← Chapters

အကြံအစည် ပျက်ပြားသွားရခြင်း

Vol. 14 Ch. 1305

အကြံအစည် ပျက်ပြားသွားရခြင်း

Vol. 14 Ch. 1305

ဒုတိယလက်ချောင်းတိုက်ကွက် ပေါ်ထွက်လာသောအခါ ပိုင်ရှောင်ချန်း၏ဆံပင်အများစုမှာ မီးခိုးရောင်ပြောင်းသွားပြီး သူ၏အသားအရည်က ချက်ချင်း ဖြူဖျော့သွားသည်။ သူ၏သက်စောင့်အား အနည်းငယ် မှေးမှိန်ပျောက်ကွယ်သွားပြီး အဆုံးအစမဲ့သော စွမ်းအားတစ်ခုအသွင် ပြောင်းလဲသွားသည်။ ထိုစွမ်းအားများမှာ ကြယ်တာရာကောင်းကင်ကြီးနှင့်သာမက ထာဝရ၏အနှစ်သာရနှင့်ပါ သဟဇာတဖြစ်နေသည့် ကြီးမြတ်သောတာအိုတစ်ခုကို ဖန်တီးပေးလိုက်သည်။

ထိုသဟဇာတ အချိတ်အဆက်ပေါ်ပေါက်လာသောအခါ ထိုနေရာတစ်ဝိုက်ရှိ လျှို့ဝှက်ဆန်းကြယ်သောစွမ်းအင်ကြီးမှာ ပိုင်ရှောင်ချန်း၏ လက်ချောင်းထဲသို့ စီးဝင်သွားပြီးနောက် သံယောဇဥ်မဲ့လူသားထံ အရှိန်အဟုန်ပြင်းစွာ ဦးတည်သွားတော့သည်။

သံယောဇဥ်မဲ့လူသားမှာ ကွက်ခနဲ မျက်နှာပျက်သွားသည်။ သူသည် အော်ဟစ်၍ လက်များကိုဆန့်ထုတ်လိုက်သောအခါ သူ၏တတိယမြောက်မျက်လုံးထဲမှ မည်းမှောင်နေသော အနက်ရောင်အလင်းများ ထိုးထွက်လာသည်။ ထိုအနက်ရောင်အလင်းများမှာ အလွှာပေါင်းများစွာပါရှိပြီး မိုးမြေဧရာဇ်တစ်ပါး၏ အားကုန်သုံးထားသော တိုက်ကွက်ပင် မဖောက်ထွင်းနိုင်မည့် ဒိုင်းကာတစ်ခုကို ဖန်တီးလိုက်သည်။

သူသည် အင်အားအနည်းငယ်လေးပင် ထိမ်ချန်ထားမနေတော့ဘဲ ပိုင်ရှောင်ချန်းဆီသို့ တဟုန်ထိုး ဦးတည်သွားလိုက်တော့သည်။

" မင်းက ထာဝရကို လှုပ်ခတ်လာအောင် လုပ်နိုင်တာ မှန်ပေမဲ့ အင်မတန် အင်အားနည်းပါသေးတယ်ကွာ။ ငါ မင်းအနားကို ရောက်တာနဲ့ လက်သီးချက်တစ်ချက်တည်းသုံးပြီး မင်းကိုသတ်လို့ရတယ် "

ပိုင်ရှောင်ချန်း၏ မျက်နှာပေါ်တွင် မည်သည့်အမူအရာမှ မမြင်ရပေ။ သို့သော်လည်း သံယောဇဥ်မဲ့လူသားမှာမူ ထိုစကားများပြောနေရင်း တုန်ရီနေပေသည်။

ထိုအခိုက် ဖောက်ထွင်းနိုင်မည့်ပုံ လုံးဝမပေါ်သော ထိုအနက်ရောင်အလင်း ဒိုင်းကာကြီးမှာ ပုံရိပ်ယောင်တစ်ခုကဲ့သို့ ပြောင်းလဲသွားသည်။ မကြာသေးခင်က စစ်သင်္ဘောကြီးကဲ့သို့ ၎င်းသည်လည်း တစ်လွှာပြီးတစ်လွှာ ချေဖျက်ခံလိုက်ရသဖြင့် နောက်ဘက်ရှိ သံယောဇဥ်မဲ့လူသား ပေါ်ထွက်လာရတော့သည်။

