ဆိုးဆိုးဝါးဝါး
Vol. 15 Ch. 217
ပထမတောင်ထိပ်မှ လူငယ်က မြန်ဆန်ပါသော်လည်း ဤနေရာသည် ပင်လယ်ပြင်ဖြစ်သည်။ သူ မည်မျှမြန်ဆန်ပါစေ သူ့ကိုယ်သူ အားကိုးရမည်ဖြစ်ပြီး အထူးသဖြင့် သူ၏ကြေးညိုရောင်ဓားကြီးကို ရွှီချင်းက ဖျက်ဆီးလိုက်သောအခါတွင် ဖြစ်ပေသည်။
ရွှီချင်းမှာ မှော်လှေကိုစီး၍ သွားနေသည်။ သူက အားအင်များကို သုံးစွဲရန် မလိုအပ်သည်သာမက နောက်မှလိုက်နေသည့်အတောအတွင်း ပြန်လည်အားပြည့်လာနိုင်သည်။ သို့ဖြစ်၍ ထိုနောက်မှလိုက်နေသည့်ဖြစ်ရပ်၏ ရလဒ်ကို မှန်းဆကြည့်နိုင်ပေသည်။
အမှန်စင်စစ် ယင်းသည် သတ္တမမြောက်တောင်ထိပ်မှ လှေကျင့်ကြံသူများ၏ အားသာချက်လည်း ဖြစ်သည်။
လှေကျင့်ကြံသူတစ်ယောက်ဖြစ်နေသဖြင့် အခြေတည်အဆင့်သို့ ရောက်သောအခါတွင် ဆိပ်ကမ်းပေါ်၌သာ အစွမ်းပြနိုင်သည်သာမက ပင်လယ်တိုက်ပွဲများမှာလည်း အချိန်ဆွဲ၍ တိုက်ခိုက်နိုင်ကြပေသည်။ ရွှီချင်း၏ မှော်သင်္ဘောကြီးက စိုးရိမ်ကြောင့်ကြနေသော လူငယ်ကို နှစ်နာရီအတွင်း မီသွားသည်။
သတ်ဖြတ်ခြင်းနှင့် ပတ်သက်လာလျှင် ရွှီချင်းသည် မှော်သင်္ဘော၏ နတ်အစွမ်းကို နှမျောတွန့်တိုနေမည် မဟုတ်ပေ။ သူ အနီးသို့ ရောက်သည်နှင့် နတ်အစွမ်းများ တဟုန်ထိုး ထွက်ပေါ်လာသည်။
ပထမတောင်ထိပ်မှ လူငယ်က သွေးပျက်ခမန်း အော်ဟစ်လိုက်ပြီး တိုက်ကွက်ကို တားဆီးရန် မန္တန်လက်ကွက်များ အလျင်အမြန် ဖော်ကာ အဆောင်များစွာ ထုတ်လိုက်သည်။ ထိုအခါမှသာ သူသည် သေခြင်းတရားမှ ရှောင်လွှဲနိုင်ခဲ့ပြီး ဒဏ်ရာအနည်းအကျဉ်းသာ ရသွားခဲ့သည်။ သူက နောက်ပင် လှည့်မကြည့်ဘဲ တရစပ် ထွက်ပြေးသွားသည်။
ရွှီချင်းသည် အေးစက်စက်နှာမှုတ်ကာ နောက်မှ ထပ်ကြပ်မကွာ လိုက်သွားသည်။
မကြာခင် ညအချိန် ရောက်သွားသည်။
မိုးကုတ်စက်ဝိုင်းအောက်သို့ နေမင်းကြီး ငုပ်လျှိုးသွားပြီး ကောင်းကင်နှင့် ပင်လယ်ပြင်က တစ်ရောင်တည်း ဖြစ်သွားသောအခါတွင် ရွှီချင်း၏ မှော်လှေက မီသွားပြန်သည်။ ယခုတစ်ခေါက်တွင် သူက နတ်အစွမ်းကို မသုံးတော့ဘဲ တစ်ခါတည်း ခုန်ဝင်သွားသည်။
သူက လက်ကိုဝှေ့ယမ်းလိုက်ရာ ပင်လယ်ကြီး တဝုန်းဝုန်းအော်မြည်သွားပြီး လူငယ်ကို ဟန့်တားရန် ရှဲကျင်းလုံ ရုတ်ခြည်း ထွက်လာသည်။ တချိန်တည်းမှာပင် ရွှီချင်းသည်လည်း လူငယ်ထံ ဝင်ရောက်သွား၏။
သူက သံတုတ်လေးကို ပစ်လွှတ်လိုက်ရာ သံတုတ်လေးက ဘေးပတ်လည်တွင် စက်ဝိုင်းပုံစံ လှည့်ပတ်ပျံသန်းနေရင်း အခွင့်ကောင်းကို ရှာနေ၏။
