လူသတ်ချင်စိတ်များ ထိန်းမနိုင်သိမ်းမရ ထွက်ပေါ်လာခြင်း
Vol. 14 Ch. 215
ရေများ တသွင်သွင်စီးဆင်းနေသည့်အလား အချိန်များ ကုန်လွန်သွားသည်။
နွေဦးရွက်ကြွေများပမာ ပင်လယ်သတ္တဝါများ တစ်ကောင်ပြီးတစ်ကောင် ကြွေလွင့်နေသည်။
မျက်တောင်တစ်ချက်ခတ်အတွင်း ရက်နှစ်ဆယ်ကုန်လွန်သွား၏။
ရွှီချင်းသည် မူလကစတင်ခဲ့သည့် ပင်လယ်အော်ထဲတွင် မနေတော့ပေ။ လူမနေသော ကျွန်းငါးကျွန်းသို့ သူ ရောက်ခဲ့ပြီး ဖြစ်သည်။
ယခု ခြောက်ကျွန်းမြောက် လူမနေသော ကျွန်းပေါ်ရှိ သူကိုယ်တိုင် တူးထုတ်ထားသော ပင်လယ်အော်ထဲတွင် သူ ထိုင်နေသည်။
ထိုရက်နှစ်ဆယ်အတောအတွင်း နေရာပြောင်းလဲသည့်အချိန်မှလွဲ၍ ဓမ္မတံခါးများ ဖွင့်ရန်အပေါ်တွင် စိတ်အာရုံကို နှစ်မြုပ်ထားခဲ့ပြီး ဒဿမမြောက်ဓမ္မတံခါးကို သူ ဖွင့်ပြီးသွားပြီ ဖြစ်သည်။
ပြီးခဲ့သည့် လဝက်တာအတောအတွင်း သံတုတ်လေးထဲရှိ ကျင်းကန်းဂိုဏ်းစောင့်ဘိုးဘိုးမှာ အကြိမ်မရေမတွက်နိုင်လောက်အောင် ရင်တဒိန်းဒိန်းခုန်နေခဲ့ရသည်။ နောက်ပိုင်းတွင် သူ အနည်းငယ် ဆွံ့အသွားရပြီး သူ ဖတ်ခဲ့ဖူးသည့် ရှေးဟောင်းစာအုပ်များထဲ ဝင်ရောက်သွားသည့်အလား ခံစားလိုက်ရသည်။
ဓမ္မတံခါးများ ပို၍ ဖွင့်နိုင်လာသည်နှင့်အမျှ ဝိညာဉ်စွမ်းအားများ ပို၍ လိုအပ်လာသည်ဖြစ်ပြီး နောက်ထပ် ဓမ္မတံခါးများကို ဖွင့်ရန် ပို၍ ခက်ခဲလာသည်။ ဒဿမမြောက်ဓမ္မတံခါးကို ဖွင့်ရန် သူ ရှစ်နှစ်အချိန်ယူခဲ့ရသည်။
ရွှီချင်းအတွက် ရက်နှစ်ဆယ်သာ ကြာခဲ့သည်။
ထိုအမြန်နှုန်းသည် ကျင်းကန်းဂိုဏ်းစောင့်ဘိုးဘိုး၏နှလုံးသားကို အရှိန်ပြင်းစွာ တုန်ခါသွားစေသည်။ ချီရွှဲ့ထုံဂိုဏ်းမှ အခြေတည်အဆင့်ကျင့်ကြံသူများအတွက် ဓမ္မတံခါးဆယ်ခုကို ဖွင့်ရန် ( ၂ ) နှစ် အချိန်ယူရသည်ကို သူ သိသည်။
ရွှီချင်း၏ အမြန်နှုန်းကို ရောက်ရန် သူတို့အနေဖြင့် ကြီးကျယ်သော တိုက်ပွဲကြီးများ ဆင်နွှဲကာ အဆက်မပြတ် တိုက်ခိုက်ပြီးနောက် အသက်ရှင်မှသာ ဖြစ်ပေမည်။
ချီရွှဲ့ထုံဂိုဏ်း၌ စစ်ပွဲကြီးများ မရှိတော့သည်မှာ နှစ်ပေါင်းများစွာ ကြာနေပြီဖြစ်သည်။ များသောအားဖြင့် အသေးစားပဋိပက္ခလေးများသာ ရှိတော့သည်။ ပင်လယ်သတ္တဝါများနှင့် ပတ်သက်၍ တားမြစ်ပင်လယ်က ကြီးမားကျယ်ပြန့်ပြီး ပင်လယ်သတ္တဝါများ၏ အသိဉာဏ်က နိမ့်ကျသည့်တိုင်အောင် ၎င်းတို့ကို အုပ်စုလိုက် သတ်ဖြတ်ရန်မှာ အလွန် ခဲယဉ်းသည်။
