← Chapters

အမှတ်မထင် ကောင်းချီးပေးခံရခြင်း ( ၁ )

Vol. 4 Ch. 52

အမှတ်မထင် ကောင်းချီးပေးခံရခြင်း ( ၁ )

Vol. 4 Ch. 52

မှောင်မည်းနေသော ကောင်းကင်ယံ၌ ကြယ်ပွင့်လေးများကို မမြင်နိုင်ဘဲ တိမ်မည်းတစ်အုပ်သည်သာ ထိန်ထိန်လင်းနေသော လမင်းကြီးကို ဖုံးကွယ်၍ ကျော်ဖြတ်သွားသည်။

လေများ တဟူးဟူး တိုက်ခတ်နေပါသော်လည်း လင်းဖြာကျနေသော လရောင်ခြည်တန်းများအပေါ် သက်ရောက်မှုမရှိချေ။

လရောင်သည် ရေများ သွန်းချလိုက်သည့်အလား လောကတစ်ခွင် ဖြာကျနေပေသည်။

လရောင်တန်းအနည်းငယ်က ရတနာမုဆိုးစခန်း၊ ရွှီချင်း၏ခြံဝင်းနှင့် သူ၏တံခါးရှေ့ရှိ လူရိပ်နှစ်ရိပ်အပေါ် သက်ဆင်းနေသည်။

ခရမ်းရောင်ဝတ်ရုံဝတ် အမှတ်ခုနစ်သခင်ကြီးသည် လက်နှစ်ဖက်ကို နောက်ပစ်၍ အချိန်အတော်ကြာသည်အထိ ရပ်နေသည်။ အိုမင်းရင့်ရော်နေသည့်သူ၏မျက်နှာတွင် စဉ်းစားတွေးတောနေသည့်အရိပ်အယောင်များဖြင့် ပြည့်နေသည်။ သူ တွေးနေသောအရာကို မည်သူမျှ မသိနိုင်ချေ။

သူ၏ဘေးရှိ အစေခံသည် သူ့ကို မနှောင့်ယှက်ဘဲ တိတ်ဆိတ်စွာသာ စောင့်နေလေသည်။

ဘေးပတ်ဝန်းကျင်ရှိ ခွေးရိုင်းများသည် ၎င်းတို့၏မျက်လုံးများထဲတွင် ထိုအဘိုးအိုနှစ်ဦးမရှိသည့်အပြင် မည်သည့်အရာကိုမျှ ရိပ်မိဟန်မတူကြသည့်အတွက် ထူးထူးဆန်းဆန်းဖြစ်မနေကြဘဲ ဝပ်နေသည်။

ပတ်ဝန်းကျင်တစ်ခုလုံး ပကတိ တိတ်ဆိတ်ငြိမ်သက်နေ၏။ စခန်းအပြင်ဘက်ပိုင်းမှ ညည်းညူသံများနှင့် ရယ်သွမ်းသွေးနေသော အသံများသည်သာ တစ်ချက်တစ်ချက် လွင့်ပျံလာသည်။

အထက်ပါ စကားနှစ်ခွန်းကို ဆိုပြီးနောက် အခန်းသည် တိတ်ဆိတ်ငြိမ်သက်နေပြီး အသက်ရှူသံသဲ့သဲ့သည်သာ ကြားနိုင်ပေသည်။

အချိန်များ တဖြည်းဖြည်း ကုန်လွန်သွားသည်။ အမွှေးတိုင်တစ်တိုင် လောင်ကျွမ်းစာအချိန် ကြာပြီးနောက် တံခါးတွင် ရပ်နေသော အမှတ်ခုနစ်သခင်ကြီးသည် သက်ပြင်းချလိုက်၏။ သူသည် တံခါးကို တွန်းမဖွင့်ဘဲ လှည့်ထွက်သွားသည်။

“ သူ့ကို တံဆိပ်ပြားပေးလိုက် ”

ခြံတံခါးဆီလျှောက်သွားသော အမှတ်ခုနစ်သခင်ကြီးက ခပ်တိုးတိုးလေသံဖြင့် ပြောလိုက်သည်။

“ ဘာအရောင်လဲသခင်ကြီး ”

အစေခံက မေးမြန်းလိုက်သည်။

“ သာမန်တံဆိပ်ပြားပေးလိုက်။ မင်းလည်း သူ့ကို ဘာမှသိပ်မပြောနဲ့ ”

အမှတ်ခုနစ်သခင်ကြီးသည် ခြံတံခါးကို ဖြတ်လျှောက်သွားကာ တဖြည်းဖြည်း ထွက်ခွာသွားသည်။

အစေခံ၏မျက်လုံးများ ကျဉ်းမြောင်းသွားပြီး သူ၏ရင်ထဲတွင် ခံစားချက်လှိုင်းများ ဆောင့်တက်လာသည်။