သံယောဇဥ်မဲ့လူသားမှာ သူ၏ခန္ဓာကိုယ် ပျက်စီးယိုယွင်းစပြုလာသည်ဖြစ်၍ အော်ဟစ်မြည်တမ်းလိုက်ရပြီး သူ၏ပါးစပ်ထဲမှလည်း သွေးများပန်းထွက်လာတော့သည်။ သူ၏တတိယမျက်လုံးထဲမှ သွေးမျက်ရည်များ စိမ့်ထွက်လာပြီး တချိန်တည်းမှာပင် သူ့တွင်ကျန်ရှိနေသေးသော တာအိုကိုယ်ပွားရှစ်ခုလုံး သေဆုံးသွားကြတော့သည်။

သံယောဇဥ်မဲ့လူသားမှာ တုန်ရီနေပြီး သူ၏အရှိန်အဝါသည်လည်း လွန်စွာ မှေးမှိန်ဖျော့တော့နေပြီ ဖြစ်သည်။ သို့သော်လည်း သူက ပိုင်ရှောင်ချန်း၏ ဒုတိယလက်ချောင်းတိုက်ကွက်ထံမှ အသက်ရှင်နေဆဲပင် ဖြစ်သည်။

သူသည် ရူးသွပ်မှုများ တောက်ပနေသည့် မျက်ဝန်းတစ်စုံဖြင့် နောက်သို့မဆုတ်ဘဲ ပိုင်ရှောင်ချန်းထံ ချီတက်သွားလိုက်သည်။ သူ၏အမြန်နှုန်းမှာ မြင့်မားလွန်းလှသဖြင့် တခဏအကြာတွင် ပိုင်ရှောင်ချန်းနှင့်မီတာသုံးဆယ်သာ ကွာတော့သည်။ ထိုနေရာတွင် သူက သူ၏တိုက်ကွက်ကိုထုတ်ဖော်ရန် ပြင်လိုက်စဥ် ပိုင်ရှောင်ချန်းမှာ အသက်မပါသောမျက်ဝန်းများဖြင့် သူ့အား ကြည့်လိုက်ပြီး လက်ချောင်းအား တတိယအကြိမ်အဖြစ် ဆန့်ထုတ်လိုက်သည်။ ထိုအခါ သူ၏ဆံပင်များအားလုံး မီးခိုးရောင်ပြောင်းလဲသွားပြီး သူ၏အရေပြားပေါ်တွင် အရေးကြောင်းများဖြင့် ပြည့်နှက်သွားသည်ဖြစ်၍ သူ၏ရုပ်ရည်သွင်ပြင်က အလွန် အိုစာသွားတော့သည်။ သူ၏မျက်ဝန်းများပင် အရောင်မှေးမှိန်သွားကြသည်။

သူက ထာဝရ၏အနှစ်သာရကို အသုံးပြုလိုက်ပြီး စွမ်းအားအမြောက်အမြားသုံးရသော နည်းလမ်းဖြင့် လျှို့ဝှက်ဆန်းကြယ်စွမ်းအင်အားကို ထိန်းချုပ်လိုက်သည်။ အဆုံးတွင် သူ၏လက်ချောင်းမှာ သံယောဇဥ်မဲ့လူသားထံ အရှိန်အဟုန်ဖြင့် ဦးတည်သွားတော့သည်။

" မဖြစ်ဘူးးးး "

သံယောဇဥ်မဲ့လူသားမှာ ထိတ်လန့်ကြောက်ရွံ့စွာ အော်ဟစ်လိုက်သည်။ သူ၏တတိယမျက်လုံးမှာ ယခု မီးခိုးရောင်အဖြစ် လုံးဝပြောင်းလဲသွားပြီဖြစ်ပြီး ဤပြင်းအားကို သူ တောင့်ခံနိုင်မည်မဟုတ်ကြောင်း သိထားပါသော်လည်း ပိုင်ရှောင်ချန်းအား သတ်ရန် နောက်ဆုံးအကြိမ်အနေဖြင့် ရှေ့သို့ ပျံသန်းသွားလိုက်တော့သည်။

