← Chapters

လောင်းကစား ပြိုင်ပွဲ

Vol. 16 Ch. 239

လောင်းကစား ပြိုင်ပွဲ

Vol. 16 Ch. 239

*ဒါ ဖိတ်ခေါ်တာလား*

ဘေးပတ်ဝန်းကျင်မှ လူများအားလုံး ရဲ့လင်းချန်ကို ကြည့်ကာ သူ့အဖြေကို စောင့်နေကြသည်။

မန်ကျိုး၏ ဂုဏ်သတင်းက ယုံမှားသံသယ မရှိလောက်အောင် ကောင်းမွန်လှသည်။ သူသည် ယခု ငါးသန်းကျော် အနိုင်ရထားပြီးပြီ ဖြစ်ကာ သူ့နည်လမ်းများကို လူအများက အံ့ဩသင့်ရသည်။

“ကောင်းပြီလေ”

ရဲ့လင်းချန်က ပြုံးလိုက်ပြီး မန်ကျိုး၏ မျက်နှာချင်းဆိုင်တွင် ဝင်ထိုင်လိုက်သည်။ လုထျန်းရှုံးနှင့် လုဟောင်တို့က ရဲ့လင်းချန်၏ ဘေး၌ နေရာယူကာ ပြိုင်ပွဲကို လေ့လာရန် တာဝန်ယူလိုက်ကြသည်။

ဝိုင်းတွင် ရဲ့လင်းချန် အပါအဝင် လူငါးယောက် ရှိသည်။ ကစားနည်းက Texas Hold’em ပိုကာ ကစားနည်း ဖြစ်သည်။

Texas Hold’em ပိုကာ ကစားနည်းသည်လည်း လောင်းကြေးများ ခေါ်ရန် လိုအပ်ပေသည်။

အစပိုင်းတွင် ကစားသမား တစ်ယောက်ချင်းစီက ကဒ်နှစ်ကဒ် ဝေပေးသည်။ ထို့နောက် ဒိုင်က ဝိုင်းအလယ်တွင် ကဒ်သုံးကဒ် ချထားပေးလေမည်။ ကစားသမားများသည် သူတို့၏ ကဒ်နှစ်ကဒ်က ဝိုင်းပေါ်မှ ကဒ်များနှင့် မည်သို့ ပေါင်းစပ်နိုင်သလဲ တွက်ချက်ရပေမည်။ သူတို့ အသာစီး ရနိုင်သည်ဟု ထင်သော သူများက ဈေးခေါ်နိုင်သည်။

ဈေးခေါ်ခြင်းကို သုံးကြိမ် ပြုလုပ်နိုင်သည်။

ပထမတစ်ကြိမ်တွင် ဒိုင်က လေးခုမြောက် ကဒ်ကို လှန်၍ ချပေးပေမည်။ ဒုတိယတစ်ခေါက်တွင် ငါးခုမြောက် ကဒ်ကို ဒိုင်က ချပေးလိမ့်မည်။ တတိယတစ်ကြိမ်တွင်မူ ဝိုင်းပေါ်မှ ကဒ်များ၏ တန်ဖိုးကို တန်ဖိုးဖြတ်ပေမည်။

ကစားနည်းက မရှုပ်ထွေးသော်လည်း ပိုက်ဆံ ရရန်၊ ဆုံးရှုံးရန် အလွယ် လွယ်ကူပေသည်။ အရည်အချင်းက အရေးအကြီးဆုံး ဖြစ်ပြီး ဗာကရာနှင့် လုံးဝ မတူချေ။

“တစ်ကြိမ်စီအတွက် ကြမ်းခင်းဈေးက တစ်သိန်းပဲ၊ တစ်ခါခေါ်ရင် တစ်သိန်းထက် မနည်းရဘူး”

မန်ကျိုး၏ မျက်လုံးများက မြွေပွေး၏ မျက်လုံးများကဲ့သို့ စူးရှနေပြီး နှုတ်ခမ်းကို လျှာဖြင့်သပ်၍ ပြောလိုက် လေသည်။

“တစ်သိန်းတည်းလား”

ရဲ့လင်းချန်က အံ့ဩသွားပြီးမှ အထင်သေးစွာ ခေါင်းခါလေသည်။

“အဲ့လောက် နည်းနေရင် ဆော့မနေတော့ဘူး၊ တစ်သိန်းအထိ မြှင့်လိုက်ဖို့ ကျုပ် အကြံပေးချင်တယ်၊ လက်မခံနိုင်ရင် ဒိုးလိုက်တော့”

