← Chapters

အကြင်နာတရားကင်းမဲ့သော လောကပါလနတ်မင်း

Vol. 14 Ch. 1306

အကြင်နာတရားကင်းမဲ့သော လောကပါလနတ်မင်း

Vol. 14 Ch. 1306

သူ့အနေဖြင့် တုန်ရီနေရန်ပင် အချိန်မရလိုက်၊ လျှို့ဝှက်ဆန်းကြယ်သော စတုတ္ထမြောက်လက်ချောင်းတိုက်ကွက်၏ စွမ်းအားအောက်တွင် သူသည် ပြာမှုန်များအဖြစ် ပြောင်းလဲသွားရပြီး ထွက်ပြေးရန် ပြင်လိုက်တော့သည်။ ထိုလျှို့ဝှက်ဆန်းကြယ် စွမ်းအင်ကြီးမှာမူ ထိုပြာမှုန်များနောက်သို့လိုက်၍ အပြီးတိုင်ချေမှုန်းရန် ကြိုးစားလိုက်ပါသော်လည်း ၎င်းတို့မှာ အလျှော့မပေးဘဲ မကြာခင် စီရင်သူ အသွင် ပြန်လည်ပြောင်းလဲသွားသည်။ ယခုတစ်ကြိမ်တွင်မူ သူသည် အကြောက်တရားများ ပြည့်နှက်နေသော မျက်ဝန်းများဖြင့် နောက်တဖန် ထွက်ပြေးသွားတော့သည်။

သို့သော် မည်သည့်နည်းနှင့်မျှ သေခြင်းတရားကို သူ ရှောင်လွှဲနိုင်မည် မဟုတ်ပေ။ လျှို့ဝှက်ဆန်းကြယ်စွမ်းအင်ကြီးမှာ သူ့အား ထပ်၍ ရိုက်နှက်လိုက်ပြီး ပြာပုံဘဝသို့ ထပ်၍ရောက်သွားစေလိုက်သည်။ ထိုပြာမှုန်များ လူတစ်ယောက်အသွင် ပြန်လည်ပြောင်းလဲသွားသောအခါတွင် စီရင်သူမှာ ယခင်ကထက် များစွာပို၍ အားအင်ချည့်နဲ့နေပြီဖြစ်သည်။

ထိုဖြစ်စဥ်ကြီးမှာ ထပ်ခါထပ်ခါ ဖြစ်နေတော့သည်။

မကြာမီ သူ၏ခြေထောက်များသာမက လက်များပါ ပြန်၍ပေါ်မလာနိုင်တော့ချေ။ အဆုံးသတ်တွင် သူ၏ခန္ဓာကိုယ်တစ်ဝက်နှင့် ဦးခေါင်းတို့သာ ကျန်ရစ်ခဲ့တော့သည်။

" ငါ ဒါကို လက်မခံနိုင်ဘူး "

သူက နာကျည်းစွာ အော်ဟစ်လိုက်သည်။ မကြာသေးမီက သူသည် အောင်မြင်ရန် ခြေတစ်လှမ်းမျှသာ လိုတော့သည်ဖြစ်ပြီး ထာဝရအဆင့်သို့ ရောက်ရှိတော့မည် ဖြစ်သည်။ သို့သော် ယခုတွင်မူ သူ လုံးဝမထင်မှတ်ထားနိုင်လောက်အောင် ခွက်ခွက်လန်ရှုံးနိမ့်နေရပြီဖြစ်သည်။

ထို့နောက် သူ၏ဦးခေါင်းက ပျောက်ကွယ်လုနီးပါး ဖြစ်နေချိန်တွင် သူသည် အလွန်ရက်စက်ကြမ်းကြုတ်သော မျက်ဝန်းများဖြင့် ထာဝရအင်မော်တယ်နယ်မြေများထဲရှိ ပိုင်ရှောင်ချန်းအား လှမ်း၍ကြည့်လိုက်သည်။