သို့သော် သူ ထိုသို့မလုပ်နိုင်ခင် ထိုလျှို့ဝှက်ဆန်းကြယ်စွမ်းအင်ကြီးနှင့် ၎င်း၏ အဖျက်စွမ်းအားများထဲသို့ တိုးဝင်မိသွားတော့သည်။

သူ တုန်ရီသွားရပြီး သူ၏ခြေထောက်မှစ၍ လက်၊ ခန္ဓာကိုယ်နှင့် အဆုံးသတ်တွင် သူ၏လည်ပင်းနှင့် ဦးခေါင်းတို့ပါ ပျောက်ကွယ်သွားတော့သည်။

ကမ္ဘာပေါင်းတစ်သန်းရှစ်သောင်းတိတိကို ဖျက်ဆီးချေမှုန်းခဲ့သည့် သံယောဇဥ်မဲ့လူသားမှာ ပြာဘုံဘဝသို့ ရောက်သွားပြီ ဖြစ်သည်။

သူ၏ဦးခေါင်း မပျက်သုဥ်းခင် နောက်ဆုံးအခိုက်အတန့်လေးတွင် သူ၏တတိယမျက်လုံးမှာ ရုတ်တရက် ဆတ်ခနဲတွန့်သွားပြီး ယခင်ကထက်ပင်ပို၍ မီးခိုးရောင်သန်းသွားသည်။ သံယောဇဥ်မဲ့လူသား ပျောက်ကွယ်သွားသောအခါ ထိုတတိယမျက်လုံးမှာ သူ၏အသက်နှင့်သူ၏တာအိုကို ဖန်တီးပေးထားသည့်အရာအားလုံးကို အရူးအမူးစုပ်ယူသွားတော့သည်။

ထိုအချိန်တွင် သူ၏မျက်လုံးများမှာလည်း ရုတ်တရက် ကြည်လင်ဝင်းပသွားပြီး ပိုင်ရှောင်ချန်းအား ကြည့်လိုက်သည်။ ပိုင်ရှောင်ချန်းမှာ တုန်ရီသွားပြီး လောကတာအို၏ မှတ်ဉာဏ်များထဲရှိ နှင်းထူထပ်သောဒေသများတွင် ကျိုင်းကောင်များပြည့်နှက်နေခဲ့သည့်အချိန်နှင့် သူ့အား ယခု ကြည့်နေသည့်ပုဂ္ဂိုလ်က သူ၏ညီလေးအတွက် စားစရာရှာဖွေရန် အသက်စွန့်ခဲ့သည့်ပုံရိပ်များကို ပြန်လည်အမှတ်ရသွားတော့သည်။

သူ၏မျက်လုံးများမှာ ရုတ်တရက် ထိုစဥ်က မျက်လုံးများနှင့် တစ်ပုံစံတည်း ဖြစ်သွားတော့သည်။

ထိုအခိုက်အတန့်လေးတွင် သူက သူ၏နောက်ဆုံးစကားကို အော်ပြောလိုက်တော့သည်။

" ညီလေး ... မင်း ... စီရင်သူအရှင် ကို သတ်မှရမယ် "

သူ၏စကားသံများ ပဲ့တင်ထပ်နေစဥ် သူ၏ဦးခေါင်းမှာ ထာဝရပျောက်ကွယ်ပျက်သုဥ်းသွားတော့သည်။

သံယောဇဥ်မဲ့လူသား သေဆုံးသွားလေပြီ။

သို့သော် သူ မပျောက်ကွယ်သွားခင် အချိန်ကလေးတွင် သူ၏တတိယမျက်လုံး ပေါက်ကွဲသွားသည်။

ထိုသို့ပေါက်ကွဲသွားသောအခါ မီးခိုးရောင်အငွေ့များထွက်လာပြီး ပိုင်ရှောင်ချန်း၏တတိယမြောက်လက်ချောင်းတိုက်ကွက်ကို တွန်းလှန်ခုခံလိုက်တော့သည်။

