( နိဂုံး )
Vol. 14 Ch. 1315
( နိဂုံး )
အခန်း ( ၁၃၁၅ )
နှစ်ပေါင်းများစွာ ကုန်လွန်လာခဲ့ပြီး ခေတ်အလီလီ ပြောင်းလဲသွားသည်။
ထာဝရဝိညာဉ်ကမ္ဘာကြီးမှာ စူးရှတောက်ပသောအလင်းရောင်များဖြင့် တဖိတ်ဖိတ် တောက်ပနေဆဲဖြစ်ပြီး ကမ္ဘာပေါင်းတစ်သန်းရှစ်သောင်းမှာလည်း ထွန်းလင်းတောက်ပနေဆဲပင်။ လောကနတ်ဘုရားများနှင့် မိုးမြေဧကရာဇ်များကဲ့သို့ တန်ခိုးရှင်မျိုးဆက်ပေါင်းများစွာ ပေါ်ထွန်းလာကာ ပျောက်ကွယ်သွားကြပြီးလည်းဖြစ်သည်။
" မိုးရွာပြီးလျှင် နွေဦးဝါးပင်များ ပေါက်လာတတ်စမြဲပင် " ဟူသောဆိုရိုးစကားအတိုင်း ထိုတန်ခိုးရှင်အသစ်များမှာ သူတို့နေထိုင်ရှင်သန်ခဲ့ရာ ခေတ်ကာလများတွင် ထွန်းတောက်သောကြယ်ပွင့်များကဲ့သို့ ဖြစ်ခဲ့ကြပေသည်။
ထာဝရအင်မော်တယ်နယ်မြေများမှာ တခြားကြယ်များအားလုံးထဲတွင် အထွန်းတောက်ဆုံးသော ကြယ်ဖြစ်လာခဲ့သည်။
နောက်ဆုံးတွင် ပိုင်ရှောင်ချန်းက ထာဝရအင်မော်တယ်နယ်မြေများထဲမှ ထွက်ခွာသွားပြီး သူ၏မိတ်ဆွေများနှင့် မိသားစုဝင်များကိုပါ သူနှင့်အတူ ခေါ်ဆောင်သွားခဲ့သည်။ ထို့နောက် သူ့အကြောင်းဇာတ်လမ်းပုံပြင်များမှာ ဒဏ္ဍာရီများအသွင် ပြောင်းလဲသွားပြီးနောက် ယုံတမ်းပုံပြင်များအဆင့်ထိပါ ပြောင်းလဲသွားကြသည်။ နှစ်ပေါင်းများစွာ ကြာမြင့်ပြီးသည့်တိုင်အောင် လူများစွာက အတိုင်းအတာတစ်ခုအထိ ထာဝရအင်မော်တယ်နယ်မြေများ၏ သမိုင်းကြောင်းကို ရှင်းပြပေးနိုင်သည့် ထိုပုံပြင်ဇာတ်လမ်းများအကြောင်းကို ပြောဆိုနေကြဆဲပင်။
ပိုင်ရှောင်ချန်း မည်သည့်နေရာသို့ထွက်သွားကြောင်းကို မည်သူမှ မသိပေ။ သူတို့က ဗဟိုဧကရာဇ်မင်းဆက်၏ ရှေးအကျဆုံးမှတ်တမ်းများကိုသာ လေ့လာနိုင်ကြသည်ဖြစ်ပြီး တိကျသေချာမှု လုံးဝမရှိသော သဲလွန်စများကိုသာ ရှာတွေ့ခဲ့ကြသည်။ ထိုမှတ်တမ်းများကို ချန်ရစ်ခဲ့သူမှာ ပိုင်ရှောင်ချန်းသည် သူ၏မိတ်ဆွေများ၊ မိသားစုဝင်များနှင့်အတူ အမည်မသိသော နေရာတစ်ခုသို့ ထွက်သွားခဲ့သည်ဖြစ်ပြီး တစ်သက်လုံး ပျော်ပျော်ရွှင်ရွှင် နေထိုင်တော့မည်ဖြစ်ကြောင်း လူအများအား အသိပေးခဲ့ချင်ဟန်တူသည်။
လူအများမှာလည်း ထိုအဆိုပြုချက်ကို လက်သင့်ခံလိုက်ကြသဖြင့် မကြာမီတွင် ထာဝရဝိညာဉ်ကမ္ဘာ၏ တရားဝင်သမိုင်းတစ်ခုအဖြစ် ပြောင်းလဲသွားတော့သည်။
