← Chapters

ထာဝရ၏အနှစ်သာရ

Vol. 14 Ch. 1302

ထာဝရ၏အနှစ်သာရ

Vol. 14 Ch. 1302

ကျန်ကမ္ဘာ တစ်သန်းရှစ်သောင်းတိတိတွင် ရှိနေကြသော သံယောဇဥ်မဲ့လူသား၏ တာအိုကိုယ်ပွားများမှာ အပြိုင်အဆိုင် ရှုံးနိမ့်နေကြပြီဖြစ်ရာ အင်မော်တယ်ကမ္ဘာ၏ အပျက်အစီးများမှာ ပြိုးပြိုးပြက်ပြက် ဝင်းလက်တောက်ပနေတော့သည်။ အပျက်အစီး အများစုထဲတွင်ဆိုလျှင် ပိုင်ရှောင်ချန်း၏ တာအိုကိုယ်ပွားများမှာ အမှောင်ထုများကို ပယ်ရှားနိုင်လောက်သည့် အလင်းပမာဏကို ထုတ်လွှတ်ပေးနေပြီပင် ဖြစ်သည်။

နေရာအမျိုးမျိုးတွင် ရှိနေသော အလင်းပမာဏမှာ တူညီမှုမရှိသဖြင့် တစ်ယောက်ချင်းစီ ပိုင်ဆိုင်ထားသော အပျက်အစီးအရေအတွက်ကို တွက်ချက်၍ ပိုင်ရှောင်ချန်းနှင့် သံယောဇဥ်မဲ့လူသားတို့ကြားရှိ ပြိုင်ဆိုင်မှုကို ကောက်ချက်ချရန် မဖြစ်နိုင်တော့ပေ။ သို့သော်ငြား ကြယ်တာရာကောင်းကင်ကြီးကို အပေါ်စီးမှ ကြည့်လိုက်မည်ဆိုပါက နေရာအမြောက်အမြားတွင် အလင်းက အမှောင်ထုများကို အသာစီးရနေပြီဖြစ်ကြောင်း မြင်နိုင်မည်ဖြစ်သည်။

ထိုအလင်းများမှာ နေရာအနှံ့ ကြုံရာကျပန်း ပြန့်ကျဲနေကြပါသော်လည်း အလင်းသိမ်းပိုက်ထားသည့် နေရာစုစုပေါင်းက ခုနစ်ဆယ်ရာခိုင်နှုန်းနီးပါးသို့ ရောက်ရှိနေပြီဖြစ်သည်။

ကြယ်တာရာကောင်းကင်ကြီး တစ်ခုလုံး စူးရှတောက်ပလာသည့်ပုံပေါ်နေပြီး သက်စောင့်အားများဖြင့် ပိုမိုပြည့်ဝလာနေသည်။ ယင်းအပြင် အင်မော်တယ်ကမ္ဘာ၏ အပျက်အစီးများကို ထိုကမ္ဘာ၏ ချီစီးဆင်းမှုတချို့ ပိုင်ဆိုင်ထားသည့် ပိုင်ရှောင်ချန်း၏ ခန္ဓာကိုယ်အစစ်ကိုယ်တိုင် ထွန်းလင်းအောင်ပြုလုပ်ခဲ့သည်ဖြစ်ရာ ထိုအပျက်အစီးများမှာ ပို၍ပင် ထွန်းလင်းတောက်ပနေတော့သည်။

ပိုင်ရှောင်ချန်း၏အရှိန်အဝါက အလွန်လျင်မြန်စွာ မြင့်တက်နေပါသော်လည်း သူ၏စိတ်ထဲတွင် မည်သည့်ခံစားချက်မှ မရှိလောက်အောင် ဖြစ်နေသည်။ သူသည် ထိုလျှို့ဝှက်ဆန်းကြယ် စွမ်းအင်ကြီးကို ပို၍ ထင်ရှားပြတ်သားစွာ ခံစားလာနိုင်သော ထူးဆန်းသည့် အခြေအနေတစ်ခုထဲသို့ ဝင်ရောက်သွားပြီဖြစ်သည်။

" အဲဒါ ... ထာဝရကမ္ဘာမှာရှိတဲ့ ... သက်ရှိအားလုံးရဲ့ အနှစ်သာရပဲ "

