← Chapters

အရှေ့အာရှက ငပျော့ကောင်

Vol. 16 Ch. 231

အရှေ့အာရှက ငပျော့ကောင်

Vol. 16 Ch. 231

“လောင်းကစားဘုရင်ရဲ့ တပည့်က ဘာအစွမ်းအစ ရှိလဲဆိုတာ ငါ ပြောနေစရာ မလိုဘူးလို့ ထင်တယ်၊ ဒါက မြေနေရာကောင်းလေး နည်းနည်းလောက်ပါပဲ၊ ငါတို့ အချင်းချင်းရဲ့ လည်မျိုကို ညှစ်ဖို့ မလိုဘူး မဟုတ်လား၊ ဒိသတင်းကို ငါ ပြောပြရတဲ့ အကြောင်းရင်းကလည်း မင်းတို့ကို ဘာလုပ်သင့်လဲ တွေးစေချင်လို့ပဲ”

ထိုသို့ပြောပြီးနောက် သူဌေးကျင်းက နောက်လှည့်၍ ထွက်သွားလေသည်။

လုထျန်းရှုံးနှင့် ဝေ့ဟုန်တို့သည် စိတ်အနှောင့်အယှက် ဖြစ်နေသော မျက်နှာများဖြင့် ရပ်နေကြလေသည်။

ယနေ့သည် ကာစီနိုအား လှည့်ပတ်ကြည့်ရုံသာ ဖြစ်ပြီး ခန်းမနှင့် ရင်းနှီးကျွမ်းဝင်ရန်သာ ဖြစ်လေသည်။ ထို့နောက် လုထျန်းရှုံးမှ ဦးဆောင်၍ ရဲ့လင်းချန်တို့ သုံးယောက်သား အပြင်သို့ ပြန်ထွက်လာကြသည်။

လမ်းတစ်လျှောက်တွင် လုထျန်းရှုံးနှင့် လုဟောင်တို့၏ ရင်ထဲ၌ ဘဝင်မကျစိတ်တို့ ကပ်ညိနေ၏။

ဤပြိုင်ပွဲသည် သူတို့ ထင်ထားသည်ထက် ကြီးမားနေ၏။ သို့သော် ဝေ့ဟုန်စကားက မှန်ပေသည်။ ဒီနှစ် လေလံတင်မည့် မြေများက အလွန် အဖိုးတန်ပြီး ဤလောင်းကစား ပြိုင်ပွဲ၏ ရလဒ်က လုလုပ်ငန်းစု၏ အနာဂတ်ကို တိုက်ရိုက် သက်ရောက်ပေလိမ့်မည်။

“ကျင်းဟမ်က သေချာပေါက် သူ့အတွက် အစီအစဉ် ချပြီးလောက်ပြီ၊ သူက ငါတို့ကိုပါ ပူးပေါင်းခိုင်းပြီး လောင်းကစား ဘုရင်ရဲ့ တပည့်ကို ရင်ဆိုင်ချင်နေတာပဲ”

လုထျန်းရှုံးက ကျင်းဟမ်၏ အကြံကို ရိပ်စားမိကာ လှောင်ရယ်လိုက်သည်။

“ကျင်းဟမ်က မနှစ်က ပြိုင်ပွဲတုန်းက အနိုင်ရတဲ့သူပဲ၊ သူ ငှားလာတဲ့ လောင်းကစားသမားက ပြည်ပက၊ ဒီတစ်ခါ ကျွန်တော်တို့ သူ့အပေါ် ပစ်မှတ်ထားမယ်ဆိုတာကို ရိပ်မိလို့ သူက အဲ့လို သတင်းမျိုးကို တမင် ထုတ်ပြောတာ”

လုဟောင်က ထပ်ပြောသည်။

ကျင်းဟမ်က သူတို့ကို ဤသတင်း ပြောပြလျင် အခြားသူများကိုလည်း ပြောပြမည်မှာ သေချာသလောက်ပင်။

သို့သော် ဤသည်က လျှို့ဝှက်ပူးပေါင်း ကြံစည်ချက် ဖြစ်သည်။ သူ့အကြံကို သူတို့ သိနေလျင် သူတို့ ရွေးချယ်စရာ မရှိဘဲ လိုက်ပါ ကစားရပေမည်။ လောင်းကစားဘုရင်၏ တပည့်က အခြားသူများကို အတော်လေး ဖိအားပေးနိုင်၏။

