ဘယ်ဘက်
Vol. 14 Ch. 1312
အချိန်နှင့်အာကာသမြစ်မှာ တခြားဒိုင်မန်းရှင်းတစ်ခုတွင် တည်ရှိသည်။ ထိုမြစ်ထဲရှိ ရေများမှာ အချိန်နှင့်အာကာသ၏ပုံရိပ်များဖြင့် ဖွဲ့စည်းထားခြင်းဖြစ်ပြီး လူ့အသက်ပေါင်း ကုဋေကုဋာများစွာ ပါဝင်နေသည်။ ထိုမြစ်ထဲတွင် ယခင်ကရှိခဲ့ဖူးသည့်လူတိုင်းနှင့် နောင်ဖြစ်လတ္တံ့သော လူတိုင်းကို မွေးဖွားချိန်မှအစပြု၍ သေဆုံးသည့်အချိန်အထိ မြင်နိုင်သည်။
ပိုင်ရှောင်ချန်းမှာ ထိုမြစ်ကမ်းပါးပေါ်တွင်ရပ်နေပြီး တည်ကြည်သောအမူအရာဖြင့် မြစ်ရေပြင်ကိုကြည့်၍ တစ်စုံတစ်ရာကို စောင့်ဆိုင်းနေသည်။
များမကြာမီ ရေလှိုင်းထသံများကို ကြားလိုက်ရပြီး လှေတစ်စင်း ပေါ်လာတော့သည်။ ထိုလှေကလေး ရေထဲတွင် သွားလာနေစဉ် ပိုင်ရှောင်ချန်းမှာ အမူအရာမပျက် လှမ်းကြည့်လိုက်ပြီး သူ၏မျက်ဝန်းအစုံမှာ လှေသမားအပေါ်သို့ ကျရောက်သွားသည်။
လှေသမားက ဗြက်ကျယ်သော ဝါးခမောက်ကို ဆောင်းထားသဖြင့် သူ၏မျက်နှာ ကွယ်နေပါသော်လည်း အနီးသို့ရောက်လာချိန်တွင် ခေါင်းမော့လိုက်သဖြင့် ပိုင်ရှောင်ချန်းမှာ ရှေးဆန်သော မျက်နှာသွင်ပြင်ကို တွေ့မြင်လိုက်ရသည်။ ထို့နောက် လှေသမားက ပြုံး၍ ပြောလိုက်သည်။
" ကျေးဇူးပြု၍ လှေပေါ်တက်ပါ တာအိုရောင်းရင်းခင်ဗျား "
ပိုင်ရှောင်ချန်းကလည်း ပြန်၍ပြုံးပြလိုက်ပြီး ခေါင်းညိတ်လိုက်သည်။ သူ လှေပေါ်သို့ တက်ပြီးသွားသောအခါ လှေသမားအဘိုးကြီးက စတင်လှော်ခတ်လိုက်သဖြင့် ထိုလှေကလေးမှာ အချိန်နှင့်အာကာသမြစ်အတိုင်း စုံဆင်းသွားတော့သည်။
အချိန်များကုန်ဆုံးသွားပါသော်လည်း မည်မျှအထိ ကုန်ဆုံးသွားကြောင်း အတိအကျ မသိနိုင်ပေ။ လှေသမားမှာ စကားတစ်ခွန်းမှမပြောသလို ပိုင်ရှောင်ချန်းမှာလည်း ထိုနည်းတူပင်။ သူသည် လှေဦးထိပ်တွင် တိတ်ဆိတ်ငြိမ်သက်စွာဖြင့် မတ်တတ်ရပ်နေသည်သာ ဖြစ်သည်။ သူက လူအသက်ပေါင်းမြောက်မြားစွာကို မြင်တွေ့လိုက်ရပြီး ရေလှိုင်းသံများအကြားတွင်လည်း ပွက်ပွက်ညံနေသော အခြားအသံများကို ကြားနေရသည်။ ထိုအချင်းအရာအားလုံးမှာ စိတ်ကြည်နူးဖွယ် ကောင်းနေတော့သည်။
" ကျုပ်တို့အရင်က ဆုံဖူးတယ်နော် "
ပိုင်ရှောင်ချန်းက ဆိုလိုက်သည်။
