← Chapters

အသက် ( ၂ ) သက်၊ အဆောင်တစ်ခု

Vol. 15 Ch. 218

အသက် ( ၂ ) သက်၊ အဆောင်တစ်ခု

Vol. 15 Ch. 218

ပထမတောင်ထိပ်လူငယ်မှာ စိတ်လှုပ်ရှားလွန်းနေသည့်အတွက်ကြောင့်ပေလော၊ ဓမ္မစွမ်းအားများ သူ့လည်မျိုထဲ ဝင်သွားပြီး သူ့အသံကို ပိတ်ဆို့သွားသည်။

သို့ဖြစ်၍ သူ့အသံက စူးစူးဝါးဝါး ထွက်ပေါ်သွား၏။

အဝေးမှ တိုက်ခိုက်နေကြသော အဖွဲ့နှစ်ဖွဲ့မှ ကျင့်ကြံသူဒါဇင်ကျော်မှာ ထိုလူငယ်၏ အော်သံကို ကြားလိုက်ကြရသည်။

ရွှီချင်းသည်လည်း မျက်နှာပျက်သွားပြီး ကတိုက်ကရိုက် နောက်ဆုတ်လိုက်သည်။

သူ နောက်ဆုတ်သည်မှာ ပထမလူငယ်၏ အဓိပ္ပာယ်ဖမ်းရခက်သော စကားလုံးများကြောင့် မဟုတ်ဘဲ ထိုအသံကြောင့် လှည့်ကြည့်လာကြသော အကြည့်ပေါင်းဒါဇင်များစွာကြောင့် ဖြစ်ပေသည်။

ယခု သူတို့အားလုံး လှမ်းကြည့်လာကြပြီ ဖြစ်သည်။

ရွှီချင်းမှာ တွေဝေတွန့်ဆုတ်မနေဘဲ မှော်သင်္ဘော၏ အကာအကွယ်အလွှာအားလုံးကို အသက်သွင်းလိုက်ပြီး အကာအကွယ်အဆောင်များစွာကိုလည်း ထုတ်လိုက်သည်။ သူက သင်္ဘောကိုပင် ရှဲကျင်းလုံနှင့် ဖုံးအုပ်လိုက်၏။

တခဏလေးအတွင်း စိတ်ကူးဖြင့် မှန်းဆ၍ မရနိုင်လောက်အောင် ဖော်ပြရန် ခက်ခဲသော ဖိအားလှိုင်းများ သက်ရောက်လာသည်။ ရွှီချင်း၏စိတ်ထဲ တုန်ခါသွားပြီး ရှဲကျင်းလုံနှင့်အတူ သူ့အဆောင်များ ပျက်စီးသွားသည်။

ကံကောင်းစွာပင် သူ၏မှော်သင်္ဘောက သာမန်မဟုတ်ဘဲ နတ်အစွမ်းရှိနေသည်။ အကာအကွယ်အလွှာ ပျက်စီးသွားပါသော်လည်း မှော်သင်္ဘောက အကောင်းအတိုင်း ရှိနေသေး၏။

ရွှီချင်းမှာ တစ်ကိုယ်လုံး တုန်ရီသွားကာ သွေးများအန်ထုတ်လိုက်သည်။ ထိုစဉ် မှော်သင်္ဘော၏ အကာအကွယ်က ပြန်လည်ဖြစ်ပေါ်လာပြီး သူက ဆက်လက်နောက်ဆုတ်လိုက်ရာ အကြည့်များကြောင့် ဖိအားဒဏ်မှာ ပျက်ပျယ်သွားသည်။

ပထမတောင်ထိပ်မှလူငယ်သည်လည်း သွေးများအန်ထုတ်လိုက်သည်။ သူ့ခန္ဓာကိုယ်ကို ကာကွယ်ထားသည့် သက်စောင့်ပစ္စည်းသုံးမျိုးသည်လည်း တစ်ဆက်တည်း ပျက်စီးသွားပြီး သွေးခုနစ်လုတ်၊ ရှစ်လုတ်စာ သူ အန်ထုတ်လိုက်ရသည်။ သူ အသွင်ပြောင်းလိုက်သည့် သွေးဓားကြီးသည်ပင် အစိတ်စိတ်အမြွှာမြွှာ ဖြစ်သွား၏။ သူက ခုခံရန် ထူးခြားသော ဒိုင်းကာတစ်ခုကိုပင် ထုတ်ခဲ့ပါသော်လည်း ၎င်းသည်လည်း ပျက်စီးသွားလေသည်။