အဆိပ်တချို့၊ မန္တန်အစီအရင်များ သို့မဟုတ် ထူးခြားသော နည်းလမ်းများဖြင့်သာ ရွှီချင်းကဲ့သို့ သတ်ဖြတ်နိုင်မည်ဖြစ်သည်။
သို့သော်လည်း ထိုသို့လုပ်နိုင်သည့်လူ များများစားစား မရှိပေ။
ထိုသို့လုပ်ရန် ပြင်ပအကူအညီ လိုအပ်သည်သာမက ကြောက်ခမန်းလိလိစွမ်းအားမျိုးလည်း ရှိနေရန် လိုအပ်သည်။ အစွမ်းထက်သော ပင်လယ်သတ္တဝါများ၏ အာရုံစိုက်ခြင်း မခံရရန်လည်း အရေးကြီးသည်။ ထိုနည်းလမ်းတွင် ကန့်သတ်ချက်များစွာ ရှိသည်။
ရွှီချင်းသည်လည်း အချိန်အတော်ကြာသည်အထိ ထိုသို့ အဆက်မပြတ် မလုပ်နိုင်သည်ကို သိသည်။
ပထမဆုံးအနေဖြင့် တစ္ဆေဆန္ဒကောင်များက ရှားသည်။ သူ ရခဲ့သည့်နှစ်ကောင်အနက် တစ်ကောင်ကို သူ ဆေးဖော်စပ်ခဲ့ပြီး ၎င်း၏သွေးများက သိပ်မကျန်တော့ပေ။ ပင်လယ်မှိုသည်လည်း များများစားစား မရှိတော့ပေ။
ယင်းအပြင် ထိုရက်များအတွင်း အန္တရာယ်အငွေ့အသက်တစ်ခုကို ရွှီချင်း ခံစားနေရသည်။ သူ နေခဲ့သည့် ပင်လယ်အော်တိုင်း၏ အောက်တွင် ပင်လယ်သတ္တဝါအလောင်းများ အတော်လေး များနေသည်။ သူ မကြာခဏ နေရာများ ပြောင်းလဲခဲ့သည့်တိုင်အောင် ပင်လယ်ထဲရှိ ကြောက်မက်ဖွယ်သတ္တဝါများ၏ စိတ်အာရုံကို ဆွဲဆောင်ကောင်း ဆွဲဆောင်နိုင်သည်။
ရွှီချင်းက ထွက်သွားရန် ဆုံးဖြတ်ထားလိုက်ပြီ ဖြစ်သည်။ ထိုစဉ် သူသည် ရောက်လာသော ရှဲကျင်းလုံ၏ ဝိညာဉ်ကို ဆွဲနှုတ်ပြီးနောက် ခန္ဓာကိုယ်ထဲရှိ ဆယ့်တစ်ခုမြောက် ဓမ္မတံခါးကို ဖွင့်ရန် ကြိုးစားရင်း မတ်တတ်ရပ်ကာ ထွက်သွားရန် ပြင်လိုက်သည်။
ဆယ့်တစ်ခုမြောက် ဓမ္မတံခါးတွင် အက်ကွဲကြောင်းများစွာ ပေါ်လာပါသော်လည်း မပွင့်သေးပေ။ ရွှီချင်း၏မျက်လုံးများ ချက်ချင်း မှေးသွားသည်။ သူက အဝေးရှိ ပင်လယ်ကြီးကို ကြည့်လိုက်ပြီး သူ့မျက်လုံးများထဲ စူးရှတောက်ပသော အလင်းများ ဝင်းလက်သွားသည်။
“ ဒီအရှိန်အဝါက …”
သူ ကြည့်နေစဉ်မှာပင် ပင်လယ်ရေပြင်က ရုတ်ခြည်း မြင့်တက်လာ၏။ ပေတစ်ထောင်ရှည်သော ခန္ဓာကိုယ်နှင့် သတ္တုကဲ့သို့ ခံစားရစေသည့် ချပ်ဝတ်တန်ဆာဖြင့် ဖုံးလွှမ်းထားသော ပင်လယ်သတ္တဝါတစ်ကောင် ပင်လယ်ထဲမှ ထွက်လာသည်။
၎င်း၏ ခန္ဓာကိုယ်က လေထဲတွင် ရပ်သွားပြီး ပင်လယ်အော်ထဲရှိ ရွှီချင်းကို ကြည့်လိုက်သည်။
