လွမ်းဆွတ်ခြင်း ဝေဒနာ
Vol. 4 Ch. 51
ထိုဝတ်ရုံနက်လူများအားလုံး အရပ်အမောင်းမြင့်မားကာ ထွားကျိုင်းသန်မာကြသည်။ သူတို့၏ဝတ်ရုံနက်များက သူတို့တစ်ကိုယ်လုံးသာမက သူတို့ခေါင်းများကိုပါ ခြုံအုပ်ထားသည်ဖြစ်၍ သူတို့၏အသွင်အပြင်ကို မြင်နိုင်ရန် ခဲယဉ်းပေသည်။
သို့သော်လည်း ဝတ်ရုံနက်များထဲမှ ရံဖန်ရံခါ ထွက်ပေါ်လာတတ်သော အေးစက်စက်အကြည့်သည် ဘေးပတ်ဝန်းကျင်ရှိ ရတနာမုဆိုးများကို ကြောက်လန့်တုန်ရီသွားစေသည်။
ထိုဝတ်ရုံနက်များ၏ အကြည့်များသည် သွေးအေးရက်စက်သည့်အသွင်ဆောင်နေပြီး လူသားဆန်သော အရိပ်အငွေ့များ စိုးစဉ်းမျှရှိမနေပေ။ သူတို့က လူသတ်ရန်အတွက်သာ မွေးဖွားလာကြသည့်အလားပင်။
သူတို့ ရပ်နေသည့်အတွက်ကြောင့်ပေလော၊ ခြောက်လပိုင်းအပူရှိန်သည်လည်း မမြင်နိုင်သော အားတစ်ခုဖြင့် ဖယ်ရှားခြင်း ခံလိုက်ရပြီး ကုန်စုံဆိုင်အပြင်ဘက်ရှိ ပတ်ဝန်းကျင်တစ်ခုလုံး အလွန် အေးစက်နေပေသည်။
ရွှီချင်းသည် ရောက်လာသည်နှင့် ဘေးပတ်လည်ရှိ ရတနာမုဆိုးများထံမှ တီးတိုးရေရွတ်သံများကို ကြားလိုက်ရပြီး ထိုလူများအကြောင်း သိလိုက်ရသည်။
“ ဒါက လီထူဂိုဏ်းက တရားစီရင်ရေးအသင်းလေ ”
“ လီထူဂိုဏ်း … စိတ္တဇလူသတ်သမားအုပ်စုပဲ။ ရတနာမုဆိုးစခန်းတွေမှာ သူတို့ ပေါ်လာခဲပါတယ်။ ဘာလို့ ဒီကို ရောက်နေတာတုံး ”
“ လူတစ်ယောက်ကို လာရှာတာလို့ ငါ ကြားတာပဲ။ ဒီနယ်တဝိုက်က မြို့တွေနဲ့ စခန်းတွေထဲ ရှာပြီးသွားပြီတဲ့ ”
ဘေးပတ်ဝန်းကျင်မှ အသံများ ရွှီချင်း၏နားထဲ ဝင်ရောက်လာသည်နှင့်အမျှ သူ့မျက်ဝန်းများ တဖြည်းဖြည်း ကျဉ်းမြောင်းလာသည်။ သူက လက်ကို လှုပလိုက်ရာ သံတုတ်ကလေး ပေါ်လာပြီး ကုန်စုံဆိုင်ကို သူ အေးတိအေးစက်ဖြင့် ကြည့်လိုက်သည်။ တချိန်တည်းမှာပင် ကုန်စုံဆိုင်ထဲမှ လူသုံးယောက် ထွက်လာသည်။
အရပ်ပုပုနှင့် အရပ်ရှည်ရှည် လူနှစ်ဦးက ရှေ့မှ လျှောက်လာသည်။
အရပ်မြင့်မားသောလူသည် သွေးအလိမ်းလိမ်း ပေကျံနေသော စူးရှချွန်ထက်သည့် ဓားတစ်လက်အလား ထောင်ထောင်မောင်းမောင်း ရှိသည်။