" ငါ မအောင်မြင်နိုင်ဘူးဆိုရင် ထာဝရဝိညာဥ်ကမ္ဘာထဲမှာ နောက်ထပ် လောကပါလနတ်မင်းတစ်ပါး ပေါ်ထွက်လာအောင် လုပ်လိုက်မယ် "

" လောကပါလနတ်မင်းဆိုတာ သနားညှာတာစိတ် ကင်းမဲ့နေရတာကွ။ မင်းမှာက မင်းနဲ့ဆက်နွယ်နေတဲ့ ဆွေမျိုးသားချင်းတွေ အများကြီးရှိနေတာ။ ဘယ်လိုနည်းနဲ့ မင်းက စစ်မှန်တဲ့ လောကပါလနတ်မင်း ဖြစ်နိုင်မှာလဲ... "

" အေး .. မင်းလိုနေတဲ့ အကူအညီကို ငါ ပေးရတာပေါ့။ အခုကစပြီး မင်းက သနားညှာတာစိတ်ကင်းမဲ့ပြီး ခံစားချက်မဲ့သွားပြီ။ မင်းရဲ့အတိတ်တွေက မြေကြီးထဲရောက်သွားပြီး မင်းဆီမှာ ကြင်နာမှုဆိုတာ မရှိတော့ဘူး။ ပြီးတော့ မင်းက လောကပါလနတ်မင်းတစ်ပါးအနေနဲ့ အဆုံးမဲ့တာအိုနယ်မြေကို မျိုးတုန်းသုတ်သင်ရမယ် "

စီရင်သူမှာ အရူးတစ်ယောက်ကဲ့သို့ ရယ်မောလိုက်သောအခါ သူ၏မျက်ဝန်းများထဲမှ အလွန်မည်းမှောင်သော အလင်းတန်းတစ်တန်း ပေါ်ထွက်လာတော့သည်။

ထိုအနက်ရောင် အလင်းတန်းက ချက်ချင်းပင် ထာဝရအင်မော်တယ်နယ်မြေများဆီသို့ ဦးတည်သွားတော့သည်။

၎င်းမှာ အနီးသို့ ရောက်လာသောအခါ ချာလပတ်လည်သွားပြီး အောက်ဘက်တွင် ဧရာမလေပွေကြီးတစ်ခုကို ဖန်တီးလိုက်သည်။ ကျယ်လောင်သော ထစ်ချုန်းသံများမှာ အောက်ဘက်ရှိ လူများထံမှ ထွက်ပေါ်လာသည့် အလန့်တကြားအော်ဟစ်သံများနှင့် ရောယှက်သွားစဥ် လျှို့ဝှက်ဆန်းကြယ်စွမ်းအင်ကြီးက ထိုအလင်းတန်းကြီးအား ဖုံးလွှမ်းသွားပြီး ဖျက်ဆီးလိုက်တော့သည်။ သို့သော် စီရင်သူမှာ ထာဝရအင်မော်တယ်နယ်မြေများကို ဖျက်စီး၍ရမည်မဟုတ်ကြောင်း သိသည်။ မိမိထက် ကျင့်ကြံခြင်းအဆင့်နိမ့်သော လူများကို ပြန်လည် အသက်သွင်းပေးနိုင်သည် ဖြစ်၍ ဤနယ်မြေမှ လူများကိုသတ်ခြင်းမှာ သူ၏ရည်မှန်းချက်အတွက် အထောက်အကူ ပြုနိုင်မည် မဟုတ်ပေ။

သို့ဖြစ်၍ သူ၏ပန်းတိုင်မှာ ဖျက်ဆီးရန်မဟုတ်ဘဲ အခြားအရာတစ်ခုဖြစ်သည်။

" ငါ့ရဲ့အဆုံးအစမဲ့တဲ့ သက်စောင့်အားတွေကို ပေးဆပ်၊ ချန်းမန်တာအိုနယ်မြေက ကြီးမြတ်တဲ့ နယ်မြေရတနာသုံးပါးကို အသုံးပြုပြီးတော့ အချိန်နဲ့အာကာသမြစ်ကို ဖွင့်မယ် "

