မင်းရဲ့ကယ်တင်ရှင်
Vol. 29 Ch. 394
အခန်း (၃၉၄) မင်းရဲ့ကယ်တင်ရှင်
"တစ်ယောက်ယောက် တကယ်လိုက်လာတာလား"
(၃)ယောက်သား အံ့အားသင့်သွားကြသည်။
ဘာဖြစ်မှန်းမသိသည့်တိုင် သူတို့ အရမ်းထိတ်လန့်သွားခြင်းတော့ မဖြစ်ပေ။
ဤသို့ဖြစ်လာမည်ကို သူတို့ မျှော်မှန်းထားခဲ့ပြီးသား ဖြစ်သည်။ လှုပ်ရှားတော့မည်ဆိုကတည်းက လုံလောက်သည့် ပြင်မှုများအားလုံး သူတို့ ပြုလုပ်ခဲ့ကြသည်။
သို့မှာသာ တာဝန်ကို ပိုမိုကောင်းမွန်စွာ ပြီးမြောက်အောင် ဆောင်ရွက်နိုင်မည် ဖြစ်သည်။
ယန်ယန်က ဟုန်ယာကို ငုံ့ကြည့်လိုက်ရင်း...
"ကြည့်ရတာ မင်းတော့ ကံကောင်းပြီထင်တယ် ၊ တစ်ယောက်ယောက်ကတော့ မင်းပျောက်သွားတာကို သိသွားပြီ ၊ ကြည့်ရတာ ငါတို့ ထွက်လာကတည်းက သူ သိသွားတာ ဖြစ်ရမယ်"
သူမက ဆက်ပြောသည်။
"ဒီတော့ မင်းဘက်က လှည့်ကွက်တွေအသုံးပြုပြီး လမ်းခုလတ်မှာ ငါတို့ကို ဒုက္ခတွေ့အောင်မလုပ်ဖို့ စောစောစီးစီး အိပ်ခိုင်းလိုက်မယ် ၊ မင်း ဘယ်တော့မှ မနိုးထနိုင်တော့တာလည်း ဖြစ်နိုင်တယ် ၊ ဆိုတော့ မင်းနောက်လိုက်လာတဲ့လူကိုသာ ကျေးဇူးတင်လိုက်တော့"
"သူ ဘယ်လူလဲဆိုတာတောင် မင်း သိခွင့်ရချင်မှ ရတော့မယ် ၊ ကံမကောင်းတာကတော့ သူ မင်းကို မီလာတဲ့အထိ ငါတို့က မစောင့်နိုင်တော့ဘူး"
ပြောပြီးသည်နှင့် ယန်ယန်က သူမ၏လက်တစ်ဖက်ကို လှုပ်ရှားလိုက်သည်။
တစ်စုံတစ်ခုကို ပြောရန်ဟန်ပြင်နေသည့် ဟုန်ယာမှာ ချက်ချင်းပင် သတိလစ်မေ့မျောသွားတော့သည်။
ယန်ယန်က သတိလစ်သွားသည့် ဟုန်ယာကိုကြည့်ရင်း သက်ပြင်းချလိုက်၏။
သတိလစ်နေသည့်တိုင် သူမမျက်နှာထက်တွင် မျှော်လင့်ချက် အရိပ်အယောင်များ ထင်ဟပ်နေဆဲပင်။
နောက်မှလိုက်လာသူသာ သူမကို ကယ်တင်နိုင်မည်ဆိုလျှင် သူမ ဘယ်လောက်တောင် ကံကောင်းလိုက်ပါမည်နည်း။
ထို့နောက် ယန်ယန်က နောက်သို့လှည့်ကြည့်လိုက်ရင်း...