ထိုအခါမှသာ သူသည် အကြည့်များမှ ဖိအားဒဏ်ကို ခုခံနိုင်သွားသည်။

ရွှီချင်းသည်လည်း ကြောက်လန့်တုန်ရီနေဆဲပင်။ သူက အလျင်အမြန် နောက်ဆုတ်လိုက်ရင်း ကောင်းကင်ကြီးကို ကြည့်လိုက်သည်။

ထိုနတ်ဘုရားများကဲ့သို့ လူများ၏ တိုက်ခိုက်မှုများသည် ကောင်းကင်ကြီးကိုပင် အရောင်ပြောင်းစေကာ ဘေးပတ်လည်တွင် မုန်တိုင်းများ တိုက်ခတ်သွားစေသည်။

ထိုလူများအနက် သတ္တမမြောက်တောင်ထိပ်သခင်ကြီးနှင့် သူ့ဘေးမှ တခြားလူခြောက်ယောက်တို့ကို သူ မြင်လုက်ရသည်။ သူတု့ိအဝတ်အစားများက အရောင်မတူပါသော်လည်း သူတို့အရှိန်အဝါများက ကြောက်စရာကောင်းပေသည်။

ထိုလူများနှင့်ပတ်သက်၍ ရွှီချင်းအနေဖြင့် ခန့်မှန်းနေစရာမလိုပေ။

သူတို့က ချီရွှဲ့ထုံဂိုဏ်း၏ တောင်ထိပ်အသီးသီးမှ တောင်သခင်ကြီးများ ဖြစ်ပေလိမ့်မည်။

သူတို့နှင့် တိုက်ခိုက်နေသည့်သူများမှာ အဏ္ဏဝါရုပ်အလောင်းမျိုးနွယ်မှလူများမှလွဲ၍ တခြားမဟုတ်ပေ။

ရေသူမကျွန်းပေါ်၌ အဏ္ဏဝါရုပ်အလောင်းမျိုးနွယ်ကို ရွှီချင်း မြင်ခဲ့ဖူးသည်။ သူ၏ စူးရှသောအကြည့်ကြောင့် ကောင်းကင်ရှိ အဏ္ဏဝါရုပ်အလောင်းမျိုးနွယ်ဝင်များက လူသားအသွင်ယူထားကြသည်ကို မြင်လိုက်ရသည်။ သူတို့အားလုံး အနက်ရောင်ချပ်ဝတ်တန်ဆာများ ဝတ်ထားကြပြီး သူတို့မျက်လုံးများထဲမှ အနက်ရောင်မီးတောက်များ ထွက်ပေါ်နေသည်။ သူတို့ခန္ဓာကိုယ်များမှ အလောင်းအဆိပ်များ လေထဲပျံ့နှံ့နေပြီး သူတို့ဖိအားများက ကောင်းကင်ထဲ သက်ရောက်နေသည်။

ယင်းအပြင် ထိုအဖွဲ့နှစ်ဖွဲ့ဘေးတွင် ကျင့်ကြံသူအနည်းငယ်လည်း ရှိနေသည်။ ထိုကျင့်ကြံသူများ၏ ကျင့်ကြံခြင်းအဆင့်များသည် ပင်မတိုက်ခိုက်ရေးအင်အားစုနှစ်စုအောက် များစွာ နိမ့်ကျပါသော်လည်း သူတု့ိသည်ပင် အစွမ်းထက်သည်ဟု ဆိုနိုင်သည်။ ထိုကျင့်ကြံသူများအနက် တတိယအကြီးအကဲနှင့်အတူ အဆင့်တူသော အဏ္ဏဝါရုပ်အလောင်းမျိုးနွယ်ဝင်များကိုလည်း သူ မြင်လိုက်ရသည်။

ရွှီချင်းမှာ ကန့်သတ်ချက်သို့ ရောက်သွားပြီး မျက်လုံးများ စူးအောင့်ကာ ဆက်မကြည့်နိုင်တော့ပေ။ သူ နောက်ထပ်မကြည့်နိုင်တော့မှန်း သူ သိလိုက်သည်။ ထိုသို့မဟုတ်ပါက သူ သေချာပေါက် မျက်လုံးကန်းသွားမည်ဖြစ်ပြီး သူ့ခန္ဓာကိုယ်သည်လည်း ခုခံနိုင်မည် မဟုတ်ပေ။

