မိစ္ဆာမီးဝိညာဉ်ဝါးမျိုခြင်း အတတ်
Vol. 14 Ch. 210
“ သက်ရှည်အတတ်က ပျော့လွန်းတယ် ”
ဂူထဲတွင် ရွှီချင်းသည် ခေါင်းကိုမော့ထားပြီး သူ့မျက်လုံးများထဲတွင် ဆုံးဖြတ်ချက်ချထားသည့်အရိပ်အယောင်များဖြင့် ပြည့်နှက်နေသည်။
သူ့မှာ သက်စောင့်မီးအိမ်ရှိနေ၍ သက်ရှည်အတတ်ကို ရွေးချယ်ခြင်းမှာ ကောင်းမွန်သော ရွေးချယ်မှု ဖြစ်ပေလိမ့်မည်။ ဂူထဲတွင် ပုန်းအောင်းနေရင်းဖြင့် သက်စောင့်မီးတောက်ကို တဖြည်းဖြည်း ကျင့်ကြံနိုင်သည်။ သူ၏အတိုက်အခိုက်စွမ်းရည်သည်လည်း ကြောက်ခမန်းလိလိဖြစ်နေပေမည်။
သို့သော်ငြား ထိုအတတ်မှာ အချိန်အလွန်ကြာပြီး ဝိညာဉ်ကျောက်တုံးအမြောက်အမြား လိုအပ်သည်။ သူ၏မှော်လှေကိုလည်း အဆင့်မြှင်တင်ရမည်ဖြစ်သည်။ အရေးအကြီးဆုံးမှာ ဤလောကကြီးထဲ၌ နေထွက်ချိန်နှင့် နေဝင်ချိန်သည်ပင် တစ်နေ့တွင် ပြောင်းလဲကောင်း ပြောင်းလဲနိုင်သည်ကို သူ ခံစားမိသည်။
ထို့ကြောင့် သက်ရှည်အတတ်ကို တိတ်ဆိတ်စွာကျင့်ကြံနေရန်မှာ သူ့အတွက် မသင့်တော်ပေ။
သူ ကျင့်ကြံနေစဉ်အတောအတွင်း သူ၏သက်စောင့်မီးတောက် မပေါ်ခင် တစ်ခုခုဖြစ်သွားမည်ကို သူ စိုးရိမ်သည်။
ထိုသည်ကို ရွှီချင်း သဘောမကျပေ။
ထို့ကြောင့် မိစ္ဆာမီးဝိညာဉ်ဝါးမျိုခြင်းအတတ်ကို လေ့ကျင့်ရန် သူ ဆုံးဖြတ်လိုက်သည်။
မိစ္ဆာမီးဝိညာဉ်အတတ်ကို အထွတ်အထိပ်အထိ ကျင့်ကြံပြီးသွားသောအခါ ဓမ္မတံခါးထဲတွင် ရန်သူ၏ဝိညာဉ်များကို ဖိနှိပ်ခြင်းသည် ဓမ္မစွမ်းအားများကို သိပ်သည်းထူထပ်သွားစေသည်သာမက ထိုဖိနှိပ်ထားသော ဝိညာဉ်များကို အထူးနည်းလမ်းသုံး၍လည်း မှော်သင်္ဘောနှင့် ပေါင်းစပ်နိုင်သည်ဟု ကျောက်စိမ်းပေလွှာထဲတွင် ဖော်ပြထားသည်။
ထိုသို့ပေါင်းစပ်ပြီးနောက် ဝိညာဉ်များက မှော်သင်္ဘော၏ ဝိညာဉ်ကဲ့သို့ ဖြစ်လာမည်ဖြစ်သည်။
ယင်းသည် မှော်သင်္ဘောကို ထူးခြားသော စရိုက်လက္ခဏာရှိနေသည့် မှော်ရတနာတစ်ပါး ဖြစ်သွားစေသည်။
မှော်ရတနာများကိုမူ ရွှီချင်း တစ်ခါမှ မမြင်ဖူးပေ။
သို့သော်လည်း မှော်ရတနာများက အလွန်ရှားပါးပြီး အစားထိုး၍ မရပေ။ မှော်ရတနာတစ်မျိုးစီတွင် မိုးမြေတုန်ဟီးသွားစေနိုင်သည့်အစွမ်းများ ရှိကြ၏။