အဆုံးတွင် ကြယ်တာရာကောင်းကင်ကြီးထဲရှိ ကမ္ဘာပေါင်းတစ်သန်းရှစ်သောင်းထဲ၌ သူ၏တာအိုကိုယ်ပွားများအပြင် ထိုစွမ်းအင်များကိန်းအောင်းနေသည့် မရေမတွက်နိုင်လောက်အောင်များပြားသော အရိုးစုများ ရှိနေသေးကြောင်း ပိုင်ရှောင်ချန်း သိလိုက်သည်။

ကြယ်တာရာကောင်းကင်ထဲရှိ ဧရာမ ခေါင်းတလားမြစ်ကြီးထဲတွင်လည်း ထိုနည်းတူပင်။

" အဲဒါ ... ထာဝရကမ္ဘာရဲ့... နောက်ဆုံးအဆင့် ရင်းမြစ်ပဲ "

အပျက်အစီးများထဲတွင် ထိုစွမ်းအင်အချို့ရှိနေရုံသာမက ကြယ်တာရာကောင်းကင်ထဲရှိ မရေမတွက်နိုင်လောက်အောင် များပြားသော ဖုန်မှုန့်လေးများထဲမှာပင် ထိုစွမ်းအင်များ ကိန်းအောင်းနေပေသည်။

" အဲဒါ ... ထာဝရပန်းပွင့်ရဲ့ ရင်းမြစ်ပဲ "

ထိုအချိန်တွင် ထာဝရအင်မော်တယ်နယ်မြေများက ကြယ်တာရာကောင်းကင်တစ်ခွင် မျောလွင့်နေစဥ် ထိုနယ်မြေများထဲရှိ သူ၏မိတ်ဆွေနှင့် မိသားစုဝင်များအားလုံးမှာ ဒူးများထောက်ကာ ဆုတောင်းနေကြသည်ဖြစ်ကြောင်း သူက အာရုံခံမိလိုက်သည်။

တချိန်တည်းမှာပင် ထိုနယ်မြေများ၌ လျှို့ဝှက်ဆန်းကြယ်စွမ်းအင်မှာ ပို၍ပင် ပေါကြွယ်ဝနေသေးသည်ဖြစ်ကြောင်း သိလိုက်ရသည်။ ကြယ်တာရာကောင်းကင်ထဲတွင် ထိုစွမ်းအင် အများဆုံးရှိသည့်နေရာ နှစ်နေရာရှိသည်။ ပထမတစ်နေရာမှာ အင်မော်တယ်ကမ္ဘာ၏ အပျက်အစီးများထဲတွင်ဖြစ်ပြီး ဒုတိယနေရာမှာ ထာဝရအင်မော်တယ်နယ်မြေများထဲတွင် ဖြစ်သည်။

ကြယ်တာရာကောင်းကင်ကြီးထဲရှိ မရေမတွက်နိုင်သော သက်ရှိမျိုးနွယ်စုပေါင်း များစွာမှာ မျိုးတုန်းသုတ်သင်ခံရခြင်းနှင့် ကြုံတွေ့လိုက်ရပြီးနောက် ထိုလျှို့ဝှက်ဆန်းကြယ်စွမ်းအင်ကြီးမှာ ထာဝရအင်မော်တယ်နယ်မြေများထဲသို့ စိမ့်ဝင်သွားခဲ့သည့် ပုံပင်။

ထိုသို့ဖြင့် အင်မော်တယ်ကမ္ဘာ၏ အပျက်အစီးများ လင်းလက်တောက်ပလာသည်နှင့်အမျှ ပိုင်ရှောင်ချန်းမှာ ဉာဏ်အလင်းပွင့်လာခဲ့ရသည်။ ယခု သူ နားလည်သွားပြီဖြစ်သည်။

" အဲဒါက အနှစ်သာရပဲ "

သူ တစ်ကိုယ်တည်း ရေရွတ်လိုက်သည်။

" အဲဒါ ... ထာဝရရဲ့ အနှစ်သာရပဲ "