“ အခြေတည်အဆင့် အခွံပျော့လိပ်ပဲ ”
ရွှီချင်း၏မျက်လုံးများ မှေးသွားသည်။ ယင်းသည် ပြီးခဲ့သည့် ရက်နှစ်ဆယ်အတောအတွင်း သူ ပထမဆုံးကြုံဖူးသည့် အခြေတည်အဆင့် ပင်လယ်သတ္တဝါ မဟုတ်ပေ။ လွန်ခဲ့သော ခုနစ်ရက်က အခြေတည်အဆင့် ပင်လယ်သတ္တဝါတစ်ကောင်ကို သူ ကြုံခဲ့ဖူးပြီး ယင်းပင်လယ်သတ္တဝါမှာ ‘ ဟို ’ ဖစ်သည်။
ထို ‘ ဟို ’ သတ္တဝါ၏ ကြောက်မက်ဖွယ်အသွင်အပြင်၊ ထိတ်လန့်တုန်လှုပ်ဖွယ်ကောင်းသော အရှိန်အဝါနှင့် ၎င်း၏ခန္ဓာကိုယ်ထဲတွင် တမြေ့မြေ့လောင်ကျွမ်းနေသည့် မီးဖိုကြီးတစ်လုံး ရှိနေဟန် ခံစားချက်များကြောင့် ရွှီချင်းက ရွှမ်ယောက်အသွင်သဏ္ဍာန်ကို ရောက်နေပြီဖြစ်ကြောင်း သိခဲ့ရပြီး ကမ်းခြေသို့ ချက်ချင်း တက်သွားကာ မှော်သင်္ဘောကို အစွမ်းကုန် အသက်သွင်းခဲ့သည်။
သို့သော်လည်း ထိုသတ္တဝါက သူ့ကို များစွာ စိတ်ဝင်စားဟန်မပြဘဲ တစ်ချက်ကြည့်ကာ ထွက်သွားခဲ့သည်။
ရွှီချင်းက အခွံပျော့လိပ်ကြီးကို စူးစိုက်ကြည့်နေပြီး လိပ်ကြီး၏ အစွမ်းကို ခန့်မှန်းကြည့်လိုက်သည်။ ထိုလိပ်ကြီးက အသိဉာဏ်ရှိမှန်း သိသာပြီး ချက်ချင်း ချဉ်းကပ်မလာပေ။ ရွှီချင်း၏ အစွမ်းကိုလည်း ချိန်ဆကြည့်နေသည့်အလား အဝေးမှ လှမ်းကြည့်ကာ ဘေးပတ်လည်တွင် ကူးခတ်နေသည်။
၎င်း၏ခန္ဓာကိုယ်ပေါ်ရှိ ချပ်ဝတ်တန်ဆာက အဆက်မပြတ် လှုပ်ရှားနေပေရာ တချွင်ချွင်မြည်သံ ထွက်ပေါ်လာသည်။ ယင်းသည် အခွံပျော့လိပ်ကြီး၏ ထူးခြားသည့်အသံဖြစ်သည်။ အမွှေးတိုင်တစ်တိုင် လောင်ကျွမ်းစာအချိန်တိုင်အောင် ကူးခတ်ပြီးနောက် ၎င်းက တဟုန်ထိုး အရှိန်မြင့်တက်သွားပြီး ရွှီချင်း ရှိနေသည့် ပင်လယ်အော်ထဲသို့ ဝုန်းခနဲ ပြေးဝင်လာသည်။
ထိုသို့ ပြေးဝင်လာနေစဉ် ၎င်းက ခုန်ပျံကာ ရွှီချင်းထံ ဟိန်းဟောက်လိုက်သည်။ ထိုဟိန်းသံသည် အသံလှိုင်းအသွင်ဖြင့် ပင်လယ်ရေမျက်နှာပြင်ကို ဖြတ်သန်းသွားရာ ဧရာမပင်လယ်လှိုင်းကြီး ဖြစ်သွားပြီး ရွှီချင်းထံ တလိမ့်လိမ့်ဝင်ရောက်သွားသည်။
ရွှီချင်း၏ မျက်လုံးများ အေးစက်စက်ဝင်းလက်သွားပြီး သူ့အောက်ရှိ မှော်သင်္ဘောထံမှ ရုတ်တရက် တဝီဝီမြည်သံ လွင့်ပျံလာသည်။ နတ်အစွမ်းများ စုစည်းလာနေပြီး ရွှချင်းက လေထဲသို့ ဖမ်းဆုပ်လိုက်သည်။ ရုတ်တရက် လေထဲတွင် ရှဲကျင်းလုံ ပေါ်လာပြီး အခွံပျော့လိပ်ကြီးကို ဝင်တိုက်လိုက်သည်။
