အလင်းရောင်မရှိသော အမှောင်ညတွင် ခရီးဆက်ခြင်း
Vol. 4 Ch. 50
ထိုနေ့က ငယ်စဉ်ကတည်းက ကျစ်ထူ၌သာ နေထိုင်ခဲ့ပြီး လူ့လောက၏ဆင်းရဲဒုက္ခများကို မကြုံတွေ့ခဲ့ဖူးသော ထင်းယွီသည် အိပ်မက်တစ်ခု မက်ခဲ့သည်။
အိပ်မက်ထဲ၌ ချန်ဖေးယွမ်သည် ရွှီချင်းကို ခက်ခဲအောင် ကြမ်းတမ်းစွာ လုပ်ဆောင်နေ၍ သူမ အကြီးအကျယ် ဒေါသထွက်နေရသည်။
အိပ်မက်မှ ထင်းယွီ နိုးလာသောအခါတွင် မနက်ခင်းအစောကြီး ရှိသေးသည်။ သူမ၏စိတ်ခံစားချက်များသည် ယခင်ကနှင့် အနည်းငယ် ကွဲပြားနေ၏။
သမားတော်ကြီးပိုင်၏ ရွက်ဖျင်တဲကို ရောက်သောအခါ သူမသည် ထိုင်၍ ဆေးစာအုပ်ကို နှုတ်တိုက်ရွတ်ဖတ်နေရင်း စိတ်အနှောင့်အယှက် ဖြစ်နေရသည်။ အချိန်တိုင်း သူမသည် ခေါင်းမော့ကာ ရွက်ဖျင်တဲအပြင်ဘက်ကို လှမ်းကြည့်တတ်သည်။
သူမက ချန်ဖေးယွမ်ကို မြင်သောအခါ အကြည့်ရပ်သွားသည်။
ယမန်နေ့က အိပ်မက်ကို ပြန်လည်တွေးတောမိလိုက်ပြီး ထင်းယွီ၏မျက်ဝန်းများထဲတွင် ဒေါသရောင်လက်သွားသည်။
ချန်ဖေးယွမ်သည် သမ်းဝေလိုက်ပြီး မျက်လုံးနှစ်ဖက်ကို ပွတ်ကာ ရွင်ဖျင်တဲအရွက်ကို မ,၍ အထဲ ဝင်လာသည်။ သူက ထင်းယွီ၏ဘေးတွင် ထိုင်မည်ပြုစဉ် တရားထိုင်ခုံကလေးကို ထင်းယွီက ဘေးတွန်းလိုက်သည်။
ချန်ဖေးယွမ် အံ့အားသင့်သွားပြီး ထင်းယွီကို ကြည့်လိုက်သည်။
“ ဘာလုပ်တာတုံး ”
“ အဲဒီမှာထိုင် ”
ထင်းယွီသည် ချန်ဖေးယွမ်ကို ရှင်းပြမနေဘဲ ရွှီချင်း ထိုင်လေ့ရှိသော နေရာကို ညွှန်ပြလိုက်သည်။
“ ဘာလို့တုံး ”
ချန်ဖေးယွမ် ချက်ချင်း စိတ်အနှောင့်အယှက်ဖြစ်သွားရပြီး သူ၏မျက်လုံးများ ပြူးကျယ်လာသည်။
“ နင်က စာမကြိုးစားလို့၊ ပြီးတော့ အခုတလော နင် ခဏခဏ အပြင်ထွက်နေလို့ပဲ။ ဒီနေရာမှာ နင် ထိုင်နေရင် ငါ စိတ်အနှောင့်အယှက်ဖြစ်တယ်။ အဲဒီလောက်ဆို ရပြီလား ”
ထင်းယွီက မက်မွန်သီးသဖွယ် မျက်ဝန်းကလေးများနှင့် ငြူစူသောအကြည့်ဖြင့် ကြည့်၍ ခပ်သွက်သွက် ပြောလိုက်ရာ ချန်ဖေးယွမ် အံ့အားသင့်သွားရပြန်သည်။ ခဏအကြာ သူသည် ထင်းယွီကို ပြန်မပြောဝံ့သည့်အလား တစ်ကိုယ်တည်း ပွစိပွစိ ရေရွတ်နေလေသည်။ ထို့နောက် ရွှီချင်း၏ ထိုင်ခုံ၌ သုန်မှုန်နေလျက် ထိုင်ချလိုက်သည်။
