ဘုရားသခင်ကို မြင်တွေ့ရခြင်း
Vol. 14 Ch. 1309
ပိုင်ရှောင်ချန်းမှာ နောက်ဆုံးသော လမ်းပြမှုများကို ပို့ချပြီးနောက် ကြယ်တာရာကောင်းကင်ထဲရှိ ကုဋေကုဋာသော ကမ္ဘာများထဲမှ သက်ရှိများကို အာရုံမစိုက်တော့ပေ။ သူသည် ထာဝရအင်မော်တယ်နယ်မြေများ ပျောက်ကွယ်သွားပြီးနောက် နှစ်ပေါင်းများစွာအကြာ ကုန်းမြေထုကြီးတစ်ခုအသွင် ပြောင်းလဲသွားခဲ့သည့် နေရာတွင် တင်ပျဥ်ခွေထိုင်လိုက်တော့သည်။
သူသည် မျက်လုံးများကို မှိတ်လိုက်ပြီး နှစ်ပေါင်းများစွာတိုင်အောင် မလှုပ်မယှက်ထိုင်နေရာ ရုပ်ထုတစ်ခုအသွင် ပြောင်းလဲသွားေတာ့သည်။
မည်သည့်အရာမျှ မရှိသည့်အနေအထားမှ အသက်များဖြစ်တည်လာခဲ့ပြီး စည်ပင်ဝဖြိုးလာသည့်အခြေအနေသို့ ရောက်လာသည့် ဖြစ်စဥ်အတွင်း ပိုင်ရှောင်ချန်းမှာ ထာဝရ၏အနှစ်သာရကိုသာမက လျှို့ဝှက်ဆန်းကြယ်စွမ်းအင်ကြီးကိုပါ တစ်ကြိမ်မျှပင် မခံစားမိခဲ့ပေ။ ထာဝရပန်းပွင့်က အချိန်နှင့်အာကာသမြစ်ထဲသို့ ပြုတ်ကျသွားပြီးနောက် ထာဝရ၏အနှစ်သာရမှာ မရှိတော့သည့်အလား ပျောင်ကွယ်သွားခဲ့ရသည်။
" အသက်တွေကို ဖန်တီးပြီးရင် "
ပိုင်ရှောင်ချန်းက ရေရွတ်လိုက်သည်။
" နောက်တစ်ဆင့်က အနှစ်သာရနဲ့ပတ်သတ်ပြီး ဉာဏ်အလင်းပွင့်ဖို့ပဲ "
ထိုသို့ဖြင့် သူသည် သူ၏နတ်ဘုရားအာရုံကို ကြယ်တာရာကောင်းကင်ထဲသို့ ထုတ်လွှတ်လိုက်ပြီး မရေမတွက်နိုင်အောင် များပြားလှသော သက်ရှိများနှင့်အတူ ပေါ်ထွက်လာခဲ့သည့် သဘာဝဥပဒေသများကို လိုက်လံရှာဖွေလိုက်တော့သည်။
လွန်ခဲ့သော နှစ်ပေါင်းများစွာခန့်က သူ၏တာအိုမှာ ကြယ်တာရာကောင်းကင်ကြီးအား အလင်းပေး၍ မိုးမြေဧကရာဇ်တစ်ပါးအဖြစ်သို့ ရောက်ရှိရန် ဖြစ်သည်။ ထိုတာအိုကို သူ အောင်မြင်ခဲ့ပေသည်။ အမှန်အတိုင်းဆိုရလျှင် သူသည် ကြယ်တာရာကောင်းကင်ကြီးအား အလင်းပေးသည်ထက်ပင် ပို၍ စွမ်းဆောင်နိုင်ခဲ့သည်။ ၎င်းထံသို့ အသက်ဓာတ်များကို ပြန်လည်ယူဆောင်ပေးနိုင်ခဲ့သည် မဟုတ်ပါလော။