“ ငါ့သက်စောင့်မီးအိမ်ကလည်း ထူးခြားတဲ့မှော်ရတနာပဲလား ”
ရွှီချင်း ရေရွတ်လိုက်သည်။ ထိုသည်နှင့် ပတ်သက်၍ သူ ရှင်းရှင်းလင်းလင်း မသိပေ။
ထိုအကြောင်းကို သူ တွေးတောမနေတော့ပေ။ သူ ဆုံးဖြတ်ချက်ချပြီးနောက် ချက်ချင်းပင် ကျောက်စိမ်းပေလွှာကို ထုတ်၍ လေ့လာရန် ထိုင်လိုက်သည်။ ကျောက်စိမ်းပေလွှာထဲမှ ဖော်ပြချက်အတိုင်း သူ လေ့ကျင့်လိုက်သည်နှင့် သူ့ခန္ဓာကိုယ်ထဲမှ ဓမ္မတံခါးများ ဝင်းလက်လာပြီး သူ့ဝိညာဉ်ပင်လယ်မှာ တဟုန်းဟုန်းတောက်လောင်လာသည်။
မိစ္ဆာမီးဝိညာဉ်ဝါးမျိုခြင်းအတတ်၏ ပထမခြေလှမ်းသည် မိစ္ဆာမီးတောက် ထွက်ပေါ်လာရန်ဖြစ်သည်။
အခြေတည်အဆင့်ကျင့်ကြံသူအားလုံး၏ ဓမ္မတံခါးများတွင် ဓမ္မမီးတောက်ရှိသည်။ ထိုမီးတောက်သည် ဝိညာဉ်ပင်လယ်ကို လောင်ကျွမ်းစေကာ ဓမ္မစွမ်းအားများ ဖြစ်ပေါ်လာစေနိုင်သည်။ တချိန်တည်းမှာပင် ယင်းသည် သက်စောင့်မီးတောက်ပေါ်လာရန် နောက်ဆုံးသော့ချက်လည်း ဖြစ်သည်။
ရွှီချင်းက သက်စောင့်မီးအိမ်ထီးနက်နှင့် ပေါင်းစပ်ခဲ့ပြီးပြီဖြစ်၍ သူ့ဓမ္မတံခါးများထဲရှိ မီးတောက်များသည် သက်စောင့်မီးအိမ်အရှိန်အဝါကြောင့် မည်းနက်နေသည်။
မိစ္ဆာမီးဝိညာဉ်ဝါးမျိုခြင်းအတတ်ကို ကျင့်ကြံရာမှ ထွက်ပေါ်လာသော မီးတောက်သည်လည်း အနက်ရောင်ဖြစ်သည်။
ယင်းသည် ရွှီချင်း၏ထီးနက်မီးတောက်နှင့် အရောင်ချင်းဆင်ပါသော်လည်း လေးနာရီကြာပြီးနောက် ထိုကျမ်းစာကို ရွှီချင်း ကျင့်ကြံပြီး သူ့ဓမ္မတံခါးထဲတွင် မိစ္ဆာမီးအမျှင်တန်းကို ဖော်ထုတ်နိုင်သောအခါတွင် ထိုမီးတောက်နှစ်မျိုးက အလွန်ကွာခြားမှုရှိသည်ကို တွေ့လိုက်ရသည်။
အပူဓာတ်အရဖြစ်စေ အဆင့်အတန်းအရဖြစ်စေ ထီးနက်၏ မီးတောက်များသည် မိစ္ဆာမီးတောက်များထက် အဆပေါင်းများစွာ အစွမ်းထက်သည်။ ၎င်း၏အရှိန်အဝါသည်လည်း ပို၍ အစွမ်းထက်သည်။ တစ်ခုတည်းသော ခြားနားချက်မှာ ၎င်းတွင် ဝိညာဉ်စွမ်းအားများကို စုပ်ယူနိုင်သည့်အစွမ်း မရှိခြင်းသာ ဖြစ်သည်။