"မှော်ဝင်ပစ္စည်းတွေထုတ်လိုက် ၊ နောက်ကလိုက်လာတဲ့သူက တန်ခိုးစွမ်းအား သိပ်မမြင့်မားလောက်ဘူး ၊ ငါတို့ သူ့ကို တားဆီးနိုင်မှာပါ"
"သူ ငါတို့ကို လိုက်မီလာတယ်ဆိုရင် သူက ငါတို့ထက် မြန်လို့ပဲ ၊ ဒါပေမဲ့ ငါတို့ ဦးတည်ရာကို မကြာခင် ရောက်တော့မယ် ၊ ခဏလောက် တောင့်ခံထားရုံပဲ"
အခြား (၂)ယောက်ကလည်း လုံး၀ တုံ့ဆိုင်းခြင်း မရှိဘဲ လမ်းတစ်လျှောက်တွင် မှော်ဝင်ပစ္စည်းများကို ချထားခဲ့ကြပြီး နောက်မှလိုက်လာသူကို တားဆီးခဲ့ကြသည်။
သို့သော် သူတို့မှာလည်း အသဲအသန်သွားနေရလေရာ သူတို့ ချထားခဲ့သည့် မှော်ဝင်ပစ္စည်းများ သက်ရောက်မှု ရှိ မရှိကို မစစ်ဆေးနိုင်ခဲ့ပေ။
စစ်ဆေးမည်ဆိုလျှင်လည်း မြင်းလှည်းကို ရပ်တန့်ရမည်ဖြစ်သောကြောင့် အဆင်မပြေဘဲ ကြန့်ကြာမှုများသာ ဖြစ်လာနိုင်သည်။
သို့သော် မကြာခင်မှာပင် သူတို့နောက်မှ တန်ခိုးစွမ်းအား ပေါက်ကွဲမှုများ ဖြစ်ပေါ်လာသည်။
"ဘုန်း"
"ဘုန်း"
တစ်စုံတစ်ယောက်က ပတ်ဝန်းကျင်တစ်ခုလုံးကို ထိုးနှက်နေသည့်အလား ဖြစ်သည်။
ယန်ယန်တို့ ချထားခဲ့သည့် မှော်ဝင်ပစ္စည်းများ၏ တန်ခိုးစွမ်းအားများ လျှင်မြန်စွာပင် ပြိုကွဲသွားသည်။
"ဒါက သေချာပေါက် ရက်စက်ကြမ်းတမ်းတဲ့ သားရဲတစ်ကောင်ပဲ ဖြစ်ရမယ်"
တစ်ယောက်က ပြောလိုက်သည်။
ထိုသားရဲကောင်၏ အငွေ့အသက်များက ပိုမိုအားကောင်းလာပြီး သူတို့နှင့်လည်း ပို၍ နီးကပ်လာသည်။
"ဟုန်ယာကို လွှတ်ပေးစမ်း"
ကြုံးဝါးသံက ကျယ်လောင်စွာထွက်ပေါ်လာသည်။
ယန်ယန်တို့ (၃)ယောက် ချက်ချင်းပင် အရှိန်မြှင့်လိုက်ကြသည်။
ယန်ယန်က...
