← Chapters

ကြက်ဉနှင့်ကျောက်တုံး......

Vol. 3 Ch. 33

ကြက်ဉနှင့်ကျောက်တုံး......

Vol. 3 Ch. 33

လီလော့ထိုစကားပြောလိုက်သည့်အခါ  လီလော့သည် အရှုံးမပေးဘဲ စုန်ယွမ်ဖန်နှင့် တိုက်ခိုက်မည်ဖြစ်ကြောင်း ပရိတ်သတ်အားလုံးနားလည်သွားခဲ့ကြသည်။

သို့သော်လဲ  လီလော့၏လုပ်ရပ်က လူတိုင်း၏ အမြင်မှာ ကျောက်တုံးကို ကြက်ဉနှင့်ပစ်ပေါက်နေသကဲ့သို့ပင်.......

" အစ်ကိုလော့......."

ဒုတိယကျောင်းတော်သားတိုင်း လီလော့အတွက် စိတ်ပူနေကြပြီး ကျောက်ခွော်ကတော့ လက်သီးတပြင်ပြင်နဲ့ စုန်စွမ်ဖန်ကို အော်ဟစ်ဆဲဆိုနေ၏။

" လူယုတ်မာစုန်ယွမ်ဖန်က သိပ်ကို အရှက်မဲ့လွန်းတယ်....."

စုန်ယွမ်ဖန်က လီလော့ကို လှုံ့ဆော်ဖို့အတွက် အရှက်မဲ့သော စကားများဖြင့် ထိုးနှက်ခဲ့သည်။ ထို့ကြောင့် ပရိတ်သတ်များက ကျောက်ခွော်၏ စကားကို ထောက်ခံသည့်အနေဖြင့် တညီတညွှတ်တည်း ခေါင်းညိတ်နေကြသည်။

ထိုလူအုပ်ကြီးထဲတွင် ပတ်တီးအဖွေးသားဖြင့် လှဲနေရသော ယုလန်လည်း ရှိနေခဲ့သည်။ယုလန်သည် သူ၏ ပြောင်မြောက်လှသော သရုပ်ဆောင်စွမ်းရည်ကြောင့် ပတ်တီးအဖွေးသားစည်းထားရသော်လည်း ပွဲကြီးပွဲကောင်းကို လက်လွတ်မခံနိုင်သည့်အတွက် ထမ်းစင်ဖြင့်လာရောက် ကြည့်ရှုနေခြင်းဖြစ်သည်။

" လီလော့ ဘာဖြစ်ချင်နေတာလဲ..... ဒီကောင် စုန်ယွမ်ဖန့်ကို အနိုင်ကျင့်ချင်နေတာလား...."

လုချင်းအာသည်လည်း စင်မြင့်နှင့် မနီးမဝေးနေရာတစ်ခုကနေ လီလော့တို့ ပြိုင်ပွဲကို မျက်မှောင်ကြုံ့ပြီး ကြည့်ရှုနေသည်။စုန်ယွမ်ဖန်ဘက်က လီလော့ကို စကားနာထိုးမည်ဖြစ်ကြောင်း ကြိုတင်မှန်းဆထားမိသော်လည်း အခုလို မိဘများကိုပါ စော်ကားပြောဆိုလိမ့်မည်ဟု လုံးဝထင်မထားမိခဲ့ပေ။

လီလော့သည် မိဘများကို လေးစားကြည်ညိုသူတစ်ယောက်ဖြစ်သည့်အတွက် သူ့အပေါ်စော်ကားပြောဆိုသည်များကို သည်းခံနိုင်သော်လည်း မိဘများအပေါ် စော်ကားပြောဆိုခြင်းကို နည်းနည်မျှ သည်းခံလိမ့်မည်မဟုတ်ပေ။

ပွင့်ပွင့်လင်းလင်းပြောရမည်ဆိုပါက စုန်ယွမ်ဖန်ဘက်က မြို့စားအဆင့် ကျင့်ကြံသူနှစ်ယောက်ကို ထိပါးပြောဆိုခြင်း လုံးဝမပြုသင့်ပေ။ ဤကဲ့သို့သော အ​ခြေနေမျိုးရောက်လာမှတော့ လီလော့ဘက်ကလည်း ငြိမ်နေလိမ့်မည်မဟုတ်တော့ပေ။

လုချင်းအာ၏ အကြည့်များသည် လီလော့ထံတွင်သာ ကပ်ငြိနေပြီး နောက်ဆုံးတွင် အဓိကကျ​သော အချက်ကို တွေးမိလိုက်လေသည်။