" ထာဝရပန်းပွင့်က ထာဝရရဲ့အနှစ်သာရကနေ မွေးဖွားလာခဲ့တာ။ အဲဒီတော့ အဲဒီထာဝရပန်းပွင့်ကိုစားရင် ထာဝရအဆင့်ကို တက်လှမ်းနိုင်လိမ့်မယ်ဆိုတဲ့ ဒဏ္ဍာရီတွေ ပေါ်ပေါက်ခဲ့ရတာ။ အဲဒါကြောင့် သံယောဇဥ်မဲ့လူသားရဲ့ တာအိုက ရှိသမျှအရာအားလုံးကို မျိုးတုန်းသုတ်သင်ဖို့ ဖြစ်နေတာပဲ။ သူ့တာအိုက အဲဒီကနေ စပြီးပေါ်ပေါက်လာခဲ့တာ။ ပြီးတော့ ထာဝရပန်းပွင့််ကို ထာဝရအနှစ်သာရ လုံလုံလောက်လောက် ရရှိသွားစေနိုင်မဲ့ တစ်ခုတည်းသော နည်းလမ်းက အရာအားလုံးကို ဖျက်ဆီးပစ်ဖို့ပဲ "

" အဲဒီနည်းလမ်းနဲ့ ထာဝရအဆင့်ကိုတက်လှမ်းဖို့ဆိုတာ မှန်ကန်ပေမဲ့ တချိန်တည်းမှာပဲ မှန်ကန်မှု မရှိဘူး။ ထာဝရပန်းပွင့်ကိုစားရုံနဲ့ ထာဝရအဆင့်ကို ရောက်နိုင်မှာမဟုတ်ဘူး။ ထာဝရရဲ့အနှစ်သာရကို မတရားနည်းနဲ့ စုပ်ယူနိုင်စွမ်းပဲ ရှိသွားမှာ "

" အဲဒါ သံယောဇဥ်မဲ့လူသားရဲ့ နောက်ဆုံးတာအိုပဲ "

ထိုကိစ္စများနှင့်ပတ်သတ်၍ သူ ဉာဏ်အလင်းပွင့်သွားချိန်တွင် လျှို့ဝှက်ဆန်းကြယ်သော ထာဝရ၏အနှစ်သာရမှာ ပို၍သိသာထင်ရှားလာသည်။ ထိုအခိုက် သူ၏ ရွှယ်ကျဲကော်တုထဲတွင် စွမ်းအားကြီးမားသော အဖျက်စွမ်းအားတစ်ခု မြင့်တက်လာသည်ကို ခံစားလိုက်ရသဖြင့် သူ၏မျက်ခုံးမွှေးများ တွန့်ကွေးသွားကာ ယခုကဲ့သို့ တွေဝေမိန်းမောနေခြင်းမှာလည်း အနှောင့်အယှက်ခံလိုက်ရတော့သည်။

ထိုစွမ်းအားကို သူ အာရုံခံမိလိုက်သည်နှင့် အင်မော်တယ်ကမ္ဘာထဲရှိ အပျက်အစီးများ၏ အထက်တွင် အက်ကွဲကြောင်းတစ်ကြောင်း ပေါ်ထွက်လာပြီး မိုးခြိမ်းသံကဲ့သို့ ကျယ်လောင်သော စကားသံတစ်သံ ထွက်ပေါ်လဘာသည်။

" မင်းရဲ့နာမည်က ပိုင်ရှောင်ချန်းလို့ ငါကြားထားတယ် "

ထိုရူးသွပ်မှုများဖြင့် ပြည့်နှက်နေသည့် အော်ဟစ်သံကြီးမှာ ယခုလေးတင်ပွင့်လာခဲ့သည့် အက်ကွဲကြောင်းကြီးထဲမှ ပေါ်ထွက်လာခြင်းဖြစ်သည်။

ထိုအသံကြီးကြောင့် ကြယ်တာရာကောင်းကင်ကြီးမှာ တွန့်လိမ်ကွေးကောက်ကာ ပုံပျက်သွားပြီး ထိတွေ့မိသမျှ အရာအားလုံးကို အေးခဲသွားစေနိုင်သည့် အေးစက်မှုတစ်မျိုး ထုတ်လွှတ်လိုက်တော့သည်။

ထို့နောက် ထိုအက်ကွဲကြောင်းကြီးထဲမှ ရူးသွပ်ဖွယ်ကောင်းကာ အထက်စီးဆန်လွန်းလှသော အငွေ့အသက်များထုတ်လွှတ်နေပြီး လမ်းတစ်လျှောက်ရှိအရာအားလုံးကို ချေမှုန်းပစ်နိုင်သည့် အရှိန်အဟုန်တစ်ခုကို ပိုင်ဆိုင်ထားသည့် နှိုင်းယှဥ်၍မရနိုင်လောက်အောင် တုန်လှုပ်ခြောက်ခြားဖွယ်ကောင်းသော စစ်သင်္ဘောကြီးတစ်စင်း ထွက်ပေါ်လာသည်။