သို့သော် ယခုတွင် သူ၏ကျင့်ကြံခြင်းအခြေခံကို စိတ်ပူမနေတော့ပေ။ သူသည် ကြယ်တာရာကောင်းကင်ထဲရှိ ကမ္ဘာပေါင်းမြောက်မြားစွာ၏ အနှစ်သာရများကို နားလည်ရန်လိုအပ်ပြီး ထိုနားလည်မှုကို အသုံးချ၍ ထာဝရကိုဖန်တီးရမည် ဖြစ်သည်။
" မင်းတို့အားလုံး ငါ့ကိုစောင့်နေကြပါ... မကြာတော့ဘူး ... သိပ်မကြာတော့ပါဘူး "
အချိန်များ ကုန်ဆုံးသွားသည်နှင့်အမျှ သူသည် လိုအပ်သော ဉာဏ်အလင်းပွင့်မှုကို ရှာဖွေရင်း ကြယ်တာရာကောင်းကင်ကြီး၏ တစ်စိတ်တစ်ပိုင်းအဖြစ်သို့ ရောက်သွားတော့သည်။
ယခုအကြိမ်တွင်မူ နှစ်ပေါင်းတစ်သောင်းသာ ကုန်ဆုံးသွားသည်မဟုတ်။ နှစ်ပေါင်းတစ်သန်းလည်း မဟုတ်ပေ။ ၎င်းတို့ထက် ပို၍ပင်ကြာပေသည်။ တဖြည်းဖြည်းနှင့် ရေတွက်၍မရနိုင်တော့သည့် အနေအထားအထိ ရောက်ရှိသွားရတော့သည်။ ကြယ်တာရာကောင်းကင်ထဲရှိ ကမ္ဘာပေါင်းတစ်သန်းရှစ်သောင်းထဲတွင် ပိုင်ရှောင်ချန်းမှာ ရှေးဟောင်းသမိုင်းတစ်ခု ဖြစ်သွားခဲ့ပြီး သူ၏ဖြစ်တည်မှုကို ရှေးအကျဆုံးသော မှတ်တမ်းများထဲတွင်သာ ရှာတွေ့နိုင်တော့သည်။
မျိုးဆက်များ တစ်ခုပြီးတစ်ခု ပေါ်ထွက်လာလာသည်နှင့်အမျှ လူများမှာ ကျင့်ကြံခြင်း၏ မူလဇစ်မြစ်နှင့်ပတ်သတ်သော ဒဏ္ဍာရီများကို မယုံကြည်ကြတော့ပေ။ ကျင့်ကြံခြင်းသည် သူတို့၏ကိုယ်ပိုင်စွမ်းအားမှ ဆင်းသက်လာသည်ဟု လူအများ ယုံကြည်လာကြတော့သည်။
လွန်ခဲ့သော နှစ်ပေါင်းများစွာခန့်က ပိုင်ရှောင်ချန်း ဖြန့်ကြက်ခဲ့သည့် သစ်စေ့များကို ကြယ်တာရာကောင်းကင်ထဲရှိ လူများက မေ့ပျောက်သွားကြပြီ ဖြစ်သည်။ သူတို့က နည်းလမ်းအသစ်များ၊ နတ်ဘုရားအစွမ်းအသစ်များနှင့် မှော်ပညာကျောင်းတော်အသစ်များကို တီထွင်ဖန်တီးခဲ့ကြသည်။ ကျင့်ကြံခြင်းလောကကြီး တိုးတက်ပြောင်းလဲလာပြီး စစ်မက်များစွာလည်း ဖြစ်ပွားခဲ့ကြသည်။
နှစ်ပေါင်းများစွာ ကုန်ဆုံးသွားသည်။ ပါရမီပါသော လူများက ကျင့်ကြံခြင်းကိုလေ့လာ၍ သူတို့၏အမှားအယွင်းများကို မှတ်သားခဲ့ကြပြီး နောက်မျိုးဆက်သစ်များအား လက်ဆင့်ကမ်းပေးခြင်းအားဖြင့် သူတို့၏ဘဝကို ဖြတ်သန်းခဲ့ကြသည်။ အဆုံးတွင် ယခင်ကမျိုးဆက်များ၏ ကျရှုံးမှုများကို ပြင်ဆင်၍ ကမ္ဘာပေါင်းတစ်သန်းရှစ်သောင်းထဲတွင် ပထမဦးဆုံး ကောင်းကင်ဧကရာဇ်အဆင့် ကျင့်ကြံသူတစ်ယောက် ပေါ်ထွက်လာခဲ့သည်။