// လီလော့က စုန်ယွမ်ဖန်ရဲ့စကားတွေကြောင့် ထိပ်တိုက်ရင်ဆိုင်ဖို့ ဆုံးဖြတ်လိုက်တာ ဟုတ်ရော ဟုတ်ရဲ့လား....//

စင်မြင့်ပေါ်တွင် စုန်ယွမ်ဖန်တစ်ယောက် လီလော့ ပြောလိုက်သော " စုန်မိသားစုရဲ့ ခွေးမသား "ဟူသော စကားကြောင့် လီလော့ကို အေးစက်သော အကြည့်များနှင့် စားဝါးတော့မတတ်စိုက်ကြည့်နေသည်။

ပရိတ်သတ်ရှေ့မှောက်တွင် အခုလို အရှက်ခွဲခံရသည့်အတွက် အလွန်အမင်း ဒေါသထွက်နေလေသည်။

လီလော့ကို အပြတ်အသတ်အန်ိုင်ယူခြင်းသည် အကောင်းဆုံးသော တုံ့ပြန့်မှုဖြစ်သည်ဟု တွေးမိလိုက်သောကြောင့် နှုတ်လှန်ထိုးပြီး ပြန်ပြောမနေတော့ဘဲ တိုက်ခိုက်ဖို့ကိုသာ အာရုံစိုက်ထားလိုက်တော့သည်။

နှစ်ဘက်စလုံးက အရှုံးပေးဖို့ ရည်ရွယ်ချက်မရှိကြောင်း သေချာသည့်အခါ ကြီးကြပ်ရေးမှူးက ပြိုင်ပွဲစတင်ရန် အချက်ပေးလိုက်လေသည်။

ဘန်းးးးးးး

အချက်ပေးသံစတင်လိုက်သည်နှင့် တစ်ပြိုင်နက် စုန်ယွန်ဖန်က ကြက်သွေးရောင် ပဲ့တင်ထပ်သံစွမ်းအားများကို ဆင့်ခေါ်လိုက်သည့်အတွက် မျက်စိကျိန်းမတတ်တောက်ပနေသော ကြက်သွေးရောင်အလင်းတန်းများသည် ကောင်းကင်ယံထိတိုင် ပြန့်နှံသွားလေသည်။

ဤသည်မှာ စုန်ယွမ်ဖန်၏ အဆင့်ခုနှစ် ပဲ့တင်ထပ်သံဖြစ်ပြီး ၎င်းသည် တောက်လောက်နေသော အပူစွမ်းအားနှင့်ရက်စက်ကြမ်းကြုတ်သော စွမ်းအားတို့ကို ပိုင်ဆိုင်ထားသော ပဲ့တင်ထပ်သံဖြစ်သည်။

စုန်ယွန်ဖန် အခုချိန်မှာ ဆရာစားမချန်နေဘဲ စည်းတံဆိပ်ရှစ်ခုစွမ်းအားများကို အကုန်အစင်ထုတ်ဖော်နေထားသောကြောင့် ပတ်ဝန်းကျင်လေထု တစ်ခုလုံး လေးလဲမွန်းကြပ်လာခဲ့သည်။

လီလော့ကလည်း ပဲ့တင်ထပ်သံစွမ်းအားများကို အကုန်အစင်ထုတ်ဖော်ထားသည့်အတွက် အပြာနုရောင်အလင်းတန်းများက သူ့ခန္ဓာကိုယ်ကို ပင်လယ်လှိုင်းလုံးများသဖွယ် ရစ်သိုင်းနေသည်။

ခွန်အားအရရော ပဲ့တင်ထပ်သံ အဆင့်မှာပါ စုန်ယွမ်ဖန်ဘက်က အပြတ်အသတ်အသားစီးရနေသည်မှာ လူတိုင်းမျက်မြင်ပင်.....

ဤမျှ မွန်းကြပ်လှသောအ​​​​ခြေနေမျိုးမှာ လီလော့ဘက်က အသာစီးရနိုင်မယ်တဲ့လား....လုံးဝမဖြစ်နိူင်ဘူး.......

ထိုအချိန်မှာ လီလော့က လက်ဝါးနှစ်ဖက်ကို ရှေ့ပို့လိုက်သည့်အခါ ခန္ဓာကိုယ်ပေါ်တွင် ရစ်သိုင်းနေသော အပြာနုရောင်အလင်းတန်းများသည် တဖြည်းဖြည်းစုစည်းလာကြလေသည်။ဤသည်မှာ လီလော့ ကျောက်စိမ်းကိုးလွှာပညာရပ်ကို အသုံးပြုနေခြင်းဖြစ်သည်။

ထိုပညာရပ်၏ အားနည်းချက်မှာ အထွတ်အထိပ်အခြေနေသို့ ရောက်ရှိရန် အချိန်ယူရခြင်းဖြစ်သည်။စုန်ယွမ်ဖန်ကလည်း ဒီလို အချိန်ယူနေသည်ကို အေးရာအေးကြောင်း ထိုင်ကြည့်နေမည်မဟုတ်ပေ။

" ဟမ့်...."

