လီလော့၏ ပဲ့တင်ထပ်သံ.....
Vol. 2 Ch. 19
သစ်သားစင်မြင့်ကြီးအား လူပင်လယ်ကြီးက ဝိုင်းရံထားလေသည်။
ယခုချိန်တွင် ပတ်ဝန်းကျင်တစ်ခုလုံးတိတ်ဆိတ်နေပြီး လူတိုင်းက ပါးစပ်အဟောင်းသားနဲ့ လျူယန် စင်အောင် ပြုတ်ကျလာသည်ကို ကြည့်နေကြသည်။
အဆုံးသတ်သည် မျှော်လင့်ထားသည်နှင့် တက်တက်စင်အောင် လွဲချော်နေလေသည်။
စည်းတံဆိပ်ခြောက်ခုအဆင့် လျူယန်က လီလော့ကြောင့် စင်အောင်ပြုတ်ကျရတယ်တဲ့လား.....
ဘယ်လိုဖြစ်နိုင်မှာလား......
တိတ်ဆိတ်မှုသည် တခဏသာ ကြာမြင့်ခဲ့ပြီး လူအုပ်ကြီးတစ်ခုလုံးဆီက ကြွပ်ကြွပ်ညံ ဆူညံသံများ ထွက်ပေါ်လာခဲ့သည်။
" ဘာတွေ ဖြစ်ကုန်တာတုန်း...."
" ဘယ်လိုဖြစ်လို့ လျူယန်က တစ်ချက်တည်းနဲ့ အမှောက်သိပ်ခံလိုက်ရတာလဲ..."
" တစ်ခုခုတော့မှားနေပြီထင်တယ်.....လျူယန်က စည်းတံဆိပ်ခြောက်ခုအဆင့်ရောက်နေတဲ့အပြင် သူ့မှာ ပဲ့တင်ထပ်သံစွမ်းအားအကာအကွယ်ရှိနေသေးတယ်လေ...လီလော့ ဒါကို ဘယ်လိုများ ထိုးဖောက်လိုက်တာလဲ...."
" လျူယန်က လီလော့ကို မယှဉ်နိုင်ဘူးတဲ့လား...."
" လှည့်စားချင်တယ်ဆိုရင်တောင် ဒါကြီးက လုပ်ဇာတ်ကြီးမှန်း သိသာလွန်းပါတယ်ကွာ...."
ပထမကျောင်းတော်ဘက်တွင်မူ တီဖာချင်း၏ နှုတ်ခမ်းရဲရဲလေးသည် ယခုချိန်တွင် အံ့အားသင့်မှုကြောင့် ပွင့်ဟနေလေသည်။သူမ စိတ်ထဲတွင် ဖြစ်ပေါ်လာသော မေးခွန်းကို နှုတ်ကနေထုတ်မေးမိသည်အထိ အံ့အသင့်နေခဲ့သည်။
" လျူယန် ဘယ်လို လုပ်လိုက်တာလဲ.....ဒီကောင် သိပ်ကိုအားနည်းလွန်းနေတာလား...."
စုန်ယွမ်ဖန်ကလည်း မျက်မှောင်ကြုံ့နေပြီး.....
"ဒီကောင် ပြိုင်ဘက်ကို လျှော့တွက်လိုက်တာကိုး...ဒါကြောင့် ပဲ့တင်ထပ်သံစွမ်းအား ဖြန့်ကျက်ဖို့ အချိန်မလောက်ဘူး ဖြစ်သွားတာ..."
"ဘယ်လိုတောင် ရူးမိုက်လိုက်သလဲ...."
တီဖာချင်းက ခေါင်းတယမ်းယမ်းနဲ့ မှတ်ချက်ပြုလိုက်သည်။
" လီလော့ နောက်တစ်ကြိမ် ကံမကောင်းနိုင်တော့မှာပဲ စိတ်ပူတယ်...."
လုချင်းအာသည် စင်မြင့်ပေါ်တွင် ရပ်နေသော လီလော့ကို သာ တစိုက်မတ်မတ်ငေးကြည့်နေ၏။ သူမသည် လီလော့ပထမကျောင်းတော်တွင် ရှိစဉ်ခါက သူမကို ပဲ့တင်ထပ်သံပညာရပ်များ လမ်းညွှန်ပေးခဲ့သည်များကို ပြန်ပြောင်း အောက်မေ့နေပုံရသည်။
" နောက်တစ်ခါ....နောက်ထပ်တစ်ခါ ထပ်ပြီး အနိုင်ရသွားမှာကိုပဲ စိုးရိမ်မိတယ်...သူက ပြိုင်ဘက်အားလုံးကို တစ်ယောက်တည်း အနိုင်ယူနိုင်တယ်....."
