← Chapters

ဒါပဲလား...

Vol. 14 Ch. 1301

ဒါပဲလား...

Vol. 14 Ch. 1301

သံယောဇဥ်မဲ့လူသားက မိစ္ဆာဧကရာဇ် ကိုယ်ပွားကို အသုံးပြု၍ ပိုင်ရှောင်ချန်အား တိုက်ခိုက်ခဲ့စဥ်က ရွှယ်ကျဲကော်တုနှင့် ရင်ဆိုင်ခဲ့ဖူးသည်။ ထိုအချိန်က သူ၏ခန္ဓာကိုယ်အစစ်မှာ အိပ်ပျော်နေခဲ့သည်ဖြစ်၍ ထိုကိုယ်ပွားက သူ၏အတွေ့အကြုံကို အသေးစိတ်ပြန်၍ မရှင်းပြနိုင်ခဲ့ချေ။

ထို့ကြောင့် ယခုက သံယောဇဥ်မဲ့လူသားအတွက် ရွှယ်ကျဲကော်တုနှင့် နဖူးတွေ့ဒူးတွေ့ ရင်ဆိုင်ဖူးသည့် ပထမဆုံးအကြိမ် ဖြစ်သည်။

သူသည် ထိုရက်စက်ကြမ်းကြုတ်ဖွယ်ကောင်းလှပြီး အရိုင်းဆန်လှသော မိကျောင်းတူလိပ်ကြီးနှင့် ၎င်းထံမှ ပေါ်ထွက်နေသော ကြောက်မက်ဖွယ်စွမ်းအင်အငွေ့အသက်များကြောင့် မတုန်လှုပ်ဘဲ မနေနိုင်တော့ပေ။ အကယ်၍ သူသာ ထိုလေပွေ၏ ပတ်ပတ်လည်တွင် ဖြစ်ပျက်သွားခဲ့သည့် ရှေးခေတ်မှ ဖြစ်ရပ်များကို မမြင်ခဲ့မိလျှင် ယခုကဲ့သို့ ဖြစ်ချင်မှ ဖြစ်နေမည်သာ ဖြစ်သည်။ သို့သော် ထိုမိကျောင်းတူလိပ်ကြီးကို တာဝန်တစ်ခုပေးကာ ဤကြယ်တာရာကောင်းကင်ကြီး၏အလွန်မှ စေလွှတ်လိုက်ခြင်းဖြစ်ကြောင်း သူ မျက်ဝါးထင်ထင် တွေ့မြင်ခဲ့ရပြီး ဖြစ်သည်။

ပိုင်ရှောင်ချန်းက ထိုသတ္တဝါကြီးအား ဆင့်ခေါ်နိုင်လိုက်သည့်အချင်းအရာမှာ သံယောဇဥ်မဲ့လူသားအတွက် အလွန်အမင်း တုန်လှုပ်ဖွယ်ကောင်းနေတော့သည်။ သို့သော် ယခုကိစ္စတွင် ပါဝင်ပတ်သတ်နေသော ကံကံ၏အကျိုးများကို သူ သိရှိထားပါသော်လည်း ၎င်းတို့ကို အသေးစိတ်တွေးတောနေရန် အချိန်မရှိတော့ပေ။ ထိုမိကျောင်းတူလိပ်ကြီးက သူ့ထံ ခုန်အုပ်လိုက်သည်နှင့် သူက နောက်သို့အမြန်ဆုံးနည်းဖြင့် ဆုတ်ခွာသွားပြီး တဆက်တည်း နောက်ထပ် ဇီဝိန်ခြွေလက်ချောင်းတစ်ချောင်းကို ထုတ်လွှတ်လိုက်သည်။

