သရေပွဲ....
Vol. 3 Ch. 35
အားပေးသံတွေ ဆူညံရမည့်အစား ပတ်ဝန်းကျင်တစ်ခုလုံးတိတ်ဆိတ်နေ၏။
ပရိတ်သားအားလုံးကလည်း သဲနာရီကိုသာ အကြောင်သားငေးကြည့်နေကြလေသည်။
ပြိုင်ပွဲက စိတ်ဝင်စားစရာကောင်းလွန်းလှသဖြင့် အချိန်ကုန်သွားမှန်းတောင် မသိလိုက်မိကြပေ။
စုန်ယွမ်ဖန်က လီလော့ကို အားကုန်အောင် တိုက်ခိုက်နေချိန်တွင် လီလော့ဘက်ကလည်း အချိန်မကုန် ကုန်အောင် အချိန်ဆွဲတိုက်ခိုက်နေကြောင်း မည်သူမျှ ထင်မထားမိခဲ့ကြပေ။
ယခုတော့ အချိန်စေ့ပြီဖြစ်သောကြောင့် သရေပွဲ ရလဒ်ဖြင့်သာ ပြိုင်ပွဲပြီးဆုံးခဲ့လေပြီ.....
လီလော့နှင့် စုန်ယွမ်ဖန်တို့သည် နှစ်ဉီးသားလက်ရည်တူ တိုက်ခိုက်ခဲ့သည်ဟု ယူဆရပေမည်။ ဤသည်မှာ ထင်မှတ်မထားမိသော ရလဒ်သာပင်.....
ဘယ်လိုပဲတွေး တွေး ဤသည်မှာ လက်ခံနိုင်ရန်ခက်ခဲသော ရလဒ်ဖြစ်သည်။ စုန်ယွမ်ဖန်သည် လီလော့ထက် အစစအရာအရာ သာလွန်သူတစ်ယောက်ဖြစ်သည့်အတွက် ဤသို့တိုက်ခိုက်ရခြင်းမှာ ပန်းခြံထဲလမ်းလျှောက်ထွက်သလို လွယ်ကူနေသင့်သည် မဟုတ်ပေလော......
လီလော့ မည်မျှ ရုန်းကန် ကြိုးစားစေကာမူ စည်းတံဆိပ်ခြောက်ခုအဆင့်လောက်နဲ့တော့ စည်းတံဆိပ်ရှစ်ခုအဆင့်ကို ဘယ်နည်းနဲ့မျှ တိုက်ခိုက်နိုင်လိမ့်မည်မဟုတ်ပေ။ လီလော့ထံတွင် အားသာချက် တစ်ချက်မျှလည်း မရှိခဲ့ပါ......
သို့သော်လည်း ရလဒ်ကတော့ ထင်မှတ်ထားသည်နှင့် ဖြောင့်ဖြောင့်ကြီးဆန့်ကျင်နေပေသည်။
ပြီးပြည့်စုံလှသော တိုက်ပွဲတစ်ခုသည် သရေရလဒ်ဖြင့်သာ နိဂုံးချုပ်ခဲ့လေပြီ......