လူတိုင်း စိတ်ထဲ ဗလာ ဖြစ်သွားကြပြီး မန်ကျိုးတောင်မှ ဘာပြန်ဖြေရမှန်းမသိ ဖြစ်နေ၏။

ထိုအခါတွင် ရဲ့လင်းချန် အဘယ်ကြောင့် ဆယ့်တစ်ယောက်လုံးကို တစ်ခါတည်း ဖြုတ်လိုက်နိုင်သလဲ ဆိုသည်ကို သူတို့ ရိပ်စားမိသွားကြသည်။

*ဒီကောင်လေးက ပြဿနာ ရှာဖို့ လာတာပဲ၊ သူ့ကို ပွဲဖျက်သူလို့တောင် ပြောလို့ရတယ်*

လူတိုင်းက စုစုပေါင်း ဆယ်သန်းတန် တိုကင်ပြားဖြင့်သာ စကစားရသည်။ အကယ်၍ သူက တစ်သန်းအထိ မြှင့်ရန် တိုက်တွန်းနေပါက ကစားသမား တစ်ယောက်က ဘယ်နှစ်ကြိမ်လောက် ကစားနိုင်ပါမည်နည်း။

*သူက အဲ့ဒါကို အသုံးချပြီး ကစားပွဲကို အရှိန်မြှင့်တာပဲ*

ရုတ်ချည်းဆိုသလိုပင် မန်ကျိုး နောင်တရစပြုလာသည်။

*ဒီကောင်လေးက ပြဿနာအိုးပဲ၊ မန်ကျိုးရဲ့ ပါးစပ်ကိုပဲ အပြစ်တင်ရတော့မယ်၊ သူက ဘာလို့ ရဲ့လင်းချန်ကို လာဖို့ ပြောလိုက်တာလဲ*

“ဟေ့ ခင်ဗျားက ကျုပ်ကို ခေါ်လိုက်တာနော်၊ အခု ခင်ဗျား နောင်တရချင်နေတာလား”

ရဲ့လင်းချန်က ငြိမ်နေသော မန်ကျိုးကို ပြောလိုက်သည်။

မန်ကျိုးက ဝေ့ဟုန်ကို မေးခွန်းထုတ်သော အကြည့်ဖြင့် ကြည့်လေသည်။

ဝေ့ဟုန်သည်လည်း မျက်မှောင်ကြုတ်နေသည်။ သူ ခပ်တိုးတိုး ပြန်မေးလိုက်သည်။

“သူ့ကို နိုင်မယ်လို့ မင်း ဘယ်လောက် ယုံကြည်မှု ရှိလဲ”

“ရှစ်ဆယ် ရာခိုင်နှုန်းကျော်”

မန်ကျိုး၏ အသံက ခပ်အေးအေးပင်။ သူ၏ လောင်းကစား စွမ်းရည်အပေါ် သူ အလွန် ယုံကြည်မှု ရှိသည်။ အမှန်အတိုင်း ပြောရလျင် သူသည် Texas Hold’em ပိုကာ ကစားနည်းနှင့် ဘယ်သူ့ကိုမဆို ရင်ဆိုင်ရန် မကြောက်ရွံ့ပါ။ ထိုသို့ ဖြစ်ရခြင်းမှာ သူ့ မျက်လုံးများကြောင့်ပင်။ ကဒ်များ၏ အစဉ်လိုက်ကို သူ အသေအချာ မှတ်မိနိုင်သောကြောင့်ပင်တည်း။ တစ်နည်းအားဖြင့် အခြား ကစားသမားများ၏ ကဒ်များကို သူ သိနိုင်ပေသည်။

“ဒါဆို သူ ပြောတာကို သဘောတူလိုက်၊ ပြီးရင် သူ့ကို မြန်နိုင်သမျှ မြန်မြန် ဖြုတ်ပစ်လိုက်”

ဝေ့ဟုန်၏ မျက်လုံးများက စူးရှကာ တောက်ပနေ၏။

“ကောင်းပြီလေ ငါ သဘောတူတယ်”

