← Chapters

ကံကြမ္မာအလိုအတိုင်းသာ

Vol. 14 Ch. 212

ကံကြမ္မာအလိုအတိုင်းသာ

Vol. 14 Ch. 212

ရွှီချင်းသည် ရှေ့မှ ပင်လယ်ဖွတ်မှော်သင်္ဘောကြီးကို ကြည့်၍ စိတ်လှုပ်ရှားလာသည်။

ယခင်က အခြေတည်အဆင့် ပင်လယ်ဖွတ်များကို မြင်ခဲ့ဖူးသည်။

ထိုသို့ ပင်လယ်ဖွတ်များကို သူ မြင်ခဲ့ဖူးသည့်အတွက်ကြောင့် ကျန်းစန်း၏ ပင်လယ်ဖွတ်အသွင်ဖြင့် ပြုပြင်ထားသော မှော်သင်္ဘောကို မြင်၍ သူ နှိုင်းယှဉ်ကြည့်လိုက်သည်။ သူ့မှော်လှေက ပင်လယ်ဖွတ်အစစ်တစ်ကောင်နှင့် အနည်းငယ် ကွဲပြားပါသော်ငြား အရှိန်အဝါက တူညီလုနီးပါးပင်။

ယင်းမှော်သင်္ဘောသည် ပေငါးရာရှည်ပြီး လက်သည်းချွန်များနှင့် ခြေလက်လေးချောင်း၊ အသက်ဝင်နေဟန်ရှိသော ခေါင်းတစ်လုံးနှင့် အနည်းငယ် လှုပ်ယမ်းနေသည့် အမြီးတစ်ဖက် ရှိသည်။

ယင်းအသွင်သဏ္ဍာန်မှာ ပင်လယ်ဖွတ်များနှင့် တစ်ထပ်တည်း တူညီပေသည်။

ကွာခြားချက်မှာ ၎င်းတွင် အသားအတောင်ပံများ ရှိနေခြင်း ဖြစ်သည်။

အတောင်ပံများက အလွန်ကြီးမားသည်။ ၎င်းတို့ကို မလိပ်ထားပါက အနိမ့်ဆုံး သင်္ဘောကိုယ်ထည်တမျှ ကြီးမားသည်ဟု ရွှီချင်း ခန့်မှန်းမိသည်။ ၎င်းတို့သာ ခတ်လိုက်ပါက လေပြင်းများ တဝုန်းဝုန်းတိုက်ခတ်သွားနိုင်သည်ကို သူ တွေးကြည့်နိုင်သည်။

အခန်းလေးက ပင်လယ်ဖွတ်၏ ကျောပေါ်တွင် တည်ရှိသည်။ ယင်းသည် သုံးထပ်အဆောက်အအုံလေး ဖြစ်ပြီး လက်ရာမြောက်ခြင်းမရှိဘဲ မာကြောခိုင်ခံသည့်အသွင်အပြင် ရှိသည်။

“ သတ္တမမြောက်တောင်ထိပ်က မှော်လှေတွေကို လှေ၊ သင်္ဘော၊ စစ်သင်္ဘောနဲ့ ကုန်တင်သင်္ဘော ဆိုပြီး လေးမျိုးခွဲထားတယ်။ မင်းလှေက မှော်သင်္ဘောအဆင့်ကို ရောက်သွားပြီ။ ဒါပေမဲ့ နတ်ဖွတ်ရဲ့ အရေခွံနဲ့ ကျူးယင်အသားကြောင့် သာမန်ထက် ပိုပြီး အစွမ်းထက်တယ် ”

ကျန်းစန်းက ရွှီချင်း၏ အံ့သြတုန်လှုပ်နေသည့်အမူအရာကို လှမ်းကြည့်လိုက်ပြီး အလွန် စိတ်သက်သာရာရသွားသည်။ သူက မေးကို ဝင့်ကြွားစွာ မော့လိုက်ပြီး သူ့ရှေ့မှ လက်ရာမြောက်သည့် မှော်သင်္ဘောကြီးကို ကြည့်၍ ပြောလိုက်သည်။

