အညှာအတာမဲ့သော ပြက်ရယ်ပြုခြင်း
Vol. 16 Ch. 232
“နောက်ဆုတ်နေ”
လူလတ်ပိုင်းအရွယ် အမျိုးသားက သူ့သားကို နောက်ဆုတ်ရန် ပြောလိုက်သည်။ သူသည် လေးနက်နေသော မျက်နှာနှင့် အရှေ့တောင်အာရှသားကို စူးစိုက်ကြည့်နေပြီး သွေးများ ပွက်ပွက်ဆူလာ၏။
“ဖေဖေ လုပ်နိုင်တယ်၊ ဖေဖေ”
ကောင်လေးက အော်၍ အားပေးသည်။
“သူ့ကို ဆော်ပစ်လိုက်”
“မင်း လုပ်နိုင်တယ်”
လူအုပ်ထဲမှ တရုတ်လူမျိုးများကလည်း အားပေးကြသည်။ သူတို့အသံမှ စိတ်အားထက်သန်စိတ်နှင့် ဒေါသစိတ် တို့ကို ကြားနေရသည်။
“လာစမ်းပါ”
အရှေ့တောင်အာရှသား အမျိုးသားက သူ့ခန္ဓာကိုယ်ကို ကိုင်းလိုက်ပြီး မျက်လုံးတွင် အေးစက်စက် အရိပ်တစ်ချို့ ဖြတ်ပြေးသွားသည်။ သူသည် ခြေတစ်ဖက်ကို ဆောင့်နင်းလိုက်ပြီး အသိုက်ထဲမှ ပြေးထွက်လာသော မြွေတစ်ကောင်ကဲ့သို့ ပြေးတက်လာ၏။
လူလတ်ပိုင်းအရွယ် အမျိုးသားရှေ့သို့ သူ ရောက်သောအခါ သူ့ခန္ဓာကိုယ်က ဘေးသို့ ရွေ့သွားသည်။ ဘေးတစ်ဖက် မြေကြီးပေါ်သို့ ကိုယ်ကိုငုံ့လိုက်ပြီးနောက် လက်နှစ်ဖက်ဖြင့် ကိုယ်ကိုထိန်း၍ ခြေထောက်တစ်ဖက်ဖြင့် လူလတ်ပိုင်း အရွယ် အမျိုးသား၏ မျက်နှာကို ဖြတ်ကန်သည်။
သူ့အရှိန်က ကျားသစ်တစ်ကောင်နှင့် တူနေပြီး ခွန်အားက လွှမ်းမိုးနိုင်လွန်းသည်။ ထို့အပြင် သူသည် လျင်မြန်စွာ လှုပ်ရှားနိုင်ပြီး ရက်စက်၏။
လူလတ်ပိုင်းအရွယ် အမျိုးသားသည် လက်သီးကို ကျစ်နေအောင် ဆုပ်လိုက်ပြီး လက်တစ်ဖက်ဖြင့် ခုခံကာ ကျန်တစ်ဖက်ဖြင့် ပြန်တိုက်ခိုက်သည်။
“ဒုန်း”
လက်သီးနှင့် ခြေထောက်တို့ ထိုးနှက်မိသွားသော်လည်း ထိုအခိုက်တွင် အရှေ့တောင်အာရှသား၏ နောက်ခြေထောက် တစ်ဖက်က ထပ်မံ ကန်ကျောက်လာ၏။
လူလတ်ပိုင်းအရွယ် အမျိုးသားက နောက်သို့ ဆုတ်သွားရသည်။
ထိုစဉ် အရှေ့တောင်အာရှသားက အခြေအနေကို အခွင့်ကောင်း ယူလေသည်။ မြေကြီးကို လက်နှစ်ဖက်ဖြင့် ထောက်ကန်၍ ခုန်လိုက်ပြီးနောက် လေထဲတွင် တံတောင်ဆစ်နှင့် ဒူးတို့ကို အပြင်သို့ဦးတည်၍ ထုတ်ထားပြီး ဘောလုံးသဖွယ် လှိမ့်လိုက်သည်။ ယင်းက သူ့အား လူတစ်ယောက်၏ အသန်မာဆုံး တိုက်ခိုက်မှုပုံစံတစ်ခု ဖြစ်သွားစေပြီး လူလတ်ပိုင်းအရွယ် အမျိုးသားထံသို့ ချိန်သီးသဖွယ် ပစ်ဝင်လေသည်။