“ ဟင်း၊ ထင်းယွီ … နင်ဟာလေ… ”
ချန်ဖေးယွမ်က ထိုင်ချပြီးနောက် စကားပြောမည်ပြုလိုက်ပါသော်လည်း သူ့စကားပင်မဆုံးသေးခင် ထင်းယွီ၏ ရန်လိုသောအကြည့်ကို ရင်ဆိုင်လိုက်ရသည်။
“ အဲဒီ ‘ ဟင်း ’ ဆိုတဲ့စကားကို ထပ်မပြောနဲ့။ တစ်ယောက်ယောက်ကြားသွားလို့ အထင်လွဲသွားရင် ဘယ်လိုလုပ်မလဲ ”
“ အာ … ‘ ဟင်း ’ ဆိုတဲ့စကားက ဘာများအမှားပါနေလို့တုံး ”
ထိုစဉ် ရွက်ဖျင်တဲတံခါး ပွင့်သွားပြီး အထဲကို ရွှီချင်း ဝင်ရောက်လာရာ ချန်ဖေးယွမ်မှာ ဘာပြောရမှန်းမသိ ဖြစ်သွားသည်။
ရွှီချင်းကို မြင်သောအခါ ထင်းယွီ၏ပါးနှစ်ဖက်တွင် ပါးချိုင့်လေးနှစ်ဖက် ပြူထွက်လာသည်။ ထို့နောက် ထင်းယွီသည် အပြုံးကလေးဖြင့် မူလက ချန်ဖေးယွမ်ထိုင်လေ့ရှိသောတရားထိုင်ခုံကို ပုတ်လိုက်သည်။
“ ဆရာတူမောင်လေး၊ ဒီမှာလာထိုင် ”
ရွှီချင်း မှင်သက်သွားရပြီး ချန်ဖေးယွမ်သည်လည်း သူ့နည်းတူပင်။
“ ဘာတွေစောင့်နေတာတုံး။ ဆရာလာတော့မယ်။ လာ … ဒီမှာ မြန်မြန်လာထိုင် ”
ထင်းယွီက လောဆောလိုက်သည်။
ရွှီချင်း အနည်းငယ် ချီတုံချတုံ ဖြစ်နေရသည်။ ထင်းယွီကိုတစ်လှည့်၊ သူ၏ထိုင်ခုံတွင် ထိုင်နေသော ချန်ဖေးယွမ်ကိုတစ်လှည့် သူ အံ့အားသင့်စွာ ကြည့်လိုက်သည်။
ထိုအချိန်မှာပင် အမှန်တကယ် သမားတော်ကြီးပိုင် လျှောက်လာနေသည်။ သို့ဖြစ်၍ ရွှီချင်းသည် ထင်းယွီ၏ဘေးကိုသာ လျှောက်သွားလိုက်ပြီး ချန်ဖေးယွမ်၏နေရာတွင် ထိုင်လိုက်သည်။
ချန်ဖေးယွမ်သည် စကားမပြောနိုင်လောက်အောင် မှင်သက်သွားသည်။ သူသည် ရွှီချင်းကို လက်ညှိုးဖြင့်ထိုး၍ စကားပြောမည်ပြုစဉ် ထင်းယွီက လှည့်လာပြီး မျက်မှောင်ကလေးကြုတ်၍ ကြည့်လာသည်။
“ ပါးစပ်ပိတ်ထား ”
“ ငါက စကားတောင် မပြောရတော့ဘူးပေါ့ ”
ချန်ဖေးယွမ် ငိုမဲ့မဲ့ ဖြစ်သွားရသည်။ တရားမျှတမှုမရှိကြောင်း သူ ခံစားနေရပြီး ဆက်ပြောမည်ပြုစဉ် ရွက်ဖျင်တဲတံခါး ပွင့်သွားပြီး သမားတော်ကြီးပိုင် ဝင်လာသည်။
ချန်ဖေးယွမ်သည် ပြောမည့်စကားများအား မျိုသိပ်ထားလိုက်ရပြီး ဒေါသတကြီးဖြင့် ထိုင်နေသည်။
