← Chapters

ရေနံဆီမီးအိမ်၊ ရှေးဟောင်းဘုရားကျောင်း၊ ဘဝအဖော်မွန်

Vol. 14 Ch. 1313

ရေနံဆီမီးအိမ်၊ ရှေးဟောင်းဘုရားကျောင်း၊ ဘဝအဖော်မွန်

Vol. 14 Ch. 1313

လှေသမားအဘိုးကြီးက အရက်တစ်ကျိုက်မော့လိုက်ပြီး ဆိုလိုက်သည်။

" အစကို ပြန်သွားတာက သိပ်ကောင်းတဲ့ ဆုံးဖြတ်ချက်တစ်ခုပဲ။ မင်းရဲ့မှတ်ဉာဏ်တွေကို မင်းနဲ့အတူ ယူသွားပြီးတော့ မင်းရဲ့ဘဝကို အစကပြန်စပေါ့။ အဲဒါဆို မင်း ငါ့တပည့်ကို ပူးထားခဲ့တဲ့ လူနဲ့ပတ်သက်လို့လည်း စိတ်ပူနေစရာမလိုတော့သလို မင်းရဲ့နောင်တတွေအများကြီးကိုလည်း ပြန်လည် ပြင်ဆင်နိုင်မှာ "

" လူတွေဆီမှာ အမြဲတမ်း နောင်တဆိုတာ ရှိတတ်ကြတာပါပဲ။ အထူးသဖြင့် ငယ်ရွယ်နုနယ်စဥ်တုန်းက အတွေ့အကြုံမရင့်ကျက်သေးလို့ ချခဲ့မိတဲ့ ဆုံးဖြတ်ချက်တွေပေါ့။ လူတိုင်းဆီမှာ နာကျင်မှုနဲ့ ဆုံးရှုံးမှုဆိုတာ ရှိတာပဲ။ ဒါပေမဲ့ မင်းရဲ့ဘဝကို အစကပြန်စလိုက်မယ်ဆိုရင် အရာရာတိုင်းကို ပြီးပြည့်စုံသွားအောင် ပြန်လုပ်လို့ ရသွားပြီလေ "

" အဲဒါက တကယ်ကောင်းမွန်တဲ့ ရွေးချယ်မှုတစ်ခုပဲ "

အဘိုးကြီးမှာ အတိတ်အကြောင်းကို ပြန်ပြောင်းသတိရနေသည့် အရိပ်အယောင်များထင်ဟပ်နေသည့် မျက်ဝန်းများဖြင့် သက်ပြင်းချလိုက်တော့သည်။ အချိန်အဖြစ်သို့ ရောက်နေပြီဖြစ်သည့် သူကိုယ်တိုင်ပင် သူ့အား သက်ပြင်းချသွားစေနိုင်သည့် မှတ်ဉာဏ်များကို ပိုင်ဆိုင်ထားဆဲပင် ဖြစ်သည်။

ပိုင်ရှောင်ချန်းကမူ မည်သည့်စကားမှ ပြန်မပြောပေ။ သူသည် လှေဦးတွင်ရပ်၍ အတွေးများထဲတွင် နစ်မျောနေပုံရသည်။ သူက အဘိုးကြီး၏စကားများကို ချင့်ချိန်တွေးတောကာ သူ၏ဘဝတွင် ဖြစ်ပျက်ခဲ့သည့် အရာအားလုံးကို ပြန်၍တွေးတောနေသည်လည်း ဖြစ်နိုင်သည်။

တဖြည်းဖြည်း တရွေ့ရွေ့နှင့် လှေသမား၏အရက်အိုးမှာ ကုန်သွားပြီဖြစ်သည်။ ထိုအချိန်တွင် ပိုင်ရှောင်ချန်းက သူ၏မျက်လုံးများကို ဖွင့်လိုက်သည်။ သူသည် မည်သည့်စကားမှ မပြောပါသော်လည်း သူ၏မျက်ဝန်းထဲရှိ နက်ရှိုင်းသောတစ်နေရာတွင် အခြားမည်သူမှ မတွေ့နိုင်မည့် အလင်းရောင်တစ်ခု ရှိနေသည်။ သူသည် ခေါင်းလှည့်လိုက်ပြီး ညာဘက်ရှိ ပန်းပွင့်ကို လှမ်းကြည့်လိုက်သည်။

ထိုသို့ သူ ကြည့်လိုက်သည်နှင့် သူ၏အတွေးထဲတွင် ပုံရိပ်များမျောလွင့်ထွက်ပေါ်လာပြီးနောက် သူ၏အသိစိတ်ပင်လယ်ကြီးတစ်စင်းလုံးကို ဖုံးလွှမ်းသွားကြတော့သည်။