အားလုံး၏ အကြည့်များသည် ပဲ့တင်ထပ်သံစွမ်းအားများကို အလွန်အကျွံ သုံးလိုက်ရဖြင့် အနည်းငယ်ဖြူဖျော့နေသော လီလော့ထံတွင်သာ ကပ်ငြိနေကြသည်။ ထိုအကြည့်များထဲတွင် လေးစားမှုအရိပ်အယောင်များကို မြင်တွေ့နိုင်ပေသည်။
ပိုင်ခွန်ကတော့ ချွင်းချက်အနေဖြင့် ဝမ်းချုပ်နေသူတစ်ယောက်သဖွယ် ရှုံ့မဲ့နေလေ၏။
ပိုင်ခွန်ဘေးတွင် ရပ်နေသော တီဖာချင်းကတော့ လီလော့ကို အသက်မဲ့သော မျက်ဝန်းများဖြင့် ကြည့်နေခဲ့ပြီး သူမ နှလုံးသားတစ်ခုလုံး ကမောက်ကမ ဖြစ်နေခဲ့ရသည်။ အချိန်အတော်ကြာမှသာ သူမ သက်ပြင်းချနိုင်ခဲ့တော့သည်။
လီလော့ကို ကြည့်ရသည်မှာ ဖြူဖျော့နေသော်လည်း သူထံမှ တောက်ပသော အလင်းတန်းများ ဖြာထွင်နေသလို ထင်နေမိသည်။
တီဖာချင် လီလော့ကို ကြည့်နေရင်းကနေ
နန်ဖန်းကျောင်းတော်၏ ဒဏ္ဍာရီလာပါရမီရှင်များအတွက် ဆောက်လုပ်ပေးထားသော ဂုဏ်ပြုခန်းမထဲမှ ရုပ်ထုများကို ကြည့်နေရသလို ခံစားနေခဲ့ရသည်။
သို့သော်လည်း ထူးဆန်းလှသော စိတ်ကူးယဉ်မှုများထဲမှ သူမ လျင်မြန်စွာ ရုန်းထွက်နိုင်ခဲ့သည်။ ယခုပြိုင်ပွဲတွင် လီလော့ ကံကောင်း၍ အနိုင်ရခဲ့ခြင်းဖြစ်သော်လည်း ကျန်းချင်းအာကို မပိုင်ဆိုင်နိုင်သေးပေ။
စင်မြင့်ပေါ်တွင်တော့ စုန်ယွမ်ဖန် ရူးသွပ်လုနီးပါး အော်ဟစ်နေ၏......
" မမြင်ဘူးလား....ငါသူ့ကို ရိုက်ချဖို့ နည်းနည်းလေးပဲလိုတော့တာ...သူ့မှာ ပဲ့တင်ထပ်သံစွမ်းအား ကုန်ခမ်းနေပြီ....တစ်စက္ကန့်လေးပဲ....တစ်စက္ကန့်လောက်လေးပဲ အချိန်ထပ်ပေးပါ! !!!!!!"
ကြီးကြပ်ရေးမှုးက မောက်မာစွာ အော်ဟစ်နေသော စုန်ယွမ်ဖန်ကို မျက်မှောင်ကြုံ့ပြီး ကြည့်နေခဲ့သည်။ အမြဲတစေ ဖော်ရွှေပျူငှာတတ်သောသူသည် ယခုချိန်တွင် စစ်မှန်သော စရိုက်များ ပေါ်ထွက်လာခဲ့ပြီမဟုတ်ပေလော.....
" စည်းကမ်းက စည်းကမ်းပဲ....အချိန်စေ့တဲ့အထိ အနိုင်ရတဲ့သူ မရှိတဲ့အတွက် သရေပွဲအဖြစ်သတ်မှတ်လိုက်ပြီ....."
" စောက်ရူးတွေ....."
စုန်ယွမ်ဖန် ဒေါသထွက်ပြီး ရိုင်းရိုင်းစိုင်းစိုင်းတွေ ပြောနေလေပြီ.....
ကြီးကြပ်ရေးမှူးက စုန်ယွမ်ဖန်ကို လျစ်လျုရှုထားလိုက်ပြီး ရလဒ်ကို အများအောင်ကြေငြာပေးလိုက်သည်။
"ပြိုင်ပွဲပြီးဆုံးသွားပြီ....ရလဒ်ကတော့ သရေပဲ....."
" အစ်ကိုကြီးလော့ကတော့ အံမခမ်းပဲဗျို့! !"
ကြီးကြပ်ရေးမှုး ကြေငြာပြီးသည်နှင့် ဒုတိယကျောင်းတော်သားများထံမှာ အားပေးသံများသည် တောင်ပြိုလုမတတ် ဝက်ဝက်ကွဲ ပေါ်ထွက်လာခဲ့သည်။
လီလော့က ဒုတိယကျောင်းတော်အတွက် ဂုဏ်ဆောင်နိုင်ခဲ့ပြီဖြစ်သောကြောင့် အားလုံးက လေးစားအားကျသော အကြည့်များနှင့် ကြည့်နေကြလေသည်။
ပတ်တီးအဖွေးသားစည်းထားရသော ယုလန်ကတောင် ခက်ခက်ခဲခဲ ပါးစပ်ဖွင့်ပြီး ဤသို့မှတ်ချက်ပေးနေလေ၏။
"ဒီငကြောင်ကောင် နောက်တစ်ကြိမ်ထိပ်ဆုံး ပြန်ရောက်လာခဲ့ပြီပဲ....စုန်ယွမ်ဖန်တောင် သူ့ကြောင့် အတော်လေး အထိနာခဲ့ရတယ်...."
