← Chapters

လောကသစ် ဖွင့်လှစ်ခြင်း

Vol. 14 Ch. 1307

လောကသစ် ဖွင့်လှစ်ခြင်း

Vol. 14 Ch. 1307

လူတိုင်း၏ခန္ဓာကိုယ်ထဲတွင် ကိန်းအောင်းနေသည့် အားတစ်မျိုးရှိသည်။ တချို့လူများထဲတွင် ထိုအားမှာ အဆုံးအစမဲ့လောက်အောင် ပေါကြွယ်ဝပြီး တခြားလူများထဲတွင် မရှိသလောက် နည်းပါးသည်။ ထိုအားက တချို့လူများအား ကောင်းကင်နှင့်ကမ္ဘာမြေကြီးတို့ကို တုန်ခါသွားအောင်လုပ်နိုင်သည့် အဆင့်သို့ တွန်းပို့ပေးနိုင်ပြီး တခြားလူများကိုမူ ထာဝရပြိုလဲပျက်စီးသွားသည့် အခြေအနေသို့ ရောက်သွားရလောက်အောင်အထိ အားအင်ချည့်နဲ့သွားစေနိုင်သည်။

၎င်းမှာ အဆုံးအစမရှိသော စိတ်ဓာတ်ကြံ့ခိုင်မှုများကို ပေးစွမ်းနိုင်သလို တစ်ခဏအတွင်း ဖျောက်ဖျက်ပစ်နိုင်စွမ်းလည်း ရှိသည်။

ထိုအားမှာ အာရုံစုစည်းမှုမှ ဆင်းသက်လာသည်။

ပိုင်ရှောင်ချန်း၏ အာရုံစုစည်းမှု၊ သူ၏ရူးသွပ်မှုက ထာဝရအင်မော်တယ်နယ်မြေများကို အချိန်နှင့်အာကာသမြစ်ထဲမှ ဆွဲထုတ်ရန် ဖြစ်သည်။ ၎င်းမှာ ရူးသွပ်သည့်အဆင့်ကို ကျော်လွန်လာပြီး ချက်ချင်းပင် သူ့ဘဝ၏တစ်စိတ်တစ်ပိုင်း ဖြစ်လာခဲ့သည်။

" ထာဝရဆိုတာမရှိရင် ငါ ဖန်တီးလိုက်မယ် "

" အနှစ်သာရဆိုတာမရှိရင် ငါ ဖန်တီးလိုက်မယ် "

" အသက်ဆိုတာမရှိရင် ငါဖန်တီးလိုက်မယ် "

သူသည် ယခင်က ထာဝရအင်မော်တယ်နယ်မြေများ ရှိခဲ့ဖူးသော နေရာသို့ လှမ်းကြည့်လိုက်သောအခါ သူ၏မျက်ဝန်းများထဲတွင် အဓိပ္ပါယ်နက်နဲသော အရိပ်အယောင်များ ထင်ဟပ်လာတော့သည်။

နောက်ဆုံးတွင် သူသည် မျက်လုံးများကိုမှိတ်လိုက်ပြီး ကြယ်တာရာကောင်းကင်ကြီး၏ အလယ်တွင် တင်ပျဥ်ခွေထိုင်ချလိုက်တော့သည်။

ယခင်က သူသည် ဗဟိုဘိုးဘေးကြီး၏ ခန္ဓာကိုယ်ထဲတွင် နေရောင်ခြည်ရှိခဲ့ရသည့် အကြောင်းအရင်းနှင့် ပတ်သတ်၍ မတွေးတောမိခဲ့ပေ။

ကြယ်တာရာကောင်းကင်ကြီးမှာ မည်းနက်နေပါသော်လည်း ထာဝရအင်မော်တယ်နယ်မြေများတွင် နေတစ်စင်းနှင့် လတစ်စင်းရှိခဲ့ရသည့် အကြောင်းအရင်းကိုလည်း မစဥ်းစားမိခဲ့ပေ။

