← Chapters

လက်သီးနတ်ဘုရားထံ အကူအညီတောင်းခံခြင်း

Vol. 29 Ch. 395

လက်သီးနတ်ဘုရားထံ အကူအညီတောင်းခံခြင်း

Vol. 29 Ch. 395

အခန်း (၃၉၅) လက်သီးနတ်ဘုရားထံ အကူအညီတောင်းခံခြင်း

"ဘုန်း"

နတ်လူသားမျိုးနွယ်များနှင့် ဇာမဏီမျိုးနွယ်များ၏စစ်ပွဲက မရေမတွက်နိုင်သည့် မိုင်ပေါင်းများစွာကို စစ်မြေပြင်အဖြစ် ပျက်စီးသွားစေခဲ့သည်။

တန်ခိုးစွမ်းအားရှင်များစွာ စစ်ပွဲအတွင်းပါဝင်ကြပြီး ထိုသူများ၏ တန်ခိုးစွမ်းအားက နေရာတိုုင်း ပျံ့နှံ့လျှက် ရပ်တန့်ခြင်း မရှိပေ။ မြေပြင်တစ်ခုလုံး ပျက်စီးလျှက် လူသူကင်းမဲ့နေ၏။

ထိုအချိန်မှာပင်…

ကောင်ငယ်လေးသည် စစ်မြေပြင်ဆီသို့ ပြေးလွှားဝင်ရောက်လာသည်။

သူသည် ပျက်စီးနေသည့် မြေကြီးထက်တွင် လျှင်မြန်စွာ ပြေးလွှားလျှက် ရှိသည်။ သူက နောက်သို့ လုံးဝလှည့်မကြည့်ဘဲ အရာအားလုံးကို အကြောက်အရွံ့ကင်းမဲ့စွာ ဖြတ်သန်းသွားနေ၏။

သူ့လက်ထဲတွင်တော့ သတိလစ်နေသည့် မိန်းကလေးငယ်တစ်ယောက်ကို ပွေ့ချီလာသည်။

သူ စစ်မြေပြင်သို့ ဝင်ရောက်လာခြင်းကို တိုက်ပွဲတစ်ခုလုံးရှိ လူအများက ရိပ်မိခြင်း မရှိပေ။ သူရောက်လာသည့်အတွက် မည်သူမှ အံ့အားသင့်သွားခြင်းလည်း မဖြစ်မိကြပေ။

သို့သော် ကောင်ငယ်လေး ထွက်ပြေးသွားပြီး သိပ်မကြာမီ လူတစ်စုက သူ့နောက်သို့ လိုက်ပါလာကြသည်။

ထိုလူစုများထဲမှတစ်ယောက်က ကောင်းကင်ထက်သို့ အချက်ပြသင်္ကေတတစ်ခု ပစ်လွှတ်လိုက်သည်။ ကောင်ငယ်လေးကို ဝိုင်းဝန်းဖမ်းဆီးရန်အတွက် နတ်လူသားမျိုးနွယ်အကြီးအကဲများကို အချက်ပြလိုက်ခြင်း ဖြစ်၏။

နတ်လူသားမျိုးနွယ်တစ်ယောက်က စိတ်ရှုတ်ထွေးနေဟန်ဖြင့်…

"ကျုပ်တို့မျိုးနွယ်အကြီးအကဲတွေ ဒီအချက်ပြသင်္ကေတကို မြင်နိုင်ဖို့ မျှော်လင့်ပါတယ်"

ဤအချက်ပြသင်္ကေတက သူတို့တာဝန်အတွက် အရေးပေါ်အကူအညီတောင်းရန် ပေးအပ်ထားသည့်အရာဖြစ်သည်။ ထိုသင်္ကေတပစ်လွှတ်လိုက်သည်နှင့် သူတို့တာဝန် မည်မျှအရေးကြီးသည်ကို မီးမောင်းထိုးပြနေပေမည်။

အချက်ပြသင်္ကေတက သိပ်ဝေးဝေးသို့ မရောက်သည့်တိုင် စစ်မြေပြင်မှ နတ်လူသားမျိုးနွယ်အကြီးအကဲများက ထိုအရာကို တွေ့မြင်ခဲ့ကြသည်။

ထို့နောက် သူတို့က အချက်ပြသင်္ကေတထွက်ပေါ်လာရာ နေရာသို့ လှမ်းမျှော်ကြည့်လိုက်သည့်အခါ မိန်းကလေးတစ်ယောက်ကို ပွေ့ချီရင်း ပြေးလွှားနေသည့် ကောင်ငယ်လေးတစ်ယောက်ကို တွေ့လိုက်ရ၏။

ထိုကောင်ငယ်လေး မည်သူမှန်း မသိသည့်တိုင် နတ်လူသားမျိုးနွယ်များအတွက် အရေးပါသည်ကို သိရှိလိုက်ကြသည်။ မိုးကောင်းကင်အင်မော်တယ် ၊ ကနဦးအဆင့် ကျင့်ကြံသူတစ်ယောက်က ချက်ချင်းပင် လက်ကို ဆန့်ထုတ်ကာ ကောင်ငယ်လေးကို စတင်တိုက်ခိုက်လိုက်သည်။

