← Chapters

ခေတ်သစ်စတင်ခြင်းနှင့် နည်းပေးလမ်းပြခြင်း

Vol. 14 Ch. 1308

ခေတ်သစ်စတင်ခြင်းနှင့် နည်းပေးလမ်းပြခြင်း

Vol. 14 Ch. 1308

အချိန်များ ဆက်လက်ကုန်လွန်လာခဲ့သည်။ အပင်များ၏ ပေါ်ထွက်လာမှုက ခေတ်သစ်တစ်ခု အစပျိုးပေးလိုက်ဟန်တူသည်။ ကမ္ဘာအမျိုးမျိုးထဲရှိ အပင်များမှာ ပုံသဏ္ဍာန်နှင့် အရောင်အဆင်းများ မတူညီကြသည့်အပြင် မတူညီသောမှော်ဥပဒေသများအတိုင်း ကွဲပြားခြားနားစွာ ပြုမူကြသည်။ သို့ပေမည့် ၎င်းတို့မှာ အပင်များဖြစ်နေဆဲ၊ အပင်မျိုးစိတ်ကွဲပေါင်း များစွာဖြစ်နေကြဆဲပင်။

သမုဒ္ဒရာနှင့် ကုန်းမြေများ၊ တောင်တန်းနှင့် တောင်ကုန်းများပေါ်တွင်သာမက နေရာတိုင်းတွင် အပင်များဖြင့် ပြည့်နှက်နေကြတော့သည်။

နောင်နှစ်ထောင်သောင်းပေါင်းများစွာတိုင်အောင် နေရောင်ခြည်အလင်းတန်းများက ကြယ်တာရာကောင်းကင်တစ်ခွင်၌ ပြည့်နှက်သည့် အမျိုးမျိုးသော ကမ္ဘာများ၏ အုပ်ချုပ်သူများဖြစ်ကြသော ဘက်တီးရီးယားများ၊ ကျောရိုးမဲ့သတ္တဝါများနှင့် အပင်များပေါ်သို့ ဖြာကျနေတော့သည်။

တဖြည်းဖြည်းနှင့် သမုဒ္ဒရာထဲတွင် ငါးများပေါ်ပေါက်လာပြီး ရေစပ်တွင်နေနိုင်သော်လည်း ဝေးဝေးသို့ မသွားနိုင်သေးသည့် သတ္တဝါများပါ ပေါ်ထွက်လာသည်။ တစ်နေ့သောအခါ ကြယ်တာရာကောင်းကင်ထဲတွင် ရှိနေသည့် ပိုင်ရှောင်ချန်း၏ မျက်လုံးများမှာ ဖား၊ဖားပြုပ်များနှင့်ပုံစံတူသော သတ္တဝါများကို တွေ့မြင်လိုက်ရသော်လည်း ၎င်းတို့မှာ ထိုတိရိစ္ဆာန်များနှင့် ကွဲပြားနေကြောင်း သိလိုက်ရသည်။

မြက်ခင်းပြင်များပေါ်၌ ဖွတ်ပုတက်ကဲ့သို့သော တိရိစ္ဆာန်များ တဖြည်းဖြည်း ပေါ်ပေါက်လာတော့သည်။ ထိုအခါ ပိုင်ရှောင်ချန်း၏ မျက်လုံးများဖြစ်သော နေမင်းများမှာ အရှိန်တညီးညီး တောက်ပလာကြတော့သည်။

ထိုအခိုက် ကြယ်တာရာကောင်းကင်ထဲရှိ သက်ရှိအားလုံးမှာ ရုတ်တရက် သူတို့၏စိတ်ဝိညာဥ်ထဲတွင် စကားသံတစ်သံကို ကြားလိုက်ရသည်။

" သိပ်မကြာတော့ဘူး ... "