ထိုအချိန်၌ ကျင်းကန်းဂိုဏ်းစောင့်ဘိုးဘိုးမှာ ဘဝ၏ အထွတ်အထိပ်သို့ ရောက်သွားသည့်အလား စိတ်ဓာတ်တက်ကြွနေသည်။
“ သခင်လေး၊ သခင်လေး၊ ကျွန်တော်မျိုးတို့ ဒီကောင်လေးကို သုတ်သင်ကြမယ် ”
“ ကျွန်တော်မျိုး ဖတ်ခဲ့ဖူးတဲ့ ရှေးဟောင်းစာအုပ်တွေထဲက အတွေ့အကြုံတွေအရဆိုရင် ဒီကလေးက မရိုးရှင်းဘူး။ သူက ချီရွှဲ့ထုံဂိုဏ်းက ပထမတောင်ထိပ်ကမှန်း သူ့အဝတ်အစားကို ကြည့်ပြီး ကျွန်တော်မျိုး ပြောနိုင်တယ်။ ပြီးတော့ သူက အခြေတည်အဆင့်ကို ရောက်နေပြီး သက်စောင့်မီးတောက်ကို မထုတ်ဖော်နိုင်သေးတာတောင် ဒီလောက်အစွမ်းထက်နေတာ။ ပြောရရင် ဒီလိုလူမျိုးက စာအုပ်တွေထဲမှာ အဓိကဇာတ်ကောင်ပဲ။ သူ့ပုံရိပ်ကလည်း မရိုးရှင်းနိုင်ဘူး။ မင်းသားတစ်ပါးတောင် ဖြစ်နေလောက်တယ် ”
“ အဲဒီကောင်လေးက ဘယ်တော့မှ လူလိုမပြောတာ သခင်လေး သတိထားမိလား။ စာအုပ်တွေထဲမှာ အဲဒီလိုအကျင့်စရိုက်ရှိတဲ့သူတွေက သတ်ရသိပ်ခက်တာ ”
“ ဒါပေမဲ့ သခင်လေးနဲ့ ယှဉ်ရင်တော့ သူက ရေမြွေပါပဲ။ သခင်လေးကမှ တကယ့်နဂါးတစ်ကောင်။ ကျွန်တော်မျိုး ဖတ်ထားတဲ့ ရှေးစာအုပ်တွေထဲမှာဆိုရင် အဲဒီလိုလူမျိုးက ကံကြမ္မာကောင်းတွေနဲ့ ပြည့်နေပေမဲ့ သူ့ကိုသတ်ပြီးရင် သခင်လေး သူ့ကံကြမ္မာကို ယူနိုင်မှာပဲ။ ကျွန်တော်မျိုးတို့ သူ့ကို လက်လွှတ်လိုက်လို့ မရဘူး ”
“ ပြီးတော့ ဒီကောင်လေးက သိပ်လေကြီးတာ။ စကားပြောလိုက်ရင် မိုးတစ်လုံးလေတစ်လုံးနဲ့။ ကျွန်တော်မျိုးတို့သာ သူ့ကို လူလိုစကားပြောတဲ့အထိ ရိုက်နှက်ဆုံးမလိုက်ရင် အတော်လေး ကျေနပ်ဖု့ိကောင်းမှာ ”
ကျင်းကန်းဂိုဏ်းစောင့်ဘိုးဘိုးက စိတ်လှုပ်တရှား ပြောလိုက်ရင်း အလျင်အမြန် ချဉ်းကပ်သွားရန် သံတုတ်လေးကို ထိန်းချုပ်လိုက်သည်။ တချိန်တည်းမှာပင် သူက စိတ်ထဲတွင် ကြွေးကြော်နေ၏။
‘ မင်းတော့ အသေပဲ။ ဒီနတ်ဆိုးရွှီလက်ထဲကနေ လွတ်တာ ငါတစ်ယောက်ပဲ ရှိတာကွ။ နောက်ထပ်တစ်ယောက် ဘယ်တော့မှ ရှိလာမှာ မဟုတ်ဘူး ’
ကျင်းကန်းဂိုဏ်းစောင့်ဘိုးဘိုး ထိန်းချုပ်ထားသည့် သံတုတ်နက်လေးမှာ ကြောက်ခမန်းလိလိ မြန်ဆန်နေသည်။ ၎င်း နီးကပ်သွားသည့်အခိုက် ရွှီချင်းသည်လည်း ဝင်ရောက်သွားပြီး ညာလက်ကိုမြှောက်၍ အောက်သို့ အတင်းအကြပ် ဖိချလိုက်သည်။ ရုတ်တရက် ကောင်းကင်ဓားမော့ပေါ်လာပြီး အညှာအတာမဲ့စွာ ကျဆင်းသွားသည်။
