လောကပါလ လက်ချောင်း
Vol. 14 Ch. 1304
" ဗဟိုဧကရာဇ် "
" အဖေ "
" ရှောင်ချန်း "
ထာဝရအင်မော်တယ်နယ်မြေများထဲမှ လူများမှာ ထိုနောက်ဆုံး ထိုးနှက်ချက်ကို မြင်လိုက်ရပြီး ထာဝရမြစ်ဆီသို့ ပိုင်ရှောင်ချန်း ထိုး၍ကျလာသည့်မြင်ကွင်းကို ကြည့်ကာ မျှော်လင့်ချက်များ ပျက်သုဥ်းသွားသည့် သက်ပြင်းချသံမြောက်မြားစွာ ပေါ်ထွက်လာတော့သည်။
ကြယ်တာရာကောင်းကင်ထဲတွင်မူ သံယောဇဥ်မဲ့လူသားမှာ တိုက်ပွဲကြောင့် အားအင်များ ကုန်ခန်းနေပြီဖြစ်၍ တုန်ရီနေလျက် ရစ်ဝဲနေသည်။ သူ၏ဘဝတစ်လျှောက် ပိုင်ရှောင်ချန်းကဲ့သို့ စွမ်းအားကြီးမားပြီး ရင်ဆိုင်ရခက်ခဲသော လူတစ်ယောက်တလေနှင့်ပင် ရင်မဆိုင်ဖူးခဲ့ပေ။
တာအိုကိုယ်ပွားရှစ်ခု ကျန်ရှိတော့သည့်အခါမှသာ ပိုင်ရှောင်ချန်း၏ တာအိုကိုယ်ပွားအားလုံးကို သူ ဖျက်ဆီးနိုင်လိုက်ခြင်း ဖြစ်သည်။ အကယ်၍ ပိုင်ရှောင်ချန်းသာ အချိန်မီပြန်လည် ကောင်းမွန်လာမည်ဆိုပါက တိုက်ပွဲကို အဆုံးသတ်ရန်မှာ မဖြစ်နိုင်တော့ပေ။
" ငါ သူ့ကို အဲဒီအခွင့်အရေး မပေးနိုင်ဘူး "
သူ့မျက်ဝန်းများအရောင်လက်သွားပြီး သူက ညာလက်ကို ဆန့်ထုတ်လိုက်သောအခါ ကြယ်တာရာကောင်းကင်ကြီးထဲတွင် ထစ်ချုန်းသံများဖြင့် ပြည့်နှက်သွားပြီး သူ၏ရှေးဟောင်းစစ်သင်္ဘောကြီး တဖန် ပေါ်ထွက်လာတော့သည်။
ထိုမည်းနက်နေသော သင်္ဘောကြီးမှာ ပိုင်ရှောင်ချန်းဆီသို့ အမြန်ဆုံးနည်းဖြင့် ဦးတည်၍ ပျံသန်းသွားသည်။ ပို၍ တိတိကျကျဆိုရမည်ဆိုလျှင် ထာဝရအင်မော်တယ်နယ်မြေများဆီသို့ ဦးတည်သွားနေခြင်း ဖြစ်သည်။
ထိုသင်္ဘောကြီးမှာ ဖျက်ဆီးနိုင်စွမ်းအပြည့်နှင့် မောင်းနှင်သွားသည်မှာ အထင်အရှားပင်။
ပိုင်ရှောင်ချန်းက တိုက်ပွဲအား ထာဝရနယ်မြေများဆီသို့ တမင်သက်သက် မျှားခေါ်လာသည်ကို သံယောဇဥ်မဲ့လူသားက သိပေသည်။ သို့သော် သံယောဇဥ်မဲ့လူသား၏ ပန်းတိုင်မှာလည်း ထိုနေရာပင် ဖြစ်သည်။
စစ်သင်္ဘောကြီး၏ တုန်လှုပ်ခြောက်ခြားဖွယ်ကောင်းသော စွမ်းအင်များက အရပ်မျက်နှာအနှံ့သို့ တဝုန်းဝုန်း ရိုက်ခတ်နေပြီး အဆုံးအစမရှိသော အမှောင်ထုများ၊ မျိုးတုန်းသုတ်သင်ခြင်း အငွေ့အသက်များနှင့် သေခြင်းတရားများဖြင့် ပြည့်နှက်နေသည့် အမည်းရောင် မိုးသက်မုန်တိုင်းတစ်ခုကဲ့သို့ ပြောင်းလဲသွားသည်။
