ပဲ့တင်ထပ်သံလက်မှုပညာရှင်......
Vol. 2 Ch. 25
လီလော့ စာအုပ်အားလုံး ဖတ်ပြီးချိန်တွင် အချိန်ငါးနာရီကျော် ကုန်ဆုံးခဲ့လေပြီ .....လီလော့သည် နာကျင်နေသော ဂုတ်ပိုးကို ခပ်ဖွဖွ နှိပ်နယ်နေလိုက်သည်။
သူ့ဘေးနားတွင် တစ်ချိန်လုံး စကားထိုင်များနေကြသော ချိုင်ဝေနှင့် ယန်လင်းချီတို့က လီလော့ကို လှည့်ကြည့်လာကြပြီး .......
"မဆိုးပါဘူး...နင်က စိတ်ရှည်သားပဲ....."
မထူးခြားသောလေသံဖြင့် ပြောနေသော်ငြားလည်း ယန်လင်းချီသည် လီလော့ကို အတော်အသင့် စိတ်တိုင်းကျနေပြီဖြစ်သည်။
စိတ်ရှည်သည်းခံနိူင်ခြင်းသည် ပဲ့တင်ထပ်သံပြုပြင်သူများအတွက် အလွန်အရေးပါလှပေသည်။သန့်စင်ခြင်း လုပ်ငန်းစဉ်သည် ပါဝင်ပစ္စည်းအမျိုးပေါင်းများစွာကို ရောနှောဖော်စပ်ပြီး ထပ်တလဲလဲ သန့်စင်ရသော လုပ်ငန်းစဉ်ဖြစ်သည်။ ထို့ကြောင့် စိတ်ရှည်သည်းခံတတ်ရန် အချိန်ယူလေ့ကျင့်ရပေမည်။
ယန်လင်းချီ မတ်တပ်ရပ်လိုက်ပြီး လီလော့အား အလုပ်စားပွဲဆီလာခဲ့ရန် အချက်ပြလိုက်သည်။
အလုပ်စားပွဲပေါ်တွင် ထူးဆန်းသော ပစ္စည်းများထည့်ထားသည့် ပုလင်းပေါင်းများစွာရှိနေ၏။
" ဝိဉာဉ်ရည်နဲ့ သန့်စင်တဲ့အလင်းတွေ သန့်စင်တယ်ဆိုတာ ဖော်စပ်ပုံနည်းအတိုင်း ပါဝင်ပစ္စည်းပေါင်းများစွာကို သေချာရောစပ်ရတဲ့ လုပ်ငန်းစဉ်ပဲ...."
ယန်လင်းချီသည် အပြာရောင်ပန်းပွင့်များထည့်ထားသော သလင်းကျောက်ပုလင်းကို ကောက်ယူလိုက်သည်။ပွင့်ချပ်များသည့် အဆက်မပြတ် တုန်ခါနေပြီး ၎င်းတို့အပေါ်တွင် စွမ်းအင်တစ်မျိုးပျံ့နှံ့နေသည်။
" ဒါတွေက အရွက်သုံးရွက်ပါတဲ့ ရေမှော်ပန်းပွင့်တွေ....."
ပြောနေရင်းကနေ သူမ၏ သေးသွယ်သော ကျောက်စိမ်းလက်ချောင်းလေးများသည် ပုလင်းကို လှုပ်ခါလိုက်သဖြင့် ပန်းပွင့်များသည် ချက်ချင်း အမှုန့်ဖြစ်သွားခဲ့လေသည်။ထိုအချိန်တွင် လီလော့သည် ယန်လင်းချီ ထုတ်လွှတ်သော ရေပဲ့တင်ထပ်သံ စွမ်းအားကို မြင်နိုင်ခဲ့သည်။ထို့နောက် သူမသည် သလင်းကျောက်ပုလင်းတစ်လုံးထဲသို့ ရေမှော်ပန်းပွင့်အမှုန့် လောင်းထည့်လိုက်သည်။
"သန့်စင်မှု လုပ်နေတဲ့ အချိန်မှာ ပါဝင်ပစ္စည်းတွေ သေချာရောစပ်ဖို့ ရေပဲ့တင်ထပ်သံ ဒါမှမဟုတ် အလင်းပဲ့တင်ထပ်သံ စွမ်းအားတွေ သုံးဖို့ လိုအပ်တယ်....ဒီစွမ်းအားတွေက ပါဝင်ပစ္စည်းတွေကို အာနိသင်တိုးပွားစေတယ်....စွမ်းအားများသွားရင် လုပ်ငန်းစဉ်ပျက်စီးမယ်...စွမ်းအားနည်းသွားရင် ပါဝင်အးပစ္စည်းတွေထဲ အညစ်အကြေးတွေကို လုံလောက်အောင် ဖယ်ထုတ်နိုင်မှာ မဟုတ်တော့ဘူး...."
