← Chapters

ရည်းစားစာ

Vol. 4 Ch. 349

ရည်းစားစာ

Vol. 4 Ch. 349

ဟန်ဇောင်ကျောင်းတော် စိတ်ဆန္ဒမန္တန်နှင့် ထာဝရ အရွတ်အကြောများအကြောင်းကို သေသေချာချာ လေ့လာပြီးသွားသောအခါ အနာဂတ်တွင် ဖြစ်ပေါ်လာနိုင်သည်များကို ပိုင်ရှောင်ချန်းက စိတ်ကူးယဥ်တွေးတောနေတော့သည်။ သူ၏ တစ်စတစ်စ တိုးပွားနေသည့် သက်စောင့်အားကို အာရုံခံမိလိုက်သောအခါ ပို၍ပင် သူက ကျေနပ်နေတော့သည်။ သူ၏ အသက်ရှည်နိုင်စွမ်း ပမာဏကို သေချာ အတိအကျ မသိပါသော်လည်း အနည်းဆုံး နှစ်တစ်ထောင်ခန့်ရှိလောက်ပြီဟု သူက တွက်ထားတော့သည်။

လူအများစုမှာ ကျင့်ကြံခြင်းကို ပျင်းရိစရာတစ်ခုအဖြစ် မြင်ပါသော်လည်း သူက ထိုသို့ မတွေးချေ။ ဟန်ဇောင်ကျောင်းတော် စိတ်ဆန္ဒမန္တန်နှင့် ထာဝရအရွတ်အကြောသိုင်းကွက်များထဲတွင် သူက လျင်မြန်စွာ စိတ်ကိုနှစ်မြုပ်ထားလိုက်တော့သည်။

အနည်းငယ် ဆင်ခြင်းသုံးသပ်ပြီးနောက် ထာဝရ အရွတ်အကြောသိုင်းကွက်ကို ဘယ်ခြေထောက်၏ခြေမတွင် စတင်ကျင့်ကြံရန် ဆုံးဖြတ်လိုက်သည်။

" ခြေချောင်းတစ်ချောင်းကို တစ်ကြိမ်ကျင့်မယ်ကွာ။ "

သူက တွေးနေတော့သည်။

" ဒီနည်းလမ်းနဲ့ဆို ဘေးရန်အကင်းဆုံးပဲ။ " သူရွေးချယ်လိုက်သည့် နည်းလမ်းမှာ မှန်ကန်ကြောင်း သူက ခံစားမိနေသည်။ သူ၏ ခြေချောင်းမှ စွမ်းအားကြောင့် အံ့အားသင့်သွားကြမည့် ရန်သူများ၏ အော်ဟစ်နေသံများကိုပင် သူက စိတ်ကူးယဥ်ပုံဖော်နေတော့သည်။

" အရူးတွေပဲ လက်ချောင်းတွေကနေ စကျင့်မှာ။ လက်ချောင်းတွေက ဘာကောင်းတာကြလို့။ လက်တွေနဲ့ တိုက်ခိုက်မယ်ဆိုရင် လူတိုင်းက ကြိုတင် တွက်ဆထားပြီးသားပဲ ဖြစ်နေမှာ။ ပြီးတော့ သေရေးရှင်ရေးဆိုရင် လက်ချောင်းတွေလား ထွက်ပြေးတဲ့နေရာမှာ ကူညီနိုင်မှာ။ ဒါပေမဲ့ ခြေချောင်းတွေကြတော့ မတူဘူး။ လျှက်တပြက်တိုက်ကွက်တွေမှ ခြေချောင်းတွေက ရန်သူတွေကို အငိုက်ဖမ်းနိုင်ရုံတင်မကဘူး အမြန်ဆုံးနှုန်းနဲ့ ထွက်ပြေးနိုင်အောင်လည်း ကူညီပေးနိုင်သေးတယ်။ ငါ့ရဲ့ သနားစရာ အသက်လေးသာ ငါ့လက်ထဲရှိနေသေးရင် ကမ္ဘာလောကကြီးတစ်ခုလုံးကို ငါ ပိုင်ဆိုင်ထားတာနဲ့ တူတူပဲ။ "