မျိုးဆက်ပေါင်းစုံ ပေါ်ထွက်လာပြီး ပျောက်ကွယ်သွားတိုင်း ကျင့်ကြံသူများက သမိုင်းတစ်လျှောက် တန်ခိုးအကြီးမားဆုံးလူတစ်ဦးဖြစ်သော ပိုင်ရှောင်ချန်းအား ကိုယ်တိုင်ကိုယ်ကျတွေ့မြင်နိုင်ရန်အတွက် သူ့အား ကြိုးစား၍ လိုက်လံရှာဖွေခဲ့ကြသည်။
သို့သော်လည်း တစ်ယောက်မှ မအောင်မြင်ခဲ့ကြပေ။
***
ထာဝရဝိညာဉ်ကမ္ဘာ၏ အပြင်ဘက်တွင် မည်သည့်အရပ်သို့ ကြည့်ရှုသည်ဖြစ်စေ အဝေးသို့လှမ်း၍ မမြင်နိုင်လောက်အောင် ထူထည်းသိပ်သည်းလှသည့် မြူခိုးများနှင့် ပြည့်နှက်နေသော ကျယ်ပြန့်လှသော ကြယ်တာရာကောင်းကင်တစ်ခု ရှိသည်။ ယခုအခါ ထိုမြူခိုးများထဲတွင် တဟုန်ထိုး ပျံသန်းနေသည့် လူတစ်ယောက်ကို မြင်နေရသည်။ သူ၏မျက်နှာပေါ်တွင် စိတ်လှုပ်ရှားမှုများဖြင့် ပြည့်နှက်နေသော အမူအရာတစ်ခု ရှိနေသည်။
" အောင်မြင်ပြီဟေ့။ နောက်ဆုံးတော့ ငါ ထွက်ပြေးလွတ်မြောက်နိုင်ခဲ့ပြီကွ "
သူသည် လူငယ်တစ်ယောက်နှင့်တူကာ ရိုးသားဖြူစင်သည့်ပုံစံရှိပြီး အဖြူရောင်ဝတ်စုံတစ်ခုကို ဝတ်ဆင်ထားသည်။ သူ၏မျက်နှာပေါ်ရှိ အမူအရာမှာမူ ယခုလေးတင် လှောင်အိမ်ထဲမှ လွှတ်ပေးခံလိုက်ရသည့် ငှက်တစ်ကောင်အလား ဝမ်းမြောက်ပျော်ရွှင်မှုများနှင့် ပြည့်နှက်နေသည်။
" အဲဒီမိန်းမတွေကိုက တရားလွန်တာ။ တည်တည်ကြည်ကြည်နေတာလည်း ငါပဲ။ ရိုးရိုးသားသားနေတာလည်း ငါပဲ။ သူတို့ငါ့ကို အနိုင်ကျင့်စရာ ဘာအကြောင်းရှိလဲ "
သူက သက်ပြင်းသာ ချလိုက်တော့သည်။ သူ၏မျက်ဝန်းများထဲရှိ အရိပ်အယောင်များကိုကြည့်၍ သူသည် လူဆိုးလူသွမ်းမဟုတ်ပါသော်လည်း ရိုးသားဖြောင့်မတ်သော လူတစ်ယောက်လည်း မဟုတ်ကြောင်း သိနိုင်ပေသည်။
ထိုလူငယ်လေးသည်ကား ပိုင်ရှောင်ချန်းပင်။
ရှေးဟောင်းသမိုင်းများထဲတွင် သူသည် သူ၏မိသားစုဝင်များနှင့် မိတ်ဆွေများအား အမည်မသိသောနေရာတစ်ခုသို့ ခေါ်ဆောင်သွားပြီး ပျော်ပျော်ရွှင်ရွှင် နေထိုင်သွားသည်ဟု ဖော်ပြထားသည်။ ထိုဖော်ပြချက်မှာ မှန်ကန်ပါသော်လည်း အချိန်အတိုင်းအတာ တစ်ခုထိ ကုန်ဆုံးသွားပြီးနောက် ပိုင်ရှောင်ချန်းမှာ ဆက်၍ သည်းမခံနိုင်တော့ပေ။ သူ၏ ဗီဇမှာ ထိုအတိုင်းပင် ဖြစ်သည်။ စုန့်ကျင်းဝမ်၊ ကျိုးကျစ်မို၊ ဟိုရှောင်မေ့၊ ကုန်းစွန်းဝမ်အာနှင့် တုလင်ဖေးတို့မှာ သူနှင့်ပတ်သက်လာပါက အလွန်တင်းကြပ်သဖြင့် ပို၍ပင် ဆိုးနေတော့သည်။ နောက်ဆုံးတွင် သူသည် ဒေါသကြောင့် ကြက်သီးမွေးညင်းများ ထလာရသည့် အခြေအနေအထိ ဆိုက်ရောက်သွားရတော့သည်။