ဘုန်းခနဲ မြည်ဟည်းသံနှင့်အတူ အခွံပျော့လိပ်ကြီး နောက်သို့ ကန်ထွက်သွားသည်။ ရွှီချင်းက သွားမရှုပ်သင့်သည့် လူတစ်ယောက်ဖြစ်ကြောင်း ၎င်း သိသွားဟန်တူပြီး နောက်ဆုတ်ချင်နေဟန်ဖြင့် ပင်လယ်ထဲသု့ိ ကမူးရှူးထိုး ငုပ်လျှိုးသွားသည်။
“ ရွှမ်ယောက်အသွင်သဏ္ဍာန်မရှိဘူးပဲ ”
ရွှီချင်း၏ မျက်လုံးများ ဝင်းလက်သွားသည်။ ရွှမ်ယောက်အသွင်သဏ္ဍာန်မရှိသော ထိုကဲ့သု့ိ အခြေတည်အဆင့်ပင်လယ်သတ္တဝါမျိုးသည် သူ ကြုံချင်သည့် ပင်လယ်သတ္တဝါမျိုး ဖြစ်သည်။ သို့ဖြစ်ပေရာ ထိုသတ္တဝါကို မည်ကဲ့သို့ သူ လက်လွှတ်နိုင်ပါမည်နည်း။
သူ ဝုန်းခနဲ ပြေးလိုက်သွားသည်။ သူသည် ကြောက်ခမန်းလိလိ မြန်ဆန်လွန်းသည်ဖြစ်ရာ အလင်းတန်းတစ်တန်းအသွင် ပြောင်းလဲသွားသည်။ သူက လက်ကိုဝှေ့ယမ်းလိုက်ရာ သူ့ခေါင်းအထက်တွင် ကောင်းကင်ဓားမော့ကြီး ပေါ်လာပြီး ပင်လယ်အောက်သို့ သူ ကြမ်းတမ်းစွာ ခုတ်ပိုင်းလိုက်သည်။
တဝုန်းဝုန်းမြည်ဟည်းသံ ထွက်ပေါ်လာပြီး ပင်လယ်ရေမျက်နှာပြင်၌ ပေတစ်ထောင်နက်သော အက်ကြောင်းကြီး ပေါ်လာကာ အောက်မှ အခွံပျော့လိပ်ကြီး ထွက်လာသည်။ သို့သော်လည်း ၎င်း၏ ခန္ဓာကိုယ်ပေါ်မှ သံမဏိချပ်ဝတ်တန်ဆာက မာကြောခိုင်ခံ့လွန်းသည်။ ကောင်းကင်ဓားမော့ခုတ်ချတ် ခံလိုက်ရသည့်တိုင်အောင် ပွန်းပဲ့ရာဖြစ်မသွားပေ။ ၎င်း၏ ရက်စက်ကြမ်းကြုတ်သော စရိုက် ပေါ်လာဟန်တူပြီး ရွှီချင်းဘက်သို့ လှည့်ကာ တဟုန်ထိုး ပြေးဝင်သွားသည်။
အနက်ရောင်သံတုတ်လေး အလျင်အမြန် ပေါ်လာသည်။ ၎င်းက အပြာရောင်ဖျော့ဖျော့လက်နေပြီး ယင်းမှာ အဆိပ်လူးထားခြင်း ဖြစ်ပေသည်။
ကျင်းကန်းဂိုဏ်းစောင့်ဘိုးဘိုးက ထိုသို့ သံတုတ်လေးကို အဆိပ်လူးရန် ရွှီချင်းအား ဦးစွာ ပြောထားခြင်းလည်း ဖြစ်ပေသည်။
သံတုတ်လေးက အခွံပျော့လိပ်ကြီးထံ ရိပ်ခနဲ ဝင်ရောက်သွားသည်။ ၎င်း၏ပစ်မှတ်မှာ လိပ်ကြီး၏ ခန္ဓာကိုယ်ပေါ်ရှိ သံမဏိချပ်ဝတ်တန်ဆာထံ ဖြစ်ပုံရပါသော်လည်း အမှန်စင်စစ် အနီးရောက်သွားသည်နှင့် ၎င်းက ဦးတည်ချက်ပြောင်းကာ လိပ်ကြီး၏ မျက်လုံးကို အညှာအတာမဲ့စွာ ထိုးဖောက်လိုက်သည်။
လိပ်ကြီးထံမှ အော်ဟစ်မြည်တမ်းသံ ထွက်ပေါ်လာပြီး ၎င်း၏ခန္ဓာကိုယ် အနည်းငယ် ယိမ်းယိုင်သွားသည်။ ၎င်း၏ပတ်လည်တွင် မရေမတွက်နိုင်သော အကြေးခွံအရိပ်များ ချက်ချင်း ပေါ်လာ၏။ အကြေးခွံအရိပ်တစ်ခုချင်းစီ၌ ချီစုစည်းခြင်းအဆင့် ကျင့်ကြံသူများကို သတ်ဖြတ်နိုင်သော အခြေတည်အဆင့်ဓမ္မစွမ်းအားများ ရှိနေသည်။