ယခုအကြိမ်တွင်မူ သူသည် အပြင်ဘက်မှနေ၍ မြင်ကွင်းကို ရှုစားနေခြင်း မဟုတ်တော့ပေ။ သူက အမှန်တကယ်ပင် အချိန်နောက်ပြန်သွားလိုက်သကဲ့သို့ ဖြစ်နေပြီး ဇာတ်လမ်း၏ အစသို့ပြန်ရောက်သွားခြင်းလည်း မဟုတ်ပေ။ ကြယ်တာရာကောင်းကင်ကြီးမှာ မှောင်မည်းနေပါသော်လည်း တချိန်တည်းမှာပင် ကြယ်အလင်းရောင်များနှင့် ပြည့်နှက်နေသည်။ ထိုအလင်းရောင်မှာ ပိုင်ရှောင်ချန်းနှင့် သံယောဇဥ်မဲ့လူသားတို့ တိုက်ခိုက်ခဲ့ကြသည့် အပျက်အစီးကမ္ဘာများမှ ပေါ်ထွက်လာနေခြင်း ဖြစ်သည်။

ယခုက စီရင်သူအရှင် သေဆုံးသွားသည့် အခိုက်အတန့်သို့ ပြန်ရောက်သွားခြင်း ဖြစ်သည်။ ဤအကြိမ်တွင် သူသည် အချိန်နှင့်အာကာသမြစ်ကို ဖွင့်ရန်ကြိုးစားလိုက်ပါသော်လည်း မအောင်မြင်လိုက်ပေ။ တဂျုန်းဂျုန်းမြည်နေသည့် လေပွေကြီး အပြည့်အဝ ပေါ်ထွက်မလာခင် လျှို့ဝှက်ဆန်းကြယ်သော စွမ်းအင်ကြီးအသွင်နှင့် ရှိနေသည့် ထာဝရ၏အနှစ်သာရမှာ သူ့အား အပြီးတိုင် ချေမှုန်းလိုက်သည်။

အဆုံးမရှိသော နောင်တများနှင့်ပြည့်နှက်နေသည့် သူ၏အသံတစ်သံသာ ကျန်ရစ်ခဲ့တော့သည်။

" နောက်ဆုံးရောက်တော့လည်း ငါ ကျရှုံးရတာပါပဲလား ... "

သူ သေဆုံးသွားသောအခါ လေပွေကြီးကိုဖန်တီးထားသည့် ကြီးမြတ်သော တာအိုနယ်မြေရတနာသုံးပါးမှာ ပြုတ်ကျသွားပြီး မြစ်ကြီး မှေးမှိန်ပျောက်ကွယ်သွားသည်။ လေပွေကြီးမှာလည်း ပျောက်ကွယ်သွားတော့သည်။

ထာဝရအင်မော်တယ်နယ်မြေများမှာ အက်ကွဲကာ အစိတ်စိတ်အမြွှာမြွှာဖြစ်တော့မည့်အလား ယိုယွင်းနေပြီဖြစ်သော်လည်း တည်ရှိနေဆဲပင်။ စုန့်ကျင်းဝမ်၊ ကျိုးကျစ်မို၊ ဟိုရှောင်မေ့နှင့် ကုန်းစွန်းဝမ်အာတို့အပါအဝင် လူတိုင်း အသက်ရှင်နေဆဲပင်။ အန္တရာယ်နှင့် ကြုံတွေ့နေရသည့် အခိုက်အတန့်ကြီး ပြီးဆုံးသွားပြီဖြစ်သည်။

ထာဝရမယ်တော်၏ အငွေ့အသက်မှာ တဖြည်းဖြည်း ပျံ့နှံ့စပြုလာပြီး ထာဝရအင်မော်တယ်နယ်မြေများမှာ ပြန်လည်၍ နာလန်ထူလာတော့သည်။ ပိုင်ရှောင်ချန်းမှာမူ ထိုအချိန်က ပုံစံနှင့် တထေရာတည်းပင်။ သူသည် သက်စောင့်အားများစွာထုတ်သုံးခဲ့ရ၍ အလွန်အမင်း အားအင်ချည့်နဲ့နေရပါသော်လည်း ပြုံးနေဆဲပင်။ ထို့နောက် သူ၏ မျက်လုံးများကိုမှိတ်လိုက်ပြီး ထာဝရအင်မော်တယ်နယ်မြေများဆီသို့ ပြုတ်ကျသွားတော့သည်။

ထိုသို့ သူ ပြုတ်ကျသွားသောအခါ ထာဝရမယ်တော်ထံမှ ခပ်မှိန်မှိန် အလင်းရောင်တစ်ရောင် ထွက်ပေါ်လာကာ သူ့အားထွေးပွေ့လိုက်ပြီး ဗဟိုဧကရာဇ်မြို့တော်ဆီသို့ ညင်သာစွာ သယ်ဆောင်လာတော့သည်။

