ခေါင်းဆောင်ကြီးတို့.... ကျုပ်ကိုကယ်ပါဦးဗျာ
Vol. 4 Ch. 371
ဘုံကျောင်းနှင့် ကျောက်တုံးအစီအရင်၏အပြင်ဘက်တွင် ယင်ယန်ဝိညာဥ်အဆင့်ကျင့်ကြံသူများမှာ ဂိုဏ်းသားများထွက်လာတော့မည့်အတွက် စိုးရိမ်တကြီးစောင့်ဆိုင်းနေကြသည်။ ရုတ်တရက် ဂိုဏ်းအားလုံး၏ဂိုဏ်းသားများပါဝင်သည့် အလင်းတန်းကြီးမှာ အထက်မှနိမ့်ဆင်းလာလေသည်။
ခြွင်းချက်တစ်ခုမျှမရှိသော်လည်း ဂိုဏ်းသားအားလုံး၏ မျက်နှာများပေါ်တွင်လည်းကောင်း၊ အခြားခန္ဓာကိုယ်အစိတ်အပိုင်းများပေါ်တွင်လည်းကောင်း အနက်ရောင်လိပ်ပုံအမှတ်အသားများ ရှိနေသည်။ ဂိုဏ်းကြီးသုံးဂိုဏ်းမှ ယင်ယန်ဝိညာဥ်အဆင့် ကျင့်ကြံသူများမှာ ထိုမြင်ကွင်းကြောင့် မျက်လုံးအစုံပြူးကျယ်နေကြတော့သည်။
ဟန်ဇောင်၊ ချီဟွမ်နှင့် ဖုန်းရှိန်ကျစ် တို့မှာ ချက်ချင်းပင် အလွန်ဆိုးဝါးသည့်ခံစားချက်များရလိုက်လေသည်။
"မင်းတို့အားလုံး...."
ဂိုဏ်းသုံးဂိုဏ်းမှ မည်သည့် ယင်ယန်ဝိညာဥ်အဆင့် တာအိုဆရာသခင်များမှ ကိစ္စရပ်များကို မမေးမြန်းနိုင်သေးမီ မန္တန်အစီအရင်အတွင်းရှိ ဧရာမကျောက်တုံးကြီးထံမှ အလင်းတန်းတစ်ခုထွက်ပေါ်လာလေသည်။ ထို့နောက် ပိုင်ရှောင်ချန်းပေါ်လာလေသည်။ သူကအပြည့်အဝအကောင်အထည်ပေါ်လာပြီးသည်နှင့် အဏ္ဏဝါခေါ်သံဂိုဏ်း၏ ခေါင်းဆောင်ကြီးများထံ တဟုန်ထိုး အမြန်ဆုံးနှုန်းဖြင့် ပြေးသွားလေသည်။
" သူတို့ ကျုပ်ကိုသတ်ဖို့ကြိုးစားနေတယ်" သူကနီးကပ်လာသောအခါ အော်ပြောလိုက်လေသည်။
" ကျနော့်ကို ကယ်ကြပါဦး...ခေါင်းဆောင်ကြီးတို့ရယ်။ ကျနော့်ရဲ့ သနားစရာအသက်လေး ဆုံးရှုံးရတော့မလို့ဗျ..။ သူတို့က ကျနော့်ကို သေစေချင်နေကြတယ်"
ထိုစကားများသူ၏နှုတ်မှထွက်သွားစဥ် ဧရာမကျောက်တုံးကြီးများထိပ်တွင်ရှိနေကြသော အခြားဂိုဏ်းသားများမှာ ရူးသွပ်တော့မလိုဖြစ်သွားကြလေသည်။ သူတို့၏ အကြီးအကဲများရှိနေခြင်းကို ဥပေက္ခာပြုလိုက်ကြပြီး သူတို့အားလုံးပိုင်ရှောင်ချန်းထံ တဟုန်ထိုးပစ်ဝင်လာကြသည်။
" ငါမင်းကိုသတ်မယ်..ပိုင်ရှောင်ချန်း" ယခုမှပြန်ရောက်လာကြသည့် ကျင့်ကြံသူတစ်ရာနီးပါးက စတင်တိုက်ခိုက်ကြသောအခါ တဝုန်းဝုန်းမြည်ဟည်းသံများ ပဲ့တင်ထပ်သွားလေသည်။ ယင်ယန်ဝိညာဥ်အဆင့် ကျင့်ကြံသူများအားလုံးမှာ လုံးလုံးလျားလျား စိတ်ပျက်အံ့အားသင့်သွားကြလေသည်။