ပထမတောင်ထိပ်မှလူငယ်မှာ စိတ်ထဲတွင် အော်ဟစ်မြည်တမ်းလိုက်ပြီး အဆောင်ဆယ်ခုကျော်ထုတ်၍ တစ်ပြိုင်နက်တည်း ပစ်ပေါက်ကာ ဖောက်ခွဲလိုက်သည်။ ထိုအဆောင်များက စွမ်းအင်လှိုင်းများ ထုတ်လွှတ်လိုက်ပြီး အောက်ဘက်ရှိ ရှဲကျင်းလုံနှင့် အပေါ်မှ ကောင်းကင်ဓားမော့တို့ကို တားဆီးကာ သူ ရှောင်တိမ်းရန် နေရာဖန်တီးပေးလိုက်သည်။
သို့သော်လည်း ကျင်းကန်းဂိုဏ်းစောင့်ဘိုးဘိုးမှာ အခွင့်အရေးတစ်ခုကို တွေ့သွားပြီး ချက်ချင်း သူ့လက်မောင်းကို ထိုးဖောက်လိုက်သည်။
ပထမတောင်ထိပ်မှလူငယ်၏ အသက်ရှူသံများ မြန်ဆန်သွားပြီး သူ့မျက်လုံးများထဲတွင် ရက်စက်ကြမ်းကြုတ်သော အရိပ်အယောင်များ ပေါ်လာကာ အော်ဟစ်ဟိန်းဟောက်လိုက်သည်။
“ လောင်ကျွမ်းလိုက်စမ်း ”
သူ့စကားဆုံးသည်နှင့် တစ်ပြိုင်နက် သံတုတ်နက်ပေါ်မှ သွေးများက တဟုန်းဟုန်းတောက်လောင်သွားသည်။
ကျင်းကန်းဂိုဏ်းစောင့်ဘိုးဘိုးမှာ အထိတ်တလန့် ဖြစ်သွားပြီး အလျင်အမြန် ငြှိမ်းသက်လိုက်သည်။ ပြီးသည်နှင့် သူသည် မျက်နှာပျက်သွားရသည်ဟု ခံစားလိုက်ရပြီး နှာမှုတ်လိုက်သည်။ သူက ချက်ချင်းပင် မန္တန်လက်ကွက်ဖော်၍ လူငယ်လေးကို ညွှန်လိုက်သည်။
လူငယ်လေးက တိုက်ခိုက်ရန် ပြင်လိုက်ပါသော်လည်း ရွှီချင်းက ရောက်လာပြီ ဖြစ်သည်။ ရွှီချင်း အနီးရောက်သွားသည်နှင့် သူ့ကိုယ်ပေါ်မှ အနက်ရောင်မီးတောက်များ လွင့်ပျံလာပြီး လူငယ်၏ ဝိညာဉ်ကို ဆွဲနှုတ်ချင်နေသည့်အလား လူငယ်လေးကို လွှမ်းခြုံနေသည်။
ထိုအညှာအတာကင်းမဲ့ပြီး ရက်စက်ကြမ်းကြုတ်သော အပြုအမူက ပထမတောင်ထိပ်မှ လူငယ်ကို အကြောက်ကြီး ကြောက်သွားစေသည်။ သူတို့နှစ်ဦးလုံးက တစ်ဂိုဏ်းတည်းမှ ဖြစ်၍ ထိုသို့ ပြုမူရန် မလိုအပ်ကြောင်း ပြောချင်နေသည့်အလား သူက စိုးရိမ်ပူပန်စွာဖြင့် ဆိုလိုက်သည်။
“တောင်တန်ခိုးရှင်နိုင်ငံက အိမ်တော်၊ ကျွန်ုပ်တို့က တစ်ရွာတည်းသားချင်းတွေပါ ”
ရွှီချင်းသည် နားမလည်ဘဲ ထိုလူငယ်၏စကားများကို သူ့နားနှစ်ဖက်က အလိုလို ပိတ်ဆို့ထား၏။ အနက်ရောင်မီးတောက်များက လူငယ်ကို အစွမ်းကုန် လွှမ်းခြုံထားသည်။
ထိုသို့ သေရေးရှင်ရေးအခိုက်အတန့်တွင် လူငယ်က ရုပ်ထုတစ်ခုကို ထုတ်လိုက်သည်။ ယင်းရုတ်ထုသည် နက်မှောင်နေပြီး လူသားတစ်ယောက်ပုံစံရှိသည်။ သူက ရုပ်ထုကို ပစ်လွှတ်လိုက်ရာ ယင်းရုပ်ထုသည် ပြိုးပြိုးပြက်ပြက် ဝင်းလက်နေလျက် အနက်ရောင်တာအိုဝတ်ရုံကို ဝတ်ဆင်ထားသည့် သက်လတ်ပိုင်းကျင့်ကြံသူတစ်ယောက်အသွင် ပြောင်းလဲသွားသည်။ ထိုကျင့်ကြံသူက မျက်နှာသေကြီးဖြင့် အင်္ကျီလက်ကို ဝှေ့ယမ်းလိုက်သည်။ ရုတ်တရက် လေပြင်းများ ပေါ်လာပြီး အရပ်မျက်နှာအနှံ့ တိုက်ခတ်သွားကာ ရွှီချင်း၏ မီးတောက်နက်များကို တားဆီးနေသည်။
