ခါးသီးကြမ်းတမ်းသောတိုက်ပွဲ
Vol. 14 Ch. 1303
ဤသည်က နောက်ဆုံးတိုက်ပွဲပင် ဖြစ်သည်။
အကယ်၍ သံယောဇဥ်မဲ့လူသားသာ အနိုင်ရသွားမည်ဆိုပါက ထာဝရအင်မော်တယ်နယ်မြေများမှာ အစားခံလိုက်ရမည် ဖြစ်သည်။ ထာဝရကမ္ဘာကြီးမှာလည်း အလုယူခံလိုက်ရမည်ဖြစ်ပြီး သံယောဇဥ်မဲ့လူသားက ထာဝရ၏အနှစ်သာရကို အသုံးပြု၍ ထာဝရအဆင့်သို့ တက်လှမ်းသွားမည်ဖြစ်သည်။
စီရင်သူအရှင်ဟူ၍ အမည်ရသော လူမှာလည်း သံယောဇဥ်မဲ့လူသား ပြန်လည်မွေးဖွားလာမည့် အချက်ကို အခွင့်ကောင်းယူ၍ ပျက်စီးခါနီးဖြစ်နေသော ထာဝရဝိညာဥ်ကမ္ဘာထဲမှ စွန့််ခွာကာ သူ၏ ယခင်ကျင့်ကြံခြင်းအခြေအဆင့်ကို ကျော်လွှားကာ အဆုံးမဲ့တာအိုနယ်မြေအား ဖျက်ဆီးချေမှုန်းလိုက်မည် ဖြစ်သည်။
ပိုင်ရှောင်ချန်းမှာ ထိုအချက်များအားလုံးကို သိပေသည်။ သူသည် အဆုံးမဲ့တာအိုနယ်မြေအကြောင်းကို သေသေချာချာ မသိပါသော်လည်း ထိုကမ္ဘာမှလူများမှာ ထာဝရဝိညာဥ်ကမ္ဘာကို ကြောက်ရွံ့နေကြသည်ဆိုသောအချက်ကိုမူ သိထားသည်။
ပို၍တိတိကျကျဆိုရသော် သူတို့က ထာဝရ၏အနှစ်သာရကို ကြောက်ရွံ့နေကြခြင်း ဖြစ်သည်။
ပိုင်ရှောင်ချန်းမှာ ထိုအချက်များအားလုံးကို တိတိကျကျ သိထားသဖြင့် သံယောဇဥ်မဲ့လူသားအား အရောက်လက်နေသည့် မျက်ဝန်းများဖြင့် လှမ်းကြည့်လိုက်သည်။ ထို့နောက် သံယောဇဥ်မဲ့လူသားက လှုပ်ရှားလိုက်ပြီး လက်သီးဆုပ်ကာ ပိုင်ရှောင်ချန်းအား ထိုးနှက်ရန် ရှေ့သို့ ဆတ်ခနဲ လှမ်းလိုက်သည်။
သူက မည်သည့်နတ်ဘုရားအစွမ်းနှင့် မည်သည့်မှော်အတတ်ကိုမှ မသုံးပေ။ သူ၏တာအိုကြောင့် ထိုအရာများမှာ ဤတိုက်ပွဲတွင် အသုံးဝင်မည် မဟုတ်ကြောင်း သူက သိထားသည်။ သူတို့၏ လက်ရှိအခြေအနေကြောင့် သူတို့ထုတ်လွှတ်သမျှ လက်သီးချက်တိုင်းကို နတ်ဘုရားအစွမ်းတစ်ခု၊ မှော်အတတ်တစ်ခု သို့တည်းမဟုတ် အနှစ်သာရဖော်ပြမှုတစ်ခုဟူ၍ပင် သတ်မှတ်နိုင်နေပြီ ဖြစ်သည်။
