← Chapters

စိတ်ဆန္ဒကို နိုးထ၍ ကောင်းကင်ပြစ်ဒဏ် ထွက်ပေါ်စေ

Vol. 14 Ch. 1310

စိတ်ဆန္ဒကို နိုးထ၍ ကောင်းကင်ပြစ်ဒဏ် ထွက်ပေါ်စေ

Vol. 14 Ch. 1310

စီမာနန်မှာ ထွက်ခွာမသွားတော့ပေ။ ဘုရားသခင်ဟု သူ ယုံကြည်ထားသော ပိုင်ရှောင်ချန်း၏ ရုပ်ထုအား ရှာတွေ့ပြီးနောက် ထိုနေရာတွင်နေရစ်ကာ ကာကွယ်စောင့်ရှောက်ရန် ဆုံးဖြတ်လိုက်တော့သည်။ သူသည် ထိုနယ်မြေအား ကြယ်တာရာကောင်းကင်ထဲရှိ ` မြင့်မြတ်သောနယ်မြေ ‘ ဟူ၍ပင် နာမည်ကင်ပွန်းတပ်လိုက်သည်။

သူသည် ထိုနေရာတစ်ဝိုက်တွင် သူ၏ကျင့်ကြံခြင်းကို အထောက်အကူပြုသည့် လျှို့ဝှက်ဆန်းကြယ်သော ဂုဏ်သတ္တိများ ရှိနေကြောင်း မကြာခင် သိလိုက်ရသည်။ ထိုနေရာတွင် အချိန်၏စီးဆင်းမှုမှာလည်း မတူညီပဲကွဲပြားနေသည်။ ထိုအချက်များကြောင့် စီမာနန်မှာ စိတ်လှုပ်တရှားဖြင့် ထိုရုပ်ထုအား ဦးချ၍ ပူဇော်လိုက်တော့သည်။

သူက ပိုင်ရှောင်ချန်းအား ပူဇော်ပသကာ ကာကွယ်စောင့်ရှောက်ရင်း နှစ်ပေါင်းများစွာ ကုန်ဆုံးသွားပြီးနောက် ယခင်ကထက်များစွာပို၍ တည်ငြိမ်အေးချမ်းသည့်လူတစ်ယောက် ဖြစ်လာတော့သည်။ သို့သော် ရုပ်ထုကို သူ ကြည့်လိုက်မိသည့်အချိန်တိုင်း သူ၏မျက်ဝန်းများထဲတွင် တုနှိုင်း၍မရနိုင်သော စိတ်အားထက်သန်မှုများဖြင့် တောက်လောင်လာစမြဲပင်။

ထိုသို့ဖြင့် အချိန်များကုန်ဆုံးသွားပြန်သည်။ ကမ္ဘာပေါင်းတစ်သန်းရှစ်သောင်းထဲတွင် နောက်ထပ် လောကနတ်ဘုရားအဆင့် ကျင့်ကြံသူတစ်ယောက် ထပ်၍ပေါ်ပေါက်လာခဲ့သည်။ ထို့နောက် တတိယမြောက်၊ ထိုနောက် စတုတ္ထမြောက်....

ကြယ်တာရာကောင်းကင်ထဲတွင် မှီတင်းနေထိုင်ကြသော လူများထဲမှ လောကနတ်ဘုရားအဆင့် ကျင့်ကြံသူများ စတင်ပေါ်ပေါက်လာပြီဖြစ်သည်။ ထိုကျင့်ကြံသူတိုင်း ကြယ်တာရာကောင်းကင်တစ်ခွင် ခရီးသွားလာခဲ့ကြသည် မဟုတ်ပါသော်လည်း အများစုမှာမူ ထိုသို့ခရီးသွားလာရန် ရွေးချယ်ခဲ့ကြသည်။