ထိုအသံကြီး ပေါ်ထွက်လာသောအခါ အပင်များအားလုံးမှာ ကောင်းကင်ဆီသို့ ဆန့်ထွက်လာကြပြီး တိရိစ္ဆာန်များအားလုံး မော့ကြည့်လိုက်ကြသည်။ ငါးများပင် လှုပ်ရှားနေရာမှ ရပ်တန့်သွားကြသည်။

ထိုအခိုက်အတန့်မှာ တစ်ခဏအကြာတွင် ပြီးဆုံးသွားသော်လည်း သက်ရှိအားလုံးမှာ အစားအစာများကို ရှာဖွေစားသုံးရင်း သူတို့၏ဘဝများကို ဖြတ်သန်းနေကြစဥ် ထိတွေ့ခံလိုက်ရပြီး ၎င်းတို့သာမက ၎င်းတို့၏ မျိုးဆက်များထိပါ ပါသွားမည့် နည်းလမ်းတစ်ခုဖြင့် မှတ်သားခံလိုက်ရပြီ ဖြစ်သည်။

အချိန်ဘီးလုံးကြီးက နှစ်ပေါင်းတစ်သိန်းအထိ ဆက်၍လည်ပတ်သွားသည်။ နှစ်ပေါင်း တစ်သန်းလည်း ဖြစ်နိုင်သည်။ သို့တည်းမဟုတ် ထိုထက်လည်း ပို၍ကြာမြင့်နိုင်သည်။ ကမ္ဘာများထဲရှိ သက်ရှိများ ရှင်သန်ကြီးထွားနေကြရင်း ပျံသန်းနိုင်သည့် သတ္တဝါများပေါ်ပေါက်လာပြီးနောက် ၎င်းတို့နေထိုင်ရာ ကုန်းမြေများ၏ အထက်ရှိလေထဲတွင် ပျံဝဲနေကြတော့သည်။

ငှက်များ၏ပေါ်ထွက်လာမှုမှာ နောက်ထပ် ခေတ်သစ်တစ်ခု၏ အစဖြစ်သည်။

ထို့နောက် ဥမှပေါက်၍ မွေးဖွားလာခြင်းမဟုတ်သည့် ပို၍ဆန်းသစ်သောသတ္တဝါများ ပေါ်ပေါက်လာသည်။ ၎င်းတို့မှာ ပို၍လှုပ်ရှားနိုင်စွမ်းရှိပြီး ယခင်ကပေါ်ထွက်ခဲ့ဖူးသည့် သတ္တဝါတိုင်းထက် ပို၍အသိဉာဏ်ရှိသောကြောင့် ကြယ်တာရာကောင်းကင်ကြီးတစ်ခုလုံးကို အမှန်တကယ်နိုးထလာအောင် ပြုလုပ်နေပြီဖြစ်သည်။

နောက်ထပ်နှစ်ပေါင်းများစွာအတွင်း ကြယ်တာရာကောင်းကင်ထဲရှိ ကမ္ဘာများထဲတွင် ရေတွက်၍မရနိုင်လောက်အောင် များပြားသော သက်ရှိအမျိုးအစားများ ပေါ်ပေါက်လာကြသည်။ ၎င်းတို့မှာ အရာအားလုံးကို လွှမ်းမိုးနိုင်ရန်အတွက် တစ်ကောင်နှင့်တစ်ကောင် တိုက်ခိုက်ကြရင်း အင်အားနည်းသောသတ္တဝါများ ကွယ်ပျောက်သွားပြီး သန်မာသောသတ္တဝါများ ကျန်ရစ်ခဲ့တော့သည်။ ပိုင်ရှောင်ချန်းမှာ တစ်ခါတရံ ၎င်းတို့အား စောင့်ကြည့်လေ့ရှိပြီး တစ်ရက်တွင် မျောက်နှင့်တူသော သတ္တဝါတစ်ကောင်က ကျောက်တုံးတစ်တုံးကို အသုံးပြု၍ ၎င်း၏ရန်သူများကို တိုက်ခိုက်နေကြောင်း သတိထားမိလိုက်သည်။ အဆုံးတွင် ထိုသတ္တဝါများမှာ ကျောက်တုံးကိုအသုံးပြု၍ တိုက်ခိုက်နေစဥ် ခြေလေးဖက်ဖြင့် ရွေ့လျားရသည်က အဆင်မပြေကြောင်း သိလိုက်ရသဖြင့် ခြေနှစ်ချောင်းပေါ်တွင် မတ်တတ်ရပ်လာကြတော့သည်။