ထိုကောင်းကင်ဧကရာဇ်အဆင့် ကျင့်ကြံသူမှာ သူနေထိုင်ရာ ကမ္ဘာကြီး၏ ထောက်ခံချက်ကို ရရှိခဲ့ပြီး သူ၏ရှေ့ရှိ တစ်ဦးတစ်ယောက်မှ မလုပ်ခဲ့ဖူးသည့် အလွန်တရာ ခမ်းနားကြီးကျယ်သော လုပ်ရပ်တစ်ခုကို ပြုလုပ်ရန်ကြိုးပမ်းခဲ့သည်။ သူသည် သူနေထိုင်ရာကမ္ဘာထဲမှ ဖောက်ထွက်၍ ကြယ်တာရာကောင်းကင်ထဲသို့ ခြေချရန်ကြိုးစားခဲ့ခြင်း ဖြစ်သည်။ သို့သော် သူ၏တစ်ဘဝလုံးကြိုးစားပြီး စုစည်းနိုင်သမျှ ရင်းမြစ်ပစ္စည်းအားလုံးကို အသုံးပြုခဲ့ပါသော်လည်း မအောင်မြင်ခဲ့ပေ။
နောက်ဆုံးတွင် အခြားသော ကမ္ဘာများ၏ လူများထဲတွင်လည်း အမျိုးမျိုးသော ကောင်းကင်ဧကရာဇ်များ ပေါ်ထွန်းလာခဲ့သည်။
ကြယ်တာရာကောင်းကင်ထဲရှိ ကျင့်ကြံခြင်းလောကကြီးမှာ ကောင်းကင်ဧကရာဇ်များ၏ ခေတ်သို့ ရောက်သွားပြီဖြစ်သည်။
ကောင်းကင်ဧကရာဇ်အဆင့် ကျင့်ကြံသူအားလုံးမှာ သူတို့နေထိုင်ရာကမ္ဘာမှ ထွက်ခွာ၍ ကြယ်တာရာကောင်းကင်ထဲသို့ ခြေချရန် ဆန္ဒပြင်းပြခဲ့ကြသည်။ ကောင်းကင်ဧကရာဇ်အဆင့်ထက် ပိုသောအဆင့်သို့ ရောက်နိုင်မည့် တစ်ခုတည်းသော နည်းလမ်းမှာ သူတို့၏ကောင်းကင်အလွန်တွင် တည်ရှိသောနေရာ၌ လမ်းစဥ်ရှာဖွေရန်သာ ဖြစ်သည်ဟု သူတို့က ယုံကြည်ထားကြသည် မဟုတ်ပါလော။
သို့သော်လည်း မည်သည့်ကောင်းကင်ဧကရာဇ်မှ မအောင်မြင်ခဲ့ကြပေ။ သူတို့မှာ မည်မျှပင် အရည်အချင်းပြည့်ဝစေကာမူ ကောင်းကင်ကြီး၏ အဆုံးသတ်သို့ ရောက်သွားကြသည့်အချိန်တွင် ကြယ်တာရာကောင်းကင်ထဲသို့ ခြေလှမ်းတစ်ဝက်ထက် ပို၍မလှမ်းနိုင်ခဲ့ကြပေ။
နှစ်ပေါင်းများစွာ ထပ်၍ကုန်ဆုံးသွားသည်။ ကောင်းကင်ဧကရာဇ်များလည်း ထပ်၍ပေါ်ထွန်းလာခဲ့ပြီး တစ်ယောက်မှာ လောကနတ်ဘုရားအဆင့်အထိ ရောက်သွားခဲ့သည်။
ထိုလူမှာ အဘိုးကြီးတစ်ယောက်ဖြစ်ပြီး သူ အဆင့်တက်သွားသောအခါ သူ၏ရယ်သံကြီးမှာ သူနေထိုင်ရာ ကမ္ဘာထဲတွင် ပြည့်နှက်သွားသည်။ ကောင်းကင်ကြီး အဆုံးသို့ သူ မြင့်တက်သွားသည်ကို လူတိုင်းမှာ အားကျစိတ်လှုပ်ရှားစွာ ကြည့်နေကြတော့သည်။