ဤသို့တွေးတောလိုက်ပြီးနောက် ပိုင်ရှောင်ချန်းသည် သူ့ကိုယ်သူ အသိဥာဏ်ပညာနှင့် ရဲစွမ်းသတ္တိများဖြင့် ပြည့်စုံနေသည့် စံပြတစ်ယောက်အလား တွေးထင်သွားတော့သည်။ အလွန်အမင်း ကျေနပ်နေသဖြင့် သူသည် သူ့ရုပ်သူ ပြန်ကြည့်ရန် ကြေးမှုံမှန်တစ်ချပ်ကို လိုက်ရှာလိုက်သောအခါ အင်မော်တယ်ဂူထဲတွင် မှန်တစ်ချပ်မှ မရှိကြောင်း သိလိုက်ရလေသည်။

" အဆင်မပြေဘူးဟေ့။ "

သူက စိတ်ညစ်သွားသည်။

" ဒီမှာ မှန်လေးတစ်ချပ်တောင်မရှိတာ မယုံနိုင်ဘူး။ "

စိတ်ပျက်သွားသည်ထက်ပင် သူက အနည်းငယ်ပိုနေတော့သည်။ သို့သော်လည်း ထိုအချိန်တွင် တိုက်ပွဲမှာ သူသတ်ခဲ့သည့် ကုံမြစ်ဂိုဏ်းခွဲမှ အမျိုးသမီးအကြောင်းကို ပြန်တွေးမိသွားတော့သည်။ သူမ၏ ထည့်စရာအိတ်ကို သူစစ်ဆေးခဲ့စဥ်တုံးက မှန်တစ်ချပ်ကို တွေ့ခဲ့ကြောင်း သူ သတိရသွားတော့သည်။

သူ၏ ထည့်စရာအိတ်ကို လျင်မြန်စွာဖွင့်ပြီး ပစ္စည်းများကို မွှေနှောက်ရှာဖွေလိုက်သောအခါ လက်ဖဝါးအရွယ်အစားရှိသည့် ကြေးမှုံမှန်ဝိုင်းတစ်ချပ်ကို တွေ့သွားတော့သည်။ လိပ်ကလေးကိုပါ ရှာဖွေခဲ့သော်လည်း သူ၏ အစအနကိုပင် မတွေ့ရချေ။ သို့သော်လည်း ဤလိပ်ကလေး၏ လျှို့ဝှက်ဆန်းကြယ်သော ပျောက်ကွယ်သွားခြင်းများကို သူက ကျင့်သားရနေပြီဖြစ်၍ အံ့သြမနေတော့ချေ။

မှန်ကို အနည်းငယ် စစ်ဆေးလိုက်ပြီးနောက် ထိုမှန်မှာ ပုံမှန် မှန်တစ်ချပ်မဟုတ်ပဲ အသုံးဝင် မှော်ပစ္စည်းတစ်ခုဖြစ်ကြောင်းကို သိလိုက်ရ၍ ပိုင်ရှောင်ချန်းမှာ ကျေနပ်သွားတော့သည်။ သူ၏ လက်ဝယ်ရှိ တန်ဖိုးကြီး ရတနာသုံးခုကဲ့သို့ တမူထူးခြားခြင်း မရှိပါသော်လည်း သူ့အနေထားနှင့်သူတော့ အဆင့်မြင့်နေဆဲပင်။ ထိုမှန်သည် မှော် ကိုယ်ပွားတစ်ခုကို ထုတ်ပေးနိုင်သည်။