အဆုံးသတ်တွင် ကြီးမြတ်သောတာအိုများမှာ အတော်လေး ရိုးရှင်းနေသည်သာ ဖြစ်သည်။ ဤအဆင့်တွင် သာမန်လက်သီးချက်တစ်ချက်ဟု ထင်ရသောတိုက်ကွက်ထဲတွင် သဘာဝဥပဒေသအစုံအလင် ပါဝင်နေပေသည်။ ၎င်းတို့မှာ ၎င်းတို့ကို ခုခံရန်ထုတ်လွှတ်ထားသည့် နတ်ဘုရားအစွမ်းများကို လျစ်လျူရှုနိုင်ပြီး သာမန်မိုးမြေဧကရာဇ်များ၏ ခန္ဓာသာမက ဝိညာဥ်ကိုပါ ဇီဝိန်ခြွေနိုင်စွမ်း ရှိနေသည်။
ပိုင်ရှောင်ချန်းမှာလည်း သူ၏လက်သီးကိုဆုပ်လိုက်ပြီး လက်သီးချက်တစ်ချက် ထုတ်လွှတ်လိုက်သည်။
သူ၏လက်သီးချက်တွင် သူ၏ကျင့်ကြံခြင်းအခြေခံ၊ သူ၏အပြင်အား၊ သူ၏တာအိုနှင့် သူ့အားဖွဲ့စည်းထားသည့် အရာအားလုံး ပါဝင်နေသည်။ ထိုလက်သီးချက်မှာ ကြယ်တာရာကောင်းကင်ကြီးထံမှ စွမ်းအားများကို ထုတ်သုံးလိုက်သဖြင့် ထိုကောင်းကင်ကြီး တွန့်လိမ်ကွေးကောက်ကာ ပုံပျက်သွားပြီး မိုးသက်မုန်တိုင်းတစ်ခု တိုက်ခတ်နေသကဲ့သို့ ထစ်ချုန်းသံများ ပဲ့တင်ထပ်၍ ထွက်လာတော့သည်။
ထိုနှစ်ယောက်မှာ လက်သီးချက်ပေါင်း တစ်သောင်းကျော် အပြန်အလှန် ထိုးနှက်လိုက်ကြသဖြင့် တအုန်းအုန်းမြည်သံများ ပေါ်ထွက်လာတော့သည်။
ပထမ အချက်တစ်ထောင်အတွင်း ပိုင်ရှောင်ချန်းနှင့် သံယောဇဥ်မဲ့လူသားတို့မှာ ဗလုံးဗထွေးလေသံများဖြင့် ညည်းညူနေရုံထက် မပိုခဲ့ပေ။ သို့သော် အချက်တစ်သောင်းကျော်ပြီးနောက် သူတို့နှစ်ယောက်စလုံး သွေးများအန်ထွက်နေကြပြီ ဖြစ်သည်။
သူတို့မှာ တစ်ယောက်ကိုတစ်ယောက် ထိုးနှက်ရင်း တဖြည်းဖြည်းနှင့် အရွယ်အစား သေးငယ်လာကြတော့သည်။ သူတို့ခံစားနေရသည့် ထိုးနှက်ချက်များထဲတွင် ကြီးမားသောပြင်းအားများပါဝင်နေသည်ဖြစ်၍ စွမ်းအားအကြီးမားဆုံး မိုးမြေဧကရာဇ်များဖြစ်နေသည့်တိုင်အောင် ထိုဒဏ်ရာများကို တောင့်ခံရာတွင် အခက်တွေ့နေရသည်။
သူတို့ပေးဆပ်လိုက်ရသည့် တန်ကြေးများမှာမူ သူတို့၏ တာအိုကိုယ်ပွားများဖြစ်သည်။
