ခရမ်းရောင်ဝတ်ရုံ
Vol. 14 Ch. 209
ထိုစကားများသည် မိုးခြိမ်းသံအလား ရွှီချင်း၏စိတ်ထဲ ပဲ့တင်ထပ်သွားကာ သူ့နှလုံးသားကို အနည်းငယ် တုန်ရီသွားစေသည်။ သို့သော်လည်း ရွှီချင်းက သိသိသာသာ မျက်နှာပျက်သွားခြင်း မရှိသလို ထိုအကြောင်း များများစားစား တွေးတောမနေတော့ဘဲ ခေါင်းငုံ့၍ လေးစားစွာ ပြောလိုက်သည်။
“ ဟုတ်ပါတယ်ခင်ဗျ ”
ထိုကိစ္စနှင့် ပတ်သက်၍ ဖုံးကွယ်နေရန် မလိုအပ်ပေ။ ရေသူမမျိုးနွယ်မှ လင်းရှီမီးအိမ်သည် အဖိုးတန်ပါသော်လည်း ယခင်က တစ်ယောက်မှ မယူဖူးသည် မဟုတ်ပေ။ ထိုစဉ်က ရွှီချင်း၏အပြုအမူများသည် လျှို့ဝှက်ဟန်ရှိပါသော်လည်း အမှန်စင်စစ် တစ်စုံတစ်ယောက်ကသာ စစ်ဆေးကြည့်ချင်နေပါက သဲလွန်စများစွာ ရှာတွေ့မည်သာ ဖြစ်သည်။
ရွှီချင်းက တစ်ခုခုကို ဖုံးကွယ်ရန် ကြိုးစားနေသည့် ခံစားချက်မျိုး ပေးနေသည့်အတွက်ကြောင့် ထိုအကြောင်းကို လိမ်မပြောရန် ဆုံးဖြတ်လိုက်ခြင်း ဖြစ်သည်။
“ အဲဒါကို မင်း ဘယ်လိုလုပ်မှာတုံး ”
တတိယအကြီးအကဲက ရွှီချင်းကိုကြည့်၍ တည်ငြိမ်စွာ မေးမြန်းလိုက်သည်။
“ ရောင်းမှာပါခင်ဗျ ”
ရွှီချင်းက တွေဝေတွန့်ဆုတ်မနေဘဲ ဖြေလိုက်ပြီး တတိယအကြီးအကဲကို ကြည့်ရန် ခေါင်းကိုမော့လိုက်သည်။
ထိုစဉ် မတ်မတ်ထိုင်နေသော တတိယအကြီးအကဲထံမှ ဖိအားကြောင့် ပတ်ဝန်းကျင်တစ်ခုလုံး ရှုံ့တွသွားပြီး ခန်းမဆောင်ထဲတွင် ဖိအားများဖြင့် ပြည့်နှက်လာသည်။ သူ့စကားများ ပဲ့တင်ထပ်သွားသည်နှင့်အမျှ ဖိအားက ပို၍ပင် ပြင်းထန်လာသည်။
အမှန်တွင် ထိုဖောက်ထွင်းကြည့်နေသည့်အလား ရွှီချင်း ခံစားလိုက်ရပြန်သည်။ သို့သော်လည်း နောက်ဆုံးတစ်ကြိမ်ကထက် များစွာ အဆင်ပြေသေးသည်ဟု သူ ခံစားရသည်။
နောက်ဆုံးတစ်ကြိမ်က သူ ခေါင်းမော့ရန်ပင် ခက်ခဲခဲ့ရသည်။ အကြီးအကဲကို ကြည့်မိရုံဖြင့် သူ့မျက်လုံးများ နာကျင်သွားခဲ့ရသည်။
ထိုစကားကို တတိယအကြီးအကဲ ကြားသောအခါ ပြုံးသွားသည်။ ရွှီချင်းက တည့်တိုးပြောလိုက်သည့်အတွက် သူ ကျေနပ်သွားဟန်တူသည်။
“ ရွှီချင်း၊ ငါ မင်းကို အထင်ကြီးတယ်။ လင်းရှီမီးအိမ်ကို မင်းကိုယ်တိုင် ယူထားတာဆိုတော့ ငါ တောင်းမှာမဟုတ်ဘူး။ အဲဒီမီးအိမ်ကိုလည်း ငါ မကြိုက်ဘူး ”
“ ဒါပေမဲ့ အဲဒီမီးအိမ်ကို မြန်မြန်ရောင်းဖို့ သတိပေးချင်တယ်။ နို့မဟုတ်ရင် အဲဒီမီးအိမ်ကို လုယူချင်တဲ့လူတွေ ရှိလာလိမ့်မယ်။ အဲဒီမီးအိမ်ကို မင်း ရသွားတာ ငါ့လို အဘိုးကြီးတစ်ယောက်တောင် သိတယ်ဆိုရင် တခြားလူတွေလည်း သိဖို့ မခက်ဘူး ”