သို့သော်လည်း ထိုကိစ္စကို ဖြေရှင်းရန်မှာ အလွန် လွယ်ကူသည်။ ရွှီချင်းက မိစ္ဆာမီးတောက်ကု သူ့အနက်ရောင်မီးတောက်နှင့် ပေါင်းစပ်လိုက်ပြီးနောက် မိစ္ဆာမီးတောက်မှာ ချက်ချင်းဝါးမျိုခံလိုက်ရသည်။ တချိန်တည်းမှာပင် အနက်ရောင်မီးတောက်ထဲတွင် မိစ္ဆာမီးတောက်၏ ဝိညာဉ်ဝါးမျိုနိုင်သည့်အစွမ်း ပေါ်လာသည်။
ရွှီချင်း ကျေနပ်သွားပြီး ဆက်လက်ကျင့်ကြံလိုက်သည်။
သုံးရက်တာ ကုန်လွန်သွားသည်။
ရွှီချင်းက ဓမ္မတံခါးနှစ်ခုထဲရှိ အနက်ရောင်မီးတောက်ထဲသို့ သိပ်သည်းထူထပ်သော ဝိညာဉ်စုပ်ယူအစွမ်းများနှင့် ဖြည့်ပြီးသောအခါ ကျင့်ကြံခြင်းကို အဆုံးသတ်လိုက်သည်။ ယခုအခါ သူ့အတွက် အရေးအကြီးဆုံးမှာ ဝိညာဉ်ဖြစ်သည်ကို သူ သိသည်။
သူ၏တတိယမြောက်ဓမ္မတံခါးကို ဖွင့်ရန်အလို့ငှာ လောင်စာအဖြစ် ဝိညာဉ်များကို လိုအပ်သည်။
“ အစ်ကိုကြီးကျန်းစန်း ပြန်ရောက်ပြီလား မသိဘူး။ ငါ့မှော်လှေကို သူ ပြုပြင်ပြီးသွားရင် ပင်လယ်ပြင်ဘက် သွားရမယ် ”
ရွှီချင်းက သူ့အရိပ်ကို ကြည့်လိုက်သည်။ အနည်းငယ် တွေးတောပြီးနောက် သူက သံတုတ်လေးကု ထုတ်၍ ကျင်းကန်းဂိုဏ်းစောင့်ဘိုးဘိုးကိုယ်ပေါ်ရှိ အချုပ်အနှောင်ကို ဖွင့်လိုက်သည်။
ရုတ်တရက် ကျင်းကန်းဂိုဏ်းစောင့်ဘိုးဘိုး၏ အရှိန်အဝါများ လွင့်ပျံလာသည်။ သို့သော်လည်း သူသည် ကြောက်လန့်လွန်း၍ စကားတစ်ခွန်း မပြောဝံ့ချေ။ အမှားတစ်ခုခု ပြောမိလိုက်သည်နှင့် သူ အသတ်ခံရမည်ကို စိုးရွံ့နေသည့်အလားပင်။
ရွှီချင်းက သံတုတ်ကို တစ်ချက်ကြည့်လိုက်ပြီးနောက် သူ့ခန္ဓာကိုယ်ထဲရှိ သလင်းကျောက်၏ ချုပ်အားကို နှိုးဆွ၍ သံတုတ်ထဲတွင် ပုန်းနေသော ကျင်းကန်းဂိုဏ်းစောင့်ဘိုးဘိုးရှေ့ရှိ အရိပ်ကို ချုပ်နှောင်လိုက်သည်။
ယင်းမှာ နေ့စဉ်ဖြစ်ရပ်ဖြစ်သည်။ အစမှအဆုံးတိုင်အောင် ရွှီချင်းသည် တည်ငြိမ်နေ၏။ အရိပ်က အသားကျနေဟန်တူပြီး ငြင်းဆန်ခြင်းမပြုပေ။ ယင်းကြောင့် ရွှီချင်းမှာ အရိပ်ကို စုတ်ပြဲသည့်တိုင်အောင် ချုပ်နှောင်လိုက်သည်။
သို့သော်လည်း ကျင်းကန်းဂိုဏ်းစောင့်ဘိုးဘိုးမှာ ပို၍ပင် တုန်ရီနေသည်။ သူက လေးညှို့ရှေ့တွင် ရပ်နေရသည့် ငှက်တစ်ကောင်အလားပင်။ သူ့လက်နက်စောင့်ဝိညာဉ်ခန္ဓာမှာ ပို၍ပင် မတည်မငြိမ် ဖြစ်လာ၏။