အခြားမည်သည့် လောကနတ်ဘုရားအဆင့်ကျင့်ကြံသူမျှ မရှိခဲ့သည့်အချိန်က မြောက်မြားစွာသော ကမ္ဘာများကို စီမာနန် သိမ်းပိုက်ခဲ့သည့်အတိုင်း သူတို့ထဲမှ မည်သူမှ မသိမ်းပိုက်နိုင်ခဲ့ကြပေ။ သို့ပါသော်လည်း သူတို့က ကြယ်တာရာများကို ဖြတ်သန်း၍ နေရာသစ်များသို့ သွားရောက်ရန် အလွန်စိတ်လှုပ်ရှားနေခဲ့ကြသည်သာ ဖြစ်သည်။

ဒုတိယမြောက် လောကနတ်ဘုရားအဆင့် ကျင့်ကြံသူက သူ၏ဝိညာဥ်ထဲမှ လှမ်းခေါ်သံတစ်သံကို ကြားလိုက်ရပြီး စီမာနန်ရှာဖွေတွေ့ရှိခဲ့သည့် နေရာအား ရှာတွေ့သွားတော့သည်။ သူ၏အသွင်အပြင်မှာ စီမာနန်နှင့် လုံးဝတူညီမှု မရှိပေ။ သူက ဧရာမကျောက်ဆောင်ကြီးတစ်ခုနှင့်ပင် ဆင်တူသည်။ သို့သော် ပိုင်ရှောင်ချန်း၏ ရုပ်ထုကိုမြင်လိုက်ရသောအခါ သူသည်လည်း တုန်ရီသွားပြီး ရှိခိုးပူဇော်လိုက်ရသည်သာဖြစ်သည်။

တဖြည်းဖြည်းနှင့် တတိယမြောက်လောကနတ်ဘုရားအဆင့် ကျင့်ကြံသူနှင့် စတုတ္ထမြောက်လောကနတ်ဘုရားအဆင့် ကျင့်ကြံသူတို့ပါ ရောက်လာကြသည်။ နောက်ဆုံးတွင်မူ ကျင့်ကြံသူအယောက်နှစ်ဆယ်ကျော်က ပိုင်ရှောင်ချန်း၏ရုပ်ထုအား ရှာတွေ့သွားကြသည်။ မကြာခင် ထိုနေရာမှ ရှေးအကျဆုံးအချိန်များနှင့်ပတ်သတ်သည့် စိတ်ကူးယဥ်ဒဏ္ဍာရီများမှာ ကြယ်တာရာကောင်းကင်တစ်ခွင်သို့ ပျံ့နှံ့သွားကြတော့သည်။

ပိုင်ရှောင်ချန်းအကြောင်းကို လေ့လာသိရှိခဲ့သည့် ကမ္ဘာများ ပို၍များလာသည်နှင့်အမျှ ရှေးဟောင်းမှတ်တမ်းများကို လေ့လာနေကြသည့် ကျင့်ကြံသူများ၏ အရေအတွက်မှာလည်း မြင့်မားလာခဲ့ပြီး ရှေးယခင်က သမိုင်းကြောင်းများနှင့်ပတ်သတ်သော ဖော်ပြချက်များကို ရှာဖွေတွေ့ရှိသွားကြတော့သည်။ ယဥ်ကျေးမှု တစ်ခုနှင့်တစ်ခု ကူးလူးဆက်နွယ်ကာ ဗဟုသုတများ ဝေမျှကြရင်း ထိုကဲ့သို့သော အလားတူဒဏ္ဍာရီများမှာ ကြယ်တာရာကောင်းကင်ထဲရှိ နေရာတိုင်းတွင် ရှိနေသည်ဖြစ်ကြောင်း သိလိုက်ရသောအခါ သူတို့ အံ့အားသင့်သွားကြတော့သည်။

နေနတ်ဘုရား၊ လတန်ခိုးရှင် ၊ ဖန်ဆင်းရှင်၊ လေဝိညာဥ်၊ ကျောက်တုံးဘိုးဘေး၊ အနန္တဘုရားသခင် … ။ လူများမှာ သူတို့နတ်ဘုရားများ၏ ဘွဲ့ထူးများနောက်ကွယ်ရှိ နာမည်အစစ်အမှန်ကို လေ့လာသိရှိလိုက်ရသောအခါ အံ့သြမှင်တက်ကာ အုပ်အော်သောင်းနင်း ဖြစ်ကုန်ကြတော့သည်။

