နဂါးလိုက်ခြင်း
Vol. 14 Ch. 213
စစ်ပွဲကို ရွှီချင်း တစ်ခါမှ မကြုံခဲ့ဖူးပါသော်လည်း တူညီသော အရာတစ်ခုကို မြင်ခဲ့ဖူးသည်။
သို့သော် အဆင့်အတန်းချင်း အလွန် ကွာခြားသည်။
သူ မြင်ခဲ့သည်မှာ ဆင်းရဲသားရပ်ကွက်များ တည်ရှိရာ မြို့လေးနှစ်မြို့ကြားမှ တိုက်ပွဲတစ်ခုသာ ဖြစ်သည်။ ထိုတိုက်ပွဲသည် ခုနစ်ရက်မှ ရှစ်ရက်အထိ ကြာသည်။
“ ဒီတော့ ချီရွှဲ့ထုံဂိုဏ်းနဲ့ တခြားအင်အားစုတွေကြားက စစ်ပွဲဆိုရင် ဘယ်လောက်တောင် ကြာမှာတုံး ”
ရေသူမမျိုးနွယ်ပြိုင်ပွဲမှ မြင်ကွင်းများ ရွှီချင်း၏စိတ်ထဲ ပေါ်လာသည်။
ခေါင်းဆောင် ပြောသည့်စကားများအနက် မှန်သောအချက်တစ်ခုရှိသည်။ ထိုကဲ့သို့ ကိစ္စကြီးသည် သူတို့ စိုးရိမ်နေသင့်သည့်အရာ မဟုတ်ပေ။ ဂိုဏ်းမှ အရေးကြီးပုဂ္ဂိုလ်များက အရာအားလုံးကို ဦးဆောင်သွားမည် ဖြစ်သည်။
“ အကျိုးအမြတ် ကောင်းကောင်းမရရင် စစ်ပွဲထဲ ဝင်မပါဘူး ”
ရွှီချင်းက ဂူဆီသို့ ပြန်လျှောက်လာခဲ့သည်။ ဂူထဲသို့ သူ ရောက်သောအခါ ထိုင်ချလိုက်ပြီး သက်ရှည်အတတ်ကျောက်စိမ်းပေလွှာကို ထုတ်လိုက်သည်။
မိစ္ဆာမီးဝိညာဉ်ဝါးမျိုခြင်းအတတ်သည်လည်း ကျင့်ကြံခြင်းအတတ်ဖြစ်သည့်တိုင်အောင် များသောအားဖြင့် သတ်ဖြတ်ခြင်းကို အခြေခံ၍ ကျင့်ကြံရခြင်း ဖြစ်သည်။ ယင်းအတတ်က မန္တန်တစ်ခုနှင့် များစွာ မကွာလှပေ။ ယင်းအတတ်ကို ကျင့်ကြံပြီးနောက် ဓမ္မတံခါးများ ပွင့်လာမည်ဖြစ်ပြီး သက်ဆိုင်ရာမန္တန်များလည်း ရှိလာမည်ဖြစ်သည်။
သက်ရှည်အတတ်မှာ မတူညီပေ။ ယင်းမှာ ကောင်းကင်နှင့် မြေပြင်၏ ဝိညာဉ်စွမ်းအားများကို စုပ်ယူခြင်းအပေါ်တွင်သာ အခြေခံထားသည်။ ယင်းသည် ပင်လယ်အသွင်ပြောင်းပညာရပ်နှင့် ဆင်တူပြီး ကျင့်ကြံသူကို တဖြည်းဖြည်း အားအင်တိုးပွားစေကာ ဓမ္မတံခါး တစ်ခုပြီးတစ်ခု ဖွင့်စေနိုင်ခြင်း ဖြစ်သည်။
ရွှီချင်းမှာ ယခင်သူ့အတွေးများ မှားနေကြောင်း ခံစားလိုက်ရသည်။ ထိုကျင့်ကြံခြင်းအတတ်နှစ်မျိုးကို အတူတကွ လေ့ကျင့်နိုင်ပေသည်။ မည်သည့်ကျင့်ကြံခြင်းအတတ်က အဓိကဖြစ်ပြီး မည်သည့်အတတ်က သာမညဖြစ်သည်မှာ အရေးမပါပေ။ အခြေတည်အဆင့်၌ သက်စောင့်မီးတောက် ထွက်ပေါ်လာရန် ဓမ္မတံခါးများကို ဖွင့်ရေးသည်သာ အရေးကြီးသောကြောင့် ဖြစ်ပေသည်။
ထိုအချိန်၌ သက်ရှည်အတတ်ကို သူ စတင်လေ့ကျင့်နေပြီဖြစ်သည်။
ညတစ်ည ကုန်လွန်သွားသည်။