“ မှော်လှေက ကုန်ကြမ်းနည်းနည်းရယ်၊ စွမ်းအင်အရင်းအမြစ်ရယ်တော့ လိုနေသေးတယ်။ ကျူးယင်အသားက ရှားပြီး အစွမ်းထက်တယ်ဆိုပေမဲ့ ခေါင်းဆောင်ပေးတာ အရမ်းနည်းတယ်။ ဒါပေမဲ့ အထဲက နတ်တန်ခိုးက အကန့်အသတ်မရှိတော့ နတ်သတ္တဝါတစ်ကောင်ရဲ့ နှလုံးသားကို မင်းရရရင် မှော်လှေက ပိုပြီးတော့တောင် အစွမ်းထက်လာမှာ ”

“ အခြေတည်အဆင့် မှော်သင်္ဘောအတွက် ကုန်ကြမ်းပစ္စည်းတွေ တန်ကြေးက ချီစုစည်းခြင်းအဆင့် မှော်လှေတွေရဲ့ တန်ကြေးထက် အများကြီး ပိုတယ်။ ဒါပေမဲ့ မှော်သင်္ဘောမှာလိုတဲ့ ပစ္စည်းတွေက ပိုပြီး ရှုပ်တယ်။ ပြောရရင် မှော်သင်္ဘောကို တစ်ဆင့်ချင်း တိုးတက်အောင်လုပ်ချင်ရင အနိမ့်ဆုံး အခြေတည်အဆင့်ကုန်ကြမ်းပစ္စည်းတောင် ဝိညာဉ်ကျောက်တုံးသုံးသောင်းကနေ ငါးသောင်းကြား ရှိတယ် ”

“ မင်းရဲ့ အခြေတည်အဆင့် ပင်လယ်ဖွတ်အရေခွံလိုမျိုး အဆင့်မြင့်ပစ္စည်းဆိုရင် နောက်တစ်ဆင့်တိုးတက်ဖို့ ဝိညာဉ်ကျောက်တုံးတစ်သိန်းခွဲကုန်မှာ။ အဲဒီလောက်ကြီး ငါ မတတ်နိုင်ဘူး။ အရည်အသွေးပိုကောင်းတဲ့ပစ္စည်းသုံးချင်ရင်တောင် ဈေးက ခေါင်ခိုက်နေမှာ။ မင်းမှော်လှေကို အဆင့်မြှင့်ချင်ရင် ငွေကတော့ ကုန်မယ် ရွှီချင်း ”

“ အခြေတည်အဆင့်မှော်သင်္ဘောတွေ ကြောက်စရာကောင်းနေတဲ့အချက်က အဆင့်ရှစ်ကို ရောက်သွားရင် ရွှမ်ယောက်အသွင်သဏ္ဍာန်ရောက်နေတဲ့ ကျင့်ကြံသူတွေလိုမျိုး ထူးခြားတဲ့အစွမ်းရှိလာတာပဲ။ ဒါပေမဲ့ အဲဒီအစွမ်းက ရန်သူရဲ့ ရွှမ်ယောက်အသွင်သဏ္ဍာန်ကို ထိန်းချုပ်နိုင်တာပဲ။ မှော်သင်္ဘောရဲ့ ပစ္စည်းက ကောင်းရင်ကောင်းသလောက် ထိန်းချုပ်နိုင်တယ် ”

ရွှီချင်း ရင်တဒိန်းဒိန်းခုန်လာရသည်။

မကြာသေးခင်က ရွှမ်ယောက်အသွင်သဏ္ဍာန်ကို ခေါင်းဆောင် အသက်သွင်းလိုက်စဉ် သေရေးရှင်ရေးအန္တရာယ်ကို သူ ခံစားခဲ့ရသည်။ ယခု မှော်သင်္ဘော၏ အစွမ်းကို ကြားလိုက်ရသောအခါ သူ့မျက်လုံးများ ဝင်းလက်သွားသည်။