သူ သတိမေ့မျောသွားနေစဥ် သူ၏မိတ်ဆွေများ၊ မိသားစုဝင်များနှင့် သူ့သားသမီးများ၏ စကားသံများကို ကြားလိုက်ရလေသည်။ သူတို့အားလုံးက ကောင်းချီးသြဘာပေးကာ အောင်ပွဲခံနေကြခြင်း ဖြစ်သည်။

ယင်းအပြင် လိပ်ကလေး၏ ဒေါသတကြီးအော်ဟစ်သံကိုပါ ကြားလိုက်ရသေးသည်။

" ငါမင်းကို မုန်းတယ် ပိုင်ရှောင်ချန်း "

ထို့နောက် ထိုအသံများပျောက်ကွယ်သွားပြီး အချိန်များကုန်ဆုံးသွားတော့သည်။

နှစ်ပေါင်းများစွာကြာပြီးနောက် သူ ပြန်လည်နိုးထလာသည်။

ထာဝရအင်မော်တယ်နယ်မြေများသည်သာလျှင် သက်ရှိများရှိနေကြသည့် တစ်ခုတည်းသောနေရာဖြစ်သည်။ သို့သော် ယခင်ကကဲ့သို့ ၎င်းအားဝန်းရံနေသည့် အနက်ရောင်ဟင်းလင်းပြင်ကြီးအစား ယခုတွင်မူ ကြယ်အလုံးရေပေါင်း ကုဋေကုဋာခန့် ရှိနေပြီဖြစ်သည်။ ၎င်းတို့မှာ ပိုင်ရှောင်ချန်း အလင်းပေးခဲ့သည့် အပျက်အစီးများဖြစ်ကြပြီး အချိန်အလုံအလောက်သာ ရမည်ဆိုပါက ထိုအလင်းရောင်နှင့် သက်စောင့်အားများမှာ သက်ရှိအသစ်များကို ပေါ်ထွက်လာစေမည်သာ ဖြစ်သည်။

ယခုတွင် သံယောဇဥ်မဲ့လူသား၏ ဘေးအန္တရာယ်ကြီး ပြီးဆုံးသွားပြီဖြစ်၍ ထာဝရအင်မော်တယ်နယ်မြေများထဲရှိ နေ့စဥ်လူနေမှုဘဝပုံစံများမှာ နဂိုမူလအတိုင်း ပြန်ဖြစ်သွားပြီဖြစ်သည်။ နယ်မြေငါးခုစလုံးကို ပြုပြင်ပြီးသွားကြပြီဖြစ်ပြီး ထာဝရပင်လယ်ကြီးမှာလည်း ယခင်ကအတိုင်း ခမ်းနားကြီးကျယ်နေဆဲပင်။ အသီးအရွက်များနှင့် အခြားသောသက်ရှိမျိုးစုံမှာ အမြင့်မားဆုံးသောတောင်များနှင့် အကျယ်ပြန့်ဆုံးသော လွင့်ပြင်များထဲတွင် ရှင်သန်ပေါက်ရောက် ကြီးထွားနေကြပြီဖြစ်သည်။

သူတော်စင်ဧကရာဇ်မင်းဆက်မှာ ဆက်လက် တည်ရှိနေဆဲပင်။ မိစ္ဆာဧကရာဇ်မင်းဆက်ထံတွင် မိစ္ဆာဧကရာဇ်တစ်ပါး မရှိတော့ပါသော်လည်း ပိုင်ရှောင်ချန်းက ထိုမင်းဆက်အား ဆက်လက်ရှင်သန်ခွင့် ပေးထားဆဲပင် ဖြစ်သည်။ ထာဝရအင်မော်တယ်နယ်မြေများထဲတွင် စွမ်းအားကြီးမားသော အဖွဲ့အစည်းသုံးခု ဆက်လက်ရှိနေဆဲပင်။

စစ်ပွဲဆိုသော အရာမှာ အတိတ်ကသမိုင်းများထဲတွင်သာ ကျန်ရစ်ခဲ့ပြီ ဖြစ်သည်။ သံယောဇဥ်မဲ့လူသားနှင့် သူခေါ်ဆောင်လာခဲ့သည့် အဖျက်ဝိညာဥ် မရှိတော့သောကြောင့် ထာဝရမယ်တော်မှာ ပြန်လည်နာလန်ထူလာပြီဖြစ်သည်။ သူတော်စင်ဧကရာဇ်မှာ ယခင်က မိုးမြေဧကရာဇ်တစ်ပိုင်းကျင့်ကြံသူအဖြစ် မပြောင်းမလဲဆက်လက်ရှိနေရမည့် ကံကြမ္မာဆိုးနှင့် ရင်ဆိုင်ခဲ့ရပါသော်လည်း ယခုတွင်မူ ပို၍မြင့်မားသော အဆင့်သို့ရောက်နိုင်မည့် မျှော်လင့်ချက်အသစ်များ ရှိလာပြီဖြစ်သည်။