သူ၏စကားသံကြောင့် ကြယ်တာရာကောင်းကင်ကြီး တုန်ရီနေစဥ် လေပွေကြီးမှာ အရူးအမူးလည်ပတ်ကာ တဖြည်းဖြည်း မြန်ဆန်လာပြီး ၎င်း၏အတွင်းရှိ ပစ္စည်းသုံးမျိုးကို မြင်လိုက်ရတော့သည်။ တစ်မျိုးမှာ ဖုန်းရွှေသံလိုက်အိမ်မြှောင်၊ တစ်မျိုးမှာ အနက်ရောင်ပုလဲလုံးတစ်လုံးနှင့် ကျန်တစ်မျိုးမှာ အဖြူရောင်ပုလဲတစ်လုံး ဖြစ်သည်။

ထိုရတနာပစ္စည်းသုံးမျိုးထံမှ ရှေးဆန်သော အငွေ့အသက်တစ်ခု ပေါ်ထွက်နေပြီး ၎င်းတို့ကြောင့် ပတ်ပတ်လည်ရှိ လေပွေကြီးမှာ ထိန်းမနိုင်သိမ်းမရ လည်ပတ်သွားတော့သည်။

" ငါ့ရဲ့နယ်မြေရတနာသုံးပါးက ထာဝရတိုင်အောင် ချုပ်နှောင်ခံထားလို့ အပြည့်အဝ ထုတ်သုံးလို့မရဘူး။ ဒါပေမဲ့ အချိန်နဲ့အာကာသမြစ်ကို ဖွင့်နိုင်လောက်တဲ့အထိတော့ စွမ်းသေးတယ်ကွ "

စီရင်သူ၏စကားသံကြီးမှာ ပဲ့တင်ထွက်လာပြီးနောက် သဲသဲကွဲကွဲ မကြားရတော့ပေ။ တစ်ပြိုင်နက်တည်းမှာပင် လေပွေကြီးမှာ ထူးဆန်းပြီး ဖော်ပြ၍မရနိုင်သော ကမ္ဘာတစ်ခုထဲသို့ သွားနိုင်သည့် လမ်းတစ်ခုကို ဖွင့်ပေးနေသည့်ပုံပေါ်လာပြီး ကြယ်တာရာကောင်းကင်ကြီးနှင့် ၎င်းထဲရှိ အပျက်အစီးများအားလုံး ပရမ်းပတာဖြစ်ကုန်ကြသည်။

ထာဝရအင်မော်တယ်နယ်မြေများ၏အောက်ဘက်နှင့် လေပွေကြီး၏အတွင်းထဲတွင် လှိုင်းလုံးကြီးများ ထနေသော ဧရာမမြစ်ကြီးတစ်စင်းကို မြင်နေရပြီ ဖြစ်သည်။ ထိုမြစ်ကြီးပေါ်သည်နှင့် ဧရာမဆွဲငင်အားကြီးတစ်ခု ပေါ်ထွက်လာပြီး ထာဝရအင်မော်တယ်နယ်မြေများအား ဖမ်းဆုပ်ကာ မြစ်ထဲသို့ ဆွဲချလိုက်တော့သည်။

ထိုမြစ်ကြီးထဲတွင် ရင်းနှီးနေသော လျှို့ဝှက်ဆန်းကြယ်စွမ်းအင်တစ်မျိုးနှင့် ထာဝရနှင့်သက်ဆိုင်သည့် ခံစားချက်တစ်ခု ပါဝင်နေသည်။ ၎င်းထဲတွင် အချိန်သာမက အဆုံးအစမရှိသော အနှစ်သာရများပါ ပါဝင်နေသည်။ ထိုမြစ်ကြီးမှာ ကြယ်တာရာကောင်းကင်ထဲရှိ အထွတ်အမြတ်ထားရာ ဖြစ်သည့်အလား နှိုင်းယှဥ်၍ မရနိုင်လောက်အောင် မြင့်မြတ်လွန်းနေသည်။

