည့် စစ်သင်္ဘောကြီးပင်။ ၎င်းမှာ အဆုံးအစမဲ့သော သေခြင်းတရားခံစားချက်များနှင့် ပြည့်နှက်နေခဲ့သည့် သင်္ဘောကြီးပင် ဖြစ်သည်။

" အဲဒါ.... "

ပိုင်ရှောင်ချန်းမှာ လွန်စွာ စိတ်နှလုံး လှုပ်ရှားသွားရပြီး သူ၏ကံမှာ ဆိုးဝါးလွန်းနေသဖြင့် ပူဆွေးသောကရောက်စွာ ငြီးတွားလိုက်တော့သည်။ ထာဝရပန်းပွင့်၏ အထက်တွင် သံယောဇဥ်မဲ့လူသား ပေါ်ထွက်လာခဲ့သည့် အချိန်သို့ ပြန်၍ရောက်သွားခဲ့သည်ကိုပင် သူလက်ခံနိုင်ခဲ့သေးသည်။ သို့သော် ထိုစစ်သင်္ဘောကြီး ပေါ်ထွက်လာသည့်အချိန်သို့ အဘယ့်ကြောင့် ပြန်ရောက်သွားရပါသနည်း။

" သံယောဇဥ်မဲ့လူသားက သူ့တာအိုကို အမွေဆက်ခံပြီး ရခဲ့တာမလား... "

သူက တုန်တုန်ရီရီဖြင့် တွေးနေတော့သည်။ ပထမဆုံး သူ တွေးမိလိုက်သည်မှာ အချိန်ထပ်၍ပြောင်းလဲရန် လိုအပ်ကြောင်းပင် ဖြစ်သည်။ အကယ်၍ သူသာ နှေးကွေးနေပြီး သံယောဇဥ်မဲ့လူသားက ဤအခြေအနေမှ အတန်ငယ် ဉာဏ်အလင်းပွင့်သွားပါက အခြေအနေ ဆိုးရွားသွားနိုင်သည် မဟုတ်ပါလော။

သို့သော် ထိုသို့ မပြောင်းလဲမီ နောက်ဆုံးအခိုက်အတန့်လေးတွင် သူ၏မျက်လုံးများမှာ အရောင်လက်သွားပြီး ထိုလေပွေကြီးအား သူ ပြန်၍ကြည့်လိုက်တော့သည်။

" ဒါက ငါရှာနေတဲ့ အခွင့်အရေးဖြစ်နေရင်ကော … "

သူသည် ချက်ချင်း ထွက်မပြေးတော့ပဲ တွေဝေနေတော့သည်။ သူက အချိန်ကို ကြိမ်ဖန်များစွာ ပြောင်းလဲခဲ့ပြီးဖြစ်၍ ယခုလက်ရှိ အခြေအနေမှာ အလွန်တမူထူးခြားနေကြောင်းကို သိနေသည်။

" သံယောဇဥ်မဲ့လူသားရဲ့ တာအိုထဲမှာရှိတဲ့ အားနည်းချက်တွေကို ငါရှာနိုင်မလားမသိဘူး "

သူသည် အရောင်လက်နေသော မျက်ဝန်းများဖြင့် အတန်ငယ် ထပ်မံစောင့်ဆိုင်းကာ အကယ်၍ မထင်မှတ်ထားသော အရာများ ဖြစ်ပေါ်လာပါက ချက်ချင်းထွက်ပြေးရန် ဆုံးဖြတ်လိုက်သည်။

ထိုသို့ သူ တွေးတောဆုံးဖြတ်နေစဥ်မှာပင် လေပွေထဲမှ ကျယ်လောင်သော ထစ်ချုန်းသံများ ပေါ်ထွက်လာသည်။ ထိုရှေးဟောင်း စစ်သင်္ဘောကြီးမှာ ရုန်းကန်ကာ အပြင်ဘက်သို့ ပို၍ရောက်လာသဖြင့် သင်္ဘောဦးတွင်ထိုင်နေသည့် အနက်ရောင်ဝတ်ရုံတစ်ခုကို ဆင်မြန်းထားသော အဘိုးကြီးတစ်ယောက်ကို မြင်လိုက်ရတော့သည်။

ထိုအဘိုးကြီး၏မျက်နှာမှာ အသက်မဲ့နေပြီး သူ၏နဖူးပေါ်တွင် ဒဏ်ရာတစ်ခုကို မြင်နိုင်သည်။ သို့သော် သွေးတစ်စက်မှ ရှိမနေပေ။ ထိုဒဏ်ရာမှာ ယခင်ကတည်းက အနာကျက်ပြီး ဖြစ်နေခဲ့သည်မှာ အသေအချာပင် ။