မန်ကျိုးက ပြောသည်။ ကျန်သုံးယောက်၏ မျက်လုံးတွင် ကြောက်ရွံ့ဟန်များ ဖြတ်ပြေးသွားသည်။ နှစ်ယောက်သည် ချီတုံချတုံ ဖြစ်နေပြီးနောက် ဝိုင်းမှ ထသွားကြသည်။

မန်ကျိုးက အေးစက်စက် ပြုံး၍ ပြောလိုက်သည်။

“ကဒ်ဝေတော့”

ဒိုင်က ဖဲထုပ် အသစ်တစ်ထုပ်ကို ဖောက်၍ ထပ်ခါထပ်ခါ ကုလားဖန် ထိုးသည်။ နောက်ဆုံးတစ်ကြိမ် ကုလားဖန် ထိုးနေချိန်တွင် ရဲ့လင်းချန်က ရုတ်တရက် ထအော်၍ မန်ကျိုး၏ စားပွဲကို လက်ဖြင့် ရိုက်လိုက်သည်။

“ဟေ့ မန်ဆိုတဲ့ မျိုးရိုးနာမည်က တော်တော် ရှးတယ်၊ ပြီးတော့ ခင်ဗျားနာမည်က ဘာလို့ ကျိုးဖြစ်နေတာလဲ၊ အဲ့ဒါ ခင်ဗျား နာမည်အရင်းလား”

မန်ကျိုး အံ့ဩသွားသည်။ သူက ရဲ့လင်းချန်ကို အေးတိအေးစက် စိုက်ကြည့်လိုက်ပြီးမှ ကုလားဖန် ထိုးနေသော ကဒ်များထံ ပြန်ကြည့်လိုက်သည်။

“လုထျန်းရှုံး မင်းလူကို ထိန်းဦး”

ဝေ့ဟုန်က အေးစက်စက် ခနဲ့လေသည်။

“ဟဲဟဲ ကာစီနိုထဲမှာ စကားပြောတာ ဘာမှားလို့လဲ သူဌေးဝေ့ရ ခင်ဗျားက တော်တော် တင်းကြပ်လွန်းတာပဲ”

လုထျန်းရှုံးက ပြုံး၍ ပြန်ပြောသည်။

ပထမတစ်ပွဲ၏ ကဒ်များ ဝေလေပြီ။ ကြည့်နေသူများအားလုံး အသက်ပင် အောင့်ထားမိကြသည်။

“ကျော်မယ်”

မန်ကျိုးက သူ့ကဒ်များကို ရပြီးသည်နှင့် ချက်ချင်း နောက်ဆုတ်လိုက်သဖြင့် ရဲ့လင်းချန်နှင့် နောက်တစ်ယောက်သာ ကျန်လေသည်။

ပထမတစ်ပွဲတွင် ရဲ့လင်းချန်က လေးသန်း နိုင်သွားပြီး မန်ကျိုးက တစ်သန်းသာ ရှုံး၍ ကျန်လူက သုံးသန်း ရှုံးသွားသည်။

ဒုတိယပွဲ၏ ကဒ်များ ဝေလေသည်။

“ကျော်မယ်”

ရဲ့လင်းချန်က နောက်ဆုတ်သွားသည်။

ဒုတိယပွဲတွင် ရဲ့လင်းချန်က တစ်သန်း ရှုံးသွားပြီး မန်ကျိုးက သုံးသန်းနိုင်ကာ ကျန်လူက နှစ်သန်း ဆုံးရှုံးသွားသည်။

တတိယပွဲ၏ ကဒ်များ ဝေလာ၏။

“ကျော်မယ်”

ရဲ့လင်းချန်က နောက်ဆုတ်ရန် ရွေးနေတုန်းပင်။

မန်ကျိုး မျက်မှောင်ကြုတ်သွားသည်။ သူ၏ အနီရောင် မျက်လုံးက ရဲ့လင်းချန်ကို စူးစိုက်ကြည့်နေ၏။

“ဘာဖြစ်တာလဲ၊ ကျုပ် နောက်ဆုတ်တာကို ဘာလို့ ခင်ဗျားက အရေးစိုက်နေတာတုန်း”

ရဲ့လင်းချန်က အသာပြုံး၍ ခေါင်းခါလေသည်။

“ကျုပ်ကံက ဆိုးနေရုံလေးပါဗျာ”

