ထာဝရစိတ်ဆန္ဒ ( ဝါ ) အဆုံးမဲ့ စိတ်ဆန္ဒ
Vol. 14 Ch. 1311
ပိုင်ရှောင်ချန်း၏ ပျောက်ကွယ်သွားမှုမှာ ကြယ်တာရာကောင်းကင်ထဲမှ လူများအား ခေတ်သစ်တစ်ခုသို့ ခေါ်ဆောင်သွားတော့သည်။ မည်သူမျှ သူ့အား မမြင်ရတော့ပါသော်လည်း သူက ယခင်က ထာဝရအင်မော်တယ်နယ်မြေများ ရှိနေခဲ့သည့်နေရာတွင်သာ အမြဲတမ်းရှိနေဆဲပင်ဖြစ်ပြီး မျက်လုံးများကိုမှိတ်၍ အနှစ်သာရနှင့် ပတ်သတ်သည့် ဉာဏ်အလင်းပွင့်မှုများကို ရှာဖွေနေဆဲပင်။
ရက်မှသည် နှစ်သို့ကူးပြောင်းသွားကာ အချိန်များ တဖြည်းဖြည်း တိုက်စားသွားသည်။
တစ်ရက်တွင် ပိုင်ရှောင်ချန်းမှာ တရားစမှတ်ခဲ့သည့်အချိန်မှစ၍ ဒုတိယအကြိမ်မြောက်အဖြစ် မျက်လုံးများကို ဖွင့်လိုက်သည်။ ပထမဆုံးအကြိမ်မှာ ကောင်းကင်ပြစ်ဒဏ်ကို သူ ဖန်တီးခဲ့စဥ်က ဖြစ်သည်။ ယခုအကြိမ်တွင်မူ သူသည် အရာအားလုံးကို ဉာဏ်အလင်းပွင့်သွားသောကြောင့်် ဖြစ်သည်။
သူသည် အသက်ဓာတ်ဖြစ်ထွန်းလာမှုကို မျက်မြင်ကိုယ်တွေ့ ကြုံခဲ့ပြီး ဖြစ်သည်။ သူသည် နေမင်း၊ လမင်းနှင့် သက်ရှိများအားလုံးကို ဖန်ဆင်းခဲ့ပြီး ဖြစ်သည်။ သူသည် အမှောင်ထုကြီးနှင့် ကြယ်တာရာကောင်းကင်ကြီး၏ အလင်းရောင်တို့ကိုလည်း လေ့လာကြည့််ရှုခဲ့ပြီး ဖြစ်သည်။ သူသည် သက်ရှိအများအပြား တိုးပွားလာခဲ့သည်ကိုလည်း တွေ့ကြုံခဲ့ပြီး ဖြစ်ပြီး နှစ်သန်းပေါင်းများစွာတိုင်အောင် ဉာဏ်အလင်းပွင့်မှုကိုလည်း ရှာဖွေခဲ့ပြီးဖြစ်သည်။ ယခု သူ၏မျက်လုံးများကို ဖွင့်လိုက်သောအခါ ပကတိတည်ငြိမ်အေးချမ်းခြင်းနှင့် သန့်ရှင်းစင်ကြယ်မှုများကို မြင်နေရပြီ ဖြစ်သည်။
သူသည် အလွန်သန့်ရှင်းစင်ကြယ်လွန်းနေပြီး မြူတစ်မှုန်စာမျှ စွန်းထင်းမှု ရှိမနေသည့်အလားပင်။ ကြယ်တာရာများကို သူ လှမ်း၍ကြည့်လိုက်စဥ် သူ၏မျက်လုံးများမှာ မွေးကင်းစကလေးငယ်တစ်ယောက်၏ မျက်လုံးများနှင့်ပင် ဆင်တူနေသည်။
" ငါ သံယောဇဥ်မဲ့လူသားနဲ့ တိုက်ခိုက်တုန်းက ' အနှစ်သာရဆိုတာ ဘာလဲ ' ဆိုပြီး ငါ့ကိုယ်ငါ ပြန်မေးခဲ့တယ်။ အဲဒီမေးခွန်းကြောင့် အချိန်အတော်အတန်ကြာအောင် အခက်တွေ့နေခဲ့ရပေမဲ့ အခုတော့ ငါနားလည်သွားပြီ။ အနှစ်သာရက ဘာလဲဆိုတာ ငါသိသွားပြီ "