“ ခုလက်ရှိမင်းက ငါ့အတွက် ဘာမှအသုံးမဝင်တော့ဘူး ”
ရွှီချင်းက တည်ငြိမ်စွာ ပြောသည်။
အခြေတည်အဆင့်သို့ ရောက်ပြီးနောက် အရိပ်နှင့် ပတ်သက်၍ နောက်ထပ်အမြင်တစ်မျိုး ရှိလာသည်။ အရိပ်က အသိဉာဏ်ရှိပါသော်လည်း အရိပ်ကို ရွှီချင်း ချုပ်နှောင်နိုင်သည်။ သူ လိုအပ်သည်မှာ အရိပ်အနေဖြင့် ပို၍ အစွမ်းထက်လာရန် ဖြစ်သည်။
ထိုသို့မဟုတ်ပါက သူနှင့်အတူ အရိပ်ကို ဆက်ထားပြီး သူ၏ဝှက်ဖဲအဖြစ် အသုံးချရန်မှာ အနည်းငယ် ခက်ခဲနေပေမည်။ သံတုတ်ထဲရှိ ကျင်းကန်းဂိုဏ်းစောင့်ဘိုးဘိုးနှင့် ပတ်သက်၍လည်း သူ ထိုကဲ့သို့ ခံစားနေရသည်။
ကျင်းကန်းဂိုဏ်းစောင့်ဘိုးဘိုးက သက်သောင့်သက်သာနေလွန်းသည်။ ထိုသို့သာဆိုလျှင် သူ၏အနာဂတ်လမ်းခရီးတွင် သူနှင့်အတူ တစ်ပါတည်း ခေါ်သွားမည် မဟုတ်ပေ။
သူ့စကားလုံးများကြောင့် အရိပ်မှာ တုန်ရီသွားပြီး သံတုတ်နက်မှာ ပို၍ပင် တုန်ရီသွားသည်။
အချိန်အတော်ကြာပြီးနောက် ရွှီချင်း၏ အေးတိအေးစက်အကြည့်အောက်တွင် အရိပ်မှာ စတင်ပုံပျက်လာသည်။ ၎င်းက တဆတ်ဆတ်တွန့်ကွေးကာ ပြောင်းလဲသွားပြီးနောက် ရွှီချင်း၏စိတ်ထဲ အသိအမျှင်တန်းတစ်ခု ဝင်ရောက်လာသည်။
“ ဓာတ်နှောတွေ … အဆင့်တက် … နတ်အစွမ်း ”
ရွှီချင်း အတွေးနက်သွားပြီးနောက် သူ့အကြည့်က အရိပ်ထံမှ လွှဲဖယ်ကာ သံတုတ်နက်ပေါ် ရောက်သွားသည်။ သူ့မျက်လုံးများထဲတွင် လူသတ်ငွေ့များ ရှိမနေပါသော်ငြား ထိုအကြည့်ကြောင့် သံတုတ်မှာ တုန်ရီလွန်း၍ အက်ကွဲလုနီးပါး ဖြစ်နေပေသည်။
“ မင်းရှိနေတာ ဘာအသုံးဝင်လဲ ”
ရွှီချင်းက ခပ်ဖြည်းဖြည်း မေးလိုက်သည်။ သူ ညာလက်ကို မြှောက်လိုက်သောအခါ သံတုတ်လေးထဲမှ ကျင်းကန်းဂိုဏ်းစောင့်ဘိုးဘိုး၏ ဝိညာဉ်အလျင်အမြန် ထွက်လာပြီး သူ့လက်ထဲသို့ ရောက်သွားသည်။ သူက ကျင်းကန်းဂိုဏ်းစောင့်ဘိုးဘိုး၏ ဝိညာဉ်ကို ဖိချေပစ်ချင်နေသည့်အလားပင်။