တတိယပွဲတွင် မန်ကျိုးက နှစ်သန်း နိုင်ပြီး ရဲ့လင်းချန်က တစ်သန်း ရှုံးသွားသည်။ တတိယလူမှာမူ တစ်သန်း ရှုံးသွားကာ တစ်ခါတည်းနှင့် အကုန် ပြောင်သွားလေ၏။

“ကိုယ့်လူရေ ခင်ဗျားက ဆိုးလိုက်တာ”

ရဲ့လင်းချန်က ထိုလူ၏ ပခုံးကို ပုတ်၍ နှစ်သိမ့်သည်။

“အရမ်းကြီး စိုးရိမ်မနေပါနဲ့၊ ပြန်သာ ပြန်လိုက်ပါ၊ ခင်ဗျားက ကာစီနိုနဲ့ မအပ်စပ်ဘူး”

ထိုလူက နှုတ်ခမ်းကို တင်းနေအောင် စေ့၍ ချက်ချင်း ထွက်သွားသည်။

ကဒ်များ ကုလားဖန် ထိုးနေချိန်တွင် ရဲ့လင်းချန်က ဖဲထုပ်ထဲမှ ကဒ်များ၏ အနေအထားကို ပြတ်ပြတ်သားသား မှတ်မိသွားခဲ့သည်။ ကဒ်များကို ဝေသည့်ပုံအရ ထိုလူသည် ပွဲစဉ်အားလုံး တစ်လျှောက်တွင် ရှုံးရန် ကံပါလာ၏။ ရဲ့လင်းချန်ဖြစ်စေ မန်ကျိုးဖြစ်စေက အနိုင်ရနိုင်သော်လည်း ထိုလူသည် တစ်စက်ကလေးမှ အမြတ် မရနိုင်ပါ။ ကံက ထိုကဲ့သို့ ဆိုးရွားလှ၏။

လေးပွဲမြောက်တွင် ရဲ့လင်းချန်နှင့် မန်ကျိုးတို့သာ ကျန်တော့သည်။

နှစ်ဖက်လုံးက ငြိမ်သက်နေပြီး ကဒ်များကို တိတ်တဆိတ် ကြည့်နေသည်။

စားပွဲပေါ်၌ တင်ထားသည့် ကဒ်များမှာ စပိတ် ခြောက်၊ စပိတ် ace နှင့် စပိတ် ကိုးတို့ ဖြစ်၏။

“လောင်းတယ်ဗျာ တစ်သန်း”

ရဲ့လင်းချန်က သူ့ကဒ်များကို ကြည့်ပင်မကြည့်ဘဲ တိုကင်ပြားများကို တန်း၍ ရှေ့တွန်းလိုက်သည်။

မန်ကျိုး မျက်မှောင်ကြုတ်သွားသည်။ ပွဲစကတည်းက ပထမဆုံးကြိမ်အဖြစ် စားပွဲပေါ်မှ သူ့ကဒ်များကို ယူကြည့်လိုက်သည်။ သူ၏ အနီရောင် မျက်လုံးက ကဒ်များကို ဖျတ်ခနဲ ကြည့်လိုက်သောအခါ ace နှစ်ကဒ် ဖြစ်နေသည်။

စားပွဲပေါ်မှ ace တစ်ကဒ်ပါ ပေါင်းလိုက်လျင် ace သုံးကဒ် ဖြ်စနေလေပြီ။

Ace သုံးကဒ်ဖြင့် သူ အနိုင်ပိုင်းနိုင်လောက်သည်။

သူ့ဘေးမှ ဝေ့ဟုန်သည် သူ့နှလုံးခုန်သံအား အစွမ်းကုန် ထိန်းချုပ်ထားသည်။ သို့သော် သူ့မျက်ခွံများက လှုပ်နေဆဲပင်။ ဝမ်းသာအားရဖြစ်သော ခံစားချက်က သူ့ရင်ထဲ၌ ဖြစ်ပေါ်လာ၏။

ယခုတစ်ပွဲတွင် ရဲ့လင်းချန်သည် straight ဒါမှမဟုတ် straight flush မရပါက ရှုံးပေလိမ့်မည်။

“ခေါ်တယ်”