သို့သော်လည်း ထိုကိုယ်ပွားမှာ တိုက်ခိုက်ရာတွင် သုံးနိုင်သည့် အမျိုးအစားမဟုတ်ပဲ ရန်သူကို အာရုံထွေပြားစေရန်အတွက်လောက်သာ ဖြစ်သည်။ ထိုအမျိုးသမီးငယ်နှင့် သူတိုက်ခိုက်ခဲ့စဥ်က သူ လုံးဝအသားစီးရခဲ့သည်။ ထို့အပြင် သူ၏ ကောင်းကင်တံတား ဓမ္မမျက်လုံးကြောင့် ထိုကိုယ်ပွားမှာ အသုံးမဝင်ခဲ့ချေ။

" မဆိုးဘူးဟ။ "

သူက မှန်ကို ကိုင်မြှောက်ဆော့ကစားရင်း ရေရွတ်လိုက်သည်။ အနည်းငယ်ကြာသောအခါ ထိုမှန်ကို သူ၏ ကောင်းကင်တံတား ဓမ္မမျက်လုံးဖြင့် လေ့လာကြည့်ရှုရန် ဆုံးဖြတ်လိုက်သည်။ သူ၏ မျက်လုံး ပွင့်လာသောအခါ သူက အလန့်တကြား အော်ဟစ်လိုက်လေသည်။

" အီး.... "

အင်မော်တယ်ဂူထဲတွင် ခရမ်းရောင်အလင်းတန်းများ လင်းလက်သွားပြီး သူ၏ တတိယမျက်လုံးကို ပြန်ပိတ်လိုက်သောအခါ ပြန်လည်ပျောက်ကွယ်သွားသည်။

" ကြည့်ရတာ အဲ့ကောင်မလေးက ဒီမှန်ရဲ့ အလုပ်လုပ်ပုံ အစစ်အမှန်ကိုတောင် မသိတဲ့ပုံပဲ။ မှန်က မှော်ကိုယ်ပွားတွေ ထုတ်ပေးရုံသာမကဘူး ဝိညာဥ်တွေကိုပါ အသက်ရှင်ရက် ထိန်းသိမ်းထားနိုင်တာပဲ။ " အခြား အံ့သြစရာကောင်းသည့်အရာမှာ ဤမှန်၏ အငွေ့အသက်များက လျှို့ဝှက်ဆန်းကြယ် မျက်နှာဖုံး၏ အငွေ့အသက်များနှင့် ဆင်တူနေခြင်းဖြစ်သည်။ တစ်ပုံစံထဲ ထပ်တူမကျသော်လည်း တော်တော်များများ တူညီနေသည်။

မှန်ကို အနည်းငယ်မျှ ထပ်၍ဆော့ကစားလိုက်ပြီးနောက် ဘေးတွင်ချလိုက်ကာ သူ၏ ကျင့်ကြံခြင်းကို ပြန်လည် စတင်လိုက်သည်။ အချိန်များမှာ ကုန်ဆုံးသွားသည်။ မကြာမီတွင် လတစ်ဝက်ခန့် ကုန်သွားပြီဖြစ်သည်။

သူ ကျင့်ကြံနေသည့် တစ်ညတွင် သူသည် ရုတ်တရက် ကြက်သီးမွေးညင်းများ ထသွားလေသည်။ မျက်လုံးများဖွင့်လိုက်သောအခါ ကြမ်းပြင်ကြီးမှာ ပြင်းထန်စွာ တုန်ခါနေသည်ကို သတိထားမိလိုက်ပြီး အင်မော်တယ်ဂူကို ပြင်ပကမ္ဘာနှင့် ခြားနားထားသည့်အလား ဂူထဲတွင် လေအေးများ တိုက်ခတ်နေတော့သည်။

တချိန်ထဲမှာပင် အနီရောင်အလင်းတန်းတစ်တန်းမှာ သူ၏အိတ်ထဲမှ ပျံထွက်လာပြီး မျက်နှာဖုံး ပေါ်ထွက်လာသည်။ ထို့နောက် စိုးရိမ်စိတ်ကြောင့် တုန်ရီနေသည့် ရှေးဟောင်းအသံကြီးတစ်သံ ပေါ်ထွက်လာသည်။

" မလုပ်နဲ့..... "