ကံကြမ္မာရဟတ် တစ်ပတ်လည်သွားလေပြီ။ တိုက်ပွဲစတင်ခဲ့သောနေရာမှာ တိုက်ပွဲအဆုံးသတ်မည့်နေရာ ဖြစ်သွားတော့မည် မဟုတ်ပါလော။
ထိုစစ်သင်္ဘောကြီး အနီးသို့ ရောက်လာသောအခါ ထာဝရအင်မော်တယ်နယ်မြေများ ပြိုလဲပျက်စီးကုန်ကြသည်။ ပိုင်ရှောင်ချန်းမှာ အမြင်အာရုံများ ဝေဝါးသွားပြီး သူ၏ယင်ခန္ဓာကိုယ်အစိတ်အပိုင်း ငါးခုနှင့် ယန်ခန္ဓာကိုယ်အစိတ်အပိုင်း ခြောက်ခုမှာ ပျက်စီးလုနီးပါးဖြစ်သွားသောကြောင့် အလွန်အားအင်ချည့်နဲ့သွားရကာ သူ၏ပြန်လည်ကုစားနိုင်စွမ်းများမှာ သူ့အား လတ်တလောတွင် မကုသပေးနိုင်တော့ပေ။
သူ၏ဒဏ်ရာများမှာ အလွန်ပြင်းထန်နေသည်သာဖြစ်သည်။ သံယောဇဥ်မဲ့လူသား၏ နောက်ဆုံးလက်သီးချက်မှာ သူ့ကိုသတ်နိုင်လောက်အောင်သူ၏ဒဏ်ရာများက အလွန်ပြင်းထန်လာနေသည်။ သံယောဇဥ်မဲ့လူသား၏ နောက်ဆုံးလက်သီးချက်က သူ့ကို သတ်နိုင်လောက်အောင် မစွမ်းပါသော်လည်း သူ့အား မျက်လုံးဆက်၍ မဖွင့်နိုင်တော့သည့် အခြေအနေသို့ ရောက်သွားစေလောက်အောင် အားအင်ချည့်နဲ့သွားစေနိုင်သည်။ သို့သော်လည်း ထိုရှေးဟောင်းစစ်သင်္ဘောကြီး ရောက်ရှိလာပြီး ထာဝရအင်မော်တယ်နယ်မြေများအား ဖျက်ဆီးတော့မည့်ရည်ရွယ်ချက်ဖြင့် ချဥ်းကပ်လာနေကြောင်းကိုမူ သူ အတိုင်းသား မြင်နေရသည်။ အကယ်၍ ထိုသင်္ဘောကြီးသာ ဝင်တိုက်သွားပါက လူတိုင်း သေဆုံးသွားရမည်ဖြစ်ကြောင်းကိုလည်း သူက သိသည်။
" ငါ ဒီကို ပြန်လာရတဲ့အကြောင်းအရင်းက ငါ့ရဲ့ မိသားစုဝင်တွေ၊ မိတ်ဆွေတွေနဲ့ အတူတူသေပွဲဝင်ရင်ဝင်၊ အဲဒီလိုမှမဟုတ်ရင် ထာဝရရဲ့အနှစ်သာရကို အသုံးပြုပြီး အသက်နှုတ်ယူနိုင်လောက်အောင် အစွမ်းထက်တဲ့ တန်ပြန်တိုက်ကွက်တစ်ကွက် ထုတ်ဖော်ဖို့ပဲ "
သူသည် ကြိုးစားရုန်းကန်၍ သူ၏အရှိန်အဝါများကို ထိန်းချုပ်လိုက်သောအခါ သူ၏မျက်ဝန်းများထဲတွင် မျှော်လင့်ချက် အရိပ်အယောင်တစ်ခု ပေါ်ထွက်လာသည်။ ထို့နောက် သူ၏သက်စောင့်အားမီးတောက် အပြီးတိုင်ငြိမ်းသက်သွားတော့မည့်ကဲ့သို့ မှိတ်တုတ်မှိတ်တုတ်ဖြစ်နေစဥ် တစ်စုံတစ်ခုက သူ့ကိုဆွဲနေကြောင်း ခပ်ရေးရေးလေး အာရုံခံမိလိုက်သည်။ သူ၏လက်ရှိအခြေအနေကြောင့် သူနှင့် ထာဝရ၏အနှစ်သာရကြားရှိ အချိတ်အဆက်မှာ သူ၏ဘဝတစ်လျှောက် အခိုင်မာဆုံးအနေအထားသို့ ရောက်ရှိသွားသည့်အလားပင်။