ထိုအခါ လှေသမားက သူ့အားလှမ်းကြည့်ကာ ပြုံး၍ ဆိုလိုက်သည်။
" အချိန်နဲ့အာကာသကိုဖြတ်ပြီး တဒင်္ဂစာ တာအိုအကြောင်း ဆွေးနွေးခဲ့တာကို ဆုံဖူးတယ်လို့ သတ်မှတ်ရင်တော့ ကျုပ်တို့ သိပ်ဆုံဖူးတာပေါ့ တာအိုရောင်းရင်းရယ် "
( ဤလှေသမားကြီးကို အခန်း ( ၄၃၉ ) တွင် ပိုင်ရှောင်ချန်း စတင်တွေ့ဆုံခဲ့ဖူးပေသည် )
ပိုင်ရှောင်ချန်းက ပြုံးလိုက်သည်။ ဤအဘိုးကြီး၏ မျက်နှာကိုမြင်လိုက်ရသည်နှင့် မည်သူဖြစ်ကြောင်း သူ တန်း၍သိသွားခဲ့သည်။ ထိုအဘိုးကြီးကား တန်ဖိုးကြီးရတနာတစ်ပါးဖြစ်သော သဲနာရီကြီး၏ ပိုင်ရှင်၊ လောကတာအိုနှင့် နောက်ပိုင်းတွင် သံယောဇဉ်မဲ့လူသားဟု နာမည်ပြောင်းခဲ့သည့် လူသားတာအိုတို့၏ဆရာ ဖြစ်ပေသည်။ ဤအဘိုးကြီးမှာ သူ့ကိုယ်သူ အချိန်အသွင် ပြောင်းလဲခဲ့ခြင်း ဖြစ်သည်။
ထိုအဘိုးကြီးက လှေကိုဆက်လက်လှော်ခတ်ရင်း မေးလိုက်သည်။
" ဘာလို့ ဒီကိုရောက်လာခဲ့တာတုန်း တာအိုရောင်းရင်း "
ပိုင်ရှောင်ချန်းမှာ ရေပြင်ကို ဆက်၍ငေးကြည့်ရင်း ခပ်တိုးတိုးလေးပြန်ဖြေလိုက်သည်။
" ပန်းတစ်ပွင့်ကို ခူးဖို့ပါ။ ထာဝရပန်းပွင့်ဆိုတဲ့ ပန်းပွင့် "
လှေသမားအဘိုးကြီးကမူ ရယ်မောလိုက်သည်။
" အင်း … လွယ်မှာတော့ မဟုတ်ဘူးနော် "
ထိုအချိန်တွင် ပိုင်ရှောင်ချန်းက လက်ဖြင့်လှမ်း၍ဖမ်းဆုပ်လိုက်သည့် အမူအရာတစ်ခု ပြုလုပ်လိုက်သောအခါ သူ၏လက်ချောင်းများအကြားတွင် ကာမအားတိုးဆေးလုံးတစ်လုံး ရုတ်ချည်း ပေါ်ပေါက်လာသည်။
လှေသမားအဘိုးကြီးမှာ ထိုဆေးလုံးကို မြင်လိုက်ရသောအခါ သူ၏ရယ်မောသံ ဆတ်ခနဲ ရပ်တန့်သွားရပြီး သူ၏ပါးစပ်မှာလည်း ပိတ်သွားတော့သည်။ အမှန်တွင် အပြင်ပန်းမှကြည့်လျှင် သူက အလွန်တည်ငြိမ်အေးဆေးနေသည့်ပုံစံ ပေါ်လွင်နေပါသော်လည်း ပိုင်ရှောင်ချန်းစတင် ပေါ်ပေါက်လာသည့်အချိန်မှစ၍ သူ၏နှလုံးသားမှာ စိုးထိတ်မှုများဖြင့် တဒိန်းဒိန်းခုန်နေခဲ့သည်။
ပိုင်ရှောင်ချန်းအား သူ မှတ်မိနေသည်မှာ သဘာဝကျပေသည်။ ဤနေရာသည် အချိန်နှင့်အာကာသမြစ်ဖြစ်ပြီး အဘိုးကြီးက အချိန်ကိုကိုယ်စားပြုနေသည် မဟုတ်ပါလား။ အရာအားလုံးကို သူ သိပေသည်။ ပိုင်ရှောင်ချန်းအား တစ်ချက်မျှ ကြည့်လိုက်ရုံနှင့် သံယောဇဉ်မဲ့လူသားနှင့် တိုက်ခိုက်ခဲ့သည့် တိုက်ပွဲနှင့် ၎င်း၏နောက်ပိုင်းဖြစ်ရပ်အားလုံးကို တွေ့မြင်နိုင်ပေသည်။