တခြားတစ်ဖက်တွင် ထင်းယွီမှာ လွန်စွာ စိတ်သက်သာရာရသွားဟန်တူသည်။ ရွှီချင်းမှာမူ အနည်းငယ် စိတ်ကျဉ်းကြပ်နေပြီး အပ်ကလေးများပေါ်တွင် ထိုင်နေရသည့်အလား ခံစားနေရသည်။
သမားတော်ကြီးပိုင်သည် အခန်းထဲ လျှောက်လာပြီး ရွှီချင်းထိုင်နေသော နေရာကို မြင်သောအခါ ထင်းယွီကိုတစ်လှည့်၊ အထိုးခံထားရသော အိတ်တစ်အိတ်ပမာ ချန်ဖေးယွမ်ကိုတစ်လှည့် ကြည့်လိုက်သည်။ ခဏကြာသောအခါ သူ၏မျက်နှာပေါ်တွင် အပြုံးစရေးရေး ဖြတ်ပြေးသွားပါသော်လည်း သူတို့ကို မနှောင့်ယှက်တော့ဘဲ စာမေးလိုက်သည်။
ပုံမှန်အတိုင်း ချန်ဖေးယွမ်သည် ထစ်ငေါ့နေပြီး ဆူပူကြိမ်းမောင်းခံလိုက်ရသည်။ ထင်းယွီအလှည့်တွင် ဂုဏ်ယူစွာဖြင့် ဖြေကြားလိုက်ပြီး ရွှီချင်းကို မျှော်လင့်ချက်များပြည့်ဝနေသည့်အကြည့်ဖြင့် ကြည့်လိုက်သည်။
ရွှီချင်း၏အဖြေက ပို၍ ပြီးပြည့်စုံသည်။ သူက ဖြေဆိုနေသည့်အတောအတွင်း မေးခွန်းအနည်းငယ်ကိုပင် ပြန်မေးလေသည်။
ထိုဖြစ်ရပ်တစ်ခုလုံးက ချန်ဖေးယွမ်ကို အလွန် စိတ်ဓာတ်ကျသွားစေသည်။
သို့ဖြစ်၍ ယနေ့ သင်ခန်းစာပြီးသောအခါ ရွက်ဖျင်တဲထဲမှ အရင်ဆုံး ထွက်သွားသူမှာ သူ ဖြစ်သည်။ သူသည် ခွဲခြားခံနေရသည့်အလား ခံစားနေရ၏။
ရွှီချင်းသည်လည်း စာသင်နေစဉ်အတောအတွင်း စိတ်ကျဉ်းကြပ်နေခဲ့ရသည်။ စာသင်ပြီးသောအခါ၌ သူသည် မတ်တတ်ရပ်၍ သမားတော်ကြီးပိုင်ကို အရိုအသေပေးလိုက်သည်။ သူက ထွက်သွားမည်ပြုစဉ် ထင်းယွီက သူ့ကို အော်ခေါ်လိုက်သည်။
“ ဆရာတူမောင်လေး၊ နင့်မျက်နှာက ဘာလို့ ထပ်ညစ်ပတ်နေရတာလဲ ”
ထင်းယွီက လက်ကိုင်ပုဝါကလေးကို ယူကာ သူ့မျက်နှာကို သုတ်ပေးရန် ပြင်လိုက်သည်။
သို့သော်လည်း ရွှီချင်းသည် မဆိုစလောက် မျက်မှောင်ကြုတ်သွားပြီး ချက်ချင်း ရှောင်တိမ်းကာ အမြန်ထွက်သွားသည်။
သူ ထွက်သွားသောအခါ ယွီထင်းသည် အတန်ငယ် စိတ်မကောင်းဖြစ်နေပြီး ထိုဖြစ်ရပ်ကို ကြည့်နေသည့် သမားတော်ကြီးပိုင်အား လှမ်းကြည့်လိုက်သည်။
“ ဆရာ၊ အဲဒီကလေးက ဘာလို့ နေ့တိုင်း ညစ်ညစ်ပတ်ပတ်နေရတာလဲဟင်၊ သမီးက သူ့ကို စေတနာနဲ့ ကူညီပေးမလို့ကို ”
သမားတော်ကြီးပိုင်က တဟားဟား ရယ်မော၍ မိန်းကလေး၏ ခေါင်းကို ခပ်ဖွဖွပုတ်လိုက်သည်။