နောက်တစ်နေ့ နေမင်းကြီး ထွက်လာသောအခါတွင် စူးရှသော နေရောင်ခြည်တန်းများကြောင့် ရွှီချင်း၏မျက်လုံးများ ပွင့်လာသည်။
သူ၏လက်နက်များ၊ အဆိပ်မှုန့်နှင့် သူ ဝယ်ခဲ့သည့် အဆောင်များကို တည်ငြိမ်စွာ အစီအစဉ်တကျ ထားလိုက်သည်။ ပြီးသည်နှင့် ပုံမှန်အတိုင်း သူ့အရိပ်ကို ထိန်းချုပ်လိုက်ပြီး ဂူတံခါးကို ဖွင့်လိုက်ကာ အဝေးရှိ ကြည်ပြာရောင်ကောင်းကင်ကြီးနှင့် မီးဖိုကြီးသဖွယ်အနီရောင်အလင်းတန်းများ ဖြာကျနေသည့် ဖြူလွလွတိမ်စိုင်များကို သူ မော့ကြည့်လိုက်သည်။
“ ငါ့ဓမ္မတံခါးကို ဖွင့်ဖို့ ပင်လယ်သတ္တဝါဝိညာဉ်တွေရအောင် ပင်လယ်ပြင်ကို သွားပြီး ပင်လယ်သတ္တဝါတွေ သတ်ရမယ် ”
ရွှီချင်း လေထဲသို့ ပျံတက်လိုက်သည်။ သူ့အောက်မှ ရှဲကျင်းလုံက အသွင်ပြောင်းလဲသွားပြီး ကောင်းကင်ကြီးကို မာန်ဖီဟိန်းဟောက်လိုက်သည်။ ၎င်း၏ရေယပ်နှစ်ဖက်သည် ကောင်းကင်ကြီးက ပင်လယ်ပြင်ဖြစ်သည့်အလား တဖပ်ဖပ်ခတ်လိုက်ပြီး ကြောက်ခမန်းလိလိ အမြန်နှုန်းဖြင့် ရွှီချင်းကို မိုးကုတ်စက်ဝိုင်းဆီ သယ်ဆောင်သွားလေသည်။
တားမြစ်ပင်လယ်ထဲတွင် အနက်ရောင်ရေလှိုင်းများ တဝုန်းဝုန်းရိုက်ခတ်နေသည်။
စူးရှတောက်ပနေသော ကောင်းကင်ကြီးနှင့် ယှဉ်ပါက ပင်လယ်ပြင်မှ ထိုအနက်ရောင်သည် ထူးဆန်းသောအသွင်ဆောင်နေသည်။ ယင်းသည် မှင်ရည်နှင့် ဆင်တူပြီး အတိမ်အနက်ကို မှန်းဆမရသည့်အတွက်ကြောင့် မြင်သူအဖု့ိ လေးစားကြောက်ရွံ့စိတ်သာ ဖြစ်စေနိုင်သည်။
ယင်းသည် ပင်လယ်ပြင်သု့ိ ပထမဆုံးအကြိမ် သွားလာခြင်း မဟုတ်တော့ပါသော်လည်း ရွှီချင်း၏ စိတ်ခံစားချက်များက ယခင်နှင့် များစွာ မကွာပေ။ အမှန်စင်စစ် သူ ပို၍ပင် သတိထားသွား၏။
အဘယ်ကြောင့်ဆိုရသော် ဂိုဏ်းထဲ၌ စည်းမျဉ်းများရှိပြီး ဂိုဏ်းအပြင်ဘက်တွင် မည်သည့်အရာမဆို ဖြစ်လာနိုင်သောကြောင့် ဖြစ်ပေသည်။
ထိုသို့ဖြင့် ရွှီချင်းက ပေါ်ပေါ်ထင်ထင် ပျံသန်းမနေတော့ဘဲ မှော်သင်္ဘောကို ထုတ်၍ ၎င်း၏ဖုံးကွယ်နိုင်စွမ်းကို အသက်သွင်းကာ သာမန်အသွင်အပြင် ဖြစ်အောင် လုပ်လိုက်သည်။ ထု့နောက် ၎င်း၏အကာအကွယ်များကို သူ အသက်သွင်းလိုက်သည်။
“ သင်္ဘောက ဂူထဲမှာထက် ပိုပြီး စိတ်ချလက်ချဖြစ်သလိုပဲ ”
ရွှီချင်းက လှေပေါ်တွင်ထိုင်ချလိုက်ပြီး ခံစားချက်များစွာဖြင့် ပြောသည်။ ထို့နောက် မှော်လှေကို ထိန်းချုပ်ကာ သူ ရွေးချယ်ထားသည့်နေရာသု့ိ ဦးတည်ခုတ်မောင်းသွားလိုက်သည်။