“ မင်းရဲ့ဂိုဏ်းတံဆိပ်ပြား ပေးလိုက် ”
ရွှီချင်းက တည်ငြိမ်စွာ ကြည့်၍ ဂိုဏ်းတံဆိပ်ပြားကို ထုတ်လိုက်သည်။
တတိယအကြီးအကဲက ညာလက်ကို မြှောက်လိုက်ရာ ဂိုဏ်းတံဆိပ်ပြားက သူ့လက်ထဲသို့ ပျံသန်းသွားသည်။ သူက ဂိုဏ်းတံဆိပ်ပြားကို အသာအယာ ပုတ်လိုက်ရာ ဂိုဏ်းတံဆိပ်ပြားက ချက်ချင်း တုန်ခါသွားပြီး ဝင်းလက်သွားသည်။ ဂိုဏ်းတံဆိပ်ပြားထဲရှိ အချက်အလက်များကို အလျင်အမြန် ချိန်ညှိပြီးနောက် တံဆိပ်ခတ်နှိပ်လိုက်သည့်အလား မန္တန်အစီအရင်စွမ်းအားများ ရောက်လာသည်။
ခဏအကြာ ဂိုဏ်းတံဆိပ်ပြားမှ အလင်းက မှိန်ဖျော့သွားပြီး ပုံမှန်ပြန်ဖြစ်သွားသည်။ တတိယအကြီးအကဲက လက်ကိုဝှေ့ယမ်းလိုက်ရာ ဂိုဏ်းတံဆိပ်ပြားက ရွှီချင်းထံ တန်းတန်းမတ်မတ် ဝင်ရောက်သွားသည်။
ရွှီချင်းက လက်မြှောက်၍ ဂိုဏ်းတံဆိပ်ပြားကို ယူလိုက်သည်။ သူက ကြီးမားသော တန်ပြန်အားကို ခုခံရန်လည်း ပြင်ဆင်ထားသည်။ ယခင်တစ်ခေါက် လူဆိုးထိန်းဌာနမှူးနှင့် တွေ့ဆုံခဲ့စဉ်အခါက တူညီသောဖြစ်ရပ်မျိုး ကြုံတွေ့ခဲ့ရသည် မဟုတ်ပါလား။
သို့သော်လည်း တံဆိပ်ပြားကို သူ ဖမ်းယူလိုက်သည့်အခါ မည်သည့်အားအင်မျှ ပါမနေပေ။ ထိုအားများက ဂိုဏ်းတံဆိပ်ပြားကို သူ ထိလိုက်သည်နှင့် ပျောက်ကွယ်သွားသည့်အလားပင်။
ထိုဖြစ်ရပ်ကြောင့် ရွှီချင်း၏မျက်လုံးများ မှေးသွားပြီး ထိုပုဂ္ဂိုလ်နှစ်ယောက်၏ ခြားနားချက်ကို သူ အာရုံခံမိလိုက်သည်။
အားများကို ထုတ်လွှတ်ရန်မှာ လွယ်ကူပါသော်လည်း ဂိုဏ်းတံဆိပ်ပြားပေါ်တွင် မည်သည့်အားအင်မှ မကျန်တော့သည်အထိ ထိန်းချုပ်နိုင်ရန်မှာ ခဲယဉ်းသည်။
“ ထွက်သွားလို့ရပြီ ”
တတိယအကြီးအကဲက မျက်လုံးများကို မှိတ်လိုက်သည်။
ရွှီချင်းက လက်နှစ်ဖက်ကို လေးစားစွာ ဆုပ်၍ ထွက်သွားသည်။ ခန်းမဆောင်အပြင်ဘက်သို့ သူ ရောက်တော့မည့်အခိုက် တတိယအကြီးအကဲထံမှ စကားသံ ထပ်မံလွင့်ပျံလာသည်။
“ ကျုံးဟန်က စရိုက်မဆိုးဘူး ”
“ တပည့် နားလည်ပါပြီ ”
ရွှီချင်းက လှည့်၍ အရိုအသေပေးလိုက်ပြီး ခန်းမဆောင်ထဲမှ ထွက်သွားသည်။ ထိုနေ့က တတိယအကြီးအကဲက မပြောခဲ့သည်ကို သူ သတိထားမိပြီး ယင်းမှာ သူ့ပုံရိပ်က မမြင့်သေးသည့်အတွက်ကြောင့် ဂိုဏ်းထောက်လီကို ပြောစေခဲ့ခြင်း ဖြစ်သည်။
သို့သော်လည်း ယခုတွင် မတူညီတော့ပေ။
ရွှီချင်း အပြင်ထွက်သွားစဉ် ဂိုဏ်းထောက်လီက သူ့ကို ခေါင်းညိတ်ပြလိုက်ပြီး မျက်လုံးများကို တိတ်ဆိတ်စွာ မှိတ်လိုက်သည်။ ရွှီချင်းက ခပ်လှမ်းလှမ်းရှိ ကျန်းယွင်ရှစ်ကို ကြည့်လိုက်ပြီး လျှောက်သွား၏။