ပိုင်ရှောင်ချန်းမှာ မှင်တက်သွားတော့သည်။ ထိုအသံကြီး မည်သည်ကိုမှ ဆက်မပြောနိုင်ခင် သူက စက္ကူလက်ဖွဲ့အဆောင်များစွာကိုထုတ်ကာ သူ၏ ကောင်းကင်တာအို ရွှေအမြုတေအဆင့်၏ ကျင့်ကြံခြင်းအခြေခံစွမ်းအားများကို ထည့်သွင်းလိုက်ပြီး မျက်နှာဖုံးဆီသို့ လှမ်းပစ်လိုက်သည်။.

တဒုတ်ဒုတ်မြည်သံများနှင့်အတူ ဒေါသတကြီးအော်ဟစ်သံတစ်သံ မျက်နှာဖုံးထဲမှ နောက်ထပ်တစ်ခေါက် ပေါ်ထွက်လာသည်။ ထို့နောက် မျက်နှာဖုံးမှာ ကြမ်းပြင်ပေါ်သို့ ပြုတ်ကျသွားပြီး တုန်ခါမှုများ ပျောက်ဆုံးသွားတော့သည်။

ထိုအခါမှသာ လူလိမ် ညမုဆိုး၏ ဝိညာဥ်မှာ တုန်တုန်ရီရီနှင့် ပျံထွက်လာသည်။

" ကိစ္စတော့တုံးပြီ။ " သူက အော်ပြောလိုက်သည်။

" ငါတို့တော့ ကိစ္စတုံးပြီဟေ့။ သူတို့က ထပ်ရောက်လာပြန်ပြီ။ ဘာလုပ်ရမှာလဲ။ ဘာဆက်လုပ်ရတော့မှာလဲ။ "

ပိုင်ရှောင်ချန်းမှာလည်း ထိတ်လန့်နေတော့သည်။ သူသာ အနည်းငယ် နှေးကွေးခဲ့ပါက အန္တရာယ်ကြီးတစ်ခုထဲသို့ ကျရောက်သွားနိုင်ကြောင်း သိလိုက်သည်။

" သောက် မိစ္ဆာဝိညာဥ်ကတော့ကွာ။ " ပိုင်ရှောင်ချန်းက အံကြိတ်ရင်း ကြိမ်းမောင်းလိုက်သည်။ ထို့နောက် သူက လူလိမ်ညမုဆိုး၏ ဝိညာဥ်ကို အတွေးထဲတွင် နစ်မျောနေသည့်အကြည့်ဖြင့် လှမ်းကြည့်လိုက်သည်။ အနည်းငယ်ကြာပြီးနောက် သူ၏ မျက်ဝန်းထဲတွင် ပြတ်သားမှု အရိပ်အယောင်များ ပေါ်ထွက်လာတော့သည်။

" လူလိမ် ညမုဆိုးရေ။ ငါမင်းကို အိမ်အသစ်တစ်လုံးပေးမယ်။ မင်းအမိန့်နာခံမှ ရမယ်နော်။ ဒါမှမဟုတ်ရင် မင်းကို မျက်နှာဖုံးနဲ့အတူ ကောင်းကင်တံတားမြစ်ထဲ ပစ်ထည့်လိုက်ပြီး ငါးစာကျွေးပစ်မယ်။ "

လူလိမ် ညမုဆိုးမှာ ထပ်၍တုန်ရီလာပြီး စကားဝင်ပြောချင်နေတော့သည်။ သို့သော်လည်း ပိုင်ရှောင်ချန်း၏ နီမြန်းနေသော မျက်ဝန်းများကြောင့် သူက ပါးစပ်ပင် မဟရဲချေ။ ထိတ်လန့်မှုအပေါင်း ပြည့်နှက်နေသည့် မျက်ဝန်းများဖြင့်သာ ခေါင်းညိတ်ပြလိုက်ရတော့သည်။