အမှတ်ခုနစ်သခင်ကြီးနှင့်အတူ စခန်းထဲ သူ သွားခဲ့သည့်အတောအတွင်း အမှတ်ခုနစ်သခင်ကြီးက ထိုကလေးအား ကြိမ်ဖန်များစွာ အာရုံစိုက်နေခဲ့သည်ကို သူ ကိုယ်တိုင်ကိုယ်ကျ မြင်တွေ့ခဲ့ရသည်။

ထို့ပြင် သမားတော်ကြီးပိုင်၏နေရာ၌ သမားတော်ကြီးပိုင်ကိုလည်း အမှတ်ခုနစ်သခင်ကြီးက သွားရောက်နှုတ်ဆက်ခဲ့သည်။ ထိုအခြင်းအရာအားလုံးက ကလေး၏အခွင့်အရေး ကျရောက်လာပြီဖြစ်ကြောင်း သူ့ကို သိသွားစေခဲ့သည်။ ထို့ကြောင့် နောက်ဆုံးတစ်ကြိမ်က ကလေးကို တံဆိပ်ပြားပေးသင့်၊ မပေးသင့် သူ မေးမြန်းခဲ့ခြင်း ဖြစ်သည်။

တံဆိပ်ပြားသည် ချီရွှဲ့ထုံဂိုဏ်းသို့ ဝင်ခွင့်တံဆိပ်ပြားဖြစ်သည်။ ထိုတံဆိပ်ပြားကို ကိုင်ဆောင်ထားသူများသည်သာ စစ်ဆေးပွဲကို ဖြေခွင့်ရှိသည်။ သူတို့ အောင်မြင်သွားပါက ဂိုဏ်းထဲကို ဝင်ရောက်ခွင့် ရှိပေသည်။

တံဆိပ်ပြားများကို အရောင်အမျိုးမျိုး ခွဲခြားထားသည်။ ခရမ်းရောင်တံဆိပ်ပြားသည် အမြင့်ဆုံးဖြစ်ပြီး ထိုတံဆိပ်ပြားကို ကိုင်ဆောင်၍ ဝင်ရောက်လာသည့် တပည့်အသစ်က တစ်ခါတည်း တပည့်ရင်းတစ်ယောက် ဖြစ်သွားသည်။ အဝါရောင်တံဆိပ်ပြားသည် အလယ်အလတ်အဆင့်ဖြစ်ပြီး ထိုတံဆိပ်ပြားနှင့် ဝင်ရောက်လာသည့်တပည့်က အတွင်းစည်းတပည့်ဖြစ်လာမည်ဖြစ်သည်။ အဖြူရောင်တံဆိပ်ပြားသည် သာမန်ဖြစ်ပြီး ထိုတံဆိပ်ပြားနှင့် ဝင်လာသည့်တပည့်သစ်များက သာမန်တပည့်များသာ ဖြစ်ကြသည်။

အမှတ်ခုနစ်သခင်ကြီးက ကလေးကို အနိမ့်ဆုံး အဝါရောင်တံဆိပ်ပြားပေးမည်ဟု အစေခံအဘိုးကြီး ခံစားခဲ့ရသည်။ သို့သော်လည်း အဖြူရောင်တံဆိပ်ပြားသာဖြစ်နေပြီး သူ့ကို အပိုပြောနေရန် မလိုကြောင်းကိုလည်း သတိပေးခဲ့သည်။

ထိုသို့ ပုံမှန်မဟုတ်သော ကိစ္စရပ်က သူ့ကို စဉ်းစားတွေးတောမိသွားစေပြီး သူ၏နှလုံးသားက ထိန်းချုပ်ခြင်းငှာ မစွမ်းသာဘဲ ရင်တဒိန်းဒိန်းခုန်လာသည်။

“ ဒါဆို အဖြေတစ်ခုပဲ ရှိတယ်။ အမှတ်ခုနစ်သခင်ကြီးက ဒီကလေးကို သိပ်အလေးထားတာပဲ ဖြစ်ရမယ်။ ကလေးကို ဂိုဏ်းကို ခေါ်ချင်တဲ့အပြင် တပည့်အဖြစ်ပါ လက်ခံချင်နေတာမလား။ ဒါဆို အဲဒီကလေးကို စစ်ဆေးရမယ်လေ။ ပထမမင်းသားသုံးယောက်လုံး ဒီလိုနည်းနဲ့ ဂိုဏ်းထဲ ဝင်လာကြတာပဲ။ သတ္တမမြောက်တောင်ထွတ်မှာ စတုတ္ထမြောက်တပည့်ရင်းတစ်ယောက် ပေါ်ထွက်လာတော့မှာလား ”