ကျန်းယွင်ရှစ်က ပြုံး၍ ရွှီချင်းကို တာအိုဝတ်ရုံယူရန် ခေါ်သွားသည်။ တစ်ဆက်တည်း ရွှီချင်းက ကျင့်ကြံခြင်းဂူတစ်ဂူကိုလည်း ရွေးချယ်လိုက်သည်။ သို့သော် ကောင်းမွန်သော ဂူအများစုက ရွေးချယ်ထားပြီးကြပြီဖြစ်၍ သူ ရွေးချယ်လိုက်သောနေရာသည် အနည်းငယ် ချောင်ကျသည်။
သို့သော်လည်း ယင်းမှာ မဆိုးလှဟု ရွှီချင်း ခံစားရသည်။ တန်ကြေးက သူ ခန့်မှန်းထားသလောက် မမြင့်မားပေ။
နောက်ဆုံးတွင် ကျန်းယွင်ရှစ်၏ မိတ်ဆက်စကားနှင့် လမ်းညွှန်ပြသပေးခြင်းအောက်တွင် ရွှီချင်းက ကျမ်းစာခန်းမသို့ သွား၍ အခြေတည်အဆင့်ကျင့်ကြံခြင်းပညာရပ်များကို လဲလှယ်လိုက်သည်။ ယင်းအပြင် အပြင်အားပညာရပ်အနည်းငယ်ကိုလည်း သူ ယူလိုက်သည်။
ကိစ္စဝိစ္စများ ပြီးစီးသွားသောအခါတွင် မှောင်ရိပ်သမ်းလာပြီဖြစ်သည်။ ကျန်းယွင်ရှစ်က ရွှီချင်းကို သူ ရွေးချယ်ထားသည့် ဂူဆီသို့ လိုက်ပို့လိုက်ပြီး နှုတ်ဆက်ကာ ထွက်သွားသည်။ သူက ထွက်မသွားခင် ပြုံး၍ ပြောခဲ့သည်။
“ ညီလေးရွှီ၊ အစ်ကိုမင်းကို ဒီနေ့ တစ်နေကုန် အဖော်လိုက်ပေးတာက မင်းနဲ့ ရေစက်ရှိတယ်လို့ ခံစားရလို့ပဲ။ ပြီးတော့ ဒီလထဲ တောင်ပေါ်ရောက်လာတဲ့ ဂိုဏ်းသားတွေကို လက်ခံတဲ့တာဝန် ယူထားလို့။ အဲဒီအလုပ်ကနေ အစ်ကို ဆုကြေးရမှာ ”
“ ဒီတော့ အစ်ကိုက ဖော်ရွေလွန်းနေတယ်ထင်ပြီး စိုးရိမ်မနေနဲ့ဦး။ ဘယ်လိုပဲဖြစ်ဖြစ် အစ်ကိုတို့နှစ်ယောက်က ကြံကြံဖန်ဖန် ဆုံတယ်လို့ ပြောရင်ရတယ်။ နောက်ကျ ပင်လယ်ပြင်မှာ အစ်ကိုတို့တွေ့ရင် တစ်ယောက်နဲ့ တစ်ယောက် ကူညီစောင့်ရှောက်ပေးကြတာပေါ့ ”
“ ညီလေးရွှီချင်း၊ မင်းကို မိတ်ဆွေတစ်ယောက်လို သဘောထားလို့ သတိပေးချင်တယ်။ အစ်ကိုတို့ကျင့်ကြံသူတွေဆိုတာ အခြေတည်အဆင့်ကို ရောက်တာနဲ့ ဓမ္မတံခါးသုံးဆယ်ပွင့်အောင် မြန်မြန်လုပ်ရတယ်။ ဓမ္မတံခါးသုံးဆယ်ကို ဖွင့်နိုင်မှ သက်စောင့်မီးတောက်ပေါ်လာပြီး ရွှမ်ယောင်အသွင်သဏ္ဍာန်ကို ပြောင်းလဲနိုင်မှာ ”
“ ရွှမ်ယောက်အသွင်သဏ္ဍာန်ရှိတဲ့ ကျင့်ကြံသူတွေနဲ့ မရှိတဲ့ကျင့်ကြံသူတွေက ဘာမှမဆိုင်အောင် ကွာတယ်။ အစ်ကိုတို့က အခြေတည်အဆင့်ကို ရောက်အောင် အားအင်အများကြီး စိုက်ထုတ်ခဲ့ကြရတယ်။ အခြေတည်အဆင့်ကို ရောက်လို့မှ သက်စောင့်မီးတောက်ကို မထွန်းညှိနိုင်ဘူးဆိုရင် အလကားဖြစ်သွားမှာပဲ။ သေသွားတဲ့ အခြေတည်အဆင့်ကျင့်ကြံသူတွေဆိုတာ သက်စောင့်မီးတောက် မထုတ်ဖော်နိုင်တဲ့သူတွေပဲ ”
