အဆုံးမဲ့လိပ်
Vol. 13 Ch. 1300
ထိုအခိုက် ထိုလေပွေထဲမှ ဧရာမမိကျောင်းတူ လိပ်ကြီးတစ်ကောင်က ထိမ်းမနိုင်သိမ်းမရလောက်အောင် နီမြန်းနေသောမျက်ဝန်းများဖြင့် ကြမ်းကြမ်းတမ်းတမ်း ပေါ်ထွက်လာသည် ဖြစ်၍ ပိုင်ရှောင်ချန်း၏ မျက်လုံးများမှာ ဦးခေါင်းခွံထဲမှ ကျွတ်ထွက်လုမတတ် ပြူးကျယ်လာတော့သည်။
ဤလိပ်ကြီးမှာ အရွယ်အစားမှလွဲ၍ သူ၏သက်စောင့်ဝိညာဥ်နှင့် တထေရာတည်း တူနေသည်ကို သိလိုက်ရသောအခါ ပိုင်ရှောင်ချန်း အံ့သြတုန်လှုပ်သွားရတော့သည်။
ထိုရက်စက်ကြမ်းကြုတ်ဖွယ် မိကျောင်းတူလိပ်ကြီး ပေါ်ထွက်လာသည်နှင့် တစ်ပြိုင်နက် လေပွေကြီးက မျက်နှာကြီးနှင့်အတူ ပျောက်ကွယ်သွားသည်။ သို့ပေမည့် ထိုမျက်နှာကြီးက ပျောက်ကွယ်မသွားခင် မာနကြီးကာ အေးစက်စက်လေသံဖြင့် နောက်ဆုံးစကားတစ်ခွန်း ပြောခဲ့လိုက်သေးသည်။
" ချန်းမန်တာအိုနယ်မြေရဲ့ ဂုဏ်အရှိန်အဝါတွေဆိုတာ အတိတ်မှာ ကျန်ခဲ့ပြီ။ အခုက အဆုံးမဲ့တာအိုနယ်မြေရဲ့ ခေတ်ကို ရောက်နေပြီကွ။ အဆုံးမဲ့လိပ်ရေ ... စီရင်သူအရှင်ကို ဖျက်ဆီးပြီး ဒုတိယမြောက် လောကပါလနတ်မင်း မမွေးဖွားလာနိုင်အောင် တားဆီးလိုက်စမ်း "
ထိုစကားသံနှင့်အတူ လျှို့ဝှက်ဆန်းကြယ်သော စွမ်းအင်ကြီးသည်လည်း ပေါ်ထွက်လာပြီး လေပွေကြီးမပျောက်ဆုံးခင် အတွင်းထဲသို့ ပျံသန်းဝင်ရောက်သွားတော့သည်။ အနည်းငယ်ကြာသောအခါ သွေးပျက်ချောက်ချားဖွယ်ကောင်းပြီး အံ့အားသင့်မှုများဖြင့် ပြည့်နှက်နေသော အော်ဟစ်သံတစ်သံကို ကြားလိုက်ရပြီးနောက် တိတ်ဆိတ်ငြိမ်သက်သွားတော့သည်။
ထိုလျှို့ဝှက်ဆန်းကြယ်စွမ်းအင်ကြီးက လေပွေထဲမှ ပြန်ထွက်လာပြီး ထိုလေပွေအား အပြီးတိုင်ဖျက်ဆီးကာ မိကျောင်းတူလိပ်ကြီးထံ ဦးတည်သွားတော့သည်။
ထိုလိပ်ကြီးက သာမန်လိပ်တော့ မဟုတ်၊ ထိုလျှို့ဝှက်ဆန်းကြယ်စွမ်းအင်ကြီး ချဥ်းကပ်လာသည်နှင့် ရွှေရောင် အလင်းများဖြင့် ပြိုးပြိုးပြက်ပြက် ဝင်းလက်လာသည်။ ၎င်း၏ အခွံက အတောက်ပဆုံး ဖြစ်နေသည်။ ထိုအခွံအား သေသေချာချာကြည့်လိုက်မိသောအခါ ပိုင်ရှောင်ချန်း၏ အသိစိတ်များ ချာချာလည်သွားရတော့သည်။
" အဲဒီလိပ်ခွံကို... " သူက ရေရွတ်လိုက်သည်။