ရဲ့လင်းချန်က လုသားအဖ၏ စိုးရိမ်မှုကို အရေးမစိုက်ပါ။ သူက ဤခရီးကို အားလပ်ရက် ခရီးဟုသာ သတ်မှတ်ထားသည်။ လမ်းတစ်လျှောက်တွင် သူသည် Las Vegas ၏ ရှုခင်းများကို လေ့လာ၍ အေးအေးဆေးဆေး နေနေသည်။

“ဆရာရဲ့ ဒါ ခင်ဗျားအခန်းရဲ့ သော့ကဒ်ပါ၊ ခင်ဗျား အချိန်မရွေး အခန်းမှာ နားလို့ ရပါတယ်”

လုဟောင်က ရဲ့လင်းချန်အား သော့ကဒ်ကို လှမ်းပေးလေသည်။ ရဲ့လင်းချန်၏ အပူအပင်ကင်းသော အပြုအမူကို မြင်သောအခါ သူ ကျိတ်၍ သက်ပြင်းချမိသည်။

လက်ရှိတွင် ဆရာရဲ့၏ လောင်းကစား စွမ်းရည်က တကယ် ကောင်းနေပါစေဟုသာ သူတို့ မျှော်လင့်မိသည်။

ပြန်တွေးကြည့်သောအခါ ရဲ့လင်းချန်အပေါ် သူတို့ မျှော်လင့်ချက်အားလုံး ပုံထားမိခြင်းက ရူးမိုက်ရာ ကျလွန်းသည်ဟု သူတို့ ခံစားမိလာသည်။

“ခင်ဗျားတို့ သွားနှင့်ကြပါ၊ ကျွန်တော် အရင်ဆုံး ဟိုနားဒီနား လျှောက်ကြည့်လိုက်ဦးမယ်”

ရဲ့လင်းချန် ပြောလိုက်သည်။

“ကောင်းပါပြီ ဆရာရဲ့၊ ကျွန်တော်တို့ မနက်မှ တွေ့ကြတာပေါ့”

လုထျန်းရှုံး၏ စိတ်ထဲတွင် စိုးရိမ်မှုတို့ ပြည့်နှက်နေ၏။ ရဲ့လင်းချန်နှင့် စကားစမြည် ပြောပြီးနောက် လုဟောင်နှင့်အတူ သူ့အခန်းသို့ ပြန်သွားလေသည်။

ရဲ့လင်းချန်က ဤအခွင့်အရေးကို အသုံးချ၍ လိုက်လေ့လာလေတော့သည်။ ဤသို့ ခရီးထွက်နိုင်မည့် အခွင့်အရေးက ရှားပါးလှသဖြင့် သူ ဤအခွင့်အရေးကို အလဟဿ အဖြစ်ခံမည် မဟုတ်ပါ။

လမ်းဘေးတွင် ပစ္စည်းမျိုးစုံကို ရောင်းချနေသော ဆိုင်ပေါင်းများစွာ ရှိလေသည်။ ရဲလ့င်းချန်သည် အဆင့် သတ်မှတ်ချက် မြင့်သော ဆိုင်တစ်ချို့ကို ရှာပြီး သူတို့ စားစရာများကို မြည်းကြည့်ခဲ့ကာ တစ်ခါတရံတွင် ဆယ်လ်ဖီလည်း ဆွဲခဲ့သေးသည်။

သတိမထားမိလိုက်ခင်မျာပင် ကာစီနို၏ မုခ်ခုံးနားသို့ သူ ထပ်ရောက်လာလေသည်။

လူအုပ်ကြီးက နည်းနည်းလေးမှ လျော့မသွားချေ။ သို့သော် အနည်းငယ် ပို၍ အုတ်အုတ် ကျက်ကျက် ဖြစ်လာ၏။ လောင်းကစားသမား အချို့က နီရဲနေသော မျက်နှာနှင့် ဒေါသူပုန်ထကာ ကာစီနိုထဲမှ ထွက်လာကြသည်။ သူတို့ အကြီးအကျယ် ဆုံးရှုံးခဲ့မှန်း သိသာလှသည်။