ထာဝရအင်မော်တယ်နယ်မြေများထဲမှ ထွက်ခွာသွားသည့် တစ်ယောက်တည်းသောသူမှာ စုန့်ချွဲပင်ဖြစ်သည်။ သူသည် ရတနာယပ်တောင်ကြီးကို အင်မော်တယ်ကမ္ဘာ၏ အပျက်အစီးများဆီသို့ ယူသွားပြီး ထိုနေရာများ အကောင်းပတိပြန်ဖြစ်ကာ သက်ရှိများ ပြန်လည်ထွက်ပေါ်လာရန် စောင့်ဆိုင်းနေတော့သည်။ ထိုကမ္ဘာကြီး၏ ချီစီးဆင်းမှု ပြန်လည်ထွက်ပေါ်လာသည်နှင့် သူက မိုးမြေဧကရာဇ်အဆင့်သို့ သူ့နည်းသူ့ဟန်ဖြင့် တက်လှမ်းတော့မည်ဖြစ်သည်။

တပေါက်မှာ ဗဟိုဧကရာဇ်အသစ် ဖြစ်သွားပြီဖြစ်သည်။ မဟာကောင်းကင်သခင်မှာ အလွန်အိုမင်းနေပြီဖြစ်သော်လည်း အာဏာကို နှစ်ခြိုက်နေဆဲဖြစ်၍ သူနှင့် သရဲကြီးဘုရင်တို့မှာ တပေါက်အား ကူညီပေးကြလေသည်။

လီချင်းဟောက်မှာ ကမ္ဘာကြီး၏ ကိစ္စရေးရာများကို စိတ်မဝင်စားတော့ပေ။ သူနှင့် စိတ်စွမ်းအင်နတ်ရေစင်ခေါင်းဆောင်ကြီးတို့မှာ မင်းဆက်၏ အရေးအရာများနှင့် ဝေးရာ စိမ်းလန်းစိုပြည်သော တောင်တန်းများဆီသို့ သွား၍နေထိုင်နေကြပြီဖြစ်သည်။ သို့သော်လည်း ထာဝရအင်မော်တယ်နယ်မြေများထဲတွင် သူတို့၏တောင်းဆိုချက်တစ်ခုတစ်လေကိုပင် ငြင်းဆန်ရဲသည့်လူ တစ်ယောက်မှပင် မရှိပေ။

ထာဝရမယ်တော်မှာ ထိုအချင်းအရာကိုသတိထားမိသဖြင့် လီချင်းဟောက်အား သက်စောင့်အား အမြောက်အမြားပေးအပ်၍ ကောင်းချီးပေးလိုက်သည်။

ဖက်တီးကျန်းကြီး၊ နတ်ဆရာနှင့် ရွှီပေါက်ချိုင်တို့မှာ နောက်ဆုံးတွင် ကောင်းကင်ဧကရာဇ်အဆင့်ထိ ရောက်သွားကြပြီး ပျော်ပျော်ရွှင်ရွှင်နေထိုင်သွားကြတော့သည်။ ဖက်တီးကျန်းကြီးမှာ တာအိုလက်တွဲဖော်တစ်ယောက် ရှာတွေ့သွားခဲ့သလို ရွှီပေါက်ချိုင်မှာလည်း ထိုနည်းတူပင်...

ဘရူဆာဆိုလျှင် ဖော်ပြနေစရာပင် မလိုတော့ပေ။ သူသည် အဏ္ဏဝါခေါ်သံဂိုဏ်းတွင် ရှိခဲ့စဥ်ကအတိုင်း အံ့အားသင့်ဖွယ်ကောင်းနေဆဲပင်ဖြစ်ပြီး မရေမတွက်နိုင်သော မျိုးဆက်များကို မွေးထုတ်ပေးနေဆဲပင် ...

ပိုင်ရှောင်ချန်း၏ သားသမီးများအားလုံးမှာလည်း သူတို့၏ ကိုယ်ပိုင်လမ်းအသီးသီးကို လျှောက်သွားကြတော့သည်။ ရှောင်ရှောင်မှာ အရှက်ကြီးသော်လည်း တချိန်တည်းမှာပင် အလွန်စိတ်အားထက်သန်သည့် ကျင့်ကြံသူတစ်ယောက်နှင့် အိမ်ထောင်ကျသွားခဲ့သည်။ သူတို့သည်လည်း ပျော်ပျော်ရွှင်ရွှင် နေထိုင်သွားကြလေသည်။

ပိုင်ရှောင်ချန်းအတွက် စိတ်ရှုပ်စရာအကောင်းဆုံးမှာ ရှောင်ပေါက်ပင်ဖြစ်သည်။ သူက ပိုင်ရှောင်ချန်း၏ အမူအကျင့်နှင့်စရိုက်အားလုံးကို တစ်ထပ်တည်း အမွေရခဲ့သည်ဖြစ်ပြီး သူ့အတိုင်း ပြုမူဆောင်ရွက်နေသည်။ လိပ်ကလေးဆိုလျှင် သွေးသားတော်စပ်နေသကဲ့သို့ပင် ခံစားလိုက်ရသည်ဖြစ်၍ ပိုင်ရှောင်ချန်းအား လျစ်လျူရှုကာ ရှောင်ပေါက်နှင့်သာ အချိန်များကို ကုန်ဆုံးနေတော့သည်။