ထိုမြင်ကွင်းကြီးမှာ ထူးဆန်းလှပေသည်။ မဟူရာတိမ်တိုက်တောင်ကြားထဲတွင် ပိုင်ရှောင်ချန်း တွေ့ခဲ့ရသည့် ရုပ်အလောင်းကြီးတွင်မူ အလားတူ ဒဏ်ရာတစ်ခု ရှိနေပါသော်လည်း ထိုဒဏ်ရာမှာ မကျက်သေးသည် မဟုတ်ပါလော။

ဘေးနားရှိ သံယောဇဥ်မဲ့လူသားမှာမူ အလွန်အမင်းတုန်လှုပ်နေပြီ ဖြစ်ပြီး သူ၏မျက်လုံးများမှာ တောက်ပစွာ လင်းလက်နေသည်။

အရာရာတိုင်း အချိန်နှင့်အမျှ ပို၍ထူးဆန်းလာနေသည်ဖြစ်ပြီး ထိုစစ်သင်္ဘောကြီး လေပွေထဲမှ ထွက်လာနိုင်ရန် ရုန်းကန်နေစဥ် ပိုင်ရှောင်ချန်းမှာလည်း ထာဝရကမ္ဘာမှ မဟုတ်သော အငွေ့အသက်တစ်ခုကို ပြတ်ပြတ်သားသား အာရုံခံမိနေပြီ ဖြစ်သည်။

ထိုအချိန်တွင် သူသည် ဆက်လက်၍ စောင့်ကြည့်နေရန် မသင့်တော်ကြောင်း ဆုံးဖြတ်လိုက်သည်။ သို့သော် သူ အချိန်ကို ထပ်မံ မပြောင်းလဲလိုက်နိုင်ခင်မှာပင် လေပွေ၏ အခြားဘက်ရှိ တစ်စုံတစ်ရာမှာ ထွက်ပေါက်၏အနားသို့ တဖြည်းဖြည်း ကပ်လာသည့်အလား ဗလုံးဗထွေးဖြစ်နေသော ထစ်ချုန်းသံတစ်သံ ပေါ်ထွက်လာသည်။

ထိုအခါ စစ်သင်္ဘောပေါ်တွင် ထိုင်နေသည့် အဘိုးကြီး၏ မျက်လုံးများမှာ မီးများတောက်လောင်နေသည့်အလား လင်းလက်သွားပြီး သူက လက်နှစ်ဖက်အား ရှေ့သို့ ဆန့်ထုတ်လိုက်တော့သည်။ ထိုအခါ ချက်ချင်းပင် စစ်သင်္ဘောကြီးမှာ မီးလောင်ကျွမ်းသွားသဖြင့် စွမ်းအားကြီးအငွေ့အသက်များ တလိပ်လိပ် ထွက်ပေါ်လာကာ လေပွေထဲမှ ထိုးထွက်၍ ထာဝရကမ္ဘာထဲသို့ ရောက်လာတော့သည်။

ထိုအခိုက်အတန့်တွင် လေပွေကြီး၏အခြားဘက်မှ ဗလုံးဗထွေး အော်ဟစ်သံတစ်သံကို ကြားလိုက်ရသည်။ ထိုလေပွေကြီးမှာ တုန်ရီသွားကာ ၎င်းထဲမှ လက်ချောင်းကြီးတစ်ချောင်း ထိုးထွက်လာပြီးနောက် စစ်သင်္ဘောပေါ်ရှိ အဘိုးကြီးအား လိုက်ဖမ်းတော့မည့်အလား ထာဝရကမ္ဘာထဲသို့ ဝင်ရောက်လာတော့သည်။

" မင်းဘယ်နေရာ ထွက်ပြေးထွက်ပြေး မထူးဘူး " အေးစက်စက်စကားသံတစ်သံ ပေါ်ထွက်လာသည်။

" ချန်းမန်တာအိုနယ်မြေက အတိတ်မှာကျန်ခဲ့ပြီ။ နောက်ဆုံးရောက်ရင် မင်း.... "

သို့သော် ထိုစကား မဆုံးသေးခင် ဧရာမလက်ချောင်းကြီးက လေပွေထဲမှ ထိုးထွက်လာပြီးနောက် တစ်စစီကြေမွသွားပြီး ပြာမှုန့်များအသွင် ပြောင်းလဲသွားတော့သည်။