ထိုအသေးစိတ်အချက်အလက်အားလုံးကို သူ သိလိုက်ရသောအချိန်တွင် သူ၏အသိဉာဏ် ပြိုလဲသွားရပြီး သူ မြင်တွေ့ခဲ့ရသောအရာအားလုံးကို မယုံကြည်နိုင်လောက်အောင် ဖြစ်သွားခဲ့ရသည်။
ပိုင်ရှောင်ချန်း၏ ကျင့်ကြံခြင်းအခြေခံမှာ ဉာဏ်မမီနိုင်လောက်အောင် မြင့်မားသောအဆင့်သို့ ရောက်နေပြီဖြစ်ကြောင်း သူက သိသည်။ အမှန်အတိုင်းဆိုရပါက ဤမျှစွမ်းအားကြီးမားသူတစ်ယောက် ရှိနိုင်လိမ့်မည်ဟု သူ တစ်ခါမှ မထင်ထားမိခဲ့ပေ။
လှေသမားအဘိုးကြီးမှာ စတုတ္ထမြောက်အဆင့်သို့ ရောက်ရှိနေသည်မှာ ကြာမြင့်လှပြီဖြစ်သော်လည်း ပိုင်ရှောင်ချန်းကဲ့သို့ တန်ခိုးကြီးမားလွန်းလှသည့်လူတစ်ယောက် ဖော်စပ်ထားသော ကာမအားတိုးဆေးလုံးတစ်လုံးကို မစားရဲပေ။
တခြားဆေးလုံးများဆိုပါက သူတောင့်ခံလျှင် ခံနိုင်ဦးမည်ဖြစ်သည်။ သို့သော် ကာမအားတိုးဆေးလုံးများမှာ ကောင်းကင်နှင့် ကမ္ဘာမြေကြီးတို့ထံမှ ကောင်းချီးပေးမှုများကို ရရှိခဲ့သဖြင့် ဖော်ပြ၍ မစွမ်းသာလောက်အောင် စွမ်းအားကြီးမားနေပြီ ဖြစ်သည်။
" မင်း ငါ့ကို ကာမအားတိုးဆေးနဲ့ ခြိမ်းခြောက်နေတာ ငါဖြင့်မယုံနိုင်ဘူး "
အဘိုးကြီးက တွေးတောနေတော့သည်။
" ငါပြောတာကို နားမထောင်ချင်လည်း ရပါတယ်။ ဒီလိုတွေလုပ်စရာ မလိုပါဘူး "
ထိုစကားလုံးများကို သူ ထုတ်မပြောရဲပေ။ ခေါင်းကိုသာငုံ့၍ လှေအား အချိန်နှင့်အာကာသမြစ်ထဲတွင် ဆက်၍လှော်ခတ်နေတော့သည်။ အဆုံးတွင် သူတို့က မရေမတွက်နိုင်သော ထာဝရပန်းပွင့်ပေါင်းများစွာ ရှိနေသည့် နေရာသို့ ရောက်ရှိသွားကြသည်။
ထိုပန်းပွင့်တစ်ပွင့်ချင်းစီတိုင်းတွင် အချိန်၏ထိတွေ့မှုကို ခံထားရသောပုံရိပ်များ ပါဝင်နေသည်။ တချို့ပုံရိပ်များမှာ မှောင်မည်းကာ အသက်မဲ့နေကြပါသော်လည်း တချို့က ရောင်စုံတောက်ပနေကြသည်။