" ဘုရားသခင်ဆိုတာ... တကယ်ရှိတာပါလား "

" သူက ငါတို့ရဲ့ကမ္ဘာကြီးကိုတင်မကဘူး သက်ရှိတွေအားလုံးကိုပါ ဖန်ဆင်းခဲ့တာပဲ "

" သူပဲ။ ကျင့်ကြံခြင်းလောကကို စတင်တည်ထောင်ခဲ့တာ.... သူပဲ... "

ဒဏ္ဍာရီပုံပြင်များမှာ အမှန်တရားများ ဖြစ်နေခဲ့သည်ဖြစ်၍ ကျင့်ကြံခြင်းလောကတခွင် ရုတ်ရုတ်သဲသဲ ဖြစ်ကုန်ကြတော့သည်။ ပိုင်ရှောင်ချန်း၏ ရုပ်ထုဆီသို့ ဘုရားဖူးခရီးထွက်ကာ ၎င်း၏ အလင်းရောင်ထဲတွင်ခိုလှုံ၍ ထိုနေရာ၏မြင့်မြတ်သောအငွေ့အသက်များကို ခံစားနေကြသည့် လောကနတ်ဘုရားအဆင့်ကျင့်ကြံသူ အရေအတွက် ပို၍များပြားလာသည်။ အဆုံးတွင် ထိုနယ်မြေဆီသို့သွားနိုင်ခြင်းကို ကြီးမြတ်သောဂုဏ်ယူစရာတစ်ခုဟူ၍ပင် သတ်မှတ်လိုက်ကြတော့သည်။

တချိန်တည်းမှာပင် ပိုင်ရှောင်ချန်းသည် ဘွဲ့နာမည်အသစ်တစ်ခုကို ရသွားသည်။

'' ကြယ်တာရာကောင်းကင်၏ မူလဇစ်မြစ် '' ဟူ၍…

နှစ်ပေါင်းများစွာ ကုန်ဆုံးသွားသည့်တိုင်အောင် ဒဏ္ဍာရီပုံပြင်များက အမှန်တရားဖြစ်နေခဲ့ခြင်းကြောင့် ဖြစ်တည်လာခဲ့သည့် အံ့သြမှုများမှာ ပျောက်ကွယ်မသွားခဲ့ပေ။ နောက်ဆုံးတွင် စီမာနန်သာမက ပိုင်ရှောင်ချန်းအား ရှာဖွေတွေ့ရှိခဲ့ပြီး သူ့အား စောင့်ရှောက်ပေးခဲ့ကြသည့် မူလလောကနတ်ဘုရားအဆင့် ကျင့်ကြံသူများပါ ကွယ်လွန်သွားကြတော့သည်။ ထိုအခါ လောကနတ်ဘုရား မျိုးဆက်သစ်တစ်ခုမှာ သူတို့၏ဝိညာဥ်များထဲမှ ခေါ်သံနောက်သို့လိုက်ကာ ဘုရားသခင်၏ အနီးသို့ရောက်လိုသော ဆန္ဒဖြင့် ရောက်ရှိလာကြတော့သည်။ သူတို့မှာလည်း ပိုင်ရှောင်ချန်းအား ကာကွယ်စောင့်ရှောက်ရန် ဆုံးဖြတ်လိုက်ကြသည်။

သို့သော် သက်ရှိတိုင်းတွင် ထိုသို့သော စိတ်နေသဘောထား၊ စရိုက်နှင့် တွေးတောယူဆနည်းများ မရှိကြပေ။ ကမ္ဘာပေါင်းတစ်သန်းရှစ်သောင်းထဲတွင် ပိုင်ရှောင်ချန်းအား ကြည်ညိုလေးစားမှုမရှိသည့် တန်ခိုးရှင်များလည်း ရှိသည်။ တချို့ဆိုလျှင် သူ့အားပုန်ကန်ရန်ပင် ဆန္ဒရှိနေကြသည်။

