← Chapters

အားကောင်းသောရန်သူနှင့် တွေ့ဆုံရခြင်း.....

Vol. 3 Ch. 31

အားကောင်းသောရန်သူနှင့် တွေ့ဆုံရခြင်း.....

Vol. 3 Ch. 31

ယုလန်ကို ထမ်းစင်နှင့် သယ်ထုတ်သွားရသည့်အတွက် ကျောင်းသားအားလုံး ရုတ်ရုတ်သဲသဲဖြစ်ကုန်ကြလေသည်။ ဌာနမှုးဝေရှပင်လျှင် လီလော့ကို ထိတ်လန့်စွာ ငေးကြည့်နေ၏။

လီလော့၏ ညှာတာမှုကင်းမဲ့သော တိုက်ကွက်ကြောင့် အကုန်လုံး ထိတ်လန့်နေခဲ့ကြသည်။

လီလော့ကတော့ ယုလန်ကိုသာ အသံတိတ်ကျိန်ဆဲနေ၏။

//ဒီအိုးမဲ့အိမ်မဲ့ကောင်ကတော့ ငါ့ကို နာမည်ကြီးအောင် တမင်လုပ်ချသွားပြီ....//

လီလော့သည် စင်မြင်ပေါ်တွင် ရပ်နေရင်းကနေ အရပ်လေးမျက်နှာကို မျက်စိကစားကြည့်လိုက်သည့်အခါ တစ်နေရာအရောက်တွင် သူ့အကြည့်များ ရပ်တန်််သွားခဲ့ရသည်။

စုန်ယွမ်ဖန်သည် သူငယ်ချင်းများနှင့် စကားပြောနေစဉ်မှာ တစ်ယောက်ယောက်က စိုက်ကြည့်နေသလို ခံစားရသောကြောင့် ခေါင်းမော့ကြည့်လိုက်သည့်အခါ သူ့ကို စိုက်ကြည့်နေသော လီလော့နှင့် အကြည့်ချင်းဆုံသွားခဲ့ကြသည်။ထိုအခါ စုန်ယွမ်ဖန်က မထူးမခြားနားဟန်ဖြင့် သူငယ်ချင်းများဘက်လှည့်ကာ စကားဆက်ပြောနေခဲ့သည်။

လီလော့ကလည်း စင်ပေါ်ကဆင်းသွားခဲ့လေသည်။

" အစ်ကိုကြီးလော့.....မင်းအရမ်းရက်စက်တာပဲ...ယုလန်ကတော့ မင်းလက်ချက်နဲ့ အတော်လေးအထိနာသွားပြီ..."

လီလော့ စင်အောက်ရောက်တာနဲ့ ကျောက်ခွော် ရောက်လာပြီး ချီးမွှန်းခန်းဖွင့်လေတော့သည်။

"  သူကိုက နမော်နမဲ့နိုင်လွန်းတာပါကွာ...."

လီလော့သည် ပြိုင်ဘက်၏ ခွန်အားကို သေချာသိသူတစ်ယောက်ဖြစ်သည်။ ယုလန်ကို အနိုင်ရနိူင်သော်လည်း ခက်ခက်ခဲခဲတိုက်ယူရပေမည်။

ယနေ့ တိုက်ခိုက်ခဲ့သည်ကို ကြည့်ပြီး ဆုံးဖြတ်ရမည်ဆိုပါက သူသည် စည်းတံဆိပ်ခုနှစ်ခုအဆင့်များကိုပါ တိုက်ခိုက်နိူင်ပြီဖြစ်သည့်အတွက် ထိပ်တန်း အယောက်နှစ်ဆယ်စာရင်းဝင်နိုင်ရန် သိပ်မခက်ခဲတော့ပေ။

မနက်ဖြန် ပြိုင်ရမယ့် နှစ်ပွဲသာနိုင်ခဲ့မယ်ဆို လီလော့ ထိပ်တန်းအယောက်နှစ်ဆယ်စာရင်းကို သေချာပေါက်ဝင်နိူင်လိမ့်မည်။