သူ၏ဝတ်စုံသည် လီထူဂိုဏ်းမှ တရားစီရင်ရေးအသင်း၏ ဝတ်စုံနှင့် ဆန့်ကျင်ဘက်ဖြစ်သည်။ သူ့ဝတ်ရုံသည် နီမြန်းနေပြီး ထိုဝတ်ရုံအပေါ်ရှိ နေမင်းပုံက အနက်ရောင်ဖြစ်သည်။ သူ၏ခေါင်းကို ဝတ်ရုံဖြင့် ခြုံမထားသည်ဖြစ်၍ ပိရိသေသပ်သော ရှည်လျားနက်မှောင်သော ဆံပင်ရှည်များနှင့် ပိရိသေသပ်သောမျက်နှာ ပေါ်လွင်နေသည်။
သူက လူငယ်တစ်ယောက်ပင်။
သူ အပြင်ထွက်လာသည့်အခိုက် အပြင်ဘက်ရှိ ဝတ်ရုံနက်ဝတ် တရားစီရင်ရေးအသင်းအဖွဲ့ဝင်များအားလုံး ဒူးတစ်ဖက် ထောက်လိုက်ကြသည်။
ထိုမြင်ကွင်းကို မြင်သောအခါ ရွှီချင်း၏မျက်လုံးများ ကျဉ်းမြောင်းသွားသည်။ ထိုလူငယ်ထံမှ ထွက်ပေါ်နေသည့် အရှိန်အဝါက တောအုပ်ထဲတွင် အစွမ်းထက်သားရဲတစ်ကောင်နှင့် ရင်ဆိုင်နေရသည့်အလား သူ့ကို ခံစားသွားစေသည်။
ထိုလူငယ်၏ဘေးရှိ အရပ်ပုပုလူသည် မိန်းကလေးပင် ဖြစ်သည်။
ထိုအချိန်၌ သူမသည် လူငယ်၏လက်ကို တင်းတင်းကြပ်ကြပ်ဆုပ်ထားပြီး သူမ၏မျက်နှာတွင် ရှားရှားပါးပါး ပျော်ရွှင်သော အပြုံးတစ်စ ရှိနေပေသည်။
ထိုလူငယ်၏အသက်အရွယ်ကိုကြည့်လိုက်ပါက မိန်းကလေး၏အစ်ကိုဖြစ်ဟန်တူသည်။ အေးစက်စက်လူငယ်သည် မိန်းကလေးကို ငုံ့ကြည့်လိုက်သည့်အခါ နှိုင်းယှဉ်၍မရအောင် နူးညံ့သွားပေသည်။ သို့သော်လည်း သူ၏မျက်ဝန်းများထဲတွင် အရည်ပျော်ကျခြင်းငှာ မစွမ်းသာသော ဝမ်းနည်းကြေကွဲမှုများ ရှိနေသည်။
သူသည် ကပ်ဘေးကြီးအတွင်း ထွက်ခွာသွားခဲ့သော သူ၏ချစ်ခင်မြတ်နိုးသူများအား လွမ်းဆွတ်တမ်းတနေသည့်အလားပင်။
သူတို့နောက်တွင် ကုန်စုံဆိုင်ပိုင်ရှင် ရှိနေသည်။ သူ၏မျက်နှာ၌ ကပ်ဖားယပ်ဖားလုပ်နေသည့်မျက်နှာမျိုး ရှိနေပြီး သူတို့နောက်မှ ဂရုတစိုက်ဖြင့် လိုက်လာကာ တတွတ်တွတ် ပြောနေသည်။
ထိုအခြင်းအရာအားလုံးကို ကြည့်၍ ရွှီချင်းက သံတုတ်ကို တိတ်ဆိတ်စွာ သိမ်းထားလိုက်သည်။
ထို့နောက် သူ၏သားရေအိတ်ရှုံ့ထဲရှိ ကျောက်တုံးလေးကို စမ်းကြည့်ကာ ချီတုံချတုံ ဖြစ်နေသည်။
တချိန်တည်းမှာပင် ဆိုင်ထဲမှ ထွက်လာသော မိန်းကလေးသည်လည်း လူအုပ်ကြားထဲရှိ ရွှီချင်းကို မြင်တွေ့သွားသည်။
သူမသည် ဘေးရှိ လူငယ်ကို စကားအနည်းငယ် ခပ်သွက်သွက်ပြောလိုက်၏။ ထို့နောက် လူငယ်က ရွှီချင်းကို စေ့စေ့စပ်စပ်အကဲခတ်နေစဉ် မိန်းကလေးက ရွှီချင်းထံ ပြေးသွားသည်။