လုချင်းအာသည် စူးရှသော အော်ဟစ်သံများကို လျစ်လျူရှုထားပြီး လီလော့ကိုသာ တိတ်တဆိတ်ငေးကြည့်နေရင်း အတိတ်ကာလများဆီအတွေးရောက်သွားခဲ့သည်။ လီလော့သည် လူတိုင်းကို ဖော်ရွှေစွာဖြင့် ပဲ့တင်ထပ်သံပညာရပ်များကို လမ်းညွှန်ပေးခဲ့ဖူးပေသည်။
ထိုစဉ်အခါက လီလော့သည် အများသူငှာ လိုက်မမှီနိုင်လောက်အောင် ထူးချွန်ခဲ့သည်။
ထိုအခါက သူမ လီလော့ကို စံပြပုဂ္ဂိုလ်တစ်ဉီးအဖြစ်သတ်မှတ်ခဲ့ဖူးသည်။
သို့သော် လီလော့ထံတွင် ဗလာနန်းတော်ရှိနေမှန်း သိလိုက်ရချိန်တွင် အရာအားလုံးပျက်စီးခဲ့ရလေသည်။
" နင်နောက်တစ်ကြိမ် ကိုယ့်ခြေထောက်ပေါ် ကိုယ်ပြန်ရပ်နိုင်မယ်မှန်း ငါ သိထားပြီးသားပါ....ဒါပေမေယ့် နင် အခုချိန်မှာ သိပ်ကိုအားနည်းနေသေးတယ်....နင် နောက်တစ်ကြိမ် အမြင့်ကို ပြန်ရောက်တဲ့အခါကျမှ နင်ကို တရားနည်းလမ်းတကျ အနိုင်ယူမှာပါ...."
လုချင်းအာ၏ ဆံနွယ်များသည် လေအဝှေ့တွင် ယိမ်းနွဲ့နေကြပြီး သူမ၏ မျက်ဝန်းများသည် အနာဂတ်ကို မျှော်မှန်းရင်း တောက်ပနေခဲ့သည်။ သူမ ထွက်မသွားခင် လီလော့ကို တစ်ချက်ကြည့်လိုက်သေးသည်။
သိက္ခာရှိသော အလှလေး လုချင်းအာထံတွင် ဤမျှလောက်ထိ တိုက်ပွဲဆာလောင်စိတ်မျိုးရှိနေမည်မှန်း မည်သူထင်မိမည်နည်း......
စင်မြင့်ပေါ်တွင်မူ လီလော့ကမျက်နှာထားမည်းမှောင်နေသော စုန်ယွမ်ဖန်ကိုကြည့်ပြီး ......
" ဟူးးးး ငါမင်းကို အခွင့်ရေးပေးခဲ့သားပဲ...မင်းမှ ရအောင်မယူတတ်တာ....မင်းက တကယ်ကိုအသုံးမကျတဲ့သူပဲ...."
လီလော့၏ အပြောကြောင့် စုန်ယွမ်ဖန် ဒေါသပိုထွက်လာရပြန်သည်။
" အခွင့်ကောင်းကို လက်လွှတ်လိုက်ရတဲ့အတွက် မင်း ဒီလိုအခွင့်ရေးမျိုး ဘယ်တော့မှ ထပ်ရနိုင်မှာ မဟုတ်တော့ဘူး....."
လီလော့က အဆိပ်ပြင်းလှသော စုန်ယွမ်ဖန်၏ အကြည့်များကို လျစ်လျူရှုလိုက်ပြီး စုန်ယွမ်ဖန်၏ ပခုံးကိုပုတ်ကာ......
" မင်း ငါ့မိဘတွေကို စော်ကားထားတာကို ငါမမေ့သေးဘူး.....တစ်နေ့ကျရင် အဲ့ကိစ္စအတွက် မင်းနဲ့စာရင်းလာရှင်းဉီးမယ်....."
စုန်ယွမ်ဖန်က အံကြိတ်သံနဲ့......
" ကောင်းပြီ....ငါမင်းကို စောင့်နေမယ်....."