" ဘုရားသခင်ကိုသတ်ရင် ငါတို့တွေ တန်ခိုးရှင်တွေ ဖြစ်နိုင်ပြီ "

လူအများစုမှာ ထိုကဲ့သို့အယူအဆများကို စတင်စွဲလမ်းလာကြပြီဖြစ်သည်။ နှစ်ပေါင်းများစွာ ကြာပြီးနောက် လောကနတ်ဘုရားများမှာပို၍ စွမ်းအားကြီးမားလာပြီး နောက်ဆုံးတွင် ကြယ်တာရာကောင်းကင်ထဲ၌ မိုးမြေဧကရာဇ်တစ်ပါး ပေါ်ထွက်လာတော့သည်။

မိုးမြေဧကရာဇ်များမှာ လောကနတ်ဘုရားများနှင့် မတူလောက်အောင် မြင့်မားသော အဆင့်တစ်ခုတွင် ရှိသည်ဖြစ်၍ ထိုကဲ့သို့တစ်ယောက်ပေါ်ထွက်လာသည်နှင့် ကြယ်တာရာကောင်းကင်အဖွဲ့အစည်းတစ်ခုလုံးကို တုန်ရီသွားစေတော့သည်။ ထို့အပြင် ဤမိုးမြေဧကရာဇ်မှာ ငြိမ်းချမ်းရေးကို စိတ်မဝင်စားသူ ဖြစ်သည်။ ထို့ကြောင့် သူနှင့်ရင်ဆိုင်ရသည့် လူများထံတွင် ရွေးချယ်စရာနှစ်ခုသာရှိသည်။ အုပ်ချုပ်မှုအသစ်လက်အောက်သို့ ဝင်လျှင်ဝင်၊ မဝင်လျှင် စစ်ပွဲမီးတောက်များထဲတွင် သေဆုံးရန်ပင် ဖြစ်သည်။

ထိုမိုးမြေဧကရာဇ်ကြီးမှာ ကြယ်တာရာကောင်းကင်၏ နယ်မြေအများစုကို လက်အောက်ခံအဖြစ် သိမ်းသွင်းပြီးနောက် သူ၏ပိုင်နက်များမှာ မြစ်ထဲရှိ သဲမှုန်များကဲ့သို့ များပြားကျယ်ပြောသွားတော့သည်။ ထိုအချိန်တွင် သူက ဆုံးဖြတ်ချက်တစ်ခု ချလိုက်တော့သည်။

ကြယ်တာရာကောင်းကင်ကြီး၏ အလယ်ဗဟိုရှိ ဒဏ္ဍာရီလာ မြင့်မြတ်သောနယ်မြေသို့ သူ သွားရောက်၍ ပိုင်ရှောင်ချန်း၏ ရုပ်ထုရှေ့တွင်ရပ်ပြီး အသေအကြေတိုက်ခိုက်ရန် စိန်ခေါ်လိုက်တော့သည်။

ထိုဖြစ်ရပ်ကြီးမှာ ကြယ်တာရာကောင်းကင်ထဲတွင် နေထိုင်သည့် လူအားလုံးအတွက် အလွန်အမင်း အံ့အားသင့်ဖွယ်ရာဖြစ်ရပ်တစ်ခု ဖြစ်သွားတော့သည်။ သို့သော်လည်း ထိုတိုက်ပွဲကို ကြည့်ရန် မည်သူမျှရောက်မလာခင် တိုက်ပွဲမှာ ပြီးဆုံးသွားပြီဖြစ်သည်။