ထိုအချိန်တွင် ပိုင်ရှောင်ချန်း၏ အမူအရာမှာ ယခင်ကနှင့် မတူလောက်အောင် တောက်ပလင်းလက်သွားတော့သည်။ သူသည် ထိုခြေနှစ်ချောင်းသတ္တဝါများ အုပ်စုလိုက်ဖွဲ့၍ စည်းစနစ်ကျကျ အမဲလိုက်နေကြသည်ကို စောင့်ကြည့်နေလိုက်တော့သည်။ ထို့နောက် တစ်ရက်တွင် သူတို့ထဲမှ တချို့၏အနီးရှိ သစ်ပင်တစ်ပင်ကို မိုးကြိုးပစ်ရာမှ ပေါ်ထွက်လာသည့် မီးတောက်ကို သူတို့ မြင်လိုက်ရသောအခါ သူတို့၏မျက်ဝန်းများထဲတွင် ကြောက်ရွံ့နေသည့် အရိပ်အယောင်များ ထင်ဟပ်သွားကြသည်။

သို့သော် သူတို့မှာ ရိုးရှင်းသောလက်နက်များကို အသုံးပြုတတ်နေပြီဖြစ်၍ ထိုကမ္ဘာပေါ်တွင် အာဏာအရှိဆုံး အဖွဲ့တစ်ဖွဲ့ဖြစ်လာတော့သည်။

ထိုကဲ့သို့ ခေတ်ရှေ့ပြေးသည့်သက်ရှိအုပ်စုများမှာ တစ်ကမ္ဘာပြီးတစ်ကမ္ဘာထဲတွင် ပေါ်ထွက်လာကြသည်။ ထိုကမ္ဘာတစ်ခုချင်းစီတွင်ရှိသော အင်အားကြီးသတ္တဝါအုပ်စုများ၏ မူလဇာတ်မြစ်များမှာ မတူညီကြပေ။ အချို့မှာ မျောက်များမှ စတင်ဖြစ်ပေါ်လာခဲ့သည်ဖြစ်ပြီး အချို့မှာငှက်များမှနေ၍ ပြောင်းလဲလာကြခြင်း ဖြစ်သည်။ တချို့မှာ အသက်ရှိသော ကျောက်တုံးများမှ ထွက်ပေါ်လာကြသည်ဖြစ်ပြီး တချို့မှာ လေထုထဲမှ သတ္တဝါများဖြစ်ကြသည်။

ကမ္ဘာများထဲတွင် သက်ရှိအမျိုးကွဲပေါင်းများစွာ ရှိနေကြပြီး ၎င်းတို့မှာ ၎င်းတို့ကို အုပ်စိုးထားသည့် သဘာဝဥပဒေသများမှနေ၍ ပေါ်ထွက်လာကြသည်သာ ဖြစ်သည်။