ဟန်ဇောင်၊ ချီဟွမ်နှင့် ဖုန်းရှိန်ကျစ် တို့၏မျက်နှာအမူအရာမှာ အလွန်ခက်ထန်တင်းမာသွားလေသည်။ ထိုလူအပေါင်းတို့က ပိုင်ရှောင်ချန်းအားသတ်ချင်နေသည်ကို ကြည့်ခြင်းဖြင့် အမွေအနှစ်နယ်မြေအတွင်း၌ သူရင်ဆိုင်ကြုံတွေ့ခဲ့ရသည့်အန္တရာယ်များကို သူတို့စဉ်းစားမိနိုင်သည်။
" အဟမျးး"
ချီဟွမ်က ခြေတစ်လှမ်းကိုဆောင့်နင်းလိုက်ပြီး ရှေ့သို့ထွက်လိုက်သည်။ ထူးကဲကြီးမားသည့်ဂယက်လှိုင်းများ အရပ်မျက်နှာအနှံ့ ပျံ့နှံ့သွားပြီး ဂိုဏ်းသုံးဂိုဏ်း၏ကျင့်ကြံသူများ ကျွမ်းထိုးမှောက်ခုံလဲကျသွားသည်။
" ပိုင်ရှောင်ချန်းက အဏ္ဏဝါခေါ်သံဂိုဏ်းရဲ့ ခေါင်းဆောင်ငယ်တစ်ယောက်ပဲ။ မင်းတို့ထဲ ဘယ်သူက အတင့်ရဲပြီးသူ့ကိုသတ်ဖို့ကြိုးစားနေတာလဲ "
ထိုကျင့်ကြံသူများအားလုံးမှာ လက်ရွေးစင်များဖြစ်ကြသော်လည်း သူတို့အားလုံးမှာ အမြုတေအဆင့်၌သာရှိသေးကြပြီး ချီဟွမ်နှင့် ယှဥ်ပြိုင်တိုက်ခိုက်ရန် မဖြစ်နိုင်ပေ။ ယခုသူ့ထံမှထွက်ပေါ်လာသော ကြောက်စရာကောင်းသည့် အငွေ့အသက်များကြောင့် သူတို့အားလုံးမှာ စိတ်ထဲကပင် တုန်လှုပ်သွားကြသည်။
ပိုင်ရှောင်ချန်းက ချီဟွမ်၊ ဟန်ဇောင်နှင့် ဖုန်းရှိန်ကျစ် တို့၏ နောက်ကွယ်တွင် အမြှီးကုပ်၍ငြိမ်နေသော်လည်း အလွန်စိတ်လှုပ်ရှားနေမိသည်။ အမွေအနှစ်နယ်မြေတွင် သူကြုံတွေ့ရသောအန္တရာယ်များအားလုံးကို ပြန်စဥ်းစားကြည့်မိလျှင် ၎င်းကထိုက်တန်ပေသည်။
ဟန်ဇောင်၏မျက်လုံးများမှာ တောက်ပနေကာ အခြားဂိုဏ်းကြီးများ၏ ယင်ယန်ဝိညာဥ်အဆင့်ကျင့်ကြံသူများကို ကြည့်လိုက်ပြီး သူက တင်းမာခက်ထန်သောမျက်နှာနှင့် ပြောလိုက်သည်။
" တာအိုမြစ်ဂိုဏ်းခွဲ၊ ကျစ်မြစ်ဂိုဏ်းခွဲ၊ ရှင်းမြစ်ဂိုဏ်းခွဲတို့...။ ခင်ဗျားတို့သုံးဂိုဏ်းစလုံး ဒီကိစ္စအတွက် ကောင်းကောင်းဖြေရှင်းချက်ပေးနိုင်ရင်ကောင်းမယ်"
ဖုန်းရှိန်ကျစ် က ပိုင်ရှောင်ချန်းအနားသို့ လျှောက်သွားကာ သူ၏ကျင့်ကြံခြင်းအခြေခံကိုအသုံးပြု၍ ပိုင်ရှောင်ချန်း၏ ဒဏ်ရာများကို စစ်ဆေးကြည့်ရှုလိုက်သည်။ အစပိုင်းတွင် သူ အလွန်အံ့အားသင့်သွားသော်လည်း မည်သူမျှသတိမပြုမိခင် ပိုင်ရှောင်ချန်းအား အကြည့်တစ်ချက် ပေးလိုက်သည်။