“ ဆိုးဝါးတဲ့အန္တရာယ်တွေထဲ နေထိုင်နေရတဲ့လူတွေအတွက်တော့ အာရုံစိုက်ခံရတယ်ဆိုတာ ကောင်းတဲ့အရာ မဟုတ်ဘူး ”
ထင်းယွီသည် အတွေးနက်သွားပြီး ခေါင်းညိတ်လိုက်သည်။
သမားတော်ကြီးပိုင်၏ စကားများကို ရွှီချင်း မကြားပါသော်လည်း သူ၏အတွေးများသည် သမားတော်ကြီးပိုင် ပြောသည့်အတိုင်း ဖြစ်ပေသည်။
ဆင်းရဲသားရပ်ကွက်၌ နေထိုင်ကြီးပြင်းခဲ့ရသည်ဖြစ်၍ သူသာ အာရုံစိုက်ခံရမှုနည်းလျှင် ပို၍ ဘေးကင်းမည်ဖြစ်ကြောင်း နားလည်ခဲ့သည်။ သူ့ပတ်ဝန်းကျင်ရှိလူများက ယုတ်မာကောက်ကျစ်ကြသည်။ သူသာ တခြားလူများနှင့်မတူညီနေခဲ့လျှင် အန္တရာယ်တောထဲ၌ သူသည် ညအမှောင်ထုထဲရှိ မီးရှူးတိုင်အလား ထင်းထင်းကြီး ဖြစ်နေပေမည်။
ယင်းသည် သူ ငယ်စဉ်ကတည်းက ကျင့်သုံးလာခဲ့သည့် အသက်ရှင်သန်ရေးစည်းမျဉ်းတစ်ခု ဖြစ်သည်။ ထိုသို့မနေထိုင်သည့် လူများသည် အလွန်တရာ အစွမ်းမထက်နေပါက အသက်ရှည်ရှည်နေရမည် မဟုတ်ပေ။
သို့ဖြစ်၍ ရွှီချင်းသည် သန့်ရှင်းရေးမလုပ်သည့်အကျင့်ကို မွေးမြူခဲ့သည်။ သူ့အနေဖြင့် ပတ်ဝန်းကျင်နှင့် လိုက်လျောညီထွေဖြစ်အောင် နေထိုင်ရန်နှင့် သိုသိုသိပ်သိပ်နေရန် လိုအပ်ပေသည်။
ဥပမာအနေဖြင့် ပုန်းအောင်းနေသော မုဆိုးသည် တိုက်ခိုက်သည့်အခါမှသာ သူ့ပုံရိပ်ကို ထုတ်ပြတတ်သည် မဟုတ်ပါလား။
ထိုအချိန်၌ စခန်းထဲမှ ထွက်လာခဲ့သော ရွှီချင်းသည် တားမြစ်နယ်မြေနယ်နိမိတ်ကို ရောက်လာသည်။ သူသည် တောအုပ်ထဲမှ ရွက်ကြွေတချို့ကို ကောက်ယူလိုက်ပြီး ချေမွကာ ခန္ဓာကိုယ်တွင် သုတ်လိမ်းလိုက်သည်။ သူသည် သဘာဝနှင့် လိုက်လျောညီထွေဖြစ်စေရန် အတတ်နိုင်ဆုံး ကြိုးစားလိုက်ပြီး တားမြစ်နယ်မြေထဲသို့ တဖြည်းဖြည်း တိုးဝှေ့ဝင်ရောက်သွားသည်။
ခေါင်းဆောင်လဲ့က မြို့မှာနေထိုင်နေပြီဖြစ်ပါသော်လည်း ရွှီချင်းက ကောင်းကင်ကြမ္မာပန်းပွင့်ရှာဖွေခြင်းကို လက်မလျော့ချေ။
သူသည် ကျင့်ကြံခြင်းအဆင့် မြင့်မားလာသည်သာမက အပင်များနှင့် ပတ်သက်သော ဗဟုသုတများ ကြွယ်ဝလာသည့်အပြင် သတိကြီးကြီးထားနေသည့်အတွက် တားမြစ်နယ်မြေတောအုပ်၏ အပြင်ဘက်ပိုင်း၌ အန္တရာယ်အနည်းအကျဉ်းကိုသာ တွေ့ခဲ့ရသည်။