" အနှစ်သာရဆိုတာ အသွင်မရှိသလို ပုံသဏ္ဍာန်မရှိဘူး။ တကယ်တမ်းဆိုရရင် အနှစ်သာရဆိုတာ လုံးဝမရှိတဲ့ အတိုင်းပဲ။ ဒါပေမဲ့ တချိန်တည်းမှာပဲ အနှစ်သာရဆိုတာ အရာအားလုံးကို ဖန်ဆင်းပေးထားတာဖြစ်ပြီး အသွင်အမျိုးမျိုး၊ ပုံသဏ္ဍာန်အမျိုးမျိုးနဲ့ ရှိနေတာ "
" အနှစ်သာရမှာ အစမရှိသလို အဆုံးလည်းမရှိဘူး။ ဒါပေမဲ့ တချိန်တည်းမှာပဲ အနှစ်သာရထဲမှာ အရာအားလုံးရဲ့ အစနဲ့အဆုံး ပါဝင်နေတယ် "
သူသည် ထိုစကားလုံးများကို ခပ်တိုးတိုးလေးသာ ရေရွတ်လိုက်ပါသော်လည်း ကမ္ဘာပေါင်းတစ်သန်းရှစ်သောင်း တုန်ရီသွားရသည်။
" အနှစ်သာရက နေရာလုံးဝမယူပေမဲ့ တချိန်တည်းမှာပဲ နေရာအားလုံးက အနှစ်သာရထဲမှာ ပါဝင်နေကြတယ် "
" အနှစ်သာရဆိုတာ အချိန်ရဲ့ပြင်ပမှာ တည်ရှိပေမဲ့ တချိန်တည်းမှာပဲ အချိန်အားလုံးကို ဖန်ဆင်းထားတာဖြစ်တယ် "
ထိုစကားများကို ဆိုလိုက်သောအခါ ကြယ်တာရာကောင်းကင်ထဲရှိ သဘာဝဥပဒေသအားလုံးနှင့် မှော်ဥပဒေသအားလုံးထံမှ အသံဟိန်း၍ ထွက်လာကြတော့သည်။
" အနှစ်သာရမှာ အသံမရှိ၊ အလင်းရောင်မရှိပေမဲ့ တချိန်တည်းမှာပဲ အနှစ်သာရထဲမှာ အသံနဲ့အလင်းရောင်အားလုံးလည်း ပါဝင်နေတယ် "
" အနှစ်သာရက တစ်နေရာထဲမှာ ရှိမနေပေမဲ့ တချိန်တည်းမှာပဲ နေရာအားလုံးကို ဖန်ဆင်းပေးထားတာဖြစ်ပြီး အဲဒီနေရာတွေအကုန်လုံးက အနှစ်သာရထဲ ပါဝင်နေကြတာဖြစ်တယ် "
ပိုင်ရှောင်ချန်းက ပြုံး၍ ဤပဥ္စမမြောက်နှင့် ဆဋ္ဌမမြောက်စကားတို့ကို ဆိုလိုက်သောအခါ ကြယ်တာရာကောင်းကင်တစ်ခွင်ရှိ သက်ရှိအားလုံး တိတ်ဆိတ်ငြိမ်သက်သွားကြတော့သည်။
ထိုစဥ် ပိုင်ရှောင်ချန်းက နောက်ဆုံးစကားနှစ်ခွန်းကို ရေရွတ်လိုက်တော့သည်။
" အနှစ်သာရဆိုတာ တိုင်းတာလို့မရနိုင်လောက်အောင် သေးငယ်နေသလို တချိန်တည်းမှာပဲ တိုင်းတာလို့မရနိုင်လောက်အောင် ကြီးမားနေတာဖြစ်တယ် "
" အနှစ်သာရဆိုတာ ထူးခြားပြီး အဆုံးအစမဲ့နေတာ ဖြစ်တယ် "
ထိုအခါ တိတ်ဆိတ်ငြိမ်သက်နေသော ကြယ်တာရာကောင်းကင်ကြီးထဲတွင် ရုတ်တရက် စူးရှတောက်ပသော အလင်းရောင်များ ပေါ်ပေါက်လာသည်။ မရေမတွက်နိုင်သော သဘာဝဥပဒေသများနှင့် မှော်ဥပဒေသများက တစ်သားတည်း ပေါင်းစည်းသွားကြပြီးနောက် အရပ်မျက်နှာအနှံ့ ပျံ့လွင့်သွားကြသည်။ ကြယ်တာရာကောင်းကင်ကြီးမှာလည်း ပျောက်ကွယ်သွားပြီး အမှတ်တစ်မှတ်သာ ကျန်ရစ်ခဲ့တော့သည်။