လုချင်းအာ၏ တစ်ကိုယ်တော် ရေရွတ်သံကြောင့် ပထမကျောင်းတော်ဘက်မှ ကျောင်းသားအားလုံး လုချင်းအာကို နားမလည်နိုင်သော အကြည့်များနှင့် ကြည့်ကုန်ကြသည်။ တစ်ချိန်တည်းမှာပင် လီလော့အား ပို၍ပင် မနာလိုဖြစ်မိနေကြသည်။
" မင်းဘက်က ဘယ်လိုပဲ မြင်မြင် ဒါက တကယ်ဖြစ်လာနိုင်တာမှမဟုတ်တာ....မင်း သူ့ကိုအထင်ကြီးလွန်းနေတာပဲ....မင်း သူ့ကိုစိတ်ဝင်စားနေတာလား...."
လူအုပ်ထဲမှ တစ်ယောက်က မနေနိုင် မထိုင်နိုင် မေးမြန်းလိုက်သည်။
ထိုစကားကိုကြားသည့်အခါ စုန်ယွမ်ဖန်တစ်ယောက် မိုးခြိမ်းသံကဲ့သို့ ကျယ်လောင်စွာဖြင့် လူအုပ်ကြီးထဲကို ဝေ့ကြည့်ပြီး အော်ဟစ်လိုက်သည်။
"ဘယ်အကောင် ပါးစပ်သရမ်းနေတာလဲ....."
ထို့နောက် သူသည် လုချင်းအာဘက်သို့လှည့်လိုက်ပြီး.....
" ချင်းအာ....သူမလုပ်နိုင်ပါဘူး.."
" အရမ်းမိုက်တာပဲ လီလော့ရေ......"
ပထမကျောင်းတော်ဘက်ကလူတွေ အံ့အားသင့်နေချိန်မှာ ကျောက်ခွော်ရဲ့ အားပေးသံအကျယ်ကြီး ပေါ်ထွက်လာပြီး သူ့နောက်ကနေ ဒုတိယကျောင်းတော်သားတွေကပါ အော်ဟစ်အားပေးလာခဲ့ကြသည်။
လျူယန်ဘက်က လီလော့ကို လျှော့တွက်သည် ဖြစ်စေ လျှော့မတွက်သည်ဖြစ်စေ ဤသည်မှာ ဒုတိယကျောင်းတော်အတွက် ပွဲဉီးထွက်မှာတင် အနိုင်ရရှိခဲ့ခြင်းဖြစ်သည်။
အော်ဟစ်အားပေးသံများကြောင့် လျူယန့်မျက်နှာ ဖြူဆုတ်နေပြီဖြစ်သည်။နာကျင်မှုကို ခဏမေ့ထားလိုက်ပြီး အရှက်ပြေ ဆင်ခြေအချို့ ပေးလိုက်သည်။
" ငါ့အမှားပါ...ငါသူ့ကို လျှော့တွက်လိုက်မိတယ်....."
သို့သော်လည်း သူ့အား မည်သူမျှ ဂရုမစိုက်ကြပေ။
"သောက်ရူးကောင်...."
ဒုတိယကျောင်းတော်ဘက်က အောင်ပွဲခံအော်ဟစ်သံများကြောင့် ပိုင်ခွန်မျက်နှာသည်ပင် အတော်အကျည်းတန်နေလေပြီ....သူသည် နာကျင်မှုကြောင့် ကြမ်းပြင်ပေါ်တွင် လဲကျနေသော လျူယန်ကို အမှိုက်တစ်စသဖွယ် သဘောထားလိုက်ပြီး သူ့ဘေးနားက တစ်ယောက်ကို ထပ်မံအမိန့်ပေးလိုက်သည်။
"လုတိုင်....ဒီတစ်ခါမင်းအလှည့်ပဲ....ဘာအရှုပ်မှ ထပ်မလုပ်မိစေနဲ့....ငါတို့ ရှုံးလို့မဖြစ်ဘူး...."
