← Chapters

ရွှမ်ယောက်အသွင်သဏ္ဍာန်ဆိုတာ ဒါပဲ

Vol. 14 Ch. 211

ရွှမ်ယောက်အသွင်သဏ္ဍာန်ဆိုတာ ဒါပဲ

Vol. 14 Ch. 211

သယ်ယူပို့ဆောင်ရေးဌာနသို့ သွားသည့်လမ်းတွင် ရွှီချင်းသည် ယခင်က သူ့ကို လုပ်ကြံစွပ်စွဲခဲ့သည့် ဆဋ္ဌမမြောက်တောင်ထိပ်မှ ဆိုင်ကို ဖြတ်ကျော်သွားပြီး ဝင်ပေါက်ရှေ့တွင် ရပ်လိုက်သည်။

သူ ရပ်လိုက်သည့်အခိုက် ဆိုင်ထဲရှိ ဆိုင်ရှင်နှင့် အလုပ်သမားလေးမှာ သိသိသာသာ မျက်နှာပျက်သွားသည်။ သူတို့ အလျင်အမြန် ပြေးထွက်လာပြီး တုန်တုန်ရီရီဖြင့် ဒူးထောက်လိုက်ကြသည်။

“ ဆရာကြီးကို နှုတ်ဆက်ပါတယ် ”

ရွှီချင်းက သူ့ရှေ့မှ ဆိုင်ရှင်ကို အေးတိအေးစက် ကြည့်လိုက်သည်။

ဆိုင်ရှင်၏ နဖူးမှ ချွေးစေးများ မြေပြင်ပေါ်သု့ိ စီးကျနေသည်။ သူ့နောက်ကျောတစ်ခုလုံး ချွေးများဖြင့် စိုရွှဲနေပြီး သူ ကြောက်လန့်တုန်ရီနေ၏။

သေရေးရှင်ရေးအန္တရာယ်နှင့် ကြုံတွေ့နေရသည့်အလား သူ ခံစားနေရသည်။

ရွှီချင်းက အခြေတည်အဆင့်သို့ အမှန်တကယ် ရောက်သွားလိမ့်မည်ဟု သူ တစ်ခါမှ အိပ်မက်မမက်ခဲ့ဖူးချေ။ ယခင်က သတ္တမမြောက်တောင်ထိပ်၏ ဒုတိယမင်းသမီးကိုသာ သူ ကြောက်ရွံ့ခဲ့ပြီး ရွှီချင်းကို များစွာ ဂရုမစိုက်ခဲ့ပေ။

ဆိုင်ရှင်တစ်ယောက်ဖြစ်ပြီး သတ္တမမြောက်တောင်ထိပ်မှ ဂိုဏ်းထောက်ရှန်းယွင်၏ နောက်လိုက်ဖြစ်နေပေရာ သာမန်ဂိုဏ်းသားများက သူ့ကို မထိရဲသည် မဟုတ်ပါလား။ သို့သော်လည်း တစ်ဖက်လူက အခြေတည်အဆင့်ကျင့်ကြံသူတစ်ယောက် ဖြစ်နေခဲ့ပါက သူ၏သခင်က သူ့အတွက်ဖြင့် အခြေတည်အဆင့်ကျင့်ကြံသူတစ်ယောက်နှင့် ရန်သူများ ဖြစ်ချင်စိတ်ရှိမည်ဟု သူ မထင်ပေ။

ကြောက်လန့်တုန်ရီခြင်းများနှင့် မသေချာမရေရာခြင်းများကြောင့် သူ တုန်ရီနေစဉ် ရွှီချင်းက အကြည့်လွှဲကာ ထွက်သွားသည်။

သူ ထွက်သွားပြီးနောက် ဆိုင်ရှင်မှာ နေရာတွင် မလှုပ်မယှက်ထိုင်နေသည်။ ရှင်သန်ခြင်းနှင့် သေခြင်းတရားကြား အပြန်ပြန်အလှန်လှန် သူ ခရီးဆက်ခဲ့ရသည့်အလား ခံစားနေရ၏။

ရွှီချင်းက သူ့ကို မသတ်ခဲ့သည်မှာ ဈေးကြီးသောကြောင့် ဖြစ်သည်။

ယင်းအပြင် အဓိကပစ်မှတ်ကို သူ သတိသွားမပေးချင်ပေ။ ကျင်းကန်းဂိုဏ်းစောင့်ဘိုးဘိုးထံမှတစ်ဆင့် ရှန်းယွင်ဆိုသောအမည်ကို သူ သိခဲ့ရပြီး သူ၏ဝါးပေလွှာထဲတွင် ထွင်းထု၍ မှတ်သားထားခဲ့သည်မှာ အချိန်အတော်ကြာပြီဖြစ်သည်။