ထိုအမှတ်မှာ အလျား၊ အနံ၊ အမြင့် လုံးဝမရှိသော အမှတ်တစ်မှတ်ဖြစ်သည်။
ထိုအမှတ်က ကြယ်တာရာကောင်းကင်ထဲတွင် ရှိနေသည်။ ၎င်းထဲတွင် မှော်ဥပဒေသနှင့် သဘာဝဥပဒေသများအားလုံးသာမက ကမ္ဘာပေါင်းတစ်သန်းရှစ်သောင်းစလုံး ပါဝင်နေသည်။
ပိုင်ရှောင်ချန်းမှာ ၎င်းကို မြင်လိုက်ရသောအခါ ပြုံးလိုက်သည်။ ထို့နောက် သူ၏လက်ကို ဝှေ့ယမ်းလိုက်ပြီး ထိုအမှတ်အား မျဥ်းကြောင်းတစ်ကြောင်းအသွင် ပြောင်းလဲလိုက်သည်။ ထိုမျဥ်းကြောင်းမှာ အနံနှင့် အမြင့်လုံးဝမရှိပါသော်လည်း အဆုံးမရှိလောက်အောင် ရှည်လျားနေသည်။
" ငါ တစ်ခုခု လိုနေသေးတယ် မဟုတ်လား "
သူက ခေတ္တမျှစဥ်းစားလိုက်ပြီး သူ၏လက်ကို ထပ်မံဝှေ့ယမ်းလိုက်သောအခါ ထိုအဆုံးမရှိဆ ရှည်လျားနေသည့် မျဥ်းကြောင်းကြီးမှာ ရုတ်တရက် အဆုံးမဲ့လောက်အောင် ကျယ်ဝန်းသွားတော့သည်။
၎င်းမှာ တိုင်းတာ၍မရလောက်အောင် ရှည်လျားကာ ကျယ်ဝန်းနေပြီဖြစ်၍ အရပ်မျက်နှာများကိုပင် အတိအကျပြော၍ မရတော့ပေ။ ထိုသို့သော ဖော်ပြချက်များကို အတွေးထဲတွင်သာ ပုံဖော်နိုင်တော့သည်။
အဝေးမှကြည့်လိုက်လျှင် ၎င်းမှာ ကြယ်တာရာကောင်းကင်ကြီးတစ်ခွင် ဖြန့်ကျက်ထားသည့် ဧရာမစက္ကူရွက်ကြီးတစ်ရွက်နှင့် ဆင်တူနေသည်။ ပိုင်ရှောင်ချန်းမှာ ၎င်းအား ခေတ္တမျှကြည့်ကာ ထပ်၍ပြုံးလိုက်ပြီး လက်ကို ဝှေ့ယမ်းလိုက်သောအခါ ၎င်းမှာ တိုင်းတာ၍မရနိုင်လောက်အောင် နက်ရှိုင်းပြီး မြင့်မားသွားတော့သည်။
ယခုအခါ ၎င်းမှာ စက္ကူရွက်တစ်ရွက်နှင့် မတူတော့ပဲ အဆုံးအစမဲ့လောက်အောင် ရှည်လျားကျယ်ပြောပြီး မြင့်မားလှသည့် သေတ္တာကြီးတစ်လုံးနှင့် တူသွားပြီဖြစ်သည်။
" တစ်ခုခု လိုနေတုန်းပဲ "
ပိုင်ရှောင်ချန်းက ခေါင်းကိုခါ၍ လက်ချောင်းကို ဝှေ့ယမ်းလိုက်သောအခါ ထိုအဆုံးအစမဲ့လောက်အောင် ရှည်လျားကျယ်ပြောပြီး မြင့်မားလှသည့် သေတ္တာကြီးမှာ တွန့်လိမ်ကွေးကောက်ကာ ပုံပျက်သွားသည်။ အချိန်ပြောင်းလဲမှုမှာ ၎င်းအား ပုံရိပ်ယောင်တစ်ခုအသွင်မှ လေပွေတစ်ခုအသွင်၊ လေပွေတစ်ခုအသွင်မှ အာကာသအသွင်အဖြစ် ပြောင်းလဲလိုက်သဖြင့် ၎င်းမှာ သက်တမ်းရင့်သွားသည့်ပုံပေါ်ပြီး မှုန်ဝါးသွားတော့သည်။