" ငါ တော်တော်လေး ရင်းရင်းနှီးနှီးကို သိနေတာပါလား... "
ထိုလျှို့ဝှက်ဆန်းကြယ်စွမ်းအင်ကြီးက မိကျောင်းတူလိပ်ကြီးအား ဖုံးလွှမ်းသွားသောအခါ ၎င်း၏ခန္ဓာကိုယ် ပျောက်ကွယ်သွားပြီး အခွံသာ ကျန်ရစ်ခဲ့တော့သည်။ ထို့နောက် ထိုစွမ်းအင်က ထိုလိပ်ခွံအား အပြီးတိုင်ဖျက်ဆီးရန် ပြင်လိုက်ပါသော်လည်း ထိုသို့ မဖျက်ဆီးနိုင်ခင် ကြယ်တာရာကောင်းကင်ကြီးထဲ၌ ဧရာမပုံရိပ်ယောင် ပန်းပွင့်ကြီးတစ်ပွင့် ပေါ်ထွက်လာတော့သည်။
ထိုပန်းပွင့်မှာ လှပကာ ပုံရိပ်ယောင်တစ်လှည့်၊ အစစ်အမှန်တစ်သွင်ဖြင့် ပေါ်ထွက်လာကာ ထိုလိပ်ခွံအား ၎င်း၏အတွင်းပိုင်းထဲသို့ စုပ်ယူလိုက်သောအခါ ကြယ်တာရာကောင်းကင်ကြီး၏ လျှို့ဝှက်ဆန်းကြယ်သောစွမ်းအင်က မတားဆီးနိုင်လိုက်ပေ။ ထိုအဖြစ်အပျက်အားလုံးကို ကြည့်လိုက်ပြီးနောက် ပိုင်ရှောင်ချန်းမှာ လိပ်ကလေးအကြောင်း တွေးမိသွားတော့သည်။
ထိုပန်းပွင့်ကြီးက လိပ်ခွံကိုစုပ်ယူပြီးသွားသည်နှင့် မွေးကင်းစ လိပ်အသေးလေးတစ်ကောင် ပန်းပွင့်ကြီး၏ အရွက်တစ်ရွက်ပေါ်တွင် ပေါ်ထွက်လာသည်။ ၎င်းမှာ တစ်ခဏမျှ ဘေးဘီဝဲယာသို့ အူကြောင်ကြောင်နှင့် ကြည့်လိုက်ပြီးနောက် ပန်းပွင့်ကြီးနှင့်အတူ ကြယ်တာရာကောင်းကင်ထဲသို့ ဝင်ရောက်ပျောက်ကွယ်သွားတော့သည်။
" ထာဝရလိပ်... "
ပိုင်ရှောင်ချန်းမှာ ပန်းပွင့်ကြီးနှင့်အတူ ပျောက်ကွယ်သွားသည့် လိပ်ကလေးကိုကြည့်ကာ အလွန်အမင်း တုန်လှုပ်နေတော့သည်။ ယခုတစ်ခေါက် အချိန်ခရီးသွားမှုမှာ အလွန်အဓိပ္ပါယ်ရှိလွန်းနေသည်ဖြစ်ပြီး လိပ်ကလေးနှင့် သူ့လိပ်ပုံစံဒယ်အိုးတို့၏ မူလဇစ်မြစ်ကို ဖော်ပြခဲ့သည်လည်း ဖြစ်သည်။ ဤအမှန်တရားအသစ်များ သူ၏အတွေးထဲသို့ ရောက်သွားသောအခါ ပိုင်ရှောင်ချန်းမှာ ဉာဏ်အလင်းပွင့်သွားပြီး သူ၏မျက်ဝန်းများ တလက်လက်တောက်ပလာတော့သည်။
ပို၍အံ့အားသင့်ဖွယ်ကောင်းသည်မှာ ထိုလျှို့ဝှက်ဆန်းကြယ်စွမ်းအားကြီးသည် ရုတ်တရက် သူ့အား ခေတ္တမျှဖုံးလွှမ်းသွားပြီးမှ ထာဝရပန်းပွင့်ပျောက်ကွယ်သွားခဲ့သည့် အရပ်မျက်နှာဘက်သို့ ဦးတည်သွားခြင်းပင်။ ထို့နောက် ပိုင်ရှောင်ချန်းက လက်ကိုဆန့်ထုတ်လိုက်သောအခါ ထိုစွမ်းအင် ရှိနေသေးကြောင်း သိလိုက်ရသည်။ ထိုအခါ သူက လက်ကိုဆုပ်လိုက်ပြီး ၎င်းအား ဖမ်းဆုပ်လိုက်သည်။