မိုက်တိမိုက်ကန်း ပုံစံနဲ့ လုတိုင်က စကားတစ်ခွန်းမှ မဆိုဘဲ လက်နက်စင်ပေါ်က ဓားတစ်ချောင်းကို ယူလိုက်ပြီး စင်ပေါ်တက်သွားခဲ့သည်။
ထိုအချိန်တွင် ပြုံးပန်းဝေဆာနေသော ရှုရှန်ယွီက လီလော့အား ဂုဏ်ယူနေသော အသံဖြင့် ချီးကျူစကားဆိုနေသည်။
"လီလော့က ပဲ့တင်ထပ်သံပညာရပ်တွေကို ပြီးပြည့်စုံတဲ့ အဆင့်ထိရောက်အောင် လေ့လာနိုင်ခဲ့တယ်....သူ့မှာ ဗလာနန်းတော်ရှိနေတာ သိပ်နှမြောဖို့ကောင်းတယ်....သူသာ စည်းတံဆိပ် ငါးခုအဆင့်လောက်ရှိမယ်ဆို စည်းတံဆိပ်ခြောက်ခုအဆင့်ကိုတောင် အဆင့်ကျော်တိုက်ခိုက်နိုင်လိမ့်မယ်....."
လင်းဖန်၏ အမူအရာသည် ယခုချိန်ထိ တည်ငြိမ်နေဆဲပင်...
"အဲ့လို ဖြစ်မလာနိုင်တာက ကံဆိုးတာပဲပေါ့...."
" ကဲ....ဒုတိယပွဲစဉ် စလိုက်ကြရအောင်..."
လျူယန်၏ ရှုံးနိမ့်မှုကြောင့် လင်းဖန် မကျေမနပ်ဖြစ်နေသည်မှာ ထင်ရှားလှပေသည်။ ထို့ကြောင့် ရှုရှန်ယွီနဲ့ စကားနိုင်လုမနေတော့ဘဲ နောက်ထပ် ပွဲစဉ် စတင်ဖို့သာ လောဆော်လိုက်တော့သည်။
အမိန့်ပေးသံ ထွက်ပေါ်လာသည့်အခါ လုတိုင်သည် ပဲ့တင်ထပ်သံစွမ်းအားများကို ဖြန့်ကျယ်လွှမ်းခြုံလိုက်လေသည်။ သူ့တစ်ကိုယ်လုံးကို အနီရောင် မီးတောက်များ လွှမ်းခြုံထားပြီး ၎င်းထံမှ ပူလောင်သော အငွေ့အသက်များ ဖြာထွက်နေသည်။
ဤသည်မှာ လုတိုင်၏ အဆင့်ငါး မီးပဲ့တင်ထပ်သံပင်ဖြစ်သည်။
လျူယန်၏ အမှားကို သင်ခန်းစာယူထားသည့် လုတိုင်သည် ပြိုင်ဘက်အား လျှော့မတွက်ရဲတော့ပေ။
ဘန်းးးးးး
လုတိုင်၏ ခန္ဓာကိုယ်ပေါ်တွင် ပဲ့တင်ထပ်သံစွမ်းအားများ မြှင့်တက်လာပြီး ဓားရှည်ကို ကိုင်ဆောင်ကာ ရှေ့သို့တဟုန်ထိုး ပြေးတက်သွားလေ၏။ ပဲ့တင်ထပ်သံစွမ်းအားများ လွှမ်းခြုံထားသည့် ဓားရှည်သည် ကြက်သွေးရောင်တောက်ပနေသည်။
ရွှီးးးး ရွှီးးးး
မရေမတွက်နိုင်သော ဓားအရိပ်များ လီလော့ထံသို့ တိုးဝင်သွားကြသည်။
" မင်းဘက်လောက်ပဲ တော်နေပါစေ ငါ့ရဲ့ စည်းတံဆိပ်ခြောက်ခုအဆင့် စွမ်းအားတွေနဲ့ မင်းကို ဖိနှိပ်ပြမယ်.....မင်း သေချာပေါက်ရှုံးနိမ့်စေရမယ်....."
လုတိုင် ကျယ်လောင်စွာ ကြွေးကြော်လိုက်သည်။
လီလော့၏ ပဲ့တင်ထပ်သံ ပညာရပ် အသုံးပြုနိုင်စွမ်းသည် အံ့မခန်းဖြစ်ပြီး ဤသည်မှာ လျှို့ဝှက်ချက်တစ်ခုမဟုတ်ခဲ့ပေ။ သို့ရာတွင် ပညာရပ်သည် မည်မျှ အစွမ်းထက်နေပါစေ ပဲ့တင်ထပ်သံစွမ်းအား မရှိပါက လေထဲတွင်ဆောက်ထားသည့် တိုက်အိမ်ပမာ ဟန်သာရှိပြီး အဆံမရှိသည့် အဖြစ်မျိုးသာပင်.....