" အနှစ်သာရဆိုတာ ဘာများတုန်း … "
သူသည် ကောင်းကင်ထဲရှိ မျိုးတုန်းသုတ်သင်ခြင်း စွမ်းအားများ ပေါ်ထွက်နေသော စစ်သင်္ဘောကြီးအား မော့ကြည့်ကာ တွေးလိုက်သည်။ ထာဝရအင်မော်တယ်နယ်မြေများ အပြီးတိုင်ပျက်စီးသွားတော့မည့်အလား တုန်ရီနေသည်ကို သူ ခံစားမိနေပြီး သူ၏အောက်ဘက်ရှိ သက်ရှိများအားလုံး၏ သက်စောင့်အားမီးတောက်များမှာလည်း မှိတ်တုတ်မှိတ်တုတ်နှင့် မတည်မငြိမ်ဖြစ်နေသည်ကို အာရုံခံမိလိုက်သည်။
" အနှစ်သာရဆိုတာ အသွင်မရှိသလို ပုံသဏ္ဍာန်လည်းမရှိဘူး။ တကယ်တမ်းဆိုရင် အနှစ်သာရဆိုတာ တည်ရှိမနေသလိုပဲ။ ဒါပေမဲ့ တချိန်တည်းမှာပဲ အနှစ်သာရဆိုတာ အရာအားလုံးကို ဖန်ဆင်းပေးထားတာဖြစ်ပြီး အသွင်အမျိုးမျိုး၊ ပုံသဏ္ဍာန်အမျိုးမျိုးနဲ့ ရှိနေတာ "
ထိုအခိုက်အတန့်တွင် ထာဝရအင်မော်တယ်နယ်မြေများထဲ၌ ရှိနေသော ထာဝရ၏အနှစ်သာရမှာ ထိုလျှို့ဝှက်ဆန်းကြယ်သော စွမ်းအင်ကြီးအသွင်ဖြင့် ရုတ်တရက် သူနှင့် သဟဇာတဖြစ်သွားသကဲ့သို့ တုန်ခါလာသဖြင့် သူ၏မျက်ဝန်းများမှာ ကြယ်တာရာကောင်းကင်ကြီးပမာ ဝင်းလက်သွားတော့သည်။
" အနှစ်သာရမှာ အစမရှိသလို အဆုံးလည်း မရှိဘူး " သူက ရေရွတ်လိုက်သည်။
" ဒါပေမဲ့ တချိန်တည်းမှာပဲ အနှစ်သာရဆိုတာ သက်ရှိသက်မဲ့အရာခပ်သိမ်းရဲ့ အစနဲ့အဆုံးပဲ "
သူ၏စကားသံကြောင့် ထိုလျှို့ဝှက်ဆန်းကြယ်သော စွမ်းအင်ကြီးမှာ ပေါက်ကွဲထွက်ပေါ်လာကာ အရှိန်အဟုန်ပြင်းစွာ ပြေးလာပြီး သူ့အပေါ်တွင် စုဆုံသွားလိုက်ပြီးနောက် သူ၏ပတ်ပတ်လည်တွင် ဝဲကဲ့သို့ လည်ပတ်သွားပြီး မမြင်နိုင်သော လေမုန်တိုင်းတစ်ခုကို ဖန်တီးလိုက်တော့သည်။
" အနှစ်သာရက နေရာ လုံးဝမယူပေမဲ့ တချိန်တည်းမှာပဲ နေရာအားလုံးဆိုတာဟာလဲ အနှစ်သာရပဲ "
ထိုစကားသုံးခွန်းကြောင့် ထိုလျှို့ဝှက်ဆန်းကြယ်စွမ်းအင်ကြီးမှာ အထိန်းအကွပ်မဲ့သွားပြီး ထိန်းမနိုင်သိမ်းမရ လည်ပတ်နေသော၊ မျက်လုံးဖြင့်မမြင်နိုင်သည့် လေပွေကြီးတစ်ခုကို ဖန်ဆင်းလိုက်သည်။ ထိုလေပွေကြီးကြောင့် ပိုင်ရှောင်ချန်းမှာ ပြုတ်ကျနေရာမှ ရပ်တန့်သွားပြီး လေပေါ်တွင် ရစ်ဝဲနေတော့သည်။