မီးတောက်နက်များမှာ ယိမ်းခါသွားပြီး နောက်သို့ လိမ့်သွားသည်။ ရွှီချင်းသည်လည်း တုန်ရီသွားရပြီး သူ့ပါးစပ်မှ သွေးများ စီးကျလာသည်။ သူ အဝေးသို့ အလျင်အမြန် ဆုတ်ခွာသွားသည်။ သူ နောက်တစ်ဖန် ရှေ့တက်သွားသောအခါတွင် ပထမတောင်ထိပ်မှလူငယ်က ထိုအခွင့်အရေးကို အသုံးချ၍ ထွက်ပြေးသွားပြီဖြစ်သည်။
“ သခင်လေး၊ ဒီကလေးရဲ့ အင်္ကျီလက်ထဲမှာ ဝှက်ဖဲတွေအများကြီးရှိတယ်။ အဆိပ်သုံးလိုက်ပါ ”
သံတုတ်လေးက အလျင်အမြန် ပြန်ရောက်လာပြီး ကျင်းကန်းဂိုဏ်းစောင့်ဘိုးဘိုး၏ မုန်တီးခြင်းများ ပြည့်နှက်နေသောအသံ ထွက်ပေါ်လာသည်။
“ ငါ သုံးပြီးတာ ကြာပြီ ”
ရွှီချင်းက အေးတိအေးစက် ပြောလိုက်ပြီး အဝေးရှိ ပထမတောင်ထိပ်မှလူငယ်ကို ကြည့်လိုက်သည်။
ထိုအချိန်၌ ပထမတောင်ထိပ်မှလူငယ်သည် ရုတ်တရက် သွေးမည်းများ အန်ထုတ်လိုက်သည်။ သူ၏မျက်နှာပေါ်တွင် အစောပိုင်းကထက် အကြောက်တရားများ ပို၍ နေရာယူထား၏။ သူ၏သွေးနှင့် ချီက မတည်မငြိမ်ဖြစ်နေပြီး တိုက်စားခံနေရသည့်အလား သူ့ကိုယ်တွင်းအင်္ဂါများ တဆစ်ဆစ်ကိုက်ခဲနေသည်ကို အာရုံခံမိလိုက်သည်။
အဆိပ်မိသည့်လက္ခဏာကြောင့် သူ အဆိပ်ဖြေဆေးများစွာ အလျင်အမြန် ထုတ်၍ သောက်လိုက်သည်။ သို့သော်လည်း ထိုအဆိပ်ဖြေဆေးများက အသုံးမဝင်သည်သာမက အဆိပ်ဓာတ်ကိုပင် ပို၍ တိုးသွားစေသည်။
ထိုအဆိပ်သည် အဆိပ်ဖြေဆေးများကို တန်ပြန်တိုက်ခိုက်ရန် ရွှီချင်းအထူးဖော်စပ်ထားသည့် အဆိပ်ဖြစ်ပေရာ အဆိပ်ဖြေဆေးများဖြင့် သူ့အဆိပ်ကို ဖြေရန်မှာ အလွန် ခက်ခဲမည်ဖြစ်သည်။
ပထမမြောက်တောင်ထိပ်မှလူငယ်မှာ စိတ်ထဲတွင် ညည်းညူလိုက်ရင်း အဆိပ်ကိုဖိနှိပ်ရန် မတတ်သာဘဲ လျှို့ဝှက်အတတ်ကို ထုတ်သုံးလိုက်ရသည်။
ထိုကိစ္စလေးအတွက် ယခုလိုပြုမူရန် မလိုအပ်ကြောင်း သူ ခံစားနေရသည်။ သူတု့ိနှစ်ယောက်လုံးက တစ်ဂိုဏ်းတည်းသားများဖြစ်ကြောင်း သူ ပြောခဲ့ပြီးပြီ မဟုတ်ပါလား။ ထိုသို့ ဆက်လက်တိုက်ခိုက်နေရန် မည်သည့်အတွက်ကြောင့် လိုမည်နည်း။ အခြေတည်အဆင့် ပင်လယ်သတ္တဝါတစ်ကောင်ကို လုယူသည့်အတွက်ကြောင့်ပေလား။ ယင်းအတွက်ဖြင့် အသက်ကြွေးတောင်းရလောက်အောင်အထိ သူ့နောက်သို့ လိုက်ရန် မလိုပေ။
“ ခေတ်ပျက်ကြီးထဲမှာ ကိုယ်ကျင့်တရားနဲ့ ကျင့်ဝတ်တွေပျက်စီးပြီး အနိုင်ကျင့်တတ်ကြတဲ့ လူတွေ သိပ်များတာပဲ ”