ထိပ်တန်းအယောက်နှစ်ဆယ်ရွေးပြီးပါက အဆင့်သတ်မှတ်ဖို့ ပြိုင်ပွဲထပ်ဝင်ရပေဉီးမည်။ သို့သော် လီလော့အတွက် နောက်ဆုံးစာမေးပွဲဝင်​​​ဖြေဖို့ကလွဲရင် အဆင့်သတ်မှတ်သတ်ချက်များကို စိတ်မဝင်စားသည့်အတွက် ဝင်ပြိုင်လိမ့်မည်မဟုတ်ပေ။

အကယ်၍ သူ့မှာသာ အချိန်ပိုမယ်ဆို ဒီလို အဓိပ္ပာယ်မရှိတဲ့ ​ပြိုင်ပွဲတွေဝင်ပြိုင်မယ့်အစား ဝိဉာဉ်ရည်နဲ့ သန့်စင်တဲ့အလင်းအတွေကိုသာ သန့်စင်နေလိုက်တော့မည်။

ယနေ့အတွက် ယှဉ်ပြိုင်စရာမရှိတော့ ပေမယ့်မနက်ဖြန် ယှဉ်​ပြိုင်ရမည့် စာရင်းများ မကြာမီကြေငြာတော့မည် ဖြစ်သောကြောင့် ချက်ချင်းမပြန်ဖြစ်သေးပေ။

ဘယ်သူတွေနဲ့ ယှဉ်ပြိုင်ရမလဲ သူတကယ်သိချင်နေမိသည်။

ကံကောင်းစွာနဲ့ပဲ လီလော့ သိပ်မစောင့်လိုက်ရဘဲ ပြိုင်ပွဲစာရင်း ကြေငြာလာခဲ့ပြီဖြစ်သည်။

လီလော့၏ ပထမ​ပြိုင်ဘက်မှာ ပထမကျောင်းတော်မှ စည်းတံဆိပ်ခုနှစ်ခုအဆင့် ကျောင်းသားတစ်ယောက်ဖြစ်ပြီး ယုလန်လောက် မသန်မာသည့်အတွက် စိတ်ပူစရာမရှိပေ။

သို့သော် ဒုတိယမြောက်​ပြိုင်ဘက်၏ နာမည်ကို တွေ့လိုက်ရသည့်အခါ လီလော့ အတေည်လေး အံ့အားသင့်သွားခဲ့ရလေသည်။

" အစ်ကိုကြီးလော့ရေ.....ဘယ်လိုတွေဖြစ်ကုန်တာလဲကွာ...မင်းရဲ့ ပြိုင်ဘက်က စုန်ယွမ်ဖန်တဲ့......"

ကျောင်ခွော်က အသံအကျယ်ကြီးနဲ့ လီလော့ကို အော်ပြောနေလေ၏။

မှန်ပေသည် လီလော့၏ ဒုတိယမြောက်ပြိုင်ဘက်က နန်ဖန်းရဲ့ ဒုတိယအသန်မာဆုံး ကျောင်းသား စုန်ယွမ်ဖန် ဖြစ်နေခဲ့သည်။

ကျောက်ခွော်အသံကို ကြားလိုက်ရသည့် ကျောင်းသားတွေကတော့ လီလော့ကို သနားသောအကြည့်တို့ဖြင့်သာ ကြည့်နေကြသည်။

လီလော့တစ်ယောက် ယနေ့အတွက် ယုလန်ကိုာအနိုင်တိုက်နိုင်ခဲ့သည်ကို ကံကောင်းသည်ဟုဆိုနိူင်သောလည်း ထိုကံကောင်းမှုသည် ယခုချိန်တွင် ဆုံးခန်းတိုင်ခဲ့လေပြီ.....

" စုန်ယွမ်ဖန်လို စည်းတံဆိပ်ရှစ်ခုအဆင့်နဲ့ ကြုံရတယ်ဆိုတော့ မင်းလောက် ကံဆိုးတဲ့သူရှိပါဉီးမလား...."

ကျောက်ခွော်က လီလော့ကို သနားသလို အကြည့်နဲ့ ကြည့်ပြီး ငြီးတွားနေသည်။

လီလော့က​တော့ စိတ်မဝင်စားဟန်ဖြင့်....

" နောက်ဆုံးအဆင့်ထိ ကျန်ခဲ့တဲ့သူတွေထဲမှာ အားနည်းတဲ့သူဘယ်သူမှ မရှိဘူး..... အဲ့တော့ သူနဲ့ ပြိုင်ရမှာ သိပ်ထူးဆန်းမနေပါဘူးကွာ...."