ထစ်ချုန်းသံများမြည်ဟည်းလာကာ လျှို့ဝှက်ဆန်းကြယ်စွမ်းအင်များ လွင့်ပါးပျောက်ကွယ်သွားပြီး တတိယမြောက် လက်ချောင်းတိုက်ကွက် အဆုံးသတ်သွားတော့သည်။ ထိုအချိန်တွင် မီးခိုးရောင်အငွေ့များမှာလည်း ပြိုကွဲသွားပြီး လူရိပ်တစ်ခုအသွင် ပြန်လည်ဖွဲ့စည်းသွားသည်။ ၎င်းမှာ သံယောဇဥ်မဲ့လူသားမဟုတ်ပဲ သေခြင်းတရားနှင့် မျိုးတုန်းသုတ်သင်ခြင်းတို့၏ စစ်မှန်သောအရှိန်အဝါတစ်ခုပင် ဖြစ်သည်။

၎င်းမှာ အသန့်စင်ဆုံးနှင့် အခြေခံအကျဆုံးသော မျိုးတုန်းသုတ်သင်ခြင်း ပေါ်ထွက်လာသည့်အလား အရာခပ်သိမ်း တိတ်ဆိတ်ငြိမ်သက်နေသည်။

ထိုလူရိပ်ပေါ်တွင် တဖြည်းဖြည်းနှင့် မီးခိုးရောင်ဝတ်ရုံတစ်ခုကို ဆင်မြန်းထားသော အဘိုးကြီးတစ်ယောက်၏ အသွင်အပြင်များ ပေါ်ပေါက်လာတော့သည်။ ထိုလူမှာ ပိုင်ရှောင်ချန်း အချိန်ပြောင်းလဲခဲ့စဥ်က မြင်ခဲ့ရသည့် ထာဝရကမ္ဘာထဲသို့ စစ်သင်္ဘောတစ်စင်းဖြင့် ဝင်ရောက်လာခဲ့သော စီရင်သူအရှင် ဆိုသူပင် ဖြစ်သည်။

ထိုအဘိုးကြီးက ခပ်ရေးရေးပြုံး၍ ဆိုလိုက်သည်။

" စတုတ္ထမြောက် လောကပါလလက်ချောင်းကို မင်း မထုတ်နိုင်တော့တာ နှမြောစရာပဲ "

ထို့နောက် သူသည် ပိုင်ရှောင်ချန်း၏ ခန္ဓာကိုယ်ထဲသို့ထိုးဖောက်ဝင်ရောက်သွားမည့် မီးခိုးရောင်အရိပ်တစ်ခုအသွင်ဖြင့် ဦးတည်ပျံသန်းလာတော့သည်။

သို့သော် ထိုအရိပ်ကြီး အနီးသို့ ရောက်လာသောအခါ ပိုင်ရှောင်ချန်းက ခပ်သြသြလေသံဖြင့် ပြန်မေးလိုက်သည်။

" သေချာလို့လား... "

သူ၏နှုတ်မှ ထိုစကားသံများ ထွက်လာပြီးနောက် သူသည် လက်ကိုဆန့်ထုတ်လိုက်ပြီး စတုတ္ထမြောက်လက်ချောင်းတိုက်ကွက်ကို ထုတ်လွှတ်လိုက်ပြန်သည်။

အဘိုးကြီး၏မျက်နှာပေါ်ရှိ အပြုံးမှာမူ မပျောက်ကွယ်သွားသော်လည်း အထင်အမြင်သေးသည့် သရော်ပြုံးတစ်စအသွင် ပြောင်းလဲသွားသည်။ သူ၏ဘဝတစ်လျှောက် မရေမတွက်နိုင်သောစွမ်းအားရှင် အမြောက်အမြားနှင့် တိုက်ခိုက်ဖူးခဲ့သည်ဖြစ်၍ ပိုင်ရှောင်ချန်းထံတွင် စွမ်းအင်အနည်းငယ် ကျန်ရှိနေသေးကြောင်း သိထားပါသော်လည်း ထိုမျှလောက်နှင့် မလုံလောက်ကြောင်းကိုလည်း သိပေသည်။ သို့ဖြစ်၍ အနှီတိုက်ကွက်မှာ ဟန်ပြသက်သက်သာ ဖြစ်ရမည်ဟု ယူဆလိုက်သည်။ စီရင်သူအရှင်မှာ ဟန်ပြတိုက်ကွက်တစ်ခု၏ လှည့်စားခြင်းကို ခံမည်မဟုတ်ပေ။