ပိုင်ရှောင်ချန်းကလည်း ချက်ချင်းပင် သူပြုစေလိုသည့်ရည်ရွယ်ချက်ကို နားလည်သည်။ သူ၏မျက်နှာအား ယခင်ကထက် ဖြူဖတ်ဖြူလျော်ဖြစ်သွားအောင် လုပ်ဆောင်လိုက်ပြီး တအီအီအသံပြုကာ သူ၏လျှာကိုကိုက်လိုက်ပြီး သွေးအချို့အန်ထွက်စေလိုက်သည်။
သူ၏ရင်ဘက်ပေါ်သို့လက်ကိုတင်လိုက်ပြီး အမောတကာအသက်ရှုလိုက်သည်။ ဂိုဏ်းသုံးဂိုဏ်း၏ကျင့်ကြံသူများအား လက်ညှိုးထိုးလိုက်ပြီးနောက် ပြောလိုက်သည်။
" သူတို့က..အရမ်းရက်စက်ကြတယ်ဗျာ...။ သူ..သူတို့က ကျနော့်ကိုသတ်ဖို့လည်း ကြိုးစားကြတယ်။ ကျ...ကျနော်က..."
အခြားကျင်ကြံသူတို့မှာ ထိုအရာအားမြင်လိုက်ကြသောအခါ သူတို့၏ချိုးနှိမ်ထားသော အမျက်ဒေါသများမှာ ယခင်ကထက်ပိုမိုမြင့်တက်လာသည်။ သူတို့အားလုံးက ပိုင်ရှောင်ချန်းမှာ မည်မျှအထိအလွန်အကြမ်းခံ၊ ခံနိုင်ရည်ရှိကြောင်း သူတို့၏မျက်စိဖြင့်တပ်အပ်မြင်ခဲ့ရသည်။ ထို့အပြင် သူက ခြေခြောက်ချောင်းရှိသောယုန်တစ်ကောင်အလား အလွန်လျင်မြန်လှပြီး သူ့ကို ရိုက်မိရန်ပင် အလွန်ခက်ခဲခဲ့သည်။
သို့သော် ဤနေရာတွင် သူကပြင်းထန်စွာဒဏ်ရာရနေသကဲ့သို့ ပြုမူနေသည်။
" ပိုင်ရှောင်ချန်း...မင်းးး"
လူများ ဒေါသထွက်လာကြပြီး စကားတစ်လုံး၊နှစ်လုံးထက်ပို၍မပြောနိုင်သေးမီ တာအိုမြစ်ဂိုဏ်းခွဲမှ ဆံဖြူအဘိုးအိုက ခက်ထန်တင်းမာစွာအော်ငေါက်လိုက်သည်။ " မင်းတို့အားလုံး ပါးစပ်ပိတ်ထား"
သူ၏မိုးခြိမ်းသံအလား အသံကြီးကချက်ချင်းပင် လူအများအပေါ်သက်ရောက်သွားပြီး ဂိုဏ်းသားများ၏နှလုံးသားမျာ တုန်တုန်ယင်ယင်ဖြစ်သွားသည်။ သူတို့၏အကြည့်များကိုလွှဲလိုက်ရင်း အလျင်အမြန်ပင်တိတ်ဆိတ်သွားကြတော့သည်။
" တာအိုမြစ်ဂိုဏ်းခွဲက တစ်လအတွင်း ဖြေရှင်းချက် ပေးပါ့မယ်။ အဏ္ဏဝါခေါ်သံဂိုဏ်းက တာအိုရောင်းရင်းတို့... အစောပိုင်းက ဆွေးနွေးခဲ့တဲ့ကိစ္စရပ်အတွက် စဥ်းစားဖို့နဲ့ ဖြေရှင်းချက်မြန်မြန်ပေးနိုင်ဖို့အတွက် အချိန်အနည်းငယ်စောင့်စားပေးဖို့မျှော်လင့်ပါတယ် "