"ငါတို့ ရောက်ခါနီးနေပြီ ၊ သူ့ကို အာရုံစိုက်နေစရာမလိုဘူး ၊ ခေါ်လာတဲ့သူကို နတ်လူသားမျိုးနွယ်တွေလက်ထဲ လွှဲပေးလိုက်နိုင်တာနဲ့ ကိစ္စပြတ်ပြီ"
သူတို့ (၃)ယောက် အရှိန်အဟုန်ဖြင့် ရှေ့ဆက်သွားနေကြ၏။
မကြာမီ နတ်လူသားမျိုးနွယ်များနှင့် တွေ့ဆုံရန်ချိန်းဆိုထားသည့်နေရာသို့ ရောက်လာကြသည်။
ထိုအချိန်မှာပင် သူတို့နောက်မှ လိုက်လာသူ မည်သူဖြစ်ကြောင်းကိုလည်း ထင်ရှားတွေ့လိုက်ကြရသည်။
ထိုသူက ပြေးလွှားလိုက်လာနေသည့် လူငယ်လေးတစ်ယောက်ဖြစ်ပြီး သူတို့ပြုလုပ်ထားသည့် မှော်ဝင်ပစ္စည်းအတားအဆီးများအားလုံးကို မရပ်မနား ဖြတ်ကျော်လာသည်။ သူ့ခန္ဓာကိုယ်တစ်ခုလုံးတွင်လည်း ဒဏ်ရာများစွာ ရထားသည်။
သူ့ထံမှ ပြင်းထန်သော သားရဲအငွေ့အသက်များ ထွက်ပေါ်လျှက်ရှိပြီး မြန်နှုန်းကလည်း ဆက်လက်မြင့်တက်လာသည်။
သူက ဘေးနားမှ မည်သည့်အရာကိုမဆို အရေးမစိုက်ဘဲ ရှေ့သို့သာ တိုးဝင်လာသည်။
နောက်ဆုံးတွင် လူငယ်လေး၏ ပြေပြစ်သောရုပ်သွင်ကို ယန်ယန်တို့အုပ်စု တွေ့မြင်လိုက်ကြရသည်။
ယန်ယန်နှင့် ကျန်လူ (၂)ယောက်မှာ အံ့သြတုန်လှုပ်သွားကြသည်။ ဒီကောင်လေးက သူ့ဒဏ်ရာတွေကို အရေးမစိုက်ဘဲ သူတို့နောက်ကို အရှိန်အဟုန်ဖြင့်လိုက်လာသည်တဲ့လား။
သို့သော် အရေးကြီးပေ။ သူတို့ နတ်လူသားမျိုးနွယ်များရှိရာသို့ ရောက်ရှိနေပြီ ဖြစ်သည်။
နတ်လူသားမျိုးနွယ်များက (၅)ယောက်အုပ်စု ဖြစ်သည်။ သူတို့က ဟုန်ယာကို လက်လွှဲယူရန် စောင့်နေကြခြင်း ဖြစ်၏။
ယန်ယန်က ဟုန်ယာကို ထိုသူများရှိရာသို့ ပစ်ပေးလိုက်သည့်အခါ ထိုသူများက ဆီးပြီးဖမ်းလိုက်ကြသည်။
ဟုန်ယာ ပစ်ပေးခံရသည်ကို တွေ့လိုက်သည်နှင့် ကောင်ငယ်လေးက ထိုနေရာသို့ ချက်ချင်း ပြေးသွားလိုက်သည်။
အမြန်နှုန်းကို မြှင့်တင်လိုက်သည်နှင့် သူ့ခန္ဓာကိုယ်မှ ပြင်းထန်သည့် အငွေ့အသက်များကလည်း ပိုမိုထွက်ပေါ်လာသည်။
နတ်လူသားမျိုးနွယ်များက ဟုန်ယာကို ဖမ်းလိုက်သည့်အခါ ကောင်ငယ်လေးက ထိုသူများထံ ခုန်ဝင်လိုက်သည်။
သူက ဟုန်ယာကို ဖမ်းယူလိုက်သည့် နတ်လူသားမျိုးနွယ်ထံသို့ ခုန်ဝင်လိုက်ပြီး ချွန်ထက်လွန်းသ်ည့်သွားများဖြင့်လည်ပင်းကို ကိုက်ဖောက်ပစ်လိုက်သည်။