ရွှီချင်း၏ဘေးရှိ ရတနာမုဆိုးများက အလိုလို ဘေးဖယ်ပေးလိုက်ကြရာ မိန်းကလေးသည် ရွှီချင်းဆီကို ရောက်သွားပြီး နှုတ်ဆက်စကား ပြောလိုက်သည်။
“ ညီမအစ်ကိုက ညီမကို လာခေါ်တာလေ။ အစ်ကိုကလေး၊ ညီမနဲ့အတူ လိုက်ခဲ့ပါလားဟင် ”
မိန်းကလေးက ရွှီချင်းကို မျှော်လင့်ချက်များယှက်သန်းနေသည့်မျက်ဝန်းများဖြင့် ကြည့်လိုက်သည်။
ရွှီချင်းက ခေါင်းကိုခါပြလိုက်သည်။
အဖြေကို သိရပြီးနောက် မိန်းကလေးသည် အနည်းငယ် စိတ်ပျက်သွားသည်။ ထို့နောက် ရွှီချင်းကို ကြည့်၍ သူမ၏မျက်နှာ၌ အပြုံးစကလေး ပေါ်လာသည်။
“ ရပါတယ်။ ညီမတို့ အရွယ်ရောက်လာတဲ့အခါ ပြန်တွေ့နိုင်သေးတာပဲ။ အစ်ကိုကလေး၊ ညီမအသက်ကို ကယ်ခဲ့လို့ အစ်ကို့ကို ကျေးဇူးပြန်ဆပ်မယ်လို့ ပြောခဲ့တယ်နော်။ ညီမ သေချာပေါက် အဲဒီကျေးဇူးကို ပြန်ဆပ်မှာပါ ”
“ ညီမရဲ့အစ်ကိုနဲ့ ညီမ ထွက်သွားတော့မယ်။ ညီမရဲ့အစ်ကိုက ညီမကို သိပ်ကောင်းတာ။ ညီမလိုချင်တာ ပေးတယ်။ အစ်ကို့မှာလည်း အစ်ကိုတစ်ယောက်လောက်ရှိလားဟင် ”
မိန်းကလေးသည် စကားများစွာ တတွတ်တွတ်ပြောနေသည်။ ထိုစဉ် ကုန်စုံဆိုင်အပြင်ဘက်ရှိ လူငယ်လေးက သူမကို လှမ်းခေါ်လိုက်၏။
“ ညီမ သွားတော့မယ်နော် အစ်ကိုကလေး ”
မိန်းကလေးသည် ရွှီချင်းကို ကြည့်လိုက်သည်။ စခန်း၌ ရှိနေခဲ့သည့် နှစ်လအတွင်း သူမ ရင်းနှီးသည့်တစ်ဦးတည်းသောလူက သူမ၏ရှေ့ရှိလူသာ ဖြစ်သည်။ ထိုအခိုက် သူနှင့် ခွဲခွာရမည့်အပေါ် သူမ အနည်းငယ် စိတ်ထိခိုက်နေရသည်။
ရွှီချင်းသည် မိန်းကလေးကို တစ်ချက်ကြည့်လိုက်ပြီး သူ၏သားရေအိတ်ထဲမှ ရောင်စဉ်ခုနစ်သွယ်ကျောက်တုံးလေးကို ထုတ်၍ မိန်းကလေးကို ပေးလိုက်သည်။
“ ဒီကျောက်တုံးက အမာရွတ်တွေကို ပျောက်ကင်းစေနိုင်တယ်။ ဒါ အစ်ကို မင်းကို ပေးတာ ”
မိန်းကလေးမှာ ဆွံ့အသွားပြီး ကျောက်တုံးကို ယူ၍ ရွှီချင်းကို ကြည့်ကာ တစ်ခုခုပြောချင်နေပါသော်လည်း ချီတုံချတုံ ဖြစ်နေသည်။ ထိုစဉ် သူမအစ်ကို၏လှမ်းခေါ်သံ ပေါ်လာပြန်သည်။
နောက်ဆုံး၌ သူမသည် ရွှီချင်းကို လေးလေးနက်နက်ကြည့်လိုက်ပြီး ရောင်စဉ်ခုနစ်သွယ်ကျောက်တုံးလေးကို တင်းတင်းကြပ်ကြပ်ဆုပ်လိုက်သည်။