သို့သော်လည်း ယခုတိုင်အောင် သူ အခွင့်အရေး ရှာမတွေ့သေးပေ။

ထိုကိစ္စကု သူ ဘေးထားလိုက်ပြီး တောင်ခြေ၌ အခြေတည်အဆင့်ကျင့်ကြံသူများစွာအား သူ မတွေ့ရသည့်အကြောင်းအရင်းကို နောက်ဆုံးတွင် နားလည်သွားသည်။ ယင်းမှာ အခြေတည်အဆင့် ကျင့်ကြံသူများ ပေါ်ထွက်လာခြင်းသည် လှိုင်းများစွာ ဖြစ်စေသည့်အတွက်ကြောင့် ဖြစ်သည်။

သူတို့ သွားသည့်နေရာတိုင်း မရေမတွက်နိုင်သော အကြည့်များစွာ စုပြုံနေမည်ဖြစ်သည်။

ပုံရိပ်မြင့်မားသော လူတစ်ယောက်မဟုတ်ပါက ထိုအခြေအနေသည် အလွန် နေရထိုင်ရခက်စေမည်ဖြစ်သည်။ အထူးသဖြင့် ရွှီချင်းကဲ့သို့ အမှောင်ထဲတွင် သွားလာရသည်ကို သဘောကျသော လူများပင်။ လူများစွာ စိုက်ကြည့်ခံနေရသည့်အခြေအနေကို သူ အသားမကျချင်ပေ။

အမှန်စင်စစ် သတ္တမမြောက်တောင်ထိပ်မှ အခြေတည်အဆင့်ကျင့်ကြံသူများအားလုံးက တောင်ခြေမှ ဆူးညှောက်များကို ရှင်းလင်းကာ တက်လာကြသည့် ရက်စက်ကြမ်းကြုတ်သောလူများ ဖြစ်ကြသည်။ ထိုကဲ့သို့ အာရုံစိုက်ခံရခြင်းကို သူတို့ သဘောမကျသည်မှာ သဘာဝကျပေသည်။

“ တခြားလူတွေ ဘယ်လိုလုပ်လဲ ”

ရွှီချင်း ငြိမ်သက်သွားပြီး စဉ်းစားကြည့်လိုက်သည်။

သူက တွေးတောနေရင်း သယ်ယူပို့ဆောင်ရေးဌာနသို့ အရှိန်တင်ကာ ခရီးဆက်လိုက်သည်။ မကြာသေးခင်က ကျန်းစန်းထံမှ အသံလွှင့်အကြောင်းကြားစာကို သူ ရရှိခဲ့ပြီး ကျန်းစန်း ပြန်ရောက်နေပြီဖြစ်ကာ သယ်ယူပို့ဆောင်ရေးဌာနတွင် ရှိနေသည်ကို သူ သိသည်။

ထို့ကြောင့် သယ်ယူပို့ဆောင်ရေးဌာနသို့ သူ ရောက်သောအခါ မီးခိုးရောင်တာအိုဝတ်ရုံကို ဝတ်ဆင်ထားသော ကျန်းစန်းနှင့် ခန္ဓာကိုယ်အောက်ပိုင်း ကြီးထွားလာပြီဖြစ်သည့် မီးခိုးရောင်တာအိုဝတ်ရုံကို ဝတ်ဆင်ထားသော ခေါင်းဆောင်တို့ကို သူ အဝေးမှပင် လှမ်း၍ မြင်လိုက်ရသည်။

သယ်ယူပို့ဆောင်ရေးဌာနမှ အလုပ်ကြမ်းသမားများသည် သူတို့နှစ်ယောက်ထံမှ မည်သည့်ထူးခြားချက်ကိုမှ အာရုံမခံမိပါသော်လည်း အခြေတည်အဆင့်သို့ ရောက်နေပြီဖြစ်သော ရွှီချင်းသည် ယခင်ကထက် အဆပေါင်းများစွာ အာရုံခံနိုင်စွမ်း ကောင်းလာသည်။ သူ တစ်ချက်ကြည့်ရုံဖြင့် သူတို့နှစ်ယောက်လုံး အခြေတည်အဆင့်သို့ ရောက်နေပြီဖြစ်ပြီး သူတို့အရှိန်အဝါများကို ထိန်းချုပ်ထားခြင်းဖြစ်ကြောင်း ပြောနိုင်သည်။

သူတို့နှစ်ယောက်သည် သဲအိတ်များပေါ်တွင် ဆောင့်ကြောင့်ထိုင်နေကြသည်။ တစ်ယောက်က ဆေးတံကို သောက်နေပြီး တစ်ယောက်က ပန်းသီးစားနေသည်။ နေရောင်ခြည်က သူတို့အပေါ် ဖြာကျသွားသောအခါတွင် ခံ့ညားထည်ဝါသော အရောင်အဝါများနှင့် သူတို့၏ မီးခိုးရောင်တာအိုဝတ်ရုံများ ဝင်းလက်သွားသည်။