" အဲ့ယုန်စုတ်ကိုတောင် ကြမ်းသုတ်ဝတ်လုပ်လို့ ရသေးတာပဲ။ " ပိုင်ရှောင်ချန်းမှာ ကြိမ်းဝါးလိုက်သည်။

" ဒီ မျက်နှာဖုံး အစုတ်လေးကို မဖြေရှင်းနိုင်ဘူးဆိုတာ ငါမယုံဘူး။ "

အေးစက်စက် နှာမှုတ်လိုက်ပြီး မှန်ကိုထုတ်ယူကာ အနည်းငယ်ထပ်၍ လေ့လာလိုက်သည်။ ထို့နောက် သူက လက်နှစ်ဖက်ဖြင့် မန္တန်လက်ကွက်တစ်ခုကိုဖော်လိုက်ပြီး မျက်နှာဖုံးကို လက်ညိုးထိုးလိုက်သည်။ ထိုအခါ လူလိမ်ညမုဆိုး၏ အော်ဟစ်သံများထွက်ပေါ်လာသော်လည်း ပိုင်ရှောင်ချန်းမှာ သူ၏ ပါးစပ်ကို လျင်မြန်စွာပိတ်လိုက်လေသည်။

ပိုင်ရှောင်ချန်းသည် အာရုံအပြည့်စိုက်ကာ သူ၏ ကောင်းကင်တာအို အငွေ့အသက်ကို ထုတ်လွှတ်လိုက်သည်။ သူ၏ ကျင့်ကြံခြင်းအခြေခံမှ စွမ်းအားများထွက်လာသဖြင့် သူ၏ ရွှေအမြုတေမှာ အမြုပ်တစီစီ ထလာတော့သည်။ ထို့နောက် သူ၏ ညာလက်မှာ ရွှေရောင်အဖြစ်သို့ လုံးဝ ပြောင်းလဲသွားတော့သည်။ တချိန်ထဲမှာပင် သူ၏ ကောင်းကင်တံတားဓမ္မမျက်လုံးမှာလည်း ခရမ်းရောင်အလင်းတန်းများ တောက်ပလျက် ပွင့်လာသည်။

ကြောက်မက်ဖွယ် တုန်ခါမှုလှိုင်းကြီးတစ်ခုမှာ ပိုင်ရှောင်ချန်းထံမှ ပေါ်ထွက်လာသည်။ သူ၏ ကောင်းကင်တံတား ဓမ္မ မျက်လုံးမှ ပေါ်ထွက်နေသည့် ခရမ်းရောင် အလင်းတန်းကို ကောင်းကင်တာအို စီးကြောင်းတစ်ခုက ဖြတ်ကာ မျက်နှာဖုံးပေါ်သို့ ကျဆင်းသွားသဖြင့် ထိုအလင်းတန်းမှာ ရွှေရောင်သန်းလာတော့သည်။ ချက်ချင်းပင် လူလိမ်မုဆိုး၏ ဝိညာဥ်နှင့် မျက်နှာဖုံးတို့ ဆက်သွယ်နေသည့် နေရာများကို ပိုင်ရှောင်ချန်းက မြင်လိုက်ရတော့သည်။

ထိုဆက်သွယ်နေသည့်နေရာများကို မြင်လိုက်သောအခါ သူသည် တစ်ခဏလေးပင် တုံ့ဆိုင်းမနေပဲ သူ၏လက်ကို လေထဲတွင် ခုတ်လိုက်သဖြင့် ရွှေရောင်အလင်းတန်းများမှာ တောက်ပစွာ လင်းလက်သွားသည်။

" ပြတ်တောက်စေ။ "

သူက တိုးတိတ်စွာ ဆိုလိုက်လေသည်။ သူ၏လက်က ထိုအချိတ်အဆက်များကို ဖြတ်တောက်မိသွားသောအခါ တဂျုန်းဂျုန်းမြည်သံများ ပေါ်ထွက်လာသည်။ ထိုချိတ်ဆက်နေသည့်နေရာများမှာ တုန်ရီသွားတော့သည်။ ၎င်းတို့သည် အားကောင်းပါသော်လည်း ယခုတွင်မူ ကောင်းကင်တာအို အငွေ့အသက်တစ်ခု၏ တိုက်ခိုက်ခြင်းကို ခံနေရပြီဖြစ်ရာ တစ်ခဏမျှသာ တောင့်ခံနိုင်တော့သည်။ ထို့နောက် ချက်ချင်းပင် အရည်ပျော်ကျသွားတော့သည်။