ထို့နောက် သူမသည် လူငယ်လေး၏ဘေးသို့ ပြန်သွားပြီး ဝတ်ရုံနက်လူများကြားထဲ ဝင်ရောက်သွားသည်။
လမ်းခရီး၌ မိန်းကလေးသည် ခေါင်းလှည့်ကြည့်ကာ ရွှီချင်းကို လက်ဝှေ့ယမ်းပြလိုက်သည်။
ရွှီချင်းသည်လည်း လက်ဝှေ့ယမ်းပြလိုက်ပြီး ပြုံးရွှင်သောမျက်နှာဖြင့် အဝေးသို့ ထွက်ခွာသွားသော မိန်းကလေးကို ကြည့်နေသည်။ ဤနေရာမှ ထွက်ခွာသွားသည်မှာ သူမအတွက် မှန်ကန်သော လုပ်ရပ်ဟု သူ ခံစားနေရသည်။
“ မင်း အေးချမ်းပါစေလို့ ငါ ဆုတောင်းပေးပါတယ် ”
ထိုစကားပြောပြီးသည်နှင့် ရွှီချင်းသည် သူ၏နေအိမ်ကို ပြန်လာခဲ့သည်။
သူ၏ဘဝက ယခင်အတိုင်းပင်။ ထမင်းဟင်းချက်ပြုတ်၊ စားသောက်၊ ပန်းကန်ခွက်ယောက်ဆေး၊ သင်ခန်းစာများကို သွားတက်ရင်း တိတ်ဆိတ်စွာ ကုန်ဆုံးသွားသည်။
အချိန်များ စီးဆင်းနေပြီး ခုနစ်ရက်တာ ကုန်လွန်သွားခဲ့လေပြီ။
ရွှီချင်းသည် ဆင်းရဲသားရပ်ကွက်သို့ ပြန်ရောက်သွားသည့်အလား ဖြစ်သွားခဲ့လေပြီ။ သမားတော်ကြီးပိုင်သည်လည်း စခန်း၌ ကြာကြာနေမည် မဟုတ်သည်ကိုလည်း သူ နားလည်လာခဲ့သည်။
လွန်ခဲ့သော နှစ်ရက်၊သုံးရက်ခန့်က သမားတော်ကြီးပိုင်၏ မြင်းလှည်းတန်းက စတင်ပြင်ဆင်နေခဲ့သည့်အတွက် သူ ထိုသို့ နားလည်လာခဲ့ခြင်းလည်း ဖြစ်သည်။
တစ်ခါက သမားတော်ကြီးပိုင်သည် ကျစ်ထူမှ လာခဲ့ခြင်းဖြစ်ကြောင်း သူ့ကို ပြောပြခဲ့ဖူးသည်။ ကျစ်ထူက နန်းဟွမ်ဒေသကြီး၏ အလယ်ဗဟိုတွင် တည်ရှိသည်ဟု လူအများစု ပြောကြသည်ကို သူ ကြားခဲ့ဖူးသည်။
ထိုနေ့မနက်ခင်းက သမားတော်ကြီးပိုင်၏ ရွက်ဖျင်တဲကို ရောက်လာသောအခါ အစောင့်အရှောက်တစ်ယောက်ကိုမျှ သူ မမြင်ရသလို ထင်းယွီနှင့် ချန်ဖေးယွမ်တို့ကိုလည်း မမြင်ရပေ။
ရွက်ဖျင်တဲထဲ၌ သမားတော်ကြီးပိုင်တစ်ယောက်သာ ရှိနေသည်။
ရွှီချင်းသည် ရင်ထဲ၌ အဖြေတစ်ခု ရှိနေပြီ ဖြစ်သည်။
စာသင်ချိန်၌ သမားတော်ကြီးပိုင်၏ ရှင်းပြချက်များသည် လွန်စွာ အသေးစိတ်ကျသည်။ ရွှီချင်းသည် အာရုံစိုက်၍ နားထောင်နေပါသော်လည်း အချိန်က မြန်ဆန်စွာ ကုန်လွန်သွားသည်။ မကြာခင် သင်ခန်းစာပြီးဆုံးချိန် ရောက်လာသည်။
သမားတော်ကြီးပိုင်က ငြိမ်သက်နေသော ရွှီချင်းကို ကြည့်၍ သက်ပြင်းသဲ့သဲ့ချလိုက်သည်။