" လိပ်ကလေးကတော့ ငါ့သားကို တကယ်ကြီး လမ်းမှားရောက်အောင် လုပ်နေတော့တာပဲ... "

ပိုင်ရှောင်ချန်းက ထိုသို့တွေးကာ သက်ပြင်းချလိုက်တော့သည်။ အဆိုးဆုံးမှာ ရှောင်ပေါက်သည် ဆေးဖော်စပ်ရသည်ကို အလွန် သဘောကျသည်ဖြစ်ပြီး ထိုပညာရပ်တွင် သူ့အဖေ၏ အရည်အချင်းများကို အမွေရခဲ့သည့်အချက်ပင်ဖြစ်သည်။ သူသည် ရှေးပဝေသဏီကတည်းက ကာမအားတိုးဆေးလုံးနှင့် စိတ်ကူးယဥ်ဆေးလုံးတို့ကို ကျွမ်းကျင်တတ်မြောက်ခဲ့ပြီးဖြစ်သည့်အပြင် ၎င်းတို့ကို ပိုမိုကောင်းမွန်လာစေရန်ပင် ပြုပြင်မွမ်းမံနိုင်ခဲ့သည်။ ယခုတွင်လည်း တခြားဆေးလုံးအသစ်များကို ဆက်လက်ဖော်စပ်နေသည်ဖြစ်ရာ ပိုင်ရှောင်ချန်းမှာ အံ့သြထိတ်လန့်နေရပြီဖြစ်သည်။

ပိုင်ဟောက်မှာ သူ၏ဆရာနှင့်အတူ အချိန်ကုန်ဆုံးသည့်အပြင် မိုးမြေဧကရာဇ်အဆင့်သို့တက်လှမ်းနိုင်မည့် သူ၏ကိုယ်ပိုင်လမ်းကို ရှာဖွေနေတော့သည်။ တချိန်တည်းမှာပင် သူသည် ရှောင်ပေါက်အား စောင့်ကြည့်ရန်တာဝန်ကျနေသည်ဖြစ်ပြီး ပြဿနာကောင်နှစ်ယောက်ဖြစ်သော ရှောင်ပေါက်နှင့် လိပ်ကလေးတို့ကြောင့် ပေါ်လာတတ်သည့် မီးများကိုလိုက်၍ငြှိမ်းသက်နေရသည်။ သို့ပေမည့် ယခုတွင် အရာအားလုံး တည်ငြိမ်အေးချမ်းသွားပြီဖြစ်၍ ပိုင်ဟောက်မှာ မင်္ဂလာဆောင်၍ အခြေတကျနေထိုင်သင့်ပြီဖြစ်ကြောင်း ပိုင်ရှောင်ချန်းက တွေးနေပြီဖြစ်သည်။ သို့သော်လည်း ပိုင်ဟောက်မှာ ထိုအစီအစဥ်ကို စိတ်မဝင်စားဘဲ ရှောင်ပေါင်နှင့် လိပ်ကလေးတို့အား စောင့်ကြည့်ရမည့် တာဝန်ကိုဗန်းပြ၍ ထိုကိစ္စအား အမြဲတမ်း အချိန်ဆွဲနေခဲ့သည်။ ထိုသို့ အကြိမ်အနည်းငယ်ခန့် ဖြစ်သွားပြီးနောက် ပိုင်ရှောင်ချန်းမှာ သူ၏စစ်မှန်သော အမွေဆက်ခံသူဖြစ်သည့် ရှောင်ပေါက်နှင့် အလွန်အရေးကြီးသော အစည်းအဝေးပွဲတစ်ခု ထိုင်လိုက်ကာ ပိုင်ဟောက်ကို တစ်စုံတစ်ယောက်နှင့် ချစ်ကြိုက်မိသွားပြီး အိမ်ထောင်မကျကျအောင် လုပ်ရမည့် တာဝန်အား ပေးအပ်လိုက်တော့သည်။ ဘေးနားတွင်မူ လိပ်ကလေးမှာ သူတို့၏စကားများကို နားထောင်ရင်း သူ၏ဘဝတွင် ပန်းတိုင်အသစ်တစ်ခု ရှာတွေ့သွားပြီဖြစ်ကြောင်း သိလိုက်ရသဖြင့် မျက်ဝန်းများ အရောင်တောက်လာတော့သည်။