" စီမာနန်ဆိုတဲ့ငါ နောက်ဆုံးတော့ အဆင့်တက်နိုင်ခဲ့ပြီ။ ဒါက ဒဏ္ဍာရီလာ လောကနတ်ဘုရားအဆင့်ပဲ... "
သူသည် တဟားဟား ရယ်မောရင်း လေပေါ်သို့ ပျံတက်သွားပြီး ကြယ်တာရာကောင်းကင်ထဲသို့ လှမ်းလိုက်တော့သည်။
" ကြယ်တာရာကောင်းကင်၊ ကြယ်တာရာကောင်းကင် "
သူသည် လေပေါ်တွင်ရစ်ဝဲရင်း စိတ်လှုပ်ရှားနေပြီး ဆန္ဒပြင်းပြစွာဖြင့် ဘေးဘီဝဲယာသို့ ဝေ့ဝိုက်ကြည့်လိုက်သည်။ သူ၏ပန်းတိုင်မှာ ကြယ်တာရာကောင်းကင်ကြီးအား သူ၏ကိုယ်ပိုင်မျက်လုံးများဖြင့် မြင်တွေ့နိုင်ရန်ဖြစ်ပြီး အခြားကမ္ဘာများ ရှိ၊မရှိ ရှာဖွေရန် ဖြစ်သည်။
ကျင့်ကြံခြင်းလောကမှာ ကြယ်တာရာကောင်းကင်ခေတ်သို့ ရောက်လာပြီဖြစ်သည်။
သူသည် ကြယ်တာရာကောင်းကင်ထဲရှိ ပထမဦးဆုံး လောကနတ်ဘုရားအဆင့်ကျင့်ကြံသူတစ်ယောက် အနေဖြင့် ကမ္ဘာများစွာသို့ သွားရောက်လည်ပတ်ရင်း နှစ်ပေါင်းတစ်ထောင်ကျော် ကုန်ဆုံးသွားခဲ့သည်။ သူ၏ကျင့်ကြံခြင်းအခြေခံမှာ အလွန်စွမ်းအားကြီးမားနေသောကြောင့် သူသည် အလွယ်တကူပင် ထိုကမ္ဘာများကို သိမ်းပိုက်နိုင်ခဲ့သည်။ သို့သော် သူသည် ထိုကမ္ဘာမှလူများကို သူနှင့်အတူ ခေါ်သွား၍မရသလို ထိုကမ္ဘာများအား နယ်ချဲ့ကျွန်ပြုရန် သူ၏မွေးရပ်ကမ္ဘာမှ လူများကိုလည်း ခေါ်ဆောင်သွားရန် မစွမ်းခဲ့ပေ။ သို့ဖြစ်၍ သူသည် သူ သိမ်းပိုက်ခဲ့သော ကမ္ဘာများထံမှ ရင်းမြစ်ပစ္စည်းများကို အတင်းအဓမ္မလုယူကာ ရှေ့သို့ ခရီးဆက်ခဲ့တော့သည်။
ကမ္ဘာများကို သိမ်းပိုက်ရခြင်းမှာ မကြာခင် သူ့အတွက် စိတ်လှုပ်ရှားစရာ မကောင်းတော့ပေ။ သို့သော် ထိုသို့သိမ်းပိုက်လိုက်ပြီး နောက်ဆုံးတွင် ထွက်ပေါ်လာသည့် တည်ငြိမ်အေးချမ်းမှုကြောင့် သူသည် ဤကြယ်တာရာကောင်းကင်တစ်ခုလုံးတွင် အထွတ်အထိပ်အရှင်သခင်ဖြစ်သည်ဟု စတင်ယုံကြည်လာတော့သည်။ လောကနတ်ဘုရားအဆင့်ကျင့်ကြံသူ နောက်ထပ်တစ်ယောက် မပေါ်ထွက်လာသေးသ၍ သူက စွမ်းအားအကြီးဆုံး ကျင့်ကြံသူ ဖြစ်နေမည်သာဖြစ်သည်။
" ပြိုင်ဘက်ကင်း ဖြစ်ရတာ တကယ်တမ်းတော့ အထီးကျန်ဖို့ကောင်းလှပါလား "