လူလိမ်ညမုဆိုး၏ ဝိညာဥ်က မျက်နှာဖုံးထဲမှ ပျံထွက်လာပြီး ချက်ချင်းပင် သွေးပြတ်ခြောက်ခြားဖွယ်အသံကြီးဖြင့် အော်ဟစ်လိုက်သည်။ သို့သော်လည်း သူအပြင်သို့ ထွက်ပေါ်လာသည့်အခါ အားပြင်းသော ဆွဲငင်အားကြီးတစ်ခုက သူ့ကိုဆွဲခေါ်သွားတော့မည့်အလား ဖြစ်နေတော့သည်။

လူလိမ်ညမုဆိုးမှာ ကြောက်လန့်တကြား အော်ဟစ်နေပြီး ပိုင်ရှောင်ချန်းမှာလည်း ပါးစပ်အဟောင်းသား ဖြစ်သွားသည်။ သို့သော်လည်း သူ့တွင် မှန် အဆင်သင့်ရှိပြီးသား ဖြစ်သည်။ သူ၏ အင်္ကျီလက်ကို ဝှေ့ယမ်းလိုက်သောအခါ မှန်မှာ လူလိမ်ညမုဆိုးဆီသို့ ပျံဝဲသွားတော့သည်။ မျက်စိတစ်မှိတ်အတွင်း လူလိမ်ညမုဆိုးမှာ မှန်ထဲသို့ စုပ်ယူခံလိုက်ရတော့သည်။

အရာရာပြီးဆုံးသွားသောအခါ ပိုင်ရှောင်ချန်းမှာ အသက်ရှူသံများပင် မမှန်တော့ချေ။ စောစောက ဖြစ်သွားခဲ့သည်များမှာ ရိုးရှင်းသည်ဟုသာ ထင်ရသော်လည်း စွမ်းအင်များစွာ အသုံးပြုလိုက်ရသည်။ အလျင်အမြန်စစ်ဆေးပြီးနောက် လူလိမ်ညမုဆိုးမှာ မှန်ထဲသို့ရောက်နေပြီဖြစ်ကြောင်း သေချာသွားတော့သည်။ သူ၏ ဝိညာဥ်မှာ အလွန်အားနည်းနေပြီး သူ သတိမေ့မျောနေသည်။ သို့သော် ဒဏ်ရာအပြင်းအထန်တော့ မရလိုက်ပေ။ ပိုင်ရှောင်ချန်းမှာ စိတ်သက်သာရာရစွာ သက်ပြင်းချလိုက်တော့သည်။

ထို့နောက် သူက မျက်နှာဖုံးကို စိုက်ကြည့်လိုက်သည်။ အေးစက်စက်ဖြင့် နှာတစ်ချက်မှုတ်လိုက်ပြီး သူက စက္ကူလက်ဖွဲ့အဆောင်များကို ထပ်ထုတ်ကာ မျက်နှာဖုံးပေါ်တွင် ကပ်လိုက်လေသည်။ အဆုံးတွင် မျက်နှာဖုံးကို ပိတ်လှောင်ထားသည့် အကာအကွယ် မန္တန်အရေအတွက်ကိုပင် သူက မသိတော့ချေ။ သို့သော်လည်း အထပ်ပေါင်းများစွာရှိနေမည်မှာ အသေအချာပင်။ ထိုအခါမှ ပိုင်ရှောင်ချန်းမှာ အနည်းငယ် စိတ်အေးသွားတော့သည်။