“ အံ့သြသွားလား။ ဒီလိုမှမဟုတ်ရင် သတ္တမမြောက်တောင်ထိပ်က ကျင့်ကြံသူတွေက အခြေတည်အဆင့်ကို ရောက်တာနဲ့ မှော်သင်္ဘောတွေကို အဆင့်မြှင့်တင်နေမှာတုံး။ အပြင်လူတွေက ငါတို့ သတ္တမမြောက်တောင်ထိပ်က ကျင့်ကြံသူတွေကို လှေကျင့်ကြံသူတွေလို့ ခေါ်တာ အဲဒါကြောင့်ပဲ ”

ကျန်းစန်းက ပြုံး၍ ပြောလိုက်သည်။

“ ပြီးတော့ အရင်တစ်ခေါက်က မင်းမှော်လှေတစ်ဝက် ပျက်စီးသွားတော့ အခုတစ်ခေါက် ငါ မာကြောမှုနဲ့ အကာအကွယ်ပိုင်းကို ဦးစားပေးပြီးလုပ်ထားတယ်။ အခု မင်းမှော်လှေက အရင်ကထက် အများကြီး တောင့်တင်းနေပြီ ”

“ ပင်လယ်ထဲ သွားတာပဲ ဖြစ်ဖြစ်၊ ရေငုပ်သွားတာပဲဖြစ်ဖြစ်၊ ပျံသန်းတာပဲ ဖြစ်ဖြစ် လှေက အဆင်ပြေတာထက်တောင် ပိုနေပြီ ”

“ သင်္ဘောမှာ အပြင်အလွှာတစ်ခုတောင် ငါ ထပ်ထည့်ပေးလိုက်သေးတယ်။ အဲဒီပုံစံကိုတော့ ပင်လယ်ဖွတ်အရေခွံကနေ နမူနာယူထားတာ။ မင်းမှော်သင်္ဘောက မခံနိုင်လောက်တဲ့ တိုက်ခိုက်မှုတစ်ခု ကြုံလိုက်တာနဲ့ ပန်းပွင့်လေးလို အစိတ်စိတ်အမြွှာမြွှာ ဖြစ်သွားမှာ။ အဲဒါက တော်တော် ရုပ်ပျက်ဆင်းပျက်ဖြစ်သွားမှာ။ အဲဒီလိုဖြစ်သွားရင် တခြားသူတွေက ဒုတိယအကြိမ်တိုက်ခိုက်ဖို့ ဓမ္မစွမ်းအားတွေ ထုတ်ချင်မှာ မဟုတ်ဘူး ”

“ တကယ်တော့ မင်းအတွေးနဲ့ အကောင်းပကတိ ပြန်ဖြစ်အောင် လုပ်လို့ရတယ်။ ဒါပေမဲ့ အဲဒီအပိုင်းမှာ ငါက မကျွမ်းတော့ အကြိမ်အများကြီး မင်း လုပ်လို့ရမှာ မဟုတ်ဘူး။ ငါ ခန့်မှန်းရသလောက် မင်းမှော်သင်္ဘောကို ပျက်စီးအောင်နဲ့ အကောင်းပကတိပြန်ဖြစ်အောင် နှစ်ကြိမ် လုပ်လို့ရမယ် ”

“ အဲဒါဆိုရင် မင်း သေချင်ယောင်ဆောင်တာပဲဖြစ်ဖြစ်၊ တန်ပြန်တိုက်ခိုက်ဖို့ စောင့်တာပဲဖြစ်ဖြစ် ရန်သူကို အခက်တွေ့အောင် လုပ်နိုင်မှာပဲ ”

ရွှီချင်းက ကျန်းစန်းကို ကြည့်လိုက်ပြီးနောက် သူ့မှော်သင်္ဘောကို ကြည့်လိုက်သည်။ ကျန်းစန်က မှော်လှေကို ပြုပြင်ရာတွင် စိတ်ရင်းဖြင့် လုပ်ပေးနေခြင်းဖြစ်ကြောင်း သူ အာရုံခံမိသည်။ ထိုကဲ့သို့ ကြင်နာမှုမျိုးသည် ချီရွှဲ့ထုံဂိုဏ်းပတ်ဝန်းကျင်၌ အလွန် အဖိုးတန်သည်။