“ဒုန်း”
လူလတ်ပိုင်းအရွယ် အမျိုးသားသည် ခုခံရုံသာ တတ်နိုင်လေသည်။ သို့သော် တိုက်ခိုက်မှု၏ နောက်ကွယ်မှ ဖိအားက သူ့အား ဆက်တိုက် နောက်ဆုတ်အောင် ဖိအားပေးနေ၏။ ထို့အပြင် တံတောင်ဆစ်နှင့် ဒူးတို့ဖြင့် ပစ်တိုက်ခံရသောကြောင့် အရိုးများ ထုံလာပြီး နာကျင်လာလေသည်။
ချက်ချင်းဆိုသလိုပင် အရှေ့တောင်အာရှသားက သူ့အား မုန်တိုင်း တိုက်ခတ်သကဲ့သို့ အဆက်မပြတ် တိုက်ခိုက် လာသည်။
သူ၏ တိုက်ခိုက်မှုအားလုံးကို တံတောင်ဆစ်နှင့် ဒူးများတွင်သာ အာရုံစိုက်ထားသည်။ ထောင့်ပေါင်းစုံမှ အပေါ်အောက် ညှပ်၍ တိုက်ခိုက်ခြင်းကြောင့် လူလတ်ပိုင်းအရွယ် အမျိုးသားသည် ခံစစ်ကိုသာ ကစားနေရသည်။ တံတောင်ဆစ်ဖြင့် အပေါ်မှ တိုက်လာချိန်တိုင်း ဒူးက ဝမ်းဗိုက်ကိုချိန်၍ တိုက်လာ၏။
ဤသို့ ပြင်းထန်သော တိုက်ခိုက်မှုတို့ကြောင့် သူ့ခန္ဓာကိုယ်က လူသတ်စက်တစ်ခုသဖွယ် ဖြစ်နေ၏။ မလွယ်လှသော တိုက်ခိုက်မှုများကို ပေါင်းထားသဖြင့် ခုခံရ ခက်လာစေသည်။
ရဲ့လင်းချန် မျက်မှောင်ကြုတ်သွားပြီး မွေထိုင်း လက်ဝှေ့ပညာ၏ နည်းစနစ်ကြောင့် အံ့ဩသွားရသည်။
တရုတ်ကွန်ဖူးနှင့် မတူဘဲ မွေထိုင်းက ပို၍ တိုက်ရိုက်ဆန်ပုံ ပေါ်သည်။ ၎င်းတွင် ခံစစ် သို့မဟုတ် လုံးထွေး သတ်ပုတ်ခြင်းအတွက် တိုက်ကွက် မရှိပေ။ အားလုံးအတွက် တစ်ခွန်းတည်းဖြင့်သာ ပြောနိုင်ရပေမည်။ ယင်းမှာ စီးနင်း တိုက်ခိုက်ခြင်းပင်။
ထို့အပြင် ယင်းမှာ လက်သီး သို့မဟုတ် လက်ဝါး တိုက်ကွက် မဟုတ်ဘဲ ခန္ဓာကိုယ်၏ အသန်မာဆုံး နေရာများကို လက်နက်အဖြစ် အသုံးပြုခြင်းပင်။ အံ့ဩစရာကောင်းသော ခုန်ပျံကျော်လွှားခြင်း စွမ်းရည်နှင့် ပေါင်းလိုက် သောအခါ ယင်းက အနီးကပ် တိုက်စစ်တွင် အဆင့်မြင့်လှသည်။
လူလတ်ပိုင်းအရွယ် အမျိုးသား၏ ကွန်ဖူးကလည်း မဆိုးပါ။ ဤသို့သော တိုက်ခိုက်မှုအောက်၌ သူသည် အမီလိုက်၍ ခုခံနိုင်သည်။ သူသည် အကွာအဝေးကို ပုံမှန်ထား၍ မကြာခဏ ရင်ဆိုင် တိုက်ကွက်များ ထုတ်ကာ တန်ပြန် တိုက်စစ်ဆင်ရန် အခွင့်အရေးကို အသုံးချလေသည်။