ထိုသူမှာ မြေပြင်ထက်သို့ လဲကျသွားတော့သည်။
ကောင်ငယ်လေးက အခြားသူတစ်ယောက်ထံသို့ခုန်ဝင်ပြီး လည်ပင်းကို ကိုက်ဖောက်လိုက်ပြန်သည်။
"ဟုန်ယာကို လွှတ်ပေး"
"ဖူး"
သူ့ပါးစပ်မှ သွေးများစီးကျလျှက်ရှိသည်။
တစ်ဖက်လူ လဲကျသွားချိန် ကောင်ငယ်လေးက ဟုန်ယာကို ဆွဲယူလိုက်ပြီး ဘေးဘက်သို့ ပြေးထွက်သွားသည်။ ထိုအခိုက်အတန့်တွင် အားလုံး အံ့အားသင့်သွားကြသည်။
ကောင်ငယ်လေးက တန်ခိုးစွမ်းအားမြင့်မားသည့် သားရဲတစ်ကောင်ပမာ ဖြစ်သည်။
အနားတွင် မတ်တတ်ရပ်နေကြသည့် ယန်ယန်နှင့် အခြားလူများမှာ ကြောက်ရွံ့ထိတ်လန့်မှုကို ခံစားလိုက်ကြရသည်။ ဤကောင်ငယ်လေးက သူတို့ စိတ်ကူးနိုင်သည်ထက် ကျော်လွန်နေသည်။
သူ့ထံမှ ပြင်းထန်ကြမ်းတမ်းသော သားရဲတစ်ကောင်၏ အရိပ်အယောင်များကို တွေ့မြင်နေရသည်။
ကောင်ငယ်လေးသည် ဟုန်ယာကို ပွေ့ချီပြီး တစ်ဖက်ဆီသို့ ပြေးလွှားထွက်ခွာသွားသည်။ ထိုနေရာက နတ်လူသားမျိုးနွယ်များ၏ ပိုင်နက်ဖြစ်သည်။
ဤတိုက်ပွဲက တန်ခိုးစွမ်းအားမြင့်မားသူများပါဝင်ကြသည့်တိုက်ပွဲဖြစ်လေရာ ကောင်ငယ်လေး၏ စွမ်းပကားဖြင့် ပါဝင်တိုက်ခိုက်နိုင်စွမ်း ရှိမည် မဟုတ်ပေ။
မကြာမီ ကောင်ငယ်လေးကို နတ်လူသားမျိုးနွယ်များက ဝိုင်းထားလိုက်ကြသည်။
သို့သော် လူက သိပ်မများသည့်အတွက် လွတ်အောင်ပြေးနိုင်မည် ဖြစ်သည်။
"ထွက်ပြေးဖို့ မစဉ်းစားနဲ့ ၊ မင်းရဲ့အစွမ်းလောက်နဲ့ ကျုပ်တို့လက်က မလွတ်နိုင်ဘူး"
လည်ပင်းတွင် အကိုက်ခံထားရသည့် နတ်လူသားမျိုးနွယ်က ဆိုသည်။
သူက လည်ပင်းမှဒဏ်ရာကို လက်ဖြင့်အုပ်ထားရင်း ကောင်ငယ်လေးကို အေးစက်စွာ ကြည့်နေ၏။
"မင်း လွတ်အောင်ပြေးချင်ရင်တော့ စစ်မြေပြင်ကို ဖြတ်ကျော်ပြေးဖို့ တစ်လမ်းပဲရှိတယ်"
ကောင်ငယ်လေး ဟုန်ယာနောက်သို့ လိုက်လာသည့်လမ်းက ပိတ်ဆို့ခံထားရပြီ ဖြစ်သည်။
နတ်လူသားမျိုးနွယ်များက ကောင်ငယ်လေးကို မည်သည့်နည်းနှင့်မှ လွတ်မြောက်အောင် အခွင့်အရေးပေမည် မဟုတ်ပေ။
စစ်မြေပြင်ကို ဖြတ်ကျော်သွားလျှင် လွတ်မြောက်နိုင်သည်ဟု သိရှိသည်နှင့် ကောင်ငယ်လေးက တုံံ့ဆိုင်းမနေဘဲ ဟုန်ယာကို ပွေ့ချီကာ စစ်မြေပြင်ဆီသို့ ထွက်ပြေးသွားတော့သည်။