အကြေးခွံပေါင်းတစ်ရာရှိပြီး အဖက်ဖက်သို့ လွင့်ပျံသွားသည်။ သို့သော်လည်း ရွှီချင်းက ၎င်းအနီးသို့ ချဉ်းကပ်သွားပြီ ဖြစ်သည်။
သူ့ကိုယ်ထဲမှ မီးတောက်နက်များ ထွက်ပေါ်လာပြီး သူ့ညာလက်တွင် ဓားမြှောင်တစ်လက်အသွင် စုစည်းသွားသည်။
ယင်းသည် ဓမ္မတံခါးဆယ်ခုကို ဖွင့်ပြီးနောက် မိစ္ဆာမီးဝိညာဉ်ဝါးမျိုခြင်းအတတ်နှင့် တွဲဖက်အသုံးချရသည့် မန္တန်တစ်ခုဖြစ်သည်။ ယင်းမန္တန်ကို မိစ္ဆာအစွန်းရောက်မန္တန်ဟု ခေါ်သည်။
ထိုမန္တန်အရ မီးတောက်နက်၏ ပုံပန်းသွင်ပြင်ကို ကျင့်ကြံသူ အလိုရှိသည့်အတိုင်း ပြောင်းလဲနိုင်သည်။ ထိုစဉ် ရွှီချင်းက ဓားမြှောင်ကို ပစ်လွှတ်လိုက်သည်။ ဓားမြှောင်က လိပ်ကြီး၏ ချပ်ဝတ်တန်ဆာကို အသာအယာ ထိုးခွဲကာ မီးတောက်များအသွင် ပြောင်းလဲသွားပြီး လိပ်ကြီး၏ ခန္ဓာကိုယ်တစ်လျှောက် ပျံ့နှံ့သွားသည်။
ယင်းသည် အဆုံးသတ်မဟုတ်သေးပေ။ ရွှီချင်း၏အောက်ရှ အရိပ်က ပုန်းခိုမနေတော့ဘဲ လိပ်ကြီးထံသို့ အလျင်အမြန် ပြေးဝင်သွားရာ လိပ်ကြီး၏ မျက်လုံးများထဲ ကြောက်ရွံ့သည့်အရိပ်အယောင်များ ပေါ်လာသည်။ ၎င်း၏ခန္ဓာကိုယ်တစ်ခုလုံး တုန်ခါသွားပြီး ၎င်း၏ခန္ဓာကိုယ်ပတ်လည်ရှိ သံမဏိချပ်ဝတ်တန်ဆာမှာ ချက်ချင်း ကွာကျသွားသည်။ ၎င်း၏ ကိုယ်ပေါ်ရှိ တဟုန်းဟုန်း တောက်လောင်နေသော မီးတောက်များ လွင့်ပျယ်သွားပြီးနောက် သံမဏိချပ်ဝတ်တန်ဆာက သံမဏိမုန်တိုင်းအသွင်ဖြင့် ရွှီချင်းထံ ပြေးဝင်သွားသည်။
ထို့နောက် ၎င်းက ပင်လယ်ရေပြင်ကို ထိုးခွဲ၍ လေထဲသို့ ပျံတက်သွားရာ ရေတံခွန်အလား ရေများ အောက်သို့ ကျဆင်းသွားသည်။ ရွှီချင်းကို သံမဏိမုန်တိုင်းက တားဆီးထားစဉ် လိပ်ကြီးက ခေါင်းလှည့်၍ ရွှီချင်းကို မမှိတ်မသုန် ကြည့်နေသည်။ ၎င်းက ပါးစပ်ကို ဆတ်ခနဲ ဟ၍ ဆယ်ပေရှည်သော ပုတီးစေ့တစ်လုံးကို ထွေးထုတ်လိုက်သည်။
ယင်းပုတီးစေ့ထဲတွင် ပုပ်သိုးဆွေးမြေ့နေသော လူသားအလောင်းများနှင့် သားရဲအသေကောင်များ ရှိနေသည်။ ၎င်းတို့အားလုံး၏ မျက်လုံးများက ရုတ်တရက် ဖွင့်လာပြီး ပုတီးစေ့ထဲမှ တွားသွားထွက်ချင်နေကြသည့်အလား စူးစူးဝါးဝါး အော်ဟစ်လိုက်ကြသည်။ ၎င်းတို့၏ ခြေလက်များမှာ ပုတီးစေ့အပြင်ဘက်သို့ပင် တိုးထွက်နေ၏။