“ ငါ သွားတော့မယ် ”
“ ငါ မသွားခင် မင်းဘဝရှေ့ရေးမှာ အထောက်အကူဖြစ်စေမယ့် ဗဟုသုတနည်းနည်းပါးပါး ပြောပြခဲ့မယ်။ ကျမ်းသစ္စာကျိန်ဆိုထားလို့ ငါ မင်းကို တိုက်ရိုက် ပြောပြလို့မရဘူး။ အဲဒီအဓိပ္ပာယ်ကို မင်း နားလည်၊မလည်ဆိုတာက မင်းအပေါ်ပဲ မူတည်တယ် ”
သမားတော်ကြီးပိုင်က ရွှီချင်းကို လေးလေးနက်နက်တစ်ချက်ကြည့်၍ ပြောသည်။
ရွှီချင်း၏မျက်လုံးများ ကျဉ်းမြောင်းသွားပြီး သမားတော်ကြီးပိုင်ကို ကြည့်လိုက်သည်။
သူတို့အကြည့်ချင်း ဆုံသွားသည့်အခိုက် သမားတော်ကြီးပိုင်၏ အားနည်းသောအသံက ရွက်ဖျင်တဲထဲ လွင့်ပျံလာသည်။
“ ကလေး၊ တတိယမြောက်နေ့၊ ခုနစ်ရက်မြောက်နေ့၊ ဆယ့်တစ်ရက်မြောက်နေ့၊ ဆယ့်ငါးရက်မြောက်နေ့၊ ဆယ့်ခုနစ်ရက်မြောက်နေ့၊ ဆယ့်ကိုးရက်မြောက်နေ့တွေတုန်းက ငါ မင်းကို သင်ပေးခဲ့တဲ့ ဆေးပင်တွေကို တစ်ချိုး၊နှစ်ချိုး၊ လေးချိုးနှုန်းနဲ့ ရောလိုက်။ ပြီးရင် ခုနစ်ရွက်မြက်ပင်ကို ဆတူရောလိုက်။ အဲဒီအခါ ဒီကမ္ဘာထဲမှာ လူမရေမတွက်နိုင်လောက်အောင် လိုချင်တပ်မက်နေကြတဲ့ အဖြူရောင်ဆေးလုံးတွေကို ဖော်စပ်နိုင်လိမ့်မယ်။ အဲဒီဆေးလုံးတွေကို ဝိညာဉ်ကြေးပြားတွေအဖြစ် ပြောင်းလဲနိုင်တယ် ”
ထိုစကားများကို ကြားလိုက်ရသည့်အခိုက် ရွှီချင်း၏မျက်လုံးများ ပြူးကျယ်သွားပြီး အသက်ရှူသံများ မြန်ဆန်လာသည်။
ယခုအခါ သူသည် ဆေးပင်များအကြောင်း နားမလည်သည့်လူတစ်ယောက် မဟုတ်တော့ပေ။ နှစ်လနီးပါး သင်ယူပြီးနောက် ဤကမ္ဘာ၌ ဆေးညွှန်းများက လွန်စွာ အဖိုးတန်သည်ကို သူ ရှင်းရှင်းလင်းလင်း သဘောပေါက်နေပြီ ဖြစ်သည်။
ဆေးညွှန်းသည် မိသားစုကြီးတစ်စု သို့မဟုတ် အုပ်စုတစ်စုအတွက် အလွန် အဖိုးထိုက်တန်သော ရတနာတစ်ပါး ဖြစ်သည်။
အထူးသဖြင့် အခြေခံငွေကြေးအမျိုးအစားထဲတွင် ပါဝင်နေသော အဖြူရောင်ဆေးလုံးများဆိုပါက ဆိုဖွယ်ရာမရှိတော့ပေ။ ထိုဆေးညွှန်း၏တန်ဖိုးက ကြီးမားလွန်းလှ၍ ဖော်ပြခြင်းငှာ မစွမ်းသာချေ။ ၎င်းက အပြင်ကို အလွယ်တကူ မပေါက်ကြားပေ။
ယခု သူသည် အဖြူရောင်ဆေးလုံးများ ဖော်စပ်နည်းကို ဖမ်းဆုပ်မိနေပြီဖြစ်သည်။ သူ့အနေဖြင့် ကျင့်ကြံခြင်းအဆင့်မြင့်မားနေရန်ပင် မလိုအပ်တော့ဘဲ ကောင်းစွာ နေထိုင်ရှင်သန်နိုင်ပြီဖြစ်သည်။