၎င်းအထဲတွင် လွန်ခဲ့သောနှစ်ထောင်သောင်းများစွာတိုင်အောင် ကြယ်တာရာကောင်းကင်ကြီးအား ဖွဲ့စည်းထားခဲ့ကြသည့် အရာအားလုံးပါဝင်နေပြီး ထိုအရာများမှာလည်း ရှည်မျောဆန့်တန်းနေကြပြီဖြစ်သည်။ ၎င်းထဲတွင် စတင်မွေးဖွားခဲ့သည့်အချိန်မှ သေဆုံးသည့်အချိန်အထိ ရှိနေခဲ့ကြသော သက်ရှိအားလုံးနှင့် စတင်ဖြစ်ပေါ်ခဲ့ချိန်မှစ၍ မျိုးတုံးပျောက်ကွယ်သည့်အချိန်အထိ ရှိနေခဲ့ကြသော သက်ရှိများအားလုံး ပါဝင်နေသည်။ ထို့အပြင် ထိုကာလနှစ်ခုအကြားရှိ အရာအားလုံးလည်း ပါဝင်နေသည်။ ထိုအာကာသထဲသို့ ဝင်ရောက်သွားလိုက်မည်ဆိုပါက အတိတ်တွင်ရှိခဲ့ဖူးသည့် မည့်သည့်အခိုက်အတန့်ထဲတွင်မဆို ပြန်၍ပေါ်လာနိုင်သည်။
ပိုင်ရှောင်ချန်းမှာ အချိန်နှင့်အာကာသတို့ဖြင့် ဖွဲ့စည်းထားသော ကမ္ဘာကြီးကိုကြည့်၍ ခပ်တိုးတိုးဆိုလိုက်သည်။
" ဒါ စီရင်သူအရှင်က နယ်မြေရတနာတွေကိုသုံးပြီး ဖွင့်ခဲ့တဲ့ လေပွေနဲ့ အတူတူပဲ။ ဒီပုံစံနဲ့ အချိန်နဲ့အာကာသမြစ်ဆိုတာ ပေါ်ပေါက်လာရတာပဲ "
သူသည် ညာလက်ကိုဆန့်ထုတ်လိုက်သောအခါ ထိုလက်ထဲ၌ သွေးစွမ်းအင်နတ်ရေစင်ဂိုဏ်းတွင် လိပ်ကလေးနှင့်အတူ ရှာတွေ့ခဲ့သည့် ရွှေရောင်သစ်ရွက်တစ်ရွက် ရှိနေသည်။
ထိုစဥ်က ထိုသစ်ရွက်မှာ မည်သည့်အရာဖြစ်ကြောင်း သူ နားမလည်ခဲ့ပေ။ မိုးမြေဧကရာဇ်အဆင့်သို့ ရောက်ပြီး ဉာဏ်အလင်းပွင့်မှုများကို လိုက်လံရှာဖွေရင်း ထိုသစ်ရွက်ကို ရံခါဖန်ခါ လေ့လာခဲ့ပါသော်လည်း သိပ်မထူးခဲ့ပေ။ သို့သော် ယခုတွင်မူ ထိုသစ်ရွက်အား သူ ငုံ့ကြည့်လိုက်သောအခါ အရာအားလုံး ရှင်းလင်းသွားတော့သည်။
" စိတ်ဝင်စားစရာပဲ။ ဒီသစ်ရွက်က ဘာလဲဆိုတာကို ငါ နားမလည်နိုင်ခဲ့တာ မဆန်းပါဘူး။ တကယ်တမ်းတော့ အဲဒီသစ်ရွက်ကို အကြောဖွဲ့စည်းမှုပုံစံ တူညီမှုမရှိတဲ့၊ တမူထူးခြားတဲ့ သစ်ရွက်တွေအများကြီးနဲ့ပေါင်းပြီး ဖွဲ့စည်းထားတာပဲ။ အဲဒီအကြောတွေက အလင်းဖောက်နိုင်နေတော့ သူတို့ကို မမြင်ရပဲဖြစ်နေတာ "