ပိုင်ရှောင်ချန်းမှာ မည်သည့်အရာမှမလုပ်ဘဲ ထိုင်ကြည့်နေသည်တော့ မဟုတ်ပေ။ သူသည် ထိုသက်ရှိများအား လက်နက်များအသုံးချရန် မတိုက်တွန်းခဲ့ပါသော်လည်း မိုးကြိုးပစ်ခံထားရ၍ မီးလောင်နေသည့်သစ်ပင်များမှ မီးကိုရယူရာတွင် သူတို့အား အကူအညီပေးခဲ့ပေသည်။ ပျံသန်းနိုင်သော သတ္တဝါများကိုလည်း လေကို အသုံးချနိုင်ရန် ကူညီပေးခဲ့သည်။ ကျောက်တုံးနှင့်တူသော သတ္တဝါများကိုလည်း အဆောက်အဦများ တည်ဆောက်တတ်လာအောင် ကူညီပေးခဲ့သည်။ သူသည် ထိုသက်ရှိများ အသိဉာဏ်ဖွင့်ဖြိုးလာသည့်အချိန်အထိ ၎င်းတို့အား လမ်းပြပေးရန် အမြဲတမ်းရှိနေခဲ့သည်။

" ဉာဏ်ပညာနဲ့ အသိဉာဏ်ဆိုတာ ဘာလဲ... "

တစ်ညတွင် သူသည်တောင်တစ်လုံးပေါ်၌ရပ်၍ တောင်ကြားထဲရှိ မီးပုံတစ်ပုံ၏ ပတ်ပတ်လည်တွင် ထိုင်ကာ အော်ဟစ်နေကြသည့် တိရိစ္ဆာန်သားရေများကို ဝတ်ဆင်ထားကြသော လူရိုင်းအုပ်စုတစ်စုအား ငုံ့ကြည့်ရင်း တွေးလိုက်သည်။ သူတို့မှာ ယဥ်ကျေးမှု မတိုးတက်သေးပါသော်လည်း ထိုမီးပုံအား ကြည့်နေကြသည့် သူတို့၏မျက်ဝန်းများထဲရှိ ကျေနပ်မှုများကြောင့် ပိုင်ရှောင်ချန်း၏ ခေါင်းထဲတွင် အတွေးပေါင်းစုံဖြင့် ပြည့်နှက်သွားရတော့သည်။

အဆုံးတွင် သူသည် ထိုမီးပုံရှိရာဘက်သို့ လက်ကိုဝှေ့ယမ်းလိုက်သောအခါ ၎င်းမှာ ရုတ်တရက် တဟုန်းဟုန်းတောက်လောင်လာသဖြင့် ပတ်ပတ်လည်ရှိ လူရိုင်းများ ထိတ်လန့်သွားကြသည်။ သူတို့မှာ လူစုကွဲသွားကြပြီး တုန်တုန်ရီနှင့် အမှောင်ထုထဲသို့ ရောက်သွားကြသည်။ တဒင်္ဂကြာပြီးနောက် လူရိုင်းတစ်ယောက်မှာ တွားသွားလျက် ရှေ့သို့ရောက်လာပြီး မီးပုံအားလက်ညှိုးထိုး၍ မယုံကြည်နိုင်သည့်လေသံဖြင့် အော်ဟစ်နေတော့သည်။ ထိုအခါ အခြားသောလူရိုင်းများသည်လည်း တွားသွား၍ထွက်လာကြပြီး ထိုမီးပုံအားအနီးကပ် ကြည့်ရှုလိုက်သောအခါ မသဲကွဲသောလူရိပ်တစ်ရိပ်ကို မြင်လိုက်ရတော့သည်။

ထိုလူရိပ်သည် သူတို့ တစ်ခါမှ မမြင်ဖူးသော ဝတ်ရုံရှည်တစ်ခုကို ဆင်မြန်းထားသည်။ သူ၏ဆံပင်မှာ ရှည်လျားပြီး အရပ်မှာလည်း အလွန်မြင့်မားပေသည်။ သူသည် မီးပုံထဲတွင်ရပ်၍ အဝေးသို့ လှမ်းကြည့်နေသည်။ သူက ပိုင်ရှောင်ချန်း၏ ပုံရိပ်တစ်ခုပင် ဖြစ်သည်။