ယခင်က ထိုနေရာသို့ ရွှီချင်း ရောက်ဖူးသည်။ ယင်းနေရာမှာ ကျောက်ကျုံးဟန်၊ တင်းရွှယ်တို့နှင့်အတူ ရှဲကျင်းလုံကို တွေ့ခဲ့ဖူးသည့်နေရာဖြစ်သည်။
ယခုတစ်ခေါက် သူ၏သားကောင်မှာ ရှဲကျင်းလုံ ဖြစ်ပေသည်။
ဓမ္မတံခါးများကို ဖျက်ဆီးရန် ဝိညာဉ်များစွာ သူ လိုအပ်သည်။ ပင်လယ်သတ္တဝါများ၏ ဝိညာဉ်များကို လောင်စာအဖြစ် အသုံးချရန် သူ ဆုံးဖြတ်ချက်ချပြီးဖြစ်၍ သူ့ကို ရန်လိုချင်နေသည့် ရှဲကျင်းလုံက သူ၏ပထမဆုံးပစ်မှတ်ဖြစ်သွားရသည်မှာ သဘာဝပင်။
ယခင်တစ်ခေါက်က တွေ့ခဲ့သည့် ရှဲကျင်းလုံကို ထပ်တွေ့ရန် မဖြစ်နိုင်ကြောင်း သူ သိသည်။ သို့သော်လည်း ထိုနေရာတွင် ရှဲကျင်းလုံများ မကြာခဏ ပေါ်လာတတ်ရာ ရှဲကျင်းလုံများကို ရှာဖွေရန် နေရာကောင်းတစ်ခု ဖြစ်ပေသည်။
ရွှီချင်းက သွားလာနေရင်း အချိန်မဖြုန်းဘဲ သက်ရှည်အတတ်ကို လေ့ကျင့်လိုက်သည်။ သူ့ဓမ္မတံခါးထဲတွင်လည်း သူ၏ရှဲကျင်းလုံကို သိုလှောင်လိုက်သည်။
သူ့ရှဲကျင်းလုံ၏ အရှိန်အဝါက အခြေတည်အဆင့်တွင် ရှိသည်။ ၎င်းကိုသာ အပြင်ဘက်တွင် ထားလိုက်ပါက ရှဲကျင်းလုံအရိုင်းကောင်များ၏ သတိကြီးသည့်သဘာဝကြောင့် ထွက်ပေါ်မလာတော့မည်ကို သူ စိုးရိမ်သည်။
ချီရွှဲ့ထုံဂိုဏ်းမှ မဟုတ်သည့် လှေတချို့ကိုလည်း သူမြင်ခဲ့ရသည်။ ထိုလှေများနှင့် ကြုံသည့်အခါတိုင်း သူ သတိထားနေတတ်သည်။ ယခု သူက အခြေတည်အဆင့်သို့ ရောက်နေပြီဖြစ်ပါသော်လည်း အနည်းငယ်မျှ သူ သတိလွတ်မသွားပေ။
ပင်လယ်ပြင်၌ မရင်းနှီးသော လှေများကို ကြုံလိုက်ရသည့်လူအများစုက သူကဲ့သို့ သတိထားသွားတတ်ပေသည်။ တစ်စုံတစ်ခုသော အကွာအဝေးသို့ ရောက်သည်အထိ ထွက်ခွာသွားကြသည့်တိုင်အောင် နှစ်ဖက်လုံးက တစ်ဖက်နှင့်တစ်ဖက် သတိထားနေကြသည်သာ ဖြစ်သည်။
အချိန်များ ကုန်လွန်သွားသည်။ သုံးရက်ကြာပြီးနောက် ထိုနေရာသို့ ရွှီချင်း ရောက်သွားသည်။ မွန်းတည့်ချိန်ဖြစ်ပြီး ဝေဟင်တွင် ပင်လယ်ငှက်များက စက်ဝိုင်းပုံစံဖြင့် နီးတစ်လှည့်၊ ဝေးတစ်လှည့် ဝေ့ဝိုက်ပျံသန်းနေသည်။
ရွှီချင်းက ကုန်းပတ်ပေါ်တွင် ထိုင်၍ တားမြစ်ပင်လယ်ကြီး ကြည့်လိုက်သည်။ ထို့နောက် သူ့အသိအာရုံကို ဖြန့်ကျက်ကာ ပင်လယ်အောက်မှ အငွေ့အသက်များအပေါ်တွင် အာရုံစိုက်လိုက်သည်။
သို့သော် သူ အချိန်အတော်ကြာ စောင့်ပြီးသည့်တိုင်အောင် ရှဲကျင်းလုံတစ်ကောင်၏ အရိပ်အယောင်ကို မမြင်ရသေးပေ။