" အနှစ်သာရဆိုတာ အချိန်ရဲ့ပြင်ပမှာ တည်ရှိပေမဲ့ တချိန်တည်းမှာပဲ အချိန်တွေအားလုံးဟာလဲ အနှစ်သာရပဲ "
စတုတ္ထမြောက်စကားေကြာင့် လျှို့ဝှက်စွမ်းကြယ်စွမ်းအင်ကြီး၏ လေပွေကြီးမှာ ပိုင်ရှောင်ချန်းအား ကြယ်တာရာကောင်းကင်ကြီးဆီသို့ ပြန်လည်တွန်းတင်ပေးလိုက်သည်။
ထိုကြယ်တာရာကောင်းကင်ကြီးမှာ ကြီးမြတ်သောတာအိုတစ်ခုနှင့် သဟဇာတဖြစ်သွားသကဲ့သို့ တုန်ရီသွား၏။ အေးခဲကာ အမှောင်ဖုံးနေကြသည့် အပျက်အစီးပေါင်း တစ်သန်းကျော်မှာလည်း တုန်ရီကာ အက်ကွဲစ ပြုလာကြတော့သည်။
ထိုအချင်းအရာများကြောင့် သံယောဇဥ်မဲ့လူသားမှာ မျက်လုံးပြူးကျယ်သွားရပြီး သူ၏နှလုံးသားထဲတွင် တုန်လှုပ်ခြောက်ခြားမှုလှိုင်းကြီးများဖြင့် ပြည့်နှက်သွားတော့သည်။
" အဲဒါ ထာဝရရဲ့ အငွေ့အသက်ပဲ "
သူ၏နှုတ်မှ လွှတ်ခနဲထွက်သွားတော့သည်။
တချိန်တည်းမှာပင် ပိုင်ရှောင်ချန်း၏အသံမှာ ထာဝရအင်မော်တယ်နယ်မြေထဲမှနေ၍ ကြယ်တာရာကောင်းကင်ထဲအထိ မြင့်တက်လာပြီးနောက် အင်မော်တယ်ကမ္ဘာကြီးထဲတွင် ပြည့်နှက်သွားတော့သည်။
" ကျုပ်က အနှစ်သာရကို အပြည့်အဝ နားမလည်သေးသလို ထာဝရအကြောင်းကိုလည်း နည်းနည်းလေးပဲ သိသေးတာ... "
သူက မျက်လုံးများကို တစ်ခဏမျှ မှိတ်လိုက်သည်။ သူသည် အလွန် အားအင်ချည့်နဲ့နေသည့်ပုံစံ ပေါ်နေပါသော်လည်း သူ၏မျက်လုံးများကို ပြန်ဖွင့်လိုက်သောအခါ ယုံကြည်မှုအရိပ်အယောင်များဖြင့် ပြည့်နှက်နေပြီ ဖြစ်သည်။
" ဒါပေမဲ့ ကျုပ်တို့ရဲ့အသက်တွေက ကြီးမြတ်တဲ့တာအိုနဲ့ သဟဇာတဖြစ်ပြီး ကျုပ်တို့ရဲ့သက်စောင့်အားက အထူးဆန်းဆုံး လျှို့ဝှက်ချက်တွေနဲ့ သဟဇာတဖြစ်နေတာ။ ပြီးတော့ အဲဒီလောက်သိရုံနဲ့ ကျုပ် ခင်ဗျားကိုသတ်လို့ရပြီ သံယောဇဥ်မဲ့လူသား "
ထိုအခိုက်အတန့်တွင် ပိုင်ရှောင်ချန်းထံမှ သက်စောင့်အားမီးတောက်တစ်ခုဖြစ်သော တာအိုမီးတောက်တစ်ခု တောက်လောင်လာတော့သည်။ သူသည် မိုးမြေဧကရာဇ်အဆင့်မှ ဖောက်ထွက်တော့မည့်အလား သူ၏ခန္ဓာကိုယ်ထဲတွင် အံ့အားသင့်ဖွယ်ကောင်းသော ပြောင်းလဲမှုများ စတင်ဖြစ်ပေါ်နေပြီ ဖြစ်သည်။ ထာဝရ၏အနှစ်သာရကို ကိုယ်စားပြုနေသော ထိုလျှို့ဝှက်ဆန်းကြယ်စွမ်းအင်ကြီးမှာ သူ၏ပတ်ပတ်လည်တွင် ပွက်ပွက်ဆူလာတော့သည်။