သူက သက်ပြင်းချကာ တွေးလိုက်သည်။ လက်ရှိတွင် သူသည် အရိုးဖြင့်ပြုလုပ်ထားသော ဓားကြီးတစ်ချောင်းပေါ်တွင် ထိုင်ရင်း ကြယ်တာရာကောင်းကင်တစ်ခွင် ပျံသန်း၍ နောက်ထပ်ခြေဆန့်စရာ ကမ္ဘာအသစ်တစ်ခုကို ရှာဖွေနေသည်။ ရုတ်တရက် သူက အခြားတစ်ဘက်သို့ လှည့်ကြည့်မိလိုက်တော့သည်။
" အဲဒီဘက်က ... တစ်ခုခုက ငါ့ကိုလှမ်းခေါ်နေတာလား ... "
သူက မျက်မှောင်ကြုတ်လိုက်သည်။ ကြယ်တာရာကောင်းကင်ထဲတွင် ဤကဲ့သို့ သူ ကြုံတွေ့ခံစားရသည်မှာ ယခုသည် ပထမဆုံးအကြိမ်ဖြစ်သည်။ သူသည် သူ၏ကျင့်ကြံခြင်းအဆင့်အပေါ်တွင် ယုံကြည်မှုအပြည့်ရှိသဖြင့် အေးစက်စက်ရယ်မောလိုက်ပြီး ထိုခေါ်သံရှိရာဘက်သို့ ဦးတည်သွားလိုက်တော့သည်။
" ဘယ်ကောင် ဒါမှမဟုတ် ဘယ်လိုဟာမျိုးက ငါ့ကိုဆင့်ခေါ်ရဲတာလဲဆိုတာ ကြည့်ကြသေးတာပေါ့ "
သူသည် မာန်မာနထောင်လွှားသော အေးစက်မှုအရိပ်အယောင်များ ထင်ဟပ်နေသည့် မျက်ဝန်းတစ်စုံဖြင့် နှစ်ပေါင်းခြောက်ဆယ်စက်ဝန်းတစ်ခုလုံး ရှေ့သို့ခရီးဆက်လိုက်တော့သည်။ တချို့အချိန်များတွင် သူသည် သံသယများဝင်လာပြီး ဤခေါ်သံကြီးမှာ မည်မျှအထိ ကွာဝေးနေမည်နည်းဟု တွေးတောမိနေတော့သည်။
" ငါ့ကိုခေါ်နေတာက ဘာများတုန်း ... "
သူက မျက်မှောင်ကြုတ်ရင်း တွေးလိုက်သည်။ နောက်ဆုံးတွင် သူသည် တစ်စုံတစ်ရာ ထူးဆန်းနေကြောင်း ရိပ်မိသွားတော့သည်။ ထိုခေါ်သံမှာ အဝေးရှိနေရာတစ်ခုမှ ထွက်ပေါ်လာခြင်းမဟုတ်ဘဲ သူ၏ဝိညာဥ်ထဲမှ ထွက်ပေါ်လာနေခြင်းသာ ဖြစ်သည်။ ၎င်းက သူ၏ဝိညာဥ်အား နေရာတစ်ခုဆီသို့ သွားရန် တိုက်တွန်းနေသည်။ သို့သော် စီမာနန်မှာ သူ၏ကျင့်ကြံခြင်းအခြေခံကို ယုံကြည်နေဆဲဖြစ်ရာ ရှေ့သို့ အမြန်ဆုံးသောအရှိန်ဖြင့် ဆက်၍ ချီတက်သွားပြန်တော့သည်။
သူ့အား ခေါ်နေသည့် နေရာမှာ သူ ထင်ထားသလောက် မဝေးပေ။ နောက်ထပ် နှစ်ခြောက်ဆယ်စက်ဝန်းတစ်ခု ကုန်ဆုံးသွားပြီးနောက် သူသည် ကြယ်တာရာကောင်းကင်ထဲရှိ အဝေးတစ်နေရာတွင် ကုန်းမြေတစ်ခုရှိနေသည်ကို လှမ်း၍ သတိမြင်လိုက်ရတော့သည်။
" မဟုတ်မှလွဲရော ဒီ စုတ်ပြတ်နေတဲ့နေရာကြီးက တခြားကမ္ဘာများလား "