ရွှီချင်းက လက်နှစ်ဖက်ဆုပ်၍ အလေးအနက် အရိုအသေပေးလိုက်သည်။

“ ကျေးဇူးတင်ပါတယ် ဂိုဏ်းတူအစ်ကို ”

“ ယဉ်ယဉ်ကျေးကျေးပြောဖို့မလိုပါဘူးကွ။ ဒါလည်း ရင်းနှီးမြှုပ်နှံတာပဲ။ ကြည့်ရတာ ငါက မင်းနဲ့ ခေါင်းဆောင်ကို ပုံအောပြီး မြှုပ်နှံထားတဲ့ပုံပဲ။ ဒီတော့ မင်းကိုလည်း ငါ အသက်ရှည်ရှည်နေစေချင်တယ်။ ဒါပေမဲ့ မင်းတို့နှစ်ယောက်လုံးက အတော်လေး မိုက်ရူးရဲဆန်တယ်။ ငါ့အထင် ခေါင်းဆောင်က မင်းထက် ပိုမြန်မြန် သေမှာပဲ ”

ကျန်းစန်းက သက်ပြင်းချ၍ ဆိုသည်။

ရွှီချင်းသည် ခဏမျှ တွန့်ဆုတ်နေပြီးနောက် မေးမြန်းလိုက်သည်။

“ ခေါင်းဆောင်ဖို့ လုပ်ထားတဲ့ ခေါင်းတလားပစ္စည်းတွေလဲ ကျနော့်မှော်လှေထဲ ထည့်လိုက်တာလား ”

“ ထည့်လိုက်တာပေါ့။ ပစ္စည်းကောင်းလေးတွေပဲလေ။ နောက်ဆုံးတစ်ခေါက်တုန်းက နည်းနည်းပါးပါး သုံးလိုက်တော့ ကျန်တာကို ငါ မဖြုန်းတီးပစ်နိုင်ဘူးကွ ”

ကျန်းစန်းက ခြောက်ကပ်ကပ်ချောင်းဟန့်လိုက်ပြီး ရွှီချင်းကို ပြုံးပြလိုက်သည်။

ရွှီချင်းက နောက်ထပ်မပြောတော့ဘဲ လက်နှစ်ဖက်ကို ဆုပ်လိုက်ပြန်သည်။ သူ အနည်းငယ် တွေးတောပြီးနောက် ဝိညာဉ်ကျောက်တုံးနှစ်သောင်း ထုတ်၍ ပေးလိုက်သည်။

ကျန်းစန်းသည် မှော်သင်္ဘောကို ပြုပြန်ရန်အတွက် ပစ္စည်းများစွာ သုံးစွဲခဲ့ရသည်ဖြစ်ရာ ဟန်မဆောင်တော့ဘဲ ဝိညာဉ်ကျောက်တုံးများကို ယူလိုက်သည်။ ထို့နောက် ရွှီချင်းကို လက်ဝှေ့ယမ်းပြလိုက်ပြီး သူတို့နှစ်ဦးသား နှုတ်ဆက်စကားများ ပြောလိုက်ကြသည်။

ရွှီချင်းက မှော်သင်္ဘောကို သိမ်းဆည်းလိုက်ပြီး အဝေးရှိ ပင်လယ်ပြင်ကြီးကို ကြည့်၍ ရင်ထဲတွင် မျှော်လင့်ချက်များဖြင့် ပြည့်နှက်လာသည်။

“ မနက်ဖန်မနက်ကျရင် ပင်လယ်ပြင်ကို သွားမယ် ”

ရွှီချင်းက ဆုံးဖြတ်ပြီးနောက် သယ်ယူပို့ဆောင်ရေးဌာနမှ ထွက်လာခဲ့သည်။ လမ်းတစ်လျှောက်တွင် ဝိညာဉ်ကျောက်တုံးများကိုလည်း သူ တွက်ချက်လာခဲ့၏။

“ အခြေတည်အဆင့်ကို တက်ဖို့ ဝိညာဉ်ကျောက်တုံးတွေအများကြီး ငါ သုံးလိုက်ရတယ်။ အခုလောလောဆယ် ဝိညာဉ်ကျောက်တုံးငါးသောင်းတောင် မရှိတော့ဘူး။ လင်းရှီမီးအိမ်ကို ငါ မြန်မြန်ရောင်းမှရမယ်။ အဲဒါကို ရောင်းမှပဲ ငါ ချမ်းသာမှာ ”