တချိန်တည်းမှာပင် ကောင်းကင်ယံမှ ဟိန်းဟောက်သံ လွင့်ပျံလာသည်။ ချီရွှဲ့ထုံဂိုဏ်းဘက်မှ ကြက်သွေးရောင်တာအိုဝတ်ရုံကို ဝတ်ဆင်ထားသည့် အဘိုးအိုတစ်ယောက်က လက်ကိုဝှေ့ယမ်းလိုက်ရာ ရွှေရောင်ဓားများ သူ့ပတ်လည်တွင် ပေါ်လာသည်။ သူနှင့် တိုက်ခိုက်နေသော အဏ္ဏဝါရုပ်အလောင်းမျိုးနွယ်ဝင်ကို နောက်သု့ိ တွန်းထုတ်လိုက်ပြီးနောက် သူက ရွှီချင်းနှင့် ပထမတောင်ထိပ်လူငယ်တို့ထံ တန်းတန်းမတ်မတ်သွားလေသည်။

ထိုအဘိုးအို၏ မျက်နှာသည် သူ့ဝတ်ရုံကဲ့သို့ နီမြန်းနေပြီး သူ့တစ်ကိုယ်လုံး မီးတဟုန်းဟုန်း တောက်လောင်နေသည့်အလားပင်။ သူ့ကို ကြည့်ရုံဖြင့်ပင် ဝိညာဉ်ကို တုန်ခါသွားစေနိုင်သည်။ သူ့ကိုယ်ထဲမှ ပြင်းထန်သော အပူလှိုင်းများ အဆက်မပြတ် ထွက်ပေါ်နေ၏။

သူ့ကို မြင်သောအခါ ပထမတောင်ထိပ်လူငယ်၏ မျက်လုံးများထဲတွင် စိတ်လှုပ်ရှားခြင်းများ ပြည့်နှက်လာပြီး အော်ဟစ်ပြောလိုက်သည်။

“A new line in the vast sea, the broken sun shines another day!!!”

“ ခွေးကောင်လေး၊ လူလို မပြောတတ်ဘူးလား။ မြန်မြန်ပြောစမ်း။ ဒီမှာနေရင် ကိုယ့်သေတွင်းကိုယ် တူးသလို ဖြစ်သွားမယ် ”

ပထမတောင်ထိပ်မှ အဘိုးအိုက အော်ပြောလိုက်သည်။ သူက တိုက်ပွဲကွင်းပြင်မှ ထွက်မသွားအောင် ဟန့်တားလာသည့် အဏ္ဏဝါရုပ်အလောင်းမျိုးနွယ်ဝင်ဘက်သို့ လှည့်၍ ဓားကို ဝှေ့ယမ်းလိုက်သည်။

မျက်တောင်တစ်ချက်ခတ်အတွင်း အဖွဲ့နှစ်ဖွဲ့က သူတို့တိုက်ပွဲကို ဝေးသည်ထက်ဝေးရာသို့ ရွှေ့သွားသည်။

ထိုစကားကို ရွှီချင်း ကြားသောအခါ မှော်လှေကို ပို၍ပင် နောက်ဆုတ်လိုက်သည်။

မနီးမဝေးတွင် ရှိနေသော ပထမတောင်ထိပ်လူငယ်သည်လည်း စိုးရိမ်ပူပန်သွားရသည်။ သူ့ဆရာ ထွက်သွားသည်နှင့် သူ သေရတော့မည်ကို ကောင်းစွာ သိသည်။ ထို့ကြောင့် သူက နီမြန်းနေသော မျက်နှာဖြင့် မျက်လုံးများ သွေးချင်းချင်း နီရဲနေလျက် အော်ဟစ်လိုက်သည်။

“ ဆရာ၊ ကျနော့်ကို ကယ်ပါဦး။ သတ္တမမြောက်တောင်ထိပ်က ဒီကလေးက ကျနော့်နောက်ကို လိုက်နေတာ ဆယ်နေ့နဲ့ ဆယ်ညရှိပါပြီ။ ကျနော့်ကို မသတ်ရမချင်း သူ ရပ်မှာ မဟုတ်ပါဘူး။ ဆရာ ထွက်မသွားပါနဲ့။ ကျနော့်ကို ကယ်ပေးပါ ”