စစ်မြေပြင်ကသာ သူတို့လွတ်မြောက်ရန်အတွက် တစ်ခုတည်းသော မျှော်လင့်ချက် ဖြစ်သည်။
ဤနေရာတွင် ကြာကြာနေပါက သူ ဘယ်တော့မှ လွတ်မြောက်တော့မည် မဟုတ်ပေ။ ဟုန်ယာကို သေရည်ဆိုင်ကို ပြန်ခေါ်သွားရန် ဖြစ်နိုင်မည် မဟုတ်တော့ပေ။
ကောင်ငယ်လေးက သူ့ရင်ခွင်ထဲတွင် သတိလစ်နေသည့် ဟုန်ယာကို ငုံ့ကြည့်လိုက်သည်။ ထို့နောက် ရှိသမျှတန်ခိုးစွမ်းအားကို အသုံးပြုကာ စစ်မြေပြင်သို့ ပြေးထွက်သွားသည်။
ထိုနေရာတွင် မည်သည့်အရာများ ဖြစ်ပျက်နေပြီး မည်မျှအန္တရယ်ကြီးသည်ကို ကောင်ငယ်လေး မသိရှိပေ။
သို့သော်…
သူ လုံး၀ ကြောက်ရွံ့ခြင်း မရှိပေ။
"သူ့ကို တားလိုက်စမ်း"
လည်ပင်းကို အကိုက်ခံထားရသည့် နတ်လူသားမျိုးနွယ်က အော်ဟစ်အမိန့်ပေးလိုက်သည်။
စစ်မြေပြင်သို့သွားသည်က သေမိန့်ချခံရသည်နှင့် အတူတူပင် ဖြစ်သည်။ ကောင်ငယ်လေးက စစ်မြေပြင်သို့ သွားရလောက်အောင် သန်မာသူတစ်ယောက်မဟုတ်ပေ။
စစ်မြေပြင်တွင် အစစ်အမှန်အင်မော်တယ်များထက် အဆင့်မြင့်သည့် ကျင့်ကြံသူများ ရှိနေကြသည်။
ဟုန်ယာက သူတို့အတွက် အလွန်အသုံးဝင်သည်ဖြစ်ရာ ထိုနေရာတွင် သူမ အသက်သေဆုံးသွား၍ မဖြစ်ပေ။
ကောင်ငယ်လေးကိုတော့ သူတို့ သတ်ဖြတ်ပစ်မည်ပဲဖြစ်သည်။
ကောင်ငယ်လေးက သူ့ပတ်ပတ်လည်မှလူများကို တစ်ချက်ကြည့်လိုက်ပြီး အရေးမစိုက်ဘဲ အရှေ့ဆီသို့သာ ဆက်ပြေးနေသည်။
သူ့ထံမှ ပြင်းထန်သည့် အငွေ့အသက်များ ထွက်ေပေါ်လာသည်။
"ဘုန်း"
ကောင်ငယ်လေးနောက်မှ လိုက်လာသူများကလည်း တိုက်ခိုက်မှုများကို ပြုလုပ်ကြသည်။
သူတို့အားလုံး၏ပစ်မှတ်က ကောင်ငယ်လေးပင် ဖြစ်၏။
"ဘန်း"
တိုက်ခိုက်မှုများက ကောင်ငယ်လေး၏ ခန္ဓာကိုယ်ပေါ်သို့ ကျရောက်လာသော်လည်း ကောင်ငယ်လေးက လုံး၀ ရှောင်တိမ်းခြင်းမရှိဘဲ တိုက်ခိုက်မှုများအအတွင်းသို့ တိုးဝင်လာသည်။
တိုက်ခိုက်နေသူများမှာ အံ့အားသင့်သွားကြသည်။
ကောင်ငယ်လေးက ရန်သူများကြားတိုးဝင်ဖြတ်ကျော်ပြီး စစ်မြေပြင်ဆီသို့ အရှိန်အဟုန်ဖြင့် ပြေးလွှားထွက်ခွာသွားသည်။