သူမသည် ပုလင်းထဲသို့ ရေပဲ့တင်ထပ်သံစွမ်းအားများ ဖြည့်သွင်းလိုက်သောအခါ စွမ်းအားများသည် ရေမှော်ပန်းပွင့်အမှုန့်များနှင့်ရောစပ်သွားပြီး အပြာရင့်ရောင်အရည်များ ဖြစ်ပေါ်လာခဲ့သည်။
ယန်လင်းချီသည် နောက်ထပ်ပါဝင်ပစ္စည်းဆယ်မျိုးကို တလစပ်ပေါင်းထည့်လိုက်သည်။ သူမ၏ ကျွမ်းကျင်လှသော
လှုပ်ရှားမှုများသည် လေ့ကျင့်သားဝနေသူတစ်ယောက်မှန်း သတိသာလွန်းလှပေသည်။
နာရီဝက်ခန့် အကြာမှာ ပါဝင်ပစ္စည်းတွေအကုန်လုံးကို ရောစပ်နိုင်ခဲ့ပြီဖြစ်သည်။ သို့သော်လည်းပါဝင်ပစ္စည်း နှစ်အမျိုးသည် ထည့်လိုက်သည့်နှင့် ချက်ချင်းဆူပွက်လာပြီး ပေါက်ကွဲတော့မလို ဖြစ်လာခဲ့သည်။ သန့်စင်ခြင်းလုပ်ငန်းစဉ်သည် ထင်သလောက်ရိုးရှင်းမနေပေ။
"နောက်တစ်ဆင့်က နောက်ဆုံးအဆင့်ဖြစ်လို အရမ်းလဲ အရေးကြီးတယ်...အချင်းချင်းတွန်းကန်နေတဲ့အရာတွေ ပေါင်းစပ်သွားဖို့ဆို တိကျသေချာတဲ့ စွမ်းအားတွေ ပေါင်းထည့်ပေးဖို့လိုတယ်.....ပေါင်းထည့်ပေးလိုက်တဲ့စွမ်းအားတွေက ဝိဉာဉ်ရည်နဲ့သန့်စင်တဲ့အလင်းတွေ ဖြစ်တည်လာဖို့ အရေးကြီးဆုံး အခန်းကဏ္ဍကနေပါဝင်နေတယ်....ဒီလိုစွမ်းအားမျိုးကို ရေပဲ့တင်ထပ်သံအရင်းမြစ် ဒါမှမဟုတ် အလင်းပဲ့တင်ထပ်သံအရင်းမြစ်လို့ ခေါ်ကြတယ်....အရှင်းဆုံးပြောရရင်..ရေဒါမှမဟုတ် အလင်းပဲ့တင်ထပ်သံစွမ်းအားကို အသိပ်သည်းဆုံးဖြစ်အောင် လုပ်လိုက်တာကို ပြောချင်တာ....."
ယန်လင်းချီက ပုလင်းတစ်လုံးမှာ ထည့်ထားတဲ့ စတုဂံပုံသဏ္ဍာန် ပုံဆောင်ခဲတစ်ခုကို ထုတ်ပြနေ၏။
ထိုပုံဆောင်ခဲကို တင်းကြပ်စွာဆုပ်ကိုင်လိုက်သည့်အခါ ယန်လင်းချီ ထုတ်ဖော်ထားသော ရေပဲ့တင်ထပ်သံစွမ်းအားများသည် ပုံဆောင်ခဲထဲသို့ တဖြည်းဖြည်းချင်းစိမ့်ဝင်သွားကြကုန်သည်။
ပုံဆောင်ခဲသည် တဆတ်ဆတ်တုန်ခါနေပြီး တခဏကြာသောအခါ ထိုပုံဆောင်ခဲထဲမှ နက်ပြာရောင်အရည်တစ်စက်ကျဆင်းလာပြီး အောက်တွင်ခံထားသော ပုလင်းထဲသို့ ကျဆင်းသွားသည်။
" ဒါကို စွမ်းအားသိပ်သည်းခြင်း ပုံဆောင်ခဲလို့ခေါ်တယ်...ဒီပုံဆောင်ခဲက စွမ်းအားတွေကို အရင်းမြစ်ဖြစ်လာအောင် သိပ်သည်းပေးနိုင်တယ်...."