ရွှီချင်းသည် တခဏကြာ ငြိမ်သက်သွားပြီး မှော်သင်္ဘော၏ အရှိန်အဝါကို ထိန်းချုပ်လိုက်သည်။ သူ ကောင်းကင်ကြီးကို ကြည့်လိုက်ပြီး ခဏအကြာ အစာရှာရန် စက်ဝိုင်းပုံစံ လှည့်ပတ်ပျံသန်းနေသည့် ငှက်ကြီးဝံပိုတစ်ကောင်ကို သူ မြင်လိုက်ရသည်။
သူက လက်ကိုဝှေ့ယမ်းလိုက်ရာ သူ့လက်ထဲမှ အနက်ရောင်သံတုတ်လေးက ဝေဟင်သို့ တဟုန်ထိုး ပျံသန်းသွားသည်။ ငှက်ကြီးဝံပိုမှာ အထိတ်တလန့် ဖြစ်သွားပြီး ပျံပြေးချင်ပါသော်လည်း နောက်ကျသွားပေပြီ။ ၎င်း၏ အတောင်ပံများကို သံတုတ်က ထိုးဖောက်သွားသည်။
ငှက်ကြီးဝံပို၏ စီခနဲ အော်ဟစ်သံများကြားတွင် ရွှီချင်းက သံတုတ်ကို ထိန်းချုပ်၍ ပြန်ဆွဲယူလိုက်သည်။ သူက ငှက်ကြီးဝံပိုကို ရုန်းမရအောင် လုပ်လိုက်ပြီး ပင်လယ်ရေမျက်နှာပြင်အထက်တွင် သံတုတ်ကို ထားကာ စိုးရိမ်ပူပန်စွာ စောင့်နေလိုက်သည်။
အချိန်များ ကုန်လွန်သွားသည်။ ငှက်ကြီးဝံပိုမှာ ရုန်းကန်နေရင်း အားနည်းသည့်လက္ခဏာများ ပြသလာစဉ် ရွှီချင်း၏မျက်လုံးများ ရုတ်တရက် မှေးသွားသည်။ ပင်လယ်အောက်မှ တဝုန်းဝုန်းရိုက်ခတ်လာသော မူမမှန်သည့်စီးကြောင်းတစ်ခုကို သူ အာရုံခံမိလိုက်သည်။ များမကြာခင် နောက်ဆုံးတစ်ကြိမ်က ရှဲကျင်းလုံထက် ပို၍ အကောင်အထည်ကြီးမားသည့် ပေသုံးထောင်ကျော်ရှဲကျင်းလုံ ပေါ်လာသည်။
၎င်း၏အရှိန်အဝါက အံ့သြစရာကောင်းပြီး ချီစုစည်းခြင်းအဆင့်နှင့် အခြေတည်အဆင့်ကြားတွင် ရှိသည်။ သို့သော်လည်း ၎င်း၏ ကြီးမားသော ခန္ဓာကိုယ်၊ ၎င်း၏အတိုက်အခိုက်စွမ်းရည်များသည် ချီစုစည်းခြင်းအဆင့် ကျင့်ကြံသူများ ခုခံနိုင်သည့်အရာ မဟုတ်တော့ပေ။ ၎င်းက နီးကပ်လာသည်နှင့်အမျှ ရွှီချင်း၏ မှော်သင်္ဘောကို သတိထားမိလိုက်သည်။
သို့သော်လည်း ရွှီချင်း၏မှော်သင်္ဘောအရှိန်အဝါများသည် ထိန်းချုပ်ခံထားရ၍ မည်သည့်အရိပ်အယောင်မှ ထွက်ပေါ်မနေပေ။ သူ့ကိုယ်သူလည်း သူ ထိန်းချုပ်ထားသည်ဖြစ်ရာ ရှဲကျင်းလုံက စက်ဝိုင်းပုံစံ လှည့်ပတ်သွားလာပြီးနောက် အနီးသို့ တိုးကပ်လာသည်။
၎င်းက ငှက်ကြီးဝံပိုကို ဝါးမျိုရန် ပင်လယ်ပြင်သို့ ဖောက်ထွက်မလာဘဲ ရွှီချင်း၏ မှော်သင်္ဘောဆီသို့ ဒရကြမ်း ပြေးဝင်သွားသည်။
၎င်းအတွက် ငှက်ကြီးဝံပိုထက် ရွှီချင်းက ပို၍ အရသာရှိနေဟန်တူသည်။
ထိုသည်ကို ရွှီချင်း ဂရုမစိုက်ပေ။ ရှဲကျင်းလုံ အနီးသို့ ရောက်သည်နှင့် သူ့မျက်လုံးများ အေးစက်စက်ဝင်းလက်သွားသည်။ ရုတ်တရက် သူက တိုးဝင်လာသော ရှဲကျင်းလုံကို ဖမ်းဆုပ်လိုက်သည်။
