← Chapters

သိုးယောင်ဆောင်သော ဝံပုလွေ

Vol. 16 Ch. 238

သိုးယောင်ဆောင်သော ဝံပုလွေ

Vol. 16 Ch. 238

ကတ်များကို လှန်လိုက်ကြသည်။

“ဒိုင် နိုင်တာလား”

လူတိုင်း ကတ်များကို ကြည့်ပြီး ဘာပြောရမှန်းမသိ ဖြစ်သွားကြသည်။

လုထျန်းရှုံးနှင့် သူ့သားတောင်မှ ရီဝေဝေ အကြည့်များ ဖြစ်နေလေသည်။ ရဲ့လင်းချန်က ဒိုင်ဘက်တွင် သုံးကြိမ် ဆက်တိုက် လောင်းခဲ့ပြီး သုံးကြိမ်လုံး နိုင်ခဲ့သလို ပွဲတိုင်း အကုန် ပုံလောင်းခဲ့သည်။

သုံးသန်းကျော် အနိုင်ရသွားလေပြီ။ ၎င်းက များပြားသော ပမာဏ မဟုတ်သော်လည်း တစ်လျှောက်လုံး အလွန် သည်းထိတ်ရင်ဖို ဖြစ်ခဲ့ရသည်။

“ကျွီ”

ထိုအခိုက်တွင် ခပ်ဆတ်ဆတ် အသံတစ်သံ ထွက်လာပြီးနောက် ဆူညံသံ တစ်သံ ထွက်ပေါ်လာသည်။ လူတစ်ယောက်က စားပွဲကို ဖြန်းခနဲ ရိုက်၍ ထရပ်လာ၏။

ထိုအသံက အခြားဝိုင်းမှ ထွက်လာခြင်း ဖြစ်သည်။ ထိုလူနှင့် မျက်နှာချင်းဆိုင် ထိုင်နေသူများမှ ကျင်းဟမ်နှင့် သူ ခေါ်လာသော လောင်းကစားသမားတို့ ဖြစ်လေသည်။

“ငလိမ်ကောင်”

ထိုလူ၏ မျက်နှာက ထိတ်လန့်တုန်လှုပ်ဟန် ပေါ်နေပြီး ကြိမ်းမောင်းလေသည်။

“ငါ့ကဒ်တွေက လုံးဝကို စပိတ် ace ကွ၊ ဘယ်လိုလုပ် ပြောင်းသွားတာလဲ”

“စပိတ် ace က ငါတို့ ကိုင်ထားတဲ့ ကဒ်ပဲ၊ တစ်ဝိုင်းထဲက ကဒ်တွေထဲမှ စပိတ် ace နှစ်ခု ရှိနိုင်လို့လား”

ကျင်းဟမ် ခေါ်လာသော ပြည်ပက လောင်းကစား ကျွမ်းကျင်သူက ခံစားချက် ကင်းမဲ့သော အမူအရာဖြင့် ကြည့်နေပြီး သူ့ကဒ်များကို ပြသည်။

“နေရာတိုင်းမှာ စီစီတီဗွီတွေ ရှိတယ်၊ ငါ့အတွက် လိမ်ဖို့ အခွင့်အ‌ရေး မရှိဘူး”

ထိုစဉ် သက်တော်စောင့် နှစ်ယောက်က ထိုလူထံ ရောက်လာပြီး အေးစက်စွာ ပြောလေသည်။

“ခင်ဗျားမှာ တိုကင်ပြားတွေ ကုန်သွားပြီ၊ ကျေးဇူးပြုပြီး ထွက်သွားပေးပါ”

ထိုလူက အံကြိတ်သော်လည်း ပြဿနာ မရှာရဲချေ။ သူ လုပ်နိုင်တာဟူ၍ မကျေမနပ်နှင့် နောက်ဆုတ်လိုက်ရုံသာ ရှိလေသည်။

ထိုအခိုက်တွင် ကျင်းဟမ်က တစ်ဖက်လှည့်၍ ရဲ့လင်းချန်အား အေးအေးလူလူ ပြုံးပြသည်။

“သေစမ်း၊ အရင်လိုပါပဲလား၊ သူက ကတ်တွေကို တိတ်တဆိတ် လဲနိုင်တဲ့ လူကိုပဲ ခေါ်လာတာပဲ”