ကာစီနိုအပြင်သို့ အောက်တန်းကျသော စကားများ ပြောဆို၍ ထိန်းချုပ်မှု ကင်းမဲ့ဟန်ဖြင့် ပြုမူနေကြသည်။

ရဲ့လင်းချန် ခေါင်းခါလိုက်မိသည်။ ၎င်းက ကာစီနိုတစ်ခု ဖြစ်သည် မဟုတ်ပါလော။ မည်မျှ ကောင်းကောင်းမွန်မွန် စီမံ ခန့်ခွဲနိုင်ပါစေ လောင်းကစားသမားများ၏ အရည်အသွေးကို မြင့်လာအောင် လုပ်ရန် မဖြစ်နိုင်ပါ။

လက်ရှိတွင် တရုတ်ကွန်ဖူးကို တင်ဆက်နေသည့် သားအဖက နေရာမှ မထွက်သွားသေးပေ။ သူတို့က သရုပ်ပြခြင်း မရှိတော့သော်လည်း ပရိသတ်အချို့နှင့် ဓာတ်ပုံ ရိုက်နေ၏။

ပရိသတ်များသည်လည်း ဗွီဒီယိုများကို အသုံးချ၍ Tik Tok ပေါ်တင်ကာ နှစ်သက်သူ များများ ရရန် ကြိုးစားနေ ကြသည်။

ဤနေရာတွင် တရုတ်လူမျိုးများစွာ ရှိလေသည်။ သာမန် စကားစမြည်ပြောသံများနှင့် ရယ်သံများနှင့် ပြည့်နှက်ကာ အသက်ဝင်လှသည်။

“ဒုန်း”

ထိုစဉ် ကျယ်လောင်သော ဆူညံသံတစ်သံကို ကြားလိုက်ရသည်။ ဘေးတွင် ထောင်ထားသည့် “တရုတ်ကွန်ဖူး” ဟု ရေးသားထားသော ဆိုင်းဘုတ်က ကန်ချက်ကြောင့် ပျက်စီးသွားသည်။ ကျိုးသွားသော ဆိုင်းဘုတ်က လူလတ်ပိုင်း အရွယ် အမျိုးသားရှေ့သို့ ကန်ထုတ်ခံလာရသည်။

“ယီးပဲ၊ ဘာလဲဟ”

“တစ်ယောက်ယောက်က ဒီကို ရန်ဖြစ်ဖို့ ရောက်လာတာလား”

“ချီးပဲ၊ ဘယ်ငတုံးကောင်က ဒီလိုလုပ်တာလဲ”

လူတိုင်း ဆိုင်းဘုတ်ကို ကြည့်လိုက်သည်။ တရုတ် ကွန်ဖူးဟူသည့် စကားလုံးက ပျက်စီးကာ တစ်စစီ ဖြစ်နေသည်။ သူတို့ ချက်ချင်း သွေးများက နားထင်သို့ ဆောင့်တက်လာသည်ဟု ခံစားမိလာရပြီး ဒေါသတကြီး အော်ဟစ် လာကြသည်။

“ဒုန်း”

သူတို့ ဘာမှမတုံ့ပြန်နိုင်ခင်မှာပင် ဆိုင်းဘုတ် ထောင်ထားသော အရင်နေရာတွင် နောက်ဆိုင်းဘုတ်တစ်ခု ရောက်လာသည်။ ဆိုင်းဘုတ်ပေါ်တွင် “အရှေ့အာရှက ငပျော့ကောင်” ဟူသော စကားလုံးကို ရေးသားထားသည်။

သူတို့ ဆိုင်းဘုတ်၏ အထက်သို့ မျက်လုံး ဝင့်ကြည့်လိုက်သောအခါ ကတုံးနှင့် လူတစ်ယောက်က အေးစက်စွာ ရပ်နေပြီး သူ့မျက်လုံးတွင် အထင်သေးဟန်တို့ ပေါ်လွင်နေသည်။