သို့သော် လူလတ်ပိုင်းအရွယ် အမျိုးသား အရေးနိမ့်နေမှန်း သိသာပေသည်။
လူအုပ်ထဲမှ တရုတ်လူမျိုးများလည်း ငြိမ်ကျသွားသည်။ အချိန် ကြာလာသည်နှင့်အမျှ တရုတ်ကွန်ဖူးက မွေထိုင်း ပညာ၏ ဖိနှိပ်ခြင်း ခံရသည်ကို ကြည့်ပြီး မျက်နှာများ ရှုံ့မဲ့လာ၏။
“ဖေဖေ၊ ဖေဖေ လုပ်နိုင်ပါတယ်”
ကောင်လေးတစ်ယောက်တည်းသာ သူ့ကို ဆက်၍ အားပေးနေ၏။
တရုတ်လူမျိုး မဟုတ်သူများသည် သည်အတိုင်း ရန်ပွဲကို ကြည့်နေရုံမျှသာ ဖြစ်သည်။ ဤသို့သော ရန်ပွဲကို မြင်ရသောအခါ သူတို့က ဘေးမှနေ၍ ကျယ်လောင်စွာ အားပေးကြသည်။ အမျိုးသမီး တော်တော်များများကလည်း အရှေ့တောင် အာရှသားအား တောက်ပသော မျက်လုံးများဖြင့် ကြည့်နေ၏။
“ဒါက မွေထိုင်းလား၊ အံ့ဩဖို့ ကောင်းလိုက်တာ”
“တရုတ်ကွန်ဖူးက တကယ်ကို သရုပ်ပြဖို့ သက်သက်ပဲ၊ ကောင်းတယ်လို့ ထင်ရပင်မယ့် တကယ် တိုက်ရတဲ့အခါ ကျတော့ ပြန်တောင်မချနိုင်ဘူး”
“မွေထိုင်းက အတိုက်အခိုက်အတွက် သင့်တော်တယ်၊ ငါသာ အဲ့တံတောင်ဆစ်စာ မိရင် မတ်တပ်ရပ်နေနိုင်မယ်လို့ မထင်ဘူး”
“ဝူးဟူး … သူ့ကို ချပစ်လိုက်၊ မိုက်တယ်ဟေ့”
ထိုသို့သောအချိန်၌ အရှေ့တောင်အာရှသားက လေထဲ ခုန်ပျံလာပြီး လူလတ်ပိုင်းအရွယ် အမျိုးသားအား ဒူးနှစ်ဖက်ဖြင့် ပစ်တိုက်လေသည်။
လူလတ်ပိုင်းအရွယ် အမျိုးသား၏ ခြေထောက်များ ခွင်သွားပြီး အနောက်သို့ ယိုင်ကာ လဲလုမတတ် ဖြစ်သွားသည်။
လူလတ်ပိုင်းအရွယ် အမျိုးသား ရှုံးမှာ သေချာသည်ကို သိနေသဖြင့် ရဲ့လင်းချန် ခေါင်းခါလိုက်မိသည်။
တိုက်ခိုက်ချိန်တွင် လူလတ်ပိုင်းအရွယ် အမျိုးသား၏ ခြေထောက်များက အချိုးမကျ ဖြစ်နေသည်ကို သူ သတိထားမိပြီးသားပင်။ ထို့အပြင် သူသည် တိုက်ခိုက်ရန် ခြေထောက်များကို အသုံးပြုခဲသည်။ ယင်းက ဒဏ်ရာဟောင်းတစ်ချို့ကြောင့် ဖြစ်နိုင်ပေသည်။ သူသည် အစကတည်းက နစ်နာနေပြီး တစ်ချိန်လုံး ခုခံနေရသည်။
ထိုကန်ချက်က လူလတ်ပိုင်းအရွယ် အမျိုးသား၏ ခြေထောက် ခံနိုင်ရည်ကို ကျော်သွားစေသည်။
ထင်ထားသည့်အတိုင်းပင် အရှေ့တောင်အာရှသားက မြေကြီးပေါ် ပြန်ကျသည်နှင့် နောက်တစ်ကြိမ် တစ်ပတ်လှည့် ခုန်၍ လူလတ်ပိုင်းအရွယ် အမျိုးသားအား ကန်လေသည်။