ရွှီချင်းက ဂရုမစိုက်ဘဲ မှော်သင်္ဘောကို ထိန်းချုပ်ပြီး လူငယ်၏နောက်သို့ တရကြမ်း လိုက်သွားသည်။
လူငယ်မှာ အော်ဟစ်မြည်တမ်းလိုက်သည်။ သတ္တမမြောက်တောင်ထိပ်မှ အနှီကလေးငယ်နှင့် သူ ဆက်သွယ်၍မရနိုင်ကြောင်း ခံစားလိုက်ရသည်။ သူ့ကိုယ်သူ မိတ်ဆက်ခဲ့ပြီဖြစ်ပြီး သူ့အဆင့်အတန်းကို ဖော်ပြခဲ့ပြီးဖြစ်ပါသော်ငြား အနှီကလေးငယ်က ဆက်လက်တိုက်ခိုက်ချင်နေဆဲပင်။
ထိုသို့သာဆက်ဖြစ်နေပါက ပင်လယ်ထဲတွင် သူ သေပွဲဝင်ရပေလိမ့်မည်။ ယင်းကြောင့် သူ စိုးရိမ်ကြောင့်ကြလာသည်။ သူက လျှာထိပ်ကို ထပ်ကိုက်၍ သွေးတစ်လုပ်စာထွေးထုတ်လိုက်ပြီး သွေးဓားအသွင်ပြောင်းလဲ၍ အဝေးသို့ ပြေးသွားသည်။
ထိုသို့ဖြင့် အချိန်များ ကုန်လွန်လာခဲ့သည်။
ဤနောက်မှလိုက်သတ်သည့်ခရီးတွင် ရွှီချင်း၏ ရက်စက်ကြမ်းကြုတ်သောစရိုက်နှင့် ဇွဲရှိမှုတို့ အထင်းသား ပေါ်လွင်နေသည်။ သူသည် ပထမတောင်ထိပ်မှလူငယ်ကို နှစ်ရက်နှင့်သုံးညတိတိလိုက်နေခဲ့ပေ၏။
ထိုအတောအတွင်း သူတို့နှစ်ဦးက ကြိမ်ဖန်များစွာ တိုက်ခိုက်ခဲ့ကြသည်။ သူတို့တိုက်ခိုက်လိုက်သည့်အခါတိုင်း တဝုန်းဝုန်းပေါက်ကွဲသံများ ထွက်ပေါ်လာတတ်ပြီး လူငယ်၏ခန္ဓာကိုယ်တွင်လည်း အဆိပ်များ ပို၍ ပျံ့နှံ့နေပြီဖြစ်သည်။ သို့သော်လည်း လူငယ်မှာ အတော်လေး ခံနိုင်ရည်ရှိပြီး အဆိပ်ကို ပျယ်စေရန် သွေးညှစ်ထုတ်နည်းကို အသုံးပြုနေပေ၏။
တချိန်တည်းမှာပင် သူက လျှို့ဝှက်အတတ်ကိုလည်း ကြိမ်ဖန်များစွာ အသုံးပြုခဲ့သည်။ ထိုသု့ိအသုံးပြုလိုက်သည့်အကြိမ်တိုင်း သူက သွေးဓားကြီးအသွင်ပြောင်း၍ ထွက်ပြေးသွားပေရာ ရွှီချင်းမှာ ကြိမ်ဖန်များစွာ တိုက်ခိုက်ပါသော်လည်း ဒဏ်ရာများသာ ရသွားခဲ့သည်။ လူငယ်ကို တစ်ချက်တည်းဖြင့် တိုက်ခိုက်ရန် ခဲယဉ်းနေ၏။
သို့သော်လည်း ရွှီချင်းသည် အလွန် စိတ်ရှည်ပြီး နောက်မှ ထပ်ကြပ်မကွာ လိုက်နေလေသည်။ တချိန်တည်းမှာပင် ကျင်းကန်းဂိုဏ်းစောင့်ဘိုးဘိုးမှာလည်း စိတ်ထဲမှ သက်ပြင်းချလိုက်သည်။ သူက ရှေ့မှပြေးနေသော လူငယ်ကိုကြည့်ကာ တစ်ကိုယ်တည်း တွေးလိုက်သည်။
‘ ကောင်လေး၊ မင်းက စာအုပ်တွေထဲက အဓိကဇာတ်ကောင်ဆိုရင်တောင် နတ်ဆိုးရွှီကိုတော့ သွားရှုပ်လို့မရဘူးကွ။ င့ါဆီကနေ သင်ယူလိုက်။ ဒါပေမဲ့ နေရာတွေကလည်း သိပ်မကျန်တော့ပါဘူး။ မင်းအတွက် မှော်သင်္ဘောပဲ ရှိတော့တယ် ’
ကျင်းကန်းဂိုဏ်းစောင့်ဘိုးဘိုးမှာ အသက်ဝဝရှူသွင်းလိုက်ရင်း သူ့ကိုယ်သူ အလွန်ဂုဏ်ယူနေတော့သည်။