သို့ဖြစ်၍ ရွှီချင်း၏စူးစမ်းရှာဖွေခြင်း နယ်နိမိတ်သည် ဘုရားကျောင်း၌ ရပ်မနေတော့ဘဲ တဖြည်းဖြည်း တောနက်လာခဲ့သည်။
ကြီးမားသော အန္တရာယ်များ ရှိနေသည့်တိုင်အောင် ထိုအချက်က သူ၏တိုက်ရည်ခိုက်ရည်ကို အဆက်မပြတ် တိုးတက်စေသည်။ ဆေးပင်များကိုလည်း သူ ပို၍ စုဆောင်းလာနိုင်ခဲ့သည်။
သို့ပေသည့် တောအုပ်အပြင်ဘက်ပိုင်းမှာကဲ့သို့ တောနက်ထဲ၌ ဆေးပင်များစွာ ရှိပါသော်လည်း အများစုက အဆိပ်ပင်များသာ ဖြစ်ကြသည်။
ထို့ကြောင့် ဆေးပင်များနှင့် ပတ်သက်သည့် ရွှီချင်း၏ ဆေးပညာဗဟုသုတများက အဆိပ်ဖော်စပ်ခြင်းဘက်ကို ပိုအသားပေးလာသည်။ သူက အဆိပ်ဆေးအနည်းငယ် ဖော်စပ်နိုင်လာခဲ့သည်။
သူသည် အဝတ်အထည်ဆိုင်တစ်ဆိုင်ကို သွား၍ အိတ်ထောင်အပြည့်ပါသော အပေါ်ဝတ်အင်္ကျီတစ်ထည်လည်း ဝယ်ထားခဲ့သည်။ ယခု ထိုအင်္ကျီ၏အိတ်တစ်အိတ်စီ၌ အဆိပ်အမျိုးမျိုး ရှိသည်။
ရွှီချင်းက သွေးအရိပ်အဖွဲ့ခေါင်းဆောင်ထံမှ ရရှိခဲ့သော လက်အိတ်နက်ကိုလည်း စွပ်ထားသည်။ ထိုလက်အိပ်အား ဝတ်ဆင်ရသည်ကို သူ သက်သောင့်သက်သာ ရှိလာခဲ့သည်။
ထိုလက်အိတ်သည် သူ့လက်သီးချက်များ၏ ပြင်းအားကို တိုးပွားစေနိုင်သည်သာမက အတိုင်းအတာတစ်ခုအထိ အဆိပ်ဖြေနိုင်သည့်အစွမ်းလည်း ရှိသည်။ သို့ဖြစ်၍ ကြက်ခြေခတ် ပေးခဲ့သော ဓားမြှောင်နှင့် တွဲဖက်အသုံးချလိုက်သောအခါ သံတုတ်ကဲ့သို့ သူ၏ လက်စွဲတော်လက်နက်တစ်လက် ဖြစ်လာခဲ့သည်။
ထိုအချိန်၌ နေမင်းကြီးသည် မိုးကုတ်စက်ဝိုင်းအောက်သို့ တိုးဝှေ့ပျောက်ကွယ်တော့မည့်ဆဲဆဲ တစ်နေ့လုံး အဆိပ်များကို လေ့လာစမ်းသပ်နေသော ရွှီချင်းသည် လျှိုမြောင်ထဲရှိ စမ်းသပ်ခန်းလေးထဲမှ ထွက်လာခဲ့သည်။ သူ၏လက်နက်များနှင့် အဆိပ်များကို သူ့နေရာနှင့်သူ ထားလိုက်ပြီး ခါးကိုညွှတ်၍ အားယူကာ ဘုရားကျောင်းဆီသို့ တဟုန်ထိုးပြေးသွားသည်။
တားမြစ်နယ်မြေထဲသို့ သူ ရောက်သည့်အချိန်တိုင်း ဘုရားကျောင်းကိုသွားကာ အမာရွယ်ဖယ်ရှားပေးနိုင်သော ကျောက်တုံး ရှာလေ့ရှိသည်။