ရွှီချင်း ရောက်ရှိလာခြင်းသည် သူတို့အာရုံကို ဆွဲဆောင်သွားသည်။ ရွှီချင်း၏ ခရမ်းရောင်တာအိုဝတ်ရုံကို သူတို့ သတိထားမိလိုက်ပြီး ခေါင်းဆောင်၏ မျက်နှာတွင် သူ့ကိုယ်သူ ဘဝင်ခိုက်နေသည့်အမူအရာ ပေါ်လာပြီး ကျန်းစန်းမှာမူ သက်ပြင်းချလိုက်သည်။

“ မင်း ရှုံးပြီ ”

ခေါင်းဆောင်က ကျန်းစန်းကို ပျော်ရွှင်စွာ ပြောလိုက်သည်။

ကျန်းစန်းက ဝိညာဉ်ကျောက်တုံးတစ်တုံး ထုတ်၍ ခေါင်းဆောင်ကို ပေးလိုက်သည်။

ထိုမြင်ကွင်းကို ရွှီချင်း မြင်သောအခါ အခြေတည်အဆင့်ကျင့်ကြံသူများ တောင်အောက်သို့ ဆင်းခြင်းနှင့် ပတ်သက်၍ သူ့ယူဆချက် သေချာသွားသည်။

“ ရွှီချင်း၊ ခရမ်းရောင်တာအိုဝတ်ရုံကို ဘာလို့ဝတ်လာတာတုံး။ ငါတို့ ချီရွှဲ့ထုံဂိုဏ်းက အခြေတည်အဆင့် ကျင့်ကြံသူတွေက ကိစ္စကြီးတစ်ခုခုမရှိဘဲ ခရမ်းရောင်တာအိုဝတ်ရုံကို မဝတ်တတ်ဘူး။ အဲဒါက သိပ်ထင်ပေါ်လွန်းတာ ”

ကျန်းစန်းက ရိုးရိုးသားသားပြုံး၍ ရင်းနှီးဖော်ရွေသောမျက်နှာဖြင့် ပြောလိုက်သည်။ ယခု သူသည် အခြေတည်အဆင့်သို့ ရောက်နေပြီဖြစ်ပါသော်လည်း ပြိုင်ပွဲအတွင်းက ရွှီချင်း၏ ရက်စက်ကြမ်းကြုတ်သော အပြုအမူများကို မမေ့နိုင်သေးပေ။ ထို့ကြောင့် သူက စိတ်အားထက်သန်စွာဖြင့် သူနှင့် ခေါင်းဆောင်တို့ ခရမ်းရောင်ဝတ်ရုံများ မဝတ်ကြသည့်အကြောင်းအရင်းကို ပြောပြလိုက်သည်။

“ မင်း ပြန်ရောက်ရင် မြန်မြန်လဲလိုက်။ ပြီးတော့ တောင်ပေါ်မှာပဲ တချိန်လုံး မနေနဲ့။ တောင်ပေါ်က သိပ်ငြီးငွေ့ဖို့ကောင်းတာ။ တောင်ပေါ်မှာ အခြေတည်အဆင့်ကျင့်ကြံသူတွေ အများကြီး ရှိမနေတာ မင်း သတိထားမိတယ်မလား။ ငါ မင်းကို ပြောပြမယ် … ငါတို့ထဲက တော်တော်များများက အရှိန်အဝါကို ဖုံးကွယ်ပြီး မီးခိုးရောင်တာအိုဝတ်ရုံကို ဝတ်ပြီး တောင်ခြေမှာ နေတာကွ။ ပင်မမြို့ကြီးက စည်ကားတယ်လေ။ ဒီမှာက ဘာမဆို လွယ်လွယ်ရတယ် ”

ရွှီချင်း အလေးအနက် ခေါင်းညိတ်ပြလိုက်သည်။

ခေါင်းဆောင်က ရွှီချင်းကို သိနေသည့်အပြုံးဖြင့် လှမ်းကြည့်လိုက်သည်။

“ ရွှီချင်း၊ အရင်က မီးခိုးရောင်တာအိုဝတ်ရုံဝတ် အခြေတည်အဆင့်ကျင့်ကြံသူတစ်ယောက်ယောက်နဲ့ မင်း ကြုံဖူးလောက်တယ်။ မင်း မသိတာပဲ ရှိမှာ။ ငါတို့သတ္တမမြောက်တောင်ထိပ်က လူတော်တော်များများက ဂိုဏ်းထောက်လီလို နေ့တိုင်း ခရမ်းရောင်တာအိုဝတ်ရုံ တကားကားနဲ့ ပျံသန်းနေကြတာ မဟုတ်ဘူး။ ဂိုဏ်းထောက်လီတောင် အကြီးအကဲကျောက်နောက်ကို လိုက်ရမှပဲ ဝတ်တာ။ ကျန်းယွင်ရှစ်ကတော့ အလုပ်လိုအပ်ချက်အရပေါ။ သူက လူသစ်လေးတွေ လက်ခံရတာကို သဘောကျတယ် ကြားတာပဲ ”