“ ရွှမ်ယောက်အသွင်သဏ္ဍာန်မရှိတဲ့ အခြေတည်အဆင့်ကျင့်ကြံသူတွေက ချီစုစည်းခြင်းအဆင့် ကျင့်ကြံသူတွေကိုပဲ အနိုင်ကျင့်လို့ရမယ် ”
ကျန်းယွင်ရှစ်က ပြောလိုက်သည်။ ပြောပြီးသည်နှင့် သူက ရွှီချင်း၏ ညာလက်ကို လှမ်းကြည့်လိုက်ပြီး မည်သည့်မသင်္ကာစရာတစ်ခုမှ မရှိကြောင်း တွေ့လိုက်ရသည်။ သူ ပြုံးလိုက်ပြီး ထွက်သွားသည်။
ရွှီချင်း၏ မျက်လုံးများ မှေးသွားသည်။ ယခုအခါတွင် သူ၏ နားလည်ခြင်းအရဖြစ်စေ၊ တစ်ဖက်လူ၏ ရှင်းပြချက်များကြောင့်ဖြစ်စေ အခြေတည်အဆင့်ကျင့်ကြံသူများအတွက် သက်စောင့်မီးတောက်က အရေးပါသည်ကို သူ နားလည်လာသည်။
သူက လက်နှစ်ဖက်ကို ဆုပ်၍ အနည်းငယ် အရိုအသေပေးလိုက်ပြီး ကျန်းယွင်ရှစ် ပျောက်သွားသည့်တိုင်အောင် ကြည့်နေသည်။
တချိန်တည်းမှာပင် တစ်ဖက်လူထံမှ အကြည့်လွှဲကာ သူ့ဂူကို လှည့်ကြည့်လိုက်သည်။
သူ ရွေးချယ်လိုက်သည့်နေရာသည် ချောက်ကမ်းပါးနှင့်ကပ်လျက်တွင် ရှိသည်။ အစိမ်းပုပ်ရောင်ကျောက်တံခါးက ပိတ်ထားပြီး ချုံနွယ်ပိတ်ပေါင်းများ နေရာအနှံ့ရှိသည်။ တံခါးကိုလည်း ရေညှိများ အလိပ်လိပ်တက်နေပြီး စိုစွတ်သောအငွေ့အသက်များ လေထဲလွင့်ပျံနေသည်။
ထိုနေရာကို စစ်ဆေးပြီးနောက် ရွှီချင်းက ကျောက်တံခါးအနီးသို့ လျှောက်လာပြီး ဂူကို ထိန်းချုပ်သည့် ကျောက်စိမ်းပေလွှာအား ထုတ်လိုက်သည်။ ရုတ်တရက် ဂူကျောက်တံခါးက ကမ္ပည်းစာများနှင့်အတူ ဝင်းလက်တောက်ပလာသည်။ ရွှီချင်းက ကျောက်စိမ်းပေလွှာထဲတွင် ဖော်ပြထားသည့်နည်းလမ်းအတိုင်း သူ့လက်ကို ကမ္ပည်းစာများအပေါ် တင်လိုက်သည်။
ယင်းသည် လက်ဗွေရာခပ်နှိပ်လိုက်ခြင်းနှင့် ဆင်တူသည်။ ကမ္ပည်းစာများ ဝင်းလက်တောက်ပသွားပြီး ဂူက သူ့လက်ဗွေရာကို မှတ်သားပြီးနောက် ကျောက်တံခါးက တကျွိကျွိမြည်ကာ ပွင့်သွားပြီး ဝင်ပေါက် ပေါ်လာသည်။
ထိုဂူက မကျယ်ဝန်းဘဲ အခန်းနှစ်ခန်းသာ ရှိသည်။ ဂူမျက်နှာကြက်တွင် အလင်းဖျော့ဖျော့ ထုတ်လွှတ်နေသည့် ပုလဲတစ်လုံးရှိသည်။ ထိုပုလဲက အသုံးမပြုသည်မှာ ကြာမြင့်နေသည့်အတွက်ကြောင့် ဖုန်အလိမ်းလိမ်းတက်နေ၏။
ရွှီချင်းက လက်ကိုဝှေ့ယမ်းလိုက်ရာ ထိုနေရာကို လေပြင်းတစ်ချက်က လှဲကျင်းသွားသည်။ ပြီးသည်နှင့် သူက မူမမှန်သည့်အရာမရှိကြောင်း ဂရုတစိုက် စစ်ဆေးကြည့်ပြီးနောက် အပြင်ဘက်သို့ ပြန်ထွက်ကာ ဂူအပြင်တွင် အဆိပ်မှုန့်များ ပက်လိုက်သည်။