ယခင်က သူ ကြိမ်ဖန်များစွာ ရှာမတွေ့ခဲ့ပါသော်လည်း ထိုကျောက်တုံးအကြောင်းကို မေးမြန်းစုံစမ်းခဲ့ပြီး သဘာဝအလျောက်ဖြစ်လာသော ကျောက်တုံးဖြစ်ကြောင်း သိလာခဲ့ရသည်။ ၎င်းသည် ရောင်စုံရှိပြီး ရံဖန်ရံခါ ၎င်းကို မြင်ရတတ်သည်။ ထို့ကြောင့် သူသည် အားမလျော့ဘဲ ရှာဖွေနေခဲ့ပေရာ ဤတစ်ကြိမ်တွင်မူ …
ဘုရားကျောင်းထဲ ရောက်သောအခါ ဆည်းဆာရောင်ခြည်တန်းများအောက်၌ ရှေ့တူရှုရှိ ကျောက်ရုပ်ထုကြီး၏ မျက်ခုံးမွှေးနှစ်ခုကြားမှ ရောင်စုံခုနစ်သွယ် တဖျပ်ဖျပ်လက်နေသည်ကို သူ မြင်လိုက်ရသည်။
သူ၏မျက်လုံးများ ကျဉ်းမြောင်းသွားပြီး ဘေးပတ်ဝန်းကျင်ကို အလျင်အမြန် အကဲခတ်လိုက်သည်။ ထို့နောက် ယခင်က သူ၏လျှို့ဝှက်အစီအမံများကို စစ်ဆေးကြည့်လိုက်ပြီး အရာအားလုံး ဘာမှမဖြစ်သည်ကို တွေ့ရှိပြီးနောက် ဘုရားကျောင်း၏ထိပ်ကို တပ်၍ ဆောင့်ကြောင့်ထိုင်ကာ ထပ်မံလေ့လာလိုက်ပြန်သည်။
ဤနေရာ၌ အမှန်တကယ် အန္တရာယ်တစ်စုံတရာ မရှိကြောင်း အတည်ပြုပြီးနောက် ကျောက်ရုပ်ထုကြီး၏ ဦးခေါင်းဆီကို သူ သွားလိုက်သည်။
သူ ရောက်သောအခါ ကျောက်ရုပ်ထုကြီး၏ မျက်ခုံးမွေးနှစ်ခုကြားတွင် နစ်မြုပ်ထားသော ခုနစ်ရောင်ကျောက်တုံးကို မြင်လိုက်ရသည်။
ယခင်က ထိုကျောက်တုံးသာ သာမန်သာ ရှိနေမည်ဖြစ်နေနိုင်သော်လည်း လျှို့ဝှက်ဆန်းကြယ်သော ဘုရားကျောင်းထဲ၌ အချိန်ကြာလာသည်နှင့်အမျှ ပြောင်းလဲသွားခဲ့သည်။
ရွှီချင်းသည် ထိုကျောက်တုံးလေးကို အလျင်အမြန် ယူလိုက်ပြီးနောက် ဘုရားကျောင်းပတ်ပတ်လည်တွင် လိုက်ရှာလိုက်ရာ ထိုကဲ့သို့ ကျောက်တုံးမျိုး ခြောက်တုံး ရှာတွေ့ခဲ့သည်။
ရွှီချင်းသည် လက်ထဲရှိ ကျောက်တုံးကို ကြည့်ပြီးနောက် စိတ်သက်သာရာရသွားဟန်ဖြင့် သက်ပြင်းချလိုက်သည်။ နောက်ဆုံး၌ သူ ရှာနေသည့်ပစ္စည်းနှစ်မျိုးအနက် တစ်မျိုးဖြစ်သော အမာရွတ်ဖယ်ရှားပေးနိုင်သည့် ကျောက်တုံးကို ရှာတွေ့ခဲ့ပြီဖြစ်သည်။
ရွှီချင်းသည် ကျောက်တုံးလေးခြောက်တုံးကို ဂရုတစိုက် သိမ်းဆည်းလိုက်ပြီး ဘုရားကျောင်းအစုအဝေးကြီးကို လေးလေးနက်နက် ကြည့်လိုက်သည်။ ယင်းနောက် သူသည် ခါးကိုကိုင်း၍ အရိုအသေပေးကာ အလျင်အမြန် ထွက်ခွာသွားပြီး တောအုပ်ထဲ ဝင်ရောက်ပျောက်ကွယ်သွားသည်။