လီလော့သည် လက်နက်ကို တင်းကြပ်စွာဆုပ်ကိုင်ထားပြီး ဓားအရိပ်များကို တတ်နိုင်သမျှ ခုခံရှောင်တိမ်းနေသည်။
" မင်း တစ်ချိန်လုံး ရှောင်နေနိုင်မယ် ထင်နေတာလား...."
လုတိုင်က အေးစက်စွာ ပြုံးလိုက်ပြီး လက်ကောက်ဝတ်ကို လှည့်လိုက်သည်။ထိုအခါ သူ့ပတ်ဝန်းကျင်တွင် ကြက်သွေးရောင် အလင်းတန်းများတောက်ပလာပြီး ပြင်းထန်စွာတောက်လောင်နေသော ၍ဓားအရိပ်ပေါင်းများစွာ ထွက်ပေါ်လာပြီး လီလော့ထံသို့ တိုးဝင်သွားကြပြန်သည်။ ဤသည်မှာ လှပသော်လည်း ပြင်းထန်ရက်စက်လှသည့် မီးမုန်တိုင်းတစ်ခုနှင့်တူနေပေသည်။
ဤသည်မှာ အလယ်အလတ်အဆင့် ပညာရပ်တစ်ခုဖြစ်သော မီးမုန်တိုင်းဓားသွား ပညာရပ်ဖြစ်ပြီး လုတိုင် အကျွမ်းကျင်ဆုံးသော ပညာရပ်ဆိုလည်း ဟုတ်ပေသည်။
လုတိုင်သည် လီလော့ထံသို့ များစွာသော မီးတောက်ဓားသွားပေါင်းများစွာ ပစ်လွှတ်နေသည့်အခါ လီလော့က သတ္ထုချောင်းကို လေရဟတ်တစ်ခုသဖွယ် မွတ်နေအောင်မွှေ့ယမ်းလိုက်ပြီး ထိုးဖောက်ရန်ခက်ခဲသော ခံစစ်တစ်ခုကို တည်ဆောက်နေသည်။
" ပဲ့တင်ထပ်သံစွမ်းအားမရှိဘဲနဲ့ ငါ့ကို တားနိုင်မယ်ထင်နေတာလား...."
လီလော့၏ လှုပ်ရှားမှုကို ကြည့်ပြီး လုတိုင်က ခနဲ့တဲ့တဲ့ ပြောဆိုနေသည်။
ဘန်းး ဘန်းးး
လေရဟတ်အတားအဆီးကြောင့် မီးတောက်ဓားသွားအချို့ ပျက်စီးသွားသော်လည်း အပူရှိန်အား လုံးလုံးလျားလျား မပယ်ဖျက်န်ိုင်သေးပေ။ ထို့ကြောင့် လီလော့ ကိုင်ထားသော သတ္ထုချောင်းသည် တဖြည်းဖြည်း ပူပြင်းလာသည်။ ထိုအချိန်တွင် သတ္ထုချောင်းအတွင်းပိုင်းကနေ အပြာရောင်အလင်းတန်းများ ဖြာထွက်လာလေသည်။
ဝုန်းးးး ဝုန်းးးး
ရေငွေ့များ လွှင့်ပျံလာပြီး လုတိုင်၏မြင်ကွင်းကို ပိတ်ဆို့သွားခဲ့သည်။
ရေငွေ့များ ရှင်းလင်းသွားချိန်တွင် သူ့နဖူးဆီသို့ လျှပ်စီးတန်းတစ်ခုသဖွယ် ရောက်ရှိလာသော အပြာနုရောင်အလင်းတန်းများ လွှမ်းခြုံထားသည့် သတ္ထုချောင်းကို တွေ့မြင်လိုက်ရလေသည်။
ရုတ်တရက် တိုက်ခိုက်ခံရမှုကြောင့် လုတိုင် သတိလက်လွတ်ဖြစ်သွားခဲ့လေသည်။
လီလော့က ငါ့ရဲ့ စွမ်းအားအကာအကွယ်ကို ထိုးဖောက်နိူင်တယ်.....
ဘယ်လိုဖြစ်နိုင်မှာလဲ.....
မယုံကြည်နိုင်ဖြစ်နေမိသော်လည်း တုံ့ဆိုင်းမနေဘဲ စွမ်းအားများကို ထပ်မံဆင့်ခေါ်ကာ သတ္ထုချောင်းကို မီးတောက်များလွှမ်းခြုံနေသည့်ဓားဖြင့် ခုခံလိုက်သည်။
ထန်..........