" စိတ်မပူပါနဲ့ကွာ....မနက်ဖြန်ပွဲမှာ ရှုံးခဲ့ရင်တောင် မင်း ထိပ်တန်း အယောက်နှစ်ဆယ်စာရင်းဝင်နိုင်မှာ သေချာနေတာပဲ...."

ကျောက်ခွော်က လီလော့ကို ​နှစ်သိမ့်ပေးလိုဟန်ဖြင့် ပြောလိုက်သည်။

လီလော့က ကျော်ခွော်ကို ပြုံးပြနေသော်လည်း မျက်ဝန်းများကတော့ မှုန်မှိုင်းနေပြီး လီလော့ ဘာတွေ တွေးနေမှန်း မည်သူမျှ မသိနိုင်ခဲ့ပေ။

တခြားတစ်ဖက်တွင်မူ စုန်ယွမ်ဖန်က လီလော့နဲ့ ပြိုင်ရမည်မှန်း သိလိုက်သည့်အခါ အတော်ကြာသည်အထိ ဆွံ့အနေခဲ့ပြီး တခဏအကြာတွင်မူ ရက်စက်သော အပြုံးများဖြင့် ပြိုင်ပွဲစာရင်းကိုသာ စိုက်ကြည့်နေလေသည်။

" တနေကုန် မျောက်မှိုင် မှိုင်နေပြီး...အခုကျမှ ရုတ်တရက်ကြီး ပြုံးနေပါလား....ဘာတွေများ သဘောကျစရာရှိလို့လဲ..."

တီဖာချင်းက စုန်ယွမ်ဖန်ကို စပ်စပ်စုစု မေးမြန်းလိုက်သည်။

" ငါ့ကို ပျော်တော်ဆက်ပေးနိုင်မယ့် ပြိုင်ဘက်မျိုးနဲ့ တွေ့ရလို့ပါ...မိုးကောင်းကင်က ငါ့ဆန္ဒတွေကို အခုလို ဖြည့်ပေးလိမ့်မယ် ထင်မထားမိဘူး...."

တီဖာချင်းက စုန်ယွမ်ဖန်နဲ့ မနက်ဖြန်ပြိုင်ရမည့် ပြိုင်ဘက်စာရင်းကို ကြည့်လိုက်သည့်အခါ......

" ဝိုးးးး နင်က လီလော့နဲ့ ​​ပြိုင်ရမှာပဲ....နင်တို့နှစ်ယောက်စလုံးက ရှုံးပွဲမရှိဘူးဆိုတော့ အခုလိုတွေ့ကြတာ ပုံမှန်ပဲလေ....သူ့အတွက်တော့ ကံဆိုးတာပဲ....သူ့ရဲ့ ကံကောင်းမှုတွေ ပြီးဆုံးတော့မှာမြင်ယောင်နေပြီ....."

တီဖာချင်းသည် စုန်ယွမ်ဖန်၏ ခွန်အားကို သေချာသိထားသူတစ်ယောက်ဖြစ်သည်။နန်ဖန်းတွင် စုန်ယွမ်ဖန်ကို ဖိနှိပ်နိုင်သူဟူ၍ လုချင်းအာမှ လွဲ၍ မရှိပေ။ လီလော့မည်မျှပင် တိုးတက်လာပါစေ စုန်ယွမ်ဖန်နှင့် သူ့ကြားတွင် ကြီးမားသော ကွာခြားချက်များ ရှိနေဆဲပင်......

မနက်ဖြန်ပြိုင်ပွဲအတွက် ရလဒ်ကို တီဖာချင်းကြိုတင်ခန့်မှန်းနိုင်နေပြီဖြစ်သည်။ လီလော့တစ်ယောက် စုန်ယွမ်ဖန်ခြေထောက်အောက်တွင် သစ်ကိုင်း​ခြောက်တစ်ခုသဖွယ် နင်းချေခံရပေလိမ့်မည်။

စုန်ယွမ်ဖန်သည် လီလော့ကို ပုဂ္ဂိုလ်ရေးအရဖြစ်စေ၊ မိသားစုအရေးနှင့်စပ်လျှင်း၍ဖြစ်စေ မုန်းတီးနေသူဖြစ်သည်။ စုန်ယွမ်ဖန်က ပြိုင်ပွဲစကတည်းက လီလော့ကို ရက်ရက်စက်စက် တိုက်ခိုက်ပေလိမ့်မည်။