ပိုင်ရှောင်ချန်းအားကြည့်လိုက်ကာ သူ၏မျက်နှာတွင်အပြုံးတစ်ခု ကြိုးစားပြုံးပြလိုက်ပြီးနောက် အခြားတာအိုမြစ်ဂိုဏ်းခွဲကျင့်ကြံသူများနှင့်အတူ ထွက်ခွာသွားလေသည်။
ဂိုဏ်းသားများအပေါ်ရှိ လိပ်ပုံအမှတ်အသားများအား သူကလုံးလုံးလျစ်လျူရှုထားလိုက်သည်။
တာအိုမြစ်ဂိုဏ်းခွဲကျင့်ကြံသူများထွက်ခွာသွားသောအခါ ကျစ်မြစ်ဂိုဏ်းခွဲအဖွဲ့က ဖြေရှင်းချက်ပေးမည့်အကြောင်း အလားတူဆိုပြီးနောက် သူတို့လည်းပြန်သွားလေသည်။ နောက်ဆုံးမှာ ရှင်းမြစ်ဂိုဏ်းခွဲဖြစ်လေသည်။ ဆံနီအဘိုးအို၏မျက်နှာအမူအယာမှာ အလွန်အရုပ်ဆိုးနေလေသည်။
သူ၏ဂိုဏ်းသားများကိုစိုက်ကြည့်လိုက်ရင်း သူကလှည့်ပြန်ရန်ပြင်လိုက်စဥ် ဖုန်းရှိန်ကျစ် ကရုတ်တရက်ပြောလိုက်လေသည်။ "တာအိုရောင်းရင်း..ကြယ်ပျံကြီးကို တစ်လအတွင်းပေးပို့ပေးနိုင်မယ်လို့ ကျုပ်တို့မျှော်လင့်ပါတယ်"
အနောက်သို့လှည့်၍ပင်မကြည့်ပဲ ဆံနီအဘိုးအိုကပြောလိုက်သည်။
" မဖြစ်စလောက်သေးနုပ်တဲ့ကြယ်ပျံအတွက်နဲ့ ကျုပ်ရဲ့စကားတွေကိုပြန်မရုပ်သိမ်းပါဘူးဗျာ.."
ထိုသို့ဆိုကာ ခြောက်ကပ်ကပ်ချောင်းဟန့်လိုက်ပြီး သူ၏ဂိုဏ်းသားများနှင့်အတူထွက်သွားလေသည်။
တိတ်ဆိတ်ငြိမ်သက်နေစဥ် ဟန်ဇောင်၊ ချီဟွမ်နှင့် ဖုန်းရှိန်ကျစ် တို့က ပိုင်ရှောင်ချန်းအား မယုံကြည်နိုင်သောမျက်နှာများဖြင့်ကြည့်လာလေသည်။
ပိုင်ရှောင်ချန်းက သူ၏ရင်ဘက်ကိုအုပ်ကိုင်ထားဆဲဖြစ်သည်။ ဖြူဖတ်ဖြူရော်နှင့် သူက ခေါင်းဆောင်ကြီးသုံးယောက်အား သနားစဖွယ်ကောင်းစွာမော့ကြည့်လိုက်သည်။
" ခေါင်းဆောင်ကြီးတို့...ကျနော်ဘယ်လောက်တောင် စိတ်မသက်မသာဖြစ်ခဲ့ရသလဲဆိုတာ သိမှာမဟုတ်ပါဘူးဗျာ...။ တကယ်လို့ အချိန်သာဒီထက်နည်းနည်းကြာသွားခဲ့ရင် ကျနော့်ဘဝလေးအဆုံးသတ်သွားတော့မှာဗျ..။ အဏ္ဏဝါခေါ်သံဂိုဏ်းအတွက် ခေါင်းဆောင်ငယ်အသစ်တစ်ယောက်တောင် ခေါင်းဆောင်ကြီးတို့ ပြန်ရွေးနေရတော့မှာ..."
ခေါင်းဆောင်ကြီးသုံးယောက်မှာ ငိုရခက်၊ရယ်ရခက် ဖြစ်နေကြတော့သည်။ တစ်ခဏကြာပြီးနောက် ချီဟွမ်ကပြောလိုက်သည်။
" မင်းဘယ်လိုဆွဲယူခဲ့တာလဲ"
"ဟမ်.. အော်...ကောင်းပါပြီဗျာ။ ကျနော်သိပ်တော့မသေချာဘူးဗျ။ သူတို့က ကျနော့်ကို မြင်မြင်ချင်းပဲ သတ်ချင်နေကြတာ..။ အဲဒါတကယ့်ကိုစိတ်ရှုပ်စရာကြီးဗျာ..."