သူသည် ထိုအချင်းအရာကို အာရုံခံမိလိုက်သောအခါ သူ၏ညာလက်ကို ကောင်းကင်ယံသို့ ဆန့်ထုတ်လိုက်ပြီးနောက် အနက်ရောင် အဖျက်စစ်သင်္ဘောကြီးအား လက်ညှိုးထိုးလိုက်တော့သည်။
ထိုအမူအရာမှာ အနည်းငယ်လေးပင် ထူးခြားနေသည် မဟုတ်။ နတ်ဘုရားအစွမ်းဟူ၍လည်း ဆို၍မရသည့်အပြင် မှော်အတတ်တစ်ခု၏ အငွေ့အသက်များလည်း ပါဝင်မနေပေ။ သို့သော် သံယောဇဥ်မဲ့လူသားမှာမူ မျက်နှာပျက်သွားရတော့သည်။
" မင်း ... "
သူက အော်ဟစ်လိုက်ပါသော်လည်း မည်သည့်စကားမှ ထပ်မပြောနိုင်တော့ပေ။ အနက်ရောင်စစ်င်္ဘောကြီးမှာ ပုံရိပ်ယောင်တစ်ခုကဲ့သို့ ဖြစ်သွားပြီးနောက် မျက်လုံးဖြင့်မမြင်ရနိုင်သည့် ဧရာမလက်ကြီးတစ်ဖက်၏ ဖျောက်ဖျက်ခြင်းကို ခံလိုက်ရတော့သည်။
အချိန်တိုလေးအတွင်း ထိုသင်္ဘောကြီးမှာ ဦးပိုင်းမှစ၍ နောက်သို့ပျောက်ကွယ်သွားတော့သည်။ ၎င်း၏သေခြင်းတရားအငွေ့အသက်မှာလည်း လွင့်စဥ်ပျောက်သွားတော့သည်။
ထိုသင်္ဘောကြီး ရှိခဲ့ဖူးသည်ဆိုသော သဲလွန်စတစ်ခုတစ်လေပင် မကျန်ရစ်ခဲ့ပေ။
ကောင်းကင်ယံတွင်လည်း တုန်ခါလှိုင်းများ ရှိမနေသည့်အပြင် အခြားမည်သည့် အထောက်အထားမျှပင် ရှိမနေပေ။ ပိုင်ရှောင်ချန်း၏ မျက်နှာမှာမူ ယခင်ကထက် အနည်းငယ် ဖြူဆုတ်သွားရသည်။ သူက ထာဝရ၏အနှစ်သာရကို အသုံးပြု၍ ယခင်ကအတိုင်း အချိန်ကိုမပြောင်းလဲခဲ့သလို ထိုလျှို့ဝှက်ဆန်းကြယ်စွမ်းအင်ကြီးအား လမ်းကြောင်းလွှဲကာ သံယောဇဥ်မဲ့လူသားကိုလည်း မတိုက်ခိုက်ခဲ့ပေ။ သူသည် သူ၏ကိုယ်ပိုင်သက်စောင့်အားကို ပေးဆပ်၍ ကြယ်တာရာကောင်းကင်ကြီး၊ ထာဝရ၏အနှစ်သာရတို့နှင့် သဟဇာတဖြစ်အောင် လုပ်လိုက်ပြီး ထိုလျှို့ဝှက်ဆန်းကြယ်စွမ်းအင်ကြီး၏ လမ်းကြောင်းကို ထိန်းချုပ်လိုက်ခြင်း ဖြစ်သည်။
လမ်းကြောင်းလွှဲခြင်းနှင့် ထိန်းချုပ်ခြင်းတို့မှာ မတူညီသော ကိစ္စနှစ်ရပ် ဖြစ်သည်။
သူ၏ခန္ဓာကိုယ်မှာ အားအင်ချည့်နဲ့နေပြီဖြစ်သော်လည်း ပို၍တောက်ပလာသော မျက်ဝန်းများဖြင့် သူ၏လက်ချောင်းကို ထပ်၍ ဆန့်ထုတ်လိုက်သည်။ ကြယ်တာရာကောင်းကင်ကြီးထဲရှိ သံယောဇဥ်မဲ့လူသားမှာမူ နှလုံးခုန်နှုန်းများ မြန်နေပြီဖြစ်သည်။ အခြားသက်ရှိများအားလုံးမှာမူ လက်ရှိဖြစ်ရပ်များကြောင် ကြက်သေသေနေကြပြီ ဖြစ်သည်။