" ဒီအခြေအနေရောက်နေတာတောင်မှ ထပ်ပြီးတော့ မိုက်ရဲမလား ကြည့်ကြသေးတာပေါ့။ "

သူ့ကိုယ်သူ အလွန်ကျေနပ်သွားပြီး မျက်နှာဖုံးကို သိမ်းဆည်းလိုက်ကာ သူ၏ ကျင့်ကြံခြင်းကို ပြန်လည်စတင်လိုက်သည်။

နောက်ထပ် လတစ်ဝက်တိတိ ကုန်သွားပြန်သည်။ ထိုအတောအတွင်း မျက်နှာဖုံးမှာ လှုပ်ရှားမှုမရှိချေ။ ပိုင်ရှောင်ချန်းမှာ စိတ်ရှုတ်စပြုလာပြီး အဏ္ဏဝါဆေးလုံးအကြောင်းကို တွေးတောနေတော့သည်။

လတစ်ဝက်ကြာသော် သူက ဆက်၍ ထိုင်မနေနိုင်တော့ချေ။

" ငါက ရွှေအမြုတေအဆင့်ကို ရောက်နေပြီပဲ။ အဲ့လောက်တင်ကို တော်တော်ဟုတ်နေပြီ။ အလုပ်ကြိုးစားရမယ့်အချိန်နဲ့ အားလပ်ချိန်အကြားကို သေချာပိုင်းခြားထားမှ ရမယ်။ တစ်နေကုန်ထိုင်နေပြီး ကျင့်ကြံခြင်းလောက် လေ့ကျင့်နေလို့ အဆင်မပြေဘူး။ "

သူပို၍ ဆင်ခြင်သုံးသပ်လေ တံခါးပိတ်ကျင့်စဥ်မှ ထွက်ခွာရန် ပို၍အဓိပ္ပါယ်ရှိလာလေ ဖြစ်သည်။ ထို့နောက် သူ၏ အင်မော်တယ်ဂူကိုဖွင့်ကာ အပြင်သို့ ထွက်သွားတော့သည်။

လေကောင်းလေသန့်များကို ရှူသွင်းလိုက်ပြီးနောက် အဏ္ဏဝါခေါ်သံဂိုဏ်းကို လှည့်ပတ်ကြည့်ရှုလိုက်သောအခါ သူ၏ နှလုံးသားထဲတွင် ဂုဏ်ယူနေသော စိတ်များ တဖွားဖွား ပေါ်ထွက်လာသည်။ နောက်ဖက်တွင် လက်ပစ်ကာ ဂိုဏ်းအတွင်း လှည့်ပတ်သွားလာပြီး မြင်ကွင်းပေါင်းစုံကို ရှုစားနေတော့သည်။

" အစ်မကြီး စုန့်ကို မတွေ့ရတာ အတော်ကြာပြီပဲ။ "

သူက တွေးလိုက်သည်။

" သူ့ကို လွမ်းလိုက်တာ။ "

စုန့်ကျင်းဝမ်၏ ညှို့ဓာတ်ပြင်းသော ပုံစံအားတွေးမိလိုက်တိုင်း သူ၏ ရင်ထဲတွင် နွေးကနဲ ဖြစ်သွားရစမြဲပင်။ မျက်တောင် အနည်းငယ်ခတ်လိုက်ပြီးနောက် သူမကို သွားတွေ့ကာ တီတီတာတာ စကားလေးများ ပြောရန် ဆုံးဖြတ်လိုက်သည်။