ယခုတစ်ခေါက်တွင် အဆိပ်ထောင်ချောက်များစွာ သူ ထားလိုက်သည်။ ဂူအပြင်ဘက်တွင် ပြီးစီးသွားသည်နှင့် ဂူထဲသို့ သူ ပြန်သွားကာ အဆိပ်မှုန့်များ ဆက်ပက်လိုက်သည်။ နောက်ဆုံးတွင် သူ ဝယ်ခဲ့သည့် အကာအကွယ်မန္တန်အစီအရင်များကို ထုတ်၍ အသက်သွင်းလိုက်သည်။
ဂူတံခါး ပိတ်နေပြီး ဂူ၏မန္တန်အစီအရင် အသက်ဝင်လာသောအခါမှသာ ရွှီချင်းသည် စိတ်အေးလက်အေးဖြင့် သက်ပြင်းရှည်ကြီးချလိုက်သည်။
ယနေ့ သူ မြင်ခဲ့၊ကြားခဲ့သည့် အရာများကို ပြန်လည်စဉ်းစားကြည့်လိုက်ပြီး ချီရွှဲ့ထုံဂိုဏ်းသို့ ပထမဆုံးအကြိမ် ရောက်သည့်အချိန်က ခံစားချက်မျိုး သူ ရလိုက်သည်။ သို့သော်လည်း ထိုစဉ်က သူသည် ချီစုစည်းခြင်းအဆင့်၌သာ ရှိသေးပြီး ယခုအခါတွင် အခြေတည်အဆင့်သို့ ရောက်နေပြီ ဖြစ်သည်။
“ အခြေတည်အဆင့်ကို ငါ ရောက်ပြီ ”
ရွှီချင်း ခပ်တိုးတိုးရေရွတ်လိုက်သည်။ ချီရွှဲ့ထုံဂိုဏ်းထဲရှိ အခြေတည်အဆင့်ကျင့်ကြံသူများ၏ လုပ်ပိုင်ခွင့်အမျိုးမျိုးကို သူ စဉ်းစားကြည့်ပြီးနောက် ခရမ်းရောင်တာအိုဝတ်ရုံကို သူ လဲလှယ်ဝတ်ဆင်လိုက်သည်။ သူက ဝတ်ရုံကို ကြည့်၍ မျက်လုံးများ ဝင်းလက်သွားသည်။
ထိုတာအိုဝတ်ရုံပေါ်၌ အတိုင်းအတာတစ်ခုအထိ အကာအကွယ်ပေးနိုင်သော မန္တန်အစီအရင် ရှိသည်။ ယင်းဝတ်ရုံသာ တောင်ခြေ သို့မဟုတ် ဂိုဏ်းပြင်ပသို့ ရောက်သွားမည်ဆိုပါက ဂိုဏ်းသားများစွာ လုယက်ကြပေလိမ့်မည်။
ရွှီချင်းက ဝတ်ရုံကို ထိကြည့်လိုက်ပြီး ကျောက်စိမ်းပေလွှာကို ထုတ်၍ ထိုင်ချလိုက်သည်။
ထိုကျောက်စိမ်းပေလွှာသည် ကျမ်းစာခန်းမမှ သူ လဲလှယ်ခဲ့သော ချီရွှဲ့ထုံဂိုဏ်း၏ အခြေတည်အဆင့်ပညာရပ်များအနက် တစ်ခု ဖြစ်သည်။
ရွှီချင်းက ထိုပညာရပ်ကို ဖတ်ရှုရန် ကျောက်စိမ်းပေလွှာထဲသို့ ဝိညာဉ်စွမ်းအားများ ထည့်သွင်းလိုက်သည်။
အခြေတည်အဆင့်သို့ ရောက်လာပြီးနောက် အခြေတည်အဆင့်ပညာရပ်များကို သူ မြန်မြန် လေ့ကျင့်ရမည်ကို နားလည်သည်။ ထိုအခါမှသာ ယခင်အတိုင်း သူ ဆက်လက်တိုးတက်မည်ဖြစ်သည်။
သူ ဖတ်ရှုနေရင်း အချိန်က တဖြည်းဖြည်း ကုန်လွန်လာသည်။ မကြာခင် အပြင်ဘက်တွင် လရောင်ဖြာကျလာပြီး သူ၏ဂူတံခါးပေါ်သို့ ကျရောက်လာသည်။ အဝေးမှကြည့်ပါက ထိန်ထိန်သာနေသော လမင်းကြီးက ၎င်း၏အလင်းများအား ဖြန့်ကျက်နေသည်နှင့် ဆင်တူသည်။
လရောင်အောက်တွင် ကျောက်တံခါးထံမှ ရှေးဆန်သောအငွေ့အသက်များ ထွက်ပေါ်နေသည်။
ဂူတံခါးထဲ၌ ကျောက်စိမ်းပေလွှာကို ဖတ်ရှုပြီးနောက် ရွှီချင်း၏မျက်လုံးများ ဝင်းလက်သွားသည်။
“ မိစ္ဆာမီးဝိညာဉ်ဝါးမျိုခြင်းအတတ် ”