အခြေတည်အဆင့်စွမ်းအားအငွေ့အသက်များ ထွက်ပေါ်လာပြီး ရှဲကျင်းလုံ ပတ်လည်ရှိ ပင်လယ်ရေများ တဝုန်းဝုန်းမြည်သွားကာ ပင်လယ်ရေများဖြင့် ဖန်တီးထားသည့် ဧရာမလက်ကြီးတစ်ဖက်ပေါ်လာပြီး ရှဲကျင်းလုံကို ဖမ်းဆုပ်လိုက်သည်။
သံတုတ်လေးက ငှက်ကြီးဝံပို၏ ခန္ဓာကိုယ်ကို အလျင်အမြန် ထိုးဖောက်လိုက်ပြီး ပင်လယ်ပြင်ဘက်သို့ ပြေးဝင်သွားသည်။ သူ၏တန်ဖိုးကို ပြသချင်နေသည့် ကျင်းကန်းဂိုဏ်းစောင့်ဘိုးဘိုးမှာ အပြင်းအထန် အလုပ်ကြိုးစားလိုက်သည်။ သူက ပင်လယ်ပြင်ထဲသို့ တိုးဝင်ကာ ရှဲကျင်းလုံထံ အလျင်အမြန် ပြေးဝင်သွားသည်။
ရှဲကျင်းလုံက ဟိန်းဟောက်မာန်ဖီလိုက်ရာ ပင်လယ်ရေများကို ခွင်း၍ အသံလှိုင်းတစ်လှိုင်း လွင့်ပျံသွားပြီး သံတုတ်လေးကို တားဆီးလိုက်သည်။ တချိန်တည်းမှာပင် ရှဲကျင်းလုံက ရေယပ်များကို တဖပ်ဖပ်ခတ်၍ လှိုင်းကြီးများ ဖန်တီးကာ ၎င်းကို ဖမ်းဆုပ်လာသည့် ဧရာမလက်ကြီးအား တန်ပြန်တိုက်ခိုက်လိုက်သည်။ ၎င်းမှာ အထိတ်တလန့် ဖြစ်သွားပြီး နောက်ဆုတ်ချင်နေသည်။
သို့သော်လည်း နောက်ကျသွားခဲ့လေပြီ။ မည်မျှပင် ၎င်း ရုန်းကန်ပါစေ ဧရာမလက်ကြီးက လျော့မသွားပေ။ ထိုအချိန်၌ သံတုတ်လေးက တဖျပ်ဖျပ်ဝင်းလက်နေလျက် အသံလှိုင်းများကို ဖောက်ထွင်း၍ ရှဲကျင်းလုံ၏ ခန္ဓာကိုယ်ထဲသို့ တိုးဝင်သွားပြီး အသွေးအသားများမှတစ်ဆင့် နှလုံးသားဆီသို့ တန်းတန်းမတ်မတ် ဝင်ရောက်သွားသည်။
“ ငါ အသက်ရှင်ရက် လိုချင်တယ် ”
ရွှီချင်းက တည်ငြိမ်စွာ ပြောလိုက်သည်။ သံတုတ်လေးမှာ တုန်ရီသွားပြီး ရှဲကျင်းလုံ၏ နှလုံးသားကို တိုးဝင်သွားပါသော်လည်း ဆက်လက်မထိုးဖောက်ဝံ့ဘဲ မလှုပ်မယှက်ဖြစ်သွားသည်။
သံတုတ်လေးက ရှဲကျင်းလုံ၏ နှလုံးသားကို အပ်တစ်ပေါက်စာ ဒဏ်ရာအနည်းငယ်ဖြစ်အောင်သာ ထိုးဖောက်လိုက်ခြင်း ဖြစ်ပါသော်ငြား ပြင်းထန်သော နာကျင်မှုကြောင့် ရှဲကျင်းလုံမှာ အော်ဟစ်မြည်တမ်းလိုက်သည်။ ၎င်းက အတင်းရုန်းပါသော်ငြား မလွတ်မြောက်နိုင်ပေ။ ပင်လယ်ရေဖြင့် ဖန်တီးထားသည့် ဧရာမလက်ကြီးက ၎င်းကို လေထဲသို့ မ, သွား၏။
ပင်လယ်ရေများက ရေတံခွန်အလား အောက်သု့ိ တဝေါဝေါကျနေသည်။ ရှဲကျင်းလုံ၏ ဧရာမခန္ဓာကိုယ်ကြီးက နေရောင်ခြည်ကို ဖုံးကွယ်ထားသည့်အတွက်ကြောင့် ၎င်း၏အရိပ်က ရွှီချင်း၏ မှော်သင်္ဘောကို လွှမ်းခြုံသွားသည်။
ရွှီချင်းက ခေါင်းမော့၍ ရှေ့မှ ရှဲကျင်းလုံကို ကြည့်လိုက်သည်။ သူက တည်ငြိမ်စွာဖြင့် မန္တန်လက်ကွက်များ ဖော်လိုက်ရာ သူ့ခန္ဓာကိုယ်ထဲရှိ ဓမ္မတံခါးများထဲမှ အနက်ရောင်မီးတောက် တဖြည်းဖြည်း မြင့်တက်လာသည်။