ထိုအက်ကွဲကြောင်းထဲမှ ထိုစစ်သင်္ဘောကြီး ဖြည်းညင်းစွာ ပေါ်ထွက်လာပြီးနောက် ထိုအက်ကွဲကြောင်းမှာ ကြေမွပျက်စီးသွားတော့သည်။

ထိုသင်္ဘော၏ အရှေ့ပိုင်းတွင် ထိုင်နေသူမှာ လေထဲတွင် တဖျပ်ဖျပ်လွင့်နေသော အနက်ရောင်ဆံပင်ရှည်များကို ပိုင်ဆိုင်ထားသည့် လူတစ်ယောက်ဖြစ်ပြီး သူ၏မျက်ဝန်းများမှာ အနက်ရောင်အလင်းရောင်များဖြင့် တောက်ပနေသည်။ သူသည် ကောင်းကင်နှင့် ကမ္ဘာေမြပြင်သာမက ကြယ်တာရာကောင်းကင်တစ်ခုလုံးထဲရှိ အာဏာအကြီးဆုံးသက်ရှိ အလားပင်။ သူကား မိစ္ဆာဧကရာဇ် ဟူ၍ အမည်ရသော သံယောဇဥ်မဲ့လူသားပင်။

သူ့ထံမှ အငွေ့အသက်များ ပရမ်းပတာ ပေါ်ထွက်နေသောကြောင့် ထိုနေရာတစ်ဝိုက်ရှိ ကြယ်တာရာကောင်းကင်ကြီး တွန့်လိမ်ကာ တုန်ရီနေသည်။ သူ၏နဖူးပေါ်တွင်လည်း ဒဏ်ရာတစ်ခုနှင့် ဆင်တူသော အမှတ်အသားတစ်ခု ရှိနေသည်။

သို့သော်လည်း ထိုအချင်းအရာများအားလုံးက တုန်လှုပ်ခြောက်ခြားဖွယ်အကောင်းဆုံးသော အချက်နှင့် လုံးဝမယှဥ်နိုင်ပေ။ ထိုအချက်မှာ သင်္ဘောပေါ်တွင် မည်သည့်ရုပ်အလောင်းမှ ရှိမနေခြင်းပင်။ ထိုရုပ်အလောင်းအစား သံယောဇဥ်မဲ့လူသား၏ နောက်တွင် လူရိပ်တစ်ခု မားမားမတ်မတ် ရပ်နေသည်ကို မြင်နိုင်သည်။

ထိုလူမှာ မီးခိုးရောင်ဝတ်ရုံတစ်ခုကို ဆင်မြန်းထားသည့် အဘိုးကြီးတစ်ယောက်ဖြစ်ပြီး သူ၏နဖူးပေါ်တွင်လည်း သံယောဇဥ်မဲ့လူသားကဲ့သို့ ဒဏ်ရာတစ်ခု ရှိနေသည်။

ထိုအဘိုးကြီး ရုပ်လုံးပေါ်လာသည်နှင့် အဆုံးစမဲ့သော မျိုးတုန်းသုတ်သင်ခြင်း အငွေ့အသက်တစ်ခု ထွက်ပေါ်လာသည်။

ပိုင်ရှောင်ချန်းမှာ အောက်သို့ကျဆင်းလာနေသည့် သံယောဇဥ်မဲ့လူသားအား ဖြည်းညင်းစွာ မော့ကြည့်လိုက်သောအခါ သူ၏နောက်တွင် ရှိနေသော ပုံရိပ်ယောင် အဘိုးကြီးကို သတိထားမိလိုက်သည်။ သူ အကဲခတ်ရသရွေ့ သံယောဇဥ်မဲ့လူသားမှာ ကျင့်ကြံခြင်းအခြေခံသာမက တိုက်ရည်ခိုက်ရည်လည်း တိုးတက်လာခဲ့ပြီဖြစ်သည်။ သို့သော် ရွှယ်ကျဲကော်တု၏ ကမ္ဘာထဲတွင် သူ ဒဏ်ရာရရှိသွားခဲ့သည်မှာလည်း အထင်အရှားပင်ဖြစ်သည်။