ရွှီချင်းသည် တွေဝေတွန့်ဆုတ်မနေပေ။ သူ့အောက်မှ မှော်သင်္ဘောက တဝီဝီမြည်ကာ ပင်လယ်နက်ထဲသို့ ငုပ်လျှိုးသွားသည်။

ပထမတောင်ထိပ်မှ အဘိုးအို မှင်သက်သွားသည်။ သူ့နောက်ဆုံးတပည့်မှာ ရှေးဘုရင်ရွှမ်ယုံက လျှို့ဝှက်ချက်များအား ကဗျာများထဲတွင် ဝှက်ရသည်ကို သဘောကျကြောင်း တွေ့ရှိသွားပြီးနောက် လူစကားမပြောတော့ဘဲ ရူးကြောင်ကြောင်စကားများသာ ပြောတတ်သည်ကို သူ သိထားသည်။

နောက်ဆုံးတစ်ခေါက် လူစကားပြောခဲ့သည့်အချိန်မှာ လွန်ခဲ့သော သုံးနှစ်က ဖြစ်ပေသည်။

သူ့အကြည့်က ရွှီချင်း ထွက်ပြေးသွားသည့်နေရာသို့ ချက်ချင်း ရောက်သွားသည်။

ပင်လယ်ရေ ခြားထားပါသော်လည်း တစ်ဖက်လူ၏ အကြည့်ကြောင့် ရွှီချင်း၏စိတ်ထဲ တုန်ရီသွားရဆဲပင်။ သူ့တစ်ကိုယ်လုံး ထိန်းမနိုင်သိမ်းမရ တုန်ရီနေပြီး ထိန်းချုပ်မှု ကင်းမဲ့သွားဟန်တူသည်။ သူ အကျဉ်းချခံလိုက်ရကာ သူ့အသက်က သေမင်းနှုတ်ခမ်းဝသို့ ရောက်နေသည့်အလားပင်။

“ မင်း … ”

ပထမတောင်ထိပ်သခင်ကြီးက စကားပြောရန် ပြင်လိုက်သည်။

“ ဒါက ကလေးအချင်းချင်း ရန်ဖြစ်တာလောက်ပါပဲ ”

ထိုစဉ် ဝေဟင်မှ တည်ငြိမ်သောအသံတစ်သံ လွင့်ပျံလာသည်။

ထိုအသံပိုင်ရှင်မှာ တောင်ပံကြီးပေါ်တွင် ရပ်ကာ အဏ္ဏဝါရုပ်အလောင်းမျိုးနွယ်ဝင်သုံးယောက်ကို အေးဆေးစွာ တိုက်ခိုက်နေသည့် သတ္တမမြောက်တောင်သခင်ကြီး ဖြစ်သည်။

ပထမတောင်ထိပ်မှလူငယ်မှာ ကွက်ခနဲ မျက်နှာပျက်သွားသည်။

သို့သော်လည်း ပထမတောင်သခင်ကြီးမှာ ပုံမှန်အတိုင်း တည်ငြိမ်နေ၏။ အစောပိုင်းက မည်သည့်စကားများ ပြောမည်မသိရပါသော်လည်း စကားလမ်းကြောင်းပြောင်းကာ သူ ဆက်ပြောလိုက်သည်။

“ မင်းတို့နှစ်ယောက် ကမြင်းကြောထမနေကြနဲ့တော့။ ဘာဖြစ်လို့ အချင်းချင်းတိုက်ခိုက်နေရတာတုံး ”

သူက ပြောပြီးသည်နှင့် လက်ကိုဝှေ့ယမ်းကာ ရွှေရောင်အဆောင်တစ်ခုကို ပစ်လွှတ်လိုက်သည်။ ထိုအဆောင်သည် ကမ္ပည်းရတနာတစ်ပါးအသွင် ရှိပါသော်လည်း ထို့ထက် အဆပေါင်းများစွာ အစွမ်းထက်သည်ဟူ၍ ခံစားရစေသည်။ ယင်းက ရွှီချင်း ငုပ်လျှိုးသွားသည့် ပင်လယ်ထဲသို့ ဝင်ရောက်သွားသည်။