" သူတို့က ဘယ်မိန်းကလေးကိုမှ ငါနဲ့စကားတောင်ပြောခွင့်မပေးဘူး။ ငါ တစ်ယောက်တည်း အပြင်ထွက်ခွင့်လည်းမပေးတဲ့အပြင် ငါက ရောက်တဲ့နေရာတိုင်းမှာ ပြဿနာရှာတဲ့ကောင်ဆိုပြီး ပြောရဲသေးတယ်။ ငါတို့ရဲ့အိမ်ကို ငါ ဖျက်ဆီးပစ်မှာ သူတို့က စိတ်ပူတယ်ဆိုပဲ။ အဲဒီလောက်အထိဆို ငါလက်ခံနိုင်သေးတယ်။ ဒါပေမဲ့ သူတို့က ငါ့ကို ဆေးဖော်စပ်ခွင့်ပါ ပိတ်လိုက်တာလေ "
" တခြားမိန်းမတွေနဲ့ စကားမပြောရတာလည်း ကိစ္စမရှိဘူး။ အပြင်ထွက်ပြီး အပျော်ရှာလို့ မရတာလည်း ကိစ္စမရှိဘူး။ ဆေးဖော်စပ်လို့မရတာအထိ ငါလက်ခံနိုင်သေးတယ်။ ငါ နောက်ဆုံး သည်းမခံနိုင်တဲ့အချက်က အသေးအဖွဲကိစ္စလေးတွေကိုတောင် သူတို့ ငြင်းခုံချင်ကြတာကိုပဲ။ လက်ထပ်ထားတာ နှစ်တွေအများကြီးကြာပြီးတာတောင် ငါ ဘယ်လောက်ပဲ သူတို့ကိုချော့ချော့၊ ဘယ်လောက်ပဲ ငါ့ဘက်ကမှန်နေမှန်နေ အမြဲတမ်း ရန်ဖြစ်နေရတာ။ နောက်ဆုံးတစ်ခေါက် ရန်ဖြစ်တုန်းကဆို နှစ်ပေါင်းတစ်ထောင်အထိ ကြာသွားခဲ့တာ... "
ရူးသွပ်ဖွယ်အကောင်းဆုံးအရာက သူ၏တာအိုလက်တွဲဖော်များနှင့် အရေးကြီးသော ကိစ္စရပ်တစ်ခုခုကို ဆွေးနွေးသည့်အချိန်တိုင်း သူတို့အားလုံးက သူ့အားစိုက်ကြည့်၍ သူတို့ထဲမှ မည်သူ့အား သူ အရင်ဆုံးပြန်၍ကြည့်သနည်းဟု စောင့်ကြည့်ကြသည့်အချက်ပင် ဖြစ်သည်။
" နောက်ဆုံးတော့ ငါလုံးဝလွတ်မြောက်လာခဲ့ပြီ... သူတို့က နှစ်သစ်ကူးပွဲတော်အတွက် အလုပ်ရှုပ်နေကြတာဆိုတော့ အနည်းဆုံးတော့ ငါ အပြင်ထွက်ပြီး အညောင်းပြေအညာပြေ ခြေဆန့်လက်ဆန့် လုပ်လို့ရပြီ "
ထိုသို့ဖြင့် သူသည် ပျော်ရွှင်မှုကို ရှာဖွေမည်ဟု စိတ်ပိုင်းဖြတ်၍ ပျံသန်းကာ ထွက်လာတော့သည်။
သူသည် သက်ပြင်းချကာ ကျယ်ပြန့်လှသော အာကာသကြီးကို ဖြတ်သန်းရင်း ခရီးဆက်နေတော့သည်။ သူ၏နောက်ဆုံးပန်းတိုင်နှင့် ပတ်သက်၍ သူဆုံးဖြတ်ချက်ချပြီးသွားပြီဖြစ်သည်။ သူသည် လိပ်ကလေး၏အိမ်ဖြစ်သော အဆုံးမဲ့တာအိုနယ်မြေဆီသို့ သွားမည် ဖြစ်သည်။
ထိုသို့ရောက်သွားပြီး အတွင်းသို့ဝင်ခါနီးလေးတွင် သူသည် ထူထပ်သိပ်သည်းလှသော မြူခိုးထဲတွင် တစ်စုံတစ်ရာ လွင့်မျောလာသည်ကို သတိထားမိလိုက်သဖြင့် အမူအရာပြောင်းလဲသွားတော့သည်။
"အဲဒါ စတုတ္ထအဆင့်ရဲ့ အငွေ့အသက်ပဲ။ မဟုတ်သေးပါဘူး၊ ပဉ္စမအဆင့်ရဲ့ အငွေ့အသက်ပါလား..."