သူက အေးစက်စက်ရယ်မောလိုက်ပြီး ဘေးဘီဝဲယာကို လှည့်ပတ်ကြည့်လိုက်သည်။ ပြီးခဲ့သော နှစ်ခြောက်ဆယ်စက်ဝန်းနှစ်ခု အတွင်း သူ၏ဝိညာဥ်အား တိုက်တွန်းလှုံ့ဆော်မှုများမှာ သူ့အတွက် အလွန်စိတ်ရှုပ်စရာကောင်းလာခဲ့ရသည်။ သူသည် သူ၏နတ်ဘုရားအာရုံကို ထုတ်လွှတ်လိုက်ပြီး ထိုနေရာတစ်ဝိုက်တွင် အန္တရာယ်ရှိမနေကြောင်း သေချာသွားသောအခါ ထိုကုန်းမြေဆီသို့ ပျံသန်းလာတော့သည်။
ထိုကုန်းမြေပေါ်သို့ စီမာနန် ရောက်သွားချိန်တွင် မည်သည့်သက်ရှိကိုမှ မတွေ့ရသဖြင့် အံ့အားသင့်သွားတော့သည်။ သို့သော်လည်း သူ၏ဝိညာဥ်ထဲရှိ ဆာလောင်မှုမှာ ပို၍ပြင်းထန်လာသည်သာ ဖြစ်သည်။ ဤအခြေအနေတစ်ရပ်လုံးကို သူ သံသယရှိနေပါသော်လည်း နှစ်ခြောက်ဆယ်စက်ဝန်းနှစ်ခု ကုန်ဆုံးခဲ့ပြီးမှ ဤနေရာသို့ရောက်လာခဲ့ရသည်ဖြစ်၍ တစ်ခဏမျှသာ လှည့်ပတ်ကြည့်ရှုပြီး ထွက်သွားရန် မသင့်တော်ကြောင်း သူက သိပေသည်။
အနည်းငယ်ခန့် တွေးတောလိုက်ပြီးနောက် သူ၏မျက်လုံးများမှာ အေးစက်သွားသည်။ ထို့နောက် သူသည် လှစ်ခနဲလှုပ်ရှား၍ သူ့ဝိညာဥ်၏ စောညွှန်ရာနောက်သို့ လိုက်သွားရင်း ထိုကုန်းမြေထုကြီး၏ အတွင်းပိုင်းထဲသို့ ရောက်ရှိသွားသည်။ အဆုံးတွင် သူက တောင်တစ်လုံးကို မြင်လိုက်ရတော့သည်။
ထိုကုန်းမြေထုတစ်ခုစလုံးပေါ်တွင် ထိုတောင်တစ်လုံးသာရှိနေသည် ဖြစ်ပြီး ၎င်း၏ထိပ်တွင် တင်ပျဥ်ခွေထိုင်ကာ တရားမှတ်နေသည့် လူတစ်ယောက်၏ ရုပ်ထုတစ်ခု ရှိနေသည်။
စီမာနန်မှာ ထိုရုပ်ထုကို မြင်လျှင်မြင်ချင်း တဆတ်ဆတ် တုန်ရီသွားရပြီး သူ၏အသိစိတ်များ ချာချာလည်သွားတော့သည်။
" အဲဒီရုပ်ထု ... အဲဒီရုပ်ထုက.... "
သူ၏ဝိညာဥ်မှာ ဖခင်ကိုမြင်လိုက်ရသည့် ကလေးတစ်ယောက်ပမာ တုန်ရီနေပြီဖြစ်သည်။ စီမာနန်မှာ သူ့ကိုယ်သူ မထိန်းချုပ်နိုင်တော့ပဲ ထိုရုပ်ထုဆီသို့ ပျံသန်းသွားပြီးနောက် ဒူးထောက်၍ ဦးချလိုက်တော့သည်။