“ သခင်လေး၊ သခင်လေး … ကျနော်မျိုးကို မသတ်ပါနဲ့။ ကျနော်မျိုး ကျင့်ကြံနိုင်ပါတယ်။ ကျနော်မျိုးမှာ လက်နက်စောင့်ဝိညာဉ်ပညာရပ်ရှိပေမဲ့ ဒီအတောအတွင်း အိပ်မောကျနေတာကော အားနည်းနေတာကောမို့ ကျင့်ဖို့အချိန်မရသေးလို့ပါ ”
“ သခင်လေး၊ ကျနော်မျိုးကို အခွင့်အရေးတစ်ခုပေးပါ။ ကျနော်မျိုး သေချာပေါက် အပြင်းအထန် ကြိုးစားပါ့မယ်။ ကတိပေးပါတယ် ”
ကျင်းကန်းဂိုဏ်းစောင့်ဘိုးဘိုးက အထိတ်တလန့် ပြောလိုက်သည်။ သူ့ရင်ထဲမှ ကြောက်ရွံ့စိတ်များ ဖော်ပြ၍ မရနိုင်လောက်အောင်ပင်။
“ မင်းတို့နှစ်ယောက်လုံးကို နှစ်ဝက်အချိန်ပေးမယ်။ အားနည်းတဲ့လူကို သတ်ပစ်မှာ ”
ရွှီချင်းက တည်ငြိမ်စွာ ပြောသည်။ သူ စကားပြောနေစဉ် အရိပ်ထံမှ ရက်စက်ကြမ်းကြုတ်သော အငွေ့အသက်များ ထွက်ပေါ်လာသည်။ သို့သော်လည်း ယင်းသည် ရွှီချင်းကို ဦးတည်နေခြင်းမဟုတ်ဘဲ ကျင်းကန်းဂိုဏ်းစောင့်ဘိုးဘိုးကို ဦးတည်နေခြင်း ဖြစ်သည်။
ကျင်းကန်းဂိုဏ်းစောင့်ဘိုးဘိုးမှာ ဒေါပွသွားပါသော်ငြား အပြင်ပန်းတွင် မပြသပေ။ ဆန့်ကျင်ဘက်အနေဖြင့် နွေးထွေးသော အမူအရာကိုသာ ပြသလေရာ အရိပ်မှာ စိတ်ရှုပ်ထွေးသွားရပြီး ရက်စက်ကြမ်းကြုတ်သော အငွေ့အသက်များ တဖြည်းဖြည်း လွင့်ပါးသွား၏။
ကျင်းကန်းဂိုဏ်းစောင့်ဘိုးဘိုးကို ရွှီချင်း နားလည်ပြီး သူတို့နှစ်ယောက်ကြားကို ဝင်ရောက်စွက်ဖက်ခြင်း မပြုပေ။ သူက သံတုတ်ကို သိမ်းဆည်းလိုက်ပြီး ဂူတံခါးကို တွန်းဖွင့်လိုက်သည်။
မွန်းတည့်ချိန်ရောက်နေပြီဖြစ်သည်။ နေမင်းကြီးသည် ကြည်ပြာရောင်ကောင်းကင်ကြီးနှင့် မိုးသားတိမ်စိုင်များကို ဖြတ်၍ အလင်းပေးနေသည်။ အေးစိမ့်စိမ့်တိုက်ခတ်နေသော လေပြေလေးသည်လည်း တောင်ခြေရှိ ဆူညံပွက်လောရိုက်နေသော လောကအကြောင်းကို သယ်ဆောင်သွားသည်။
သို့သော်လည်း အဝေးသို့ ရောက်သောအခါတွင် လေညင်းလေး သယ်ဆောင်သွားသည့် ပွက်ပွက်ညံနေသော လောကသည် တကယ့်လောကကြီးနှင့် ကင်းကွာနေသည့် ထူးခြားသိမ်မွေ့သော ခံစားချက်မျိုး ဆောင်ကြဉ်းနေ၏။
ရွှီချင်းသည် ဂူထဲတွင် ထွက်လာကာ ချောက်ကမ်းပါးရံဘေးတွင် ရပ်၍ အောက်ဘက်ရှိ မြို့ကြီးကို ကြည့်လိုက်သည်။ သူ မြင်နေရသည့် ဆိပ်ကမ်းများသည် အလွန် စည်ကားနေပြီး လှေကလေးများ ဝင်ထွက်သွားလာနေသည်။