အစေခံသည် ‘ တပည့်ရင်း ’ ဆိုသည့်စကားလုံး၏ အရေးပါမှုကို ရှင်းရှင်းလင်းလင်းသိထားသည်။ လူတစ်ယောက်က အမှတ်ခုနစ်သခင်ကြီး၏ တပည့်ရင်းတစ်ယောက်ဖြစ်လာပါက နန်းဟွမ်ဒေသကြီးတစ်ခွင်ရှိ အုပ်စုအသီးသီး၏ အာရုံစိုက်ခြင်းကို ခံရပေလိမ့်မည်။

သို့သော်လည်း အမှတ်ခုနစ်သခင်ကြီးက တပည့်လက်မခံသည်မှာ နှစ်ပေါင်းများစွာ ကြာမြင့်နေပြီဖြစ်၍ ထိုသို့ဖြစ်လာနိုင်ချေမှာ လွန်စွာ နည်းပါးသည်ဟု သူ ခံစားနေရသည်။

မည်သို့ပင်ဆိုစေကာမူ ထိုကလေးကို သူ သေချာအာရုံစိုက်နေရပေမည်။ ထိုသို့တွေးတောပြီးနောက် သူသည် အသက်ပြင်းပြင်းရှူသွင်းလိုက်ပြီး အတွေးစများကို စုစည်းလိုက်သည်။ ထို့နောက် ရွှီချင်း၏တံခါးကို သူ အသာခေါက်လိုက်သည်။

တံခါးခေါက်သံသဲ့သဲ့က အခန်းထဲ လွင့်ပျံသွားပြီး အခန်းထဲရှိ အသက်ရှူသံများက တိခနဲ ရပ်သွားသည်။

ထို့နောက် အစေခံအဘိုးကြီး၏ နှုတ်ခမ်းထောင့်စွန်းက တွန့်ကွေးသွားကာ ပြုံးသွားသည်။ သူ၏ခန္ဓာကိုယ် ဝေဝါးသွားပြီး ပျောက်ကွယ်သွားသည်။ သူ ပြန်ပေါ်လာသောအခါ အခန်းထဲ ရောက်နေပြီဖြစ်သည်။

အခန်း၏အနောက်ရှိ နံရံ၌ အပေါက်ကြီးတစ်ပေါက်ရှိသည်။ ထိုအပေါက်သည် အလွန် လျှို့ဝှက်ပြီး အုတ်ခဲများဖြင့် ဖံုးကွယ်ထားသည်။ ထိုအပေါက်ကို တူးထားသည်မှာ အချိန်အနည်းငယ် ကြာမြင့်နေပြီဖြစ်ဟန်တူသည်။

ထိုအခိုက် ရွှီချင်းသည် လှစ်ခနဲ လှုပ်ရှားသွားသည်။ သူက တံခါးခေါက်နေသည့်လူကို စစ်ဆေးရန် ကွေ့ပတ်သွားမည်ပြုစဉ် ဗြုန်းခနဲ အစေခံ ပေါ်လာခြင်းကြောင့် ရပ်သွားသည်။

ရွှီချင်း၏မျက်လုံးများ ကျဉ်းမြောင်းသွားသည်။ ရုတ်တရက် ပေါ်လာသည့် လူရိပ်ကြောင့် သူ၏နှလုံးသားတစ်ခုလုံး လေးလံသွားရသည်။

သူ၏ရှေ့ရှိပုဂ္ဂိုလ်သည် သက်လတ်ပိုင်းအရွယ်လူတစ်ယောက်ဖြစ်ပြီး မီးခိုးရောင်ဝတ်ရုံကို ဝတ်ဆင်ထားကာ သာမန်မျက်နှာပေါက်မျိုး ရှိသည်။ သူနှင့်ပတ်သက်၍ မျက်စိထဲ ထင်းနေသည့်အရာတစ်ခုသည် သူ၏မျက်ခုံးမွေးနှစ်ခုကြားရှိ ပဉ္စဂံရုပ်ပုံဖြစ်သည်။ ထိုရုပ်ပုံမှနေ၍ အလင်းဖျော့ဖျော့ထွက်နေပြီး ဘေးပတ်လည်ရှိ လရောင်အပေါ် သက်ရောက်သွားဟန်တူကာ လရောင်ကို တွန့်ကွေးသွားစေသည်။

ပြင်းထန်သော ဖိအားတစ်ရပ် ဖြစ်တည်လာပြီး ရွှီချင်း၏အသက်ရှူသံများ အနည်းငယ် မြန်ဆန်လာကာ ညာလက်ထဲရှိ သံတုတ်ကို တင်းတင်းကြပ်ကြပ် ဆုပ်ကိုင်လိုက်သည်။ သူ၏ဘယ်လက်ထဲတွင်လည်း အလောင်းဖျောက်အဆိပ်မှုန့်လက်တစ်ဆုပ်စာ ရှိနေသည်။