သူသည် လောကနတ်ဘုရားအဆင့်သို့ ရောက်သွားခဲ့ပြီးနောက်ပိုင်းမှာပင် ထိုအချက်များကို မစဥ်းစားခဲ့ပေ။ မိုးမြေဧကရာဇ်တစ်ပါး ဖြစ်သွားခဲ့သည့်အချိန်တွင် ထိုကိစ္စများကို သူ နားလည်နိုင်စွမ်းရှိသွားပါသော်လည်း သံယောဇဥ်မဲ့လူသားနှင့်တိုက်ခိုက်လိုက်ရ၍ အချိန်မရှိလိုက်ပေ။ သို့သော် ယခုတွင်မူ သူသည် ကြယ်တာရာကောင်းကင်ကြီး၏အလယ်၌ ထိုကိစ္စကို တွေးတောသုံးသပ်နေပြီဖြစ်သည်။

ကောင်းကင်တံတားဒေသဖြစ်စေ၊ အင်မော်တယ်နယ်မြေများဖြစ်စေ ၎င်းတို့မှာ အတူတူပင်ဖြစ်သည်။ ထာဝရပန်းပွင့်ထဲရှိ နေမင်းနှင့် လမင်းများအားလုံးကို ထာဝရမယ်တော်က ဖန်ဆင်းပေးထားခြင်းဖြစ်သည်။

ထိုသို့ဖန်ဆင်းပေးထားရခြင်းမှာ ...

" အသက်ရှင်ဖို့ နေရောင်ခြည်လိုတယ် "

သူက ရေရွတ်လိုက်သည်။ ထို့နောက် သူ၏မျက်လုံးများပွင့်လာပြီး သူ၏ဘယ်ဘက်မျက်လုံးမှာ နေမင်းတစ်စင်း၏ အလင်းရောင်ကဲ့သို့ အရှိန်တညီးညီးဖြင့် တောက်ပလာတော့သည်။

ထိုအလင်းရောင်မှာ လွန်ခဲ့သည့်နှစ်ပေါင်းများစွာက သူ ကျင့်ကြံခဲ့သည့် လျှပ်စီးတိမ်တိုက်ဘိုးအေအသွင် ပြောင်းလဲခြင်းအတတ်မှ ထွက်ပေါ်လာခြင်း ဖြစ်သည်။ သူသည် မိုးမြေဧကရာဇ်အဆင့်သို့ ရောက်နေပြီဖြစ်၍ ထိုအလင်းရောင်မှာ အဆုံးအစမရှိလောက်အောင် တောက်ပနေပြီ ဖြစ်သည်။ အစတွင် ၎င်းမှာ ကြယ်တာရာကောင်းကင်တစ်ခွင် ပျံ့နှံ့သွားပြီး ကမ္ဘာပေါင်းတစ်သန်းရှစ်သောင်းနှင့် ထိတွေ့သွားသောအခါ ထိုအလင်းရောင်များမှာ မရေမတွက်နိုင်လောက်အောင် များပြားသော စူးရှတောက်ပနေသည့် စက်လုံးများအသွင် ပြောင်းလဲသွားသည်။ ၎င်းတို့မှာ နေလုံးများ ဖြစ်ကြသည်။

ယခုတွင် နေလုံးပေါင်း တစ်သန်းရှစ်သောင်းရှိနေကြပြီဖြစ်ပြီး ၎င်းတို့အားလုံးမှာ ပိုင်ရှောင်ချန်း၏ ဘယ်ဘက်မျက်လုံးများ ဖြစ်ကြသည်။

ထိုနေလုံးများ ပေါ်ထွက်လာမှုကြောင့် ကြယ်တာရာကောင်းကင်ကြီးမှာ လုံးလုံးလျားလျား ပြောင်းလဲသွားပြီး အပျက်အစီးအစုအဝေးပေါင်း တစ်သန်းရှစ်သောင်းတိတိကို တုန်ခါသွားစေတော့သည်။ ထို့အပြင် ထိုမျှနှင့် ပြီးမသွားပေ။ ပိုင်ရှောင်ချန်း၏ ညာဘက်မျက်လုံးမှာ တောက်ပလာပြန်သည်။ ယခုအကြိမ်တွင်မူ များစွာပို၍ ဖျော့တော့သော လရောင်များ ဖြစ်ပေသည်။

ကမ္ဘာပေါင်းတစ်သန်းရှစ်သောင်းတွင် နေမင်းများရှိနေသည်ဖြစ်၍ လမင်းများ မရှိ၍ အဘယ်ကြောင့် ဖြစ်မည်နည်း။ လမင်းပေါင်း အစင်းတစ်သန်းရှစ်သောင်းခန့် ထွက်ပေါ်လာပြီး နေမင်းနှင့် လမင်းတို့၏ ပေါင်းစည်းမှုမှာ ကြယ်တာရာကောင်းကင်ကြီးအား နေ့နှင့်ညတို့ကို ပေးစွမ်းလိုက်တော့သည်။