“ ပြီးတော့ …”

ထိုနေရာအရောက်တွင် ခေါင်းဆောင်က ပန်းသီးအကြီးကြီးကိုက်လိုက်ပြီး ချောင်းတဟွတ်ဟွတ် ဆိုးလိုက်သည်။

“ လက်ထောက်ဌာနမှူးရွှီ၊ ငါ့ကို ဘယ်တော့မှ ဝိညာဉ်ကျောက်တုံးတစ်သောင်းအကြွေး ပေးမှာတုံး ”

ထိုစကားကို ရွှီချင်း ကြားသောအခါ ခေါင်းဆောင်ကို လှမ်းကြည့်လိုက်သည်။ လက်ရှိ အခြေတည်အဆင့်ကျင့်ကြံခြင်းဖြင့်ပင် ခေါင်းဆောင်၏ ကျင့်ကြံခြင်းအဆင့်ကို သူ မမြင်နိုင်သေးပေ။

“ ဌာနမှူးလား ”

ရွှီချင်းက မေးလိုက်သည်။

“ ဒါပေါ့။ ငါ ပြန်ရောက်တော့ လူဆိုးထိန်းဌာနရဲ့ ဌာနမှူးဆိုပြီး ခန့်အပ်ခံလိုက်ရတာပဲ။ လက်ထောက်ဌာနမှူးရွှီ၊ ဝိညာဉ်ကျောက်တုံးတွေ မြန်မြန်လေး ပေးလိုက်တော့။ အခုတလော ငါ ငွေနည်းနည်းကြပ်နေတယ်ကွ ”

ခေါင်းဆောင်က ဂုဏ်ယူနေသည့်အမူအရာဖြင့် ရွှီချင်း၏ အားကျမနာလိုနေသည့်အမူအရာကို မြင်ရရန် ရွှီချင်းကို လှမ်းကြည့်လိုက်သည်။

“ ဂုဏ်ယူပါတယ်၊ ခေါင်းဆောင် ”

ရွှီချင်းက ခေါင်းဆောင်၏ ခန္ဓာကိုယ်တစ်ခုလုံးကို ကြည့်လိုက်သည်။ ယခုတစ်ခေါက်တွင် သူသည် ခေါင်းဆောင်သတိပေးစရာမလိုဘဲ တုန့်ပြန်ပြောလိုက်ပေသည်။

“ ဟား ဟား ဟား လက်ထောက်ခေါင်းဆောင်ရွှီ၊ မင်းနဲ့ ဒီလိုပြောရတာ ပျော်တယ်ဟေ့။ ဒါပေမဲ့ မင်းကို အမှန်ပြင်ပေးရဦးမယ်။ ငါ့ကို ဌာနမှူးလို့ ခေါ်ရမှာကွ ”

“ ကောင်းပါပြီ ခေါင်းဆောင်ခင်ဗျ ”

ရွှီချင်းက ခေါင်းညိတ်ပြလိုက်သည်။

“ ဌာနမှူးဟ ”

ခေါင်းဆောင်က ပန်းသီးကို ကိုက်လိုက်ရင်း အမှန်ပြင်ပေးလိုက်သည်။

“ အမ် ”

ရွှီချင်း ခေါင်းညိတ်ပြလိုက်ပြီး အိတ်ထဲမှ ပန်းသီးကြီးသုံးလုံးထုတ်ကာ ခေါင်းဆောင်နှင့် ကျန်းစန်းကို တစ်ယောက်တစ်လုံးစီ ပေးလိုက်သည်။

ကျန်းစန်းက ပြုံး၍ ပြောလိုက်၏။

“ မင်းတို့နှစ်ယောက် အငြင်းပွားမနေနဲ့တော့။ ရွှီချင်း၊ မင်းမှော်လှေကို ငါ ပြင်ပြီးသွားပြီ။ ခဏနေရင် ငါ မင်းကို ပြမယ်။ ဟူး … ဒီတစ်ခေါက် ငါတို့သုံးယောက်လုံး အခြေတည်အဆင့်ကို ရောက်သွားတာ။ စဉ်းစားကြည့်ရင် တစ်ဘဝစာ ဖြတ်သန်းလိုက်ရသလိုပဲ ”

“ ကျန်းစန်းဆိုတဲ့ငါ တစ်နေ့ကျရင် အခြေတည်အဆင့်ကို ရောက်မယ်လို့ မျှော်လင့်မထားခဲ့ဘူး။ ပြိုင်ပွဲပြီးသွားတော့ လူတော်တော်များများ အခြေတည်အဆင့်ကို ရောက်သွားတယ်လို့ ကြားတာပဲ တင်းရှောင်ဟိုင်လည်း အခြေတည်အဆင့်ကို ရောက်သွားတာ နည်းနည်းကြာပြီ ”