တာအိုကိုယ်ပွားတစ်ခုချင်းစီက သူတို့အတွက်ဆိုလျှင် အသက်အပိုတစ်ချောင်းစီနှင့် တူနေသည်ဟု ဆိုနိုင်သည်။ အသက်သေဆုံးနိုင်သည့် လက်သီးချက်တစ်ချက်ကို သူတို့ ခံစားလိုက်ရသည့်အချိန်တိုင်း သူတို့၏တာအိုကိုယ်ပွားတစ်ခုစီ သေဆုံးသွားရသည်။
ထိုအချင်းအရာကိုကြည့်၍ ပိုင်ရှောင်ချန်းနှင့် သံယောဇဥ်မဲ့လူသားတို့ နှစ်ယောက်စလုံးမှာ လုံးဝမသေဆုံးနိုင်သည့် အခြေအနေသို့ ရောက်သွားပြီဖြစ်ကြောင်း သိနိုင်သည်။
သူတို့တစ်ယောက်ချင်းစီတွင် အသက်ချောင်းပေါင်း တစ်သန်းရှစ်သောင်းတိတိ ရှိနေပြီ မဟုတ်ပါလား။ သူတို့၏ တစ်သန်းရှစ်သောင်းသော တာအိုကိုယ်ပွားများ သေဆုံးသွားသည့်အချိန်မှသာ သူတို့ခန္ဓာကိုယ်အစစ်၏ အသက်ကိုထုတ်သုံးရမည် ဖြစ်ပေသည်။
အစပိုင်းတွင် ပိုင်ရှောင်ချန်းနှင့် သံယောဇဥ်မဲ့လူသားတို့ နှစ်ယောက်စလုံးမှာ တစ်ယောက်အကြောင်းတစ်ယောက် မသေချာ မရေရာ ဖြစ်နေခဲ့ကြသည်။ နောက်ဆုံးတွင်မူ သူတို့သည် အချိန်နှင့်အာကာသကိုဖြတ်၍ တိုက်ခိုက်နေကြပြီ ဖြစ်သည်။ ယခုတွင် သူတို့က တစ်ယောက်ကိုတစ်ယောက် သည်းကြီးမည်ကြီး ထိုးနှက်နေကြပြီဖြစ်သည်။
တအုန်းအုန်းမြည်သံများ ပေါ်ထွက်လာပြီး သူတို့နှစ်ယောက်စလုံး သွေးများအန်ထွက်လာကြသည်။ သူတို့၏ အရွယ်အစားများ သေးငယ်လာသည်နှင့်အမျှ သူတို့၏တာအိုကိုယ်ပွားများမှာလည်း တစ်ခုပြီးတစ်ခု သေဆုံးနေကြတော့သည်။
ထိုဖြစ်စဥ်မှာ တသမတ်တည်း ဖြစ်နေသည်တော့မဟုတ်။ တစ်ခါတရံ သံယောဇဥ်မဲ့လူသားက အသာစီးရပြီး ပိုင်ရှောင်ချန်း၏ တာအိုကိုယ်ပွားအချို့ကို ဖျက်ဆီးနေသည်။ ပြီးနောက် တိုက်ပွဲအခြေအနေမှာ ပြောင်းလဲသွားပြီး သံယောဇဥ်မဲ့လူသား၏ တာအိုကိုယ်ပွားအချို့က အသတ်ခံနေရပြန်သည်။
ထိုသို့ဖြင့် သူတို့မှာ ခေါက်တုံ့ခေါက်ပြန် တိုက်ခိုက်နေကြသည်ဖြစ်၍ အင်မော်တယ်ကမ္ဘာထဲမှ စတင်ခဲ့ကြပါသော်လည်း ကြယ်တာရာကောင်းကင်တစ်ခွင် ပြန့်ကျဲနေသည့် အပျက်အစီးအမျိုးမျိုးကြားတွင် သွားလိုက်ပြန်လိုက် ခုန်ကူးနေကြတော့သည်။