ထိုထာဝရပန်းပွင့်များအားလုံးတွင် ပွင့်ချပ်ငါးချပ်စီ ပိုင်ဆိုင်ထားကြပြီး မျက်စိကျိန်းမတတ် ရောင်စုံတောက်ပနေသည်။ ၎င်းတို့ထံမှ ပေါ်ထွက်နေသည့် မွှေးရနံ့များမှာလည်း နှစ်လိုဖွယ် အလွန်ကောင်းလှပေသည်။ ပန်းပွင့်ဝတ်ဆံများမှာမူ စူးရှတောက်ပနေသည့် အလင်းစက်လုံးတစ်လုံးနှင့် ဆင်တူပြီး ၎င်းတို့ထဲတွင် မှိတ်နေသည့် မျက်လုံးတစ်လုံးရှိသည်။
ထိုများပြားလှသော ထာဝရပန်းပွင့်တစ်ပွင့်ချင်းစီပေါ်တွင် ပွင့်ချပ်တစ်ချပ်ကို အငမ်းမရ ဝါးမျိုတော့မည့်အမူအရာဖြင့် သုတ်သုတ်ပျာပျာ ပြေးလွှားနေသော လိပ်ကလေးတစ်ကောင် ရှိသည်။
ထိုထာဝရပန်းပွင့်ပေါင်း ကုဋေကုဋာထဲတွင် တမူထူးခြားနေပြီး ပိုင်ရှောင်ချန်း ချက်ချင်းပင် တန်းသတိထားမိလိုက်သည့် ပန်းပွင့်နှစ်ပွင့် ရှိနေသည်။
တဒင်္ဂကြာပြီးနောက် လှေသမားကြီးက ချောင်းဟန့်ကာ ပိုင်ရှောင်ချန်းအားကြည့်လိုက်ပြီး ဆိုလိုက်သည်။
" တကယ်ဆို အချိန်နဲ့အာကာသမြစ်ထဲမှာ တကယ့်ဘဝအစစ်မှန်တွေရဲ့ လမ်းကြောင်းနဲ့ သက်ဆိုင်နေတဲ့ အရာတွေ ပါဝင်ရမှာ။ အဲဒီအရာတွေက အစိတ်အပိုင်းအများကြီး ကွဲနေဖို့တော့ လိုတာပေါ့။ ဒါပေမဲ့ ပဉ္စမမြောက်အဆင့်ထဲကို တစ်ဝက်တိတိရောက်နေပြီဖြစ်တဲ့ ထာဝရပန်းပွင့်ကတော့ အခြားအရာတွေနဲ့လုံးဝမတူဘဲ တမူထူးခြားတယ်ကွ။ အခုဆို မြစ်ထဲမှာ မရေမတွက်နိုင်တဲ့ ဖြစ်နိုင်ခြေတွေ ပါဝင်နေပြီမလို့ ထာဝရပန်းပွင့်တွေလည်း ပုံစံအမျိုးမျိုးနဲ့ ရှိနေကြတာ။ ပန်းပွင့်တစ်ပွင့်ချင်းစီက မတူညီတဲ့ ကံကြမ္မာတစ်ခုစီကို ကိုယ်စားပြုနေတာ။ အဲဒီတော့ ... မင်းဘယ်ပန်းပွင့်ကို လိုချင်လဲ "
" အကုန်လုံး လိုချင်တယ် " ပိုင်ရှောင်ချန်းက ထာဝရပန်းပွင့်များကို မခွာတမ်းကြည့်၍ ပြန်ဖြေလိုက်သည်။
လှေသမားမှာ သူ့အားစိုက်ကြည့်ရန် စိတ်ကူးပေါ်လာပါသော်လည်း ပိုင်ရှောင်ချန်း၏ ကျင့်ကြံခြင်းအဆင့်နှင့် သူ၏ကာမအားတိုးဆေးလုံးအကြောင်းကို ပြန်၍အမှတ်ရသွားသဖြင့် ကြိုးစား၍ သူ၏စိတ်ကိုထိန်းလိုက်ရတော့သည်။
" ငါက မင်းကို မတားနိုင်ပါဘူး "
သူက ခနဲ့တဲ့တဲ့ပြုံးကာ ပြန်ဖြေလိုက်သည်။
" ဒါပေမဲ့ ... အဲဒီလိုလုပ်လို့ ဘာထူးမှာလဲ "