သူသည် ထိုရုပ်ထုကို မှတ်မိနေသည်ဖြစ်၍ သူ့ကိုယ်သူပင် အလွန်တရာ အံ့အားသင့်သွားရသည်။ ထိုရုပ်ထုမှာ သူ၏ကမ္ဘာမှ လူများထံတွင်သာမက သူ လှည့်ပတ်သွားလာခဲ့သည့် အခြားကမ္ဘာများထဲရှိ လူများထံတွင် ရှိနေသော ရုပ်ထုများနှင့် အလွန်ဆင်တူနေသည်။ ၎င်းမှာ လူအနည်းစုမျှသာသိသော ဒဏ္ဍာရီတစ်ခုနှင့် ချိတ်ဆက်နေသည်လည်းဖြစ်သည်။ ထိုဒဏ္ဍာရီကို ကြားဖူးကြသည့် လူများအားလုံးမှာလည်း ထိုသည်က စိတ်ကူးယဥ်ပုံပြင်တစ်ခုမျှသာဖြစ်သည်ဟု ယူဆခဲ့ကြသည်လည်းဖြစ်သည်။
စီမာနန်မှာလည်း ထိုသို့သာ ယုံကြည်ခဲ့သည်။ သူ၏ကမ္ဘာအပါအဝင် အခြားသောကမ္ဘာအမြောက်အမြားပေါ်တွင် ရှိနေသည့် နတ်ဘုရားများ၏ ပုံစံများမှာ အတူတူဖြစ်နေခဲ့သည်ဖြစ်ကြောင်း သိရှိခဲ့ရပြီးနောက် တစ်ခုခု ထူးဆန်းနေပြီဖြစ်ကြောင်း သူ ခံစားခဲ့ပါသော်လည်း အဆုံးတွင် ထိုခံစားချက်များကို မေ့ပျောက်ပစ်ခဲ့သည်သာဖြစ်သည်။ သို့သော် ယခု ဤရုပ်ထုအား မြင်လိုက်ရသည့်အချိန်တွင် ထိုမှတ်ဉာဏ်များအားလုံး ပြန်၍ပေါ်လာတော့သည်။
သူ၏ဝိညာဥ်ထဲရှိ အငွေ့အသက်များကြောင့် ထိုဒဏ္ဍာရီများမှာ မှန်ကန်နေကြောင်း သူ ယုံကြည်သွားတော့သည်။
ဤရုပ်ထုကြီးကို ဤနေရာတွင် မည်သည့်အဖွဲ့အစည်း၊ မည်သည့်လူမှ လာ၍ ထားခဲ့သည် မဟုတ်ပေ။ စီမာနန်မှာ သူ၏ဝိညာဥ်ထဲရှိ အငွေ့အသက်များကြောင့် အမှန်တရားကို သိနိုင်ပေသည်။ ဤရုပ်ထုကြီးမှာ အသက်ရှိနေသည်သာ ဖြစ်သည်။ ၎င်း၏ရှေ့တွင် ရပ်လိုက်သောအခါ စီမာနန်မှာ သူ၏ကျင့်ကြံခြင်းအခြေခံက စာမဖွဲ့လောက်သည့် အဆင့်တွင်သာရှိနေကြောင်း ခံစားလိုက်ရသည်။ ထိုရုပ်ထုကြီးမှာ တစ်ချက်တွေးလိုက်ရုံမျှဖြင့် သူ့ကိုသာမက သူ၏ကမ္ဘာကြီးတစ်ခုလုံးကိုပါ ဖျက်ဆီးပစ်နိုင်မည်ဟု သူက သိလိုက်သည်။ ကြယ်တာရာကောင်းကင်ကြီးတစ်ခုလုံးကိုပင် ဖျက်ဆီးလိုက ဖျက်ဆီးပစ်နိုင်မည်ဖြစ်သည်။
ထိုရုပ်ထုကြီးမှာ စီမာနန်ရောက်ရှိခဲ့သော ကမ္ဘာများထဲရှိ ဒဏ္ဍာရီများထဲတွင် ဖော်ပြထားသည့် လူပင်ဖြစ်သည်။ သူသည် ရှိရှိသမျှ အရာတိုင်း၏ မူလဇစ်မြစ်ဖြစ်သော ရှေးခေတ်မှ နေနတ်ဘုရားပင်ဖြစ်သည်။
" ငါ ... ဘုရားသခင်ကို မြင်လိုက်ရပြီ... "
စီမာနန်က ရေရွတ်လိုက်သည်။ သူသည် တုန်တုန်ရီရီနှင့် ထိုရုပ်ထုရှေ့တွင် ဝမ်းလျားမှောက်၍ မလှုက်မယှက် ရပ်နေလိုက်တော့သည်။