ယင်းကြောင့် ပုတီးစေ့မှာ ဆူးများဖြင့် ဖုံးလွှမ်းနေသည့်အသွင် ဖြစ်နေပြီး ၎င်းက ရွှီချင်းထံ ပြေးဝင်သွားသည်။
ရွှီချင်း၏မျက်လုံးများ အေးစက်စက်ဝင်းလက်သွားသည်။ သူ့ခန္ဓာကိုယ်ထဲမှ မီးတောက်များ ပို၍ ထွက်ပေါ်လာသည်။ သူ့နောက်မှ ‘ ပါ ’ အရိပ်က အသွင်ပြောင်း၍ ဟိန်းဟောက်မာန်ဖီကာ ပြေးတက်သွားသည်။ ပင်လယ်အောက်ခြေမှ တားမြစ်ပင်လယ်ရှဲကျင်းလုံ ဝုန်းခနဲ ထွက်လာပြီး အနက်ရောင်ပုတီးစေ့ကို လှမ်းမျိုလိုက်သည်။
ကြောက်မက်ဖွယ်မြည်ဟည်းသံနှင့်အတူ ပုတီးစေ့ကို ရှဲကျင်းလုံ မျိုချလိုက်နိုင်ပြီး ၎င်း၏ခန္ဓာကိုယ်တစ်ခုလုံး ပေါက်ကွဲသွားတော့မည့်အသွင် ရှိပါသော်လည်း ၎င်းက တင်းကြပ်စွာ ဖိနှိပ်နိုင်လိုက်သည်။
သို့သော်လည်း ရှဲကျင်းလုံသည် မန္တန်မှ ဖြစ်ပေါ်လာသည်ဖြစ်၍ ကြာရှည်စွာ တောင့်ခံနိုင်ဟန် မတူပေ။
ထိုအချိန်၌ ရွှီချင်းသည်လည်း သံမဏိမုန်တိုင်းကို ထိုးခွင်း၍ အကာအကွယ်အားလုံးကို အသက်သွင်းလိုက်သည်။ ပင်လယ်ရေမျက်နှာပြင်ပေါ် ကျသွားပြီဖြစ်သော အခွံပျော့လိပ်ကြီးအနီးသို့ သူ ရောက်သွားသောအခါ သူ့လက်ထဲမှ မီးတောက်များက ဓားမြှောင်အသစ်တစ်လက်အသွင် ပြောင်းလဲသွားပြီး ထိုဓားမြှောင်ဖြင့် လိပ်ကြီး၏ မျက်လုံးကို အညှာအတာမဲ့စွာ ထိုးသွင်းလိုက်သည်။
လိပ်ကြီးမှာ အော်ဟစ်မြည်တမ်းလိုက်ပြီး ပင်လယ်အောက်ခြေသို့ တိုးဝင်ရန် ရုန်းကန်လိုက်သည်။ သို့သော်လည်း ရွှီချင်း၏အရိပ်က နှစ်ခြမ်းကွဲထွက်သွားသည်။ တစ်ခုက ပင်လယ်အော်ရှိရာ ကျွန်းနှင့် ချိတ်ဆက်ထားပြီး တခြားတစ်ခုက လိပ်ကြီးကို ရစ်ပတ်လိုက်သည်။
လိပ်ကြီးမှာ ပြန်ကန်ထွက်နေသည့်အလား ခံစားလိုက်ရသည်။ ၎င်းက ရုန်းကန်နေစဉ် ရွှီချင်း၏ညာလက်က လိပ်ကြီး၏ မျက်လုံးထဲသို့ ထိုးဖောက်ဝင်ရောက်သွားပြီဖြစ်သည့် ဓားမြှောင်ကို ဆုပ်ကိုင်လိုက်သည်။ တစ်ဆက်တည်း သူက ဘယ်လက်ကို မြှောက်လိုက်ပြီး သူ၏ ခန္ဓာကိုယ်ထဲရှိ ဓမ္မတံခါးဆယ်ခုမှ မီးတောက်များ ဝုန်းခနဲ ထလာကာ သူ့ဘယ်လက်ထဲတွင် စုစည်းသွားကာ လိပ်ကြီး၏ ခန္ဓာကိုယ်ပေါ် ဖိချလိုက်ပြီး စတင်လောင်မြိုက်စေလိုက်သည်။
မီးတောက်များ တောက်လောင်လာသည်နှင့် ဝိညာဉ်စွမ်းအားအမျှင်တန်းများက ရွှီချင်း၏ ခန္ဓာကိုယ်ထဲသို့ အလျင်အမြန် တိုးဝင်သွားသည်။ ထိုစဉ် ရွှီချင်း၏စိတ်ထဲ အန္တရာယ်အငွေ့အသက်တစ်ခုကို အာရုံရလိုက်သည်။