ပိုင်ရှောင်ချန်းက ပြန်မဖြေပေ။ ထိုသို့သောလုပ်ရပ်မှာ အတော်ကလေး အဓိပ္ပါယ်မဲ့ကြောင်း သူက သိ၍ ထာဝရပန်းပွင့်များကို ထပ်မံလေ့လာကြည့်ရှုလိုက်တော့သည်။ လှေသမားအဘိုးကြီး ပြောခဲ့သည့်အတိုင်းပင်။ ထာဝရပန်းပွင့် တစ်ပွင့်ချင်းစီတိုင်းက မတူညီသောအချိန်ကာလတွင် ရှိနေကြခြင်းဖြစ်သည်။ တချို့မှာ စိတ်စွမ်းအင်နတ်ရေဂိုဏ်းမှာ သူ ရှိနေခဲ့သည့် အချိန်တွင် ရှိနေကြသည်။ တချို့မှာ သွေးစွမ်းအင်နတ်ရေစင်ဂိုဏ်းမှာ ရှိနေခဲ့သည့် အချိန်တွင် ရှိနေကြသည်။ တချို့ ပန်းပွင့်များထဲတွင် သူက မြေရိုင်းဒေသထဲ ရောက်နေသည်ဖြစ်ပြီး တခြား ပန်းပွင့်အနည်းငယ်ထဲတွင် ကောင်းကင်တံတားနယ်မြေ ပျက်စီးသွားခဲ့ပြီဖြစ်ပြီး သူက ထာဝရအင်မော်တယ်နယ်မြေထဲသို့ ရောက်ရှိနေပြီဖြစ်သည်။
ပန်းပွင့်တစ်ပွင့်ချင်းစီက မတူညီသောအချိန်ကာလတစ်ခုချင်းစီနှင့် ကံကြမ္မာတစ်ခုချင်းစီကို ကိုယ်စားပြုနေသည်။ ၎င်းတို့ထဲမှ သူ ဆန္ဒရှိရာကို ရွေးချယ်နိုင်ပေသည်။
လှေသမားကြီးက သူ့အား အလောတကြီးလုပ်ရန် မတိုက်တွန်းရဲသဖြင့် မည်သည့်အရာမှ ဝင်ပြောရန် မကြိုးစားတော့ပေ။ ဘေးနားတွင်သာနေ၍ စောင့်ကြည့်နေတော့သည်။ နောက်ဆုံးတွင် သူသည် မည်သည့်နေရာကမှန်းမသိ သေရည်တစ်အိုး ထုတ်ယူလိုက်ပြီး သေရည်သောက်နေတော့သည်။
အချိန်အနည်းငယ်ထပ်မံကုန်ဆုံးသွားပြီးနောက် ပိုင်ရှောင်ချန်းမှာ သူ့အာရုံကို အဖမ်းစားနိုင်ဆုံးသော ပန်းပွင့်နှစ်ပွင့်အား မခွာတမ်းကြည့်နေပြီဖြစ်သည်။ တစ်ပွင့်မှာ မြစ်၏ ဘယ်ဘက်အကျဆုံးနေရာတွင် ရှိနေသည်ဖြစ်ပြီး တခြားတစ်ပွင့်မှာ ညာဘက်အကျဆုံးနေရာတွင် ရှိနေသည်။ ၎င်းတို့မှာ ယခုထက်ပိုပြီး ဆန့်ကျင်ဘက်ဖြစ်နိုင်တော့မည် မဟုတ်ပေ။
သူသည် အနည်းငယ်တွေးတောလိုက်ပြီးနောက် သူ၏နတ်ဘုရားအာရုံအား ဘယ်ဘက်ရှိ ထာဝရပန်းပွင့်ထဲသို့ စေလွှတ်လိုက်သည်။ ထိုအခါ ချက်ချင်းပင် သူ၏အတွေးထဲတွင် ပုံရိပ်များ ပေါ်ထွက်လာတော့သည်။
သူသည် ဟူတောင်ခြေရှိ ရွာလေးတစ်ရွာကို မြင်လိုက်ရသည်။ ရွာသားများနှင့် ရွာမှအကြီးအကဲအားလုံးက ရွာအဝင်တံခါးဝတွင်ရပ်၍ လူငယ်လေးတစ်ယောက်အား ကြည့်နေကြသည်။