"ကျုပ်တိုက်လိုက်တာ သူ သေချာပေါက် ဒဏ်ရာရသွားမှာပဲ ၊ ကျုပ်တိုက်ကွက်က ခပ်ပေါ့ပေါ့တော့ မဟုတ်ပါဘူး ၊ ဒါတောင်မှ စကားတစ်ခွန်းမှ မပြောဘဲ ဆက်ပြေးသွားတာလား"
"သူက လူသားလား ၊ လူသားတွေက ဒီလောက်တောင် အစွမ်းထက်သလား"
ရှေ့မှ ပိတ်ဆို့တိုက်ခိုက်နေသူများက အံ့သြစွာဖြင့် ဆိုသည်။
ကောင်ငယ်လေးက သူတို့မျှော်လင့်ထားသည်ထက် ကျော်လွန်နေသည်။
"မင်းတို့တွေ ဘာကိုစောင့်နေတာလဲ ၊ သူ့နောက်လိုက်ကြစမ်း"
လည်ပင်းကို အကိုက်ခံလိုက်ရသည့် နတ်လူသားမျိုးနွယ်က အမိန့်ပေးလိုက်သည်။
သူ့လည်ပင်းမှ ဒဏ်ရာက ပြန်လည်ကောင်းမွန်နေပြီ ဖြစ်၏။
"စစ်မြေပြင်က သူ ဖြတ်သန်းသွားနိုင်တဲ့ နေရာတစ်ခု မဟုတ်ဘူး ၊ ဒီကောင် သေမှာပဲ ၊ ဒါပေမဲ့ ကျုပ်တို့ရဲ့ပစ်မှတ်က သေလို့မဖြစ်ဘူး ၊ ဇာမဏီကောင်မလေးကို ကျုပ်တို့ ပြန်ဖမ်းရမယ်"
ကျန်လူများက စကားမပြောတော့ဘဲ ကောင်ငယ်လေးနောက်သို့ လိုက်သွားကြသည်။
သူတို့အုပ်စုက နည်းပါးခြင်း မရှိပေ။ သို့သော် စစ်မြေပြင်သို့ သူတို့ရောက်ရှိလာသည်ကို မည်သူမှ သတိပြုမိကြမည် မဟုတ်ပေ။
ထို့ကြောင့် မထင်မှတ်သည့်အဖြစ်အပျက်များ ဖြစ်လာမည်မဟုတ်ဟု သူတို့ မျှော်လင့်ထားကြသည်။
ယန်ယန်နှင့် သူမ၏လူများကတော့ အလျှင်အမြန်ထွက်ခွာသွားကြပြီ ဖြစ်သည်။ သူတို့တာဝန်ပြီးဆုံးသွားပြီဖြစ်လေရာ ကျန်သည့်ကိစ္စများက သူတို့နှင့် မဆိုင်တော့ပေ။
သို့သော် ကောင်ငယ်လေး၏လုပ်ရပ်က သူတို့ကို များစွာ အံ့အားသင့်စေခဲ့သည်။လူသားများက အမှန်တကယ်ပင် စိတ်ကူးနိုင်စွမ်းထက် ကျော်လွန်ကြသည်။
ယန်ယန်၏အဖွဲ့ထဲမှတစ်ယောက်က...
"သူ အသက်ရှင်နိုင်မယ်လို့ ရှင်တို့ ထင်သလား ၊ သူ ဟုန်ယာမိန်းကလေးကို ဝူထုန်တောင်ကို ပြန်ခေါ်သွားနိုင်ပါ့မလား"
နောက်တစ်ယောက်က...
"မသိဘူး ၊ ဒါပေမဲ့ သူ လုပ်နိုင်မယ်ထင်တာပဲ"
ယန်ယန်က...
"ငါတို့ သွားကြရအောင် ၊ ငါတို့တာဝန်လည်းပြီးပြီဆိုတော့ ဒီမှာ ဆက်နေလို့ အကြောင်းမထူးဘူး ၊ ရသင့်တဲ့ အခကြေးငွေလည်း ရပြီးပြီဆိုတော့ ကျန်တာက သူတို့ထိုက်နဲ့သူတို့ကံပဲ ၊ ဒီလောက်အန္တရယ်များတဲ့ စစ်မြေပြင်မှာ သူ ဘယ်လောက်ထိ တောင့်ခံနိုင်မလဲဆိုတာ ဘယ်သူသိနိုင်မှာလဲ"