ထာဝရအင်မော်တယ်နယ်မြေထဲရှိ နေမင်းနှင့် လမင်းမှာ ထာဝရမယ်တော် ဖန်ဆင်းပေးထားသည့် ပုံရိပ်ယောင် အဆောက်အဦများသာ ဖြစ်သည်။ ဤ နေမင်းနှင့်လမင်းများမှာမူ ပုံရိပ်ယောင်များ မဟုတ်ပေ။ ၎င်းတို့မှာ အစစ်အမှန်ဖြစ်ပြီး ပိုင်ရှောင်ချန်း၏ မျက်လုံးများ ဖြစ်ကြသည်။

" နေမင်းနဲ့ လမင်းတွေ၊ နေ့နဲ့ညတွေရှိပြီဆိုရင် သစ်စေ့တွေပဲလိုတော့တယ်။ အသက်သစ်စေ့တွေပေါ့... "

ပိုင်ရှောင်ချန်းမှာလှုပ်ရှားမှုမရှိပါသော်လည်း သူ၏ခန္ဓာကိုယ်အတွင်းမှ သက်စောင့်အားမှာ သစ်စေ့များအသွင် ပြောင်းလဲသွားကြပြီး သူ့ထံမှ ခွဲခွာသွားကာ ကမ္ဘာပေါင်း တစ်သန်းရှစ်သောင်းဆီသို့ ပျံဝဲသွားကြတော့သည်။

ပိုင်ရှောင်ချန်းမှာ မလှုပ်မယှက်နှင့် တင်ပျဥ်ခွေထိုင်နေဆဲပင်။ သူသည် မတ်တတ်ထမရပ်တော့ဘဲ သူ၏အိမ် ပျောက်ဆုံးသွားခဲ့သောနေရာတွင်နေ၍ ထိုနေရာအား ကာကွယ်စောင့်ရှောက်ပေးနေသည်။ သို့သော် သူ၏မျက်လုံးများမှာ ကြယ်တာရာကောင်းကင်တစ်ခုလုံးတွင် ပြည့်နှက်နေသည်။ ယင်းအပြင် သူသာ ဆန္ဒရှိပါက မည်သည့်နေရာတွင်မဆို ထွက်ပေါ်လာနိုင်စွမ်း ရှိပေသည်။

နှစ်ပေါင်းများစွာ ကုန်ဆုံးသွားသည်။ ကုဋေကုဋာသော ကမ္ဘာပေါင်းများစွာထဲရှိ နေမင်းနှင့် လမင်းများမှာ သူတို့နည်းသူတို့ဟန်ဖြင့် ဆက်လက်၍ ကခုန်နေကြဆဲပင်။ နောက်ဆုံးတွင် အမျိုးမျိုးသော အပျက်အစီးများထဲ၌ အသက်ဓာတ်လက္ခဏာများ ပေါ်ထွက်လာတော့သည်။ ပိုင်ရှောင်ချန်း စိုက်ပျိုးခဲ့သည့် သစ်စေ့များမှာ ကြီးထွားစပြုလာကြလေပြီ။

နှစ်ပေါင်း တစ်သိန်းတိတိ ကုန်ဆုံးသွားသည်။

အပြာရောင်ပင်လယ်များမှာ ပိုးစာသီးအရောင် ကွင်းပြင်များအသွင် ပြောင်းလဲသွားခဲ့သည်။ နေမင်းများမြင့်တက်လာပြီး လမင်းများ ဝင်သွားခဲ့သည်။ လွန်ခဲ့သောနှစ်ပေါင်းများစွာက တိုက်ပွဲကြီးမှာ ရှေးဟောင်းသမိုင်းတစ်ခုထက် မပိုတော့ပေ။ ထို့အပြင် ၎င်းအား အသက်ရှင်လျက် မြင်လိုက်ရသည့်လူမရှိသဖြင့် ၎င်းမှာ အစစ်အမှန် မဟုတ်သည့်အတိုင်းပင်။ မည်သူမှ ပိုင်ရှောင်ချန်းကိုပင် မသိကြတော့။ သူ၏နာမည်မှာ အတိတ်တွင် ကျန်ရစ်ခဲ့လေပြီ။