"ဒါပေမဲ့ ငါ့ရဲ့လက်ရှိ နတ်ဘုရားအာရုံနဲ့ဆိုရင် အဲဒီသွေးကြောတိုင်း သွေးကြောတိုင်းကို မြင်နေရပြီ "
" အဲဒီအကြောတွေထဲမှာ ပါဝင်နေတဲ့ အချက်အလက်တွေက.... "
သူက သိလိုစိတ်ပြင်းပြနေသည့် မျက်ဝန်းများဖြင့် အနီးကပ်ကြည့်ရှုလိုက်ပြီးနောက် အဆုံးတွင် ထပ်၍ပြုံးလိုက်တော့သည်။
" ကဲ ဒါကဘာတုန်း။ အဆုံးမဲ့တာအိုနယ်မြေရဲ့ ကျင့်ကြံခြင်းစနစ်ကို အဆင့်တွေအများကြီး ခွဲထားတာပဲ။ ပထမအဆင့်၊ ဒုတိယအဆင့်၊ တတိယအဆင့်၊ စတုတ္ထအဆင့် ... စတုတ္ထအဆင့်က နောက်ဆုံးပဲ။ ကျင့်ကြံခြင်းကို အဲဒီအဆင့်ထိရောက်အောင် လေ့ကျင့်ပြီးတဲ့ တန်ခိုးရှင်တစ်ယောက်ကမှ ဒီသစ်ရွက်ရဲ့အမှန်တရားကို သိနိုင်မှာပဲ "
" ကြည့်ရတာ စီရင်သူအရှင်သုံးခဲ့တဲ့ နယ်မြေရတနာတွေထဲမှာ စတုတ္ထအဆင့်ရဲ့ စွမ်းအားအပြည့်အဝ ပါဝင်နေခဲ့တဲ့ပုံပဲ "
ပိုင်ရှောင်ချန်းက ပြုံးလိုက်သည်။ ထိုသစ်ရွက်မှာ တမူထူးခြားနေသည့် အသွင်အပြင်မရှိပါသော်လည်း ယခုတွင်မူ ၎င်းကို သော့တစ်ချောင်းအဖြစ်သုံး၍ရကြောင်း သူ သိသွားတော့သည်။ အဆုံးမဲ့တာအိုနယ်မြေဆီသို့ ခေါ်ဆောင်သွားနိုင်သည့် သော့တစ်ချောင်းပင် ဖြစ်သည်။
" ငါ အဲဒီထက်ပိုပြီး လုပ်နိုင်သေးပါတယ် "
သူက မျက်လုံးများကိုမှေးလိုက်ပြီး သူ ဖန်တီးထားသော အာကာသလေပွေထဲသို့ လှမ်းကြည့်လိုက်သည်။ ထိုအခါ သူ၏မျက်ဝန်းများထဲတွင် ထိုလေပွေထဲရှိ ဒိုင်မန်းရှင်းမျိုးစုံမှ ထွက်ပေါ်လာသည့် မရေမတွက်နိုင်လောက်အောင် များပြားသော အလင်းတန်းများဖြင့် ထင်ဟပ်သွားတော့သည်။ ထိုအလင်းတန်းများမှာ ရေတွက်၍မရနိုင်လောက်အောင် များပြားနေကြပြီး အလင်းတန်း တစ်တန်းချင်းစီတွင် တမူထူးခြားသော ကိုယ်ပိုင်ကံကြမ္မာများကို ပိုင်ဆိုင်ထားကြသည့် မြောက်မြားစွာသောသက်ရှိများ ပါရှိနေသည်။
သို့သော် ထိုဒိုင်မန်းရှင်းများကို သူ ကြည့်လိုက်ရုံနှင့် ၎င်းတို့မှာ မတည်မငြိမ်ဖြစ်ကာ တုန်ခါသွားကြပြီး အချိန်မရွေး ပြိုလဲပျက်စီးတော့မည့်အလား ဖြစ်သွားကြသည်။
သို့ဖြစ်၍ သူက အကြည့်လွှဲလိုက်သောအခါ အရာအားလုံး ပျောက်ကွယ်သွားတော့သည်။ သူ ဖန်တီးထားသည့် အချိန်နှင့်အာကာသကို ကိုယ်စားပြုသည့်အရာကြီးမှာလည်း ပျောက်ကွယ်သွားပြီး ကြယ်တာရာကောင်းကင်ကြီးမှာလည်း နဂိုအတိုင်း ပြန်ဖြစ်သွားသည်။