ရွှီချင်းက တွေးတောလိုက်ပြီး သတ္တမမြောက်တောင်ထိပ်သို့ သွားသည့်လမ်းတစ်လျှောက် ပျံသန်းလာခဲ့သည်။ မှောင်နေပြီဖြစ်၍ ပင်မမြို့ကြီးထဲတွင် လမ်းသွားလမ်းလာများ မရှိတော့ပေ။ လမ်းများ ခြောက်ကပ်နေပြီး ညအခါ ရက်စက်ကြမ်းကြုတ်သော အငွေ့အသက်များသည်သာ သာမန်ဂိုဏ်းသားများအကြား ပျံ့လွင့်နေသည်။

သို့သော်လည်း ယင်းသည် ရွှီချင်းနှင့် မသက်ဆိုင်တော့ပေ။ ရာဇဝတ်ကောင်များကို သတ်ဖြတ်ခြင်းက သူ့အတွက် မလုံလောက်တော့ပေ။ သို့ပေမည့် ပင်မမြို့ကြီးတစ်လျှောက် သူ ပျံသန်းလာစဉ် ရုတ်တရက် လေထဲတွင် ရပ်သွားသည်။

ရွှီချင်းက ခေါင်းငုံ့၍ အောက်ရှိ လူသူခြောက်ကပ်နေသော လမ်းကို ကြည့်လိုက်သည်။ လမ်းပေါ်တွင် လူတစ်ယောက် လဲကျနေသည်။

ယင်းမှာ ခွေးသားရေအနွေးထည်ကို အောက်ခံအဖြစ် ဝတ်ဆင်ထားသည့် မီးခိုးရောင်ဝတ်ရုံဝတ် လူငယ်ဖြစ်သည်။ အနွေးထည်တစ်လျှောက် သွေးများ စီးကျနေပြီး သူ့တာအိုဝတ်ရုံမှာ စွန်းထင်းနေသည်။ သူ့ဗိုက်၌ သေစေနိုင်လောက်သည့် ဒဏ်ရာကြီးတစ်ခု ရှိနေသည်ကို မြင်နိုင်သည်။

သူ့တစ်ကိုယ်လုံးသည်လည်း ဒဏ်ရာများဖြင့် ပြည့်နှက်နေသည်။

သူ၏ စူးရှချွန်ထက်သော သွားများနှင့်အတူ သူ့လက်သည်းများအားလုံး အတင်းအကြပ် ဆွဲနှုတ်ခံထားရသည်။

ယင်းမှာ လူအလေးဖြစ်သည်။

သူ့ဒဏ်ရာများက ပြင်းထန်ပြီး သေလုမျောပါး ဖြစ်နေသည်။ သူ့ဗိုက်ပေါ်တွင် စွမ်းဆောင်မှုရမှတ် အနည်းအကျဉ်းသာ ကျန်တော့သော ဂိုဏ်းတံဆိပ်ပြားရှိသည်။ မိုးသောက်ယံရောက်သည်နှင့် ချီရွှဲ့ထုံဂိုဏ်း၏ မန္တန်အစီအရင်ကြီးမှ သတ်ဖြတ်ခြင်းကို သူ ခံရကောင်း ခံရပေမည်။

ရွှီချင်းက လူအလေးကို ကြည့်၍ တိတ်ဆိတ်စွာ ဆင်းသက်လိုက်သည်။ သူက လူအလေးဘေးတွင် ရပ်လိုက်ပြီး လူအလေးကို ကြည့်လိုက်သည်။

လူအလေးမှာ သတိလစ်နေပြီး မိုးသောက်ယံမရောက်ခင်မှာပင် သေတော့မည့်အသွင်ရှိသည်။ သူ့မှော်လှေနှင့် သူ့အိတ်ရှုံ့လေးပါ မရှိတော့ပေ။