ယန်လင်းချီက ရှင်းပြနေရင်းနဲ့ ရေပဲ့တင်ထပ်သံအရင်းမြစ် အရည်တစ်စက်ကို ပွက်ပွက်ဆူနေသော ပါဝင်စ္စည်းများရှိနေသည့် ပုလင်းထဲသို့ လောင်းထည့်လိုက်သည်။
ထိုအချိန်တွင် အံသြစရာကောင်းသော အဖြစ်အပျက်များ ဖြစ်ပေါ်လာလေ၏။ အချင်းချင်းတွန်းကန်ပြီး ပေါက်ကွဲလုမတတ်ဖြစ်နေသော ပါဝင်ပစ္စည်းများသည် တဖြည်းဖြည်း လိုက်လျောညီထွေဖြစ်လာကြပြီး နောက်ဆုံးတွင် အပြာရောင်အလင်းတန်းများထွက်ပေါ်လာခဲ့လေသည်။
ဝိဉာဉ်ရည် တစ်စက်ကို သန့်စင်နိုင်ခဲ့လေပြီ .....
အပြာရောင် အလင်းတန်းများ ဖြာထွက်နေသော အရည်ကို လီလော့ တမေ့တမော ငေးကြည့်နေခဲ့မိသည်။
" ဒါက အဆင့်တစ် ဝိဉာဉ်ရည်ဖြစ်တဲ့အတွက် သန့်စင်ရတာ သိပ်လွယ်တယ်...."
ယန်လင်းချီသည် အဆင့်လေး ပဲ့တင်ထပ်သံပြုပြင်သူ ဖြစ်သည့်အတွက် အဆင့်တစ်ဟူသည် သူမအဖို့ ထမင်းစားရေသောက်သလောက်ပင် လွယ်ကူနေသည်။
သို့သော် ဤကဲ့သို့ လွယ်ကူစွာ သန့်စင်နိုင်ရန် မရမတွက်နိုင်သော ကျရှုံးမှုများကို ဖြတ်ကျော်ခဲ့ရမှန်း လီလော့ နားလည်လိုက်သည်။ပဲ့တင်ထပ်သံပြုပြင်သူတစ်ယောက် သိသင့်သိထိုက်သော အခြေခံအချက်များကို သိရှိထားသောကြောင့်သာ ဤသို့ နားလည်နိုင်ခဲ့ခြင်းဖြစ်သည်။
" ရေဒါမှမဟုတ် အလင်းပဲ့တင်ထပ်သံ စွမ်းအားတွေက ဝိဉာဉ်ရည်နဲ့ သန့်စင်တဲ့အလင်းတွေရဲ့ သန့်စင်မှုကို ဆုံးဖြတ်ပေးနိုင်တယ်ဆို သူတို့ရဲ့ အဆင့်ကို ဘာက ဆုံးဖြတ်ပေးတာလဲ...."
" လွယ်လွယ်လေးပါ....ပြုလုပ်သူရဲ့ ပဲ့တင်ထပ်သံအဆင့်ပေါ့....ပြုလုပ်သူရဲ့ ပဲ့တင်ထပ်သံ အဆင့်ပိုမြင့်လေ အရည်အသွေးပိုကောင်းလေပဲ.... ဉပမာပေးရမယ်ဆို ချင်းအာသာ ပဲ့တင်ထပ်သံပြုပြင်သူဖြစ်လာမယ်ဆို သူ သန့်စင်လိုက်တဲ့ ဝိဉာဉ်ရည်နဲ့ သန့်စင်တဲ့အလင်းတွေက လုံးဝကို သာလွန်တဲ့အဆင့်မှာရှိနေလိမ့်မယ်....သူ ဒါတွေကို စိတ်မဝင်စားတာ သိပ်နှမြောဖို့ကောင်းတာပဲ.....ပဲ့တင်ထပ်သံပြုပြင်သူခန်းမက သူ့ကို တစ်နှစ်လုံး ဆင့်ခေါ်ခဲ့တာတောင် လုံးဝလက်မခံခဲ့ဘူးလေ...."