အရာအားလုံး တည်ငြိမ်အေးချမ်းနေတော့သည်။ စုန့်ကျင်းဝမ်း၊ ဟိုရှောင်မေ့၊ ကျိုးကျစ်မိုနှင့်် ကုန်းစွန်းဝမ်အာတို့မှာ ပိုင်ရှောင်ချန်းအား လွန်စွာ ပျော်ရွှင်နေအောင် ထားကြသည်။ အဆုံးတွင် ကျင့်ကြံခြင်းလောကမှာ သူအမြဲတမ်းတွေးခဲ့သော ပုံစံဖြစ်သည့် အတိုက်အခိုက်နှင့် အသတ်အဖြတ်များမရှိတော့သော လောကတစ်ခုအဖြစ် ပြောင်းလဲသွားပြီဖြစ်သည်။

သို့သော်လည်း သူနောင်တရနေသည့် နောက်ဆုံးအချက်တစ်ချက်ရှိနေဆဲပင်။

တစ်ရက်တွင် ပိုင်ရှောင်ချန်းမှာ ဗဟိုဧကရာဇ်မြို့တော်၏ အဝေးတစ်နေရာတွင်ရှိသော တောင်တစ်လုံးပေါ်ရှိ ခြံဝန်းထဲတွင် ရပ်နေသည်။ သူ့အား ဝင်စပြုနေပြီဖြစ်သော နေမင်းကြီး၏ ခပ်မှိန်မှိန် အလင်းရောင်က လွှမ်းခြုံထားသည်။ သူသည် ခေါင်းကိုလှည့်လိုက်ပြီး အရပ်မျက်နှာတစ်ဘက်သို့ လှမ်းကြည့်လိုက်သည်။

" ဒီနေရာ ဟုတ်လောက်ပါတယ်... "

သူက ရေရွတ်လိုက်သည်။ ပြီးနောက် သူသည် ရှေ့သို့တစ်လှမ်းလှမ်း၍ ပျောက်ကွယ်သွားတော့သည်။ သူပြန်ပေါ်လာသောအချိန်တွင် မိစ္ဆာဧကရာဇ်မင်းဆက်၏ နယ်စပ်ဒေသတစ်ခုတည်းတွင် ရောက်နေပြီဖြစ်သည်။ ထိုဒေသရှိ လူသူနည်းပါးသော ရွာတစ်ရွာ၏အစွန်းတွင် ဘုရားကျောင်းတစ်ကျောင်း ရှိနေသည်။

ထိုဘုရားကျောင်းမှာ အသေးစားဘုရားကျောင်းတစ်ကျောင်း ဖြစ်ပြီး ဝင်ပေါက်၏တစ်ဖက်တစ်ချက်တွင် မီးတောက်သဖွယ် နီစွေးသော သစ်ရွက်များကို ပိုင်ဆိုင်ထားသည့် မေပယ်သစ်ပင်နှစ်ပင် ရှိနေသည်။ ထိုသစ်ရွက်များက သစ်ပင်များပေါ်မှ ကြွေကျ၍ မြေပြင်ပေါ်သို့ ရစ်ဝဲကာဆင်းသက်လာသည့်မြင်ကွင်းမှာ လွန်စွာ မျက်စိပသာဒ ဖြစ်လှသည်။

ဤနေရာတွင်လည်း ညနေခင်းအချိန်သမယသို့ ရောက်နေသည်ဖြစ်၍ ညနေဆည်းဆာ၏ ပုစွန်ဆီရောင်လဲ့သော ရောင်ခြည်တန်းလေးများက ဘုရာကျောင်း၏ အုတ်ကြွပ်ပြားများ၊ အုတ်ခဲများအပေါ်တွင် ထင်ဟပ်နေသည်ဖြစ်ရာ ဘုန်းကြီးတစ်ပါး သင်္ကဝတ်ထားသည်နှင့်ပင် ဆင်တူနေတော့သည်။

ထိုမြင်ကွင်းမှာ အလွန်အေးချမ်းပြီး ပိုင်ရှောင်ချန်းမှာ အချိန်အတော်အတန်ကြာအောင် ဘုရားကျောင်းရှေ့တွင် မျက်လုံးများမှိတ်လျက်သားဖြင့် နေလိုက်ပြီး ဘုရားကျောင်းထဲရှိ ကျမ်းစာရွတ်ဖတ်သံများကို နားထောင်နေလိုက်သည်။ ထိုသို့ရွတ်ဖတ်နေသူမှာ အမျိုးသမီးတစ်ဦးဖြစ်ပြီး သူမ၏အသံက အလွန်ညင်သာကာ ဘာသာတရားကိုင်းရှိုင်းမှု အပြည့်ပါဝင်နေသည်။

ထိုအသံကို သူ ကြားမိလိုက်သည်နှင့် အတိတ်မှ အမှတ်တရများကို ပြန်လည်တွေးတောမိလိုက်တော့သည်။