တစ်ဖက်လူ၏ရောက်ရှိလာပုံက ထူးဆန်းလွန်းလှပြီး ယမန်နေ့က သူ တွေ့ခဲ့ရသော မိန်းကလေး၏အစ်ကိုထက် ပြင်းထန်သော ဖိအားကို သူ ခံစားနေရသည်။

အထူးသဖြင့် တစ်ဖက်လူ၏ အကြည့်က သူ၏ခန္ဓာကိုယ်ထဲရှိ အသွေးအသားများကို တုန်ရီသွားစေပြီး သူ၏ရှေ့မှောက်တွင် ရှိနေသောလူသည် အလွန်အန္တရာယ်များလှသည်ဟု သူ့ကို ဟစ်ကြွေးနေသည့်အလားပင်။

ထိုအခြေအနေက ရွှီချင်းကို အဆုံးစွန်ထိ သတိကြီးသွားစေသည်။ ထုိ့ပြင် တဆတ်ဆတ်တုန်ရီနေသော သူ၏အသားများက အန္တရာယ်ကို အချက်ပေးနေသည်သာမက တချိန်တည်းမှာပင် နောက်ထပ်ခြေလှမ်းများကိုပါ ပြင်ဆင်ထားရန် သူ့ကို ပြောနေပေသည်။

ရွှီချင်းသည် သူ၏နေအိမ်၌ ကြုံတွေ့ရမည့်အန္တရာယ်များကို ကြိုတွက်ထားခဲ့ပြီး ခွေးရိုင်းများ မဟောင်သည်ကို သူ မကြားလိုက်ရသည်မှာ သူ့အတွက် အန္တရာယ်အရှိဆုံးအခြေအနေဖြစ်သည်။

ထိုအခိုက်တွင် သူ့မျက်လုံးများ ကျဉ်းမြောင်းလာပြီး ဖြည်းညင်းစွာ နောက်ဆုတ်သွားသည်။

“ ငါ့မှာ မကောင်းတဲ့ရည်ရွယ်ချက်မရှိပါဘူး ”

ဝံပုလွေပေါက်လေးတစ်ကောင်ပမာ ပြောင်းလဲသွားပြီး အချိန်မရွေး ပေါက်ကွဲတော့မည့်အသွင် ဖြစ်နေသော ကလေးကို ကြည့်ကာ အစေခံက ပြုံး၍ ပြောလိုက်သည်။

ရွှီချင်း၏နောက်ရှိနံရံမှအပေါက်ကို တစ်ချက်ကြည့်လိုက်ပြီး ထိုအပေါက်သည် နေအိမ်ထဲတွင် အန္တရာယ်နှင့် ကြုံလာပါက သူ့ကိုယ်သူ ကာကွယ်ရန် ပြင်ဆင်ထားသော ထွက်ပြေးရန် ​လမ်းတစ်လမ်းဖြစ်ကြောင်း သူ ခန့်မှန်းမိလိုက်သည်။

“ ဒီလိုမျိုး ကြိုတင်ပြင်ဆင်ထားသလို ရုတ်တရက် အပြောင်းအလဲနဲ့ ကြုံလိုက်ရတဲ့အခါမှာလည်း သွေးရူးသွေးတမ်းဖြစ်မနေဘဲ ခုခံဖို့ အခွင့်အရေးကို စောင့်နေတယ်။ အမှတ်ခုနစ်သခင်ကြီးက ဒီကလေးကို သိပ်အလေးထားတာ အံ့သြစရာ မဟုတ်ဘူးပဲ ”

မြင်းလေး၏လည်မျိုကို ပိုင်းဖြတ်ပြီး ဖက်တီးရှန်ကို သတ်ဖြတ်သည့်မြင်ကွင်းက အစေခံ၏စိတ်ထဲ ပေါ်လာသည်။ သူ့မျက်လုံးများထဲတွင် လေးစားသည့်အရိပ်အယောင်များ ဖြတ်ပြေးသွားပြီး အဖြူရောင်တံဆိပ်ပြားကို ထုတ်ကာ ရွှီချင်းထံ ပစ်ပေးလိုက်သည်။

ရွှီချင်းသည် တံဆိပ်ပြားကို မဖမ်းဘဲ ချက်ချင်း ခုန်၍ နောက်ဆုတ်သွားသည်။ တချိန်တည်းမှာပင် သူက အဆိပ်မှုန့်လက်တစ်ဆုပ်စာ ပစ်လွှင့်လိုက်သည်။ အဆိပ်မှုန့်များကြားထဲမှ အေးစက်စက်ဓားမြှောင်နှစ်လက်က အစေခံထံ တရွှီရွှီမြည်သံပေး၍ ဝင်ရောက်သွားသည်။

All Chapters