အနီးသို့ရောက်သည်နှင့် အဆောင်က နှစ်ခုကွဲသွားသည်။ တစ်ခုက ပင်လယ်ထဲသို့ ငုပ်လျှိုးသွားကာ ရွှီချင်း၏နောက်သို့ ပြေးလိုက်သွားပြီး သူ့မှော်သင်္ဘောအကာအကွယ်ကို ထိုးခွင်း၍ သူ့ခန္ဓာကိုယ်ပေါ် သွားကပ်လေသည်။ တခြားတစ်ခုမှာ ကြောက်လန့်တုန်ရီနေသော ပထမတောင်ထိပ်မှ လူငယ်၏ ပါးကို ရိုက်လိုက်လေသည်။

သူတို့နှစ်ယောက်ပေါ်သို့ ကမ္ပည်းစာများ တစ်ပြိုင်နက်တည်း ကျရောက်သွားသည်။ ရွှီချင်းနှင့် ပထမတောင်ထိပ်လူငယ်၏ ခန္ဓာကိုယ်များ တုန်ခါသွားသည်။ ကမ္ပည်းစာများ ပျောက်သွားပြီး သူတို့အရေပြားများပေါ်တွင် ရွှေရောင်ရုပ်ပုံများ ပေါ်လာသည်။

အနီးကပ်ကြည့်ပါက ထိုရုပ်ပုံများက တူညီနေဟန်တူသည်ကို မြင်ရပေမည်။

“ အဲဒါ အသက်ဆက်အဆောင်ပဲ။ မင်းတို့ ဒဏ်ရာရရင်တော့ ဘာမှမဖြစ်ဘူး။ ဒါပေမဲ့ တစ်ယောက်သေသွားရင် တခြားတစ်ယောက်ရဲ့ ဝိညာဉ်လည်း ပျက်စီးသွားမှာပဲ။ မင်းတို့ သတ်ချင်စိတ်ရှိရင် သတ်ကြပေါ့။ မဟုတ်ရင်လဲ ဂိုဏ်းကို မြန်မြန်ပြန်ကြ။ ဂိုဏ်းပြန်ရောက်တာနဲ့ အဲဒီအသက်ချင်းဆက်ထားတာက အလိုလို ပျောက်သွားလိမ့်မယ် ”

ပထမတောင်ထိပ်မှ အဘိုးအိုက အော်ဟစ်ပြောပြီးသည်နှင့် ကြောက်မက်ဖွယ်လှိုင်းကြီးတစ်လုံးက ရွှီချင်းနှင့် ပထမတောင်ထိပ်လူငယ်တို့ကို အဝေးသို့ ခေါ်ဆောင်သွားသည်။ ပြီးသည်နှင့် သူသည် အဏ္ဏဝါရုပ်အလောင်းမျိုးနွယ်ဝင်ကျင့်ကြံသူအုပ်စုထဲ အလျင်အမြန် ပြေးဝင်သွားသည်။ သူက ဓားကို ဝှေ့ယမ်းလိုက်ရာ အဏ္ဏဝါရုပ်အလောင်းမျိုးနွယ်ကျင့်ကြံသူတစ်ယောက် ပြင်းပြင်းထန်ထန် ဒဏ်ရာရသွားသည်။

အဏ္ဏဝါရုပ်အလောင်းမျိုးနွယ်ဝင်မှာ လှုပ်ရှားနိုင်သေးပါသော်လည်း ဓားချီများ ထွက်ပေါ်လာပြီး ၎င်း၏ခန္ဓာကိုယ်အောက်ပိုင်း ချက်ချင်း ပျက်စီးသွားသည်။

ပထမတောင်ထိပ်သခင်ကြီးမှာ အဆင့်တူ အဏ္ဏဝါရုပ်အလောင်းမျိုးနွယ်ဝင်တစ်ယောက်၏ ဟန့်တားခြင်းကို ချက်ချင်း ခံလိုက်ရသည်။ အဖွဲ့နှစ်ဖွဲ့မှ ကျင့်ကြံသူများမှာ တိုက်ခိုက်နေရင်း ဝေးသည်ထက် ဝေးရာသို့ ရွှေ့သွားကြသည်။