သတ္တမမြောက်တောင်ထိပ်၏ အခြေတည်အဆင့်အတတ်မှာ ထိုမိစ္ဆာမီးဝိညာဉ်ဝါးမျိုခြင်းအတတ် ဖြစ်သည်။ ထိုနာမည်ကို ဖတ်ရုံဖြင့်ပင် ရက်စက်ကြမ်းကြုတ်သော အရှိန်အဝါကို ခံစားမိနိုင်ပြီး ထိုအတတ်က မိစ္ဆာလမ်းစဉ်သို့ သွေဖီသွားသော ကျင့်ကြံခြင်းအတတ်ဖြစ်ကြောင်း ခန့်မှန်းကြည့်နိုင်သည်။
ယင်းက ရွှီချင်း၏ ခန့်မှန်းချက်နှင့် ကိုက်ညီပေသည်။ ဂိုဏ်း၏နာမည်သည်ပင် ချီရွှဲ့ထုံဂိုဏ်း ဖြစ်နေသည်မဟုတ်ပါလား။
( ချီရွှဲ့ထုံ ဆိုသည်မှာ သွေးမျက်လုံးကြီးခုနစ်လုံး လို့ အဓိပ္ပာယ်ရပါတယ် )
မိစ္ဆာမီးဝိညာဉ်ဝါးမျိုခြင်းအတတ်၌ အဆင့်များ ခွဲမထားပေ။ ၎င်း၏ရည်ရွယ်ချက်မှာ ဓမ္မတံခါးများကို မြန်နိုင်သမျှ မြန်ဆန်စွာ ဖွင့်ရေးပင် ဖြစ်သည်။ ပထမဦးစွာ ဓမ္မတံခါးထဲတွင် မိစ္ဆာမီးဟုခေါ်သော မီးတောက်တစ်ခုကို ကျင့်ကြံရသည်။
ထိုမီးတောက်သည် တားမြစ်ပင်လယ်အရှိန်အဝါများနှင့် ရောယှက်နိုင်သည့် ထူးဆန်းသော မီးတောက် ဖြစ်သည်။ ထို့ပြင် ထိုအတတ်ကို ပို၍ ကျင့်ကြံမိသည်နှင့်အမျှ မိစ္ဆာမီးတောက်က ပို၍ ပြင်းထန်လာမည်ဖြစ်သည်။
ထိုမိစ္ဆာမီးတောက်ကို တိုက်ခိုက်ရာတွင်လည်း အသုံးချနိုင်ပြီး ထိုအတတ်၏ အဓိကအချက်မှာ ဝိညာဉ်များကို ဝါးမျိုခြင်း ဖြစ်သည်။
ရန်သူ့ဝိညာဉ်ကို ဆွဲထုတ်၍ ဓမ္မတံခါးများဖွင့်ရန် ခန္ဓာကိုယ်ထဲတွင် ပြင်းအားတစ်မျိုး ဖန်တီးရာတွင် လောင်စာအဖြစ် အသုံးချသည်။ ယင်းနည်းလမ်းသည် အလွန် ရက်စက်ကြမ်းကြုတ်ပြီး ထိရောက်သည်။
ထိုအတတ်တွင် ဖော်ပြချက်အရ သက်စောင့်မီးတောက် မဖြစ်ပေါ်သေးသော အခြေတည်အဆင့်ကျင့်ကြံသူတစ်ယောက်၏ ဝိညာဉ်က မိစ္ဆာမီးဝိညာဉ်ဝါးမျိုခြင်းအတတ်ကို လေ့ကျင့်ထားသည့် ဂိုဏ်းသားတစ်ယောက်အတွက် ဓမ္မတံခါးကို ဖွင့်ရန် လုံလောက်သည်။ ချီစုစည်းခြင်းအဆင့်ကျင့်ကြံသူများ၏ ဝိညာဉ်များသာ ဆုပါက ဓမ္မတံခါးဖွင့်ရန် ဝိညာဉ်ပေါင်းရာချီ၍ သုံးစွဲရမည်ဖြစ်သည်။ သို့သော်လည်း ထိုအတတ်တွင် တိုးတက်လာသည်နှင့်အမျှ တောင်းဆိုမျှ မြင့်မားလာသည်။
“ ပင်လယ်သတ္တဝါဖြစ်စေ၊ လူသားမဟုတ်သောမျိုးနွယ်မှဖြစ်စေ မိစ္ဆာမီးဝိညာဉ်ဝါးမျိုခြင်းအတတ်ကို လေ့ကျင့်သောအခါတွင် လောင်စာအနေဖြင့် အသုံးပြုနိုင်သည်။ ယင်းအနက် လူသားမဟုတ်သောမျိုးနွယ်များမှာ အကောင်းဆုံးအာနိသင်ရှိသည်။ အထူးသဖြင့် ဝိညာဉ်များဖြင့် ဖွဲ့စည်းထားသည့် အဏ္ဏဝါရုပ်အလောင်းမျိုးနွယ်ဝင်များ၏ ဝိညာဉ်များမှာ အံ့အားသင့်စရာကောင်းလောက်အောင် အကျိုးရှိပေသည်။ ”