ပိုင်ရှောင်ချန်းမှာ ထိုအချင်းအရာများကို သတိထားမိလိုက်သောအခါ မျက်လုံးပြူးသွားပြီး သူ၏အသိစိတ်များ ချာချာလည်သွားတော့သည်။

" မဖြစ်ဘူးးး "

သူသည် အရူးအမူးအော်ဟစ်လိုက်သဖြင့် သူ၏လည်ပင်းနှင့် မျက်နှာပေါ်တွင် အပြာရောင်သွေးကြောကြီးများ ထလာပြီး သူ၏ခန္ဓာကိုယ်မှာလည်း တုန်ရီလာတော့သည်။ သို့သော် သူသည် ထိုအချင်းအရာများကို တားဆီးရန် မဆိုထားလင့် မလှုပ်ရှားနိုင်လောက်အောင်ပင် အားအင်ချည့်နဲ့နေလေပြီ။

" ဒါ ... မင်းအတွက် ငါ့ရဲ့လက်ဆောင်ပဲ လောကပါလနတ်မင်း။ သူတို့ကို ပြန်ခေါ်ဖို့ တွေးမနေနဲ့တော့။ အခုဆို သူတို့က အချိန်နဲ့အာကာသမြစ်ထဲမှာ ချုပ်နှောင်ခံလိုက်ရပြီ။ တာအိုနယ်မြေကြီး ကိုးခုအပါအဝင် ဖန်ဆင်းထားတဲ့ အရာအားလုံးထဲမှာ အချိန်နဲ့အာကာသမြစ်ထဲကနေ ကမ္ဘာကြီးတစ်ခုလုံးကို ဆွဲထုတ်နိုင်တဲ့လူ တစ်ယောက်မှ မရှိခဲ့ဖူးဘူးကွ "

စီရင်သူက တဟားဟား ရယ်မောကာ ပျောက်ကွယ်သွားတော့သည်။

အရာအားလုံး တိတ်ဆိတ်ငြိမ်သက်သွားသည်။

အချိန်နှင့်အာကာသမြစ်ကြီး ပျောက်ကွယ်သွားပြီး စီရင်သူမှာလည်း သေဆုံးသွားပြီဖြစ်သည်။ အရာအားလုံး ပြီးဆုံးသွားလေပြီ။ ယခုအခါ ကြယ်တာရာကောင်းကင်ကြီးမှာ တိတ်ဆိတ်ငြိမ်သက်နေပြီး အေးခဲခံထားရသော အပျက်အစီးပေါင်း တစ်သန်းရှစ်သောင်းမှာလည်း အချုပ်အနှောင်မှ ကင်းလွတ်သွားပြီ ဖြစ်သည်။ နေရာတိုင်းတွင် အလင်းရောင်များ တောက်ပလာပြီ ဖြစ်သည်။

သို့သော် ထာဝရအင်မော်တယ်နယ်မြေ ရှိခဲ့ဖူးသည့်နေရာတွင် ပိုင်ရှောင်ချန်းမှာ ရစ်ဝဲလျက် မြစ်ကြီးရှိနေခဲ့သည့်နေရာအား အသက်မဲ့စွာ ငုံ့ကြည့်နေသည်။ သူ ကောင်းကောင်း မတွေးတောနိုင်တော့ပေ။ သူသည် အသက်ရှိနေသေးသော်လည်း သေဆုံးနေပြီဖြစ်သည့် ဝိညာဥ်မရှိသော အခွံကြီးတစ်ခုကဲ့သို့ ဖြစ်သွားတော့သည်။