ယင်းသည် ကြီးစွာသော အကြင်နာတရားပြသလိုက်ခြင်းပင်။
ရွှီချင်း၏ခန္ဓာကိုယ်သည် မသိမသာ တုန်ရီနေပြီး သူ၏ရှေ့ရှိ သမားတော်ကြီးပိုင်ကို ကြည့်လိုက်သည်။ ထို့နောက် သမားတော်ကြီးပိုင်၏ နားထင်မှာ ကျနေသော ဆံပင်ဖြူများနှင့် သူ၏နွေးထွေးကြင်နာသော မျက်လုံးများကို ကြည့်လိုက်သည်။ ပြီးခဲ့သော နှစ်လမှ ဖြစ်ရပ်များက သူ့အတွေးများထဲ ဖြတ်ပြေးသွား၏။
ရွက်ဖျင်တဲအပြင်ဘက်မှနေ၍ ခိုးနားထောင်နေရာမှ ရွက်ဖျင်တဲထဲ သင်ကြားခွင့်ရခဲ့သည်အထိ သမားတော်ကြီးပိုင်၏ စိတ်အားထက်သန်စွာ သင်ကြားပေးမှုများက သူ၏နှလုံးသားထဲတွင် စကားထောင်ပေါင်းများစွာ ဖြစ်တည်စေခဲ့ပြီး ကြီးမားနက်ရှိုင်းသော ကျေးဇူးတရားအသွင် ပြောင်းလဲသွားခဲ့သည်။
နောက်ဆုံး၌ သူသည် ခေါင်းကိုငုံ့၍ ခက်ထန်တင်းမာနေတတ်ပါသော်လည်း ဖော်ရွေသဘောကောင်းသော အဘိုးကြီးကို လေးလေးနက်နက်ဖြင့် ဂါရဝပြုလိုက်သည်။
“ ကျေးဇူးတင်ပါတယ် ဆရာ ”
ခေါင်းဆောင်လဲ့က သူ့ကို မိသားစုဝင်တစ်ယောက်ကဲ့သို့ ခံစားစေခဲ့ရသည်ဟုဆိုလျှင် သူ၏ရှေ့ရှိ သမားတော်ကြီးပိုင်သည် ဤလောကကြီးထဲ၌ အလွန်အဖိုးတန်သော အသက်မွေးဝမ်းကြောင်းပညာ သင်ကြားပေးခဲ့သည့် ဆရာသခင်တစ်ဦး ဖြစ်ပေသည်။
သမားတော်ကြီးပိုင်သည် အရိုအသေပေးနေသော ရွှီချင်းကိုကြည့်၍ ပြုံးလာသည်။ ရွှီချင်း၏ စိတ်ခံစားချက်များကိုလည်း သူ သတိထားမိလိုက်ပြီး ပြုံး၍ ပြောလိုက်သည်။
“ ကလေး၊ ငါ မင်းကို ဒီလိုသင်ပေးတယ်ဆိုတာက မင်းက သင်ယူနိုင်စွမ်းရှိပြီး နားလည်နိုင်စွမ်း မြင့်မားတဲ့ ကလေးတစ်ယောက်ဖြစ်နေလို့ပဲ။ ဒီလောကကြီးထဲက ဆေးညွှန်းတွေကိုတောင် လျှို့ဝှက်နေကြတဲ့ လူတွေကို ငါ ရွံတယ် ”
“ ဒါပေမဲ့ ငါ့ဖြစ်တည်မှုက ငါ့ကို ရွေးချယ်ခွင့်မရှိစေခဲ့တဲ့ အချိန်တွေလည်း ရှိတယ်။ မင်းက တာအိုဆေးပညာနဲ့ ဆေးဖော်စပ်နည်းတွေကို ငါ သင်ကြားပေးခဲ့တဲ့ ပထမဆုံးလူ မဟုတ်ဘူး။ နန်းဟွမ်တောင်ပိုင်းကို ငါ ခရီးဆက်ပြီး တခြားလူတွေကိုလည်း ဝေမျှပေးရဦးမယ်။ ငါတို့ လူသားမျိုးနွယ်ရဲ့ တာအိုဆေးပညာက အဆင့်အတန်းကွာခြားမှုတွေကြောင့် တိမ်မြှုပ်ပျောက်ကွယ်သွားလို့ မဖြစ်ဘူး ”