လီလော့က ခေါင်းညိတ်လိုက်ပြီး အပိုစကားလုံးတွေ ထပ်မပြောဘဲ တိုက်ပွဲစင်မြင့်
ပေါ်ကနေ ထွက်ခွာခဲ့လိုက်သည်။ ဒုတိယကျောင်းတော်သားများသည် သူ့အား စောင့်ဆိုင်းနေကြပြီး အုပ်စုလိုက် ထွက်ခွာသွားချိန်တွင် လီလော့ခန္ဓာကိုယ်ကို ပင့်မြှောက်ကာ အော်ဟစ်အားပေးနေကြသည်။
ထိုအဖွဲ့ ထွက်ခွာသွားသည့်အခါ ကျန်ရှိနေသော ပရိတ်သတ်များကလည်း စုန်ယွမ်ဖန်ကို တစ်ချက်ကြည့်လိုက်ပြီး တဖြည်းဖြည်း လူစုခွဲသွားခဲ့ကြသည်။
လီလော့ဘက်က အရှုံးပေးကြောင်း ဝန်ခံဖို့ ပြင်ဆင်ထားခဲ့သော်လည်း စုန်ယွမ်ဖန်ဘက်က သူ့မိဘများကို စော်ကားပြောဆိုလာသည့်အခါ လီလော့ အစွမ်းကုန် ကြိုးစား တိုက်ခိုက်ခဲ့သည်။
ဤသတင်းသည် မကြာမှီအချိန်တွင်း နန်ဖန်းတစ်ခုလုံးဆီ ပျံ့နှံ့သွားပေတော့မည်။ လူတိုင်း၏ ပါးစပ်ဖျားတွင် စုန်ယွမ်ဖန်သည် တစ်စုံတစ်ယောက်၏ အနင်းခံကျောက်တုံးတစ်ခုသဖွယ် ဖြစ်လာပေတော့မည်။
ထွက်ပေါ်လာသော ရလဒ်သည် မှန်းဆထားသည်နှင့် ဖြောင့်ဖြောင့်ကြီး ဆန့်ကျင်နေသောကြောင့် ဆရာများအားလုံး အတွေးထဲတွင် နစ်မြောနေကြသည်။
အချိန်အတော်ကြာမှသာ ဌာနမှုးထံမှ သက်ပြင်းချသံထွက်ပေါ်လာပြီး....
"လီလော့က အနိူင်ရဖို့ မကြိုးစားဘဲ အဲ့အစားသရေပွဲဖြစ်အောင် အချိန်ဆွဲပြီးတိုက်ခိုက်ခဲ့တယ်....မမျှော်လင့်ဘဲ သူစီစဉ်ထားသလို ဖြစ်သွားခဲ့တယ်....."
တစ်ဖက်မှာတော့ ရှုရှုန်ယွီက ပါးနှစ်ဖက်စလုံးနာကျင်လောက်သည်အထိ ပြုံးဖြီးနေ၏။
ဒုတိယကျောင်းတော်သည် လီလော့ကြောင့် အတော်လေး ဂုဏ်ဆာနိုင်ခဲ့ပြီဖြစ်သည်။စုန်ယွမ်ဖန်ဆိုသည်မှာ ပထမကျောင်းတော်၏ ပါရမီရှင်ကျောင်းသားတစ်ယောက်ဖြစ်ပြီး နန်ဖန်း၏ အထူးချွန်ဆုံးပါရမီရှင် လုချင်းအာနှင့်ပင် နှိုင်းယှဉ်နိုင်သူဖြစ်သည်။ ယခုတွင်မူ လီလော့က စုန်ယွမ်ဖန်ကို သရေကျအောင် တိုက်ခိုက်နိုင်ခဲ့ပြီဖြစ်သည်။
ဒုတိယကျောင်းတော်သားတွေမှာ လွှမ်းမိုးနိုင်စွမ်း မရှိဘူးလို့ ဘယ်သူပြောရဲသေးလဲ.....