သူက မျက်တောင်တဖျတ်ဖျတ်ခတ်လိုက်ပြီး မြူခိုးထဲသို့ လက်ကိုဆန့်ထုတ်လိုက်သောအခါ မှုန်ဝါးဝါးအလင်းရောင်တစ်ခုက သူ၏လက်ဆီသို့ ပျံသန်းလာသည်။
ထိုအရာမှာ ပုလင်းတစ်လုံး ဖြစ်သည်။ ပို၍တိတိကျကျဆိုရမည်ဆိုလျှင် ပုလင်းထဲတွင်ထည့်ထားသည့် စာတစ်စောင်ဖြစ်သည်။
ထိုပုလင်းမှာ ပိုင်ရှောင်ချန်းနှင့် မဆုံတွေ့မီ မြူခိုးထူထဲလွန်းလှသော ကြယ်တာရာကောင်းကင်ကြီးထဲတွင် အချိန်မည်မျှခန့် လွင့်မျောနေခဲ့ကြောင်းကို မည်သူမှသိမည် မဟုတ်ပေ။
" စိတ်ဝင်စားစရာကောင်းလှပါလား "
သူက မျက်တောင်တဖျတ်ဖျတ်ခတ်၍ တွေးလိုက်သည်။ ထိုပုလင်းအား တစ်ခဏမျှ ကြည့်လိုက်ပြီးနောက် ၎င်းအားဖွင့်လိုက်ပြီး အတွင်းထဲရှိ စာရွက်တစ်ရွက်ကို ထုတ်ယူလိုက်သည်။
သူသည် သိလိုစိတ်ပြင်းပြစွာဖြင့် ထိုစာရွက်အားဖွင့်ဖတ်လိုက်ပြီးနောက် ချက်ချင်းပင် ရယ်မောလိုက်တော့သည်။
" ဒီစာကို ဘယ်သူရေးတာတုန်း။ သူက ချမ်းသာချင်နေတာဆိုပဲ.. "
သို့သော် ထိုသို့ သူ ရယ်မောနေစဉ်မှာပင် ကံကြမ္မာစီးကြောင်းများမှာ သူ နှင့် ချိတ်ဆက်တော့မည့်အလား ထိုစာရွက်ထဲမှ ပေါ်ထွက်လာသဖြင့် သူ၏အမူအရာ ပြောင်းလဲသွားသည်။
သူသည် မျက်လုံးများပြူးသွားကာ ဘယ်လက်ဖြင့် မန္တန်လက်ကွက်တစ်ခုကို အလျင်အမြန်ဖော်လိုက်ပြီး ထိုချိတ်ဆက်မှုအား ဖြတ်တောက်လိုက်သည်။
" ဘယ်လို လူယုတ်မာတုန်းကွာ။ ဒီကောင်ဘယ်သူတုန်း။ သူ့တာအိုထဲမှာ ကံကြမ္မာ ပါဝင်နေတာ ဟုတ်လား။ ဒီစာရွက်နဲ့ ထိမိလိုက်တဲ့လူတိုင်း သူ့ကိုပိုက်ဆံပေးရမဲ့ စာချုပ်တစ်ခုကို ဖန်တီးလိုက်သလို ဖြစ်သွားတာ ဟုတ်လား။ ကံ၊ကံရဲ့အကျိုး ကြောင့် သူ့ကိုပိုက်ဆံအကြွေး တင်သွားရတာ ဟုတ်လား " သူသည် ထိုစာရွက်အား တစ်ခဏမျှ ငုံ့ကြည့်လိုက်ပြီး အေးစက်စက်နှာမှုတ်လိုက်တော့သည်။
" ငွေကို ရူးသွပ်လုမတတ် စွဲလမ်းနေတဲ့ကောင်ပါလား … "