ဒါကို သတိထားလိုက်သည့်အခါ စုန်ယွမ်ဖန်က ကြက်သွေးရောင်စွမ်းအားများကို စုစည်းလိုက်ပြီး လီလော့ဆီသို့ အရှိန်ပြင်းစွာဖြင့် ဉီးတည်ရွေ့လျားသွားခဲ့သည်။

အရိပ်တစ်ခုသည် ပြင်းထန်လှသော အရှိန်ဖြင့် ပစ်ခတ်လိုက်သော အမြှောက်ဆံများကဲ့သို့ လီလော့ထံ တဟုန်ထိုး ဉီးတည်လာနေပြီး ရုတ်တရက်ဆိုသလို ခြေထောက်အရိပ်တစ်ခုသည် မီးတောက်နေသော တူတစ်လက်သဖွယ် လီလော့ခန္ဓာကိုယ်ကို ခုတ်ပိုင်းရန် ကျဆင်းလာခဲ့လေသည်။

စုန်ယွမ်ဖန်သည် အရူးတစ်ယောက်လို ကစားမနေတော့ဘဲ လီလော့ကို တစ်ချက်တည်းနဲ့ အမှောက်သိပ်နိုင်ရန် ခွန်အားကုန်အသုံးပြုထားခဲ့သည်။

စုန်ယွမ်ဖန်၏ ရက်စက်ကြမ်းကြုတ်သော တိုက်ကွက်ကို ရင်ဆိုင်လိုက်ရသောအခါ လီလော့က လက်ဝါးနှစ်ဖက်ကို စက်ဝိုင်းသဏ္ဍာန်လှည့်ပတ်လိုက်သည်။ ထိုအခါ ရေပဲ့တင်ထပ်သံစွမ်းအားများဖြင့်ဖွဲ့စည်းထားသော ရေတံတိုင်းအကာအကွယ်ကြီးတစ်ခု ထွက်ပေါ်လာခဲ့လေ၏။

ဝုန်းးးးးးးး

စုန်ယွမ်ဖန်၏ ကြမ်းတမ်းလှသော တိုက်ကွက်များကြောင့် လီလော့၏ ရေတံတိုင်းအကာအကွယ်သည် စက္ကူတစ်စသဖွယ် အစိတ်စိတ် အမြွှာမြွှာ ပျက်ဆီးသွားလေတော့သည်။

တိုက်ကွက်တစ်ခုတည်းဖြင့် စတင်ဖွဲ့စည်းလျက်ရှိသော ကျောက်စိမ်းကိုးလွှာ အကာအကွယ်ပါ ပျက်စီးသွားခဲ့သောကြောင့် လီလော့၏ ကြိုးစားအားထုတ်မှုများ သဲထဲရေသွန်ဖြစ်ခဲ့လေပြီ......

လေခွင်းသံများမြည်ဟီးလျှက် ဆက်လက်ကျဆင်းလာသော ကန်ချက်ကြောင့် လီလော့ ဆယ်မီတာခန့် နောက်ဆုတ် ရှောင်တိမ်းလိုက်ရပြီး စင်အောက်ကို ပြုတ်ကျလုနီးပါးဖြစ်ခဲ့ရသည်။

ဝိုးးးးးးးး

ဤမြင်ကွင်းကြောင့် လူအုပ်ကြီးတစ်ခုလုံး အံ့အားသင့်နေခဲ့ကြသည်။ ပထမတိုက်ကွက်မှာတင် စုန်ယွမ်ဖန်က လီလော့ကို သိသိသာသာဖိနှိပ်နိုင်သည်။ဤသည်ကို ကြည့်ခြင်းအားဖြင့် ပဲ့တင်ထပ်သံပညာရပ်များတွင် မည်မျှပင်ထူးချွန်နေပါစေ စွမ်းအားကြီးသူသာ အနိုင်ရနိုင်ကြောင်း အားလုံးနားလည်လိုက်ကြသည်။

လုချင်းအာ၏ အမူအရာသည် ယခုအချိန်တွင် အလွန်တရာ လေးနက်နေသည်။ သူမ၏ များပြားလှသော အတွေ့အကြုံများကြောင့်

လီလော့ထံတွင် ပြန်လာနိုင်စရာနည်းလမ်း မရှိတော့ကြောင်း သိလိုက်လေပြီ.....