ကျန်းစန်းက ခံစားချက်များဖြင့် သက်ပြင်းချ၍ ဆိုသည်။

“ အဲဒီကောင်က သောက်ရူးပါကွာ။ တခြားလူတွေက ချမ်းသာဖို့ အသက်နဲ့ရင်းကြတာ။ သူကတော့ အဓိကဂိုဏ်းသားဂုဏ်ပုဒ်လိုချင်လို့ အသက်နဲ့တောင် ရင်းလိုက်သေးတယ်။ နောက်ဆုံးကျ သူ လိုချင်တာ ရသွားတာနဲ့ အခြေတည်အဆင့်ကို ရောက်သွားတော့တာပဲ။ သူ အဓိကဂိုဏ်းသားဂုဏ်ပုဒ်ရသွားတာ ဘာအဓိပ္ပာယ်မှလဲ မရှိလိုက်ဘူး ”

ခေါင်းဆောင်က ရွှီချင်းပေးသည့် ပန်းသီးကြီးကိုကိုက်လိုက်ပြီး မယုံကြည်နိုင်သည့်အကြည့်ဖြင့် ဆိုသည်။

“ မင်းတို့နှစ်ယောက်၊ သူ့လို မလုပ်နဲ့နော်။ လက်ထောက်ဌာနမှူးရွှီကိုတော့ ငါ သိပ်စိတ်မပူဘူး။ ဒီကောင်က ချမ်းသာချင်တာပဲရှိတာ၊ ဘာမှမဆင်မခြင် လုပ်မှာမဟုတ်ဘူး။ ကျန်းစန်း၊ မင်းကတော့ သတိထားနော် ”

“ မင်းတို့ကောင်တွေကို ငါ တစ်ခု ပြောရဦးမယ်။ အခုလောလောဆယ် ကိစ္စကြီးတစ်ခုကို ငါတွေးနေတာ။ သတင်းတွေ ငါ အခု စုဆောင်းနေတယ်။ အားလုံး ပြင်ဆင်ပြီးတာနဲ့ အလုပ်ကြီးလုပ်ဖို့ မင်းတို့ကို ငါ လာခေါ်မယ်။ ဒီတစ်ခေါက်က ကျူးယင်အသားကု လုတာထက်တောင် စိတ်လှုပ်ရှားဖို့ကောင်းမှာကွ ”

ခေါင်းဆောင်သည် ရူးသွပ်နေသည့် မျက်ဝန်းများဖြင့် ဆိုသည်။

ကျန်းစန်းမှာ ချက်ချင်း အလန့်တကြား ဖြစ်သွားပြီး ရွှီချင်းမှာလည်း ထိုနည်းတူပင်။

“ မင်းတို့ကောင်တွေ ဘာဖြစ်သွားတာတုံးဟ ”

ခေါင်းဆောင်က မကျေမနပ် ပြောသည်။

“ ဒီမှာပဲ စကားပြောတော ရပ်တော့မယ်။ ငါ သတင်းစုဆောင်းရဦးမယ်။ ဒါပေမဲ့ မင်းတို့နှစ်ယောက်ရဲ့ ကျင့်ကြံခြင်းအဆင့်က နိမ့်နေသေးတယ်နော်။ ရွှမ်ယောက်အသွင်သဏ္ဍာန်ကို မြန်မြန်ရောက်အောင် လုပ်ထားကြဦး။ နို့မဟုတ်ရင် မင်းတို့ကို ငါ့အစီအစဉ်ထဲ ခေါ်မှာမဟုတ်ဘူးနော် ”

ခေါင်းဆောင်က မတ်တတ်ရပ်လိုက်သည်။

“ ရွှမ်ယောက်အသွင်သဏ္ဍာန်က ဘယ်လိုမျိုးလဲ ”

ရွှီချင်းက မေးလိုက်သည်။ အခြေတည်အဆင့်သို့ ရောက်ပြီးနောက် ရွှမ်ယောက်အသွင်သဏ္ဍာန်အကြောင်းကို သူ မကြာခဏ ကြားခဲ့ဖူးသည်။ သဘောတရားအရ သူ နားလည်ထားပြီဖြစ်ပါသော်လည်း တစ်ခါမှ သူ မမြင်ဖူးသေးပေ။

ကျန်းစန်းသည်လည်း ခေါင်းဆောင်ကို သိချင်စိတ်ပြင်းပြစွာ ကြည့လိုက်သည်။ သူသည်လည်း ထိုအကြောင်းကို များများစားစား သိမထားသည်မှာ သေချာသည်။ ချီစုစည်းခြင်းအဆင့်တွင် ရှိစဉ်အခါက အခြေတည်အဆင့်ကျင့်ကြံသူအနည်းငယ်ကိုသာ သူ တွေ့ခဲ့ရသည် မဟုတ်ပါလား။

“ မင်းတို့ သိချင်တယ်ပေါ့ ”