ကြယ်တာရာကောင်းကင်ထဲတွင် အသက်ရှင်ကျန်ရှိနေသေးသည် သက်ရှိများအားလုံးမှာ ထာဝရအင်မော်တယ်နယ်မြေများထဲတွင် ရှိတော့သည်ဖြစ်၍ သူတို့၏ ခက်ခဲကြမ်းတမ်းသော ရုန်းကန်မှုများကို မည်သူမှမမြင်နိုင်သည့်အချက်မှာမူ နှမျောစရာကောင်းလှတော့သည်။
" မင်းသေရင်သေ။ မသေရင် ငါသေပဲ "
မိုးခြိမ်းသံကဲ့သို့သော ထစ်ချုန်းသံများကိုသာ ကြားနေရသည်။ ပိုင်ရှောင်ချန်း၏ပါးစပ်ထဲမှ သွေးများပန်းထွက်လာပြီး သူ၏ရင်ဘတ်ကြီးမှာလည်း အတွင်းသို့ ချိုင့်ဝင်သွားသည်။ သူသည်အချိန်မရွေး ပြိုလဲသွားနိုင်သည့်အနေအထားသို့ ရောက်နေပြီဖြစ်ပြီး သူ၏ပြန်လည်ကုစားနိုင်စွမ်းမှာ လုံးဝနီးပါး အသုံးမဝင်တော့သည့် အခြေအနေသို့ ရောက်နေပြီဖြစ်သည်။ သံယောဇဥ်မဲ့လူသား၏ အမြစ်ဖြုတ်ချေမှုန်းခြင်းစွမ်းအားများကို အချိန်တိုလေးအတွင်း တွန်းလှန်ဖျောက်ဖျက်ရန်မှာ မဖြစ်နိုင်ပေ။
သို့ပေမည့် သံယောဇဥ်မဲ့လူသားသည်လည်း အလွယ်တကူ အားအင်ပြန်ဖြည့်နိုင်စွမ်း မရှိပေ။ ပိုင်ရှောင်ချန်းက သံယောဇဥ်မဲ့လူသားကို အပြည့်အဝနှောင့်ယှက်မှုပေးနိုင်သည့် စူးရှေတာက်ပသောအလင်းစွမ်းအားဖြင့် တိုက်ခိုက်နေခြင်း ဖြစ်သည်။
ထိုသို့ဖြင့် လက်သီးချက်ပေါင်း အချက်တစ်သောင်းမှ တစ်သိန်း။ ထို့နောက် နှစ်သိန်း၊ သုံးသိန်းအထိ ရောက်ရှိသွားသည်။ ကြယ်တာရာကောင်းကင်ကြီးမှာ ပျက်ဆီးကာ ဖရိုဖရဲဖြစ်နေပြီး ဘယ်ညာနှစ်ဖက်ရှိ အပျက်အစီးများမှာလည်း ပြာပုံဘဝသို့ ပြောင်းလဲသွားနေတော့သည်။
" မင်းကို ငါ လေးစားသွားပြီ ပိုင်ရှောင်ချန်း။ ဒါပေမဲ့... မင်း ငါ့ကို မယှဥ်နိုင်သေးပါဘူး "
သံယောဇဥ်မဲ့လူသားမှာ အော်ဟစ်လိုက်ပြီး နောက်ထပ်တစ်ကြိမ် တိုက်ခိုက်လိုက်သည်။ ပိုင်ရှောင်ချန်းမှာလည်း ကျယ်လောင်စွာရယ်မောလိုက်ပြီး တိုက်ခိုက်လိုက်ပြန်သည်။ ယခုအချိန်တွင် သူသည် သေခြင်းတရားကို စိုးစဥ်းမျှ မကြောက်ရွံ့တော့ပေ။
လက်သီးအချက်ပေါင်း ငါးသိန်း၊ ခြောက်သိန်း၊ ခုနစ်သိန်း....