လီလော့ ခေါင်းညိတ်လိုက်မိသည်။ ကျန်းချင်းအာ၏ အလင်းပဲ့တင်ထပ်သံသည် အဆင့်ကိုးဖြစ်သောကြောင့် ကောင်းကင်မှပေးသော လက်ဆောင်အဖြစ် သတ်မှတ်နိုင်၏။ပဲ့တင်ထပ်သံပြုပြင်သူတစ်ယောက်ဖြစ်လာရန် စိတ်မဝင်စားခြင်းသည် လွန်စာ နမြောဖို့ ကောင်းလှပေသည်။
" အကယ်၍ ချင်းအာသာ ကျွန်တော့်အတွက် အလင်းပဲ့တင်ထပ်သံအရင်းမြစ်တွေ သိပ်သည်းပေးမယ်ဆို ရှီးယန်ကနေ သန့်စင်လိုက်တဲ့ ဝိဉာဉ်ရည်နဲ့ သန့်စင်တဲ့အလင်းတွေ အရည်အသွေးပိုကောင်းလာနိုင်လောက်မလား....."
လီလော့ အမေးကို ယန်လင်းချီက ခေါင်းခါပြလိုက်ပြီး......
"အဆင့်တူတဲ့ ပဲ့တင်ထပ်သံမျိုး မှာတောင် မမြင်နိုင်တဲ့ ကွာခြားချက်တွေရှိကြတယ်....ဒါ့ကြောင့် တခြားသူ သိပ်သည်းပေးထားတဲ့ အရင်းမြစ်ကို သုံးလို့မရဘူး....ဉပမာပြောရရင် ငါ နေ့တစ်ဝက်လောက်အချိန်ကုန်ခံပြီး ရောနှောထားတဲ့ ပါဝင်ပစ္စည်းတွေထဲမှာ ငါ့ရဲ့ စွမ်းအားတွေပါသွားပါပြီ....နောက်ဆုံးအဆင့်ရောက်မှ တခြားသူ သိပ်သည်းထားတဲ့ အရင်းမြစ်ကို ပေါင်းထည့်လိုက်မယ်ဆို လုပ်ငန်းစဉ်တစ်ခုလုံး ပျက်စီးသွားလိမ့်မယ်....ဒါပေမယ့် ဒီလိုလုပ်လို့ရတဲ့ အထူးလျှို့ဝှက်ချက်တွေတော့ ရှိသေးတယ်.....ဒီနည်းလမ်းကို ရေအရင်းမြစ် သို့မဟုတ် အလင်းအရင်းမြစ် လျှို့ဝှက်ပညာရပ်လို့ခေါ်ကြတယ်...ရှီးယန်စံအိမ်မှာ ဒါမျိုး မပိုင်ဆိုင်ထားနိုင်ဘူး....."
ယန်လင်းချီရှင်းပြနေသည်ကို နားထောင်နေရင်း လီလော့ စိတ်အလိုမကျဖြစ်လာလေသည်။ ဗလာနန်းတော်ပိုင်ဆိုင်ထားတဲ့ဘဝကနေ ပဲ့တင်ထပ်သံရှိလာခဲ့ပြီဖြစ်သည်။ သို့သော် ဗလာနန်းတော်ထဲသို့ အဆုံးမရှိသော ဝိဉာည်ရည်နှင့် သန့်စင်သောအလင်းများ ထည့်ပေးရန်လိုအပ်နေသေးသည်။လက်ရှိပိုင်ဆိုင်ထားသော ရေပဲ့တင်သံတွင် ဗလာဟူသော ဝိသေသအချို့ကျန်ရှိနေသေးသည့်အတွက် ပဲ့တင်ထပ်သံပြုပြင်သူတစ်ယောက် ဖြစ်ရောဖြစ်လာနိုင်ပါ့မလား.....