သူသည် ထိုနေရာတွင်ရပ်နေလျက် ညနေခင်းအချိန်၏ ပုစွန်ဆီရောင် နေရောင်ခြည်များနှင့် တစ်သားတည်း ဖြစ်သွားသည့် အလားပင်။

အချိန်များ နှေးကွေးသွားကာ ဆောင်းဦးလေပြေတစ်ခု ရုတ်တရက် တိုက်ခတ်လာသဖြင့် သူ၏ဆံပင်ရှည်များမှာ မြောက်တက်သွားပြီး သစ်ရွက်ကြွေများသည်လည်း ချာလပတ်လည်သွားသောကြောင့် တရှဲရှဲမြည်သံများ ပေါ်ထွက်လာသည်။ သို့ပေမည့် ထိုသစ်ရွက်များနှင့် လေပြေတို့မှာ ဘုရားကျောင်းထဲတွင် ကျမ်းစာများရွတ်ဖတ်နေသည်ကို နားလည်နေသည့်အလားဖြစ်နေပြီး တရားစာရွတ်ဆိုနေသည့် အမျိုးသမီးနှင့် အားပြိုင်ခြင်း မရှိပေ။ ထိုမြင်ကွင်းမှာ ပြီးပြည့်စုံလှပေသည်။

ထို့နောက် ...

ပိုင်ရှောင်ချန်းက မျက်လုံးများကိုဖွင့်ကာ သက်ပြင်းချလိုက်ပြီး ဘုရားကျောင်းဆီသို့ လျှောက်လှမ်းသွားလိုက်သည်။ သူက ဘုရားကျောင်း၏ အနီရောင်ယွန်းတံခါးပေါ်သို့ လက်တင်လိုက်ပြီး တွန်း၍ဖွင့်လိုက်သည်။ ဘုရားကျောင်းထဲတွင် ရေနံဆီမီးအိမ်တစ်လုံးဖြင့် အလင်းပေးထားသော ထာဝရမယ်တော်၏ရုပ်ထုတစ်ခုကို သူ တွေ့လိုက်ရသည်။

ထိုရုပ်ထု၏ရှေ့တွင် အမျိုးသမီးတစ်ယောက်ရှိနေပြီး ဒူးထောက်ကာခေါင်းငုံံ့၍ ဓမ္မတေးသီဆိုနေသည်။

သူမသည် ရိုးရှင်းသော ဖျင်ကြမ်းဝတ်စုံကို ဝတ်ဆင်ထားပြီး သူမ၏ပခုံးအောက်သို့ ကျနေသည့် ရှည်လျားနက်မှောင်သော ဆံပင်ရှည်များကို ပိုင်ဆိုင်ထားသည်။ သူမသည် သူမ၏ပတ်ပတ်လည်ရှိ ဘုရားကျောင်း၏ အစိတ်အပိုင်းတစ်ခုကဲ့သို့ ဖြစ်နေသည့်အလားပင်။

ပိုင်ရှောင်ချန်းမှာ အပေါက်ဝတွင်ရပ်၍ သူမ၏ ဓမ္မတေးသံကို နားထောင်နေလိုက်သည်။ ထိုဓမ္မတေးမှာ ဘာသာတရားတွင် တစ်ဘဝလုံး မြှုပ်နှံထားပြီး ရေနံဆီမီးအိမ်ကလေးတစ်လုံးသာ အဖော်အဖြစ်ထားရှိ၍ ရှေးဟောင်းဘုရားကျောင်းထဲတွင် တစ်ယောက်တည်း ကုန်ဆုံးစေမည့်အကြောင်း စပ်ဆိုထားသည့် တေးသွားတစ်ပုဒ် ဖြစ်သည်။

တဒင်္ဂကြာသွားပြီးနောက် ထိုအမျိုးသမီးမှာ တစ်ယောက်တည်း ရှိနေသည် မဟုတ်ကြောင်း ရိပ်မိသွားသည်။ သို့သော်ငြား သူမက နောက်သို့ လှည့်မကြည့်ပေ။ သူမ၏ခန္ဓာကိုယ်ကလေး ဆတ်ခနဲတုန်ရီသွားကာ သူမ၏ပါးပြင်ပေါ်မှ မျက်ရည်တစ်စက် လိမ့်ဆင်းကျလာပြီး ရေနံဆီမီးအိမ်ရှေ့ရှိ မြေပြင်ပေါ်သို့ ဖိတ်စင်သွားကာ ပန်းပွင့်တစ်ပွင့်ပုံစံအဖြစ် ပြောင်းလဲသွားတော့သည်။ ထိုပန်းပွင့်မှာ ခံစားချက်နှင့် မှတ်ဉာဏ်များဖြင့် ပြည့်နှက်နေသည့် ပန်းပွင့်တစ်ပွင့် ဖြစ်ပေသည်။

***

( English ဘာသာပြန်သူ Deathblade ၏ ရှင်းလင်းချက် )