ဤပြိုင်ပွဲကို သရေပွဲအဖြစ် မည်သူမျှ မခံစားကြရပေ။ လီလော့နှင့်စုန်ယွမ်ဖန်တို့ကြားတွင် ကြီးမားသောကွာခြားချက်များရှိနေသည်။လီလော့သည် စည်းတံဆိပ်ခြောက်ခုအဆင့်ဖြစ်ပြီး အဆင့်ငါးပဲ့တင်ထပ်သံကိုသာ ပိုင်ဆိုင်ထားသည်။ သို့သော် စုန်ယွမ်ဖန်သည် စည်းတံဆိပ်ရှစ်ခုအဆင့်ဖြစ်ပြီး အဆင်ခုနှစ် ကြက်သွေးရောင်သိမ်းငှက် ပဲ့တင်ထပ်သံကို ပိုင်ဆိုင်ထားသူဖြစ်သည်။
ဆရာဖြစ်သူများပင် မတွက်ဆနိုင်သောအခြေနေမျိုးရောက်အောင် စွမ်းဆောင်နိုင်ခဲ့သော လီလော့သည် ချီးကျူးဂုဏ်ပြုမှုများနှင့် အမှန်ပင်ထိုက်တန်လှပေသည်။
ကျန်းချင်အာလို မည်သူမျှ အဆင့်ကိုးပဲ့တင်ထပ်သံမပိုင်ဆိုင်နိုင်သော်လည်း ဆန္ဒရှိပါက နည်းလမ်းလည်း ရှိစမြဲသာပင်....
လင်းဖန်၏ မျက်နှာသည် လငပုပ်ဖမ်းထားသကဲ့သို့ မည်းမှောင်နေပြီး ရှုရှန်ယွီ၏ ရယ်သံများကို နားကြားပျင်းကပ်လာသာကြောင့်......
"လီလော့က ပြီးပြည့်စုံတဲ့ စွမ်းရည်တွေကို သရုပ်ပြသွားခဲ့တယ်.....အစမ်းစာမေးပွဲမှာ အချိန်သတ်မှတ်ချက်ရှိပေမယ့် နှစ်ကုန်စာမေးပွဲရောက်ရင် ဘယ်လိုလုပ်ကြမလဲ.....ကိုယ်ပိုင်အရည်အချင်းမရှိရင် လက်လှမ်းမမှီနိုင်တဲ့အရာကို ရယူဖို့ အတင်းအကြပ်ကြိုးစားနေသလို ဖြစ်နေတော့မှာပဲ...."
ရှုရှန်ယွီက ဒေါသတကြီး နှာမှုတ်လိုက်ပြီး......
" စောင့်ကြည့်နေလိုက်...လီလော့က ဒီထက်ပိုပြီး တိုးတက်လာဉီးမှာ....."
" တိုးတက်လာမယ်ဆိုရင်တောင် စည်းတံဆိပ်ခုနှစ်ခုအဆင့်လောက်ပဲရှိဉီးမှာလေ....."
လင်းဖန်ကလည်း ပြန်ပက်တယ်.....
သူတို့နှစ်ဉီးစလုံးကို ဌာနမှူးက လက်ဝှေ့ယမ်းပြလိုက်ပြီး အချင်းမများရန် ဟန့်တားလိုက်သည်။ဌာနမှူးက လီလော့တို့ အုပ်စုထွက်သွားရာဘက်ကို ငေးကြည့်ရင်း မျက်နှာထားတင်းမာလာပြီး......
"လီလော့ကိစ္စက လီလော့နဲ့ပဲဆိုင်တယ်....နှစ်ကုန်စာမေးပွဲမှာ နန်ဖန်းကပဲ ထျန်ရှုရဲ့ နံပါတ်တစ်ကျောင်းတော်ဖြစ်လာဖို့ပဲ ငါလိုချင်တယ်....တစ်ခုခုလွဲချော်သွားလို့ကတော့.....ဟမ့်!!"