ကျောက်စိမ်းပေလွှာပေါ်ရှိ စာသားက ရက်စက်ကြမ်းကြုတ်သော သွေးအငွေ့အသက်များကို လှစ်ဟပြသနေပေသည်။
ထိုကျင့်ကြံခြင်းပညာရပ်သည် ရိုးရှင်းပြီး ထိရောက်သည်။ ထိုပညာရပ်တွင် အနုအရွများ ပါမနေဘဲ ရက်စက်ကြမ်းကြုတ်ခြင်းများသာ ပြည့်နှက်နေသည်။
ထိုမိစ္ဆာမီးဝိညာဉ်ဝါးမျိုခြင်းပညာရပ်ကို အဆုံးထိ ကျင့်ကြံပြီးသွားသောအခါတွင် မိစ္ဆာမီးကို ခန္ဓာကိုယ်ထဲရှိ ဓမ္မတံခါးတိုင်းတွင် သိုလှောင်ထားနိုင်သည်အထိ ဖြစ်သွားမည်ဖြစ်သည်။
ထိုအခါ ကျင့်ကြံသူသည် ဓမ္မတံခါးများကို ဖွင့်ရန် ဝိညာဉ်များ လိုအပ်တော့မည်မဟုတ်ဘဲ ရန်သူများ၏ ဝိညာဉ်များကို ဓမ္မတံခါးများထဲတွင် ချုပ်နှောင်ထားနိုင်ပြီ ဖြစ်သည်။
ဓမ္မစွမ်းအားများ တိုးတက်စေရန် ဝိညာဉ်များကို လောင်ကျွမ်းစေခြင်း ဖြစ်သည်။
မိစ္ဆာမီးဝိညာဉ်ဝါးမျိုခြင်းပညာရပ်အား ကျင့်ကြံသည့် မည်သည့်ဂိုဏ်းသားကိုမဆို သတ်ဖြတ်ခြင်းနတ်ဘုရားဟူ၍ ခေါ်ကြသည်။
သို့သော်လည်း ဂိုဏ်းသားတိုင်း ထိုပညာရပ်ကို မကျင့်ကြံကြပေ။ သတ္တမမြောက်တောင်ထိပ်၌ အခြေတည်အဆင့်ပညာရပ်သုံးမျိုးရှိပြီး တစ်မျိုးမှာ ပင်လယ်ဘုရင်စာအုပ်အတတ် ဖြစ်သည်။
ထိုပညာရပ်သည် အတော်လေး နူးညံ့သိမ်မွေ့သည်။ ယင်းပညာရပ်သည် ပင်လယ်သတ္တဝါများအား စုပ်ယူခြင်းကို အဓိကထားပြီး ထိုသတ္တဝါများကို ဓမ္မတံခါးများထဲတွင် အထူးနည်းလမ်းတစ်မျိုးသုံး၍ မွေးမြူခြင်းဖြစ်သည်။ ထိုပညာရပ်တွင် အဆင့်ဆယ်ဆင့်ရှိပြီး ကျင့်ကြံလိုက်သည့်အခါတိုင်း ဓမ္မတံခါးခုနစ်ခု၊ ရှစ်ခုကို ချက်ချင်း ဖွင့်နိုင်သည်။
ထိုပညာရပ်၏ အဓိကရည်ရွယ်ချက်မှာ ပင်လယ်သတ္တဝါများကို အဆက်မပြတ် ဖမ်းဆီးကာ ပြုပြင်ခြင်း ဖြစ်သည်။
ဓမ္မတံခါးများထဲရှိ ပင်လယ်သတ္တဝါများက ဓမ္မစွမ်းအားများကို တောင့်တင်းသွားစေမည်ဖြစ်သည်။
ပထမကျင့်ကြံခြင်းအတတ်ဖြစ်သော မိစ္ဆာမီးဝိညာဉ်ဝါးမျိုခြင်း အတတ်သည် ရက်စက်ကြမ်းကြုတ်ပြီး ကျင့်ကြံခြင်းနှုန်း မြန်ဆန်သည်။ သို့သော်လည်း အများအပြား သတ်ဖြတ်ရမည်ဖြစ်ပြီး သတိလက်လွတ်နေပါက သေသွားနိုင်သည်။
ဒုတိယအမျိုးအစားဖြစ်သော ပင်လယ်ဘုရင်စာအုပ်က ပင်လယ်သတ္တဝါများကို ပြုပြင်ခြင်း ဖြစ်သည်။ ဓမ္မစွမ်းအားများ ပို၍ သိပ်သည်းလာမည်ဖြစ်၍ ကာကွယ်နိုင်စွမ်း မြင့်မားလာမည်ဖြစ်သည်။ သို့သော် နှိုင်းယှဉ်ကြည့်ပါက တိုက်ရည်ခိုက်ရည်တွင် များစွာ နိမ့်ကျသည်။
တတိယအမျိုးအစားမှာ သက်ရှည်အတတ်ဖြစ်သည်။