ရလဒ်ကို ကြိုတင်ခန့်မှန်းမိလိုက်သည့်အခါ တီဖာချင်း လီလော့ကို သနားစိတ်ဝင်လာခဲ့မိသည်။

လီလော့ကလည်း လွန်ပေသည်။ စုန်ယွမ်ဖန် လုချင်းအာကို ​ကြိုက်နေမှန်းသိရက်နှင့် အဘယ်ကြောင့် လုချင်းအာနှင့် ဝေးဝေးမနေနိုင်သနည်း။ရည်းစားလူလု အူနုကျွဲခတ်ခံရသူတစ်ယောက်အဖို့ ဆင်ခြင်တုံတရားရှိရန် မလွယ်ကူပေ။

မနက်ဖြန်အတွက် ပြိုင်ဘက်များကို သိလိုက်ရပြီးသည့်အခါ ကျောက်ခွော်ကို နှုတ်ဆက်ပြီး လီလော့ ကျောင်းကနေ ပြန်လာခဲ့လိုက်သည်။

ရထားလုံးပေါ်ရောက်သောအခါ လီလော့ မျက်လုံးမှိတ်ထားပြီး တစ်စုံတစ်ခုကို နက်နက်နဲနဲ တွေးတောနေခဲ့သည်။

စုန်ယွမ်ဖန်နှင့် တိုက်ခိုက်ရမည်မှာ တကယ့်ကို ခက်ခဲပေလိမ့်မည်။စုန်ယွမ်ဖန်သည် စည်းတံဆိပ်ရှစ်ခုအဆင့်ဖြစ်သာ့်အပြင် အဆင့်ခုနှစ် ကြက်သွေးရောင်လင်းယုန် ပဲ့တင်ထပ်သံကိုလည်း ပိုင်ဆိုင်ထားသူဖြစ်သည်။

အဆင့်ခုနှစ်မှ အဆင့်ကိုးအတွင်းရှိသော ပဲ့တင်ထပ်သံများကို အဆင့်မြင့် ပဲ့တင်ထပ်သံများဟု သတ်မှတ်ထားကြသောကြောင့် စုန်ယွမ်ဖန်၏ ပဲ့တင်ထပ်သံသည်လည်း ထိုသတ်မှတ်ချက်အတွင်း အကျုံးဝင်နေသည်။

အဆင့်မြင့် ပဲ့တင်ထပ်သံများကို လုံးဝလျော့မတွက်သင့်ပေ။ အဆင့်ခုနှစ်တွင်ရှိသော

ပဲ့တင်ထပ်သံမှ ထုတ်ဖော်လိုက်သော

စွမ်းအားများသည် အဆင့်နိမ့် သို့မဟုတ် အလတ်အလတ်အဆင့် ပဲ့တင်ထပ်သံများမှ ထုတ်ဖော်လိုက်သော စွမ်းအားများထက် များစွာ သိပ်သည်းကျစ်လစ်ပြီး အချို့သော စိတ်ဝိဉာဉ်ပုံသဏ္ဍာန်များကိုပါ ပိုင်ဆိုင်ထားကြသည်။

စိတ်ဝိဉာဉ်ပုံသဏ္ဍာန်ဆိုသည်မှာ ရှင်းပြရခက်ခဲသောအရာဖြစ်ပြီး ​​ကြုံတွေ့ဖူးသူတွေသာ နားလည်နိုင်သောအရာဖြစ်သည်။

ထိုအကြောင့် စည်းတံတိပ်ခုနှစ်ခုအဆင့်သည် အလှည့်အပြောင်းတစ်ခုဟုဆိုကြသည်။ ထိုအဆင့်ကိုသာ ဖြတ်ကျော်နိုင်ပါက အဆုံးမဲ့ပဲ့တင်ထပ်သံများကို ပိုင်ဆိုင်နိုင်လိမ့်မည်။