သူ ဆတ်ခနဲ ခေါင်းမော့ကြည့်လိုက်ရာ လိပ်ကြီးဆီသို့ ကြောက်ခမန်းလိလိ အမြန်နှုန်းဖြင့် တရွှီရွှီမြည်သံပေး၍ တိုးဝင်လာနေသော ကြေးညိုရောင်ဓားတစ်ဒါဇင်ကို ချက်ချင်း မြင်လိုက်ရသည်။
ထိုဓားများသည် ရွှီချင်း ရှိနေသေးသည့်အချက်ကို လုံးလုံးလျားလျား လျစ်လျူရှုထားသည်။ ၎င်းတို့ အနီးရောင်သည်နှင့် ရေပြင်တွင် ဝဲကတော့များ ပေါ်လာပြီး ရွှီချင်းမှာ လက်ကိုလွှတ်၍ မန္တန်လက်ကွက်များဖော်ကာ နောက်ဆုတ်ရန်မှတစ်ပါး ရွေးချယ်စရာ မရှိတော့ပေ။ သူ့ခန္ဓာကိုယ်ထဲရှိ အနက်ရောင်မီးတောက်များက သူ့အထက်တွင် ဒိုင်းကာတစ်ခုအသွင် ပြောင်းလဲသွားပြီး ဓားများကို ကာကွယ်လိုက်သည်။
တဝုန်းုန်းမြည်ဟည်းသံများကြားတွင် ကြေးညိုရောင်ဓားကြီး တစ်ဒါဇင်က ဆင်းသက်လာပြီး ဒဏ်ရာအပြင်းအထန်ရနေသော လိပ်ကြီးကို အပိုင်းပိုင်း ခုတ်ပိုင်းလိုက်သည်။ ရွှီချင်းသည်လည်း ထိုပြင်းအားကြောင့် နောက်ဆုတ်သွားရ၏။
ကြေးညိုရောင်ဓားစက်ကွင်းအပြင်ဘက်သို့ သူ ဆုတ်သွားပြီးနောက် ရပ်လိုက်သည်။ သူ၏မျက်နှာ မည်းမှောင်နေပြီး ပင်လယ်ထဲသို့ မျောနေသည့် လိပ်ခန္ဓာကိုယ်အစိတ်အပိုင်းများကို ကြည့်လိုက်သည်။ ထို့နောက် ကြေးညိုရောင်ဓားကြီးကို စီး၍ ချဉ်းကပ်လာနေသော လူငယ်ကို သူ ကြည့်လိုက်၏။
ထိုလူငယ်ဝတ်ဆင်ထားသည့် အနီရောင်တာအိုဝတ်ရုံကြောင့် ထိုလူငယ်မှာ အလွန် ပေါ်လွင်နေသည်။
“ မိုးလင်းတဲ့အထိ နေရကျိုးနပ်တယ်ဟေ့။ ဒါဟာ မင်္ဂလာတစ်ပါးပဲ ”
ပထမတောင်ထိပ်မှ လူငယ်က ဓားကြီးပေါ်တွင် လက်နှစ်ဖက်ကို နောက်ပစ်၍ မတ်တတ်ရပ်နေသည်။ လိပ်ကြီး၏ ခန္ဓာကိုယ်အစိတ်အပိုင်းများမှ သွေးနှင့်ချီအမျှင်တန်းများကို သူက စုပ်ယူလိုက်သည်။ ထို့နောက် သူက ရွှီချင်းကို အေးတိအေးစက်ကြည့်လိုက်ပြီး ရူးကြောင်ကြောင်စကားဆိုကာ လှည့်ထွက်သွားသည်။
ရွှီချင်းသည် တစ်ခွန်းမှမပြောပေ။ သူ့တားမြစ်ပင်လယ်ရှဲကျင်းလုံကိုသာ တစ်ချက်လှမ်းကြည့်လိုက်သည်။ ၎င်း၏ခန္ဓာကိုယ်ထဲရှိ ပုတီးစေ့မှာ လိပ်ကြီး သေသွားခြင်းကြောင့် မရုန်းကန်နိုင်တော့ဘဲ ဖိနှိပ်ခြင်း ခံလိုက်ရသည်။