အဝေးမှ ကြည့်ပါက ရွှီချင်း၏တစ်ကိုယ်လုံး အနက်ရောင်မီးတောက်များဖြင့် ဖုံးလွှမ်းထားသည့်အလားပင်။ တဝုန်းဝုန်းတောက်လောင်နေသော မီးတောက်များကြောင့် ရှဲကျင်းလုံ၏ မျက်လုံးများထဲတွင် ကြောက်ရွံ့နေသည့်အရိပ်အယောင်များ ပေါ်လာသည်။ ၎င်းက ကျယ်လောင်စွာ အော်ဟစ်မြည်တမ်းကာ ပို၍ပင် ပြင်းထန်စွာ ရုန်းကန်လိုက်သည်။
သို့သော်လည်း ယင်းမှာ အသုံးမဝင်ပေ။ မကြာခင် ရွှီချင်း၏ခန္ဓာကိုယ်ထဲမှ အနက်ရောင်မီးတောက်များ ပို၍သာ ထွက်ပေါ်လာသည်။ နောက်ဆုံး၌ မီးတောက်များက ပျံ့လွင်သွားပြီး နတ်ဆိုးအသွင် တစ္ဆေတစ်ကောင်အဖြစ် ပြောင်းလဲသွားသည်။ ၎င်းက သွေးပျက်ဖွယ် တဟားဟား ရယ်မော၍ ရှဲကျင်းလုံကို ခုန်အုပ်လိုက်သည်။
၎င်းတို့ တွေ့ဆုံသွားသည့်အခိုက် နတ်ဆိုး၏ခန္ဓာကိုယ်က ရှဲကျင်းလုံ၏ ခန္ဓာကိုယ်တစ်လျှောက် ချက်ချင်း ပြန့်ကားသွားပြီး ရှဲကျင်းလုံ၏ တစ်ကိုယ်လုံးကို လွှမ်းခြုံကာ တဝုန်းဝုန်းလောင်ကျွမ်းလေသည်။
၎င်း လောင်ကျွမ်းလိုက်သည်မှာ ရှဲကျင်းလုံ၏ ခန္ဓာကိုယ်မဟုတ်ဘဲ ဝိညာဉ်သာ ဖြစ်သည်။
ဖြစ်စဉ်တစ်ခုလုံးမှာ အမွှေးတိုင်တစ်တိုင် လောင်ကျွမ်းစာအချိန်ထိ ကြာမြင့်သွားသည်။ ရှဲကျင်းလုံ၏ ရုန်းကန်မှုများနှင့် အော်ဟစ်မြည်တမ်းသံများ အားနည်းသည်ထက် အားနည်းလာစဉ် ၎င်း၏ခန္ဓာကိုယ်ပေါ်မှ အနက်ရောင်မီးတောက်များက ပြန်လည်ဆုတ်ခွာသွားကာ ရွှီချင်း၏ခန္ဓာကိုယ်ထဲသို့ ဝင်ရောက်သွားသည်။
ရှဲကျင်းလုံမှာ အသက်မရှိတော့ဘဲ ပျော့ခွေသွားသည်။ ၎င်း၏ဝိညာဉ်ကို ဆုံးရှုံးသွားရပြီးနောက် ၎င်း၏ခန္ဓာကိုယ်က အသက်ဓာတ်ဆုံးရှုံးသွားကာ တန်ဖိုးမရှိတော့ပေ။
ဧရာမလက်ကြီးက အားပျော့သွားပြီး ရှဲကျင်းလုံ၏ ခန္ဓာကိုယ်မှာ ပင်လယ်ထဲသု့ိ ဝုန်းခနဲ ကျဆင်းသွားရာ လှိုင်းကြီးများ ထလာ၏။
သံတုတ်လေးက ရှဲကျင်းလုံ၏ ခန္ဓာကိုယ်ထဲမှ အလျင်အမြန် ထွက်ခွာလာပြီး နာခံသည့်အနေဖြင့် ရွှီချင်း၏ဘေးတွင် စက်ဝိုင်းပုံစံ ပျံသန်းနေသည်။
ယင်းမှာ မိစ္ဆာမီးဝိညာဉ်ဝါးမျိုခြင်းအတတ်ကို ရွှီချင်း ပထမဆုံးအကြိမ် သုံးဖူးခြင်း ဖြစ်သည်။ သူ့ခန္ဓာကိုယ်ကို သူ စစ်ဆေးကြည့်လိုက်ပြီး အစိမ်းရောင်သမ်းနေသည့် ဝိညာဉ်ဖြူအရိပ်အလုံးလေးတစ်လုံး သူ့ကိုယ်ထဲ ပေါ်လာသည်ကို မြင်လိုက်ရသည်။
ယင်းဝိညာဉ်အရိပ်မှာ ရှဲကျင်းလုံနှင့် ဆင်တူသည်။