လုဟောင်က ပြောလေသည်။ ယခင်က သူတို့ကို ရှုံးဖူးမှန်း သိသာပေသည်။

“ဆရာရဲ့ သူတို့နဲ့ တွေ့ရင် ခင်ဗျား သတိထားမှဖြစ်မယ်”

ရဲ့လင်းချန်က ခေါင်းညိတ်၍ အခြားသူများနှင့် လျှို့ဝှက်၍ ကတ်များလဲနိုင်သော ပြည်ပက လောင်းကစား ကျွမ်းကျင်သူကို တမင် စိုက်ကြည့်နေလိုက်သည်။ ဤသို့သော လောင်းကစား ပညာက ခွဲခြားဝေဖန်နိုင်မှု၊ မှတ်ဉာဏ်နှင့် အမြင်အာရုံတို့တွင် မှီခိုနေရုံသာမကဘဲ ပဉ္စလက်ဆန်သော လက်အပေါ်တွင်လည်း မူတည် လေသည်။

လောင်းကစား ပညာကို ထိုမျှအတိုင်းအတာထိ လေ့ကျင့်နိုင်သူများသာလျင် ကျွမ်းကျင်သူတစ်ယောက် ဖြစ်လာနိုင် ပေသည်။ ထိုလူက လောင်းကစားဘုရင် ဖြစ်လာနိုင်ချေ ရှိသည်။

ဆယ်မိနစ်သာသာမျှသာ ကုန်ဆုံးသွားသော်လည်း လူတော်တော်များများ ပြုတ်သွားကြသည်။ ဤအခြေ အနေကြောင့် လူအများက သတိ ပိုကပ်ကာ ဆုံးရှုံးမှုနည်းရန် အာရုံစိုက်လာလေသည်။

ကျင်းဟမ်သည် ဆယ်မိနစ်အတွင်း ထိုနိုင်ငံခြားသား လောင်းကစားသမားမှတစ်ဆင့် သန်းနှစ်ဆယ်နီးပါး အနိုင်ရထားခဲ့သည့်အပြင် လူတစ်ယောက်ကိုပါ ဖြုတ်နိုင်ခဲ့သည်။

လောင်းကစားဘုရင်၏ တပည့် မီယာကို များများစားစား မနိုင်သော်လည်း သူမ၏ ဗျူဟာက ကျင်းဟမ်နှင့် ကွဲပြားသည်။ သူမ၏ ဂုဏ်သတင်းကြောင့် သူမနှင့် လောင်းကစား ဆော့သူများက နှစ်ဆ ပို၍ သတိထားနေကာ တစ်ချက်တည်းနှင့် အငိုက်ဖမ်းမခံချေ။ ထိုသို့နေပါသော်လည်း သူမက အလွန် လျင်မြန်စွာ အနိုင်ရပြီး ပြိုင်ဘက် တစ်ဦးချင်းစီတိုင်းက တစ်သန်းမှ နှစ်သန်းအထိ သူမထံ ရှုံးသွားရသည်။

အခြားနေရာများက သတိထားလောက်သည့် လှုပ်ရှားမှုများ သိပ်မရှိချေ။ ရဲ့လင်းချန်၏ ဘက်သည်သာ အတော်လေး သဟဇာတ ဖြစ်နေပြီး ပိုက်ဆံ နိုင်နိုင်၊ ရှုံးရှုံး သိပ်အများကြီး မဟုတ်ပေ။

“ဟေ့ကောင်လေး မင်း လေးပွဲမြောက်မှာရော ဒိုင်ဘက်က ဆက်လောင်းရဲလား”

ကတုံးနှင့်လူက ရဲ့လင်းချန်အား ရန်စသော အကြည့်များဖြင့် သရော်လေသည်။

“ဟုတ်တယ် မင်း သတ္တိရှိရင် ဒိုင်ဘက်က လောင်းလိုက်”