ထိုအချိန်တွင် မြင့်မြတ်သောနယ်မြေအား စောင့်ရှောက်နေကြသည့် လောကနတ်ဘုရားအဆင့် တန်ခိုးရှင်များမှာ ထိုတိုက်ပွဲကြီးကို ကျောက်စိမ်းပေလွှာများဖြင့် မှတ်တမ်းတင်နိုင်လိုက်ကြသည်။ နောက်ပိုင်းတွင် ထိုပုံရိပ်များကို ကျင့်ကြံသူများကြားထဲတွင် ဖြန့်ဝေပေးလိုက်ကြသောအခါ သူတို့အားလုံးမှာ မြင်တွေ့လိုက်ရသည့်အရာများကြောင့် ကြက်သေသေကုန်ကြပြီး ချက်ချင်းပင် မြေပြင်ပေါ်သို့ ဒူးထောက်လိုက်ကြပြီး မြင့်မြတ်သောနယ်မြေရှိရာဘက်သို့ ဦးညွှတ်အရိုအသေးပေလိုက်ကြတော့သည်။

ထိုကျောက်စိမ်းပေလွှာများထဲရှိ ရုပ်ပုံများထဲတွင် မိုးမြေဧကရာဇ်တစ်ပါးက အနှစ်သာရ၏စွမ်းအားများကို ထုတ်လွှတ်၍ သူ၏ပတ်ပတ်လည်ရှိအရာအားလုံးကို အပြင်းအထန် တုန်ရီသွားစေပြီးနောက် ဥက္ကာပျံတစ်လုံးကဲ့သို့ ထိုရုပ်ထုကြီးဆီသို့ ပျံသန်းသွားနေသည့် မြင်ကွင်းကို ဖော်ပြထားသည်။ ပိုင်ရှောင်ချန်း၏ရုပ်ထုအနီးသို့ သူ ရောက်သွားချိန်တွင် ထိုရုပ်ထုကြီးမှာ လှုပ်ပင်မလှုပ်ပေ။ သို့သော်လည်း ထိုမိုးမြေဧကရာဇ်မှာ တစ်စစီပြိုလဲပျက်စီးကာ ပျက်သုဥ်းပျောက်ကွယ်သွားပြီး မည်သည့်အစအနမှ မကျန်ခဲ့တော့ပေ။

ထိုကဲ့သို့သော အချင်းအရာမျိုးကို ပြုလုပ်နိုင်သည့် စွမ်းအားအဆင့်ကို မည်သူမျှ မသိကြသဖြင့် သူတို့မှာ ၎င်းအား ဘုရားသခင်၏စွမ်းအားဟူ၍သာ ခေါ်ဝေါ်သမုတ်လိုက်ကြတော့သည်။

မည်သူကမှ ဘုရားသခင်၏ စွမ်းအားကို စိန်မခေါ်ရဲကြပေ။ နှစ်ပေါင်းများစွာထပ်၍ကုန်ဆုံးသွားပြီးနောက် ကြယ်တာရာကောင်းကင်ကြီးမှာ မိုးမြေဧကရာဇ်ခေတ်သို့ ရောက်ရှိလာတော့သည်။ ဘုရားသခင်က မိုးမြေဧကရာဇ်တစ်ပါးကို သုတ်သင်ခဲ့သည့်ဇာတ်လမ်းမှာ ဒဏ္ဍာရီတစ်ခုဖြစ်သွားခဲ့ပြီး ကြယ်တာရာကောင်းကင်ထဲရှိ ကမ္ဘာအမြောက်အမြား၏စိတ်ဆန္ဒများကလည်း မိုးမြေဧကရာဇ်များ ပေါ်ထွက်လာနိုင်စေရန် ထောက်ခံမှုများ ပေးခဲ့ကြသည်။

ထိုသို့ဖြင့် အခြားမိုးမြေဧကရာဇ်များထက် များစွာပို၍စွမ်းအားကြီးမားပြီး အခြားမိုးမြေဧကရာဇ်များနှင့် လုံးဝမတူသော တာအိုတစ်ခုကို ပိုင်ဆိုင်ထားသည့် မိုးမြေဧကရာဇ်တစ်ပါး ပေါ်ထွက်လာတော့သည်။ သူသည် ကျင်းနက်ကြီးတစ်ကျင်းကဲ့သို့ အခြားသောသက်ရှိအားလုံးကို ဝါးမျို၍ အဆုံးတွင် ဘုရားသခင်ကို စိန်ခေါ်သည့် ဒုတိယမြောက် ကျင့်ကြံသူဖြစ်လာတော့သည်။