အချိန်အတော်အတန်ကြာမြင့်သွားပြီးနောက် သူ၏ပါးစပ်မှ သွေးတစ်ပွက်အန်ထွက်လာပြီး သူ သတိလစ်မေ့မျောသွားတော့သည်။ သူ့ကိုယ်သူ ပြန်၍စကားပြောနေသကဲ့သို့ တဆတ်ဆတ် တုန်ရီနေသော သူ၏နှုတ်ခမ်းများကြောင့်သာ မဟုတ်ပါက သူ၏ပုံစံမှာ ကြယ်တာရာကောင်းကင်တစ်ခွင် ထာဝရမျောလွင့်နေသည့် ရုပ်အလောင်းတစ်လောင်းနှင့် ဆင်တူနေမည်သာ ဖြစ်ပေသည်။

အပျက်အစီးပေါင်း တစ်သန်းရှစ်သောင်းမှာ စူးရှတောက်ပစွာ လင်းလက်နေပါသော်လည်း သူ တစ်ယောက်သာ သတိမေ့မျောကာ ဦးတည်ရာမဲ့ဖြစ်နေသည်။

အချိန်များကုန်ဆုံးသွားသော်လည်း မည်မျှကုန်ဆုံးသွားကြောင်း အတိအကျ မသိနိုင်ပေ။ အဆုံးတွင် ပိုင်ရှောင်ချန်းမှာ နိုးလာတော့သည်။ သူ၏မျက်လုံးများကို မဖွင့်ခင် သူ့အား လှမ်းခေါ်နေသည့် အသံများကို ကြားလိုက်ရတော့သည်။

" ဖေဖေ … နောက်ဆုံးတော့ နိုးလာပြီပဲ။ ဒီမှာကြည့် သမီးအရွယ်ရောက်လာပြီ "

" ဖေဖေ … ရှောင်ရှောင်က ကောင်းကင်ဧကရာဇ်အဆင့်ကို ရောက်နေပြီ "

" ဖေဖေ ... ကျွန် ...ကျွန်တော် မင်္ဂလာဆောင်ချင်ပြီဗျာ... "

ပိုင်ရှောင်ချန်းမှာ သူ့သားသမီးများ၏ စကားသံများကို ကြားလိုက်သည်နှင့် သူ၏မျက်နှာပေါ်တွင် အပြုံးတစ်စ ပေါ်ထွက်လာသည်။ စုန့်ကျင်းဝမ်၊ ကျိုးကျစ်မို၊ ဟိုရှောင်မေ့နှင့် ကုန်းစွန်းဝမ်အာတို့၏ နွေးထွေးပျော့ပျောင်းသော စကားသံလေးများကိုလည်း ကြားနေရသည်။ ယင်းအပြင် သူနှင့် အနည်းငယ် စိမ်းနေသော အမျိုးသမီးတစ်ယောက်၏ အသံတစ်သံ ရှိသေးသည်။

" ရှောင်ချန်းရေ … ငါပါ ... တုလင်ဖေးလေ "

ထိုအသံများအားလုံး ပေါင်းစည်းသွားသောအခါ ပိုင်ရှောင်ချန်းသည် မျက်လုံးပေါင်းများစွာ သူ့အား စိုက်ကြည့်နေသကဲ့သို့ ခံစားလိုက်ရသည်။ ထိုလူများအားလုံးမှာ ပြုံးနေကြသည်။ သူသည် ဦးလေးလီ၊ မဟာကောင်းကင်သခင်၊ သရဲကြီးဘုရင်၊ ဖက်တီးကျန်း၊ စုန့်ချွဲ၊ နတ်ဆရာနှင့် အခြားလူများကို အာရုံခံမိလိုက်သည်။

သူ ကျေနပ်ရောင့်ရဲသွား၏။ သူ့အပေါ်သို့ ကျဆင်းလာသည့် နေရောင်ခြည်ကို သူ ခံစားမိနေပြီး နွေဦးကာလ၏ မွှေးပျံ့သော ပန်းရနံ့လေးများကိုလည်း ရနေသည်။ လူတိုင်း ကျန်းကျန်းမာမာနှင့် ပျော်ပျော်ရွှင်ရွှင် ရှိနေကြသည်။