ထိုအတတ်က ပို၍ပင် နူးညံ့သည်။ ယင်းသည် အဆင့်တက်ရန် ပြင်ပအားများ မလိုအပ်ဘဲ အဆက်မပြတ် ကျင့်ကြံနေရန်သာ လိုသည်။ ထို့ကြောင့် ထိုအတတ်ကို ကျင့်ကြံသည့် ဂိုဏ်းသားအများစုက အချိန်အများစုတွင် တံခါးပိတ်ကျင့်ကြံရသည်။ သူတို့၏ကျင့်ကြံခြင်းအမြန်နှုန်းက မယှဉ်သာအောင် နှေးကွေးပါသော်လည်း အကျိုးကျေးဇူးက ကြီးမားသည်။ သူတို့က အပြင်ထွက်၍ လူသတ်ခဲသည်။
သူတို့က အပြင်မထွက်သလောက် ရှားသည်။ သူတို့ တိုက်ခိုက်သည့်အခါ တခြားလူများဖြင့် ပူးပေါင်း၍ ဖြစ်စေ အထောက်အပံ့အနေဖြင့်ဖြစ်စေ တိုက်ခိုက်ကြသည်။
လူအားလုံး၏ ရွေးချယ်မှုများက သူတို့ပင်ကိုယ်စရိုက်များပေါ် မူတည်၍ ကွဲပြားသွားသည်။
ရွှီချင်းက ထိုအကြောင်းတွေးတောပြီးနောက် မည်သည့်အတတ်က ပိုကောင်းသည်ကို မဆုံးဖြတ်နိုင်ပေ။ သို့သော်လည်း ပင်လယ်ဘုရင်စာအုပ်အတတ်ကို သူ ချက်ချင်း ပယ်လိုက်သည်။ မိစ္ဆာမီးဝိညာဉ်ဝါးမျိုခြင်းအတတ်နှင့် သက်ရှည်အတတ်တို့က ဆန့်ကျင်ဘက်အတတ်များ ဖြစ်ကြသည်။
ရွှီချင်းက ကျင့်ကြံခြင်းပညာရပ်အကြောင်း စဉ်းစားတွေးတောနေစဉ် ချီရွှဲ့ထုံဂိုဏ်းအပြင်ဘက်ရှိ အဆုံးမဲ့ပင်လယ်ကြီး၏ အထက်ကောင်းကင်ယံ၌ အတောင်ပံကြီးက ဟိန်းဟောက်မာန်ဖီလိုက်သည်။ အတောင်ပံကြီး၏ခန္ဓာကိုယ်ပေါ်ရှိ အဆောင်တစ်ဆောင်ထဲတွင် မတ်တတ်ရပ်နေသော သတ္တမမြောက်သခင်ကြီးက ချီရွှဲ့ထုံဂိုဏ်းရှိရာအရပ်သု့ိ လှမ်းကြည့်လိုက်သည်။
သူ့အောက်မှ အတောင်ပံကြီးက နတ်သတ္တဝါတစ်ကောင်အလားပင်။ ၎င်း ဖြတ်သန်းသွားသည့်နေရာတိုင်း ပင်လယ်လှိုင်းများ တဝုန်းဝုန်း ရိုက်ခတ်သွားသည်။
“ သတ္တမမြောက်သခင်ကြီး၊ ကလေးက အခြေတည်အဆင့်ကို ရောက်သွားပြီ ”
သတ္တမမြောက်သခင်ကြီးဘေးတွင် ယခင်က ရွှီချင်းအား ဂိုဏ်းတံဆိပ်ပြားပေးခဲ့သည့် သက်လတ်ပိုင်းအရွယ်အစေခံ ရပ်နေသည်။ ထိုအချိန်၌ သူသည် ကျောက်စိမ်းပေလွှာကို ထုတ်၍ ကြည့်ကာ သတ္တမမြောက်သခင်ကြီးအား ခပ်တိုးတိုးဖြင့် တင်ပြနေသည်။
“ ကျနော် ပြန်ပြီး သွားခေါ်လိုက်ရမလား ”
အစေခံက သတ္တမမြောက်သခင်ကြီးကို ကြည့်လိုက်သည်။
သတ္တမမြောက်သခင်ကြီးက ခေါင်းယမ်းပြလိုက်သည်။
“ မလိုဘူး ”
“ စစ်ပွဲက စတော့မှာ။ စစ်ပွဲပြီးရင် ပြောကြတာပေါ့။ ဂိုဏ်းတံဆိပ်ပြားတစ်ရာထဲက သူက အရင်ဆုံး ထွက်လာတဲ့သူ ဆိုပေမဲ့ နောက်ကျ တခြားလူတွေ ရှိလာမှာပဲ။ သူတို့ကို ငါတို့ နှိုင်းယှဉ်ကြည့်တာပေါ့ ”
“ ပြီးတော့ လက်ရှိသူ့အခြေအနေက စတုတ္ထမြောက်တစ်ယောက်ဖြစ်လာဖို့ အဝေးကြီး လိုသေးတယ် ”