ထိုအချိန်၌ ပထမတောင်ထိပ်မှလူငယ်၏ ဆံပင်များမှာ ရှုပ်ပွနေပြီဖြစ်ပြီး သူ့ဝတ်ရုံမှာလည်း စုတ်ပြတ်နေပြီဖြစ်သည်။ သူ အလွန် ဆိုးဝါးသောအခြေအနေသု့ိ ရောက်နေပြီဖြစ်ပြီး သူ့မျက်နှာသည်လည်း သွေးရောင်မရှိတော့ဘဲ အလွန်ဖြူဖျော့နေသည်။
သူက လျှာကို ကြိမ်ဖန်များစွာ ကိုက်ထားခဲ့၏။ ထိုသို့သာ သူ ဆက်ကိုက်နေပါက သူ့လျှာ ပြတ်ထွက်သွားတော့မည်ဟူ၍ သူ ခံစားနေရသည်။ သူ၏အေးစက်တင်းမာသော အမူအရာသည်လည်း ပျောက်ကွယ်သွားသည်မှာ အချိန်အတော်ကြာပြီ ဖြစ်သည်။
နှစ်ရက်နှင့် သုံးညတိတိ မအိပ်မနားဘဲ ထိုသို့ ဇွဲကောင်းကောင်းဖြင့် လိုက်တတ်သည့်လူမျိုးကို သူ တစ်ခါမှ မတွေ့ဖူးပေ။ ထိုကလေးမှာ သူ့ကို မသတ်ရမချင်း လက်လျော့မည်မဟုတ်ကြောင်း ဖော်ပြနေ၏။
“ ဆောင်းဦးကနေ အပူလျော့ပြီး ဆောင်းရာသီပြောင်းသွားတယ်။ ကြွေကျနေတဲ့ သစ်ရွက်တွေနဲ့ သွေးစက်တွေရဲ့ ပန်းတိုင်က ဘာလဲ ”
လူငယ်က အော်ဟစ်မြည်တမ်းလိုက်ပြီး သူ့နောက်သို့ ကျောက်စိမ်းပေလွှာကို ပစ်လွှတ်လိုက်သည်။ ထိုကျောက်စိမ်းပေလွှာက ချက်ချင်း ပေါက်ကွဲသွားပြီး ဝိညာဉ်အမြောက်အမြား ပေါ်လာသည်။
ထိုဝိညာဉ်များသည် ရန်လိုသည့်အသွင်အပြင်မရှိကြဘဲ ရွှီချင်းကို အလျော့ပေးနေကြသည့်အလားပင်။
ယင်းဝိညာဉ်များသည် သူ စုဆောင်းထားခဲ့သည့် ဝိညာဉ်အကုန်ဖြစ်သည်။ တစ်ဖက်တွင် ထိုဝိညာဉ်များကို ကျင့်ကြံခြင်းအတွက် လိုအပ်သည်။ တခြားတစ်ဖက်တွင် ဂိုဏ်းသို့ ပြန်ရောက်သည်နှင့် သတ္တမမြောက်တောင်ထိပ်မှ အခြေတည်အဆင့်ကျင့်ကြံသူများကို ထိုဝိညာဉ်များ ရောင်းချရန် စီစဉ်ထားသည်။ ထိုဝိညာဉ်များက သက်ရှိများမှ ထုတ်ယူထားသည့် လတ်ဆတ်သော ဝိညာဉ်များကဲ့သို့ မကောင်းပါသော်လည်း အဆင်ပြေသည်ကို သူ သိသည်။
“ ရေပြင်ကို နီးကပ်လာတဲ့ လမင်း၊ မင်းက ရွှမ်ယွမ်မှန်း ဘယ်သူ သိနိုင်အံ့နည်း ”
အသက်ရှင်ရန်အလို့ငှာ ထိုစကားများကို အံကြိတ်၍ သူ ဆိုလိုက်သည်။ သူ့စကားဆုံးသွားသောအခါ သူသည် လျှာထိပ်ကို ထပ်ကိုက်လိုက်ပြီး သွေးဓားအသွင်ပြောင်းလဲကာ ထွက်ပြေးသွားသည်။ ရွှီချင်းသည် တစ်ဖက်လူငယ်၏ ရူးကြောင်ကြောင်စကားများကို နားမလည်ပါသော်ငြား ထိုဝိညာဉ်များကို မြင်၍ သူ့ခန္ဓာကိုယ်ထဲမှ မီးတောက်နက် ပြန့်ကားလာကာ ဝိညာဉ်များကို ရှူသွင်းလိုက်သည်။