" ငါက အမွေအနှစ်တံဆိပ်တော်တွေအကြောင်းပြောနေတာ.."
"အို...အမွေအနှစ်တံဆိပ်တော်တွေလား။ ကြည့်ပါဦး...ကျနော်မကြွားချင်ပါဘူးဗျာ..။ဒါပေမဲ့ ကျနော်အထဲကိုဝင်ဝင်ချင်း အမွေအနှစ်တံဆိပ်တော်တွေက ကျနော်ကသူတို့ရဲ့သခင်ဒါမှမဟုတ်တစ်စုံတစ်ခုလို ပြုမူနေကြတာဗျ။ သူတို့က ကျနော့်ဆီ အပြေးအလွှားရောက်ချလာတာ..။ ကျနော်သူတို့နောက်တောင်လိုက်ယူစရာမလိုဘူး။ အဲဒါကတကယ့်ကိုခေါင်းခဲစရာပဲ.." ပိုင်ရှောင်ချန်း၏ဟန်ပန်က ခေါင်းဆောင်ကြီးသုံးယောက်အား ရိုးရှင်းစွာမတ်တပ်ရပ်သွားစေပြီး သူ့အားကြည့်လာစေသည်။ အခြေအနေကို မသေချာမရေရာစွာဖြင့် သူက သတိထားလျက် စူးစမ်းလိုက်သည်။
"ဒါဆို ကျနော်တို့နိုင်ပြီလား။ ကျနော် အမွေအနှစ်တံဆိပ်တော်တွေအားလုံးရခဲ့တယ်။ ပြီးတော့ အသက်ဝင်တောင် ဂါထာတော်လို့ခေါ်တဲ့ပညာရပ်ကြီးတောင်ရခဲ့တာဗျ"
ဟန်ဇောင်၊ ချီဟွမ်နှင့် ဖုန်းရှိန်ကျစ် တို့အားလုံးမှာ အကြည့်ချင်းဖလှယ်လိုက်ကြပြီးနောက် ရုတ်တရက် ဗြုန်းကနဲရယ်မောလိုက်ကြသည်။ အမှန်မှာ သူတို့က ပိုင်ရှောင်ချန်းမည်သို့မည်ပုံ အမွေအနှစ်တံဆိပ်တော်များရခဲ့ကြောင်းကို ဂရုမစိုက်ပါချေ။ သို့သော်လည်း သူကလုပ်နိုင်ခဲ့သည်။ သူက အဏ္ဏဝါခေါ်သံဂိုဏ်း၏ခေါင်းဆောင်ငယ်ဖြစ်ပြီး သူတို့က တစ်ဂိုဏ်းတည်းသားများဖြစ်ကြသည်။
" မင်းနိုင်လိုက်တာမဟုတ်ဘူးကွ။ မင်းအကြီးကြီးအောင်မြင်ခဲ့တာ" ဖုန်းရှိန်ကျစ် က အူလှိုက်သည်းလှိုက်ရယ်မောလေသည်။
စိတ်သက်သာရာရသွားပြီး ပိုင်ရှောင်ချန်းက စတင်ရယ်မောလိုက်ကာ ယခင်ကထက်ပင် သူ့ကိုယ်သူအလွန်ဂုဏ်ယူနေတော့သည်။
"ကောင်းပြီ...။ ဂိုဏ်းကိုပြန်ကြရအောင်" ဟန်ဇောင်က သူ၏မျက်ဝန်းများတွင် ပိုင်ရှောင်ချန်းအားသဘောကျနေသည့် အရောင်များတောက်ပလျက် စိတ်လှုပ်ရှားစွာဆိုလေသည်။ ထိုသို့ဆိုကာ သူကပိုင်ရှောင်ချန်းအား ကောင်းကင်ချိုဓားပေါ်သို့ ဝေ့ယမ်း၍တက်စေလိုက်သည်။