“ ပြီးတော့ မင်း သိထားရမှာက လောကကြီးဆိုတာ သက်ရှိသက်မဲ့အရာခပ်သိမ်းရဲ့ ဧည့်ဂေဟာကြီးပဲ။ အချိန်ဆိုတာ နှစ်ပဋိစ္ဆေဒ ဖြတ်သန်းသွားလာနေတဲ့ ခရီးသွားဧည့်သည်ပဲ။ မင်း မသေသေးရင် ငါတို့ ပြန်တွေ့ဦးမှာပါ။ ငါ မင်းကို နောက်တစ်ကြိမ် ပြန်တွေ့ရင် မင်းရဲ့ပါရမီတွေကို ထုတ်ပြနေတဲ့နေ့ ဖြစ်စေချင်တယ် ”
သမားတော်ကြီးပိုင်၏ စကားများသည် နက်ရှိုင်းသည့်အဓိပ္ပာယ်များဖြင့် ပြည့်နှက်နေပြီး အထူးသဖြင့် နောက်ဆုံးစကားတစ်ခွန်းပင်။ ထိုစကားများသည် ဤနှစ်များတစ်လျှောက် ရွှီချင်းကြားခဲ့ရသည့် အလေးနက်ဆုံးစကားများ ဖြစ်သည်။ ၎င်းတို့ကို သူ မြဲမြံစွာ မှတ်သားထား၏။
ထိုနေ့က သမားတော်ကြီးပိုင်၏ မြင်းလှည်းတန်းကြီး ထွက်ခွာသွားသည်။ သူတို့ ထွက်မသွားခင် သမားတော်ကြီးပိုင်က ရွှီချင်းကို ကိုယ်တိုင်လေ့လာရန်အတွက် ဆေးစာအုပ်အထူကြီး ပေးခဲ့သည်။
ရွှီချင်းသည် သူတို့ကို စခန်းအပြင်ဘက်ထိ လိုက်ပို့လိုက်ပြီး တရွေ့ရွေ့ ထွက်ခွာသွားသော မြင်းလှည်းတန်းကြီးကို အဓိပ္ပာယ်မဲ့စွာ ငေးကြည့်နေသည်။ မြင်းလှည်းတန်းထဲမှ ထင်းယွီသည် သူ့ကို မကြာခဏ လှည့်ကြည့်နေသည်ကိုလည်း သူ မြင်နေရသည်။
နေဝင်ရီတရောအချိန်၌ မြင်းလှည်းတန်းသည် တဖြည်းဖြည်း ဝေးသည်ထက် ဝေးသွားသည်။
ဝင်လုဝင်ဆဲနေမင်းကြီး၏ ရောင်ခြည်တန်းများကြောင့် လူငယ်လေး၏အရိပ်သည် ရှည်လျားနေပေသည်။ သူသည် အချိန်အတော်ကြာသည်အထိ ရပ်နေပြီး စခန်းကို လေးပင်စွာ လှည့်ပြန်သွားသည်။
စခန်းသည် လူနည်းစု ထွက်သွားသည့်အတွက် ပြောင်းလဲသွားခြင်း ရှိမည်မဟုတ်ပေ။
သို့ဖြစ်၍ အပြောင်းအလဲများ ဖြစ်မသွားဘဲ ခြောက်ကပ်ကပ်သာ ရှိနေပေသည်။ ဖြတ်သွားဖြတ်လာ လူပေါင်းစုံ ရှိနေသေးသည်။ အသက်ကြီးရင့်နေသော အဘိုးကြီးများ၏ အော်ဟစ်သံများ၊ ကလေးငိုသံများ၊ လူထွားကြီးများ၏ ရယ်မောသံများ၊ အမျိုးသမီးများ၏ ညည်းညူသံများ ရှိနေပေသည်။
နေဝင်ရီတရောအချိန်၌ မြောက်မြားစွာသော ဘဝပေါင်းများစွာသည် စခန်း၏ ပန်းချီကားလေးတစ်ချပ်အသွင် ဖော်ဆောင်နေဟန်တူသည်။