" အစ်ကိုကြီးစုန်. !!....အလျှော့မပေးလိုက်နဲ့...အဲ့ကောင်ကို သေအောင်ရိုက်ပစ်လိုက်စမ်းပါ....."

ပိုင်ခွန်နှင့် တီဖာချင်းတို့သည် စုန်ယွမ်ဖန်၏ သူငယ်ချင်းများနှင့် အတူဘရပ်နေကြပြီး ပိုင်ခွန်က လက်သီးလက်မောင်းတန်းကာ အော်ဟစ်အားပေးနေသည်။

တီဖာချင်းကတော့ နှုတ်ဆိတ်နေခဲ့ပြီး စိတ်ထဲတွင်မူ.......

// နှစ်ယောက်သားကြားမှာ ဒီလောက်ကွာခြားနေမှတော့ အလှည့်အပြောင်းတွေ ဖြစ်လာနိုင်မှာ မဟုတ်တော့ဘူး....//

လီလော့၏ လက်သီးနှစ်ဖက်စလုံးတွင် ကြက်သွေးရောင် စွမ်းအားများ စွန်းပေနေသည့်အတွက် ရေခဲပြာရောင် ပဲ့တင်ထပ်သံစွမ်းအားများကို ထုတ်ဖော်ပြီး စုန်ယွမ်ဖန်၏ စွမ်းအား အကြွင်းအကျန်များကို ​ငြိမ်းသတ်နေခဲ့သည်။ အပူနှင့် အအေးတွေ့ဆုံကြသည့်အခါ ရေငွေ့များသည် ကောင်းကင်ယံထိတိုင် ပျံ့နှံ့နေခဲ့သည်။ နဖူးတွေ့ ဒူးတွေ့ ကြုံရတော့မှသာ စုန်ယွမ်ဖန် မည်မျှသန်မာကြောင်း လီလော့ နားလည်ခဲ့ရတော့သည်။

" ဒီလို ခွန်အားမျိုးက......."

လီလော့၏ မျက်လုံးများ ရုတ်တရက် လင်းလက်လာခဲ့သည်။

ဝှစ်......

သို့သော် စုန်ယွမ်ဖန်သည် လီလော့ကို လုံးဝအခွင့်အရေးမပေးဘဲ ရက်စက်စွာ ထပ်မံတိုက်ခိုက်လိုက်ပြန်သည်။စုန်ယွမ်ဖန်သည်  သိမ်းငှက်တစ်ကောင်က သားကောင်ကိုထိုးသုတ်သည့်နှယ် အရှိန်ပြင်းစွာဖြင့် လီလော့ထံသို့ ထပ်မံဉီးတည်သွားနေပြန်သည်။

လီလော့ ခေါင်းမော့ကြည့်လိုက်သည့်အခါ သူ့ဆီ ဉီးတည် ရွေ့လျားလာနေသော ကြက်သွေးရောင် အလင်းတန်းများကို မြင်လိုက်ရသည်။ ယခု ရပ်နေသည်မှာ စင်မြင်အစွန်းနားတွင် ဖြစ်သည့်အတွက် အနည်းငယ်လွဲချော်သွားရုံဖြင့် စင်အောက်သို့ ကျသွားနိုင်ပေသည်။

သို့သော်လည်း လီလော့ကို ကြည့်ရသည်မှာ နည်းနည်းလေးမျှ စိတ်ပူနေပုံမရပေ။ လီလော့က ပူပင်မှုကင်းစွာဖြင့် ရေပဲ့တင်ထပ်သံစွမ်းအားများကို ထုတ်ဖော်လိုက်ပြီး စည်းတံဆိပ်တစ်ခုကို စတင်ရေးဆွဲနေခဲ့သည်။

ထိုအခါ ပါးလျလှသော ကြေးမုံတစ်ချပ်သည် တဖြည်းဖြည်း ရုပ်လုံးပေါ်လာခဲ့သည်။

ဗဟုသုတ ကြွယ်ဝသော ကျောင်းသားအချို့က..........

" အဲ့တာ....အဆင့်မြင့် ပညာရပ်ဖြစ်တဲ့ ရေကြေးမုံမဟုတ်လား....."