ထိုမိကျောင်းတူလိပ်ကြီးမှာမူ ခေါင်းကိုနောက်ပစ်၍ ဟိန်းဟောက်လိုက်ပြီး ဇီဝိန်ခြွေလက်ချောင်းအား လျစ်လျူရှုကာ ရက်စက်ကြမ်းကြုတ်စွာဖြင့် ရှေ့သို့ တဟုန်ထိုး ချီတက်သွားသည်။ ဇီဝိန်ခြွေလက်ချောင်းမှာ ချက်ချင်း ပျက်စီးသွားပြီး မိကျောင်းတူလိပ်ကြီး၏ စွမ်းအင်မှာမူ ပို၍သာ စွမ်းအားကြီးမားလာနေတော့သည်။ ၎င်း၏အော်ဟစ်သံများမှာ ကြယ်တာရာကောင်းကင်ကြီးကို တုန်ရီသွားစေပြီး အထက်စီးဆန်သော အမူအရာဖြင့် သံယောဇဥ်မဲ့လူသားထံ လျင်မြန်စွာ ချဥ်းကပ်သွားလိုက်တော့သည်။

သံယောဇဥ်မဲ့လူသားမှာ မျက်နှာပျက်သွားပြီး နောက်သို့ ဆက်လက်ဆုတ်ကာ လက်နှစ်ဖက်ဖြင့် မန္တန်လက်ကွက်တစ်ကွက် ဖော်လိုက်သည်။ ချက်ချင်းပင် အနက်ရောင် မီးခိုးများ ပေါ်ထွက်လာကာ မှော်သင်္ကေတများဖြင့် ပြည့်နှက်နေပြီး ခက်ထန်ကြမ်းကြုတ်လှသော အမူအရာတစ်ခုကို ပိုင်ဆိုင်ထားသည့် မျက်နှာကြီးတစ်ခုအသွင် ပြောင်းလဲသွားသည်။ ထိုမျက်နှာကြီးမှာ ၎င်း၏ပါးစပ်ကိုဟလိုက်ပြီး ထိုမိကျောင်းတူလိပ်ကြီးအား ဝါးမျိုတော့မည့်အလား ၎င်းထံ ရိပ်ခနဲ သွားလိုက်တော့သည်။

ထိုအခိုက် ထိုမိကျောင်းတူလိပ်ကြီး၏ မျက်ဝန်းများထဲတွင် လျှို့ဝှက်ဆန်းကြယ်သော အလင်းရောင်များဖြင့် တောက်ပသွားပြီး ၎င်းသည်လည်း တုန်လှုပ်ခြောက်ခြားဖွယ်ကောင်းစွာ ပါးစပ်ကြီးကို ဟလိုက်တော့သည်။ အဝေးမှကြည့်လျှင် ထိုလိပ်ကြီးမှာ အလွန်ကြီးမားလွန်းနေသည့်အတွက် မျက်နှာကြီးက သူ့အား မည်သည့်အရာမှ လုပ်နိုင်မည်မဟုတ်သည့်အလား။ တစ်ခဏအတွင်း လိပ်ကြီးက ထိုမျက်နှာအား လှမ်း၍ပင် ဟပ်လိုက်တော့သည်။

ထို့နောက် ၎င်းက တစ်ခဏလေးပင် မရပ်တန့်သွားဘဲ သံယောဇဥ်မဲ့လူသားထံ ဆက်လက် ဦးတည်သွားလိုက်တော့သည်။

ကြယ်တာရာကောင်းကင်ကြီးမှာ တုန်ရီနေပြီဖြစ်ပြီး ပိုင်ရှောင်ချန်းမှာလည်း ရင်တထိတ်ထိတ်နှင့် လှမ်းကြည့်နေသည်။ သူ၏ သက်စောင့်ဝိညာဥ်အကြောင်းကို သံယောဇဥ်မဲ့လူသားထက် သူ အနည်းငယ် ပို၍နားလည်ထားသည်မှာ အမှန်ပင်။ သူက စတင်ကျင့်ကြံခဲ့သည့်အချိန်ကတည်းက ရွှယ်ကျဲကော်တုကို အသုံးပြုခဲ့သည် မဟုတ်ပါလော။ သူ၏ကျင့်ကြံခြင်းအခြေခံမှာ တစ်ဆင့်ပြီးတစ်ဆင့် မြင့်မားလာခဲ့သည်ဖြစ်ပြီး မကြာသေးမီကပင် ရှေးခေတ်မှ ဖြစ်ရပ်များကို မျက်မြင်ကိုယ်တွေ့ ကြုံလိုက်ရသည့် အခြေအနေထိ ရောက်လာခဲ့သည်။ ထိုအချိန်တွင် သူသည် သူ၏လိပ်ပုံစံဒယ်အိုးလေးကို ထုတ်ကာ ၎င်းအား သူ၏မိုးမြေဧကရာဇ်ကျင့်ကြံခြင်းအခြေခံစွမ်းအင်နှင့် အားဖြည့်၍ ပစ်လွှတ်လိုက်ရန် အကြံပေါ်ခဲ့ခြင်း ဖြစ်သည်။

