Chapters

သူ၏ရွေးချယ်မှု

Vol. 14 Ch. 1314

သူ၏ရွေးချယ်မှု

Vol. 14 Ch. 1314

ယခုလေးတင် ပိုင်ရှောင်ချန်း မြင်ခဲ့ရသည့် အရာအားလုံးမှာ ပျောက်ကွယ်သွားပြီး ထာဝရမှတ်ဉာဏ်တစ်ခုအဖြစ် ပြောင်းလဲသွားသည်။

သူသည် မျက်လုံးများကို ဖွင့်လိုက်သောအခါ အချိန်နှင့်အာကာသမြစ်ထဲရှိ လှေဦးပေါ်တွင် ရပ်နေဆဲဖြစ်ကြောင်း သိလိုက်ရသည်။ တဒင်္ဂကြာပြီးနောက် သူသည် ညာဘက်ရှိ ထာဝရပန်းပွင့်ဆီမှ အကြည့်လွှဲလိုက်တော့သည်။

လှေသမားအဘိုးကြီးမှာ သေရည်အိုးနောက်ထပ်တစ်အိုး ထုတ်ကာ တစ်ကျိုက်မော့သောက်လိုက်ပြီး ပိုင်ရှောင်ချန်းအား ကြည့်လိုက်သည်။

" အဲဒီပန်းပွင့်က မင်းနဲ့ တကယ် ကိုက်ပါတယ်။ အစကိုပြန်သွားတာလည်း မဟုတ်သလို အဆုံးသတ်အစစ်အမှန်လည်း မဟုတ်ဘူး "

ပိုင်ရှောင်ချန်းကမူ မည်သည့်စကားမှ ပြန်မပြောပေ။ မည်သည့်အရာကို သူ တွေးတောနေကြောင်းကိုလည်း မသိနိုင်ပေ။ သူသည် ဘယ်ဘက်ရှိပန်းပွင့်အား လှမ်းကြည့်ပြီးနောက် ညာဘက်ရှိပန်းပွင့်အား ထပ်၍ကြည့်လိုက်သည်။ အဆုံးတွင် သူ၏မျက်လုံးများကို ထပ်မှိတ်လိုက်တော့သည်။

" ညာဘက်က ပန်းပွင့်ကို ယူပါလား။ ငါ့အမြင်မှာတော့ အဲဒီပန်းပွင့်က စိတ်ကျေနပ်ပျော်ရွှင်မှု ပေးစွမ်းနိုင်မယ်လို့ ထင်တယ်။ အဲဒီနှစ်ပွင့်စလုံးက နှစ်လိုဖွယ်ကောင်းပေမဲ့ နှစ်ပွင့်ထဲက တစ်ပွင့်ကိုရွေးရမယ်ဆိုတာကြီးကတော့ သိပ်ခက်တဲ့ ရွေးချယ်မှုတစ်ခုပဲ "

အဘိုးကြီးက သက်ပြင်းချလိုက်တော့သည်။ အမှန်အတိုင်းဆိုရလျှင် သူသည်ပင် ယခုလိုရွေးချယ်ရမည်ဆိုပါက လွယ်လွယ်ကူကူ ရွေးချယ်နိုင်မည် မဟုတ်ပေ။

" တခြားအပွင့်က အဆုံးမရှိတဲ့ ဖြစ်နိုင်ခြေတွေ၊ ရွေးချယ်စရာတွေနဲ့ ပြည့်နှက်နေတဲ့ အနာဂတ်တစ်ခုကို ပေးစွမ်းနိုင်မှာ။ အဲဒါဆို မင်းလည်း အရာရာတိုင်းကို ပိုပြီး ပြီးပြည့်စုံအောင် လုပ်ရင် လုပ်နိုင်မှာပေါ့။ မင်းရဲ့သံသယအားလုံးတွေကို ပယ်ရှားပြီး မင်းရဲ့အနာဂတ်ကို မင်းစိတ်တိုင်းကျ ပုံဖော်ရင်လည်း ပုံဖော်နိုင်မှာပေါ့ "

အဘိုးကြီးမှာ ခေါင်းယမ်းလိုက်တော့သည်။

" မင်းဘယ်လို ရွေးချယ်မှာလဲ၊ ေသရည်သောက်ရင်း စဥ်းစားဦးမလား "

ထိုသို့မေးကာ သူ၏သေရည်အိုးကို လှမ်းပေးလိုက်သည်။

" မလိုပါဘူး "

ပိုင်ရှောင်ချန်းက ပြန်ဖြေလိုက်သည်။ ထို့နောက် သူ၏မျက်လုံးများကိုဖွင့်ကာ ထိုပန်းပွင့်နှစ်ပွင့်ကို လှမ်းကြည့်လိုက်ပြီး ပြုံး၍ လက်ကိုဆန့်ထုတ်လိုက်တော့သည်။

ပြီးပါပြီ။

တစ်ထောင့်သုံးရာတစ်ဆယ့်လေး၊ အသက်တစ်သက်၊ ဘဝတစ်ခု၊ ထာဝရ စိတ်ဆန္ဒ …

ဘာသာပြန်သူမှတ်စု။ တရုတ်ဘာသာစကားတွင် တစ်ထောင့်သုံးရာတစ်ဆယ့်လေး ဆိုသောနံပါတ်မှာ " အသက်တစ်သက်၊ ဘဝတစ်ခု " သို့တည်းမဟုတ် အခြေခံအားဖြင့် " လူတစ်ယောက်၏ သက်တမ်းတစ်ခုလုံး " ဟူ၍ အဓိပ္ပါယ်ရသော စာလုံးများနှင့် ကာရန်ကိုက်နေသည်။ ၎င်းမှာ အလွန်စိတ်ကူးယဥ်ဆန်ပြီး ကဗျာဆန်လွန်းသည့် နံပါတ်တစ်ခုဖြစ်သည်။