ဌာနမှုး၏ ကြုံးဝါးသံကြောင့် ဆရာအားလုံးတုန်ရီနေခဲ့ကြသည်။
ဤသည်မှာ အမည်မဖော်ဘဲ မိမိကိုပြောဆိုနေခြင်းဖြစ်ကြောင်း လင်းဖန် နားလည်လိုက်သည်။ ပထမကျောင်းတော်က ကျင့်ကြံရေးအရင်းမြစ်အတော်များများကို လက်ဝါးကြီးအုပ်ထားခဲ့သဖြင့် နှစ်ကုန်စာမေးပွဲတွင် အကောင်းဆုံးရလဒ်မျိုး ရရှိအောင် စွမ်းဆောင်ရပေတော့မည်။
ပထမကျောင်းတော်၏ ယခင်နည်းပြသည် ထိုသို့ မလုပ်နိူင်ခဲ့သောကြောင့် အလုပ်ထုတ်ခံခဲ့ရသည်။ထို့ကြောင့် လင်းဖန်လည်း ထိုသို့မလုပ်နိုင်ပါက ယခင်နည်းပြလမ်းစဉ် အတိုင်း လျှောက်လှမ်းရပေလိမ့်မည်။
ထိုသို့တွေးမိသောအခါ လင်းဖန်၏ နှလုံးသားတစ်ခုလုံး ပြင်းထန်စွာ တုန်ခါနေလေ၏။
" စိတ်ချပါ.....ကျုပ်တို့ ပထမကျောင်းတော်ရဲ့ခွန်အား အပြောသက်သက်မဟုတ်ကြောင်း အလုပ်နဲ့ သက်သေပြပါ့မယ်....."
" အဲ့လိိုဖြစ်လာမယ်ဆို အကောင်းဆုံးပဲပေါ့...."
ထိုအခါမှသာ ဌာနမှုး၏ တင်းမာနေသောမျက်နှာမှာ အနည်းငယ်လောက်ပျော့ပြောင်းလာခဲ့လေသည်။
ဌာနမှုး ထွက်သွားတော့မှသာ ကျန်သောဆရာများခင်မျာ သက်ပြင်းချနိုင်ရှာတော့သည်။
//ဌာနမှုးအိုကြီးက သိပ်ကြောက်ဖို့ကောင်းတာပဲ //
" အရှေ့ဘက်ရေကန်ကျောင်းတော်က နှစ်ကုန်စာမေးပွဲအတွက် ရေကုန်ရေခမ်းကြိုးစားနေတယ်.....ဘုရင်ခံစံအိမ် ကျောထောက်နောက်ခံကြောင့် ကျုပ်တို့ နန်ဖန်းကို မှီလုနီးပါးဖြစ်လာနေပြီ.....သူတို့ရဲ့ ထိပ်တန်းကျောင်းသား ရှီဟွမ်က ဘုရင်ခံရဲ့သားလို့တော့ သတင်းကြားထားတယ်....သူက လုချင်းအားထက် မဆိုသလောက်ပဲ နိမ့်ကျတယ်ဆိုပဲ.....နှစ်ကုန်စာမေးပွဲက ထင်သလောက်ရိုးရှင်းမှာ မဟုတ်တော့ဘူး...."
လင်းဖန်က ထိုစကားကိုပြောလိုက်သော ဆရာတစ်ဉီးကို စူးစူးရဲရဲ စိုက်ကြည့်လိုက်ပြီး....
" အရှေ့ဘက်ရေကန်ကျောင်းတော်ရဲ့ အခြေခံအုတ်မြစ်က ကျုပ်တို့ နန်ဖန်းနဲ့ ယှဉ်နိူင်မယ်တဲ့လား....ထျန်ရှုရဲ့ နံပါတ်တစ်ဂုဏ်ပုဒ်ကို လိုချင်တယ်ဆို ကျုပ်တို့ပထမကျောင်းတော်ကို ကျော်ဖြတ်နိုင်မှပဲရမယ်....."
လင်းဖန် ထွက်သွားသောအခါ ကျန်သောဆရာများက တစ်ယောက်မျက်နှာတစ်ယောက်ကြည့်ပြီး သက်ပြင်းချလိုက်မိကြသည်။ လင်းဖန်၏မောက်မာမှုကို မနှစ်မျို့သော်လည်း ယခုချိန်တွင် ပထမကျောင်းတော်မှလွဲ၍ အားကိုးစရာမရှိပေ။
// ကောင်းပြီလေ....ဒီပြသာနာတွေကိုကိုင်တွယ်ဖြေရှင်းဖို့ မင်းကိုပဲ လက်လွှဲထားလိုက်တော့မယ်....တစ်ခုခုလွဲချော်သွားချိန်ကျရင် ဘယ်သူငိုရမလဲ ဘယ်သူရယ်ရမလဲ ကြည့်ကြသေးတာပေါ့....//