ထိုသို့ တိတ်ဆိတ်ငြိမ်သက်နေစဥ် သံယောဇဥ်မဲ့လူသားမှာ တုန်ရီစပြုလာပြီး အကယ်၍ သူသာ ပိုင်ရှောင်ချန်းအား ယခုချက်ချင်း မတားဆီးပါက လုံးဝတားဆီးနိုင်တော့မည်မဟုတ်ဟု ခံစားလိုက်ရတော့သည်။
ယခုတွင် ပိုင်ရှောင်ချန်းမှာ ကြောက်စရာအကောင်းဆုံးပုံစံ ပေါက်နေသည့်အတွက် သံယောဇဥ်မဲ့လူသား၏ နောက်တွင် မျက်လုံးဖြင့်မမြင်နိုင်သော စီရင်သူအရှင် ပေါ်ပေါက်လာရသည်အထိပင်။ သူသည်လည်း သံယောဇဥ်မဲ့လူသားကဲ့သို့ ဆွံ့အနေသည်ဖြစ်ပြီး သူ့မျက်ဝန်းထဲတွင် လွန်စွာ ရှေးကျလွန်းလှသော အချိန်ကာလများမှ အမှတ်တရပုံရိပ်များ ထင်ဟပ်နေတော့သည်။ ပြီးနောက် သူ၏နှုတ်ခမ်းမှာ လှုပ်သွားပြီး အသံတစ်သံမှ ထွက်မလာပါသော်လည်း သူ့အား မြင်နေရသည့်လူတိုင်း သူပြောနေသည့်စကားများကို သိလိုက်မည်သာဖြစ်သည်။
လောကပါလနတ်မင်း …
" သူ့ကိုတား "
သံယောဇဥ်မဲ့လူသားက အော်ဟစ်လိုက်သည်။ စီရင်သူအရှင်၏ပုံရိပ်မှာလည်း ထိုကဲ့သို့ အော်ဟစ်လိုက်သည်။ ပြီးလျှင် သူတို့နှစ်ယောက်မှာ တစ်ပြိုင်နက်တည်း တစ်ယောက်ပေါ်တစ်ယောက် ထပ်သွားကြပြီး ယခင်က ဒဏ်ရာအမှတ်အသားရှိခဲ့ဖူးသောနေရာဖြစ်သည့် သံယောဇဥ်မဲ့လူသား၏ နဖူးပေါ်တွင် တတိယမျက်လုံးတစ်လုံး ပွင့်လာတော့သည်။ ထိုမျက်လုံးပွင့်လာသောအခါ သူ၏အကြည့်များမှာ သံယောဇဥ်မဲ့လူသား၏ အကြည့်များ မဟုတ်တော့ပဲ စီရင်သူအရှင်ဟုအမည်ရသော အဘိုးကြီး၏ အကြည့်များ ဖြစ်သွားပြီ ဖြစ်သည်။
သူသည် ကြောက်မက်ဖွယ်အကောင်းဆုံးသော အငွေ့အသက်များကို ထုတ်လွှတ်၍ ပိုင်ရှောင်ချန်းထံ တဟုန်ထိုး ဦးတည်ပျံသန်းလာတော့သည်။
ပိုင်ရှောင်ချန်းမှာ လက်ရှိတွင် ထာဝရ၏အနှစ်သာရဖြစ်သော လျှို့ဝှက်ဆန်းကြယ်စွမ်းအင်ကြီး၏ ပင့်မပေးခြင်းကို ခံနေရသည်။ သူသည် ထာဝရအင်မော်တယ်နယ်မြေများနှင့်ဝေးရာ ကြယ်တာရာကောင်းကင်ကြီးဆီသို့ မြင့်တက်သွားပြီး သံယောဇဥ်မဲ့လူသားနှင့် ရင်ဆိုင်ရန် ပြင်လိုက်သည်။
ထို့နောက် သူက သူ၏လက်ချောင်းကို ဒုတိယအကြိမ်အဖြစ် ဆန့်ထုတ်လိုက်တော့သည်။