တခြားနေရာများမှာလည်း အတူတူပင်။ လမ်းများပေါ်တွင် လမ်းသွားလမ်းလာများ ပြည့်ကြပ်နေသည်။ ချီရွှဲ့ထုံဂိုဏ်းပင်မမြို့ကြီး၏ စည်ကားသောပုံရိပ်က သူ့မျက်လုံးများထဲ ရောင်ပြန်ဟပ်နေသည်။
သူသည် တောင်ပေါ်သို့ ရောက်ခဲ့ဖူးပြီး တောင်အောက်သို့ ကြည့်ခဲ့ပါသော်လည်း ထိုစဉ်က ကျင့်ကြံသူတစ်ယောက်မဟုတ်သေးပေ။ ယခုအခါတွင် ခံစားချက်များက လုံးလုံးလျားလျား ကွာခြားနေသည်။
“ မတူသလိုလိုနဲ့ တူနေတာပဲ ”
ခဏအကြာ ရွှီချင်း ခပ်တိုးတိုးရေရွတ်လိုက်သည်။
မတူတော့သည်မှာ ကျင့်ကြံခြင်းအဆင့်ဖြစ်သည်။ တူညီသည်မှာ နတ်ဘုရား၏ မျက်နှာပျက်ကြီး အရိပ်အာဝါသအောက်တွင် လူအားလုံး ရုန်းကန်ရှင်သန်နေရဆဲဖြစ်သည်။
ရွှီချင်းက ဆိပ်ကမ်းဘက်ခြမ်းကို ထပ်ကြည့်လိုက်သည်။
အခြေတည်အဆင့်ကျင့်ကြံသူတစ်ယောက်ဖြစ်၍ သူ့အနေဖြင့် ဆိပ်ကမ်းအသစ်တည်ဆောက်ခွင့်ရှိသည်။ သို့သော်လည်း ထိုအခွင့်အရေးကို သူ အသုံးပြုသင့်လား၊ အသုံးမပြုသင့်လား မတွေးတောရသေးပေ။ သူ စဉ်းစားတွေးတောပြီးနောက် လေထဲသို့ ပျံတက်လိုက်သည်။
အခြေတည်အဆင့်ကျင့်ကြံသူများ အသုံးပြုနိုင်သည့် အစွမ်းထက်သော ကျောက်စိမ်းအဆောင်တချို့ ဝယ်ယူရန် ဆိပ်ကမ်းရှိ ဆိုင်များသို့ သူ သွားမည်ဖြစ်သည်။ သူ၏လက်ရှိကျင့်ကြံခြင်းအဆင့်နှင့် သာမန်အဆောင်များက သူ့လိုအပ်ချက်များကို မဖြည်ဆည်းပေးနိုင်တော့သည် မဟုတ်ပါလား။
အခြေတည်အဆင့်ကျင့်ကြံသူအများစုက ကျောက်စိမ်းအဆောင်များအပေါ်တွင် မှီခိုရသည်။
ရွှီချင်းက သူ့သတင်းပေးသမားကိုလည်း သွားရှာရန် စီစဉ်ထားသည်။
အခြေတည်အဆင့်ကျင့်ကြံသူဖြစ်လာပြီးနောက် သူ့မှာ နောက်လိုက်များအတွက် နှစ်နေရာရှိသည်။ တစ်နေရာကို သတင်းပေးသမားအား ပေးရန် သူ စီစဉ်ထားပါသော်လည်း သူမကို တောင်ပေါ်သို့ ခေါ်ရန် သူ စိတ်ကူးမရှိပေ။
ကျန်းစန်းပြန်ရောက်ပြီလားဆိုသည်ကိုလည်း သူ သွားကြည့်ချင်သေးသည်။
ယင်းအပြင် အခြေတည်အဆင့်သို့ ရောက်သွားပြီးနောက် လူဆိုးထိန်းဌာနထဲရှိ သူ၏ပုံရိပ်က ပြောင်းလဲသွားခဲ့ပြီ ဖြစ်သည်။ လူဆိုးထိန်းဌာနထဲတွင် သူ ရာထူးယူထားပါသော်လည်း ကျောက်စိမ်းပေလွှာပေါ်ရှိ သူ့အဆင့်အတန်းက ပြောင်းလဲသွားခဲ့ပြီဖြစ်သည်။