ထိုသို့ အစိတ်အပိုင်းမျိုးစုံ အတူတကွပေါင်းစည်းသွားသောအခါ သူ၏ ရွှယ်ကျဲကော်တုမှာ လုံးလုံးလျားလျား ပြောင်းလဲသွားခဲ့သည်။ ယခုတွင် ခမ်းနားကြီးကျယ်လှသော မိကျောင်းတူလိပ်ကြီးမှာ ရွှေရောင်အလင်းရောင်များဖြင့် ပြိုးပြိုးပြက်ပြက် တောက်ပနေပြီး ယခင်ကထက် များစွာသာလွန်သော ရက်စက်ကြမ်းကြုတ်ဖွယ် အငွေ့အသက်ကြီးတစ်ခုကို ထုတ်လွှတ်နေပြီဖြစ်သည်။ ၎င်းက ပိုင်ရှောင်ချန်းကိုပင် အနည်းငယ် ဂနာမငြိမ်ဖြစ်အောင် လုပ်နိုင်စွမ်းရှိနေပြီ ဖြစ်သည်။

ပိုင်ရှောင်ချန်းမှာ ကြယ်တာရာကောင်းကင်အလွန်မှ ဤလျှို့ဝှက်ဆန်းကြယ် မိကျောင်းတူလိပ်ကြီးအား ဆင့်ခေါ်နိုင်ခဲ့သည့် အကြောင်းအရင်းနှင့် ပတ်သတ်၍ ယေဘုယျအချက်အလက်များကို နားလည်ထားပြီဖြစ်သည်။ ထိုလိပ်ကြီးမှာ ထာဝရပန်းပွင့်ပေါ်တွင် မွေးဖွားခဲ့ခြင်းဖြစ်၍ ထာဝရသားတော်များအနက် တစ်ယောက်ဟု သတ်မှတ်၍ ရပေသည်။ ထာဝရပန်းပွင့်က ထိုမိကျောင်းတူလိပ်ကြီးမှာ ထာဝရပန်းပွင့်၏ ဖမ်းဆီးခြင်း ခံလိုက်ရပြီးနောက် အဖော်မွန်ဝိညာဥ်ဖြစ်လာခဲ့သည်ဖြစ်၍ ထာဝရအင်မော်တယ်နယ်မြေများ၏ သွေးကိုပိုင်ဆိုင်ထားသော လူတစ်ယောက်က အခက်အခဲအချို့နှင့် ရင်ဆိုင်ရမည် ဖြစ်ပါသော်လည်း ၎င်းအား ဆင့်ခေါ်နိုင်သည့်အချက်မှာ သဘာဝကျပေသည်။

ယင်းအပြင် သူ၏ လိပ်အိုးလေးမှာလည်း ထိုသို့ဆင့်ခေါ်နိုင်ရသည့် အကြောင်းအရင်းထဲတွင် တစ်စိတ်တစ်ဒေသအဖြစ် ပါဝင်နေသည်မှာ အထင်အရှားပင်။

" မဟုတ်မှလွဲရော... နောက်ဆုံးတိုက်ပွဲကို ငါ့ရဲ့ သက်စောင့်ဝိညာဥ်နဲ့ အနိုင်ရတော့မှာလား "