" ငါ လုပ်နိုင်စွမ်း မရှိတာမဟုတ်ဘူး။ ဒီကြယ်တာရာကောင်းကင်ကြီးက ဒီလောက်ကြီးမားတဲ့ ပြောင်းလဲမှုကြီးကို မတောင့်ခံနိုင်ဘူး ဖြစ်နေတာ။ အဆုံးမဲ့တာအိုနယ်မြေထဲက ဖော်ပြချက်တွေအရဆို သူတို့မကြုံဖူးသေးတဲ့ ပဥ္စမမြောက်အဆင့် ရှိနေရမှာ မဟုတ်လား ... "
" ငါ အဆုံးမဲ့တာအိုနယ်မြေဆီ သွားပြီးတော့ သူတို့ရဲ့ကြယ်တာရာကောင်းကင်က အဲဒီလိုမျိုးပြောင်းလဲမှုကို တောင့်ခံနိုင်မလား စမ်းကြည့်ရမယ် "
သူသည် ထိုသို့ဆုံးဖြတ်လိုက်ပြီး သူ၏သစ်ရွက်အား လျစ်လျူရှုလိုက်တော့သည်။
" ထာဝရဆိုတာ ဘာလဲ "
သူ့ကိုယ်သူ ပြန်မေးလိုက်သည်။ တခဏ ကြာပြီးနောက် သူက ခေါင်းခါလိုက်သည်။
" ထာဝရဖြစ်တည်နိုင်တဲ့ အရာတစ်ခုက ဘယ်လိုနည်းနဲ့ ရှိနိုင်ရတာလဲ။ အဆုံးမဲ့တာအိုနယ်မြေက လူတွေပြောစကားအရဆိုရင် သူတို့ရဲ့ စတုတ္ထမြောက်အဆင့်က ထာဝရအဆင့်ပဲ "
" ဒါပေမဲ့ တစ်စုံတစ်ခုကသာ တမူထူးခြားလောက်အောင် ထာဝရဖြစ်နေပြီဆိုရင်တောင် အဲဒါက လူတစ်ယောက်ရဲ့ အတွေးစိတ်ကူးစွမ်းအားပဲနေမှာ "
သူက သက်ပြင်းချလိုက်သည်။
" အတွေးစိတ်ကူးဆိုတာ ရှိရှိသမျှအရာတွေထဲမှာ စွမ်းအားအကြီးဆုံးပဲ။ အခြေခံအားဖြင့်ဆိုရရင် အတွေးစိတ်ကူးဆိုတာ စိတ်ဆန္ဒပဲ "
" ဥပမာပြရရင် ငွေစန္ဒာပန်းသစ်စေ့တွေ ပထမဆုံးအကြိမ်အဖြစ် ပြန့်ထွက်သွားခဲ့တဲ့ အချိန်ကို ကြည့်လိုက်။ အဲဒီအချိန်တုန်းက ငါ စိတ်နှုလုံးလှုပ်ရှားသွားခဲ့ရတာက ... ငါက မူလဗဟိုဘိုးဘေးကြီးရဲ့ အတွေးစတွေ၊ သူ့ရဲ့စိတ်ကူးတွေကနေ မွေးဖွားလာခဲ့လို့ပဲ။ ထာဝရသားတော်တွေအကုန်လုံးကလည်း အဲဒီနည်းနဲ့ပဲ ထာဝရမယ်တော်ဆီကနေ မွေးဖွားလာခဲ့ကြတာပဲ "
သူ မျက်လုံးများမှိတ်လိုက်သောအခါ ထာဝရမယ်တော်က သူမ၏စိတ်ဆန္ဒများပါဝင်နေသည့် ဒုဓလီသစ်စေ့များအား ဖြန့်ကြက်နေသည့် မြင်ကွင်းကိုမြင်လိုက်ရသည်။ သူမသည် ထိုသစ်စေ့များမှာ ကလေးများအဖြစ်ကြီးပြင်းလာကြပြီး အဆုံးတွင် သူတို့ထဲမှတစ်ယောက်မှာ ကြီးမားသောကပ်ဘေးကြီးကို ရပ်တန့်နိုင်လိမ့်မည်ဟု မျှော်မှန်းခဲ့ခြင်း ဖြစ်သည်။