သူက အမှတ်ခြောက်အသင်း၏ လက်ထောက်ခေါင်းဆောင် မဟုတ်တော့ဘဲ ရွှမ်ဌာနခွဲကို တာဝန်ယူရသည့် လူဆိုးထိန်းဌာန၏ လက်ထောက်ဌာနမှူးများအနက် တစ်ယောက် ဖြစ်သွားပြီဖြစ်သည်။
လက်ထောက်ဌာနမှူးတစ်ယောက်ဖြစ်နေ၍ သာမန်အခြေအနေများတွင် လူဆိုးထိန်းဌာနသို့ သွားရန် မလိုတော့ပေ။ လိုအပ်မှသာ သူ အကူအညီပေးရမည်ဖြစ်သည်။ ထို့ပြင် သူ့လစာသည်လည်း လစဉ်ဝိညာဉ်ကျောက်တုံးတစ်ရာ တိုးသွားခဲ့သည်။
အမှန်တကယ်တော့ အခြေတည်အဆင့်ကျင့်ကြံသူများအနေဖြင့် ထိုရာထူးကို စွန့်လွှတ်နိုင်သည်။
ထိုဝိညာဉ်ကျောက်တုံးပမာဏသည် ဂိုဏ်းမှခွဲဝေရရှိမည့် အကျိုးအမြတ်များနှင့် ယှဉ်ပါက မပြောပလောက်ပါသော်လည်း မငြင်းပယ်နိုင်ကြောင်း ရွှီချင်း ခံစားလိုက်ရသည်။ ချီရွှဲ့ထုံဂိုဏ်းသို့ သူ ပထမဆုံး ရောက်လာစဉ်အခါက ဝိညာဉ်ကျောက်တုံးတစ်ရာဆိုသည်မှာ များပြားသော ပမာဏ ဖြစ်ခဲ့သည် မဟုတ်ပါလား။
ရွှီချင်းက တောင်အောက်မှ ဆင်းလာပြီး ဆိပ်ကမ်းတွင် ပေါ်လာသောအခါ မရေမတွက်နိုင်သော လေးစားသည့်အကြည့်များ သူ့အပေါ် ချက်ချင်း ကျရောက်လာသည်။ လမ်းများပေါ်ရှိ လမ်းသွားလမ်းလာများအားလုံး နောက်ဆုတ်သွားသည်သာမက ဆိုင်အသီးသီးမှ ဆိုင်ရှင်များသည်လည်း ကပျာကယာထွက်လာကြပြီး တလေးတစား အရိုအသေပေးလိုက်သည်။
အထူးသဖြင့် သာမန်ဂိုဏ်းသားများပင်။ မည်သည့်တောင်ထိပ်မှ ဂိုဏ်းသားဖြစ်ပါစေ သူတို့အားလုံး သူ့ကို အဝေးမှပင် အရိုအသေပေးကာ နှုတ်ဆက်လိုက်ကြသည်။
တောင်ခြေမှလူများအတွက် အခြေတည်အဆင့်ကျင့်ကြံသူတစ်ယောက်သည် နတ်ဘုရားတစ်ပါးနှင့် မခြားပေ။
သူတို့အတွက် နတ်ဘုရားနှင့် အခြေတည်အဆင့်ကျင့်ကြံသူများက သူတို့ကို သတ်ဖြတ်နိုင်သည်သာ။
အခြေတည်အဆင့်ကျင့်ကြံသူများက ပို၍ပင် မြန်ဆန်စွာ သတ်ဖြတ်နိုင်သည်။
နေရောင်အောက်၌ ရွှီချင်း၏ နက်မှောင်သောခရမ်းရောင်တာအိုဝတ်ရုံသည် အထွတ်အထိပ်ဖြစ်တည်မှုကို ကိုယ်စားပြုနေသည့်အလားပင်။