သူ မရှင်းပြနိုင်ပါသော်လည်း ထိုလျှို့ဝှက်ဆန်းကြယ်စွမ်းအင်ကြီးက သူ့အား ဒဏ်ရာရအောင် လုပ်မည်မဟုတ်ဟု သေချာနေသည်။ မိုးမြေဧကရာဇ်တစ်ပါးအဖြစ်သို့ သူ ရောက်ခဲ့စဥ်က ၎င်းကို ခံစားမိခဲ့သည်ဖြစ်ပြီး ၎င်းနှင့် သဟဇာတဖြစ်ခဲ့ကြောင်း သိခဲ့ရသည် မဟုတ်ပါလော။
ထိုအခိုက်အတန့်တွင် သံယောဇဥ်မဲ့လူသားမှာ ရုတ်တရက် အလွန်အမင်း တုန်လှုပ်သွားတော့သည်။ သူ၏ခံစားချက်များမှာ ပိုင်ရှောင်ချန်းနှင့် မတူညီပေ။ သူသည် ထိုလျှို့ဝှက်ဆန်းကြယ်စွမ်းအင်ကြီးကို အာရုံမခံနိုင်ခဲ့ပါသော်လည်း ၎င်း၏လုပ်ရပ်များကို သတိမထားမိလိုက်သည်တော့ မဟုတ်။ ယင်းအပြင် ပိုင်ရှောင်ချန်း ယခုလုပ်နေသည့်အရာကို မြင်လိုက်ရသောအခါ သူ၏မျက်လုံးများ ပြူးကျယ်သွားတော့သည်။
" သူက... မဖြစ်နိုင်တာ.... "
ပထမဆုံးအကြိမ်အဖြစ် သူ သိသိသာသာ မျက်နှာပျက်သွားပြီး သူ၏မျက်ဝန်းများထဲတွင်လည်း တုန်လှုပ်ခြောက်ခြားမှု အရိပ်အယောင်များ ထင်ဟပ်လာတော့သည်။ သူသည် အနည်းငယ်ပင် တွေဝေမနေဘဲ သူ၏ကျင့်ကြံခြင်းအခြေခံ စွမ်းအားအကုန်လုံးကို ထုတ်ဖော်၍ သူ၏လက်ကို ဝှေ့ယမ်းလိုက်ပြီး သက်ရှိအားလုံးကိုဖျက်ဆီးကာ တို့ထိလိုက်သမျှ ရှိရှိသမျှအရာအားလုံးကို အမြစ်ဖြုတ်ချေမှုန်းနိုင်သော ဇီဝိန်ခြွေလက်ချောင်းကို ဖန်တီးလိုက်သည်။ ထို့နောက် ထိုလက်ချောင်းအား ပိုင်ရှောင်ချန်းထံ စေလွှတ်လိုက်တော့သည်။
အဝေးမှကြည့်လျှင် ထိုဇီဝိန်ခြွေလက်ချောင်းမှာ ပိုင်ရှောင်ချန်းထံ ထာဝရသေဆုံးခြင်းနှင့် အပျက်အစီးများကို သယ်ဆောင်လာနေသည့် ရုပ်ထုတစ်ခုနှင့် ဆင်တူသည်။
ယခင်ကဆိုလျှင် ပိုင်ရှောင်ချန်းမှာ အချိန်ကိုထပ်မံ ပြောင်းလဲရန် ကြိုးစားလိုက်မည်သာ ဖြစ်သည်။ ထိုနည်းအားဖြင့် ဤကဲ့သို့သော ဝှက်ဖဲတစ်ချပ်ကို သူ အလွယ်တကူ ရှောင်တိမ်းလိုက်နိုင်မည်သာ ဖြစ်သည်။ ယခုတွင်မူ သူသည် အလိုအလျောက် လက်ကိုဆန့်ထုတ်မိလိုက်ပြီး ထိုလျှို့ဝှက်ဆန်းကြယ်သော စွမ်းအင်ကြီးနှင့် ထိတွေ့မိသွားတော့သည်။