လုချင်းအာသည်လည်း မျက်လုံးအပြူးသားဖြစ်သွားခဲ့ရှာသည်။ ရေကြေးမုံ ပညာရပ်သည် ခုခံရေးပညာရပ်ဖြစ်ပြီး ပြိုင်ဘက်၏ တိုက်ခိုက်မှုခုခံနိုင်ပြီး တိုက်ခိုက်မှု တစ်စိတ်တစ်ပိုင်းကို ပြိုင်ဘက်ထံ တန်ပြန် စေန်ိုင်သည်။

သို့သော်လည်း ရေကြေးမုံ ပညာရပ်တစ်ခုတည်းဖြင့် စုန်ယွမ်ဖန်၏ တိုက်ခိုက်မှုကို ခုခံနိုင်လိမ့်မည်မဟုတ်ပေ။

လီလော့ ရှေ့သို့ ရောက်လာသော စုန်ယွမ်ဖန်က ပါးလျသော ရေကြေးမုံကို လှောင်ပြောင်သရော်သော အကြည့်မျိုးနှင့် ကြည့်နေခဲ့သည်။ လီလော့ ပဲ့တင်ထပ်သံပညာရပ်များတွင် ထူးချွန်သည်ဆိုသော်လည်း ရေကြေးမုံပညာရပ်လောက်ဖြင့် သူ့ကို ရင်ဆိုင်မည်ဆိုပါက လီလော့လောက် နုအတဲ့သူ ရှိနိုင်ပါဉီးမလား......

ထို့ကြောင့် စွမ်းအားများကို အစွမ်းကုန်စုစည်းပြီး သိမ်းငှက်တစ်ကောင်က သားကောင်းကို ထိုးသုတ်လိုက်သလို ဆက်လက်တိုးဝင်သွားလိုက်တော့သည်။

ရေကြေးမုံနှင့် ထိမိတော့မည့်အချိန်တွင် ရေကြေးမုံထဲတွင် မှုန်ဝါးဝါး အရိပ်တစ်ခုပေါ်လာခဲ့ပြီး ထိုအရိပ်လူသားကလည်း စုန်ယွမ်ဖန်ကို ကြက်သွေးရောင်လက်သီးချက်ဖြင့် တိုက်ခိုက်လိုက်လေသည်။

ဘန်းးးးးးး

ထိုအချိန်တွင် ပေါက်ကွဲသံတစ်ချို့ ထွက်ပေါ်လာခဲ့သည်။

စွမ်းအားနှစ်ခု ထိပ်တိုက်တွေ့ကြသည့်အခါ ပတ်ဝန်းကျင်တစ်ခုလုံး မုန်တိုင်းတိုက်ခတ်သွားသကဲ့သို့ ဖရိုဖရဲ ဖြစ်ကုန်ကြသည်။

လီလော့၏ ခန္ဓာကိုယ် တုန်ခါသွားပြီး ​ခြေနှစ်လှမ်းသာ နောက်ဆုတ်လိုက်ရသည်။နောက်ထပ်ခြေတစ်လှမ်းသာ ထပ်ဆုတ်လိုက်ပါက စင်ပေါ်က ပြုတ်ကျသွားပေတော့မည်။ သို့သော်လည်း ပရိတ်သတ်များသည် လီလော့ကို အာမစိုက်နိုင်ကြသေးပေ။ ခြေလှမ်းပေါင်းများစွာ နောက်ဆုတ်နေရသော စုန်ယွမ်ဖန်ထံတွင်သာ အာရုံစိုက်နေရသောကြောင့်ပင်....

စုန်ယွမ်ဖန်မျက်နှာကို ကြည့်ရသည်မှာ အလွန်အမင်း ထိတ်လန့်နေပုံရသည်။

လီလော့ရဲ့ ရေကြေးမုံမှာ ဘယ်လိုဖြစ်ပြီး ကြောက်စရာကောင်းတဲ့ တန်ပြန်စွမ်းအားမျိုး ရှိနေရတာလဲ.......

စုန်ယွမ်ဖန်ရဲ့ တိုက်ခိုက်မှု 70% လောက်ကိုတောင် တန်ပြန်နိုင်တယ်တဲ့.......

ဒါက ပုံမှန် ရေကြေးမုံမှာ ရှိသင့်တဲ့ စွမ်းအားမျိုး ဟုတ်မနေဘူး​နော်......

ဝိုးးးးးးးးးး

ထိုအဖြစ်အပျက်ကြောင့် ပရိတ်သတ်အားလုံ ရုတ်ရုတ်သဲသဲ ဖြစ်ကုန်ကြပြန်သည်။ စုန်ယွမ်ဖန်သည်ပင် လီလော့ကို အနိုင်ရရန် မသေချာတော့သလို ခံစားနေရလေပြီ.....

ဒီကောင့်ရဲ့ ရေကြေးမုံက သေလောက်အောင် ထူးဆန်းနေပါလား......

All Chapters