လမ်းခရီးတလျှောက် ရွှီချင်းသည် အတားအဆီးသေးသေးလေးများကို ခုန်ပျံကျော်လွှားသွားသည်။
ညအချိန် ကျရောက်လာပြီး သားရဲများ၏ဟိန်းဟောက်သံများ ပဲ့တင်ထပ်လာသည့်တိုင်အောင် သူက ရပ်မသွားချေ။ သူသည် တစ်ခါတရံ ခပ်မြန်မြန်ခရီးဆက်နေပြီး ရံဖန်ရံခါ နှေးနှေးသွားကာ တဖြည်းဖြည်း တောအုပ်အစွန်းကို ရောက်လာသည်။
မကြာခင် ရွှီချင်းသည် သစ်ပင်တစ်ပင်ပေါ် ခုန်တက်သွားပြီး သစ်ပင်ကိုအားယူ၍ ရှေ့သို့ တဟုန်ထိုး ပြေးသွားသည်။ ထိုစဉ် ဘေးရှိ နုံးမြေ ရုတ်တရက် ပေါက်ကွဲသွားပြီး ချိုကြီးစပါးအုံးမြွေတစ်ကောင် ပျံထွက်လာကာ သူ့ကို ဝါးမျိုချင်နေသည့်အလား ပါးစပ်ကြီးဟထားသည်။
၎င်းသည် စခန်း၌ သူ ရင်ဆိုင်ခဲ့ရသည့် ချိုကြီးစပါးအုံးမြွေထက် အလုံးအထည် ပို၍ ကြီးမားသည်။
ထိုသို့ အလစ်တိုက်ကွက်နှင့် ရင်ဆိုင်လိုက်ရပါသော်လည်း ရွှီချင်းသည် တုန်လှုပ်မသွားချေ။ သူသည် ညာလက်ကို မြှောက်၍ သူ့ကို ဝါးမျိုရန် ကြိုးစားလာသည့် ချိုကြီးစပါးအုံးမြွေ၏ခေါင်းကို ရိုက်ချလိုက်သည်။
ဘုန်းခနဲ မြည်ဟည်းသံနှင့်အတူ ချိုကြီးစပါးအုံးမြွေသည် ထိုလက်ဝါးရိုက်ချက်ကို တောင့်မခံနိုင်ချေ။ နာကျင်စွာ အော်ညည်းလိုက်ပြီး တုံ့ခနဲ ရပ်သွားသည်။ ၎င်း၏မာကြောသောအရေပြားသည် ရွှီချင်း၏ခွန်အားကို တောင့်မခံနိုင်ဘဲ ၎င်း၏ခေါင်း ပေါက်ကွဲသွားကာ အသားစိုင်များ ပြန့်ကျဲသွားသည်။
ထိုပေါက်ကွဲမှုသည် ၎င်း၏ခန္ဓာကိုယ်တစ်လျှောက် ပျံ့နှံ့သွားပြီး နောက်ဆုံးတွင် သွေးမြူများအဖြစ်သို့ ပြောင်းလဲသွားသည်။
၎င်း၏သည်းခြေသည်သာ သွေးမြူများထဲမှ အကောင်းပကတိ ပြန်ကျလာသည်။ ရွှီချင်းသည် မြွေသည်းခြေကို ကောက်ယူကာ ထွက်ခွာသွားသည်။
ထိုသို့ဖြင့် မိုးသောက်ယံသို့ ရောက်သောအခါ ရွှီချင်းသည် တောအုပ်ထဲမှ ထွက်လာပြီး စခန်းကို ပြန်ရောက်လာသည်။
ဤတစ်ကြိမ်တွင် မည်းမှောင်နေသော စခန်းထဲ၌ အလင်းရောင်အနည်းငယ် ရှိနေသည်။ ကျောက်တုံးကလေးများကို ရရှိခဲ့၍ စိတ်တက်ကြွနေသော ရွှီချင်းသည် သူ၏နေအိမ်အနီးကို ရောက်လာသည်နှင့်အမျှ သုန်မှုန်လာသည်။