ယခုတွင် သူတို့၏ အရွယ်အစားမှာ စတင်တိုက်ခိုက်ခဲ့စဥ်က အရွယ်အစား၏ တစ်ဝက်ပင် မရှိတော့ပေ။ ထိုခါးသီးဖွယ်ကောင်းသော တိုက်ပွဲကြီး ဆက်လက်ဖြစ်ပွားနေသည်နှင့်အမျှ သူတို့မှာလည်း တွေဝေတွန့်ဆုတ်မနေဘဲ တာအိုကိုယ်ပွားများကို စတေးနေကြသည်သာဖြစ်သည်။ သူတို့နှစ်ယောက်စလုံးက ရှောင်တိမ်းထွက်ပြေးရန်လည်း ကြိုးစားမနေကြပေ။ သံယောဇဥ်မဲ့လူသားအတွက်မူ သူ အချိန်ကြာမြင့်စွာ စိတ်ကူးယဥ်ခဲ့ရသော ဆန္ဒပြည့်ဝလာနိုင်မည့် တစ်ခုတည်းသောနည်းလမ်းမှာ ပိုင်ရှောင်ချန်းအား သတ်ရန် မဟုတ်ပါလော။
ပိုင်ရှောင်ချန်းအတွက်မူ ထိုသို့မဟုတ်ပေ။ သူသည် သံယောဇဥ်မဲ့လူသားကဲ့သို့ လက်လွတ်စပယ် မတိုက်ခိုက်ပေ။ အစပိုင်းတွင် ထိုသို့တိုက်ခိုက်ခဲ့ပါသော်လည်း တိုက်ပွဲကြီးရှည်လျားလာသည်နှင့်အမျှ ထိုသို့တိုက်ခိုက်ခြင်းသည် သူ့အား အထိနာစေကြောင်း ရိပ်မိလာခဲ့သည်။ ထိုအချိန်တွင် သူသည် တ်ိုက်ပွဲကြီးအား ပို၍ရှည်ကြာအောင် အချိန်ဆွဲနိုင်ရန် ကြိုးစားလိုက်တော့သည်။ ထိုအခိုက် သူက မူမမှန်သောအချက်တစ်ခုကိုလည်း သတိထားမိလိုက်သေးသည်။ သူ၏တာအိုကိုယ်ပွားများ သေဆုံးသွားပြီး တိုက်ပွဲကြီး ရှည်ကြာလာသည့်နှင့်အမျှ သူက ထာဝရ၏အနှစ်သာရကို ပို၍ရှင်းရှင်းလင်းလင်း အာရုံခံလာနိုင်ခြင်းပင် ဖြစ်သည်။
" ထာဝရအဆင့်ဆိုတာ ဘာများပါလိမ့်... "
သူ၏အသက်ရှူသံများ မြန်ဆန်နေတော့သည်။ သို့သော် ယခုတွင် ထိုကိစ္စကို စဥ်းစားတွေးတောနေရန် အချိန်မရှိပေ။ သူ၏ရန်သူကိုသာ သူ ဆက်၍ထိုးနှက်နေရသည်။
နောက်ဆုံးတွင် လက်သီးချက်ပေါင်း ခုနစ်သိန်းမှ ကိုးသိန်းသို့ ရောက်ရှိသွားသည်။ ထို့နောက် တစ်သန်းတိတိ ဖြစ်သွားတော့သည်။ အချိန်တစ်ခုသို့ရောက်သောအခါ ထိုလက်သီးချက်များမှာ တစ်သန်းရှစ်သောင်းကျော်သွားတော့သည်။
ထိုအခါ ကောင်းကင်နှင့် ကမ္ဘာမြေကြီးတို့တွင် ထစ်ချုန်းသံများ မြည်ဟည်းသွားပြီး တာအိုကိုယ်ပွားများ ပျက်သုဥ်းသွားကာ သူတို့နှစ်ယောက်မှာလည်း အရွယ်အစား ပို၍ သေးငယ်သွားကြတော့သည်။ အဆုံးသတ်တွင် သူတို့၏ စစ်မြေပြင်မှာ ထာဝရအင်မော်တယ်နယ်မြေများအနီးရှိ ကြယ်တာရာကောင်းကင်ဆီသို့ ရောက်သွားကြသည်။