မန်ကျိုးက ခံစားချက်ကင်းမဲ့စါာ ပြောလိုက်သည်။

စတုတ္ထမြောက် လှန်လိုက်သည့် ကဒ်က ace of Hearts ဖြစ်နေသည်။

စားပွဲတွင် ace တစ်စုံ ရှိနေပြီဖြစ်သဖြင့် မန်ကျိုးက လေးခုလုံးကို တစ်ပြိုင်တည်း ရနေပြီ ဖြစ်သည်။

ဤသို့သော အခြေအနေ၌ straight flush သာလျင် ace လေးကဒ်ထက် ပိုကြီးလေသည်။

“ငါးသန်း”

မန်ကျိုးက တိုကင်ပြားများကို ရှေ့တွန်းလိုက်သည်။

“မင်း ခေါ်ရဲလား”

“ခေါ်တယ်”

ရဲ့လင်းချန်က သူ့ကဒ်များကို မကြည့်သေးပင်။ သူ့အမူအရာက ရှင်းလင်း၍ အံ့ဩဟန် မပြချေ။

ဒိုင်က ငါးကဒ်မြောက်ကို လှန်လိုက်သည်။ စပိတ် ငါးခုပါတကား။

စပိတ် ငါးခု၊ စပိတ် ခြောက်ခု၊ စပိတ် ကိုးခုနှင် စပိတ်တစ်စုံတို့က စားပွဲပေါ်၌ တည်ရှိနေသည်။

“အကုန် လောင်းတယ်”

ရဲ့လင်းချန်က နှုတ်ခမ်းကို တွန့်ကွေးရုံ ပြုံးကာ ပြောလိုက်သည်။ သူ့အသံက လူတိုင်းကို ရူးမတတ် ရင်ခုန် သွားစေသည်။ လုဟောင်က ရဲ့လင်းချန်အား မယုံသလိုကြည့်၍ အသိပေးသည်။

“ဆရာရဲ့၊ ခင်ဗျားကဒ်တွေကို ခင်ဗျား ကြည့်တောင် မကြည့်ဘူးလေ”

ရဲ့လင်းချန် ပြန်ပြောသည်ကို စောင့်မနေဘဲ လုထျန်းရှုံးက ရဲ့လင်းချန်ကို ကူ၍ တိုကင်ပြားများကို ရှေ့ပို့လိုက်သည်။

“ဆရာရဲ့က အဲ့လို ပြောရင် သူ ပြောတဲ့အတိုင်း လုပ်”

“ငါတို့ အခုမှ တိုကင်ပြားတွေ အများကြီး ရတာမလား၊ ခင်ဗျားရော … အကုန် လောင်းမလား”

ရဲ့လင်းချန်က မန်ကျိုးကို ကြည့်လိုက်သည်။

“ခင်ဗျား လုပ်ရဲလား သိချင်သား”

မန်ကျိုးက ရဲ့လင်းချန်၏ အတွေးကို ဖောက်ထွင်း သိမြင်လိုဟန်ဖြင့် သူ့အား စိုက်ကြည့်နေ၏။ ဝေ့ဟုန်က သူ့လက်သီးကို အကြိမ်ကြိမ် ဆုပ်ပြီးမှ စိတ်လျှော့လိုက်သည်။ သူ တွေဝေနေလေသည်။

Ace လေးခုသည် မည်သို့သော ပေါင်းစပ်မှုမဆိုကို ချေဖျက်နိုင်၏။ သို့သော စားပွဲပေါ်မှ ကဒ်သုံးခုက စပိတ် ဖြစ်နေ၏။ အကယ်၍ ရဲ့လင်းချန်လက်ထဲတွင် ခုနစ်ခုမြောက်နှင့် ရှစ်ခုမြောက် စပိတ် ရှိပါက straight flush ဖြစ်သွားပေမည်။

*ရဲ့လင်းချနန်က တည်ငြိမ်လွန်းနေတဲ့ပုံပဲ၊ ဘာကဒ်တွေများ ရထားတာလဲ”

“ခေါ်တယ်”

မန်ကျိုး၏ အသံက ပျက်ယွင်းနေပြီး တိုကင်ပြားအားလုံးကို ရှေ့ပို့လိုက်သည်။

“မင်းလည်း ကဒ်တွေကို မှတ်ထားနိုင်တယ် မဟုတ်လား”

မန်ကျိုးက ရုတ်တရက် ရဲ့လင်းချန်ကို မေးလာသည်။

“မင်းမှာ straight flush ရှိတယ်လို့ ငါ မထင်ဘူး”

All Chapters