ပိုင်ရှောင်ချန်းမှာ မျက်လုံးပြူးကြီးများဖြင့် ငေးကြည့်နေပြီး နှလုံးခုန်နှုန်းများ မြန်လာတော့သည်။ မိုးမြေဧကရာဇ်အဆင်သို့ ရောက်ရှိခဲ့စဥ်က ခံစားခဲ့ရသည့် လျှို့ဝှက်ဆန်းကြယ်သော စွမ်းအင်ကြီးကို အစောပိုင်းက သူ ခံစားလိုက်ရသည်။ ထိုစွမ်းအင်ကြီးမှာ ထိုရန်လိုနေသော လက်ချောင်းတိုက်ကွက်ကြီးကို ဖျက်ဆီးလိုက်ခြင်းပင် ဖြစ်သည်။

" ငါ့တာအိုလက်ချောင်းက ဖျက်ဆီးခံလိုက်ရတာပါလား။ ဘယ်လိုတောင် ဖြစ်နိုင်ရတာလဲ။ ဒီနေရာက...ခဏနေပါဦး...

တစ်ခုခုတော့ လွဲနေပြီ။ ဒီနေရာက တန်ခိုးရှင်၊ဘုရား၊ မိစ္ဆာ၊ နတ်ဆိုး နဲ့ တစ္ဆေတို့ရဲ့ ကမ္ဘာမဟုတ်ဘူးပဲ။ ဒီနေရာက ... "

ထိုစကားသံကြီး တဖြည်းဖြည်း တိမ်ဝင်သွားချိန်တွင် စစ်သင်္ဘောပေါ်ရှိ အဘိုးကြီးက နောက်သို့လှည့်၍ လေပွေကြီးအား ကြည့်လိုက်သည်။ ထို့နောက် သူက အရောင်လက်နေသော မျက်ဝန်းများဖြင့် ရယ်မောလိုက်တော့သည်။

" ဒီနေရာကို တန်ခိုးရှင်၊ ဘုရား၊ မိစ္ဆာ ၊ နတ်ဆိုးနဲ့ တစ္ဆေတို့က ပေါင်းစည်းပြီး ချုပ်နှောင်ထားတာကွ။ ဒီနေရာက လောကပါလနတ်မင်းရဲ့ ဒဏ္ဍာရီလာ အိမ်ဖြစ်တဲ့ ထာဝရဝိညာဥ်ကမ္ဘာပဲ "

" ဒီနေရာမှာ ငါ ပြန်လည်မွေးဖွားလာပြီးတော့ ချန်းမန်တာအိုနယ်မြေထဲမှာ ဖြစ်ခဲ့သမျှတွေကို သင်ခန်းစာယူပြီး မင်းရဲ့ အဆုံးမဲ့တာအိုနယ်မြေထဲမှာရှိတဲ့ သက်ရှိအားလုံးကို သတ်ဖြတ်ပစ်မယ်။ ဒါမှမဟုတ် ... ငါ့ရဲ့တာအိုအရ နောက်ထပ် လောကပါလနတ်မင်းတစ်ပါး ပေါ်ထွက်လာအောင် လုပ်ပြီး ထာဝရဝိညာဥ်ကမ္ဘာကို သူ့ပန်းတိုင်ဆီရောက်အောင် ပို့ပစ်မယ်။ အဲဒါဆိုရင် အခြားဘက်မှာရှိနေတဲ့ အရာကြီးကို နောက်ထပ်တစ်ကြိမ် ထပ်ဖွင့်လို့ ရသွားမှာပဲ "

အဘိုးကြီး၏နှုတ်မှ ထိုစကားသံများထွက်လာပြီးနောက် သူက ခေါင်းကိုနောက်ပစ်၍ အားပါးတရ ရယ်မောလိုက်တော့သည်။ ထိုသို့ သူ ရယ်မောနေစဥ်မှာပင် လျှို့ဝှက်ဆန်းကြယ်သော စွမ်းအင်ကြီး ထပ်၍ပေါ်ပေါက်လာပြီး သူနှင့်သူ၏စစ်သင်္ဘောကြီးတို့ကို ဖုံးလွှမ်းသွားတော့သည်။

ထိုအခါ ထိုစစ်သင်္ဘောကြီးမှာ ရုတ်ချည်း တိုက်စားခံလိုက်ရပြီး ထာဝရကမ္ဘာနှင့် အပ်စပ်မှုမရှိသော ၎င်း၏ ကိုယ်ထည်အစိတ်အပိုင်းအားလုံး ချက်ချင်း ခြောက်သွေ့သွားတော့သည်။ အဘိုးကြီး၏ ရယ်သံမှာ တဖြည်းဖြည်း တိတ်ဆိတ်သွားပြီး သူ၏အသွေးအသားများမှာမူ ပျောက်ကွယ်သွားတော့သည်။