ဤအပိုင်း၏ခေါင်းစဥ်၊ နောက်ဆုံးအခန်းတို့နှင့် ပတ်သက်သည့် အရေးကြီးသောမှတ်ချက်။

တရုတ်ယဥ်ကျေးမှုနှင့် ဘာသာစကားမှာ အတိုချုံးဆိုရမည်ဆိုလျှင် ရေးတေးတေးမျှသာ ဖော်ပြလေ့ရှိသည့် high-context အမျိုးအစားဖြစ်သည်။ ကိစ္စရပ်တော်တော်များများကို ' နှုတ်မှအမှန်တကယ် ထုတ်ပြောခြင်းမရှိဘဲ ' ဖော်ပြတတ်ကြသည်ဖြစ်ပြီး ဤနောက်ဆုံးအခန်းမှာလည်း ထိုကဲ့သို့ ဥပမာတစ်ခု ဖြစ်ပေသည်။ သို့ဖြစ်ပါ၍ ဤနောက်ဆုံးအခန်းကို နားမလည်လိုက်သူများအတွက် ရှင်းပြလိုက်ရပါသည်။

အခြေခံအားဖြင့်ဆိုရသော် တုလင်ဖေးမှာ ပိုင်ရှောင်ချန်းအား ငြင်းဆန်လိုက်ပြီး ဘာသာတရားထဲတွင်သာ သူမဘဝကို နှစ်မြှုပ်ရန် ရွေးချယ်လိုက်ခြင်း ဖြစ်သည်။ ထိုသို့ရွေးချယ်ရသည့် အကြောင်းပြချက်နှင့် အသေးစိတ်ကိုမူ ဖော်ပြမထားပေ။ သူမ၏ နောက်ဆုံးကံကြမ္မာကိုလည်း ရှင်းရှင်းလင်းလင်း ဖော်ပြမထားပေ။ သူမ၏ သက်တမ်းအပြည့်နေထိုင်သွားပြီး ပြန်လည်မွေးဖွားခြင်း စက်ဝန်းထဲသို့ ဝင်ရောက်သွားမည်ဟု ယူဆရပေသည်။ သို့သော် ထိုအချင်းအရာကိုလည်း အတိအကျဖော်ပြမထားပေ။ သူမက ထိုသို့ ဆုံးဖြတ်ချက်ချလိုက်ပြီးနောက် ပိုင်ရှောင်ချန်းသည်လည်း သူမ၏ဆန္ဒများကို လေးစားအသိအမှတ်ပြုရန် ဆုံးဖြတ်ခဲ့သည်။

ဤအပိုင်း၏ခေါင်းစဥ်နှင့် နောက်ဆုံးစာပိုဒ်မတိုင်မီ စာပိုဒ်ထဲမှ စာကြောင်းမှာ တရုတ်ဘာသာစကားတွင်မူ အလွန်ရိုးရှင်းကာ စကားလုံး ခုနစ်လုံးမျှသာရှိသည်။

" ရေနံဆီမီးအိမ်၊ ရှေးဟောင်းဘုရားကျောင်း၊ ဘဝအဖော်မွန် " ဟူသည့် စကားလုံးများဖြစ်သည်။ ထိုစကားလုံးများ၏ အဓိပ္ပါယ်ကို တရုတ်လူမျိုးများက ချက်ချင်းပင်နားလည်နိုင်သည်။ ဤစာပိုဒ်ကို Mistress Death Blade အားပြ၍ သူမ၏အတွေးအမြင်ကို မေးကြည့်ခဲ့သောအခါ အဘယ့်ကြောင့် ဤမျှလောက်ရိုးရှင်းသော အရာတစ်ခုအား လာမေးနေရပါသနည်း ဟူသောအကြည့်ဖြင့် ကျွန်ုပ်အား ပြန်၍ကြည့်ခဲ့သည်။ ထို့နောက် သူမသည် " တုလင်ဖေးက ပိုင်ရှောင်ချန်းကို ငြင်းလိုက်ပြီး တစ်ဘဝလုံးကို သီလရှင်တစ်ယောက်အနေနဲ့ ကုန်ဆုံးဖို့ ရွေးချယ်လိုက်တာ " ဟူ၍ ပြန်ဖြေခဲ့သည်။ ထို ' သီလရှင် ' ဆိုသောအရာမှာ ရှေးခေတ် တရုတ် ဒရာမာဇာတ်ကားများတွင် ပါဝင်လေ့ရှိသည့် အမျိုးသမီးတစ်ယောက်က သူမ၏ဘဝထဲရှိ ဝမ်းနည်းမှုများနှင့် နောင်တများကို ချန်ရစ်ခဲ့နိုင်ရန်အတွက် ဗုဒ္ဓဘာသာဝင် သီလရှင်တစ်ယောက်အဖြစ်သို့ ပြောင်းလဲလိုက်သည့် ပုံစံမျိုးပင်ဖြစ်သည်။

All Chapters