သတ္ထုချင်းထိခတ်သံများ ပဲ့တင်ထပ်သွားခဲ့သည်။
ထိတ်လန့်စရာအကောင်းဆုံးမှာ လုတိုင်၏ ကြက်သွေးရောင်အလင်းတန်းများသည် ဖိနှိပ်ခံထားရသည့်နှယ် တဖြည်းဖြည်း မှေးမှိန်လာသည်။
ဘန်းးးးး
လုတ်ိုင်၏ ဓားသည် ပူနေရာကနေ ရုတ်တရက် အေးစက်သွားသည့်အခါ အက်ကွဲလာပြီး အမှုန်များအဖြစ် လွင့်စင်သွားခဲ့သည်။ ထိုအချိန်တွင် အပြာနုရောင်အလင်းတန်းများ လွှမ်းခြုံထားသော သတ္ထုချောင်းသည် သူ့နဖူးနှင့် ထိမိသွားခဲ့လေပြီ.....
စူးရှသော နာကျင်မှုကြောင့် လုတိုင်၏ မျက်နှာသည် တမဟုတ်ချင်း ဖြူဆုတ်သွားလေသည်။
တိုက်ပွဲတစ်ခုလုံးသည် မျက်စိတမှိတ်စာအတွင်း ဖြစ်ပွားခဲ့ပြီး သတိပြုမိချိန်တွင် လီလော့၏ လက်နက်သည် လုတိုင်၏ နဖူးပေါ်တွင် အကျအန နေရာယူထားနှင့်နေပြီဖြစ်သည်။
လီလော့ နိုင်သွားပြန်ပြီလား......
ပထမမအချီ အနိုင်ရခြင်းသည် ကို့ယို့ကားယား နိုင်ခဲ့သော်လည်း ယခုအခေါက်တွင်မူ ရဲစွမ်းသတ္တိအပြည့်အဝထုတ်ဖော်ပြီးမှ အနိုင်ရခဲ့ခြင်းဖြစ်သည်။
ဘာတွေ ဖြစ်ကုန်တာလဲ.......
မယုံကြည်နိုင်သော အကြည့်များအောက်တွင် ရေငွေ့များပျက်ပြယ်သွားချိန်၌ လီလော့၏ ပုံသဏ္ဍာန်ကို ရှင်းလင်းစွာ မြင်လိုက်ကြရသည်။
သတ္ထုချောင်းဆီမှ ထွက်ပေါ်လာသော ရေငွေ့များကြောင့် ပရိတ်သတ်များ၏ အားပေးသံများ ပိုမိုဆူညံလာလေသည်။
တီဖာချင်းနှင့် လုချင်းအာတို့သည် လီလော့ကိုသာ စိုက်ကြည့်နေကြပြီး စုန်ယွမ်ဖန်သည် စိတ်ပျက်စွာဖြင့် အနီးအနားရှိ သစ်ကိုင်းတစ်ကိုင်းကို ရိုက်ချလိုက်သည့်အခါ သစ်ကိုင်းသည် တစ်စစီကျိုးပဲ့သွားခဲ့လေသည်။
ရှုရှန်ယွီနှင့် လင်းဖန်တို့ နှစ်ဉီစလုံးသည်လည်း အလွန်အမင်း အံ့သြနေကြသည်။
ဌာနုမှူးဝေရှသည်ပင် အဖြစ်မှန်ကို ထိုးထွင်းသိမြင်နိုင်ရန် အတော်ပင် စဉ်းစားနေရသည်။
လီလော့၏ ခန္ဓာကိုယ်ပေါ်တွင် ပင်လယ်လှိုင်းများနှင့်တူသော အပြာရောင်အလင်းတန်းများထွက်ပေါ်လာသည်ကို မြင်လိုက်ရသည်။
တစ်ချက်ကြည့်ရုံမျှဖြင့် ဤသည်မှာ ပဲ့တင်ထပ်သံစွမ်းအားမှန်း သိနိုင်ပေသည်။
လီလော့တွင် ဗလာနန်းတော်ရှိနေသည့်အတွက် စွမ်းအားကျင့်ကြံရန် အလွန်ခက်ခဲကြောင်း လူတိုင်းသိထားကြသည်။
ဒါပေမယ့် အခုမြင်လိုက်ရတာက ရေပဲ့တင်ထပ်သံစွမ်းအားမှန်း သိသာလွန်းနေတယ်....ဒါဘယ်ကနေ ထွက်လာတာလဲ....
ဒါဆို လီလော့မှာ ဗလာနန်းတော်ရှိနေတာမဟုတ်တော့ဘဲ အဲ့အစား ရေပဲ့တင်ထပ်သံရှိနေတယ်ဆိုတဲ့ အဓိပ္ပါယ်လား......