ခြောက်သွေ့နေသော ရုပ်အလောင်းတစ်ခုသာ ကျန်ရစ်ခဲ့ပြီး ၎င်း၏နဖူးပေါ်ရှိ ဒဏ်ရာတစ်ခုမှာ ထာဝရတိုင်အောင် ထင်ကျန်နေတော့မည်ဖြစ်သည်။

ထိုသို့ဖြင့် ထိုစစ်သင်္ဘောကြီးမှာ ကြယ်တာရာကောင်းကင်ထဲတွင် ဆက်လက်၍ တိတ်ဆိတ်စွာ မျောလွင့်နေတော့သည်။

လေပွေကြီး၏ အခြားတစ်ဘက်မှ မည်သည့် တုန့်ပြန်သံမှ ထွက်ပေါ်မလာတော့ပဲ တုန်လှုပ်ခြောက်ခြားပြီး မြန်ဆန်လွန်းနေသည့် အသက်ရှူသံတစ်သံကိုသာ ကြားနေရတော့သည်။ ထိုအသံပိုင်ရှင်မှာ လောကပါလနတ်မင်း၏ အိမ်ဖြစ်သော ထာဝရဝိညာဥ်ကမ္ဘာဟု ခေါ်တွင်သည့် နေရာကြီးကို လုံးလုံးလျားလျား ကြောက်ရွံ့သွားသည့်ပုံပင်။

ထို့နောက် ထိုလျှို့ဝှက်ဆန်းကြယ်စွမ်းအင်ကြီးက လေပွေကြီးဆီသို့ ရွေ့လျားသွားပြီး ပိုင်ရှောင်ချန်း ကြည့်နေစဥ်မှာပင် ထိုလေပွေကြီးအား အပြီးတိုင် ဖျက်ဆီးချေမှုန်းလိုက်တော့သည်။

" အဲဒီစွမ်းအားက... "

သူက ယခုလေးတင် ကြုံတွေ့လိုက်ရသော ဖြစ်ရပ်များကြောင့်တင်မဟုတ်ပဲ ကောင်းကင်နှင့်ကမ္ဘာမြေကြီးကိုတုန်လှုပ်သွားစေနိုင်ပြီး တစ္ဆေများနှင့်နတ်ဘုရားများကိုပင် ငိုကြွေးသွားစေနိုင်သည့် လျှို့ဝှက်ဆန်းကြယ်စွမ်းအင်ကြီးကြောင့်ပါ နှလုံးခုန်နှုန်း မြန်ဆန်လာရတော့သည်။

ပိုင်ရှောင်ချန်းမှာ ထိုလျှို့ဝှက်ဆန်းကြယ်စွမ်းအင်ကြီး ဖျက်ဆီးခဲ့သော လေပွေကြီး ရှိနေခဲ့သည့်နေရာကို မခွာတန်း စိုက်ကြည့်နေသည်။

" အဲဒီအဘိုးကြီးက ဒီနေရာက လောကပါလနတ်မင်းရဲ့အိမ်ဖြစ်တဲ့ ထာဝရဝိညာဥ်ကမ္ဘာလို့ ပြောသွားတာ။ လောကပါလနတ်မင်းဆိုတာ ဘယ်သူတုန်း "

ထိုအချိန်တွင် သံယောဇဥ်မဲ့လူသားမှာ ပြန်၍မတိုက်ခိုက်သေးပဲ စစ်သင်္ဘောကြီးပျောက်ကွယ်သွားနေသည့် နေရာကို စိုက်ကြည့်နေဆဲဖြစ်ကြောင်း ပိုင်ရှောင်ချန်း ရိပ်မိလိုက်သည်။ ပိုင်ရှောင်ချန်းမှာ မျက်တောင်တဖျတ်ဖျတ် ခတ်လိုက်ပြီး လောကတာအို ပြောခဲ့ဖူးသည့် စကားတစ်ခွန်းကို ပြန်၍အမှတ်ရသွားတော့သည်။ သံယောဇဥ်မဲ့လူသားကြည့်နေသည့် ဘက်သို့ လိုက်၍ကြည့်လိုက်သောအခါ သူသည် ရုတ်တရက်ဆိုသလို အလွန်ထူးဆန်းစွာ ခံစားလိုက်ရတော့သည်။

( အခန်း ( ၁၂၄၆ ) တွင် လောကတာအိုက သံယောဇဥ်မဲ့လူသားနှင့်ပတ်သက်၍ ပြောကြားခဲ့ဖူးသည်။ )