ခေါင်းဆောင်က ကျန်းစန်းနှင့် ရွှီချင်းကို ပြုံး၍ ကြည့်လိုက်သည်။

“ အာ ထားတော့။ မင်းတို့က ငါ့အသင်းဖော်တွေ ဖြစ်မှာဆိုတော့ ပြောပြလိုက်မယ်။ ငါ ဘာလို့ ကျူးယင်အသားကို လိုချင်တာလဲ မင်းတို့ သိလား။ နတ်သတ္တဝါအဆင့်ရှိတဲ့ ကျူးယင်အသားကို ဝါးမျိုလိုက်တာနဲ့ ဓမ္မတံခါးတွေအများကြီး ဖွင့်နိုင်ပြီးတော့ သက်စောင့်မီးလုံး ထုတ်ဖော်နိုင်လို့ပဲ ”

“ ရွှမ်ယောက်အသွင်သဏ္ဍာန်က ဘယ်လိုလဲဆိုပြီး ငါ ရှင်းပြမှာမဟုတ်ဘူး။ မင်းတို့ကို ပြရုံပဲ ပြလိုက်မှာ ”

ခေါင်းဆောင်က ပြောပြီးသည်နှင့် သူ့ကိုယ်ထဲမှ မိုးမြေတုန်ဟီးစေသည့််အသံကြီး ဟိန်းထွက်လာသည်။ ထိုအသံသည် မိုးခြိမ်းသံနှင့် ဆင်တူသည်။ အရပ်မျက်နှာအနှံ့သို့ တဂျိမ်းဂျိမ်းမြည်ဟည်းသံကြီး လွင့်ပျံသွားပြီး သူ့ကိုယ်ထဲမှ ကြောက်ခမန်းလိလိအရှိန်အဝါတစ်ခု ဖြာထွက်လာသည်။

ရွှီချင်းမှာ ကွက်ခနဲ မျက်နှာပျက်သွားပြီး အလျင်အမြန် နောက်ဆုတ်လိုက်သည်။ သူ့မျက်လုံးများက အံ့သြတုန်လှုပ်နေသည့်အရိပ်အယောင်များဖြင့် ရှေ့မှ ခေါင်းဆောင်ကို မမှိတ်မသုန် စိုက်ကြည့်နေသည်။

ထိုစဉ် ခေါင်းဆောင်၏ခန္ဓာကိုယ်ထဲတွင် တရိပ်ရိပ်လောင်ကျွမ်းနေသော ဧရာမမီးဖိုကြီးပေါ်လာသည်။ သူ့ကိုယ်ထဲမှ အပူစွမ်းအင်လှိုင်းများ ဖြာထွက်လာပြီး အရပ်မျက်နှာအနှံ့ လွင့်ပျံသွားသည်။ သူ့ကိုယ်ထဲမှ ထွက်လာသော အငွေ့အသက်များ၏ ပြင်းအားက အဆပေါင်းများစွာ တိုးပွားသွားဟန်တူသည်။

သူ့ကို ကြည့်ရသည်မှာ တဟုန်းဟုန်းတောက်လောင်နေသည့်အလားပင်။ သူ့နောက်မှ တစ္ဆေကြီးက ကြောက်မက်ဖွယ်ကောင်းပြီး ကြည့်မိသူ၏ မျက်လုံးများကို စူးခနဲ နာကျင်သွားစေနိုင်သည်။ ဘေးပတ်ဝန်းကျင်ရှိ လေထုကြီးသည်ပင် တွန့်လိမ်ရှုံ့တွလာ၏။

ထိုစဉ် သူ့ခန္ဓာကိုယ်က လှစ်ခနဲ လှုပ်ရှားသွားသည်။

ရွှီချင်းမှာ ပုံရိပ်များသာ မြင်လိုက်ရသည်။ ထိုတခဏလေးအတွင်း သူ့ခေါင်းထဲ တဝီဝီမြည်သွားသည့်အလား ခံစားလိုက်ရသည်။ ပြင်းထန်သော သေရေးရှင်ရေးအန္တရာယ်ခံစားချက်ကြောင့် သူ အလိုလို နောက်ဆုတ်လိုက်သည်။ သို့သော်လည်း နောက်ကျသွားသေးသည်။

ခေါင်းဆောင်၏ခန္ဓာကိုယ်က သူ့ဘေးသို့ ရောက်လာပြီး ညာလက်က သူ့ရှေ့တွင် ရပ်သွားသည်။

ခေါင်းဆောင်၏လက်ထဲတွင် သူ့ဆံပင်ရှည်တစ်ချောင်း ရှိနေသည်။ ထိုဆံပင်ရှည်မှာ ပြင်းထန်သော အပူရှိန်ကြောင့် တွန့်လိမ်ရှုံ့တွကာ ပြာဖြစ်သွားသည်။