ပစ်မှတ်ကို သေလုမျောပါးဖြစ်အောင်လုပ်ပြီး ဗိုက်ပေါ်တွင် ဂိုဏ်းတံဆိပ်ပြား ချန်ထားခဲ့သည့်နည်းလမ်းမှာ တောင်ခြေမှ ဂိုဏ်းသားများစွာ အသုံးပြုသည့်နည်းလမ်းဖြစ်သည်ကို ရွှီချင်း သိသည်။ ဂိုဏ်းသားအများစုက ထိုနည်းလမ်းကို များသောအားဖြင့် လက်စားချေရာတွင် အသုံးချကြသည်။

လူအလေးက ရက်စက်ကြမ်းကြုတ်လွန်း၍ ထိုသို့လက်စားချေခံရခြင်း ဖြစ်သည်မှာ သိသာသည်။

လူအလေးကို ကြည့်၍ ရာဇဝတ်ကောင်ကို လာပေးခြင်း၊ ပြိုင်ပွဲမှ ပြန်ရောက်လာသည့်နေ့က သူ့နောက်သို့ လိုက်လာခြင်း၊ အရိပ်နှင့် ပတ်သက်၍ သတိပေးစကားစသည့် လူအလေး၏ အပြုအမူများကို ရွှီချင်း စဉ်းစားကြည့်လိုက်သည်။

အချိန်အတော်ကြာပြီးနောက် ရွှီချင်းက လူအလေး၏ ဂိုဏ်းတံဆိပ်ပြားကို ယူ၍ ဝိညာဉ်ကျောက်တုံးတစ်တုံးစာ စွမ်းဆောင်မှုရမှတ်များ လွှဲပြောင်းပေးလိုက်သည် လူအလေး၏ ခြောက်ကပ်ကပ်ပါးစပ်ကိုလည်း ဖွင့်၍ ဆေးလုံးတစ်လုံး ထည့်ပေးလိုက်သည်။

ထိုသို့ ပြုလုပ်ပြီးနောက် သူက လူအလေး၏ အဝတ်အစားများကို ယူ၍ လူအလေးကို တရွတ်တိုက် ဆွဲသွားသည်။ လူအလေး၏ ခွေးအိမ်ပုံစံအိမ်သို့ ရောက်သွားပြီးနောက် လူအလေးကို သူ အထဲသို့ ပစ်ထည့်လိုက်သည်။

ဤလောကပျက်ကြီးထဲ၌ ထိုသို့ပြုလုပ်ပေးခြင်းသည် အလွန် သဘောထားကောင်းသည်ဟု သူ ယူဆသည်။ သေခြင်းရှင်ခြင်းမှာ ကံကြမ္မာအလိုအရသာ ဖြစ်သည်။ လူအလေး အသက်ရှင်နိုင်ရန်မှာ သူ့ကံကြမ္မာအပေါ်တွင် မူတည်ပေသည်။

ရွှီချင်း ထွက်သွားသည်။ လမ်းတွင် လူအလေး နိုးနေသည်ကို သူ သိခဲ့ပါသော်လည်း ဂရုမစိုက်ပေ။

သူ ထွက်သွားပြီးနောက် လူအလေးက မျက်လုံးများကို ခက်ခက်ခဲခဲ ဖွင့်လိုက်ပြီး ထွက်သွားသည့် ရွှီချင်း၏ပုံရိပ်ကို ငေးစိုက်ကြည့်လိုက်သည်။ အချိန်အတော်ကြာပြီးနောက် မျက်လုံးများကို မှိတ်လိုက်ပြီး ဘောလုံးတစ်လုံးကဲ့သို့ သူ့တစ်ကိုယ်လုံး ကွေးညွတ်သွားသည်။

သတ္တမမြောက်တောင်ထိပ်သို့ ရွှီချင်း ပြန်ရောက်သွားသည်။ အဝေးမှနေ၍ သူ့ဂူကို လှမ်းကြည့်လိုက်သောအခါ ဂူအပြင်ဘက်ရှိ ချောက်ကမ်းပါးဘေးတွင် ထိုင်နေသော ရင်းနှီးသည့်လူရိပ်ကို သူ သတိထားမိလိုက်သည်။