“ဘုန်း”
လူလတ်ပိုင်းအရွယ် အမျိုးသားသည် အနောက်သို့ ချက်ချင်း လွင့်ထွက်သွားပြီး မြေကြီးပေါ် ပစ်ကျသွားသည်။
ထိုအချိန်တွင် သူ့ကြွက်သားများသည် အကြိမ်ပေါင်းများစွာ ကန်ကျောက်မှုများကြောင့် နီရဲနေသည်။ ၎င်းက အစောက တိုက်ခိုက်မှုများကြောင့်ပင်။
“ဖေဖေ ဖေဖေ အဆင်ပြေရဲ့လား”
ကောင်လေးက ချက်ချင်း ပြေးလာသည်။
လူလတ်ပိုင်းအရွယ် အမျိုးသားက ခေါင်းခါပြလိုက်ပြီး သူ့မျက်လုံးတွင် စိတ်ဓာတ်ကျဟန် ပေါ်လာသည်။ သူ့ခြေထောက် ဒဏ်ရာကြောင့်သာ မဟုတ်လျင် သူ တရုတ်ကွန်ဖူးအပေါ် အရှက်ရအောင် လုပ်မိမည် မဟုတ်ပါ။
“ဟဲဟဲ အရှေ့အာရှက ငပျော့ကောင်၊ အမှိုက်ပဲ”
အရှေ့တောင်အာရှသားက အောင်နိုင်သူဟန်ဖြင့် နှိမ်နှိမ်ချိုးချိုးပြောကာ လူအုပ်အလယ်၌ ဂုဏ်ယူစွာ ရပ်နေသည်။
ထိုစကားကြောင့် အခြားနိုင်ငံခြားသားများထံမှ အားပေးသံများ ထွက်လာစေသည်။ ထိုအခိုက်တွင် တရုတ်လူမျိုးများ အားလုံးသည် မျက်နှာ ပျက်ယွင်းနေသော်လည်း ဒေါသကို ထုတ်မပြောရဲပေ။
“ဟေ့ အရှေ့အာရှက ငပျော့ကောင်၊ ငါ မင်းကို ပြောနေတာ၊ မကျေနပ်တဲ့သူ ရှိရင် ရှေ့ထွက်လာခဲ့”
အရှေ့တောင်အာရှသားက လူအုပ်ထဲမှ တရုတ်လူမျိုးများကို လက်ညှိုးထိုး၍ ခနဲ့လေသည်။
ကောင်လေးက အရှေ့တောင်အာရှသားကို ခေါင်းမာမာဖြင့် စိုက်ကြည့်နေပြီး ကြောက်ရွံ့ဟန် မပြချေ။
“ဟေ့ကောင်လေး မင်းက လက်မခံဘူးလား”
အရှေ့တောင်အာရှသားက ရယ်လိုက်ပြီးမှ အထင်သေးသော လေသံဖြင့် ပြောလေသည်။
“ဟေ့လူတွေ တရုတ်နိုင်ငံရဲ့ လက်ရှိ အနုပညာရှင်က ဘယ်သူလဲ သိကြလား”
“ငါ သိတယ်”
မျက်လုံးအပြာနှင့် ရွှေရောင်ဆံပင်ရှိသော အမျိုးသမီးတစ်ယောက်က ပြောလာသည်။ သူမက ထိုသို့ ပြောပြီးသည်နှင့် ipad ကို ထုတ်လိုက်သည်။ ipad တွင် ဝူဟန်၏ ဓာတ်ပုံ ရှိလေသည်။
“သူတို့က ဒီလူကို ကြိုက်နေတာလေ”
ထိုအမျိုးသမီးက အထင်သေးဟန်ဖြင့် ရယ်လိုက်သည်။
“ဒီလိုလူမျိုးကို ငါ့ဘာသာတောင် သုံးယောက်လောက် ချနိုင်တယ်၊ တကယ်လို့ တရုတ်က အဲ့လိုလူမျိုးကို သဘောကျ နေတာဆိုရင် အရှေ့အာရှက ငပျော့ကောင်ဆိုတာ မှန်နေတာပဲ”