ပိုင်ရှောင်ချန်းသည် မီးပုံထဲရှိ လူရိပ်တစ်ခုကိုမြင်လိုက်ရသည့် လူသားမျိုးနွယ်၏ ဘိုးဘေးဘီဘင်များကြသော ဤလူရိုင်းများက မည်သို့တုံ့ပြန်ကြမည်ကို စိတ်ဝင်စားနေသည်။

မီးပုံထဲရှိ သူ့အားသတိထားမိလိုက်သည့် ပထမဦးဆုံးလူရိုင်းက အရင်ဆုံးဒူးထောက်လိုက်ကာ ရှေ့သို့တွားသွား၍ရောက်လာပြီး ဦးချ၍ အရူးအမူး ကိုးကွယ်ပူဇော်လိုက်တော့သည်။

အခြားသောလူရိုင်းများမှာလည်း သူ့နည်းတူလိုက်၍ လုပ်လိုက်ကြသဖြင့် တခဏအကြာတွင် သူတို့အားလုံးမှာ စိတ်အားထက်သန်စွာ ဦးချနေကြပြီ ဖြစ်သည်။ ထိုအချိန်တွင် ပိုင်ရှောင်ချန်းမှာ သူရှာဖွေနေသည့် သတင်းအချက်အလက်ကို ရရှိသွားပြီး မီးပုံထဲရှိလူရိပ်မှာလည်း ပျောက်ကွယ်သွားတော့သည်။ ထိုပုံရိပ်ပျောက်ကွယ်သွားသောအခါ မီးတောက်များမှာ ပို၍မြင့်တက်သွားပြီး ကောင်းကင်ယံကြီးအား ထိန်လင်းသွားစေသဖြင့် ပတ်ပတ်လည်ရှိ တောင်တန်းများနှင့် တောင်ကြားများထဲရှိ သားရဲတိရိစ္ဆာန်များ၏ နှလုံးသားထဲတွင် အကြောက်တရားများဖြင့် ပြည့်နှက်သွားရတော့သည်။

ထိုအချိန်မှစ၍ ထိုလူရိုင်းအုပ်စုမှာ ထိုမီးပုံအား အမြဲတမ်း တရိုတသေငေးကြည့်နေကြတော့သည်။ သူတို့ အမဲလိုက်ထွက်တိုင်းလည်း တန်ဖိုးရှိသော အသေးစားပစ္စည်းလေးများကို စုဆောင်း၍ ထိုမီးပုံထဲသို့ ပစ်ထည့်လေ့ရှိကြသည်။ ထိုယစ်ပူဇော်ပစ္စည်းများပြာကျသွားသည့်အခါတိုင်း ထိုလူရိုင်းများမှာ မျက်လုံးများအရောင်တောက်လာကြပြီး ဦးချ၍ ရှိခိုးပူဇော်နေကြတော့သည်။

မီးပုံထဲရှိ လူရိပ်ကို ပထမဆုံးမြင်တွေ့ခဲ့သည့် လူရိုင်းမှာ သစ်ပင်နှင့် အပင်လေးများမှ အစေးများကိုသုံး၍ သူ၏ခန္ဓာကိုယ်ပေါ်တွင် မီးကိုကိုယ်စားပြုသည့် ပုံတစ်ပုံဆွဲလိုက်တော့သည်။ သူသည် လျင်မြန်စွာပင် ထိုအုပ်စုထဲတွင် ရာထူးအာဏာတစ်ခု ရှိသွားပြီး ပိုင်ရှောင်ချန်းမှာ ထိုအချင်းအရာကို ဆက်စပ်၍ တွေးတောလိုက်တော့သည်။

ရုတ်တရက် သူ၏အတွေးထဲတွင် တချို့ပုစ္ဆာများ ပြေလည်သွားတော့သည်။

" ဉာဏ်ပညာနဲ့ အသိဉာဏ်ဆိုတာ ... စိတ်ကူးစိတ်သန်းကနေ စတင်တာပဲ “

" စိတ်ကူးစိတ်သန်းက မီးကို အမှောင်ထုကို တွန်းလှန်တဲ့နည်းလမ်းတစ်ခုအဖြစ် ပြောင်းလဲပေးနိုင်တယ် "