ပင်လယ်လှိုင်းများ တဝုန်းဝုန်း ရိုက်ခတ်နေစဉ် ရွှီချင်း၏မျက်နှာ ရှုံ့မဲ့နေပြီး သူ့လက်မောင်းပေါ်ရှိ အမှတ်အသားကို ကြည့်လိုက်သည်။

ယင်းအမှတ်အသားသည် သူ့လက်မောင်းပေါ်တွင်သာ ပေါ်လာခြင်း မဟုတ်ဘဲ သူ့တစ်ကိုယ်လုံးမှာလည်း ရှိနေသည်။

ခပ်လှမ်းလှမ်းရှိ ပထမတောင်ထိပ်လူငယ်မှာလည်း အလားတူပင်။ သို့သော်လည်း ရွှီချင်းနှင့် မတူသည်မှာ သူ့ပုံစံက စိတ်သက်သာရာရသွားသည့်ပုံပင်။ သူက ပျက်စီးသွားသော ဓားကြီးကို ထုတ်၍ ရွှီချင်း၏ မှော်သင်္ဘောအနားသို့ပင် ချဉ်းကပ်သွားသည်။

ရွှီချင်းက သူ့ကို အေးတိအေးစက်ကြည့်ကာ ပြောလိုက်သည်။

“ မင်းနာမည်က ဘာလဲ ”

“ ရှုပ်ထွေးတဲ့ဘဝမှာ ငါနေတယ်။ လောကအဆုံးထိ ငါ လျှောက်သွားလို့ ငါ့မျက်နှာကို ဖုံးထားတယ် ”

ပထမတောင်ထိပ်လူငယ်က ရွှီချင်းကို လှမ်းကြည့်ကာ တည်ငြိမ်စွာ ပြောလိုက်သည်။

ရွှီချင်းမှာ သတ်ဖြတ်ချင်စိတ်ကို ချုပ်တည်းမထားနိုင်တော့ဘဲ ညာလက်ကို ကြမ်းတမ်းစွာ ဝှေ့ယမ်းလိုက်သည်။ ရုတ်တရက် မီးတောက်နက်များမှ ဖြစ်ပေါ်လာသော ဓားမြှောင်တစ်လက် ပေါ်လာပြီး လူငယ်ထံ တဟုန်ထုး ပြေးဝင်သွားသည်။

လူငယ်မှာ ဒိန်းခနဲ ရင်ခုန်သွားရပါသော်လည်း သူ့ဆရာကို ယုံကြည်သည်။ ထို့ကြောင့် သူက အံကြတ်ကာ သူ့လည်မျိုထံ ဦးတည်လာနေသော ဓားမြှောင်ကို မရှောင်တော့ပေ။ ဓားမြှောင်က လူငယ်ကို ပိုင်းဖြတ်တော့မည့်အခိုက် ပြင်းထန်သော အန္တရာယ်အငွေ့အသက်တစ်ခုကို ရွှီချင်း ရလိုက်သည်။

ရွှီချင်း ငြိမ်ကျသွားသည်။ ထိုအသက်ဆက်အဆောင်က အမှန်တကယ် အစွမ်းထက်မှန်း သူ သိလိုက်ရသည်။

ထိုအသက်ဆက်အဆောင်ကြောင့် ထိုလူငယ်ကို သူ မသတ်နိုင်တော့ပေ။ ထိုလူငယ်၏ ကျင့်ကြံခြင်းကု ဖျက်ဆီးခြင်းမှာလည်း အဓိပ္ပာယ်မရှိပေ။

ဆိပ်ကမ်းသို့ ပြန်ရောက်သွားသည်နှင့် ထိုလူငယ်၏ ရက်စက်ကြမ်းကြုတ်သော စရိုက်ကြောင့် ကိုယ့်သေတွင်းကိုယ် တူးသလို ဖြစ်သွားပေမည်။

ထို့ပြင် ထိုလူငယ်က အတော်လေး အစွမ်းထက်ပေရာ ကျင့်ကြံခြင်းကို ဖျက်ဆီးရန် အတော်လေး အားစိုက်ရပေမည်။ ရွှီချင်းသည် အကျိုးနှင့် အပြစ်ကို ချိန်ဆပြီးနောက် သူ၏သတ်ချင်စိတ်ကို ခဏတာ ချိုးနှိမ်ကာ ပထမတောင်ထိပ်လူငယ်ကို အေးတိအေးစက် လှမ်းကြည့်လိုက်သည်။ ထု့ိနောက် သူက ဓားမြှောင်ကို သိမ်းဆည်း၍ မှော်သင်္ဘောဆီသို့ ပြန်သွားလိုက်သည်။