“ တကယ် အဖြူရောင်ပဲ ”
ရွှီချင်း ခပ်တိုးတိုးရေရါတ်လိုက်သည်။ မိစ္ဆာမီးဝိညာဉ်ဝါးမျိုခြင်းအတတ်တွင် ဖော်ပြချက်အရ ချီစုစည်းခြင်းအဆင့် ကျင့်ကြံသူများ၏ ဝိညာဉ်များက အဖြူရောင်ဖြစ်ပြီး အခြေတည်အဆင့်ကျင့်ကြံသူမျာ၏ ဝိညာဉ်များမှာ အစိမ်းရောင်ဖြစ်သည်။ ဝိညာဉ်ဖြူများက များစွာ နိမ့်ကျသည့်အတွက် ဝိညာဉ်စိမ်းများသည် ဓမ္မတံခါးများကို ဖွင့်ရာတွင် သင့်တော်သည်။
“ ငါ စမ်းကြည့်ရမယ် ”
သူက တွေးလိုက်ရာ သူ့ကိုယ်ထဲရှိ ရှဲကျင်းလုံ၏ ဝိညာဉ်အရိပ်မှာ ချက်ချင်း လောင်ကျွမ်းသွားသည်။ ၎င်းထံမှ မီးတောက်များ ထိန်းမနိုင်သိမ်းမရ မြင့်တက်လာသည်။ ဝိညာဉ်တစ်ခုလုံး လောင်ကျွမ်းသွားပြီးနောက် မီးတောက်များက ရွှီချင်း ရွေးချယ်ထားသည့် တတိယမြောက်ဓမ္မတံခါးထံ တိုးဝင်သွားသည်။
ရွှီချင်း၏ခန္ဓာကိုယ် ချက်ချင်း တုန်ခါသွားပြီး အက်ကွဲကြောင်း ပေါ်လာသည့်အလား သူ့တတိယမြောက် ဓမ္မတံခါး တုန်ခါသွားသည်။ သု့ိသော်လည်း နောက်ဆုံး၌ ၎င်းက မဖွင့်နိုင်ခဲ့ပေ။ ရှဲကျင်းလုံ၏ ဝိညာဉ်စွမ်းအားသည်လည်း လွင့်ပါးပျောက်ကွယ်သွားသည်။
“ ဒါက တကယ်ထိရောက်တယ်ဆိုပေမဲ့ နှေးလွန်းတယ် ”
ရွှီချင်း ရေရွတ်လိုက်သည်။ ယင်းမှာ ထိုအတတ်ကို သူ မကျွမ်းကျင်သေးသည့်အတွက်ကြောင့်လည်း ဖြစ်နိုင်သည်ဟု သူ ခံစားလိုက်ရသည်။ ထို့ကြောင့် သူက မှော်သင်္ဘောကို ထိန်းချုပ်၍ နောက်တစ်နေရာ ပြောင်းလိုက်ပြီး တူညီသော နည်းလမ်းကို သုံးကာ ဆက်လက်ငါးဖမ်းလိုက်သည်။ ငှက်ကြီးဝံပိုက အကောင်းဆုံးငါးစာပင်။ သူက ပင်လယ်အောက်သို့ ငုပ်လျှိုးကာ ချီစုစည်းခြင်းအဆင့်အငွေ့အသက်များကို ထုတ်ဖော်၍လည်း သူ့ကိုယ်သူ ငါးစာအဖြစ် ထားလိုက်သည်။
တချိန်တည်းမှာပင် အခြေအနေမဟန်လျှင် ချက်ချင်းထွက်သွားရန်လည်း သူ ပြင်ထားသည်။ ယင်းကဲ့သို့ ငါးဖမ်းနည်းသည် သူ မခုခံနိုင်သော ကြောက်မက်ဖွယ်သတ္တဝါတချို့ကို ဆွဲဆောင်နိုင်သည် မဟုတ်ပါလား။
သို့ပေမည့် ထိုသု့ိ ဖြစ်နိုင်ချေမှာ အလွန် နည်းသည်။ ထိုသတ္တဝါများအတွက် ချီစုစည်းခြင်းအဆင့်အရှိန်အဝါမှာ မျက်စိဆံပင်မွေးစူးစရာ မဟုတ်ပေ။
သုံးရက်ကြာပြီးနောက် ရွှီချင်း၏ ပရိယာယ်များအောက်တွင် ဒုတိယမြောက်ရှဲကျင်းလုံတစ်ကောင် နီးကပ်လာသည်။ သူက ယခင်နည်းအတိုင်း ထိုဒုတိယမြောက်ရှဲကျင်းလုံကို ဝိညာဉ်စွမ်းအားအဖြစ် ပြောင်းလဲ၍ သူ၏ တတိယမြောက်ဓမ္မတံခါးကို ရိုက်နှက်လိုက်ရာ တတိယမြောက်ဓမ္မတံခါးတွင် အက်ကွဲကြောင်းများ ပို၍ ပေါ်လာသည်။