ထို့နောက် သူမက ဝူဟန်၏ ဗွီဒီယိုအချို့ကို ပြလေသည်။ အားလုံးက သူ ညုတုတုဖြင့် ကထားသည့် ဗွီဒီယိုများ ဖြစ်လေသည်။
“ဟားဟားဟား ဒါက ယောက်ျားလား”
“လခွမ်း ငါက မိန်းမ ထင်နေတာ၊ တရုတ်လူမျိုး ယောက်ျားတွေ နိမ့်ကျကုန်တာလား”
“ချီးပဲ၊ နိုင်ငံတစ်နိုင်ငံက အဲ့လိုအနုပညာရှင်မျိုး ရှိရတယ်လို့၊ သူတို့က တကယ် ငပျော့တွေပဲ”
“ဒါ မိန်းမဆန်မှန်း ငါ သိတယ်၊ ဒါပေမဲ့ သူတို့က တရုတ်မှာ အရမ်း နာမည်ကျော်ပြီး တရုတ်မိန်းကလေး အများစုရဲ့ သဘောကျတာကို ခံနေရတာ”
“ဟူး … သနားစရာပဲ”
…
စိတ်မသက်သာစေသော စကားများနှင့် သရော်ဟန်များ အဆက်မပြတ် ထွက်ပေါ်လာပြီး တရုတ်လူမျိုးများအားလုံး ခရမ်းချဉ်သီးများကဲ့သို့ မျက်နှာနီရဲကာ ပြောစရာ စကားမဲ့နေ၏။
“အရှေ့အာရှက ငပျော့ကောင်၊ အရှေ့အာရှက ငပျော့ကောင်၊ အရှေ့အာရှက ငပျော့ကောင်”
လက်ရှိအချိန်တွင် တရုတ်လူမျိုးများမှလွဲ၍ ကျန်လူများအားလုံး အော်ဟစ်နေကြသည်။ “အရှေ့အာရှက ငပျော့ကောင်” ဟူသော စကားက သူတို့အတွက် ဖန်တီးပေးထားသလိုပင်။
“ငါတို့က အရှေ့အာရှက ငပျော့ကောင်တွေ မဟုတ်ဘူး”
ကောင်လေး၏ မျက်နှာက နီမြန်းလာသည်။
“တရုတ်မှာ အံ့ဩစရာကောင်းတဲ့လူတွေ အများကြီး ရှိတယ်၊ ငါတို့က စူပါမန်းဝိုင်ကိုလည်း သဘောကျတယ်၊ ဒီနေ့ သူ ဒီမှာ မရှိရုံလေးပဲ”
“ခွိ”
သူ့စကားက လူအုပ်ကြားထဲ၌ ရယ်သံများ ထွက်လာစေသည်။ တချို့နိုင်ငံခြားသားများဆိုလျင် ခွက်ထိုးခွက်လန် ရယ်နေ၏။
“စူပါဟီးရိုး ဟုတ်လား၊ တရုတ်မှာ သူတို့တွေ ရှိလို့လား”
“ငါ Ironman, Spiderman နဲ့ Captain America ပဲ ကြားဖူးပါတယ်၊ တရုတ်နိုင်ငံက ဘာစူပါဟီးရိုးကိုမှ မကြားဖူးဘူး”
“မင်း စိတ်ကူးယဉ်နေတာလား၊ တရုတ်မှာ ဘာစူပါ ဟီးရိုးမှ မရှိဘူး၊ ပြီးတော့ တရုတ်ကွန်ဖူးက အမှိုက်ပဲ၊ အရှေ့အာရှက ငပျော့ကောင်က စိတ်ကူးယဉ်ရတာကို ကြိုက်တာပါလား”
“တရုတ်ရဲ့ စူပါဟီးရိုးလား၊ မိန်းမလျာများ ဖြစ်နေပါလား၊ ကြောက်လိုက်တာ၊ ကြောက်ဖို့ကောင်းလိုက်တာ”
အညှာအတာမဲ့သော ပျက်ရယ်ပြုခြင်းများက တရုတ်လူမျိုးများအား ခေါင်းငုံ့သွားစေပြီး ခေါင်းမော့ရန် အလွန် ရှက်ရွံ့သွားစေ၏။