ထိုအတွေးကြောင့် သူ စိတ်လှုပ်ရှားသွားရသည်။ အကယ်၍ ဤမိကျောင်းတူလိပ်ကြီးသာ သံယောဇဥ်မဲ့လူသားအား ဇီဝိန်ခြွေနိုင်လိုက်ပါက အရာအားလုံး လွယ်ကူသွားတော့မည် မဟုတ်ပါလော။

ပိုင်ရှောင်ချန်းက ထိုသို့စိတ်လှုပ်တရှား ကြည့်နေစဥ် သံယောဇဥ်မဲ့လူသား၏မျက်ဝန်းများမှ မည်းနက်သွားပြီး သူ၏ လက်နှစ်ဖက်ကို ခေါင်းပေါ်မြှောက်လိုက်သောအခါ အနက်ရောင်အလင်းများက အရပ်မျက်နှာအနှံ့ ဖြာထွက်သွားသည်။ တချိန်တည်းမှာပင် သူ၏နဖူးပေါ်တွင် လေပွေတစ်ခု ပေါ်ထွက်လာပြီး ထိုလေပွေထဲတွင် မှော်အမှတ်အသားတစ်ခု ရှိနေပေသည်။

ထိုအမှတ်အသားမှာ စစ်သင်္ဘောတစ်စင်းပုံ ဖြစ်သည်။

ထိုမှော်အမှတ်အသား ပေါ်လာသည်နှင့် တစ်ပြိုင်နက် သံယောဇဥ်မဲ့လူသားက ရှေးဟောင်းဘာသာစကားတစ်မျိုးကို ရေရွတ်လိုက်သည်။ ထိုစကားက အဆုံးအမဲ့ပြီး ရှေးဆန်ကာ တိုက်စားနိုင်စွမ်းအပြည့်ရှိနေသည့် တိုက်ကွက်တစ်ကွက်ကို ဘေးပတ်လည်ရှိ အာကာသထဲသို့ ပျံ့လွင့်သွားစေနိုင်သည့် ကျိန်စာတစ်မျိုး ဖြစ်သည်။

အချိန်များနှေးသွားသကဲ့သို့ ဖြစ်သွားသဖြင့် ပိုင်ရှောင်ချန်းမှာ နှလုံးခုန်နှုန်းများ မြန်လာတော့သည်။ ပြီးနောက် သံယောဇဥ်မဲ့လူသား၏ ခြေထောက်အောက်ရှိ ကြယ်တာရာကောင်းကင်ကြီးမှာ ရုတ်တရက် ကြေးမုံပြင်တစ်ချပ်ပမာ ကွဲအက်သွားသည်။

ထိုသို့ ကွဲအက်သွားပြီးနောက် တုန်လှုပ်ခြောက်ခြားဖွယ်ကောင်းသော သေခြင်းတရားအငွေ့အသက်များကို ထုတ်လွှတ်နေသည့် စစ်သင်္ဘောကြီးတစ်စင်း အပြင်သို့ တိုးထွက်လာတော့သည်။

" မင်းသေတွင်း မင်းတူနေတာပဲ ရွံစရာသတ္တဝါကောင်ကြီး "

သံယောဇဥ်မဲ့လူသားက အော်ဟစ်လိုက်သည်။ ထိုအခါ ဧရာမ မိုးသက်မုန်တိုင်းနှင့်တူသော စွမ်းအင်တစ်မျိုး ရိုက်ခတ်လာသဖြင့် ကြယ်တာရာကောင်းကင်ကြီး တုန်ရီသွားပြီး ပိုင်ရှောင်ချန်းပင် အံ့အားသင့်သွားကာ နောက်သို့ဆုတ်လိုက်ရသည်။