အဏ္ဏဝါခေါ်သံဂိုဏ်းသို့ပြန်ရာလမ်းတွင် ခေါင်းဆောင်ကြီးများက ပိုင်ရှောင်ချန်းအား အပြင်ဘက်တွင်ဖြစ်ပျက်ခဲ့သမျှကိုပြောပြလေသည်။ ၎င်းမှာ မယုံကြည်နိုင်လောက်ဖွယ်ကောင်းနေသည်။ သူတို့က အရင်းအမြစ်တစ်ရာရာခိုင်နှုန်းကိုရရှိခဲ့ပြီး ဆိုလိုသည်မှာ အခြားဂိုဏ်းသုံးဂိုဏ်းက နောက်ဆုံးပြိုင်ပွဲကာလတွင် သူတို့ရရှိခဲ့သည့်ဝေစုများကို အဏ္ဏဝါခေါ်သံဂိုဏ်းသို့ပြန်ပို့ရတော့မည်ဖြစ်သည်။
သူတို့ကထိုကိစ္စရပ်နှင့် ပတ်သက်၍မကျေမနပ်ဖြစ်၍လည်းမရပေ။ တကယ်တမ်းတွင် ရှင်းကုံကျစ်တာအိုဂိုဏ်းက သူတို့ဂိုဏ်းသုံးခု၏တောင်းဆိုချက်များအရ စည်းမျဥ်းစည်းကမ်းများကိုချမှတ်ခဲ့ခြင်းဖြစ်သည်။ ထိုအရာများအပြင် အဏ္ဏဝါခေါ်သံဂိုဏ်းက ကြယ်ပျံကြီးအားလည်းရပေဦးမည်။
ထိုအရာအားလုံးတို့ကြောင့် အဏ္ဏဝါခေါ်သံဂိုဏ်း၏ အလုံးစုံစွမ်းအားတို့မှာလည်း ဆက်လက်၍ကြီးထွားလာပေလိမ့်မည်။
ယခုမှစ၍ သူတို့က ရန်လိုစွာပြုမူခြင်းသို့မဟုတ် ခုခံကာကွယ်ခြင်းများ ပြုလုပ်ခြင်းရှိသည်ဖြစ်စေ၊ မရှိသည်ဖြစ်စေ ကောင်းမွန်သောအနေအထားရှိနေပြီဖြစ်သည်။ ထို့အပြင် အရင်းအမြစ်များနှင့်သက်ဆိုင်သော အခြေအနေကြောင့် တာအိုမြစ်၊ ကျစ်မြစ်ဂိုဏ်းခွဲများနှင့် ပိုမို၍ထိတွေ့ဆက်ဆံမှုရှိလာလိမ့်မည်။ အရင်းအမြစ်များပြန်လည်ခွဲဝေမှုနှင့် ပတ်သက်၍ နောက်ဆုံးတွင် ပေါ်ထွက်လာမည့်စေ့စပ်ညှိနှိုင်းမှုများတွင် သူတို့ကအခြားဂိုဏ်းနှစ်ဂိုဏ်းကိုပျော်ရွှင်စေရုံသာမက သူတို့ကိုယ်တိုင်အတွက်ပိုမိုကောင်းမွန်သော အကျိုးကျေးဇူးများလည်းရရှိနိုင်ပေမည်။
အားလုံးထဲတွင်အရေးအကြီးဆုံးမှာ ကောင်းကင်လှုပ်ခတ်ခြင်း၊ မြေပြင်ပြိုလဲသည့်ကိစ္စရပ်များဖြစ်ပွားခဲ့ခြင်းကြောင့် အဏ္ဏဝါခေါ်သံဂိုဏ်းမှာ နတ်အဆင့်ခေါင်းဆောင်တစ်ယောက် ရရှိဖို့ရန်နီးစပ်နေပြီဖြစ်သည်။
သူတို့တွင် အရင်းအမြစ်များနှင့် သတင်းအချက်အလက်များအလုံအလောက်ရှိနေပြီဖြစ်သည်။ ချီဟွမ်၊ဟန်ဇောင်နှင့် ဖုန်းရှိန်ကျစ် တို့အားလုံးမှာ နတ်အဆင့်ရောက်ရှိဖို့ရန် အချိန်ကြာတော့မည်မဟုတ်တော့ချေ။
သူတို့တည်ထောင်ခဲ့သည့် ခိုင်မာသောအုတ်မြစ်ဖြင့် အဏ္ဏဝါခေါ်သံဂိုဏ်းမှာ နောက်ဆုံးတွင်အလယ်ပိုင်းဒေသများ၌ စစ်မှန်သောအာဏာရှိသည့်နေရာတစ်ခုရရှိခဲ့ပေပြီ။