၎င်းမှာ ခန္ဓာကိုယ်ပေါ်ရှိ ဒဏ်ရာမဟုတ်ပဲ သူ၏ဝိညာဥ်နှင့် သူ၏အနှစ်သာရကို ထိခိုက်သွားစေသည့် ဒဏ်ရာမျိုးဖြစ်သည်။ သူ၏နဖူးပေါ်ရှိအမှတ်အသားမှာ ထိုဒဏ်ရာကို ဖော်ပြနေသည်။

ပိုင်ရှောင်ချန်းက မတ်တတ်ထရပ်လိုက်ပြီး ကြယ်တာရာကောင်းကင်ကြီးကို တုန်ရီသွားစေနိုင်လောက်အောင် ပဲ့တင်ထပ်သွားသည့် လေသံဖြင့် ပြန်ပြောလိုက်သည်။

" ဟုတ်တယ်။ ကျုပ်က ပိုင်ရှောင်ချန်းပဲ။ ဒါပေမဲ့ ခင်ဗျားက ဘယ်သူလဲ ... သံယောဇဥ်မဲ့လူသားလား... ဒါမှမဟုတ် ပြင်ပကမ္ဘာကလာတဲ့၊ စီရင်သူအရှင် လို့ခေါ်တဲ့လူလား... "

သူသည် ကြယ်တာရာကောင်းကင်ကြီးတစ်ခုလုံးနှင့် သဟဇာတဖြစ်သွားသကဲ့သို့ ၎င်းထဲတွင် တည်ရှိနေသည့် ကမ္ဘာတစ်သန်းရှစ်သောင်းတိတိထံမှ သူ၏စကားသံများ ပေါ်ထွက်လာတော့သည်။

သံယောဇဥ်မဲ့လူသား၏ မျက်ဝန်းများထဲရှိ အနက်ရောင်အလင်းထဲတွင် မကြာသေးခင်က သူ ကြုံတွေ့ခဲ့ရသည့် အခက်အခဲများကြောင့် အလွန်အမင်း အားအင်ချည့်နဲ့နေရပြီဖြစ်သည့် အရိပ်အယောင်များကိုသာမက ပိုင်ရှောင်ချန်းက ရင်ဆိုင်ရခက်ခဲကြောင်း သူ သိလာရသည့် အရိပ်အယောင်များကိုပါ မြင်နေရပြီ ဖြစ်သည်။ ပို၍ဆိုးဝါးသည်က ပိုင်ရှောင်ချန်းကို ကြည့်ရသည်မှာ ဥာဏ်အလင်းပွင့်နေဟန်တူသည်။ ထိုအချိန်တွင် သံယောဇဥ်မဲ့လူသားမှာ မိုးမြေဧကရာဇ်တစ်ပါး ဖြစ်လာခဲ့ပြီးနောက် တစ်ခါမှ မကြုံတွေ့ခဲ့ရဖူးသည့် အကြောက်တရားဆိုသော အရာကို ခံစားလိုက်ရတော့သည်။

သူတို့နှစ်ယောက်မှာ အကြည့်ချင်းဆုံသွားပြီး တစ်ယောက်ကိုတစ်ယောက် စကားမပြောဘဲ တစ်ခဏမျှ စိုက်ကြည့်နေလိုက်ကြသည်။ ထို့နောက် အက်ကွဲကြောင်းမှာ လုံးလုံးလျားလျား ပျက်စီးသွားပြီး စစ်သင်္ဘောကြီးက အပြင်သို့ အပြည့်အဝ ပေါ်ထွက်လာတော့သည်။

ထိုအချိန်တွင် သံယောဇဥ်မဲ့လူသားက လက်ကိုဆန့်ထုတ်၍ ဝှေ့ယမ်းလိုက်သည်။

ထိုအခါ ကမ္ဘာပေါင်း တစ်သန်းရှစ်သောင်းကို ဖုံးလွှမ်းစပြုနေပြီဖြစ်သည့် အလင်းများမှာ ရုတ်တရက် နောက်သို့ကျုံ့သွားကြသည်။ ထို့နောက် ကြယ်တာရာကောင်းကင်ကြီး၏ သုံးဆယ်ရာခိုင်နှုန်းကျော်တွင် ပြည့်နှက်နေသည့် အမှောင်ထုကြီးထဲမှ ရုတ်တရက် အေးစိမ့်ချီတစ်မျိုး ပေါ်ထွက်လာတော့သည်။