" စိတ်ကူးစိတ်သန်းကြောင့် ကိုးကွယ်ပူဇော်စရာ နတ်ဘုရားတွေပေါ်ပေါက်လာရပြီး သူတို့ကို ရုပ်ထုတွေပုံစံအဖြစ် ပြောင်းလဲလိုက်ကြတာပဲ... "

" စိတ်ကူးစိတ်သန်းကို လုပ်ဆောင်ချက်ဆိုတဲ့ အရာနဲ့ ပေါင်းစည်းလိုက်တဲ့အခါမှာ ဉာဏ်ပညာနဲ့ အသိဉာဏ်တို့ရဲ့ ပထမဦးဆုံး အညွှန့်အညှောက် ပေါ်ထွက်လာတာပဲ "

ပိုင်ရှောင်ချန်းမှာ ထိုလူရိုင်းများအား နောက်ဆုံးအကြိမ်အဖြစ် တစ်ခေါက်ကြည့်လိုက်ပြီး သူ၏မျက်လုံးများကို မှိတ်လိုက်တော့သည်။ သူ၏မျက်လုံး ပြန်ပွင့်လာသောအခါ သူက အခြားကမ္ဘာထဲတွင် ရောက်နေပြီဖြစ်ပြီး ထိုကမ္ဘာထဲတွင် ရှိနေကြသည့် မရေမတွက်နိုင်သော သက်ရှိအုပ်စုများစွာ၏ စိတ်ကူးစိတ်သန်းများကို လမ်းပြပေးနေပြီဖြစ်သည်။

အချိန်များ ကုန်ဆုံးသွားသည်။ ပိုင်ရှောင်ချန်းမှာ ကမ္ဘာပေါင်း တစ်သန်းရှစ်သောင်းထဲရှိ သက်ရှိများအား လမ်းပြနေရင်း သူတို့၏စိတ်ကူးစိတ်သန်းများကြောင့် သူတို့မှာ ကောင်းကင်နှင့် ကမ္ဘာမြေကြီးတို့၏ ဖြစ်တည်မှုကို ယုံကြည်စပြုလာကြတော့သည်။ အဆုံးတွင် ပိုင်ရှောင်ချန်းမှာ သူတို့အတွက် နတ်ဘုရားတစ်ပါးပမာ ဖြစ်သွားတော့သည်။

ထိုသက်ရှိအုပ်စုများ အဘက်ဘက်မှတိုးတက်လာရင်း ၎င်းတို့၏ အသက်အနှစ်သာရများမှာလည်း ကြီးထွားလာကြသည်။ သူတို့၏ဝိညာဥ်များပေါ်တွင် တံဆိပ်တပ်ထားသည့် အမှတ်အသားများကြောင့် ပိုင်ရှောင်ချန်းမှာ သူတို့နှင့်အမြဲရှိနေသည်လည်း ဖြစ်သည်။

လူအမျိုးမျိုးမှာ မတူညီသောနတ်ဘုရားများကို ကိုးကွယ်ကြသည်။ တချို့က နေမင်းကြီးကို ကိုးကွယ်ကြသည်။ တချို့က သူတို့၏နတ်ဘုရားကို ဖန်ဆင်းရှင်ဟုခေါ်ကြသည်။ တချို့က ကောင်းကင်နတ်မင်းဟု ခေါ်ကြသည်။ လူအမျိုးမျိုးက နာမည်အမျိုးမျိုးကို သုံးနေကြပြီဖြစ်သည်။ ဘုရားသခင်၊ ဖခမည်းတော်နတ်ဘုရား၊ ကျောက်တုံးဘိုးဘေး၊ လေဝိညာဥ်တို့သာမက အခြားနာမည်မြောက်မြားစွာပါ ရှိနေကြပြီဖြစ်သည်။