ရွှီချင်းသည် ထိုလူများကြားထဲ လျှောက်လာပြီး ချက်ချင်း အိမ်တန်းမပြန်သေးချေ။ ကုန်စုံဆိုင်ကို အလိုလို လျှောက်သွားပြီး မိန်းကလေးနေရာတွင် အစားထိုးဝင်ရောက်လာသော အကူတစ်ယောက်ကို ကြည့်လိုက်သည်။ ထို့နောက် သူ အရက်တစ်ပုလင်း မှာလိုက်သည်။
ရွှီချင်းသည် အရက်ပုလင်းနှင့်အတူ အိမ်ပြန်ရောက်လာပြီးနောက် ထိုနေ့ညက ညစာမစားပေ။
သူသည် ပြောင်ရှင်းနေသော အခန်းကို ကြည့်၍ ဝင်ထိုင်လိုက်ပြီး အရက်ပုလင်းကို ငုံ့ကြည့်လိုက်သည်။ ခဏအကြာ အရက်ပုလင်းကို မြှောက်ကာ တစ်ကျိုက် မော့သောက်လိုက်သည်။
အပူစီးကြောင်းတစ်ခုက သူ၏လည်မျိုတစ်လျှောက် ဖြတ်သန်းစီးဆင်းသွားပြီး သူ၏အစာအိမ်ထဲ ဝင်ရောက်၍ ပေါက်ကွဲသွားကာ ခန္ဓာကိုယ်အနှံ့ ပျံ့သွားသည်။ ဤတစ်ကြိမ်တွင် ယခင်က အရသာ ဆိုးဝါးနေခဲ့သော အရက်သည် ယနေ့ ထူးခြားသော အရသာတစ်မျိုး ဖြစ်နေကြောင်း သူ ခံစားလိုက်ရသည်။
ထို့ကြောင့် သူ နောက်တစ်ကျိုက် မော့ချလိုက်သည်။
နောက်ထပ်တစ်ကျိုက် …
အတန်ငယ် ရီဝေဝေဖြစ်နေသော သူ၏စိတ်ထဲ၌ ဆင်းရဲသားရပ်ကွက်မှအစပြု၍ ပြီးခဲ့သော ခြောက်နှစ်အတွင်း ဖြစ်ရပ်များ ပေါ်လာသည်။ မြို့တံခါးဆီ လျှောက်သွားသော ခေါင်းဆောင်လဲ့၏ပုံရိပ်၊ ထွက်ခွာသွားသော သမားတော်ကြီးပိုင်၏ မြင်းလှည်းတန်းနှင့် တဖြည်းဖြည်း ဝေးကွာသွားသော မိန်းကလေး၏ပုံရိပ်တို့ ပေါ်လာသည်။
မိန်းကလေး ပြောခဲ့သည့်စကားများသည်လည်း သူ့စိတ်ထဲ ပေါ်လာသည်။
“ အစ်ကို့မှာလည်း အစ်ကိုတစ်ယောက်လောက်ရှိလားဟင် ”
“ ငါ့မှာလည်း အစ်ကိုကြီးတစ်ယောက်ရှိတယ်။ ဒါပေမဲ့ ငါ သူ့ကို ရှာမတွေ့တော့ဘူး ”
ရွှီချင်းသည် အရက်ပုလင်းကို ဆုပ်ကိုင်၍ နံရံကိုမှီထားကာ ခေါင်းမော့၍ အပြင်ဘက်ကောင်းကင်ယံရှိ ငွေစန္ဒာလမင်းကြီးကို ငေးကြည့်လိုက်ပြီး တီးတိုးရေရွတ်လိုက်သည်။
သူ၏အခန်းအပြင်ဘက်၌ ခရမ်းရောင်ဝတ်ရုံဝတ်အဘိုးကြီးနှင့် သူ၏အစေခံတို့သည် ရပ်နေကြပြီး အခန်းထဲမှ လူငယ်၏တီးတိုးရေရွတ်သံများကို ငြိမ်သက်စွာ နားထောင်နေကြသည်။
“ လောကကြီးဆိုတာ သက်ရှိသက်မဲ့အရာခပ်သိမ်းရဲ့ ဧည့်ဂေဟာကြီးပဲ။ အချိန်ဆိုတာ နှစ်ပဋိစ္ဆေဒများစွာ ကျော်ဖြတ်လာခဲ့တဲ့ ခရီးသွားဧည့်သည်ပဲ ”
“ ငါ မသေသေးရင်တော့ ငါတို့ ပြန်တွေ့ကြဦးမှာပါ ”