ရွှီချင်း ထွက်သွားသည်နှင့် ပထမတောင်ထိပ်လူငယ်မှာ ထိတ်လန့်တုန်လှုပ်နေရာမှ ပြန်လည်သက်သာသွားသည်။ သူသည်လည်း အသက်အန္တရာယ်ကို ခံစားမိခဲ့သည့်အတွက်ကြောင့် အလွန်အမင်း တုန်လှုပ်သွားခဲ့ရ၏။

သံတုတ်နက်လေးထဲရှိ ကျင်းကန်းဂိုဏ်းစောင့်ဘိုးဘိုးသည် သက်ပြင်းရှိုက်၍ အဝေးရှိ ပထမတောင်ထိပ်သခင်ကြီးကို လှမ်းကြည့်လိုက်သည်။ သူ့စိတ်ထဲတွင် သက်ပြင်းချသံများဖြင့် ပြည့်နေ၏။

‘ ငါ ဘာလို့ ဒါကို မတွေးမိရတာတုံး။ ဒါကလည်း သောက်ကျိုးနဲ အလုပ်ဖြစ်တယ်ဟ ’

ရွှီချင်းသည် သင်္ဘောပေါ်သို့ ပြန်သွားပြီးနောက် တင်ပျဉ်ခွေထိုင်ကာ အရိပ်ကို ထိန်းချုပ်လိုက်သည်။ ထို့နောက် အရိပ်ကို သူ့ခန္ဓာကိုယ်အား ဓာတ်နှောများဖြင့် တိုက်စားစေလိုက်သည်။

ထိုနည်းလမ်းသည် အသက်ဆက်အဆောင်အား ချေဖျက်ရန် ရွှီချင်း တွေးမိသည့်နည်းဖြစ်သည်။

အရိပ်၏ တိုက်စားခြင်းအောက်တွင် အသက်ဆက်အဆောင်မှာ အနည်းငယ် မှိန်ဖျော့လာသည်။ သု့ိသော်လည်း တိုက်စားခြင်းဖြစ်စဉ်က နှေးကွေးနေ၏။

ရွှီချင်းက ပထမတောင်ထိပ်လူငယ်ကို ဂရုစိုက်မနေတော့ပေ။ သူက အဆောင်ကို ဖြည်းညင်းစွာ တိုက်စားနေရင်း ဝါးပေလွှာလေးကို ထုတ်၍ ရေးခြစ်ရန် သံတုတ်လေးကို ဆုပ်လိုက်သည်။

သူ ရေးခြစ်နေစဉ် ကျင်းကန်းဂိုဏ်းစောင့်ဘိုးဘိုး၏ မျက်လုံးများ ပြူးကျယ်လာသည်။

ဝါးပေလွှာပေါ်မှ နာမည်များကို သူ မြင်လိုက်ရသည်။

သူ၏အာရုံက ထိပ်ဆုံးရှိ ‘ ကျင်းကန်းဂိုဏ်းစောင့်ဘိုးဘိုး ’ ဆိုသည့် နာမည်ပေါ်သို့ ချက်ချင်း ရောက်သွားသည်။ သူ ရင်ခုန်သွားရပြီး ရွှီချင်းက မည်မျှအငြိုးအတေးကြီးသည်ကို နားလည်သွားရသည်။

သူ့ကို ရင်တုန်အောင် ဖြစ်သွားစေသည့်အချက်မှာ သူ့နာမည်က ကြက်ခြေခတ်ခံထားရပါသော်လည်း တခြားနာမည်များနှင့် ကွဲပြားနေသည့်အတွက်ကြောင့်ပင်။ တခြားနာမည်များမှာ သုံးကြိမ် ကြက်ခြေခတ်ခံထားရပါသော်လည်း သူ့နာမည်တွင် ကြက်ခြေခတ်တစ်ခုသာ ရှိသေးပြီး ထိုကြက်ခြေခတ်သည်လည်း မှေးမှိန်နေသည်။