သူ၏နေအိမ်သည် ပကတိမှောင်မည်းနေ၏။ မြေပြင်ပေါ်တွင် ဝပ်နေသော ခွေးရိုင်းဆယ့်နှစ်ကောင်သည်သာ သူပြန်လာသည်ကို အာရုံခံမိပြီး အမြီးများ ဝှေ့ယမ်းနေသည်။
ရွှီချင်းသည် ခြံထဲကို ဝင်ပြီးနောက် ပုံမှန်ပြုမူနေကြအတိုင်း ခေါင်းဆောင်လဲ့၏ နေအိမ်ဘက်ကို လှမ်းကြည့်ကာ မီးဖိုချောင်ကို တိတ်ဆိတ်စွာ ဝင်ရောက်သွားသည်။
ယမန်နေ့က ကျန်ခဲ့သော ဟင်းလျာများကို သူ နွှေးလိုက်ပြီး အစာအိမ်ကို ဖြည့်တင်းရမည့်အတွက် စားနေရသည့်အလား မျိုချလိုက်သည်။ အစာစားပြီးနောက် သူသည် အခန်းကို ပြန်သွားပြီး သက်ပြင်းချလိုက်သည်။
“ မြို့ထဲမှာ ခေါင်းဆောင်လဲ့ ဘာတွေလုပ်နေမလဲ မသိဘူး။ သူ အဆင်ပြေလောက်မှာပါ။ တကယ်လို့ ကောင်းကင်ကြမ္မာပန်းပွင့်ကို ဘယ်လိုမှ ငါ ရှာမတွေ့ရင်တော့ ငါလည်း ဝိညာဉ်ကြေးပြားနည်းနည်းပါးပါးနဲ့ နေထိုင်ခွင့်ဝယ်ရမှာပဲ ”
ရွှီချင်းသည် တီးတိုးရေရွတ်လိုက်ပြီး မျက်လုံးများကို မှိတ်၍ ကျင့်ကြံခြင်းတွင် အာရုံစိုက်လိုက်သည်။
နောက်တစ်နေ့တွင် ရွှီချင်းသည် ပုံမှန်အတိုင်း စာသွားသင်လေသည်။
ထင်းယွီသည် ပုံမှန်ပြန်ဖြစ်သွားပြီဖြစ်ပါသော်လည်း ရွှီချင်းအတွက် တစ်နေရာစာ ချန်ထားသည်။ ချန်ဖေးယွမ်သည်လည်း သူ၏ကံကြမ္မာကို လက်ခံလိုက်ပြီဖြစ်ပြီး သူ၏နေရာ၌ ရွှီချင်းထိုင်နေသည်ကို မတတ်သာဘဲ ကြည့်နေရတော့သည်။
သင်ခန်းစာပြီးသောအခါ ထင်းယွီက ရွှီချင်းကို မျက်နှာသုတ်ပေးရန် မပြောတော့ပေ။ သူမ၏အကြည့်ထဲတွင် နားလည်နေသည့်အရိပ်အယောင်များသာ ရှိနေပေသည်။
ရွှီချင်းသည်လည်း ထင်းယွီ၏အကြည့်ကို သိသည်။ သူက ခေါင်းကိုငုံ့၍ သမားတော်ကြီးပိုင်အား နှုတ်ဆက်စကားပြောလိုက်သည်။
ရွက်ဖျင်တဲထဲမှ ထွက်လာသောအခါ ရွှီချင်းသည် သားရေအိတ်ရှုံ့လေးထဲရှိ ကျောက်တုံးလေးကို စမ်းကြည့်လိုက်ပြီး မိန်းကလေးရှိရာ ကုန်စုံဆိုင်ကလေးကို လျှောက်လာသည်။
သို့သော် ကုန်စုံဆိုင်နားကို သူ မရောက်ခင် ဆိုင်အပြင်ဘက်ရှိ လူစိမ်းတစ်စုကို အဝေးမှနေ၍ မြင်လိုက်ရသည်။
သူတို့၏အဝတ်အစားများသည် အလွန် အဖိုးတန်သည်။ သူတို့၏အနက်ရောင်ဝတ်ရုံများပေါ်၌ သွေးရောင်နေမင်းတံဆိပ်များ ထွင်းထုထားပြီး သူတို့ထံမှ သွေးဆာနေသောအငွေ့အသက်များ လွင့်ပျံနေသည်။