သံယောဇဥ်မဲ့လူသား၏ တာအိုကိုယ်ပွားများမှာ အနက်ရောင်မီးခိုးများအသွင် ရုတ်ချည်း ပြိုလဲပျက်စီးသွားကြပြီး ကမ္ဘာပေါင်းတစ်သန်းရှစ်သောင်းထဲရှိ အပျက်အစီးအမျိုးမျိုးထဲသို့ ပျောက်ကွယ်ဝင်ရောက်သွားကြသဖြင့် ပိုင်ရှောင်ချန်း၏ တာအိုကိုယ်ပွားများထဲမှ စူးရှတောက်ပနေသည့် အလင်းရောင်များမှာ ထိုအေးခဲနေသည့် ကြယ်တာရာကောင်းကင်ကြီး၏ သုံးဆယ်ရာခိုင်နှုန်းအား မည်သည့်အရာမှ မလုပ်နိုင်တော့ပေ။

ထိုမီးခိုးများ ပြန်ပေါ်လာသောအခါ သံယောဇဥ်မဲ့လူသားဆီသို့ ဦးတည်လာနေကြပြီ ဖြစ်သည်။

ထိုအနက်ရောင်မီးခိုးငွေ့များက သူ၏ခန္ဓာကိုယ်ထဲသို့ ပြန်လည်စိမ့်ဝင်ပေါင်းစည်းသွားပြီး သူ ထုတ်လွှတ်ခဲ့သော တာအိုကိုယ်ပွားများကိုပါ ပြန်လည်စုစည်းလိုက်သည့်အခါတွင် သူက အရွယ်အစား ကြီးမားလာတော့သည်။ အချိန်တိုလေးအတွင်း သူသည် ထာဝရပန်းပွင့်ပေါ်တွင် အုပ်မိုးနေခဲ့သည့် ဧရာမလူ့ဘီလူးကြီးအသွင် ပြန်လည်ရောက်ရှိသွားတော့သည်။

ပိုင်ရှောင်ချန်းမှာ ဤတိုက်ပွဲသည် သူနှင့် သံယောဇဥ်မဲ့လူသားတို့ ကြားရှိ နောက်ဆုံးတိုက်ပွဲဖြစ်ကြောင်း သိလိုက်သဖြင့် သူ၏မျက်လုံးများ အရောင်လက်သွားတော့သည်။ သူသည် အသက်ပြင်းပြင်းရှူလိုက်ကာ သူ၏နတ်ဘုရားအာရုံအား ကမ္ဘာပေါင်း တစ်သန်းရှစ်သောင်းထဲသို့ စေလွှတ်လိုက်ပြီးနောက် သူသည်လည်း သူ၏တာအိုကိုယ်ပွားများကို ပြန်၍ ဆင့်ခေါ်လိုက်တော့သည်။

ထိုကိုယ်ပွားများမှာ ချက်ချင်းပင် ဒုဓလီစေ့များအသွင် ပြောင်းလဲသွားကာ သူ့ဆီသို့ ပြန်၍ရစ်ဝဲလာပြီးနောက် သူ၏ခန္ဓာကိုယ်ထဲသို့ ဝင်ရောက်သွားသဖြင့် သူ၏ခန္ဓာကိုယ်အရွယ်အစား ကြီးမားသွားတော့သည်။

တဂျိန်းဂျိန်းမြည်ဟည်းသံများ ထွက်ပေါ်လာပြီး အဝေးမှကြည့်လိုက်ပါက ကြယ်တာရာကောင်းကင်ကြီးကိုပင် ပင့်မထားနိုင်လောက်အောင် ကြီးမားသည့် ဧရာမလူ့ဘီလူးကြီးနှစ်ကောင်ကြောင့် အင်မော်တယ်ကမ္ဘာကြီးပင် သေးငယ်သွားသကဲ့သို့ ဖြစ်နေသည်ကို မြင်နိုင်ပေသည်။

တိုက်ခိုက်ရန် အချိန်ကျရောက်လာေလပြီ။

All Chapters