သူသည် စိတ်မပါသော်လည်း မျက်လုံးများကို ဖွင့်လိုက်ရတော့သည်။ ကြယ်တာရာကောင်းကင်ကြီးထဲတွင် မျောလွင့်နေရင်း သူ၏မျက်လုံးများထဲမှ မျက်ရည်များ စီးကျလာတော့သည်။

ထိုစကားသံများ ပျောက်ကွယ်သွားသည်။ ယခု တိတ်ဆိတ်ငြိမ်သက်နေသော ကြယ်တာရာကောင်းကင်ကြီးကိုသာ သူ မြင်နေရတော့သည်။

အဆုံးတွင် သူ့ကိုယ်သူ ပြန်လည်တည့်မတ်အောင် လုပ်လိုက်ပြီး ဘေးဘီဝဲယာသို့ လှည့်ပတ်ကြည့်၍ ကြယ်တာရာကောင်းကင်တစ်ခွင် လှည့်လည်သွားလာရင်း ထာဝရအင်မော်တယ်နယ်မြေများ ရှိခဲ့ဖူးသည့်နေရာသို့ ပြန်ရောက်သွားတော့သည်။

ထိုအခါ သူက ရှိုက်ကြီးတငင် ငိုကြွေးလိုက်တော့သည်။

" ငါ သံယောဇဥ်မဲ့လူသားကို အနိုင်ရခဲ့ပေမဲ့ အရာအားလုံးကို ဆုံးရှုံးလိုက်ရတာပါပဲ... "

သူ၏မျက်ရည်များ ကြယ်တာရာကောင်းကင်ကြီးထဲသို့ ကျဆင်းသွားချိန်တွင် သူသည် လက်ကိုဆန့်ထုတ်ကာ တစ်စုံတစ်ရာကို လှမ်း၍ ဖမ်းဆုပ်လိုက်ပါသော်လည်း မည်သည့်အရာမှ ရှိမနေချေ။ သူ၏ထည့်စရာအိတ်ထဲမှ အရက်အချို့ကို ထုတ်ယူချင်ပါသော်လည်း အနည်းငယ်ပင် ရှိမနေပေ။

သူသည် ကြယ်တာရာကောင်းကင်ကြီးထဲတွင်သာ အသက်မဲ့စွာ လွင့်မျောနေလျက် အတိတ်ကို ပြန်ပြောင်းသတိရနေတော့သည်။ တစ်နေ့တွင် သူသည် ရူးသွပ်မှုအရိပ်အယောင်များ ထင်ဟပ်နေသည့် မျက်ဝန်းများဖြင့် မော့ကြည့်လိုက်ပြီး မန္တန်လက်ကွက်တစ်ကွက် ဖော်လိုက်သည်။ ပြီးနောက် ပဝေသဏီကျမ်း၏စွမ်းအားကို အသုံးပြုကာ အချိန်ကိုပြောင်းလဲလိုက်ပြီး ပျောက်ကွယ်သွားတော့သည်။

သို့သော် မကြာမီ သူပြန်ပေါ်လာသည်။ သူ၏ အချိန်ပြောင်းလဲခြင်းစွမ်းအားများကို အသုံးပြုသည့်တိုင်အောင် ထာဝရအင်မော်တယ်နယ်မြေများ၏ တည်နေရာကို မရှာဖွေနိုင်ပေ။

အချိန်နှင့်အာကာသမြစ်ထဲသို့ တစ်စုံတစ်ခု ကျရောက်သွားသည်ဆိုပါက ၎င်း၏ အစအနအားလုံး ပျောက်ကွယ်သွားဟန်တူသည်။

" အချိန်နဲ့အာကာသမြစ် ... "