ယင်းလူရိပ်မှာ ဟွမ်ရန်ပင်။

ဟွမ်ရန်သည် ချောက်ကမ်းပါးပေါ်တွင် ခြေထောက်ကို တွဲလောင်းချလျက် ထိုင်နေပြီး လက်ထဲရှိ ကြက်ဥကို ပျော်ပျော်ပါးပါး သောက်၍ ခေါင်းယမ်းနေသည်။ အဝေးမှ ပျံသန်းလာနေသော ရွှီချင်းကို သူ သတိထားမိသောအခါ မျက်လုံးများ ဝင်းလက်သွားပြီး ချက်ချင်းပင် လက်ကို ဝှေ့ယမ်းပြလိုက်သည်။

“ ဟား ဟား။ မင်း ပြန်လာပြီပဲ။ မင်းကိုစောင့်နေတာ တော်တော်ကြာနေပြီ ”

ဟွမ်ရန်က ပြောရင်းဆိုရင်း ကြက်ဥတစ်လုံးထုတ်၍ ပစ်ပေးလိုက်သည်။

ရွှီချင်းက ကြက်ဥကို ဖမ်းယူလိုက်ပြီး ဘေးတွင် ချထားလိုက်သည်။ သူက အခြေတည်အဆင့်သို့ ရောက်သွားသည့်အတွက်ဖြင့် ဟိန်ကြီးဟန်ကြီးမနေဘဲ ထိုင်ချလိုက်ပြီး ကြက်ဥကို ခွဲ၍ သောက်လိုက်သည်။

ကြက်ဥအရသာက ယခင်အတိုင်းပင်။

“ မင်း အခြေတည်အဆင့်ကို ရောက်သွားပြီလို့ မနေ့က လူတစ်ယောက်ပြောတာ ငါ ကြားလိုက်တယ်။ အဲဒါကြောင့် ဒီနေ့ ငါ လာခဲ့တာ။ ငါက အံ့သြဖို့မကောင်းဘူးလား။ သတ္တမမြောက်တောင်ထိပ်ကို ငါ တက်ချင်တဲ့အချိန် တက်လာလို့ရတယ်။ မန္တန်အစီအရင်တောင် ငါ့ကို မတားဘူး ”

ဟွမ်ရန်က ဝင့်ကြွားစွာ ပြောလိုက်သည်။

“ ဒုတိယမင်းသမီးက ခင်ဗျားကို ကောင်းကောင်းဆက်ဆံတယ်လေ ”

ရွှီချင်းက ပြုံး၍ ပြောလိုက်သည်။ ဟွမ်ရန်ကို သူ အတော်လေး အကောင်းမြင်ထားသည်။ သတ္တမမြောက်တောင်ထိပ်ရှိ သူ့မိတ်ဆွေများအနက် တစ်ယောက်အဖြစ် ယူဆနိုင်သည်။

ဒုတိယမင်းသမီးကို ပြောလိုက်ခြင်းကြောင့် ဖက်တီးလေးမှာ ဗိုက်ကို ချက်ချင်း ပုတ်လိုက်သည်။

“ ဒါပေါ့။ ငါ မင်းကို ပြောရဦးမယ်။ အခု ဂိုဏ်းတူအစ်မက ငါ့အပေါ် တော်တော်လေး သဘောကောင်းနေတာ။ သူ့ကို အချိန်မရွေး လာရှာလို့ရအောင် ဂိုဏ်းတံဆိပ်ပြားတစ်ခုကိုတောင် ငါ့ကို ပေးထားတာ ”

ရွှီချင်းက ပြုံး၍ ကြက်ဥကို ဆက်သောက်လိုက်သည်။

ထိုသို့ဖြင့် လရောင်အောက်၌ သူတို့နှစ်ယောက်သည် ဆိပ်ကမ်းနံပါတ်ခုနစ်ဆယ့်ကိုးတွင် ရှိစဉ်ကအတိုင်းပင်။ များသောအားဖြင့် ရွှီချင်းက နားထောင်ပြီး ဟွမ်ရန်က ဂိုဏ်းတူအစ်မက သူ့အပေါ် မည်သို့ ဆက်ဆံသည့်အကြောင်းများကို ပြောပြလေသည်။