ထိုလူငယ်လေးမှာ အသားလတ်ပြီး တောက်ပနေသော မျက်ဝန်းများကို ပိုင်ဆိုင်ထားကာ ရိုးရှင်းသော ဖျင်ကြမ်းဝတ်စုံကို ဆင်မြန်းထားသည်။ သူက အရပ်မြင့်မားလှသည်မဟုတ်ဘဲ ဖျတ်ခနဲကြည့်လိုက်မည်ဆိုပါက ရိုးသားဖြောင့်မတ်ဟန်ရှိသည်။ သို့သော် သူ၏အဝတ်အစားများထဲရှိ နေရာပေါင်းစုံတွင် ပုဆိန်များနှင့် အသားခုတ်ဓားများကို ဝှက်ထားသည်ဖြစ်၍ ထိုမြင်ကွင်းက လွန်စွာ ထူးဆန်းလှပေသည်။
ပိုင်ရှောင်ချန်းမှာ ထိုလူငယ်လေးအား ကြည့်ရင်း သူ ကြုံတွေ့ခံစားနေရသည့် အမြင်အာရုံများနှင့် သူ၏ကိုယ်ပိုင်မှတ်ဉာဏ်များမှာ တစ်ခုပေါ်တစ်ခုထပ်သွားကြပြီး အကယ်၍ သူသာ ဤထာဝရပန်းပွင့်ကို ယူလိုက်မည်ဆိုပါက အရာအားလုံး၏ အစသို့ ပြန်ရောက်သွားမည်ဖြစ်ကြောင်း သိလိုက်တော့သည်။
" ချစ်ခင်လေးစားရပါသော ရွာအကြီးအကဲများနဲ့ ရွာသားများအားလုံးခင်ဗျာ "
လူငယ်က စကားစချီလိုက်ပြီး
" ထာဝရအသက်ရှည်ခြင်းလမ်းစဉ်ကို ကျနော်လျှောက်လှမ်းတော့မှာမို့ ရွာကနေ ထွက်သွားတော့မှာ ဖြစ်ပါတယ်။ ကျွန်တော် ခင်ဗျားတို့ အားလုံးကို သတိရနေမှာပါ...''
ဟူ၍ ဆက်လက်ပြောဆိုလိုက်၏။ လူငယ်သည် ရွာသားများနှင့်ခွဲခွာရမည့်အတွက် မခံစားနိုင်သောကြောင့်ထင် နာကျင်စွာခံစားနေရဟန်ပေါ်သည်။
ထိုအခါ ဆံပင်များ တစ်ခေါင်းလုံးဖြူဖွေးနေသော အဘိုးအိုတစ်ယောက်က လူအုပ်ကြားမှ ထွက်လာပြီး ပြောလိုက်သည်။
" ရှောင်ချန်း ... မင်းမိဘတွေ မင်းကိုထားပြီး ထွက်သွားခဲ့တာ...အင်း..... တော်တော်တောင်ကြာခဲ့ပြီပဲ.. မင်းက… ''
သူက စကားကို ခဏရပ်ထားပြီးမှ
"မင်းက လူတော်လေးတစ်ယောက်ပါကွာ ...'' ဟု ဆိုလိုက်သည်။
ရှောင်ချန်းက ယခုထက်တိုင် ထွက်မသွားသေးသည်ကို အဘိုးအို မြင်သောအခါ ဆက်ပြောလိုက်သည်။
" ထာဝရရှင်သန်ခြင်းကို စိတ်မဝင်စားဘူးလို့ မင်း ငါ့ကို မပြောခဲ့ဘူးမလား။ မင်း လုပ်ဖို့တစ်ခုတည်းသောအရာက တန်ခိုးရှင်ဖြစ်လာပြီး ထာဝရအသက်ရှည်ဖို့ဆို။ အင်း..အချိန်တွေကြာမြင့်ခဲ့ပါပြီလေ။ ခုတော့ မင်းထွက်သွားဖို့ အချိန်တန်ပြီ။ လင်းယုန်ငှက်ပေါက်လေးတောင် အပျံသင်ရသေးတာပဲလေ။ “
“ ဘယ်လိုအခြေအနေမျိုးနဲ့ပဲ ကြုံကြုံ ရှောင်ပြေးစရာမလိုဘူး။ အခြေအနေကို ထိန်းချုပ်နိုင်အောင်ကြိုးစားပြီး ရှေ့ကိုပဲဆက်ရမယ်။ ဒီရွာက တစ်ကြိမ် ထွက်သွားပြီဆိုတာနဲ့ မင်း ဘယ်တော့မှ ပြန်လာနိုင်တော့မှာ မဟုတ်ဘူး။ ဘာလို့လဲဆိုတော့ မင်းရဲ့ လမ်းဟာ ရှေ့တည့်တည့်မှာပဲရှိပြီး ဘယ်တော့မှ နောက်မှာ ရှိမနေလို့ပဲ ''