ကမ္ဘာအမျိုးမျိုးမှ လူသားများမှာ ပို၍သန်မာလာကြပြီး တချို့သောအုပ်စုများက ဘဝ၏ထိပ်ဆုံးအဆင့်သို့ ရောက်သွားကြသောအခါ ယဥ်ကျေးမှုလူ့အဖွဲ့အစည်း ပေါ်ပေါက်လာတော့သည်။

ထိုအဖွဲ့အစည်းမှာလည်း ကမ္ဘာအမျိုးမျိုးတွင် တူညီမှုမရှိပေ။ တချို့နေရာများတွင် မြို့တော်များနှင့် အဆောက်အဦများကို နိုင်ငံများအသွင် ဖွဲ့စည်းထားကြသည်။ တချို့နေရာများမှာ မျိုးနွယ်စုစနစ်ကို ကျင့်သုံးကြသည်။ တချို့မှာ တမူထူးခြားကြသည်။ တချို့လူနေမှုအဖွဲ့အစည်းမှုများမှာ ကောင်းကင်ပေါ်အထိပါ ရောက်သွားကြပြီး မြေပြင်ကိုအုပ်စိုးကြသည်။ တချို့မှာ မြေပြင်ပေါ်မှ အုပ်ချုပ်ကြသည်။ စိတ်ကူးနှင့် မှန်းဆမရနိုင်သော လူနေမှုအဖွဲ့အစည်း အမျိုးမျိုးပေါ်ထွက်လာပြီး တိုးတက်ကြီးထွားလာကြပြီဖြစ်သည်။

သို့သော် သူတို့က မည်သည့်သက်ရှိအမျိုးအစားများ ဖြစ်နေကြသည်ဖြစ်စေ၊ သူတို့၏လူနေမှုအဖွဲ့အစည်းများ မည်ကဲ့သို့တိုးတက်နေသည်ဖြစ်စေ၊ သူတို့၏နတ်ဘုရားနှင့် အဆင့်တန်းတူနီးပါးဖြစ်ရန် ဆန္ဒရှိလာသည့် အနေအထားသို့ ရောက်သွားကြသည်သာ ဖြစ်သည်။ သူတို့င လျှို့ဝှက်နက်နဲသောစွမ်းအားများကိုသာမက သူတို့ကိုယ်တိုင် နတ်ဘုရားများဖြစ်လာနိုင်သည့် စွမ်းရည်များကိုပါ လိုချင်တက်မက်လာကြသည်။

ထိုသို့ဖြစ်လာတိုင်း ပိုင်ရှောင်ချန်း ပေါ်ထွက်လာပြီး နောက်ဆုံးလမ်းပြမှုနှင့် နိဂုံး၏အစကို သွားရောက်ပို့ချလိုက်သည်သာ ဖြစ်သည်။

ထိုသို့ဖြင့် ကျင့်ကြံခြင်းဆိုသည့် အယူအဆမှာ သစ်စေ့များအသွင်ပြောင်းလဲသွားကြပြီး ကြယ်တာရာကောင်းကင်ထဲသို့ မျောလွင့်သွားကြတော့သည်။

နှစ်ပေါင်းထောင်ဂဏန်း အနည်းငယ်ကြာပြီးနောက် ထိုကမ္ဘာများအားလုံးထဲရှိ လူတိုင်း လျှို့ဝှက်နက်ရှိုင်းသော စွမ်းအားများ ပိုင်ဆိုင်သွားကြပြီဖြစ်သည်။ ထာဝရဝိညာဥ်ကမ္ဘာထဲတွင် ကျင့်ကြံခြင်းကမ္ဘာအသစ်တစ်ခု စတင်ပေါ်ထွက်လာတော့သည်။

All Chapters