ရုတ်တရက် ထိုဝိညာဉ်များမှာ ရွှီချင်း၏ခန္ဓာကိုယ်ထဲသို့ အတားအဆီးမရှိ ဝင်ရောက်သွားသည်။ ၎င်းတို့က ထင်းများအဖြစ် ပြောင်းလဲကာ လောင်ကျွမ်းသွားပြီး ဆယ့်နှစ်ခုမြောက် ဓမ္မတံခါးကို တိုက်ခိုက်လိုက်ရာ ထိုတံခါးတစ်ဝက် ပွင့်သွားသည်။
ရွှီချင်း၏မျက်လုံးများ မှေးသွားပြီး ပို၍ပင် မြန်ဆန်စွာ လိုက်သွားသည်။
ယင်းမြင်ကွင်းကြောင့် ပထမတောင်ထိပ်မှလူငယ်၏ မျက်နှာအမူအရာမှာ ပို၍ပင် ပူဆွေးသောကရောက်သွားဟန်တူသည်။ တစ်ဖက်လူက ရိုင်းစိုင်းလွန်းသည်ဟု သူ ခံစားလိုက်ရသည်။ သူသည် အသနားခံတောင်းပန်ခဲ့ပြီး နစ်နာကြေးကိုလည်း ပေးခဲ့ပြီး ဖြစ်သည်။ သူတို့က မိသားစုတစ်စုတည်းမှဖြစ်ပြီး မြှောက်ပင့်သည့်စကားကိုပင် သူ ဆိုခဲ့သည်။ မည်သည့်အတွက်ကြောင့် အနှီကလေးငယ် ရမ်းကားလွန်းနေရသနည်း။
သားရဲလေးတစ်ကောင်အတွက်ဖြင့် မဟုတ်ပေလော။ ထိုသို့ ပြုမူနေရန် မလိုအပ်ပေ။ ထို့ကြောင့် သူ အလျင်အမြန် ပြောလိုက်သည်။
“ ကြယ်တွေ၊ လမင်းကြီးနဲ့ နေမင်းကြီးကို ငါတို့ နေတိုင်းကြည့်ခဲ့ကြတယ်။ မိတ်ဆွေဟောင်းတွေ ထွက်သွားပြီး ဝင်လာတယ်။ ငါတို့က မသေမျိုးတွေ ”
ရွှီချင်းသည် တစ်ခွန်းမှမပြောဘဲ နောက်မှ ဆက်လိုက်သွားသည်။ ထိုသု့ိဖြင့် နောက်ထပ်တစ်နေ့နှင့် တစ်ည ကုန်လွန်သွားသည်။ ပထမတောင်ထိပ်လူငယ်မှာ သူ စုဆောင်းထားခဲ့သည့် ဝိညာဉ်အားလုံး ပစ်လွှင့်လိုက်ပြီ ဖြစ်သည်။
ရွှီချင်းသည်လည်း ခန္ဓာကိုယ်ပေါ်တွင် ဓမ္မတံခါးနှစ်ခုကို ဖွင့်ပြီးပြီဖြစ်ကာ ဆယ့်သုံးခုမြောက် ဓမ္မတံခါးသို့ ရောက်နေပြီဖြစ်သည်။
သို့သော်လည်း သူက နောက်မှဆက်လိုက်ကာ အလျော့မပေးပေ။ သူက ကြိမ်ဖန်များစွာ လူငယ်ထံ အတင်းအကြပ် ပြေးကာ လိုက်လံတိုက်ခိုက်ခဲ့ပါသော်လည်း လူငယ်က အမြဲတမ်း လွတ်မြောက်သွားသည်သာ ဖြစ်သည်။
ပထမတောင်ထိပ်လူငယ်၏ ဝတ်ရုံထဲတွင် ပစ္စည်းများ ကုန်သလောက်နီးပါး ရှိနေပြီဖြစ်သည်။ သူ၏မျက်ကွင်းများသည်လည်း ညိုမည်းနေပြီဖြစ်ပြီး ဖြူဖျော့နေသော သူ့အသားအရေထက်တွင် ထင်းလင်းနေတော့သည်။
ကြယ်များလများကိုပင် မြင်နေရသည်ဟု သူ ကြိမ်ဖန်များစွာ ခံစားခဲ့ရသည်။ မောပန်းနွမ်းနယ်ကာ မူးဝေနောက်ကျိခြင်းနှင့် ခန္ဓာကိုယ်အားနည်းကာ အဆိပ်တိုက်စားခြင်းတို့ကြောင့် သူ အလွန်အမင်း စိတ်ဓာတ်ကျနေတော့သည်။
ယခုတစ်ခေါက် ပင်လယ်ပြင်သို့ ခရီးစဉ်အတွက် ပြင်ဆင်မှုများစွာ လုပ်ခဲ့သည့်အပေါ် သူ ဝမ်းသာနေရသည်။ ထိုသို့ ပြင်ဆင်ခဲ့သည့်အတွက်ကြောင့်လည်း သူ၏တိုက်ရည်ခိုက်ရည်မှာ ကျမသွားဘဲ သတ္တမမြောက်တောင်ထိပ်က လူသတ်သမား၏ လက်မှ အောင်မြင်စွာ ထွက်ပြေးနိုင်နေခြင်း ဖြစ်သည်။