သူသည် ဘုရားသခင်အားဝါးမျို၍ သူကိုယ်တိုင် ဘုရားသခင်တစ်ပါးအဖြစ်သို့ ရောက်ရန် ရည်ရွယ်ထားသည်။ မြင့်မြတ်သောနယ်မြေ၏ အစောင့်အရှောက်များမှာ ထိတ်လန့်တုန်လှုပ်သွားရပါသော်လည်း သူ့အား မတားဆီးနိုင်ခဲ့ပေ။ သူတို့မှာ သူတို့ခေတ်မှ စွမ်းအားအကြီးဆုံးမိုးမြေဧကရာဇ်က လက်များကိုနောက်တွင်ယှက်၍ ရုပ်ထုရှိရာတောင်ဆီသို့ လျှောက်လှမ်းလာနေသည်ကို ကြည့်ရုံသာကြည့်နေနိုင်တော့သည်။

" ဘုရားသခင်ရေ... ကျုပ်က ခင်ဗျားရှိတာကို ယုံပါတယ်။ ဒါပေမဲ့ ခင်ဗျားက အတိတ်က အမွေအနှစ်တစ်ခုပဲဆိုတဲ့အချက်ကို ကျုပ်က ပိုယုံတယ်။ ခင်ဗျား ဒီနေ့အထိ မပျောက်မပျက်တည်ရှိလာတာ ဘယ်သူက ဂရုစိုက်ရမှာတုန်း။ အခုလို သုံးစားမရပဲ ထိုင်နေမဲ့အစား ကျုပ်အတွက် ခြေနင်းကျောက်ဖြစ်လိုက်စမ်းပါလား "

သူသည် တောင်ထိပ်သို့ ဖြည်းညင်းစွာ လျှောက်လှမ်းသွားပြီးနောက် ရုတ်တရက် တုန်ရီသွားတော့သည်။ သူသည် အသက်ပင်မရှူနိုင်တော့သဖြင့် နောက်သို့ တစ်လှမ်းဆုတ်ရန် ပြင်လိုက်စဥ် အစအနရှာမရအောင် ပျောက်ကွယ်သွားတော့သည်။ ပတ်ပတ်လည်ရှိ အစောင့်အရှောက်များမှာမူ တုန်လှုပ်ခြောက်ခြားသွားကြတော့သည်။

သုဿာန်တစပြင်အလား တိတ်ဆိတ်ငြိမ်သက်သွားသည်။ ဤဘုရားသခင်အားစိန်ခေါ်ပွဲမှာ ပထမဦးဆုံး စိန်ခေါ်ခဲ့သည့် မိုးမြေဧကရာဇ်၏ ဒဏ္ဍာရီများနှင့် တစ်ထေရာတည်းပင်။ ထို့နောက် ရုပ်ထုကြီးမှာ မျက်လုံးများပွင့်လာသဖြင့် အစောင့်အရှောက်များ အံ့သြမှင်တက်သွားကြတော့သည်။

တစ်ပြိုင်နက်တည်းမှာပင် ကြယ်တာရာကောင်းကင်ထဲတွင် ပြည့်နှက်နေသည့် နေမင်းပေါင်း မြောက်မြားစွာမှာ မကြုံစဖူးသော အလင်းရောင်များဖြင့် တောက်ပလာပြီး လမင်းများမှာလည်း ယခင်ကထက် ပို၍မျက်စိကျိန်းမတတ် ပြိုးပြိုးပြက်ပြက် ဝင်းလက်တောက်ပလာသည်။

ကမ္ဘာပေါင်းတစ်သန်းရှစ်သောင်းထဲတွင် နေထိုင်နေကြသည့် သက်ရှိများမှာ နွေးထွေးပြီး ရှေးဆန်လွန်းလှသော စကားသံတစ်သံကိုကြားလိုက်ရ၍ စိတ်ဝိညာဥ်များထဲအထိ တုန်လှုပ်သွားကြတော့သည်။