ထိုအဆုံးမဲ့ပဲ့တင်ထပ်သံများကို အမြင့်ပိုင်း

နှင့်အနိမ့်ပိုင်း ခြားနားချက်များဟူ၍ ထပ်မံခွဲခြားထားသေးသည်။ အဆင့်တစ်မှ အဆင့်​ခြောက်အတွင်းရှိ ပဲ့တင်ထပ်သံများသည် ထိုသတ်မှတ်ချက်များထဲတွင် အကျုံးမဝင်ပေ။

ထို့ကြောင့် သေချာဝေဖန်ခွဲခြားရမည်ဆိုပါကစုန်ယွမ်ဖန်၏ အဆင့်ခုနှစ် ကြက်သွေးရောင်လင်းယုန် ပဲ့တင်ထပ်သံသည် အနိမ့်ပိုင်းစာရင်းဝင် ပဲ့တင်ထပ်သံအမျိုးအစားဖြစ်သည်။

မည်သို့ပင်ဆိုစေ လီလော့သည် စုန်ယွမ်ဖန်ထက် ပဲ့တင်ထပ်သံ အဆင့်တွင်သာမက ကျင့်ကြံရေးအဆင့်တွင်ပါ ​​ခြေတစ်လှမ်းနောက်ကျသည့်အတွက် အနိုင်ရရန် လွယ်ကူလိမ့်မည်မဟုတ်ပေ။

သူများမပြောနဲ့ လီလော့ထံ၌ပင် မနက်ဖြန်ပြိုင်ပွဲအတွက် မျှော်လင့်ချက်သိပ်မရှိပေ။

" ဒါမှ တကယ့်ပြသာနာပဲ...."

လီလော့၏ ရေအလင်းပဲ့တင်ထပ်သံသည် သူ့နည်းသူ့ဟန်ဖြင့် ထူးခြားသော်လည်း အဆင့်ငါးတွင်သာရှိသေးသည်။ဝိဉာဉ်ရည်နှင့် သန့်စင်သောအလင်းများကို အသုံးပြု၍ အဆင့်ခုနှစ်ထိရောက်အောင် မြှင့်တင်နိုင်သော်လည်း ထူးထူးခြားခြား အကျိုးသက်ရောက်မှုရှိနိုင်လိမ့်မည်မဟုတ်ပေ။လီလော့၏ ပဲ့တင်ထပ်သံသည် တိုက်ခိုက်ရေးပိုင်းတွင် အားနည်းလှသည်။

// အဆင့်ခြောက်အထိရောက်အောင် မြှင့်တင်နိုင်ရင် မနက်ဖြန်အတွက် အ​​​ခြေနေကောင်းလောက်မယ်ထင်တယ်....//

သို့သော်လည်း ဝိဉာဉ်ရည်နှင့် သန့်စင်သောအလင်းများကို အဆက်မပြတ်သုံးစွဲနေသောလည်း အဆင့်မမြှင့်တင်နိုင်သေးပေ။ လီလော့အတွက် လက်ရှိတွေ့ကြုံနေရသော ပူပင်မှုများ ငြိမ်းအေးနိုင်ရန် အချိန်လိုအပ်နေသည်မှာတော့ အမှန်ပင်ဖြစ်သည်။

" ငါအရှုံးပေးလိုက်ရင်ကောင်းမလား...."

လီလော့ ခေါင်းကိုသာ တဗျင်းဗျင်း ကုပ်နေမိတော့သည်။ ဤသည်မှာ သူရွေးချယ်နိုင်သည့် တစ်ခုတည်းသော ရွေးချယ်မှုဖြစ်သည်။ဘယ်ဘက်ကနေ စဉ်းစား စဉ်းစား အဖြေတစ်ခုတည်းသာ ထွက်လာခဲ့သည်။ သူတို့နှစ်ဉီး၏ ကွာခြားချက်ကို လူတိုင်းသိပြီးသားဖြစ်သာ့်အပြင် လီလော့သည် အသားနာခံရခြင်းကို နှစ်သက်သူတစ်ယောက်မဟုတ်ပေ။

လီလော့ ရှီးယန်စံအိမ်ကိုသွားရန် စိတ်မပါတော့သဖြင့် အိမ်ကိုသာပြန်ခဲ့လိုက်သည်။ရွေးချယ်စရာ လုံးဝမရှိတော့လျှင်တောင် အဆုံးဆုံးအခြေနေအတွက် ကြိုတင်ပြင်ဆင်ထားရပေဉီးမည်။

All Chapters