လူဝကြီးကလည်း လိုက်ပြောသည်။

“ကျုပ် ဒိုင်ဘက်က ဆက်လောင်းရင် ဘာအကျိုးအမြတ် ရမှာလဲ”

ရဲ့လင်းချန်က သူတို့ကို ရယ်ချင်ဟန်ဖြင့် ကြည့်နေသည်။

“ပြောရရင် ခင်ဗျားတို့ကမှ သတ္တိမရှိတာ၊ ခင်ဗျားတို့ ကစားသမားဘက်က အကုန် ပုံလောင်းရဲရင် ကျုပ်လည်း ဒိုင်ဘက်ကနေ အကုန် လောင်းရဲတယ်၊ လောင်းရဲလား”

လူတိုင်း အံ့ဩသွားသည်။ သူတို့ မျက်လုံးတွင်း၌ ဝေခွဲမရဟန်များ ဖြတ်ပြေးသွားပြီး ငြိမ်ကျသွားသည်။

“ဆရာရဲ့ ခင်ဗျား ဒိုင်ဘက်ကနေ ထပ်ပြီး အကုန် လောင်းဦးမလို့လား”

လုဟောင်က အသက်ကို ပြင်းပြူးရှူ၍ တုန်လှုပ်နေသော မျက်လုံးများဖြင့် မေးလေသည်။

“ဖြစ်နိုင်ချေအရ ပြောရရင် ဒိုင်ဘက်က လေးကြိမ်ဆက်တိုက် နိုင်ဖို့ အခွင့်အရေးက နည်းလွန်းတယ်”

လုထျန်းရှုံးကလည်း စိုးရိမ်နေ၏။ ၎င်းက ရူးသွပ်မှုသက်သက်ပင်။

“သူဌေးလုက ဖြစ်နိုင်ချေ သီအိုရီနဲ့ ပတ်သက်ပြီး သိလို့လား”

ရဲ့လင်းချန် ပြုံးလိုက်သည်။

“ခင်ဗျားတို့ နှစ်ယောက်လုံးကို ကျုပ် လောင်းခိုင်းမယ်ဆိုရင်ရော”

လုထျန်းရှုံးနှင့် လုဟောင်တို့က တစ်ချက်မျှ ချောင်းဟန့်လိုက်ပြီး ဘာမှထပ်မပြောတော့ချေ။

“ဟေ့ ခင်ဗျားတို့အားလုံး စဉ်းစားပြီးပြီလား၊ သတိတွေ ကြီးနေလိုက်ကြတာ၊ ကျုပ်တို့ထဲက ဘယ်သူက သတ္တိမရှိတာလဲ ပြော”

ရဲ့လင်းချန်က စားပွဲကို စိတ်မရှည်စွာ ခေါက်လေသည်။

“ခင်ဗျားတို့ သတ္တိမရှိရင်လည်း အခွင့်ရှိတုန်း ဒိုးလိုက်တော့”

“ကောင်းပြီလေ ဟေ့ကောင်လေး လောင်းကြတာပေါ့”

ကတုံးနှင့်လူက ရဲ့လင်းချန်ကို ကြည့်၍ ပြောလေသည်။ သူ့စကားအဆုံးတွင် အခြားသူများကလည်း သူတို့၏ တိုကင်ပြားများကို ကစားသမားနေရာဘက်သို့ တွန်းပို့လေသည်။

သူတို့စိတ်ထဲတွင် ရဲ့လင်းချန်က သူ့အရည်အချင်းကို အလွန် အထင်ကြီးနေသည့် မနူးမနပ် ကောင်လေး တစ်ယောက်ဟုသာ မြင်နေသည်။ သူ၏ သုံးပွဲဆက်တိုက် အနိုင်ရခြင်းက ကံကောင်းသွားခြင်းသာ ဖြစ်လေသည်။ သူတို့သည် ထူးခြားဆန်းကြယ်မှုကို ယုံကြည်သူများ မဟုတ်ချေ။ ထို့ကြောင့် အကယ်၍ လေးပွဲမြောက်ကသာ ဒိုင်ဘက်က နိုင်သွားလျင် သူ၏ ကံကောင်းခြင်းက ကောင်းကင်ဘုံ၏ ဥပဒေသထက်ပင် ကျော်လွန်နေလေပြီ။