ထိုအခါ သူ တုန်ရီသွားပြီး သူ၏ကျင့်ကြံခြင်းအခြေခံမှာ ထိန်းမနိုင်သိမ်းမရ ဖြစ်သွားကာ သူ၏သွေးကြောထဲတွင် သွေးများက အရူးအမူး စီးဆင်းလာသည်။ သူ၏အသက်က အလွန်နက်နဲစွာ ပြောင်းလဲသွားနေသည်ဖြစ်၍ သူ၏ဝိညာဥ်ပင် တုန်ရီသွားရတော့သည်။
" ဒါ.... "
ပိုင်ရှောင်ချန်းမှာ သူ၏ခံစားချက်ကို မဖော်ပြနိုင်တော့ပေ။ ထိုလျှို့ဝှက်ဆန်းကြယ်လှသည်ဆိုသော စွမ်းအင်ကြီးက ကြယ်တာရာကောင်းကင်ကြီးထံမှသာမက ဂြိုလ်များ၊ ကမ္ဘာများနှင့် သက်ရှိများအားလုံးထံမှ ရောက်လာကြသည့်အတိုင်းပင်။ ထာဝရဝိညာဥ်ကမ္ဘာကြီးထဲရှိ အရာအားလုံးက ထိုစွမ်းအင်၏ တစ်စိတ်တစ်ပိုင်း ဖြစ်နေသည့်အလားပင်။
" ဝိညာဥ် ... "
ပိုင်ရှောင်ချန်းမှာ အဘယ့်ကြောင့်မှန်း မသိသော်လည်း ထိုသို့ရေရွတ်မိလိုက်သည်။ ၎င်းမှာ သာမန်စကားလုံးတစ်လုံးသာဖြစ်သော်လည်း ထိုသို့ရေရွတ်လိုက်သည်နှင့် ထိုလျှို့ဝှက်ဆန်းကြယ် စွမ်းအင်ကြီးမှာ စိတ်လှုပ်တရှား ဖြစ်သွားသည့်ပုံပင်။ အာရုံစိုက်၍ ကြိုးစားပါက အခွင့်အလမ်းကောင်းများ ရရှိစမြဲဖြစ်ကြောင်း ပိုင်ရှောင်ချန်းက သိသည်ဖြစ်ရာ သံယောဇဥ်မဲ့လူသားအား လှမ်းကြည့်လိုက်ပြီး သူ၏လက်ချောင်းကို ဆန့်ထုတ်လိုက်သည်။
ထိုအခါ သံယောဇဥ်မဲ့လူသားမှာ မျက်နှာပျက်သွားပြီး သူ၏နှလုံးသားထဲတွင် ယခင်က လုံးဝမကြုံခဲ့ရဖူးသည့် အန္တရာယ်ကြီးတစ်ခုနှင့် ရင်ဆိုင်လိုက်ရသကဲ့သို့ ခံစားလိုက်ရတော့သည်။ သူသည် ချက်ချင်းပင် နောက်သို့ဆုတ်ခွာရန် ပြင်လိုက်ပါသော်လည်း ထိုသို့မဆုတ်ခွာနိုင်ခင်မှာပင် ထိုလျှို့ဝှက်ဆန်းကြယ် စွမ်းအင်ကြီးက ဇီဝိန်ခြွေလက်ချောင်းအား ထိုးခွင်းသွားပြီး ရပ်တန့်သွားစေတော့သည်။ ထို့နောက် ၎င်းက သံယောဇဥ်မဲ့လူသားထံ ချဥ်းကပ်သွားတော့သည်။ ပိုင်ရှောင်ချန်းပင် စိတ်လှုပ်တရှား ကြည့်နေစဥ် ထိုစွမ်းအင်ကြီးမှာ သံယောဇဥ်မဲ့လူသား၏ ပတ်ပတ်လည်တွင် ရစ်ဝဲသွားပြီးနောက် သူ့အား အနည်းငယ်မျှပင် ဒဏ်ရာရအောင် မလုပ်ဘဲ အခြားဘက်သို့ တဟုန်ထိုး ထွက်ခွာသွားတော့သည်။
" ဟင်... "
သံယောဇဥ်မဲ့လူသားက တအံ့တသြ ရေရွတ်မိလိုက်သည်။
" အာ... "
ပိုင်ရှောင်ချန်းမှာ ဆွံ့အကာ စိတ်ပျက်သွားပြီး သူ၏နဖူးပေါ်တွင် ချွေးသီးလုံးများ ထွက်လာတော့သည်။