အဝေးမှကြည့်လိုက်ပါက ထာဝရအင်မော်တယ်နယ်မြေများမှာ အလင်းရောင်ဖျော့ဖျော့လေးတစ်ခုဖြင့် တောက်ပနေပြီး ကြယ်တာရာကောင်းကင်ထဲတွင် ပေါကြွယ်ဝနေသည့် သက်စောင့်အားများဖြင့် ပြည့်နှက်နေသည်ကို မြင်ရပေမည်။
ပိုင်ရှောင်ချန်းနှင့် သံယောဇဥ်မဲ့လူသားတို့က အနီးသို့ရောက်လာသောအခါ ထာဝရအင်မော်တယ်နယ်မြေများထဲရှိ သက်ရှိများမှာ ဖြစ်ပျက်နေသည့် အချင်းအရာများကို အာရုံခံမိသွားကြသည်။ ဤတိုက်ပွဲကြီးပြီးဆုံးရန်အတွက် သူတို့က နှစ်ခြောက်ဆယ်စက်ဝန်းတစ်ခုထက်ပို၍ စောင့်ဆိုင်းနေခဲ့ရသည်လည်းဖြစ်သည်။
ထိုနှစ်ပေါင်းခြောက်ဆယ်အတွင်း သူတို့က ပိုင်ရှောင်ချန်းနှင့် သံယောဇဥ်မဲ့လူသားတို့အား မေ့မသွားခဲ့ကြပေ။ ထိုအချိန်များကို လူတိုင်းမှာ အသက်အန္တရာယ်ကြုံနေရသည့်အလား ဖြတ်သန်းခဲ့ရသည်ဖြစ်ပြီး ထိုအတောအတွင်း သူတို့က ကောင်းကင်ယံတွင် ကြယ်နှစ်လုံးနှင့်ဆင်တူသော အရာနှစ်ခုက တစ်ခုနှင့်တစ်ခု မရပ်မနားရိုက်ခတ်နေကြသည်ကို မြင်ခဲ့ကြရသည်။
ရှောင်ပေါက်မှာ ကြီးပြင်းလာပြီဖြစ်ပြီး တပေါက်နှင့် ရှောင်ရှောင်တို့နှစ်ယောက်စလုံး သက်လတ်ပိုင်းပုံစံ ပေါက်နေကြပြီ ဖြစ်သည်။ စုန့်ကျင်းဝမ်၊ ကျိုးကျစ်မိုနှင့် ဟိုရှောင်မေ့တို့အားလုံးမှာ ယခင်အတိုင်း လှပနေဆဲဖြစ်ပါသော်လည်း သူတို့၏မျက်ဝန်းများထဲတွင် ရှေးဆန်သောအလင်းရောင်တစ်ခု တောက်ပနေသည်။
မဟာကောင်းကင်သခင်၊ သရဲကြီးဘုရင်နှင့် ထာဝရအင်မော်တယ်နယ်မြေများထဲရှိ လူအားလုံးမှာ ထိုနှစ်ပေါင်းခြောက်ဆယ်အတွင်း စဥ်ဆက်မပြတ် ဆုတောင်းနေခဲ့ကြသည်။
အဆုံးတွင် မိုးမြေဧကရာဇ်နှစ်ပါးကြားရှိ တိုက်ပွဲမှာ ထာဝရအင်မော်တယ်နယ်မြေများအနီးသို့ ရောက်ရှိလာကြပြီးနောက် ပိုင်ရှောင်ချန်းအား လူတိုင်း လှမ်း၍မြင်နေရပြီဖြစ်သည်။