သို့သော် အတန်ငယ် ကြာသောအခါ သူ၏သရော်ပြုံးမှာ ပျောက်ကွယ်သွားရပြီး သူ၏မျက်ဝန်းထဲတွင် မယုံကြည်မှုအရိပ်အယောင်များ ထင်ဟပ်သွားတော့သည်။

" မဖြစ်နိုင်တာ "

သူက အော်ဟစ်လိုက်သည်။ သူသည် ချက်ချင်းပင် ရပ်တန့်လိုက်ပြီး နောက်သို့ဆုတ်ရန် ပြင်လိုက်တော့သည်။

သို့သော် သူ အလွန်နောက်ကျသွားခဲ့ပြီဖြစ်သည်။ ပိုက်ရှောင်ချန်း၏ဦးခေါင်းမှ ဆံပင်များကျွတ်ကျလာပြီး သူ၏ခန္ဓာကိုယ်မှာလည်း အရိုးတစ်ခြား အသားတစ်ခြား ဖြစ်သွားသည်။ သူသည် ထာဝရငြိမ်းသက်သွားတော့မည့် ဆီမီးအိမ်တစ်လုံးကဲ့သို့ ဖြစ်နေပြီး သူ၏သက်စောင့်အားများမှာ ကုန်ခန်းနေပြီဖြစ်သော်လည်း အသက်မသေသေးပေ။

သူသည် မသေဆုံးရုံသာမက သူ၏ခန္ဓာကိုယ်ထဲမှ စွမ်းအားကြီးမားသော သက်စောင့်အားတစ်ခု စီးဆင်းပေါ်ထွက်လာနေပြီ ဖြစ်သည်။ ၎င်းတို့မှာ သူ၏ကိုယ်ပိုင်မဟုတ်ပါသော်လည်း အလွန်စွမ်းအားကြီးမားလွန်းနေသဖြင့် ထာဝရ၏အနှစ်သာရကို အလွယ်တကူပင် ထိန်းချုပ်ပေးလိုက်တော့သည်။

ထိုစွမ်းအားများမှာ အလွန်အမင်းကုန်ခန်းနေပါသော်လည်း စတုတ္ထမြောက်လက်ချောင်းတိုက်ကွက်ကို ထုတ်ဖော်နိုင်ရန်အတွက် လုံလောက်ပေသည်။

" ဒါလုံးဝ မဖြစ်နိုင်ဘူး "

စီရင်သူအရှင်က တအံ့တသြရေရွတ်မိလိုက်သည်။ သူသည် အရာအားလုံးကို အသေးစိတ် စီစဥ်ထားခဲ့သည်။ ပိုင်ရှောင်ချန်း၏ ပထမလက်ချောင်းတိုက်ကွက်သုံးကွက်ကို ရင်ဆိုင်ခဲ့သည့် တာအိုရုပ်သေးရုပ်တစ်ရုပ် ရရှိပိုင်ဆိုင်နိုင်ရန်အတွက်ပင် သူ များစွာပေးဆပ်ထားခဲ့သည်။ စတုတ္ထမြောက်လက်ချောင်းတိုက်ကွက် ထွက်ပေါ်လာရန်မဖြစ်နိုင်ဟု သူက ယုံကြည်ထားပါသော်လည်း ပိုင်ရှောင်ချန်းထံမှ ပေါက်ကွဲကာ ထွက်ပေါ်လာနေသည့် သက်စောင့်အားများကြောင့် သူ၏အစီအစဥ်များ ချွတ်ချော်တိမ်းစောင်းနေခဲ့ကြောင်း သိသွားတော့သည်။

" အဲဒီသက်စောင့်အားတွေက ဘယ်ကနေ ထွက်လာနေတာလဲ "