အချိန်အနည်းငယ် ကုန်ဆုံးသွားပြီးနောက် သူက လက်ကိုဝှေ့ယမ်းလိုက်သောအခါ ထိုစာရွက်၏ ကျောဘက်တွင် စာကြောင်းအသစ်တစ်ကြောင်း ပေါ်လာတော့သည်။
' ချမ်းသာရတာ ဘာကောင်းလို့တုန်း။ ထာဝရအသက်ရှင်ဖို့က အရေးကြီးဆုံးပဲ။ ငါက ထာဝရအသက်ရှင်ချင်တာ ' ဟူသော စာကြောင်းဖြစ်သည်။
ထိုသို့ရေးလိုက်ပြီး သူက ထိုပုလင်းအား ပြန်၍ ပစ်လွှတ်ရန် ပြင်လိုက်သည်။ သို့သော် သူ တွန့်ဆုတ်သွားပြီး ထိုစာရွက်အားပြန်ထုတ်၍ နောက်ထပ်စာကြောင်းတစ်ကြောင်း ထည့်လိုက်ပြန်သည်။
' တာအိုလက်တွဲဖော် တစ်ယောက်ထက် ပို၍မယူပါနှင့် ' ဟူ၍ပင် …
သူသည် ကျေနပ်အားရသွားပြီး အနာဂတ်တွင် ဤပုလင်းအားရှာတွေ့သောလူမှာ သူ့ဘဝတစ်ခုလုံးစာ အတွေ့အကြုံများဖြင့် ပေါင်းစည်းထားသော သူ၏အကြံပေးချက်ကို လိုက်နာစေရန် ဆုတောင်းလိုက်တော့သည်။ ထို့နောက် သူ၏အင်္ကျီလက်ကို ဝှေ့ယမ်းကာ ထိုပုလင်းအား မြူခိုးထဲသို့ ပစ်လွှတ်လိုက်ပြီး အဆုံးမဲ့တာအိုနယ်မြေဆီသို့ ဦးတည်သွားလိုက်တော့သည်။
" အဲဒီအရူးကောင်ကိုသာ ငါ ရှာတွေ့လို့ကတော့ ကောင်းကောင်းတရားချပစ်ဦးမယ်။ ငါ့ကို သူ့အပေါ် ပိုက်ဆံအကြွေးတင်အောင်လုပ်ရဲတာ ငါဖြင့် မယုံနိုင်ဘူး။ ဒီကောင့်ကို မူးယစ်ဆေးတစ်လုံးလောက် ကျွေးလိုက်ရင်ကောင်းမလား ဒါမဟုတ် ကာမအားတိုးဆေးတစ်လုံးလောက် ကျွေးလိုက်ရင် ကောင်းမလား "
***
ထာဝရအသက်ရှည်လိုသော်စာစဉ် အမှန်တကယ် ပြီးဆုံးသွားပါပြီ။ ကံကြမ္မာနှောင်ကြိုးဖြင့် ပိုင်ရှောင်ချန်းအား အကြွေးတောင်းချင်သူမှာ “ ကောင်းကင်တံခါးကို ငါ ပိတ်မယ် “ စာစဉ်ထဲက မန်ဟိုမှန်း စာရှုသူများ သိကြပေလိမ့်မည်။ ပိုင်ရှောင်ချန်း သွားရောက်မည့် အဆုံးမဲ့တာအိုနယ်မြေမှာ မူရင်းစာရေးဆရာအာကန်း၏ ပဉ္စမမြောက်စာစဉ်ဖြစ်သော လက်ဖဝါးပြင်ထက်က ကမ္ဘာစာစဉ်မှ ဝမ်ပေါင်လဲ့၏တာအိုနယ်မြေ ဖြစ်ပေသည်။