သူက အံကြိတ်၍ ဆိုလိုက်သည်။ သူ၏စကားသံထဲတွင် မျက်ရည်နှင့်သာမက အခြားမည်သည့်အရာနှင့်မျှ မဖျောက်ဖျက်နိုင်မည့် အဆုံးအစမဲ့သော ပူဆွေးမှုများဖြင့် ပြည့်နှက်နေဟန်တူသည်။ ထိုသို့ဖြင့် သူ၏ခန္ဓာကိုယ်ထဲတွင် နာကျည်းမှုများစုဝေးလာပြီး သူ၏အသံပင် ပြောင်းလဲသွားရသည်အထိပင်။

" သူတို့က အချိန်နဲ့အာကာသမြစ်ထဲမှာ ချုပ်နှောင်ခံထားရတာဆိုပေမဲ့ မသေသေးဘူး။ စီရင်သူအရှင်တောင် ဖွင့်နိုင်မှတော့ ငါလည်း ဖွင့်နိုင်ရမှာပဲ... "

သူသည် အသက်ရှူသံများ မြန်လာပြီး သူ၏ကျင့်ကြံခြင်းအခြေခံစွမ်းအားများကို ထုတ်၍ နည်းလမ်းမျိုးစုံသုံးကာ ထိုမြစ်ကြီးနှင့် ချိတ်ဆက်နိုင်ရန် ကြိုးစားလိုက်သည်။ ထာဝရ၏အနှစ်သာရနှင့် ၎င်း၏ လျှို့ဝှက်ဆန်းကြယ်စွမ်းအင်ကြီးကိုပါ စမ်း၍သုံးကြည့်ခဲ့သေးပါသော်လည်း ထာဝရပန်းပွင့် မရှိတော့သည့်အတွက် ထိုစွမ်းအင်မှာ များစွာလျော့နည်းနေကြောင်း တခဏအကြာတွင် သိလိုက်ရသည်။ လုံးဝ မရှိတော့သည့် နီးပါးပင်။ မူလရင်းမြစ်မရှိပါက အချိန်အနှစ်သာရမှာ လုံးဝနီးပါး အသုံးမဝင်ပေ။

ကြယ်တာရာကောင်းကင်ကြီးမှာ တောက်ပနေပြီဖြစ်ပါသော်လည်း ထာဝရပန်းပွင့်မှာမရှိတော့ဘဲ ပိုင်ရှောင်ချန်းတစ်ယောက်သာ သက်ရှိအဖြစ် ကျန်ရစ်နေခဲ့သည်။ ထို့ကြောင့် ထာဝရ၏အနှစ်သာရ မှေးမှိန်ပျောက်ကွယ်သွားခဲ့ရခြင်း ဖြစ်သည်။

သို့သော် သူ အရှုံးမပေးလိုသေးပေ။ သူက တစ်ကြိမ်ပြီးတစ်ကြိမ် ပင်ပင်ပန်းပန်း ကြိုးစားနေဆဲပင်။ သို့သော်လည်း အရာမထင်ပေ။ အဆုံးတွင် သူသည် အချိန်နှင့်အာကာသမြစ်ကို မည်သို့ဖွင့်ရမည်မှန်း မသိသေးပေ။

သူသည် နာကျင်ခံစားနေရပါသော်လည်း လုံးလုံးလျားလျား စိတ်ဓာတ်ကျသွားသည်တော့မဟုတ်။ သူ၏မျက်လုံးများကိုမှိတ်ကာ ခေတ္တမျှ တွေးတောလိုက်ပြီးနောက် မျက်လုံးများပြန်ပွင့်လာသောအခါ ၎င်းတို့မှာ ယခင်ကထက်ပို၍ ပြတ်သားသော အရိပ်အယောင်များဖြင့် တောက်ပနေပြီဖြစ်သည်။

" မိုးမြေဧကရာဇ်အဆင့်က အဲဒီမြစ်ကိုဖွင့်ဖို့ မစွမ်းနိုင်ဘူးဆိုရင်... " သူကရေရွတ်လိုက်သည်။