သို့သော်လည်း ဤနေရာပတ်ဝန်းကျင်က ဂိုဏ်းနှင့် အလှမ်းကွာနေသေးပြီး ရက်ပေါင်းများစွာ သူ ထွက်ပြေးနေသည့်တိုင်အောင် ဂိုဏ်းသို့ ပြန်မရောက်နိုင်သေးပေ။ အနိမ့်ဆုံး ငါးရက်ကျော် သူ သွားရဦးမည်ဖြစ်သည်။
ထိုအတွေးကြောင့် လူငယ်မှာ ပို၍ပင် စိတ်ဓာတ်ကျသွားရသည်။ သူ အသံလွှင့်စာတစ်စောင် ပေးပို့ခဲ့ပါသော်လည်း ပင်လယ်ပြင်က ကျယ်ပြန့်လွန်း၍ သူ၏အသံလှိုင်းက ထိုမျှအကွာအဝေးအထိ မရောက်နိုင်ပေ။
သူ့နောက်မှ ကလေးက အရှိန်ထပ်တင်လိုက်သည်ကို သူ မြင်သွားပြီး စိတ်ထဲမှ ငိုကြွေးလိုက်သည်။ ရုတ်တရက် သူ့ရှေ့ရှိ ဝေဟင်မှ မိုးခြိမ်းသံကြီး မြည်ဟည်းသွားသည်။
မိုးကုတ်စက်ဝိုင်းအောက်တွင် လူရိပ်များ ပျံသန်းနေသည်။ မိုးခြိမ်းသံများ မြည်ဟည်းနေပြီး ပင်လယ်ထဲတွင် ဝဲကတော့ကြီးတစ်ခု ပေါ်လာ၏။
ယင်းမှာ လူရိပ်ဒါဇင်ကျော် တိုက်ခိုက်နေကြခြင်း ဖြစ်သည်။ တိုက်ခိုက်နေကြသူများမှာ နှစ်ဖွဲ့ရှိပြီး သူတို့ ကျင့်ကြံခြင်းအဆင့်များကို ဖော်ပြရန် ခက်ခဲသည်။ ပင်လယ်ပြင်၌ နောက်ဆက်တွဲ ငလျင်လှိုင်းများ ဖြစ်ပေါ်လာပြီး လေပြင်းများသည်လည်း အရပ်မျက်နှာအနှံ့ တဟူးဟူး တိုက်ခတ်နေသည်။
ကောင်းကင်ကြီးသည်လည်း မှိန်ဖျော့လာသည်။
သူတု့ိက အလွန်ဝေးကွာသောနေရာတွင် ရှိနေသည့်တိုင်အောင် သူတို့၏အရှိန်အဝါက ပထမတောင်ထိပ်မှလူငယ်၏စိတ်ကို တုန်ရီသွားစေပြီး သူ သွေးတစ်ပွက် အန်ထုတ်လိုက်ရသည်။
နောက်၌ ရှိနေသော ရွှီချင်းသည်လည်း ထိုမြင်ကွင်းကို တွေ့သွားကာ စိတ်ထဲတုန်ရီသွားပြီး သွေးများ အန်ထုတ်လိုက်သည်။
သူက ကောင်းကင်ဝေဟင်ပြင်တွင် ပျံသန်းနေသော လူရိပ်များကို ကြည့်လိုက်သည်။ ထိုလူရိပ်များအနက် မည်သည့်လူရိပ်မဆို နတ်ဘုရားတစ်ပါးကဲ့သို့ ဖြစ်ပြီး တတိယအကြီးအကဲထက် သာလွန်သည်။
ထိုလူရိပ်များကို တစ်ချက်ကြည့်ရုံဖြင့်ပင် ရွှီချင်းမှာ ပြိုလဲသွားတော့မည်အလား ခံစားလိုက်ရပြီး သူ့အသက်ရှူသံများ လေးလံလာသည်။ အတောင်ပံကြီးကို စီးနင်းထားသည့် လူရိပ်ကို ရွှီချင်း မှတ်မိလိုက်သည်။
တချိန်တည်းမှာပင် ပထမတောင်ထိပ်လူငယ်၏ မျက်လုံးများ ဝင်းလက်သွားသည်။ ထိုလူရိပ်များအနက် တစ်ယောက်က သူ့ဆရာဖြစ်သည်ကို သူ မြင်သွားပြီး အရူးတစ်ယောက်ပမာ အသံကုန်အော်ဟစ်လိုက်သည်။
“ ပျက်စီးနေတဲ့နေမင်းကြီးက နောက်ရက်မှာ ထွန်းလင်းလာတယ်။ ကျယ်ပြန့်တဲ့ပင်လယ်ပြင်မှာ မျဉ်းသစ်တစ်ကြောင်း ပေါ်လာတယ် ”