သို့သော် သံယောဇဥ်ကင်းမဲလူသားမှာ မိကျောင်းတူလိပ်ကြီးကို အမှန်တကယ်ပင် လျှော့တွက်မိခဲ့သည်။ ထိုလိပ်ကြီးမှာ ခက်ထန်ကြမ်းကြုတ်ရုံသာမက လွန်စွာ အစားကြူးလှသည်ဖြစ်ပြီး ထွေထွေထူးထူး စဥ်းစားမနေတတ်သည့် သတ္တဝါကြီးတစ်ကောင် ဖြစ်သည်။ ပိုင်ရှောင်ချန်းမှာမူ ထိုအချင်းအရာကို ယခင်ကတည်းက မျက်မြင်ကိုယ်တွေ့ ကြုံတွေ့ခဲ့ပြီး ဖြစ်သည်။

ထိုစစ်သင်္ဘောကြီး အပြင်သို့ထွက်လာသည်နှင့် မိကျောင်းတူလိပ်ကြီးမှာ တစ်ခဏလေးပင် ရပ်တန့်မသွားပဲ လှုပ်ရှားလိုက်သည်။ သူသည် ရူးသွပ်မှုအရိပ်အယောင်များ ထင်ဟပ်နေသည့် မျက်ဝန်းတစ်စုံဖြင့် ပါးစပ်ကြီးကို ဟလိုက်ပြီးနောက် ထိုစစ်သင်္ဘောကြီးထံမှ ပေါ်ထွက်နေသည့် အသက်အန္တရာယ်ပြုနိုင်လောက်သော စွမ်းအင်ကို လျစ်လျူရှုကာ ရှေ့သို့ဆတ်ခနဲ လှမ်းလိုက်တော့သည်။

သူသည် တစ်ချက်သာလှမ်း၍ဟပ်လိုက်ပြီး စစ်သင်္ဘောကြီးနှင့် သံယောဇဥ်မဲ့လူသားတို့ကို ဝါးမျိုလိုက်တော့သည်။

ပိုင်ရှောင်ချန်းမှာ ဤလိပ်ကြီးအကြောင်း ကောင်းကောင်း သိထားသည့်တိုင်အောင် သာမန်လူတစ်ယောက်က လျှပ်စီးတန်းတစ်တန်းကို စားနေသည်အား မြင်လိုက်ရသကဲ့သို့ သူ၏မျက်လုံးများမှာ ပြူးကျယ်သွားရသည်။

" မင်းက ... ဘာမဆို စားနိုင်တာပဲလား "

သူက တအံ့တသြ ရေရွတ်မိလိုက်သည်။ မိကျောင်းတူလိပ်ကြီးမှာမူ သူ့ကိုယ်သူ အလွန်တရာကျေနပ်သွားသည့်ပုံစံဖြင့် ခေါင်းကိုနောက်ပစ်၍ ဟိန်းဟောက်လိုက်သည်။ သူ၏ပြိုင်ဘက်ကို ဝါးမျိုလိုက်ရသည့်အတွက် သူ့ကိုယ်သူ ဂုဏ်ဆာနေသည်ထက်ပင် ပိုကဲနေတော့သည်။ ပြီးနောက် သူက ပိုင်ရှောင်ချန်း တအံ့တသြဖြစ်နေသည်ကို လျစ်လျူရှု၍ နွံအိုင်ဆီသို့ပြန်သွားကာ အတွင်းသို့ဝင်သွားပြီးနောက် နွံအိုင်ကြီးမှာ ပျောက်ကွယ်သွားတော့သည်။

ပိုင်ရှောင်ချန်းမှာ ငေးကြည့်၍ ကြက်သေသေနေတော့သည်။

" ဒါ...ဒါပဲလား။ ငါ့ဒယ်အိုးလေးကရော... "

သူ၏ သက်စောင့်ဝိညာဥ်မှာ အားကိုး၍မရသေးဟု သူကခံစားနေရဆဲပင် ဖြစ်သည်။ ယင်းအပြင် ယခု ရွှယ်ကျဲကော်တု ရှိနေသည့် နယ်ပယ်ထဲမှ ပေါက်ကွဲအားပြင်းထန်သည့် အငွေ့အသက်များ ပေါ်ထွက်လာနေကြောင်း ရှင်းရှင်းလင်းလင်း ခံစားမိလိုက်သည်။