" ငါရင်ဆိုင်နေရတာ သံယောဇဥ်မဲ့လူသားလား၊ ဒါမှမဟုတ် အဲဒီအဘိုးကြီးလား "

သူသည် မည်သို့တွေးတောရမည်မှန်း မသိတော့သဖြင့် သူ၏ပြိုင်ဘက် စကားပြောလာစေရန် ရည်ရွယ်၍ စိတ်အနှောင့်အယှက်ပြုနိုင်မည့် စကားလုံးအချို့ကို ပြောရန် ပြင်လိုက်သည်။

သို့သော် သူ ထိုသို့ပြောရန် ပြင်လိုက်စဥ်မှာပင် လျှို့ဝှက်ဆန်းကြယ်သောစွမ်းအင်ကြီးကြောင့် ပြောင်သလင်းခါသွားခဲ့ရပြီး အတွင်းသို့ အိကျသွားခဲ့ရသည့် နေရာတစ်ဝိုက်မှာ ရုတ်တရက် သိသိသာသာ ဖောင်းကားလာတော့သည်။

ထို့နောက် ဒေါသတကြီးအော်ဟစ်သံတစ်သံ ရုတ်ချည်း ပေါ်ထွက်လာပြီး ကြယ်တာရာကောင်းကင်ထဲရှိ ထိုဖောင်းကားနေသောနေရာထဲတွင် အကြမ်းထည် မျက်နှာကြီးတစ်ခုကို မြင်လိုက်ရသည်။

ကြယ်တာရာကောင်းကင်ကြီးမှာ ထာဝရဝိညာဥ်ကမ္ဘာကို အခြားအမည်မသိ လျှို့ဝှက်ဆန်းကြယ်သောနေရာတစ်ခုနှင့် ခြားနားပေးထားသည့် အလွှာပါးတစ်ခုကဲ့သို့ ဖြစ်သွားတော့သည်။

ထို လျှို့ဝှက်ဆန်းကြယ်သောနေရာထဲတွင် စွမ်းအားကြီးမားသော လူတစ်ယောက်က ထိုအလွှာပါးကို ထိုးဖောက်ရန် ကြိုးစားနေပါသော်လည်း ကျရှုံးနေရသည်။ သို့ပေမည့် ထိုလူ၏ မျက်နှာကိုမူ မြင်လိုက်ရတော့သည်။

ပိုင်ရှောင်ချန်းတစ်ယောက်သာ အံ့အားသင့်သွားရသည်မဟုတ်ပဲ သံယောဇဥ်မဲ့လူသားမှာလည်း ထိုအချင်းအရာများကို တအံ့တသြ လှည့်ကြည့်မိလိုက်တော့သည်။

များမကြာမီ ပိုင်ရှောင်ချန်း၏ မျက်ဝန်းထဲတွင် ထူးဆန်းသော အရိပ်အယောင်တစ်ခု ပေါ်လာသည်။ ကြယ်တာရာကောင်းကင်ထဲတွင် ရှိနေသည့် ထိုလျှို့ဝှက်ဆန်းကြယ်စွမ်းအင်ကို သံယောဇဥ်မဲ့လူသား အာရုံခံနိုင်၊မခံနိုင်ကို သူ တပ်အပ်မသိပါသော်လည်း သူကမူ အာရုံခံနိုင်နေသည်။ ထိုစွမ်းအင်မှာ ထိုမျက်နှာကြီးကို စောင့်ဆိုင်းနေသည့်အလား ထပ်၍ပေါ်ထွက်လာပြီး ၎င်းကို ဝန်းရံလိုက်ပြန်သည်။

ထိုမျက်နှာကြီး ရုန်းကန်နေသည်ကို သူ ကြည့်နေစဥ် လေပွေအသေးစားတစ်ခု ပေါ်ထွက်လာကာ လျင်မြန်စွာ အရွယ်အစား ကြီးမားသွားပြီး ကြယ်တာရာကောင်းကင်ကြီးအား ထိုးဖောက်၍ ထာဝရဝိညာဥ်ကမ္ဘာနှင့်၎င်း၏ ကြယ်တာရာကောင်းကင်တို့ကို ထိုအမည်မသိသော နေရာကြီးနှင့် ဆက်သွယ်ပေးလိုက်တော့သည်။

ဘာသာပြန်သူမှတ်စု။ ဤစာစဥ်ထဲတွင်ပါဝင်သော ချန်းမန်တာအိုနယ်မြေ ( Vast Expanse Dao Domain ) က ကောင်းကင်တံခါးကို ငါပိတ်မယ်စာစဥ်ထဲတွင် ပါဝင်ပေသည်။

All Chapters