လီလော့၏ ရေပဲ့တင်ထပ်သံသည် အဆင့်ငါးဖြစ်သည့်အပြင် ၎င်းတွင် အကူအဖြစ် အလင်းပဲ့တင်ထပ်သံပါရှိနေသေးသည့်အတွက် လီလော့ သန့်စင်လိုက်သော ဝိဉာဉ်ရည်နှင့်သန့်စင်သောအလင်းများသည် ရိုးရှင်းနေလိမ့်မည်မဟုတ်ပေ။
အကယ်၍သူသာ ရေအလင်းပဲ့တင်ထပ်သံသုံးပြီး ဝိဉာဉ်ရည်နှင့်သန့်စင်သောအလင်းများ သန့်စင်မည်ဆိုပါက အရည်အသွေးသည် အဆင့်ခုနှစ် ပဲ့တင်ထပ်သံပိုင်ဆိုင်ထားသူ သန့်စင်ထားသော အရာများထက် ညံ့ဖျင်းမည်မဟုတ်ကြောင်း ယုံကြည်ချက်ရှိနေပေသည်။
သို့သော် ပဲ့တင်ထပ်သံပြုပြင်သူလောကတွင် အဆင့်ခုနှစ်ပဲ့တင်ထပ်သံ ပိုင်ဆိုင်သူ ရှားပါးလှပေသည်။
လီလော့ အလျင်မလိုခဲ့ပေ....ပဲ့တင်ထပ်သံပြုပြင်သူတစ်ယောက်အဖြစ် ခြေလှမ်းစပြီးမှ ထိုသို့ဖြစ်လာရန် တဖြည်းဖြည်းကြိုးစားရပေမည်။
လီလော့ အတွေးများနေစဉ်မှာ ယန်လင်းချီက မျက်မှန်ကို သုတ်လိုက်ပြီး.....
"နင် ပဲ့တင်ထပ်သံပြုပြင်သူ ဖြစ်ချင်တယ်ဆို အချိန်ရရင် ဒီကိုနေ့တိုင်း လာခဲ့လိုက်.....ငါနင့်ကို အဆင့်တစ် သန့်စင်နည်းတွေ သင်ပေးမယ်...နင်သာ အဆင့်တစ် ဝိဉာဉ်ရည်နဲ့ သန့်စင်တဲ့အလင်းတွေ သန့်စင်နိုင်ပြီဆို တရားဝင် အဆင့်တစ် ပဲ့တင်ထပ်သံပြုပြင်သူ အဖြစ် သတ်မှတ်ပေးမယ်....."
" ဒီီလိုဆို ကျွန်တော် စီနီယအစ်မကို တကယ်လှိုက်လှိုက်လှဲလှဲကျေးဇူးတင်နေမှာပါ....."
ယန်လင်းချီက အေးတိအေးစက် အမူအရာနဲ့ လက်ခါပြလိုက်ပြီး အပေါ်ဝတ်ဝတ်ရုံကို ကောက်ဝတ်ကာ ချိုင်ဝေနဲ့အတူ အလုပ်ခန်းထဲက ထွက်သွားလေတာ့သည်။
................ ................. .......................
နောက်ပိုင်းတွင် လီလော့၏ တစ်နေ့တာ
အချိန်ဇယားများသည် ပို၍ တင်းကြပ်လာခဲ့တော့သည်။
နံနက်ပိုင်းတွင် နန်းဖန်မှာ ကျောင်းသွားတက်ရပြီး နေ့လည်ပိုင်းတွင် စံအိမ်ဟောင်းအတွင်းရှိ ကောင်းကင်ရွှေအခန်းတွင် စွမ်းအားကျင့်ကြံရသည်။ ညနေပိုင်းတွင် ရှီးယန်စံအိမ်သို့သွားပြီး ယန်လင်းချီထံမှ ပဲ့တင်ထပ်သံပြုပြင်ခြင်းပညာရပ်များ သင်ယူနေခဲ့ရသည်။
ထိုအတောအတွင်းမှာ ချိုင်ဝေက အဆင့်ငါး ဝိဉာဉ်ရည်နဲ့ သန့်စင်တဲ့အလင်းတွေ ရှာဝယ်ထားပေးခဲ့ပြီး လီလော့လက်ထဲရောက်လာချိန်တွင် အချိန်ဖဲ့ကာ ပဲ့တင်ထပ်သံကိုလည်း အဆင့်မြှင့်ရသေးသည်။
အချိန်တွေကုန်လွန်လာသည်နှင့်အမျှ လီလော့ ကိုယ့်ကိုကိုယ် သန်မာလာသည်ဟု ခံစားနေခဲ့ရပေသည်။
လီလော့သည် အစမ်းစာမေးပွဲမဖြေခင် တစ်ရက်အလိုမှာ စည်းတံဆိပ်ခြောက်ခုအဆင့်သို့ ရောက်ရှိခဲ့ပြီဖြစ်သည်။