“စိန်လိုက်လေ၊ မင်း မကြောက်ဘူးမလား”

လူဝကြီးက မျက်မှောင်ကြုတ်နေပြီး ရဲ့လင်းချန် နောင်တရလာမည်ကို စိုးရိမ်ကာ တိုက်တွန်းလေသည်။

ရဲ့လင်းချန်က အေးအေးလူလူ လက်ဟန်ပြပြီး အင်တင်တင် ဖြစ်နေသော လုဟောင်ကို ဒိုင်ဘက်မှ အကုန် လောင်းခိုင်းလိုက်သည်။ ဝင့်ကြွားနေခြင်းပင်။

“ကောင်စုတ်လေး၊ ငါ ကာစီနိုမှာ ဆယ်နှစ်လောက် အတွေ့အကြုံ ရှိပြီးသား၊ ဒိုင်ဘက်က လေးပွဲဆက်တိုက် နိုင်ဖို့ လုံးဝ မဖြစ်နိုင်ဘူး၊ မင်း သေချာပေါက် ရှုံးတော့မှာ”

လူဝကြီးက ရဲ့လင်းချန်ကို ကြည့်၍ စိုက်ကြည့်၍ သရော်လေသည်။

“အရေးမပါတာတွေ ပြောမနေနဲ့၊ ကတ်တွေ ပြတော့”

ရဲ့လင်းချန်က အရေးမစိုက်စွာ ပခုံးတွန့်ပြသည်။

“ဒိုင်ဘက်က နိုင်ပါတယ်”

ဒိုင်ဖြစ်သူထံမှ အသံထွက်လာသောအခါ လူဝကြီးသည် အမြင်အာရုံ ဝေဝါးသွားပြီး ကြက်သေ သေသွားသည်။ သူ ကတ်များကို လှမ်းကြည့်လိုက်ပြီးနောက် မျက်လုံးများ ကျွတ်ကျမတတ် ပြူးကျယ်လာ၏။ ဘယ်လိုလုပ် ဖြစ်နိုင်မှာလဲ။

“မင်း ကလိမ်ကျနေတာ”

သည်းမခံနိုင်တော့သဖြင့် ကတုံးနှင့်လူက ထရပ်၍ ရဲ့လင်းချန်ကို လက်ညှိုးထိုးသည်။

နီရဲနေသော မျက်နှာနှင့်အတူ မျက်လုံးများက ပြူးကျယ်ကာ အော်ဟစ်လေတော့သည်။

ထိုအခါ သက်တော်စောင့် ဆယ်ယောက် ရောက်ရှိလာ၏။ သူတို့က တစ်ဝိုင်းလုံးကို ကြည့်၍ ကစားသမားများအား ထွက်သွားရန် အချက်ပြသည်။

ဆယ့်နှစ်ယောက်ပါသော ဝိုင်းတွင် ပြုတ်မသွားသူက ရဲ့လင်းချန် တစ်ယောက်တည်းသာ ရှိ၏။ ကျန်ဆယ့် တစ်ယောက်လုံး တစ်ခါတည်းနှင့် ပြုတ်သွားလေသည်။

“ခင်ဗျား တိုကင်ပြား ကုန်နေပြီ၊ ထွက်သွားပေးပါ”

သက်တော်စောင့်က တည်ငြိမ်စွာ အမိန့်ပေး၏။

“ကျုပ် လက်မခံဘူး”

ကတုံးနှင့်လူက စားပွဲကို လက်ထောက်၍ အရှေ့သို့ကိုင်းကာ ရဲ့လင်းချန်အား စူးစူးဝါးဝါး စိုက်ကြည့်လေသည်။

“အဲ့ကောင်လေးက ငလိမ်ကောင်ပဲ”

“ဟားဟား ငနုံပါလား”