သိုသိုသိပ်သိပ်နေရသည်ကို အသားကျနေသော ရွှီချင်းအတွက် လူအများ အာရုံစိုက်ခံရသည့် ခံစားချက်ကို မရင်းနှီးသည့်အတွက်ကြောင့် ချက်ချင်းပင် နေရာမှ ပျောက်ကွယ်သွားသည်။
သူ ပြန်ပေါ်လာသောအခါ သတင်းပေးသမားနှင့် ဆုံနေကျနေရာသို့ ရောက်နေသည်။
သူ၏ ဆင့်ခေါ်ခြင်းကြောင့် ခဏအကြာ သတင်းပေးသမား အလျင်အမြန် ရောက်လာသည်။ သတင်းပေးသမားသည် ရွှီချင်း၏ နက်မှောင်သော ခရမ်းရောင်တာအိုဝတ်ရုံကို ကြည့်၍ ခြေလှမ်းများ ရပ်သွားပြီး ငေးကြောင်သွားသည်။ သူမ၏မျက်လုံးများထဲ လေးစားသည့်အရိပ်အယောင်များဖြင့် ပြည့်နှက်လာပြီး အသက်ရှူသံများ ကြမ်းလာသည်။
သူမ၏မျက်နှာပေါ်မှ တအံ့တသြဖြစ်နေသည့် အရိပ်အယောင်များကို ဖော်ပြ၍ပင် မရပေ။ ရွှီချင်းက အေးတိအေးစက်ကြည့်လိုက်သောအခါမှသာ သူမ၏ခန္ဓာကိုယ် တုန်ရီသွားပြီး ချက်ချင်း ဒူးထောက်လိုက်သည်။
“ သခင်လေး ”
ရွှီချင်းက ကျောက်စိမ်းပေလွှာကို ထုတ်၍ လက်ကို အနည်းငယ် ဝှေ့ယမ်းလိုက်သည်။ ထိုကျောက်စိမ်းပေလွှာက အလင်းတန်းတစ်တန်းအသွင်ဖြင့် သတင်းပေးသမားဆီသို့ တန်းတန်းမတ်မတ် ဝင်ရောက်သွားသည်။ ထို့နောက် သတင်းပေးသမား၏ ရှေ့တွင် အနည်းငယ် အရှိန်လျော့သွားပြီး သူမ၏တုန်ရီနေသော လက်ထဲသို့ အသာအယာ ကျသွားသည်။
“ အဲဒါ နောက်လိုက်ဂိုဏ်းတံဆိပ်ပြားပဲ။ အဲဒီဂိုဏ်းတံဆိပ်ပြားရဲ့ တန်ဖိုးကို မင်း သိတယ်မလား။ တောင်ပေါ်ကိုတော့ တက်လို့မရဘူး ”
“ သုံးလကြာရင် ဆိပ်ကမ်းအသစ်ဖွင့်ဖို့ အစီအစဉ်တွေ လုပ်ထားလိုက်။ အဲဒါ မင်းရဲ့ နောက်ထပ်တာဝန်ပဲ ”
ရွှီချင်း၏စကားသံ လွင့်ပျံသွားသောအခါတွင် ရွှီချင်းက ထွက်သွားပြီဖြစ်သည်။ ပင်လယ်လေပြေက သတင်းပေးသမား၏ ဆံပင်ရှည်များကို ပွတ်သပ်တိုက်ခတ်သွားလေရာ လှပသော မျက်နှာလေး ပေါ်လာသည်။ သူမက ခေါင်းမော့၍ ထွက်သွားသော ရွှီချင်း၏နောက်ကျောကို ငေးကြည့်နေသည်။ သူမ၏အသက်ရှူသံများ မြန်ဆန်လာပြီး သူမ၏မျက်နှာတွင် မယုံကြည်နိုင်ခြင်းများဖြင့် ပြည့်နှက်လာသည်။
ထိုမျှတိုတောင်းသောအချိန်လေးအတွင်း ရွှီချင်းက အခြေတည်အဆင့်သို့ တက်လှမ်းသွားမည်ဟု သူမ တစ်ခါမှ တွေးမထားခဲ့မိပေ။