သူသည် ထိုသို့ထိတ်လန့်တကြား ဖြစ်နေသဖြင့် ထာဝရအင်မော်တယ်နယ်မြေများထဲရှိ ပြန်လည်တည်ဆောက်ထားသော ဗဟိုဧကရာဇ်မြို့တော်ထဲတွင် လိပ်ကလေးတစ်ကောင်မှာ သူ၏ခန္ဓာကိုယ် ခြောက်သွေ့သွားပြီး သူ၏သက်စောင့်အားများ ပျောက်ကွယ်သွားသဖြင့် အော်ဟစ်မြည်တမ်းနေသည်ကို သတိမထားမိလိုက်ပေ။ ထိုလိပ်ကလေးမှာ ဆန့်ငင်ဆန့်ငင်ဖြစ်ကာ သတိလစ်စပြုလာတော့သည်။

" ငါမင်းကိုမုန်းတယ် ပိုင်ရှောင်ချန်း … "

သူက ရေရွတ်လိုက်သည်။ ပြီးနောက် သတိမေ့မျောသွားတော့သည်။ ပိုင်ရှောင်ချန်း သူ့အား ရှာတွေ့ခဲ့စဥ်က သူတို့၏အသက်များမှာ ချိတ်ဆက်သွားခဲ့သည် မဟုတ်ပါလော။

ထို့ကြောင့် အကယ်၍ ပိုင်ရှောင်ချန်းသာ သေဆုံးသွားမည်ဆိုပါက သူသည်လည်းသေဆုံးသွားမည်ဖြစ်သည်။

နှစ်ပေါင်းများစွာ ကုန်ဆုံးသွားခဲ့ပြီးနောက် လိပ်ကလေးမှာ ထိုအချက်ကို မေ့ပျောက်သွားခဲ့ရသည်။ အကယ်၍ ပိုင်ရှောင်ချန်းနှင့် အခြားမည်သည့်သတ္တဝါမဆို ထိုသို့ချိတ်ဆက်နေပါက စတုတ္ထမြောက်လက်ချောင်းတိုက်ကွက်ကို ထုတ်ပေးနိုင်မည် မဟုတ်ပေ။ သို့သော် လိပ်ကလေးမှာ ထာဝရလိပ်ဖြစ်နေရုံသာမက ကြယ်တာရာကောင်းကင်၏အပြင်ဘက်မှ ရောက်လာခဲ့သည် မဟုတ်ပါလော။

ထို့ကြောင့် သူ၏အဆုံးအစမဲ့လောက်အောင် များပြားနေသော သက်စောင့်အားများမှာ စတုတ္ထမြောက်လက်ချောင်းတိုက်ကွက်ကို ထုတ်လွှတ်နိုင်ရန်အတွက် ပိုင်ရှောင်ချန်း၏ လက်ကျန်ခွန်အားကို ထောက်ပံ့ပေးနိုင်ပေသည်။

ထိုစတုတ္ထမြောက် လက်ချောင်းတိုက်ကွက် ထွက်ပေါ်လာသောအခါ သိပ်သည်းပြင်းထန်သော အငွေ့အသက်များကြောင့် ကြယ်တာရာကောင်းကင်ကြီး ခါယမ်းသွားတော့သည်။ ပိုင်ရှောင်ချန်းမှာ မောပန်းနွမ်းနယ်လွန်းနေပြီဖြစ်၍ မျက်လုံးများကို ဖွင့်မထားနိုင်တော့ပဲ မှိတ်လိုက်တော့သည်။ သူက သူ၏ခန္ဓာကိုယ်ကို မထိန်းချုပ်နိုင်တော့ဘဲ ထာဝရအင်မော်တယ်မြေများဆီသို့ ပြန်၍ ကျဆင်းသွားတော့သည်။ သူ ထိုသို့ကျဆင်းသွားစဥ် စီရင်သူအရှင်မှာ သူ၏ဘဝတွင် ပထမဆုံးအကြိမ်အဖြစ် ခံပြင်းစွာ ဟစ်ကြွေးလိုက်တော့သည်။

All Chapters