ကတုံးနှင့်လူသည် ပခုံးကျယ်ပြီး အရပ် တစ်ရာခုနစ်ဆယ့်ငါး စင်တီမီတာ ရှိသည်။ သူသည် အပေါ်ပိုင်း ဗလာဖြစ်ပြီး အဖြူရောင် ဘောင်းဘီရှည်ကို ဝတ်ထားသည်။ သူ၏ ညိုမှောင်သော အသားအရေတွင် ကြွက်သားများက အမြောင်းလိုက် ထနေပြီး ညမီးရောင်အောက်တွင် ဆီလိမ်းထားသကဲ့သို့ ဝင်းပနေသည်ဟု ထင်ရကာ သန်မာသော ခံစားချက်ကို ပေးစွမ်းနေသည်။ သို့သော် အချိန်မရွေး ပေါက်ကွဲတော့မည့် ဗုံးတစ်လုံးဟုလည်း ခံစားနေရသည်။

သူ့ခန္ဓာကိုယ်က အတော်လေး မကြီးမားသော်လည်း ကြောက်စရာကောင်းသော ကျားတစ်ကောင်၏ အရှိန်အဝါမျိုး ပေးစွမ်းလေသည်။

“အရှေ့တောင်အာရှသားလား”

“ယီးပဲ၊ မင်းက ပြဿနာ ရှာချင်တာလား”

“ခွေးမသား မင်းအမေတောင် မင်းကို မမှတ်မိနိုင်တဲ့အထိ ငါ ရိုက်ပစ်မယ်ကွ”

“အရှေ့အာရှက ငပျော့ကောင်”၊ ထိုစကားလုံးကို သတိထားမိအောင် အနီရောင်ဖြင့် ရေးထားပြီး တရုတ်လူမျိုးများ အားလုံး နှလုံးသားကို ဓားဖြင့် အထိုးခံရသလို ခံစားလိုက်ရသည်။ ဤသို့သော အရှက်ခွဲမှုက လူအုပ်ထဲမှ တရုတ်လူမျိုးတိုင်းကို ရင်နာစေသည်။  သူတို့ကိုယ်သူတို့ အနာဟောင်းကို ခွာ၍ ဆားဖြင့် အပက်ခံလိုက်ရသလို ခံစားလိုက်ရသည်။

ဒေါသထွက်နေသော လူအုပ်နှင့် ရင်ဆိုင်ရသောအခါ ကတုံးနှင့်လူက ဆောင့်ကြောင့်ထိုင်တော့မည်ဟန် လုပ်ပြပြီးမှ ခေါင်းမော့၍ လူအုပ်ကြီးအား ရန်စလို လက်ပြလေသည်။

“ကိုယ့်ထိုက်နဲ့ ကိုယ့်ကံပဲ”

ချက်ချင်းဆိုသလိုပင် ဒေါသကြီး၍ ဗလရှိသော လူတစ်ယောက်က နီရဲနေသော မျက်နှာဖြင့် သူ့ထံ ပြေးဝင်လာသည်။ သူ့လက်ထဲတွင် ပုလင်းတစ်လုံး ကိုင်ထားပြီး ကတုံးနှင့်လူ၏ ဦးခေါင်းကို ချိန်၍ လက်ကိုမြှောက်၍ အားကုန် ရိုက်ခွဲသည်။

အရှေ့တောင်အာရှသားက ညာခြေကို ချာခနဲ မြှောက်ကန်လိုက်ပြီး ပုလင်းကို ကန်လိုက်သည်။

“ခွမ်း”

ပုလင်းကွဲသွားပြီး အရက်များ လွင့်စဉ်လာ၏။

ချက်ချင်းဆိုသလိုပင် သူက နောက်တစ်ကြိမ် ခုန်လိုက်ပြီး နောက်ခြေထောက်တစ်ဖက်ဖြင့် ထိုသူ၏ ပါးကို ထိမိလုနီးပါး လုပ်လိုက်သည်။

သူ့ခွန်အားအရဆိုလျင် ထိုကန်ချက်နှင့်သာ ထိမိပါက ဗလာနှင့်လူ အသက်ရှင်လျင်တောင်မှ သွားအားလုံး ကျိုးသွား လောက်သည်။

“ဂလု”