ထိုအချိန်တွင် သူက အချိန်ဖြုန်းမနေတော့ပေ။ သူ၏လက်နှစ်ဖက်ဖြင့် မန္တန်လက်ကွက်တစ်ကွက် အလျင်အမြန်ဖော်လိုက်ပြီး အချိန်လေပွေအား ဆင့်ခေါ်ကာ လက်ရှိပစ္စုပ္ပန်အချိန်သို့ ပြန်၍ပြောင်းလဲလိုက်သည်။

" သံယောဇဥ်မဲ့လူသားက သေချာပေါက် ပြန်ထွက်လာမှာပဲ။ ငါ အချိန်ဖြုန်းနေလို့ မဖြစ်ဘူး "

သူသည် လျှပ်စီးတန်းကဲ့သို့ လေပွေထဲဝင်ရောက်သွားကာ ပျောက်ကွယ်သွားပြီးနောက် ပစ္စုပ္ပန်အချိန်တွင် ပြန်၍ပေါ်လာသည်။ ထိုသို့ရောက်သွားသည်နှင့် သူသည် ထပ်၍ ပျောက်ကွယ်သွားပြီး ယခင်က အင်မော်တယ်ကမ္ဘာဖြစ်ခဲ့သော်လည်း ယခုတွင် အပျက်အစီးများသာ ကျန်ရှိတော့သည့် နေရာတွင် ပြန်လည် ပေါ်လာပြန်သည်။

ထာဝရအင်မော်တယ်နယ်မြေများမှလွဲ၍ ဤကြယ်တာရာကောင်းကင်ထဲရှိ အခြား ကမ္ဘာပေါင်း တစ်သန်းရှစ်သောင်းထဲတွင် ဤနေရာလောက် ပိုင်ရှောင်ချန်းနှင့် ရင်းနှီးသော အခြားနေရာ လုံးဝ မရှိပေ။ ဤနေရာရှိ ချီစီးဆင်းမှုမှာ သူ့အား ကောင်းကင်ဧကရာဇ်အဆင့်မှ လောကနတ်ဘုရားအဆင့်သို့ တွန်းပို့ပေးခဲ့သည် မဟုတ်ပါလော။

အင်မော်ကမ္ဘာ၏ အပျက်အစီးများကြားတွင် သူ ပြန်ပေါ်လာသည်နှင့် တစ်ပြိုင်နက် ချက်ချင်းပင် လှုပ်ရှားလိုက်သည်။ ပထမတစ်ချက်အနေနှင့် သူ၏နတ်ဘုရားအာရုံကို ထုတ်လွှတ်၍ အင်မော်တယ်ကမ္ဘာထဲမှ အပျက်အစီးများကို သူကိုယ်တိုင် မီးထွန်းညှိပေးလိုက်သည်။ တချိန်တည်းမှာပင် သံယောဇဥ်မဲ့လူသား၏ တာအိုကိုယ်ပွားများ အပြည့်အဝ ထိန်းချုပ်ခံထားရခြင်း မရှိသည့် အချက်ကို အသုံးချ၍ အင်အားအလုံးအရင်းဖြင့် ဝင်ရောက်တိုက်ခိုက်လိုက်သည်။ ကြယ်တာရာကောင်းကင်ကြီးထဲရှိ ကမ္ဘာပေါင်းတစ်သန်းရှစ်သောင်းထဲတွင် သူ၏တာအိုကိုယ်ပွားများမှာ အစွမ်းကုန်သုံး၍ တိုက်ခိုက်နေကြပြီ ဖြစ်သည်။

ယခုတွင် ထိုကမ္ဘာများအားလုံးထဲရှိ ပိုင်ရှောင်ချန်းနှင့် သံယောဇဥ်မဲ့လူသားတို့၏ တိုက်ပွဲမှာ ယခင်ကနှင့် မတူညီတော့ပေ။ ယခင်က ပိုင်ရှောင်ချန်း၏ ကိုယ်ပွားများမှာ ပို၍ အားနည်းနေခဲ့သည် ဖြစ်သော်လည်း ယခုတွင် ပိုင်ရှောင်ချန်း ပြန်ရောက်လာပြီဖြစ်၍ သူတို့မှာ ချက်ချင်းပင် အသာစီးရသွားကြသည်။ သို့ဖြစ်၍ ကြယ်တာရာကောင်းကင်ထဲရှိ အလင်းစက်လေးများက အမှောင်ထုများထက် ရုတ်ချည်း ပို၍များပြားလာတော့သည်။