အခြားသောရွာသားများသည်လည်း ထိုသို့ တိုက်တွန်းချက်များပေးနေကြစဉ် ရွာလူကြီးက ထိုလူငယ်လေး၏ ပခုံးကိုပုတ်လိုက်ပြီး သူ့အား ကြင်နာစွာ ပြုံးပြလိုက်သည်။ ထိုလူငယ်လေးက အဘိုးအိုနှင့် တခြားရွာသားများ၏ အားပေးအားမြှောက်ပြုနေသည့် အကြည့်များကို လက်ခံသည့်အနေနှင့် အားလုံးကို နောက်ဆုံးအကြိမ် တစ်ချက်ဝေ့ကြည့်ပြီး ခေါင်းကို ဆတ်ခနဲ ညိတ်ပြလိုက်သည်။ နောက်ဆုံးမှာတော့ သူက ရွာကိုကျောခိုင်းပြီး ခရီးကိုစတင်လေသည်။
ထိုမြင်ကွင်းမှာ ရွာသားများအတွက် လွန်စွာစိတ်လှုပ်ရှားဖွယ်ကောင်းလှသည်ဖြစ်၍ သူတို့၏ပါးပြင်များပေါ်တွင် ဝမ်းသာမျက်ရည်များပင် ကျဆင်းလာကြတော့သည်။
" မိုးနတ်မင်းကြီးက တရားမျှတပါပေတယ်။
နောက်ဆုံးတော့ ကြွက်ဖြူ ထွက်သွားပြီ။ ဒီအနားတစ်ဝိုက်မှာ တန်ခိုးရှင်တစ်ယောက်ကို တွေ့ခဲ့တယ်လို့ သူ့ကို ဘယ်သူကများ မြှောက်ပေးလိုက်တာလဲ။ ဘယ်သူပဲဖြစ်ဖြစ် အဲဒီလူကို တစ်ရွာလုံးကိုယ်စား ငါကပဲ ကြီးမားတဲ့ဆုလာဘ် ပေးရမယ် ''
" ဒီနေ့က ခေတ်သစ်တစ်ခုရဲ့ အစပဲ "
ထိုအော်ဟစ်သံများ ပေါ်ထွက်လာစဉ်မှာပင် ထိုလူငယ်လေးက ရုတ်တရက် ရွာဘက်ကို ပြန်လှည့်ကြည့်လိုက်သည်။ ထို့နောက် သူသည် လွန်စွာ ပြတ်သားသည့်အမူအရာဖြင့် ချောင်းဟန့်ကာ ဆိုလိုက်တော့သည်။
" ကျွန်တော်ဆုံးဖြတ်ပြီးသွားပြီ။ မသွားတော့ဘူး။ တကယ်ပြောတာ။ ကျွန်တော် တန်ခိုးရှင်တစ်ယောက် မဖြစ်ချင်ဘူး "
ထိုအခါ ရွာသားအားလုံးက သူ့အား တုန်လှုပ်ခြောက်ခြားစွာ စိုက်ကြည့်လိုက်ကြတော့သည်။ သူတို့ထဲမှ အနည်းငယ်ဆိုလျှင် ဆိုင်းများဗုံများကိုပင် ထုတ်ထားကြပြီး ဖြစ်သော်လည်း ယခုတွင်မူ အလွန်အမင်း အံ့အားသင့်သွားကြသဖြင့် ထိုပစ္စည်းများမှာ မြေပြင်ပေါ်သို့ လွတ်ကျသွားကြပြီး ဘိုင်းခနဲ မြည်သံများ ပေါ်ထွက်လာတော့သည်။
ပိုင်ရှောင်ချန်းက ထိုမြင်ကွင်းကို ပြုံး၍ ကြည့်နေသည်။ နောက်ဆုံးတွင် ထိုအမြင်အာရုံ ပျောက်ကွယ်သွားပြီး ဘယ်ဘက်ရှိ ထာဝရပန်းပွင့်ကို တစ်ဖန်ပြန်၍ ကြည့်လျက်သား ဖြစ်နေတော့သည်။
" စမှတ်... "