" ငါ ထာဝရအဆင့်ကို ရောက်အောင် အရင်လုပ်ရမှာပဲ "

အဆိုများအရ ထာဝရပန်းပွင့်ကို စုပ်ယူခြင်းသည်သာ ထာဝရအဆင့်ကို တက်လှမ်းနိုင်မည့် တစ်ခုတည်းသော နည်းလမ်းဖြစ်သည်။ သို့သော် သံယောဇဥ်မဲ့လူသားနှင့် သူ တိုက်ခိုက်ခဲ့စဥ်က ထာဝရ၏အနှစ်သာရဖြစ်သော လျှို့ဝှက်စွမ်းအင်ကို ထိန်းချုပ်ရင်း အခြားနည်းလမ်းများ ရှိသေးကြောင်း သိရှိခဲ့သည်။

“ သက်ရှိအရာအားလုံးထဲမှာ ထာဝရရဲ့အနှစ်သာရ ရှိတယ်။ အဲဒါက မသိသာပေမဲ့ အမြဲတမ်းရှိနေတာ... ကြယ်တာရာကောင်းကင်ထဲမှာ သက်ရှိတွေပြန်လည် ဖြစ်တည်လာပြီး ကျင့်ကြံခြင်းကို ပြန်လေ့ကျင့်နိုင်ကြမယ်ဆိုရင် ကျင့်ကြံသူအရေအတွက်တွေ များလာပြီး ထာဝရရဲ့အနှစ်သာရ ပြန်ပေါ်လာမှာပဲ "

" အခုလောလောဆယ် ထာဝရဆိုတာ မရှိဘူးဆိုရင်တောင် ငါဖန်တီးလိုက်မယ် "

" သက်ရှိတွေနိုးထလာပြီး အသက်ဓာတ်တွေ ပျံ့နှံ့သွားရင် အနှစ်သာရဆိုတာ ပေါ်ပေါက်လာမှာပဲ။ အနှစ်သာရတစ်ခုတည်းကို ဉာဏ်အလင်းပွင့်ရုံနဲ့ မလုံလောက်ဘူးဆို ငါ ဆယ်ခု၊ အခုတစ်ရာ၊ အခုတစ်ထောင်၊ အခုတစ်သောင်းအထိ လေ့လာမယ်။ လိုအပ်ရင် ကြယ်တာရာကောင်းကင်ကြီးထဲမှာရှိတဲ့ ကမ္ဘာပေါင်းတစ်သန်းရှစ်သောင်းထဲက သက်ရှိတွေအားလုံးရဲ့ အနှစ်သာရတွေကိုပါ နားလည်အောင် လုပ်မယ် "

" အဲဒီအနှစ်သာရတွေအားလုံးကို ပေါင်းစည်းပြီးသွားရင် ငါထာဝရအဆင့်ကို ရောက်နိုင်ပြီပဲ "

သူသည် သွေးလေခြောက်ခြားသည့်အလား စူးရှတောက်ပနေသည့် မျက်ဝန်းများဖြင့် ၎င်းသည်သာ သူ၏တစ်ခုတည်းသော ရွေးချယ်စရာဖြစ်ကြောင်း ဆုံးဖြတ်လိုက်သည်။

ထို့နောက် ယခင်က ထာဝရအင်မော်တယ်နယ်မြေများ ရှိခဲ့ဖူးသည့်ဘက်သို့ လှည့်လိုက်ပြီး အာရုံစူးစိုက်မှုအပြည့် ပါဝင်နေသောလေသံဖြင့် ဆိုလိုက်သည်။

" ထာဝရအင်မော်တယ်နယ်မြေ ... ငါ့အိမ်... မင်းတို့အားလုံး ငါ့ကိုစောင့်နေပါ။ ငါမင်းတို့ကို တွေ့အောင်ရှာဖို့ ကတိပေးပါတယ်... "

All Chapters