ထာဝရဝိညာဥ်ကမ္ဘာထဲရှိ အပျက်အစီးအစုအဝေးပေါင်း တစ်သန်းရှစ်သောင်းမှာ ပြောင်းလဲနေပြီဖြစ်သည်။ ၎င်းတို့အား မိုးရေများနှင့် လေများက ထိတွေ့သွားကြပြီး ပိုင်ရှောင်ချန်း၏ ပေါကြွယ်ဝသော သက်စောင့်အားများကြောင့် ပျက်စီးနေသည့် အဆောက်အဦများမှာ ပြာမှုန့်များအဖြစ်သို့ရောက်ကာ အစအနရှာမရအောင် ပျောက်ကွယ်သွားခဲ့သည်မှာ ကြာမြင့်ခဲ့လေပြီ။

တစ်ရက်တွင် ယခင်က ပျက်စီးနေခဲ့သော ထိုကမ္ဘာများထဲ၌ ပထမဦးဆုံး သက်ရှိများ ပေါ်လာတော့သည်။

၎င်းတို့မှာ ရိုးရိုးမျက်စိနှင့် မမြင်နိုင်လောက်အောင် သေးငယ်သည်။ နတ်ဘုရားအာရုံနှင့်ပင် ၎င်းတို့ကို ခက်ခက်ခဲခဲရှာဖွေရမည် ဖြစ်သည်။

၎င်းတို့မှာ အသိစိတ်ရှိမနေသလို လွန်စွာမှသေးငယ်ပြီး အားအင်ချည့်နဲ့နေကြသည်။ သို့သော် ၎င်းတို့၏အရေအတွက်မှာ အဆမတန် များပြားလွန်းနေသည်။ ၎င်းတို့မှာ နေရောင်ခြည်ကြောင့် ပေါ်ထွက်လာပုံရပြီး မကြာခင် ကမ္ဘာတစ်ခုထဲ၌ ရှိတော့သည်မဟုတ်။ ကမ္ဘာပေါင်း တစ်သန်းရှစ်သောင်းတွင် သက်ရှိများမှာ တစ်ကောင်ပြီးတစ်ကောင် ပေါ်ထွက်လာနေကြပြီ ဖြစ်သည်။

၎င်းတို့မှာ တိကျသောပုံစံများမရှိသည့်အပြင် စကားလုံးနှင့် အတိအကျဖော်ပြနိုင်ရန် ခက်ခဲလွန်းလှသည်။ သို့သော် ၎င်းတို့ရှိနေသည်မှာတော့ အမှန်ပင်။ ပိုင်ရှောင်ချန်း တင်ပျဥ်ခွေထိုင်ကာ တရားမှတ်နေသည့် ယခင်က ထာဝရအင်မော်တယ်နယ်မြေများရှိခဲ့ဖူးသော နေရာမှာပင် ထိုသက်ရှိများ ဖြစ်တည်လာကြသည်။

ထိုသက်ရှိများ မွေးဖွားလာခြင်းကြောင့် ကြယ်တာရာကောင်းကင်ကြီး ပြောင်းလဲလာပြီဖြစ်သည်။ ၎င်းမှာ ယခင်ကကဲ့သို့ သေဆုံးကာ ငြိမ်သက်မနေတော့ပေ။ သက်စောင့်အားများ စတင်စုဝေးလာနေပြီ ဖြစ်သည်။ ပိုင်ရှောင်ချန်း၏ မျက်လုံးများ ဖြစ်သော နေမင်းနှင့်လမင်းများမှာ ၎င်းတို့ကို သတိထားမိလိုက်ကြပြီး ၎င်းတို့က အပျက်အစီးအစုအဝေး တစ်သန်းရှစ်သောင်းအား ပြုပြုင်ပြောင်းလဲနေကြသည့်မြင်ကွင်းများကို နှစ်ထောင်သောင်းများစွာတိုင်အောင် စောင့်ကြည့်လိုက်ကြတော့သည်။

ယခုအခါ ကမ္ဘာတစ်သန်းရှစ်သောင်းမှာ အပျက်အစီးများ မဟုတ်ကြတော့ဘဲ အသက်ဓာတ်များပြန်လည်ဝင်ရောက်လာပြီဖြစ်၍ ပျက်စီးမှုအကြွင်းအကျန်များနှင့် ကျောက်စကျောက်နများကို လုံးဝမတွေ့ရတော့ပေ။ ဟိုးယခင်ကတည်းက ကျဆင်းနေခဲ့သည့် မိုးရေများကြောင့် ကမ္ဘာပေါင်းများစွာထဲတွင် ပင်လယ်များနှင့် သမုဒ္ဒရာများပင် ရှိနေပြီဖြစ်သည်။