ရဲ့လင်းချန်က ခေါင်းခါ၍ ကတုံးနှင့်လူအား အထင်သေးစွာ ကြည့်သည်။

“ကျုပ်က ဒိုင်လည်း မဟုတ်ဘူး၊ ကစားသမားလည်း မဟုတ်ဘူး၊ ပြောစမ်းပါဦး၊ ကျုပ် လှည့်စားလို့ရမယ့် နည်းလမ်းများ ရှိလို့လား”

“သူ လိမ်နေတာ မဟုတ်ရင် ဘယ်လိုလုပ် ဒိုင်ဘက်က လေးပွဲဆက်တိုက် နိုင်မှာလဲ၊ ဘာမှ အဓိပ္ပာယ် မရှိဘူး”

ကတုံးနှင့်လူက ကြုံးဝါး၏။

“ကျုပ် ကံကောင်းတာလေ”

ရဲ့လင်းချန် ပခုံးတွန့်ပြသည်။

သက်တော်စောင့် နှစ်ယောက်က ရှေ့တိုးလာပြီး ကတုံးနှင့်လူကို ဆွဲထုတ်လေသည်။ သူက ရုန်းကန်မြဲ ရုန်းကန် နေသည်။

“မင်းက လူလိမ်၊ မဟုတ်ရင် ဒိုင်ဘက်က လောင်းရဲပြီး နိုင်ဖို့ သေချာနေမှာ မဟုတ်ဘူး၊ မင်းက သိုးယောင် ဆောင်ထားတဲ့ ဝံပုလွေပဲ”

ဤအခြေအနေက လူတိုင်းကို လျင်မြန်စွာ စိတ်ဝင်စားသွားစေသည်။ သူတို့ ရဲ့လင်းချန်ကို လှမ်းမကြည့်ဘဲ မနေနိုင် ဖြစ်သွားကြသည်။ သူ၏ အန္တရာယ် မပေးနိုင်သော ပုံစံနှင့် ကတုံးနှင့်လူ၏ မှတ်ချက်တို့ကို ပေါင်းစပ်ကြည့်သောအခါ လူတိုင်း တုန်လှုပ်လာပြီး သူ့ကို အထင်မသေးသင့်ကြောင်း ရိပ်စားမိသွားလေသည်။

*ဒီကောင်လေးက ပိုက်ဆံ အများကြီး မနိုင်ပင်မယ့် ဆယ့်တစ်ယောက်လုံးကို တစ်ခါတည်း ပြုတ်သွားအောင် လုပ်နိုင်တဲ့ လောင်းကစားသမားပဲ၊ မီယာကိုလို ကျွမ်းကျင်သူတောင် အဲ့လို့ မလုပ်နိုင်ဘူး*

မီယာကိုကလည်း ရဲ့လင်းချန်ကို ကြည့်နေသည်။ သို့သော် သူမက ခပ်မြန်မြန် အကြည့်ဖယ်၍ အနိုင်ရရန် ဆက်ကစား နေလိုက်သည်။

ကျင်းဟမ်က ရဲ့လင်းချန်ကို စိတ်ဝင်တစား ကြည့်နေ၏။ လုထျန်းရှုံးက ဖိတ်ခေါ်လာသော လူငယ်လေး ဖြစ်သဖြင့် ရဲ့လင်းချန်တွင် ထူးခြားမှု တစ်စုံတစ်ရာ ရှိလိမ့်မည်ဟု သူ အမြဲ ရိပ်စားမိသည်။

“သူ ဘယ်လို လောင်းကစား လုပ်ရမလဲ မသိဘူးဆိုတာ မင်း သေချာရဲ့လား”

ဝေ့ဟုန်သည်လည်း အနည်းငယ် မျက်မှောင်ကြုတ်နေပြီး မန်ကျိုးအား‌ မေးလေသည်။

မန်ကျိုးက သူ့အား တန်းမဖြေချေ။ ထိုအစား သူက ရဲ့လင်းချန်ကို လှမ်းကြည့်၍ ခနဲ့ဟန်ဖြင့် မေးလိုက်သည်။

“ဟေ့ ငါတို့ဝိုင်းမှာ လာကစားကြည့်ပါလား”

All Chapters