ရွှီချင်း၏မျက်လုံးများ ဆတ်ခနဲ မှေးသွားသည်။ ခေါင်းဆောင်၏ ခန္ဓာကိုယ်ထဲမှ မီးဖိုကြီး ချက်ချင်း ငြိမ်းသွားပြီး သူ ပုံမှန်ပြန်ဖြစ်သွားသည်။ ထို့နောက် သူက ရွှီချင်းကို ပြုံးပြလိုက်သည်။

“ လက်ထောက်ဌာနမှူးရွှီ၊ ငါသာ မင်းကို အခု သတ်ချင်ရင် မင်း သေနေလောက်ပြီ ”

ရွှီချင်း၏ အသက်ရှူသံများ မြန်ဆန်သွားသည်။ သူ့ခေါင်းထဲတွင် ခံစားချက်လှိုင်းများ ရိုက်ခတ်သွား၏။ ယခင်က ရွှမ်ယောက်အသွင်သဏ္ဍာန်ကို သူ နားလည်ခြင်းသည် အပေါ်ယံသာ ရှိသေးပြီး ကျောက်စိမ်းပေလွှာထဲတွင် ဖော်ပြချက်မျှသာ နားလည်သေးသည်။ ယခု ကိုယ်တိုင်မျက်မြင်ကြုံတွေ့လိုက်ရသောအခါတွင် ရွှမ်ယောက်အသွင်သဏ္ဍာန်က ကြောက်ခမန်းလိလိ အစွမ်းထက်နေပေသည်။

ထိုတခဏလေးအတွင်း ခေါင်းဆောင်ကို သူ မည်သို့မျှ ယှဉ်တိုက်နိုင်မည်မဟုတ်ကြောင်း ခံစားခဲ့ရ၏။

“ ဒါပေါ့ ငါက ပါရမီရှင်ပဲလေ။ ရွှမ်ယောက်အသွင်သဏ္ဍာန်ကို အသက်သွင်းနိုင်တဲ့တခြားလူတွေတောင် ငါ့လောက် အစွမ်းထက်မှာ မဟုတ်ဘူးကွ။ ဒါပေမဲ့ သူတို့ကိုလည်း မင်းတို့ အနိုင်ယူနိုင်မှာ မဟုတ်ဘူး။ ဘာလို့လဲဆိုတော့ ရွှမ်ယောက်အသွင်သဏ္ဍာန်က ခန္ဓာကိုယ်ထဲက ဓမ္မတံခါးတွေကို အစွမ်းကုန်ပေါက်ကွဲအောင် လုပ်တာဖြစ်လို့ပဲ။ အဲဒီအခါ ထုတ်သုံးလိုက်တဲ့ မန္တန်တွေနဲ့ ခန္ဓာကိုယ်တစ်ခုလုံးက အဆုံးစွန်ထိ အားအင်ကြီးမားသွားတယ်။ အဲဒီအခိုက်အတန့်က မကြာဘူးဆိုပေမဲ့ သတ်ဖြတ်ဖို့ ဒါမှမဟုတ် လွတ်မြောက်အောင်လုပ်ဖို့အတွက်တော့ လုံလောက်တယ် ”

ခေါင်းဆောင်က ဝံ့ကြွားစွာ ပြောသည်။

“ ရွှမ်ယောက်အသွင်သဏ္ဍာန်ရှိတဲ့ ကျင့်ကြံသူတွေပဲ ရွှမ်ယောက်အသွင်သဏ္ဍာန်ရှိတဲ့တခြားကျင့်ကြံသူတွေကို ခုခံနိုင်တာ ”

“ ရွှမ်ယောက်အသွင်သဏ္ဍာန်မရှိတဲ့ အခြေတည်အဆင့်ကျင့်ကြံသူတွေကတော့ ကြက်ကလေးတွေလိုပဲ ”

“ ဒီတော့ ကောင်လေးတို့။ အရင်တုန်းက ဘာမဟုတ်တဲ့ ကြက်ပေါက်လေးတွေကို မြင်ပြီး အခြေတည်အဆင့်ကို နားလည်မှုမလွဲလိုက်နဲ့နော် ”

“ ဒီတော့ ပြင်းပြင်းထန်ထန်ကြိုးစား။ ရွှီချင်း၊ မင်းငါ့ကို ဝိညာဉ်ကျောက်တုံးနှစ်သောင်း အကြွေးတင်နေတာ မြန်မြန်ပြန်ဆပ်ဖို့ မမေ့နဲ့ ”

ခေါင်းဆောင်က ပြောပြီးသည်နှင့် ပန်းသီးကို စား၍ ထွက်သွားသည်။ ခြေလှမ်းအနည်းငယ် လှမ်းပြီးနောက် သူက လေထဲသို့ ပျံတက်ကာ အလင်းတန်းတစ်တန်းအသွင် ပြောင်းလဲသွားသည်။ သူ၏ ဦးတည်ရာက တောင်ပေါ်မဟုတ်ဘဲ လူဆိုးထိန်းဌာနသို့ ဖြစ်ပေသည်။