တချို့သော ကမ္ဘာများထဲတွင် တောင်ကုန်းများပင် ရှိနေပြီဖြစ်ပြီး ဖုန်မှုန့်များမှ ရွှံ့များအဖြစ်သို့ ပျစ်ခဲသွားခဲ့သည့် နေရာများလည်းရှိနေပြီ ဖြစ်သည်။

တစ်ရက်တွင် ထိုသမုဒ္ဒရာများ၏ အောက်ခြေ၌ အသေးစားဘက်တီးရီးယားများ ပေါက်ဖွားလာပြီးနောက် တဖြည်းဖြည်းကြီးထွားကာ ရေထဲတွင် ပျံနှံ့သွားတော့သည်။ ကမ္ဘာအမျိုးမျိုးရှိ သက်ရှိများ၏ ပုံပန်းသွင်ပြင်များမှာ မတူညီပေ။ ဥပမာဆိုရသော် သမုဒ္ဒရာမရှိဘဲ ထူထပ်သော ရွှံ့အိုင်များထဲတွင်သာ ရေရှိကြသည့် ကမ္ဘာများရှိနေသည်။ ထိုကမ္ဘာများထဲတွင်ဆိုလျှင် ထိုရွှံ့များထဲမှ သက်ရှိများ ပေါ်ထွက်လာကြသည်။

***

ပထမဆုံး သက်ရှိများ ဖြစ်တည်လာသောအချိန်တွင် ပိုင်ရှောင်ချန်း ပေါ်လာသည်။ သူသည် ရေအောက်ထဲသို့ ငုံ့ကြည့်လိုက်ပြီး လက်ကိုဝှေ့ယမ်း၍ ဘက်တီးရီးယားအချို့ကို ဆွဲထုတ်လိုက်သည်။ ၎င်းတို့အား စစ်ဆေးကြည့်ရှုလိုက်ပြီးနောက် သူက မျက်လုံးများကို မှိတ်လိုက်တော့သည်။

နောက်နှစ်ပေါင်းများစွာတိုင်အောင် ဘက်တီးရီးယားများမှာ ဆက်လက်ပေါက်ဖွားနေကြဆဲပင်။ သမုဒ္ဒရာများ၊ ကုန်းမြေများနှင့် ကမ္ဘာများ ပြောင်းလဲသွားသည်။ များမကြာမီ ကမ္ဘာပေါင်းတစ်သန်းရှစ်သောင်းက သက်စောင့်အားများကို ထုတ်လွှတ်နေကြပြီဖြစ်သည်။

တချို့သော ကမ္ဘာများထဲတွင် ကောင်းကင်မှာ မိုးပြာရောင်ဖြစ်ပြီး နေမင်းနှင့်လမင်းများမှာ မျက်စိကျိန်းမတတ် စူးရှတောက်ပနေကြသည်။ ထိုကမ္ဘာများ၏ ကောင်းကင်ယံတွင် တလိပ်လိပ် ပေါ်ထွက်နေကြသည့် မိုးသားတိမ်စိုင်များကို မြင်လိုက်ရသူတိုင်းမှာ ညှို့ယူဖမ်းစားခြင်းကို ခံလိုက်ရမည်သာ ဖြစ်ပေသည်။

တချို့သော ကမ္ဘာများထဲတွင် မိုးကြိုးများပစ်နေကြပြီး ကောင်းကင်ယံတွင် တိမ်မည်းများဖြင့် ပြည့်နှက်နေကြသည်။ ထိုမြင်ကွင်းမှာ တုန်လှုပ်ခြောက်ခြားစရာကောင်းပါသော်လည်း ထိုကမ္ဘာများရှိ သက်ရှိများအတွက်မူ အကောင်းမွန်ဆုံး သဘာဝပတ်ဝန်းကျင်တစ်ခု ဖြစ်နေသည်။

တချို့သောကမ္ဘာများမှာ မြေကြီးများ ပက်ကြားအက်၍ ခြစ်ခြစ်တောက်ပူနေပါသော်လည်း တချိန်တည်းမှာပင် သက်ရှိများ ရှင်သန်ကျက်စားရန်အတွက် အသင့်တော်ဆုံးနေရာများ ဖြစ်နေကြသည်။