အချိန်အနည်းငယ်မျှ တိတ်ဆိတ်သွားပြီးနောက် သံယောဇဥ်မဲ့လူသားက ပိုင်ရှောင်ချန်းဘက်သို့လှည့်၍ အေးစက်စွာ လှမ်းကြည့်လိုက်သည်။ ပြီးနောက် မကြာသေးခင်က ရပ်တန့်သွားခဲ့ရသည့် ဇီဝိန်ခြွေလက်ချောင်းကြီးမှာ ထစ်ချုန်းသံများနှင့်အတူ ပိုင်ရှောင်ချန်းထံ ဆက်လက်ဦးတည်လာတော့သည်။
" ဝိညာဥ်ဟုတ်လား။ ဘာဝိညာဥ်တုန်း … ဘာမှ အားကိုးလို့ မရဘူး "
ယခုအခါတွင် အချိန်ကိုပြောင်းလဲနိုင်လောက်အောင် သူ့မှာ အချိန်မရှိတော့ပေ။ ဇီဝိန်ခြွေလက်ချောင်းက သူ၏အပေါ်တည့်တည့်သို့ ရောက်နေပြီ ဖြစ်သည်။ သူသည် မျက်လုံးပြူးကြီးများဖြင့် ညာလက်ကိုဆန့်ထုတ်၍ လိပ်ဒယ်အိုးကို ဆင့်ခေါ်လိုက်ပြီး ထိုလက်ချောင်းတိုက်ကွက်အား ခုခံလိုက်သည်။ တချိန်တည်းမှာပင် သူက အသံကုန်အော်ဟစ်လိုက်တော့သည်။
" ရွှယ်ကျဲ "
သူ၏အော်ဟစ်သံကြောင့် လိပ်ဒယ်အိုးလေးမှာ ရုတ်တရက် ရွှေရောင်အလင်းများဖြင့် လင်းလက်စွာတောက်ပလာပြီး ထိုအလင်းရောင်များက ပေါ်ထွက်လာနေသည့် နွံအိုင်ကြီးထဲသို့ ပေါင်းစည်းဝင်ရောက်သွားကြသည်။ ထို့ကြောင့် ပတ်ပတ်လည်ရှိ ကြယ်တာရာကောင်းကင်ကြီးမှာ တွန့်လိမ်ကွေးကောက်ကာ ပုံပျက်သွားပြီး ယခင်က နွံအိုင်များအားလုံးထက် များစွာသာလွန်သော ရွှေရောင်နွံအိုင်ကြီးတစ်အိုင်ဖြင့် ပြည့်နှက်သွားတော့သည်။
" ကော်တု "
ကျယ်လောင်သော ထစ်ချုန်းသံများ မြည်ဟည်းလာကာ ရွှေရောင်အလင်းများ တောက်ပစွာလင်းလက်လာပြီး နွံအိုင်ကြီးထဲမှ တောင်ထိပ်များ မြင့်တက်လာတော့သည်။ ပြီးနောက် ဧရာမ မိကျောင်းတူခေါင်းကြီးတစ်လုံးနှင့် ၎င်း၏နောက်တွင် ရွှေရောင်အလင်းများ ဖြာထွက်နေသည့် အကြေးခွံများဖြင့် ဖုံးအုပ်ထားသော လည်ပင်းရှည်ကြီး ပေါ်ထွက်လာသည်။ ထိုခေါင်းနှင့် လည်ပင်း၏ နောက်တွင် ဖော်ပြ၍ မရနိုင်လောက်အောင် ကြောက်မက်ဖွယ်ကောင်းပြီး စူးရှချွန်ထက်နေသော လက်သည်းများပါရှိသည့် လက်များနှင့် လိပ်ခွံကြီးလည်း ပေါ်ထွက်လာသည်။ ထိုအခွံကြီး အပြင်သို့ထွက်လာသည်နှင့် ပိုင်ရှောင်ချန်း၏ လိပ်ဒယ်အိုးလေးမှာ ရွှေရောင်အလင်းတန်းတစ်တန်းအသွင် ပြောင်းလဲသွားကာ သူ၏သက်စောင့်ဝိညာဥ်ဆီသို့ ပျံတက်သွားပြီး ၎င်းနှင့် တစ်သားတည်း ပေါင်းစည်းသွားတော့သည်။