ထိုစိတ်ဆန္ဒ ဖော်ပြချက်များမှာ မိုးမြေဧကရာဇ်သုံးပါးအဖြစ်သို့ ရောက်သွားကြပြီး သူတို့က မသေဆုံးခင်အချိန်လေးတွင် သူတို့၏စိတ်ဆန္ဒကို ထုတ်လွှတ်ခဲ့ကြသည်။ ထိုစိတ်ဆန္ဒထဲမှ တစ်စိတ်တစ်ပိုင်းထဲတွင် ပိုင်ရှောင်ချန်းက သူ၏ကိုယ်ပိုင်အငွေ့အသက်ဟု မှတ်ယူထားသည့် အရာတစ်ခု ပါဝင်နေသည်။
သူသည် လေသံတိုးတိုးဖြင့် ရယ်မောလိုက်ပြီး မတ်တတ်ထရပ်လိုက်သည်။ ထိုအခါ သူ၏ပတ်ပတ်လည်ရှိ အရာအားလုံး ပျောက်ကွယ်သွားပြီး သူက ရှေ့သို့တစ်လှမ်း လှမ်းလိုက်သည်။ ထိုအချိန်တွင် မကြာသေးခင်က ဖန်တီးခဲ့သည့်လေပွေနှင့် ဆင်တူသော လေပွေတစ်ခု ပေါ်ထွက်လာသည်။ ထိုလေပွေ ချာချာလည်ပြီး ပွင့်ထွက်သွားသောအခါ အဆုံးအစမဲ့သော မြစ်ကြီးတစ်စင်း ပေါ်ပေါက်လာတော့သည်။
အချိန်နှင့်အာကာသမြစ်ပင် ဖြစ်သည်။
သူသည် ထိုမြစ်ထဲသို့တစ်လှမ်း လှမ်းလိုက်ပြီး ပျောက်ကွယ်သွားသည်။ ထိုသို့ ပျောက်ကွယ်သွားရင်း သူက စကားပြောလိုက်သဖြင့် ထိုစကားသံများမှာ ကြယ်တာရာကောင်းကင်ထဲတွင်ပဲ့တင်ထပ်သွားပြီးနောက် တဖြည်းဖြည်း ပျောက်ကွယ်သွားကြတော့သည်။
" သမုဒ္ဒရာတွေကို ဖန်ဆင်းချင်တဲ့ စိတ်ဆန္ဒ။
ကောင်းကင်ကြီးကို စေစားချင်တဲ့ စိတ်ဆန္ဒ။
မိစ္ဆာတွေကို နှိမ်နင်းချင်တဲ့ စိတ်ဆန္ဒ။
မရေမတွက်နိုင်တဲ့ တန်ခိုးရှင်တွေကို သတ်ဖြတ်ချင်တဲ့ စိတ်ဆန္ဒ။
ငါ့ရဲ့ စိတ်ဆန္ဒကတော့ ... ထာဝရပဲ။ "
#ဘာသာပြန်သူမှတ်စု။ ထာဝရအသက်ရှည်လိုသော် စာစဥ်၏ မူရင်းနာမည်က A will eternal ဖြစ်ပြီး တိုက်ရိုက်ပြန်ဆိုပါက ( ထာဝရစိတ်ဆန္ဒ ( ဝါ ) အဆုံးမဲ့ စိတ်ဆန္ဒ ) အဖြစ် ပြန်ဆိုရပေမည်။ သို့ဖြစ်ပါ၍ မြန်မာဘာသာဖြင့် စာစဥ်နာမည်ပေးထားသော ထာဝရအသက်ရှည်လိုသော်နာမည်က ယခုအခန်းနှင့် မကိုက်ညီပါသော်ငြား မူရင်းစာစဥ်၏နာမည်နှင့် ဆက်စပ်မှု ရှိသည်ကို ဖော်ပြလိုက်ရပါသည်။
တဆက်တည်း ပြောကြားလိုသည်မှာ မူရင်းစာရေးဆရာ Ergen ၏ နောက်ဆုံးထွက်စာစဥ်ဖြစ်သော A World Worth Protecting စာစဥ်က ဤအခန်းတွင် ပါဝင်သော အဆုံးမဲ့တာအိုနယ်မြေတွင် အခြေတည်ထားပေသည်။
( ထိုစာစဥ်ကိုလည်း အင်မော်တယ်မှ ဆက်လက်ပြန်ဆိုသွားမည်ဖြစ်ပါသည် )