ဝိညာဉ်စွမ်းအားများနှင့် ပတ်သက်၍ လိပ်ကြီး၏ ခန္ဓာကိုယ်ထဲမှ ဝိညာဉ်စွမ်းအားအကုန်အစင် နှုတ်ယူရန် သူ အချိန်မရလိုက်ပါသော်လည်း လေးဆယ်ရာခိုင်နှုန်း နှုတ်ယူနိုင်လိုက်သေးသည်။ ယခုအချိန်၌ ထိုဝိညာဉ်စွမ်းအားများသည် ဆယ့်တစ်ခုမြောက် ဓမ္မတံခါးဆီသို့ တဝေါဝေါ ပြေးဝင်နေသည်။
တခဏလေးအတွင်း ဆယ့်တစ်ခုမြောက်ဓမ္မတံခါး ပွင့်သွားသည်။
ရွှီချင်း၏ ခန္ဓာကိုယ်ထဲမှ ဓမ္မစွမ်းအားများ ရုတ်ခြည်း မြင့်တက်လာသည်။ သူက ထွက်ခွာသွားသော ပထမတောင်ထိပ်မှ လူငယ်ကို ကြည့်လိုက်သည်။ ထိုလူငယ်သည်လည်း ရွှမ်ယောက်အသွင်သဏ္ဍာန်အား အသက်မသွင်းနိုင်သေးသည်ကို သူ သိသည်။ ထို့ကြောင့် သူ့မျက်လုံးများထဲတွင် လူသတ်ချင်စိတ်များ တောက်လောင်လာ၏။ သူက လက်ကိုဝှေ့ယမ်းလိုက်ရာ ပင်လယ်အော်ထဲတွင် ကျောက်ချထားသော မှော်သင်္ဘောမှာ ရွှေရောင်ဝင်းလက်သွားပြီး ကြောက်ခမန်းလိလိ နတ်အငွေ့အသက်များ ထွက်ပေါ်လာ၏။
ထို့နောက် မယှဉ်သာနိုင်အောင် မြင့်မြတ်သော အငွေ့အသက်များ ယှက်သန်းနေသည့် ရွှေရောင်အလင်းတန်းတစ်တန်းက ထွက်ခွာသွားသော ပထမတောင်ထိပ်မှ လူငယ်ထံ ပြေးဝင်သွားသည်။
ပထမဆုံးအကြိမ်အဖြစ် ပထမတောင်ထိပ်မှ လူငယ် မျက်နှာပျက်သွားသည်။ သူက မန္တန်လက်ကွက်များ အလျင်အမြန် ဖော်လိုက်ရာ သူ့အောက်မှ ကြေးညိုရောင်ဓားကြီးက ရွှေရောင်အလင်းတန်းကို တားဆီးရန် သူ့ရှေ့တွင် ရပ်လိုက်သည်။ တခဏလေးအတွင်း ၎င်းက ရွှေရောင်အလင်းတန်းနှင့် တွေ့ဆုံသွားပြီး အစိတ်စိတ်အမြွှာမြွှာ ဖြစ်သွားသည်။ တစ်ဆက်တည်းမှာပင် လူငယ်၏နှုတ်ခမ်းထောင့်စွန်းမှလည်း သွေးများ စီးကျလာ၏။
တန်ပြန်အားကြောင့် သူ့ခန္ဓာကုယ်က ပေတစ်ထောင်အကွာအဝေးသို့တိုင်အောင် လွင့်ထွက်သွားသည်။ သူ့မျက်လုံးများထဲတွင် လူသတ်ငွေ့များ တောက်လောင်လာပြီး ရွှီချင်းကို ကြည့်လိုက်သည်။
“ ငါ ရပ်နေတုန်း ထွက်သွားတာ ဘယ်လောက်တောင် လွယ်လိုက်သလဲ။ အဆောက်အအုံမြင့်မြင့်ထက်မှာ ငါ ရင်ဆိုင်နေရတာက ထိရှလွယ်တဲ့ဘဝနဲ့ ခုတ်မောင်းနေတဲ့ နာရီတွေပဲ ”
ရွှီချင်းမှာ ထိုစကားကို နားမလည်ပါသော်ငြား ရင်ထဲတွင် လူသတ်ချင်စိတ်များ ဆူဝေနေပြီဖြစ်သည်။ သူက အရှိန်တင်ကာ လူငယ်ဆီသို့ တန်းတန်းမတ်မတ် ဝင်ရောက်သွားသည်။ အနီးသို့ ရောက်သည်နှင့် သူ့ညာလက်တွင် ဓားမြှောင်တစ်လက် ပေါ်လာပြီး သူ့ရှေ့မှ လူငယ်၏ လည်ပင်းကို အညှာအတာကင်းမဲ့စွာ ခုတ်လိုက်သည်။