တစ်နာရီကြာပြီးနောက် ဟွမ်ရန်က မတ်တတ်ရပ်လိုက်ပြီး သူ့ဗိုက်ကို ဘုတ်ခနဲ မြည်အောင်ပုတ်၍ ရွှီချင်းကို ပြုံးပြလိုက်သည်။

“ ဒါနဲ့ ရွှီချင်း … တခြားကိစ္စကြောင့် ငါ လာခဲ့တာကွ။ ရေသူမမျိုးနွယ်က လင်းရှီမီးအိမ်ကို မင်း ယူသွားတယ်လို့ ငါ ကြားတယ်။ အဲဒီမီးအိမ် ငါ့ကို မင်း ရောင်းပေးချင်လား။ ဂိုဏ်းတူအစ်မကို ငါ အဲဒါ ပေးချင်လို့ ”

“ ငါ အခွင့်အရေးမယူပါဘူး။ ဝိညာဉ်ကျောက်တုံးငါးသိန်းနဲ့ ငါ ဝယ်မှာပါ။ ဒါပေမဲ့ အခုတော့ အဲဒီလောက် အများကြီး မရှိသေးဘူး။ တစ်လလောက် စောင့်ပေးဦး၊ မင်း သဘောတူရင် ကိစ္စပြတ်ပြီ ”

ဟွမ်ရန်က ရွှီချင်းကို မျှော်လင့်နေသည့်အကြည့်ဖြင့် ကြည့်လိုက်သည်။

ရွှီချင်းက တွေးတောလိုက်ပြီး လက်ခံသည့်အနေဖြင့် ခေါင်းညိတ်ပြလိုက်သည်။

ဟွမ်ရန် အလွန်ပျော်သွားသည်။ သူက ထွက်မသွားခင် တစ်ခုခုကို တွေးမိသွားဟန်တူပြီး သူ့မျက်နှာအမူအရာ အနည်းငယ် လေးနက်သွားသည်။

“ ရွှီချင်း … သိပ်မကြာခင် ဂိုဏ်းထဲမှာ ကိစ္စကြီးတစ်ခုခု ဖြစ်တော့မယ်လို့ ဂိုဏ်းတူအစ်မပြောတာ ငါ ကြားခဲ့တယ်ကွ ”

“ အရင် ရေသူမမျိုးနွယ်တိုက်ပွဲမှာ ချီရွှဲ့ထုံဂိုဏ်းဘိုးဘိုး အဆင့်တက်သွားပြီး အဏ္ဏဝါရုပ်အလောင်းမျိုးနွယ်ကို သတ်ဖြတ်ခဲ့တယ်။ အဲဒီကိစ္စကနေ နောက်ဆက်တွဲ ကိစ္စတွေ ဖြစ်မှာ ငါ စိတ်ပူတယ်။ ပြီးတော့ အခု သူ့ကျင့်ကြံခြင်းအဆင့်က မတူတော့လို့ ပင်လယ်ထဲမှာ အင်အားချိန်ခွင်လျှာ မညီတော့ဘူး ”

“ စစ်ပွဲတောင် ဖြစ်လာနိုင်တယ်။ အဲဒါ ကောင်းတဲ့အချက်ပဲ။ စစ်ပွဲရှိရင် ပြိုင်ပွဲရှိတယ်။ ငါတို့အားလုံး ကံကြမ္မာဖန်တီးဖို့ အခွင့်အရေးရမယ်။ အဲဒါက အန္တရာယ်များတယ်ဆိုပေမဲ့ ရလာမယ့်အကျိုးအမြတ်က တန်ပါတယ် ”

ဟွမ်ရန်က စကားပြောပြီးနောက် နှုတ်ဆက်ကာ ထွက်သွားသည်။

ရွှီချင်းက ဟွမ်ရန်၏ နောက်ကျောကို ကြည့်နေပြီးနောက် ပင်လယ်ပြင်ဘက်သို့ အကြည့်လွှဲလိုက်သည်။

“ စစ်ပွဲ …”

All Chapters