သံယောဇဥ်မဲ့လူသားမှာ သူ၏ပါးစပ်မှ သွေးများကို သုတ်လိုက်ပြီး ပိုင်ရှောင်ချန်းအား စိုက်ကြည့်လိုက်သည်။
" တိုက်ပွဲကို ဒီနေရာအထိဆွဲခေါ်လာတာ ဒီနေရာမှာ သေချင်လို့လား ပိုင်ရှောင်ချန်း။ အဲဒါဆိုလည်း မင်းရဲ့ဆန္ဒကို ငါဖြည့်ဆည်းပေးရတာပေါ့ "
ယခုအခါ သံယောဇဥ်မဲ့လူသားထံတွင် တာကိုကိုယ်ပွားဆယ်ခု ကျန်ရှိနေသေးပြီး ပိုင်ရှောင်ချန်းထံတွင်မူ သုံးခုသာကျန်ရှိတော့သည်။
သူတို့နှစ်ယောက်စလုံး သာမန်လူတစ်ယောက်၏ အရွယ်အစားသို့ ရောက်နေကြပြီ ဖြစ်သည်။ သူတို့က စကားဆက်ပြောမနေတော့ဘဲ တစ်ယောက်ကိုတစ်ယောက် ထပ်၍တိုက်ခိုက်လိုက်ကြသောအခါ သူတို့၏ပါးစပ်များထဲမှ သွေးများပန်းထွက်လာကြပြီး တစ်ယောက်နှင့်တစ်ယောက် ခွာလိုက်ကြသည်။
" မင်းဆီမှာ ကိုယ်ပွားနှစ်ခုပဲ ကျန်တော့တာ "
သံယောဇဥ်မဲ့လူသားမှာ သူ့ကိုယ်သူ လှည့်ပတ်စေလိုက်ပြီး ကြယ်ပျံတစ်လုံးအသွင်ပြောင်းလဲ၍ အမျက်ဒေါသများနှင့် သေဆုံးခြင်းအငွေ့အသက်များ တဟုန်းဟုန်းတောက်လောင်နေလျက် ပိုင်ရှောင်ချန်းထံ ချဥ်းကပ်လာသည်။ သူသည် နှစ်ပေါင်းခြောက်ဆယ်စက်ဝန်းအတောအတွင်း ထုတ်သုံးခဲ့သည့် ပမာဏထက် ပို၍များပြားသည့် သတ်ဖြတ်လိုသောအငွေ့အသက်များကို ထုတ်သုံးလိုက်ပြီး လက်သီးချက်ငါးချက် ဆက်တိုက် ထုတ်လွှတ်လိုက်သည်။
ထိုလက်သီးချက်များ၏ ပေါက်ကွဲစွမ်းအားကြောင့် ကြယ်တာရာကောင်းကင်ကြီး တုန်ရီသွားပြီး ပိုင်ရှောင်ချန်း၏ ပါးစပ်ထဲမှ သွေးများစွာ ပန်းထွက်လာရတော့သည်။ သူက သူ၏တာအိုကိုယ်ပွားနှစ်ခု ပျက်ဆီးသွားပါသော်လည်း လက်သီးချက်ငါးချက် ထုတ်လွှတ်လိုက်ပြီး သံယောဇဥ်မဲ့လူသားအား ပြန်လည်တိုက်ခိုက်လိုက်သဖြင့် သံယောဇဥ်မဲ့လူသား၏ကျန်ရှိနေသေးသော တာအိုကိုယ်ပွားဆယ်ခုအနက် နှစ်ခု ပျက်စီးသွားသည်။
သို့သော်ငြား ထိုအပြန်အလှန်တိုက်ခိုက်မှု၏ဒဏ်က ပိုင်ရှောင်ချန်းအတွက် ပြင်းထန်လွန်းလှသဖြင့် သူ၏အရိုးများစွာ ကျိုးကျေသွားပြီး အောက်ဘက်ရှိ ထာဝရအင်မော်တယ်နယ်မြေများဆီသို့ ကျွမ်းထိုးမှောက်ခုံ ပြုတ်ကျသွားတော့သည်။