အင်မော်တယ်ကမ္ဘာထဲရှိ အပျက်အစီးများထဲတွင် ပိုင်ရှောင်ချန်းမှာ တင်ပျဥ်ခွေထိုင်၍ သူ၏နတ်ဘုရားအာရုံများကို ဖြန့်ကျက်ထားပြီး သူ့ခန္ဓာကိုယ်အစစ်၏ စွမ်းအားအကုန်၊ တာအိုအားလုံးနှင့် မိုးမြေဧကရာဇ်အငွေ့အသက်တို့ကိုပင် ထုတ်ကာ သူ၏ပတ်ပတ်လည်ရှိ အရာအားလုံးကို အလင်းရောင်နှင့် သက်စောင့်အားတို့ဖြင့် နိုးကြားလာအောင် ပြုလုပ်နေသည်။

တချိန်တည်းမှာပင် သူ၏နတ်ဘုရားအာရုံအနည်းငယ်ဖြင့် ရွှယ်ကျဲကော်တုရှိနေသော နယ်ပယ်အား မလွတ်တမ်း စောင့်ကြည့်နေသည်။ ထိုသို့ကြည့်နေမှသာ အကယ်၍ သံယောဇဥ်မဲ့လူသား လွတ်ထွက်လာပါက ချက်ချင်းသိနိုင်မည်ဖြစ်ပြီး သူ၏လမ်းကိုသွား၍ပိတ်နိုင်မည် မဟုတ်ပါလော။

အသက်ရှူကြိမ် တစ်ကြိမ်ပြီးတစ်ကြိမ် ကုန်ဆုံးသွားသည်။ ကမ္ဘာပေါင်းတစ်သန်းရှစ်သောင်းထဲတွင် သံယောဇဥ်မဲ့လူသား၏ တာအိုကိုယ်ပွားများမှာ ဆက်တိုက်အရေးနိမ့်နေကြပြီး မျက်စိကျိန်းမတတ် စူးရှသော အလင်းရောင်များ ဆက်လက်တောက်ပနေပြီဖြစ်သည်။ တခဏအကြာ ပိုင်ရှောင်ချန်း၏ နတ်ဘုရားအာရုံက အင်မော်တယ်ကမ္ဘာထဲရှိ အမှောင်ထုအားလုံးကို ပယ်ရှားလိုက်ပြီး ထိုနေရာတွင် စိုက်ထားခဲ့သည့် သစ်စေ့မှာ လင်းလက်စွာ တောက်ပလာတော့သည်။ အဝေးမှကြည့်လိုက်လျှင် အင်မော်တယ်ကမ္ဘာ၏ အပျက်အစီးများမှာ မျက်စိကျိန်းမတတ် စူးရှတောက်ပနေသော ဖယောင်းတိုင်တစ်တိုင်နှင့် တူနေပြီဖြစ်သည်။

ထိုဖယောင်းတိုင် တောက်လောင်လာသည်နှင့် ပိုင်ရှောင်ချန်းမှာ ထိုလျှို့ဝှက်ဆန်းကြယ် စွမ်းအင်ကြီး ထပ်၍ပေါ်ထွက်လာသည်ကို ခံစားမိလိုက်သဖြင့် တုန်ရီသွားတော့သည်။

အင်မော်တယ်ကမ္ဘာအား အလင်းရောင်များ ဆောင်ကျဥ်းပေးလိုက်ပြီးနောက် ထိုလျှို့ဝှက်ဆန်းကြယ်စွမ်းအင်ကြီးမှာ ပို၍ သိသာထင်ရှားလာသည့် ပုံပင်။

All Chapters