ကမ္ဘာပေါင်း တစ်သန်းရှစ်သောင်းထဲတွင် သက်ရှိမျိုးစုံ ရှိနေပြီး သဘာဝဥပဒေသ အမျိုးမျိုးလည်း ရှိနေသည်။ မရေမတွက်နိုင်သော အနှစ်သာရများစွာ ပေါ်ပေါက်လာကြပြီး ၎င်းတို့အားလုံးမှာ အသက်ဓာတ်ကို စိုးမိုးထားသည့် မှော်ဥပဒေသများနှင့် ကိုက်ညီမှု ရှိကြပေသည်။

ပိုင်ရှောင်ချန်းမှာ ထိုကမ္ဘာများကိုစောင့်ကြည့်ရင်း တစ်ဆပြီးတစ်ဆ ပို၍ များပြားလာနေကြသည့် သက်ရှိများကို လေ့လာနေတော့သည်။ နှစ်ထောင်သောင်းပေါင်းများစွာ ကုန်ဆုံးသွားပြန်သည်။ နောက်ဆုံး၌ ကမ္ဘာအမျိုးမျိုးထဲတွင် သက်ရှိအမျိုးအစားအသစ်များ ဖြစ်တည်လာကြသည်။ ထိုသက်ရှိများမှာ အရိုးမရှိပဲ ပျော့ပျောင်းသောခန္ဓာကိုယ်များကို ပိုင်ဆိုင်ထားကြသည်။ တချို့မှာ အခွံများရှိကြပြီး တချို့မှာ မရှိပေ။ သူတို့၏ ပုံစံမှာ ထူးဆန်းနေသည်။ သူတို့ထဲမှ တချို့က ရန်လိုကြပြီး တချို့မှာ လုံးဝမလှုပ်မယှက်ရှိနေကြသည်သာဖြစ်သည်။

အကယ်၍ တို့ထိခံလိုက်ရပါက ပျောက်ကွယ်သွားခဲ့သည့် သက်ရှိတချို့ပင် ရှိသည်။

သို့သော် ထိုသက်ရှိအသစ်များ၏ ပေါ်ထွက်လာမှုကြောင့် ယခင်က အလွန်ငြီးငွေ့ဖွယ်ကောင်းခဲ့သော ကြယ်တာရာကောင်းကင်ကြီးမှာ နိုးနိုးကြားကြား လှုပ်လှုပ်ရှားရှား ဖြစ်လာတော့သည်။ နှစ်ပေါင်းများစွာ ထပ်မံကုန်ဆုံးသွားပြီး နောက်ဆုံးတွင် ကမ္ဘာတစ်ခုထဲ၌ အပင်များ ပေါ်ပေါက်လာတော့သည်။

ပထမဦးဆုံးအပင်မှာ အလွန်သေးငယ်ပြီး မြက်ပင်နှင့် ခပ်ရေးရေး ဆင်သည်။ ၎င်းမှာ လူ့လက်သည်းခွံအရွယ်အစားခန့် ရှိပြီး အနီးကပ်ကြည့်ရှုလိုက်မည်ဆိုပါက ၎င်း၏အတွင်းပိုင်းထဲတွင် သေးငယ်သော အကြောလေးများဖြင့် ပြည့်နှက်နေသည်ကို မြင်နိုင်မည်ဖြစ်သည်။

ပိုင်ရှောင်ချန်းမှာ ထိုအပင်၏အနီးတွင် ပေါ်ပေါက်လာကာ ဒူးထောက်ချလိုက်ပြီး ထိုအပင်အားကြည့်လိုက်သည်။ ၎င်းမှာ အားအင်ချည့်နဲ့နေပါသော်လည်း ဇွဲနပဲအလွန်ကြီးမားနေသည်။ ပိုင်ရှောင်ချန်းမှာ ၎င်းထဲတွင် စီးဆင်းနေသော သက်စောင့်အားကို အာရုံခံမိလိုက်သောအခါ နှစ်ပေါင်းများစွာအတွင်း ပထမဆုံးအကြိမ်အဖြစ် ပြုံးလိုက်တော့သည်။

" မကြာတော့ဘူး ... သိပ်မကြာတော့ဘူး... "

All Chapters