နောက်ဆုံး၌ နေရာများစွာ ပြောင်းလဲ၍ လဝက်ကျော် သူ ငါးဖမ်းခဲ့ပြီး ချီစုစည်းခြင်းအဆင့် အထွတ်အထိပ်ကို ယှဉ်နိုင်သည့် ဆယ့်ခုနစ်ခုမြောက် ရှဲကျင်းလုံကို ဖမ်းမိပြီးနောက် သူ၏ တတိယမြောက်ဓမ္မတံခါး တစ်ဝက်မှာ ပွင့်နေပြီ ဖြစ်သည်။
“ နှေးလိုက်တာကွာ …”
ရွှီချင်း ရေရွတ်လိုက်ပြီး မျက်မှောင်ကြုတ်သွားသည်။ ယခုနှုန်းအတိုင်းသာဆိုပါက ဓမ္မတံခါးသုံးဆယ်ဖွင့်နိုင်ရန် သူ မနားမနေ ကြိုးစားလျှင် ပင်လယ်ပြင်၌ အနိမ့်ဆုံး သုံးနှစ်ခန့် နေရမည် ဖြစ်သည်။
ယင်းမှာ သူ လျော့ပေါ့တွက်ထားခြင်းဖြစ်သည်ကို သူ သိသည်။ ဓမ္မတံခါးများကို ဖွင့်ရခြင်းသည် ပို၍ တိုးတက်လာသည်နှင့်အမျှ ပို၍ ခက်ခဲလာပေသည်။
ထို့ကြောင့် ထိုခန့်မှန်းကြာချိန်သည် နှစ်ဆဖြစ်နိုင်သည်ဟု သူ ခံစားမိသည်။ ယင်းခန့်မှန်းကြာချိန်ထဲတွင် ပင်မမြို့ကြီးသို့ ပြန်သည့်အချိန်နှင့် မတော်တဆ ဖြစ်ရပ်များကို ထည့်မတွက်ရသေးပေ။ သူသာ ၎င်းတို့အားလုံးကို ထည့်တွက်ပါက ဆယ်နှစ်ကျော်ကြာသွားမည် ဖြစ်သည်။
“ တစ်ချီတည်းနဲ့ ပင်လယ်သတ္တဝါတွေအများကြီး ဖမ်းမိနိုင်မယ့်နည်းကို ငါ စဉ်းစားရမယ် ”
ရွှီချင်း၏မျက်လုံးများ အေးစက်စက်ဝင်းလက်သွားသည်။ ရုတ်တရက် သူ၏မျက်နှာအမူအရာ ပြောင်းလဲသွားပြီး ခေါင်းမော့၍ အဝေးသို့ လှမ်းကြည့်လိုက်သည်။
ထိုစဉ် အဝေးရှိ ပင်လယ်ပြင်တစ်နေရာမှ လှိုင်းများ တဝုန်းဝုန်း ထွက်ပေါ်လာသည်။ ထိုလှိုင်းများကြားတွင် ငါးမန်းရိုင်းကြီးတစ်ကောင်က အရှိန်တင်၍ သွားလာနေသည်ကို သူ မြင်လိုက်ရသည်။ ထိုငါးမန်းရိုင်းကြီးထံမှ အခြေတည်အဆင့်အငွေ့အသက်များ လွင့်ပျံနေ၏။ ၎င်းနောက်ရှိ ဝေဟင်ထဲတွင် လူရိပ်တစ်ရိပ်က ဧရာမရှေးဟောင်းဓားကြီးတစ်လက်ကို စီးနင်း၍ ၎င်းနောက်သို့ လိုက်နေသည်။
ထိုလူရိပ်မှာ လူငယ်လေးတစ်ယောက်ပင်။ သူသည် ချီရွှဲ့ထုံဂိုဏ်း၏ ပထမတောင်ထိပ်မှ ကြက်သွေးရောင်တာအိုဝတ်ရုံကို ဝတ်ဆင်ထားသည်။ သူ့ဆံပင်ရှည်များက လေထဲတွင် တဖျပ်ဖျပ်လွင့်နေပြီး သူ့အမူအရာက အလွန် အေးစက်တင်းမာနေသည်။ သူ့အကြည့်သည်လည်း အေးစက်နေ၏။
ထိုစဉ် သူသည် ရွှီချင်းကို အဝေးမှ လှမ်းကြည့်လိုက်ပြီး တည်ငြိမ်စွာ ပြောလိုက်သည်။
“ လေနဲ့ မိုးကို ဆင့်ခေါ်တာ သာမန်ကိစ္စပဲ။ ကြယ်အိတ်ထဲမှာ ဒါကို ငါ ဝှက်မယ် ”
ရွှီချင်း မျက်မှောင်ကြုတ်သွားသည်။