သူ၏လမ်းတစ်လျှောက်တွင် သစ်ပင်ပေါ်ရှိ သစ်ရွက်များမှာ အချင်းချင်းပွတ်တိုက်နေကြပြီး ငှက်ကလေးများမှာ တွန်ကြူးနေကြသည်။ အဏ္ဏဝါခေါ်သံဂိုဏ်း၏ စိတ်စွမ်းအင်မှာ ပေါကြွယ်ဝလွန်းလှပြီး နေရာတစ်ခုလုံးမှာ နတ်ဘုံနတ်နန်းအလား ဖြစ်နေတော့သည်။ သူဆုံတွေ့ခဲ့သည့် အဏ္ဏဝါခေါ်သံဂိုဏ်းသားများမှာ အမျိုးသားများရော၊ အမျိုးသမီးများပါ မကျန် သူ့ကို ချစ်ကြောက်ရိုသေလေးစားမှုများ ပြည့်နေသည့် အကြည့်များဖြင့် ကြည့်နေကြသည်။ သူသည် ခေါင်းဆောင်ငယ်လေးဟူသည့် ရာထူးကိုရရှိထားသဖြင့် ဂိုဏ်းထဲတွင် အမြင့်ဆုံး ရာထူးတစ်ခုကို ပိုင်ဆိုင်ထားသည်။

သူ၏ အကြောင်းကို သေချာမသိသော ဆန်းကြယ်နတ်ရေစင်အဖွဲ့နှင့် ဆေးစွမ်းအင်နတ်ရေစင်အဖွဲ့သားများ၏ မျက်နှာပေါ်ရှိ လေးစားမှုများမှာ ပို၍ ထင်ပေါ်နေသည်။ သူ၏ အပြစ်ကင်းကာ နှစ်လိုဖွယ်ကောင်းသည့် ပုံစံလေးမှာ မျက်စိပသာဒဖြစ်လွန်းလှသည် မဟုတ်ပါလော။ ထို့အပြင် သူသည် လူအများကြားတွင် ကိုယ်ဟန်ပြနေရသည်ကို နှစ်သက်သည့် လူဖြစ်ပေသည်။ သူ့ကို သဘောကျနေသည့် အမျိုးသမီးကျင့်ကြံသူ အနည်းငယ်ပင်ရှိသည်။

ထိုအချိန်တွင် သူသည် ဆန်းကြယ်နတ်ရေစင်အဖွဲ့ကို ဖြတ်လျှောက်နေသည်ဖြစ်ပြီး သူ့ကိုနှုတ်ဆက်နေသည့် ဂိုဏ်းသားအချို့နှင့် ကြုံလိုက်ရသည်။ ရုတ်တရက် ဂိုဏ်းသူတစ်ယောက်မှာ တောင်တန်းများဆီမှ ပျံသန်းလာသည်။ သူမသည် အတော်အတန်ချောမောလှပပြီး ရှက်သွေးဖြာနေကာ ပိုင်ရှောင်ချန်းဆီသို့ အပြေးလာနေသည်။ ထို့နောက် သူမသည် အောက်နှုတ်ခမ်းကိုကိုက်ပြီး မျက်နှာလွှဲကာ သူ့ကို စာအိတ်တစ်အိတ်ပေးလိုက်သဖြင့် သူ အံ့သြသွားတော့သည်။ သူဘာမှ ပြန်မပြောနိုင်ခင်မှာပင် သူမသည် နောက်လှည့်ကာ ပြေးထွက်သွားတော့သည်။

ကျင့်ကြံသူများသည် အများအားဖြင့် ဆက်သွယ်ရာတွင် ကျောက်စိမ်းပေလွှာများကို အသုံးပြုကြသည်ဖြစ်သဖြင့် လက်ဖြင့်ရေးသည့်စာများမှာ မရှိသလောက်ရှားသည်။ ပိုင်ရှောင်ချန်းမှာ တစ်ခဏမျှ တအံ့တသြဖြစ်နေပြီးနောက် စာအိတ်ကိုငုံ့ကြည့်လိုက်သောအခါ အသည်းပုံလေးတစ်ခုကို တွေ့လိုက်ရသည်....

" ဒါက... "

သူ၏ မျက်လုံးများမှာ ပြူးသွားပြီး မှင်တက်နေတော့သည်။ ထို့နောက် သူသည် စိတ်လှုပ်ရှားလွန်းလှသဖြင့် တုန်ရီစပြုလာတော့သည်။

" ရည်းစားစာ တစ်စောင်ပါလား။ "

All Chapters