ထိုပေါင်းစည်းခြင်း ပြီးဆုံးသွားသောအခါ သူ၏သက်စောင့်ဝိညာဥ်မှာ တုန်ရီသွားပြီးနောက် ကြက်သီးမွေးညင်းများပင် ထသွားစေနိုင်လောက်အောင် ဟိန်းဟောက်လိုက်ပြီး ၎င်း၏အငွေ့အသက်မှာလည်း နောက်ထပ်တစ်ဆင့် မြင့်တက်သွားသည်။ ထို့နောက် ၎င်းက နွံအိုင်ထဲမှ အပြည့်အဝ ပေါ်ထွက်လာတော့သည်။
၎င်းမှာ ကြယ်တာရာကောင်းကင်ကြီးကို ပင့်မပေးထားနိုင်လောက်အောင် အရွယ်အစားကြီးမားလွန်းနေပြီး ၎င်း၏အခွံမှာလည်း ရွှေရောင်အလင်းများ ထုတ်လွှတ်နေသည့်အပြင် ၎င်း၏အမူအရာမှာလည်း လွန်စွာ တင်းမာခက်ထန်နေသည်။ ၎င်းမှာ တုဖက်ကင်းလောက်အောင် ဒေါသကြီးဟန်တူသည်။ ဤသတ္တဝါကြီးကား ယခုလေးတင် ပိုင်ရှောင်ချန်းနှင့် သံယောဇဥ်မဲ့လူသားတို့ရှေ့ရှိ လေပွေထဲမှ ပေါ်ထွက်လာပြီး ထာဝရကမ္ဘာထဲသို့ ဝင်ရောက်လာခဲ့သော မိကျောင်းတူလိပ်ကြီးပင်။
ဝုန်းးးး
ထိုမိကျောင်းတူလိပ်ကြီးမှာ အနည်းငယ်လေးပင် တွေဝေမနေသည့်အပြင် ကြောက်ရွံ့နေသည့် အရိပ်အယောင်လည်း အနည်းငယ်မျှပင် ထုတ်မပြဘဲ ဇီဝိန်ခြွေလက်ချောင်းဆီသို့ တဟုန်ထိုး ဦးတည်သွားလိုက်တော့သည်။
သံယောဇဥ်မဲ့လူသား၏ အမူအရာမှာ မြင်မကောင်းလောက်အောင် ဆိုးဝါးနေပြီ ဖြစ်သည်။ ပိုင်ရှောင်ချန်းထံတွင် ဤကဲ့သို့ နတ်ဘုရားအစွမ်းတစ်မျိုး ရှိနေလိမ့်မည်ဟု သူ လုံးဝ မတွေးထားမိပေ။ ယင်းအပြင် ထိုရက်စက်ကြမ်းကြုတ်ကာ အရိုင်းဆန်လွန်းလှသည့် မိကျောင်းတူလိပ်ကြီးက သူ့အား တိုက်ခိုက်တော့မည်ကိုကြည့်၍ သူသည်ပင် အံ့သြမှင်တက်ကာ တုန်လှုပ်သွားရသည်။
ဘာသာပြန်သူမှတ်စု။ မူရင်းစာရေးဆရာ Ergen ၏ရှေ့စာစဥ်များတွင် English ဘာသာပြန်သူ ရေးသားထားသော Old Man Extermination နှင့် ထာဝရအသက်ရှည်လိုသော် စာစဥ်တွင် ပါဝင်သော Holy extermination ( စီရင်သူအရှင် ) က တရုတ်ဘာသာစကားအရ ကာရံညီပါသည်။ ထာဝရအသက်ရှည်လိုသော်စာစဥ်၌ စစ်သေဘင်္ာကြီး ပေါ်ထွက်လာသောအခါတွင် နိုင်ငံတကာစာဖတ်ပရိသတ်များက Old man extermination အဖြစ် ထင်ကြေးပေးကြလေရာ ဤအခန်းက ထိုစာပိုဒ်ကို အတည်ပြုလိုက်သည့်နီးပါးပင်။