" ငါ အတော်ကို ပေါ့လျော့တာပဲ ... စိတ်ဆန္ဒကို နိုးထ၍ ပြစ်ဒဏ် ပေါ်ပေါက်လာစေ "

ထိုစကားသံကြောင့် ကြယ်တာရာကောင်းကင်ထဲရှိ အနှစ်သာရ သို့မဟုတ် မှော်ဥပဒေသများ ပါဝင်နေသည့် အရာအားလုံး နိုးထလာကြတော့သည်။ လူအားလုံး၏ စိတ်ထဲတွင် အတွေးတစ်ခုပေါ်ပေါက်လာပြီး ကျယ်ပြန့်လှသော ကြယ်တာရာကောင်းကင်ထဲတွင် သဘာဝဥပဒေသတစ်ခု ပေါ်ပေါက်လာတော့သည်။

၎င်းမှာ ကောင်းကင်ပြစ်ဒဏ်၏ သဘာဝဥပဒေသပင် ဖြစ်သည်။

ယခုမှစ၍ ကောင်းကင်ပြစ်ဒဏ် ရှိလာပြီဖြစ်ပြီး ၎င်းအား စိန်ခေါ်သူများမှာ ပိုင်ရှောင်ချန်းအား စိန်ခေါ်ခြင်းနှင့် အတူတူပင် ဖြစ်သွားမည်ဖြစ်သည်။

ပိုင်ရှောင်ချန်းမှာ စိန်ခေါ်မှုများကို မငြင်းဆန်ပါသော်လည်း ငြိမ်းငြိမ်းချမ်းချမ်းနှင့် ဉာဏ်အလင်းပွင့်မှုကို ရှာဖွေချင်သေးသည်လည်း ဖြစ်သည်။ သူ၏စကားသံများနှင့်အတူ သူ့ရုပ်ထု၏ပတ်ပတ်လည်တွင် မတ်တတ်ရပ်နေကြသည့် အစောင့်အရှောက်များမှာလည်း ပျောက်ကွယ်သွားကြပြီး သူတို့လာခဲ့သော ကမ္ဘာများထဲတွင် ပြန်၍ပေါ်လာကြတော့သည်။

ထိုအခိုက်အတန့်တွင် အမျိုးမျိုးသော ရှေးဟောင်းမှတ်တမ်းများထဲတွင် ရှိနေသည့် ပိုင်ရှောင်ချန်းနှင့်ပတ်သတ်သော ဖော်ပြချက်များနှင့် အမှတ်တရများမှာ ပျောက်ကွယ်သွားတော့သည်။ ယခုမှစ၍ ပိုင်ရှောင်ချန်းမှာ ကြယ်တာရာကောင်းကင်ထဲရှိလူမျိုးများ၏ မည်သည့်သမိုင်းကြောင်းများထဲတွင်မဆို မရှိတော့ပေ။

ရုပ်ထုကြီးရှိရာ မြင့်မြတ်ေသာနယ်မြေမှာလည်း ပျောက်ကွယ်သွားပြီး မည်သည့်ကျင့်ကြံသူမှ ရှာမတွေ့နိုင်လောက်အောင် ဖြစ်သွားသည်။ ထိုအချိန်မှစ၍ ကြယ်တာရာကောင်းကင်ထဲမှ လူများမှာ သူတို့နည်းသူတို့ဟန်နှင့် တိုးတက်ပြောင်းလဲနေကြတော့သည်။ ကောင်းကင်ဘုံကို စိန်ခေါ်သည့် လူများဆက်လက်၍ ပေါ်ပေါက်လာခဲ့ပါသော်လည်း ပိုင်ရှောင်ချန်း၏ဒဏ္ဍာရီများနှင့် ကြယ်တာရာကောင်းကင်ကြီး၏ မူလဇစ်မြစ်နှင့်ပတ်သတ်သော ယုံတမ်းပုံပြင်များကို အဆုံးသတ်တွင် လူတိုင်း မေ့ပျောက်သွားကြတော့သည်။

အချိန်များဆက်၍ တရွေ့ရွေ့ ကုန်ဆုံးသွားပြန်တော့သည်။

All Chapters