‘ မင်းက ငါ့ကို သတ်ချင်နေသေးတာလားဟ ’

ကျင်းကန်းဂိုဏ်းစောင့်ဘိုးဘိုး ကြောက်လန့်တုန်ရီသွားသည်။ သူ့နာမည်ပေါ်တွင် မျဉ်းကြောင်းများ ပိုပေါ်လာစေရန် တတ်နိုင်သမျှ သူ ပို၍ အသုံးဝင်အောင် ကြိုးစားရမည်ဖြစ်ကြောင်း သူ ခံစားလိုက်ရသည်။

ရွှီချင်း အသစ်ရေးလိုက်သည့်နာမည်ကိုလည်း သူ မြင်လိုက်ရသည်။

အရူး …

ကျင်းကန်းဂိုဏ်းစောင့်ဘိုးဘိုးက ပထမတောင်ထိပ်လူငယ်ကို ခိုးကြည့်လိုက်ပြီး စိတ်ထဲမှ သဘောတူလိုက်သည်။

ထိုအချိန်၌ ပထမတောင်ထိပ်လူငယ်က စိတ်သက်သာရာရသွားဟန်ဖြင့် သက်ပြင်းရှည်ကြီးချနေသည်။ သူ့ဆရာကိုသာ မတွေ့ခဲ့ပါက ယခုတစ်ခေါက် သူ အသက်ဆုံးရှုံးရမည်ဖြစ်ကြောင်း တွေးနေမိ၏။

ယင်းအပြင် သတ္တမမြောက်တောင်ထိပ်သခင်ကြီးက သူ့ဆရာအား လှမ်းပြောလိုက်သည်ကိုလည်း သူ မြင်ခဲ့ရပြီး သူ့စိတ်ထဲ ယူဆချက်များ ပေါ်လာသည်။ ရွှီချင်း၏အပြုအမူများကိုလည်း သူ တွေးမိလိုက်ပြီး သိချင်စိတ်ပြင်းပြလာရသည်။

သို့သော်လည်း ကဗျာပေါင်းများစွာကို သူ မသိဘဲ များသောအားဖြင့် လက်တန်းရွတ်လိုက်ခြင်းသာ ဖြစ်သည်။ ယခုလောလောဆယ်တွင် သူ့စိတ်ထဲ မေးခွန်းများစွာ ရှိနေပါသော်လည်း မည်သို့ ကဗျာစီရမည်ကို သူ မသိပေ။

အချိန်အတော်ကြာပြီးနောက် သူက မေးမြန်းလိုက်လေ၏။

“ အိပ်ပျက်ညတစ်ညက မိုးရေသံကို နားစွင့်ပါလော့။ ကောင်းကင်ယံက တန်ခိုးရှင်က အသင့်ခမည်းတော်လော ”

ရွှီချင်းက ထိုဦးနှောက်ပျက်နေသော လူငယ်ကို လျစ်လျူရှုထားသည်။ ‘ အရူး ’ ဆိုသည့်စကားလုံးကို ရေးထွင်းပြီးနောက် ဝါးပေလွှာကလေးကို သူ့အိတ်ထဲ ထည့်လိုက်ပြီး မှော်သင်္ဘော၏ အကာအကွယ်ကို အသက်သွင်းလိုက်သည်။

ပြီးသည်နှင့် သူက မှော်သင်္ဘောကို ထိန်းချုပ်၍ ထိုနေရာမှ ထွက်သွားရန် ပြင်လိုက်စဉ် မိုးကုတ်စက်ဝိုင်းဆီမှ စူးစူးဝါးဝါးအော်ဟစ်သံ လွင့်ပျံလာသည်။

ရွှီချင်း ချက်ချင်း လှမ်းကြည့်လိုက်ရာ အုပ်စုနှစ်စု တိုက်ခိုက်နေသည့်နေရာ၌ အဏ္ဏဝါရုပ်အလောင်းမျိုးနွယ်ဝင် ရွှေအမြုတေအဆင့်ကျင့်ကြံသူ၏ ခန္ဓာကိုယ်တစ်ပိုင်း ပင်လယ်ပြင်ထဲသို့ ကျသွားသည်ကို မြင်လိုက်ရသည်။

သူ့မျက်လုံးများ ချက်ချင်း မှေးသွားသည်။

All Chapters