ရွှီချင်းက ထွက်ခွာသွားသော ခေါင်းဆောင်ကို တိတ်ဆိတ်စွာ ကြည့်လိုက်သည်။ အစောပိုင်းက သူ့ခေါင်းထဲတွင် တစ်ခါမှ မခံစားခဲ့ဖူးသည့် အန္တရာယ်အငွေ့အသက်ကို ခံစားခဲ့ရပြီး အရေးပေါ်လှုပ်ရှားရန်အတွေးများဖြင့် ပြည့်နှက်နေခဲ့သည်။ ဓမ္မတံခါးသုံးဆယ်ကို မြန်နိုင်သမျှမြန်ဆန်စွာဖွင့်ပြီး သက်စောင့်မီးတောက်ပေါ်အောင် သူ လုပ်ရပေမည်။ ထိုအခါမှသာ ရွှမ်ယောက်အသွင်သဏ္ဍာန်ကို သူ ပိုင်ဆိုင်ပေမည်။

ကျန်းစန်းသည်လည်း ငြိမ်သက်နေသည်။ အချိန်အတော်ကြာပြီးနောက် သူက ခါးသက်သက်ပြုံး၍ ခေါင်းကိုခါယမ်းလိုက်သည်။

“ ခေါင်းဆောင်က အရူးပဲ။ သွားကြစို့ … ငါ မင်းကို မှော်လှေလိုက်ပြမယ် ”

ရွှီချင်းက ဘာမှမပြောပေ။ ထွက်ခွာသွားသော ခေါင်းဆောင်၏အရိပ်မှ သူ အကြည့်လွှဲလိုက်ပြီး နောက်မှ တိတ်ဆိတ်စွာ လိုက်သွားသည်။ သို့သော်လည်း သူ့ရင်ထဲတွင် ခံစားချက်များက အားကောင်းသည်ထက် အားကောင်းလာသည်။

‘ ငါ သက်စောင့်မီးတောက်ကို လုပ်ပြီးတာနဲ့ သက်စောင့်မီးအိမ်အကူအညီနဲ့ဆိုရင် ငါက သက်စောင့်မီးလုံးနှစ်လုံးပိုင်ဆိုင်ထားသလို ဖြစ်သွားမှာ ’

ရွှီချင်းက အသက်ပြင်းပြင်းရှူလိုက်ပြီး ကျန်းစန်းနောက်မှနေ၍ အလုပ်ရုံထဲသို့ လိုက်သွားသည်။ အလုပ်ရုံကို ဖွင့်လိုက်သည်နှင့် သူ့ရှေ့တွင် ရင်းနှီးသလိုလိုရှိသည့်် ဧရာမမှော်သင်္ဘောကြီးတစ်စင်း ပေါ်လာသည်။

ပေငါးရာရှည်သော သင်္ဘောကြီးကို အခြေတည်အဆင့် ပင်လယ်ဖွတ်အရေခွံဖြင့် ဖုံးအုပ်ထားပြီး ၎င်း၏အသွင်အပြင်သည်လည်း ပြောင်းလဲသွားခဲ့ပြီဖြစ်သည်။ ရွှီချင်း၏အမြင်တွင် ၎င်းက မိကျောင်းတစ်ကောင်ပုံစံမဟုတ်တော့ဘဲ ပင်လယ်ဖွတ်တစ်ကောင်နှင့် ပိုတူနေသည်။

နတ်အရှိန်အဝါများက အလွန်ပြင်းထန်ပြီး မှော်လှေ၏ အတောင်ပံများသည်လည်း ပင်လယ်ဖွတ်၏ ဘေးတစ်ဖက်တစ်ချပ်တွင် ရှိနေသည့် အသားအတောင်ပံများအဖြစ်သို့ ပြောင်းလဲသွားပြီဖြစ်သည်။

သူ့အာရုံထဲတွင် ရက်စက်ကြမ်းကြုတ်ခြင်းနှင့် ပြင်းထန်သော အရှိန်အဝါကို ခံစားလိုက်ရသည်။

“ ရွှီချင်း၊ ခေါင်းဆောင်က မင်းနဲ့ငါကို ကျူးယင်အသား နည်းနည်း ခွဲပေးခဲ့တာ။ မှော်လှေကို တကယ့်မှော်သင်္ဘောဖြစ်သွားအောင်လို့ ငါ အဲဒီအသားကို စွမ်းအင်အရင်းအမြစ်အနေနဲ့ သုံးလိုက်တယ် ”

“ မင်း သဘောမကျရင် ပြန်ယူလို့ရသေးတယ်။ ဒါပေမဲ့ အဲဒါကို သင်္ဘောပေါ်မှာ ထားတာ ပိုကောင်းတယ်လို့ ငါ ထင်တာပဲ။ အဲဒီသင်္ဘောနဲ့ဆိုရင် တားမြစ်ပင်လယ်ထဲမှာ မင်း ပိုပြီး စိတ်အေးလက်အေး ဖြစ်တာပေါ့ ”

All Chapters