ပိုင်ရှောင်ချန်းက အာဏာလုမှု၊ကြံစည်မှုတို့၌ စိတ်မဝင်စားသူဖြစ်ပြီး ဂိုဏ်းကြီးသုံးဂိုဏ်းနှင့်ဆက်ဆံရေးကို စဥ်းလဲသောမြေခွေးအိုကြီးများဖြစ်သည့် ဟန်ဇောင်၊ချီဟွမ်နှင့် ဖုန်းရှိန်ကျစ် တို့၏လက်ထဲသို့ထည့်ထားသည်ဖြစ်ရာ စိတ်ပူနေစရာမလိုချေ။
ခေါင်းဆောင်ကြီးများက သူ့အား အာရုံစိုက်စေလိုသည့်အရာကို ပွင့်လင်းစွာဖော်ပြခဲ့ကြသည်။
" ဂိုဏ်းအားလုံးအကြားက ကိစ္စရပ်တွေက တကယ်တော့သိပ်အရေးမကြီးလှဘူး။ မင်းအခုလုပ်ဖို့လိုနေတာက အသက်ဝင်တောင် ဂါထာတော်ကို နားလည်အောင်လုပ်ဖို့ပဲ။ အဲဒါက ရှင်းကုံကျစ်တာအိုဂိုဏ်းရဲ့ လျှို့ဝှက်အမွေအနှစ်မှော်ပညာရပ်သုံးရာထဲက တစ်ခုပဲ"
"တကယ်လို့ မင်းကအသက်ဝင်တောင် ဂါထာတော်ကို ကျွမ်းကျင်သွားပြီဆိုရင် မင်းရဲ့အတိုက်အခိုက်စွမ်းအားတွေက မယုံနိုင်လောက်တဲ့အဆင့်အထိတိုးသွားလိမ့်မယ်"
ပိုင်ရှောင်ချန်းက ချက်ချင်းပင် အသက်ဝင်တောင် ဂါထာတော်ကို စတင်ကျင့်ကြံတော့သည်။
သို့သော်လည်း သူက ပညာရပ်အားဆင်ခြင်သုံးသပ်လိုက်သောအခါ ၎င်းက ကျင့်ကြံခြင်းဆိုင်ရာ အလွန်ကြမ်းတမ်းသောလိုအပ်ချက်အချို့ ရှိကြောင်းသဘောပေါက်သွားလေသည်။
ထို့အပြင် ၎င်းကထူးကဲသည့်ပတ်ဝန်းကျင်တွင် ကျင့်ကြံဖို့လည်းလိုအပ်သေးသည်။ ထိုပညာရပ်၏ဖော်ပြချက်များကိုအခြေခံ၍ ထိုပတ်ဝန်းကျင်ကိုလည်း ရှင်းကုံကျစ်တာအိုဂိုဏ်းအတွင်းရှိ တောင်တန်းများအကြား မြေပြင်မှသာ တွေ့နိုင်လေသည်။
ပိုင်ရှောင်ချန်းမှာ ထိုကိစ္စအတွက်အနည်းငယ်စိတ်မချမ်းမသာဖြစ်သွားသော်လည်း ယခုတွင် ၎င်းနှင့်ပတ်သက်၍သူလုပ်နိုင်သည်မှာ ဘာမျှမရှိကြောင်းသိလေသည်။ သူက ထိုကိစ္စကိုဘေးချိတ်ထားလိုက်စဥ် ဂိုဏ်းဌာနချုပ်နှင့်နီးစပ်နေပြီဖြစ်ကြောင်း သိလိုက်ရသည်။
ထိုနေရာ၌ သွေးဘိုးဘေးကြီးက မြေပြင်မှ မိုးထိအောင်မြင့်နေပြီး ကြောက်မက်ဖွယ်ညောင်ပင်ကြီး၏ အငွေ့အသက်များက နေရာရှိအရာအားလုံးကို ဖိနှိပ်ထားလေသည်။ တောင်တန်းကြီးလေးခုမှာ နဂါးများသဖွယ် ဆန့်တန်းနေသည်။
၎င်းမှာ အဏ္ဏဝါခေါ်သံဂိုဏ်းကြီးဖြစ်ေပသည်။