ဗလနှင့်လူ တံတွေးမျိုချလိုက်ပြီးနောက် ကြောက်လန့်တကြား နောက်ဆုတ်သွားသည်။

အခြားသူများလည်း ပင့်သက်ရှိုက်ကုန်ကာ မျက်နှာများ ဖြူရော်လာပြီး အသံများ တိုးညင်းကုန်သည်။

“အရှေ့အာရှက ငပျော့ကောင်”

အရှေ့တောင်အာရှသားက အထင်သေးဟန် ပြုံးလိုက်ပြီး လူအုပ်ကြီးကို လက်ညှိုးထိုးပြသည်။ ထို့နောက် မြေကြီးပေါ်၌ တစ်စစီ ပျက်စီးနေသော တရုတ်ကွန်ဖူးဟူသည့် ဆိုင်းဘုတ်ကို လက်ညှိုးပြန်ထိုးကာ လက်တခါခါ လုပ်ပြသည်။

“တရုတ်ကွန်ဖူး … အမှိုက်ပဲ”

ထိုအဖြစ်အပျက်က လူပေါင်းများစွာ၏ အာရုံကို ဖမ်းစားသွားပြီး လူအုပ်ကြီးကို စပ်စုလာသည့် ဘေးလူများ ပိုများ လာသည်။

ထိုအခိုက်တွင် လူအများက ပျင်းရိနေကြသဖြင့် အနားသို့ ဝိုင်းလာပြီး ပွဲကြီးပွဲကောင်း ကြည့်ကြလေသည်။

ထိုလူအုပ်တွင် အများစုက နိုင်ငံခြားသားများ ဖြစ်ပြီး တော်တော်များများက တရုတ်လူမျိုးများကို ရယ်နေကြသည်။

“အရှေ့အာရှက ငပျော့ကောင်” ဟူသော စသားက တရုတ်လူမျိုးများအား သရော်ရာ၌ နှစ်ပေါင်းများစွာ အသုံးပြုခဲ့သည့် အရာ ဖြစ်ပေသည်။

ပြီးခဲ့သော နှစ်များအတွင်း တရုတ်နိုင်ငံက အင်အားကြီးလာပြီး တရုတ်ကွန်ဖူးက တစ်ကမ္ဘာလုံးသို့ ဖြည်းဖြည်းချင်း ပျံ့နေသော်လည်း နိုင်ငံခြားသားများက တရုတ်နိုင်ငံကို ယခင်ကဲ့သို့ အားနည်းသော နိုင်ငံဟု မြင်နေကြဆဲပင်။

“ငါ မင်းကို ကြည့်ရတာ မျက်စိ စပါးမွေး စူးလာလို့၊ ဒီမှာ တရုတ်ကွန်ဖူးကို နေ့တိုင်း ပြနေပင်မယ့် တကယ်တော့ မင်းက လူတွေရဲ့ ပိုက်ဆံကို လိမ်နေတာ၊ မင်းက ဒီမှာ ရှိနေဖို့ မထိုက်တန်ဘူး၊ တရုတ် ကွန်ဖူးဆိုတဲ့ဟာကို မင်းနိုင်ငံမှာပဲ သွားပြ၊ လူရှေ့သူရှေ့မှာ ကိုယ့်ကိုယ်ကိုယ် အရှက်ခွဲမနေနဲ့”

အရှေ့တောင်အာရှသားက လူလတ်ပိုင်းအရွယ် အမျိုုးသားအား စူးစိုက်ကြည့်နေ၏။

“ချ … ချ … ချ”

ပွဲကြည့်နေသောလူများက စိတ်လှုပ်ရှားသော မျက်လုံးများနှင့် ဩဘာပေးကြသည်။

“ငါက မွေထိုင်းကို လေ့ကျင့်တဲ့သူပဲ၊ ငါ့လက်ထဲမှာ ဆိုရင် မင်း သုံးကွက်ထက် ပိုမခံဘူး၊ မင်း စိန်ခေါ်တာကို လက်ခံရဲသလား၊ အရှေ့အာရှက ငပျော့ကောင်”

“အရှေ့အာရှက ငပျော့ကောင်၊ အရှေ့အာရှက ငပျော့ကောင်၊ အရှေ့အာရှက ငပျော့ကောင်”

All Chapters