သူ၏ တိုက်ခိုက်မှုက ကောင်ငယ်လေးကို သေဆုံးသွားစေမည် မဟုတ်သော်လည်း ပြင်းထန်စွာ ဒဏ်ရာရသွားစေမည် ဖြစ်သည်။

ထိုနတ်လူသားမျိုးနွယ်တိုက်ခိုက်နေသည့် နေရာသို့ စစ်မြေပြင်မှ ဇာမဏီမျိုးနွယ်များကလည်း လှမ်းကြည့်လိုက်ကြသည်။ ထိုအခါ သူတို့အားလုံးထိတ်လန့်သွားကြရသည်။

ကောင်ငယ်လေး ပွေ့ချီသယ်ဆောင်လာသူက "ဟုန်ယာ" မဟုတ်လား။

"သေစမ်း…"

ဇာမဏီမျိုးနွယ်တစ်ယောက်က တုံ့ဆိုင်းမနေဘဲ ကောင်ငယ်လေးကို တိုက်ခိုက်နေသည့် နတ်လူသားမျိုးနွယ်ရှိရာသို့ ကျောက်တုံးတစ်တုံးကို ပစ်လွှတ်တိုက်ခိုက်လိုက်သည်။

"ဘန်း"

နတ်လူသားမျိုးနွယ်က သူ့ထံဝင်ရောက်လာသည့် ကျောက်တုံးကို မီးလျှံများတောက်လောင်နေသည့် လှံရှည်ဖြင့် ရိုက်ချလိုက်သည်။

ဇာမဏီမျိုးနွယ်၏ ဝင်ရောက်တိုက်ခိုက်မှုကြောင့် ကောင်ငယ်လေးကို တိုက်ခိုက်လိုက်သည့် တန်ခိုးစွမ်းအားက လမ်းကြောင်းပြောင်းသွားသည်။ သို့သော်စွမ်းအားအနည်းငယ်ကတော့ ကောင်ငယ်လေးထံဝင်ရောက်သွား၏။

"ဘုန်း"

ကောင်ငယ်လေးက တိုက်ခိုက်မှုကို အာရုံခံမိသည်နှင့် ဟုန်ယာကို မထိခိုက်အောင် ကာကွယ်ပေးလိုက်ရာ ဝင်ရောက်လာသည့် တန်ခိုးစွမ်းအားက သူ့ကို တိုက်ရိုက်ထိမှန်သွားသည်။

ကောင်ငယ်လေး လွင့်ထွက်သွားကာ မြေပြင်ထက် နှစ်ပတ်ခန့်လိမ့်ဆင်းသွားပြီးနောက် လူးလဲထကာ ဆက်ပြေးပြန်သည်။ မြေပြင်ထက်တွင် သူ၏သွေးစက်များ စွန်းထင်းလျှက် ရှိသည်။

သို့ပေသိ ကောင်ငယ်လေးက အသံတစ်ချက်မထွက်သလို ရပ်တန့်ခြင်းလည်း မရှိပေ။

နတ်လူသားမျိုးနွယ်က သူ့ကို တားဆီးလိုက်သည့် ဇာမဏီမျိုးနွယ်ကို လှမ်းကြည့်လိုက်ရင်း…

"ကြည့်ရတာ ဒီနှစ်ယောက်က မင်းတို့အတွက် အရေးကြီးတဲ့ပုံပဲ"

ဇာမဏီမျိုးနွယ်က အေးစက်စွာဖြင့်…

"ဟွန်း… မင်းတို့ နတ်လူသားမျိုးနွယ်တွေက ထိခိုက်စေချင်တဲ့သူတွေကို ကျုပ်တို့က ကာကွယ်ပေးရမှာ သဘာဝပဲလေ"

သူက ဟုန်ယာ၏ အရေးပါပုံကို ထုတ်ဖော်ပြောဆိုဝံ့ခြင်း မရှိပေ။

ထို့နောက် နတ်လူသားမျိုးနွယ်များနှင့် ဇာမဏီမျိုးနွယ်များ စတင်တိုက်ခိုက်ကြပြီးတိုက်ပွဲကြီးတစ်ခု ဖြစ်ပွားတော့သည်။ သို့သော် နတ်လူသားမျိုးနွယ်များကတော့ ကောင်ငယ်လေးဆီသို့သာ ပစ်မှတ်ထားနေကြသည်။

ဤအတိုင်းသာဆိုလျှင် ကောင်ငယ်လေးနှင့် ဟုန်ယာမှာ အသက်ဆုံးရှုံးသွားနိုင်သည်။ သူတို့ (၂)ယောက်အနေဖြင့် စစ်မြေပြင်ကို ဖြတ်သန်းသွားရန်မှာ မလွယ်ကူပေ။

အထူးသဖြင့် နတ်လူသားမျိုးနွယ်အုပ်စု သူတို့နောက်သို့ လိုက်နေသောကြောင့် ဖြစ်သည်။ ကောင်ငယ်လေးကတော့ ဟုန်ယာကို ပွေ့ချီရင်း ရှေ့သို့သာ ဆက်လက်ပြေးလွှားနေသည်။

သူက အရေထူသဖြင့် တော်ရုံဖြင့် ထိခိုက်ဒဏ်ရာ မရရှိတတ်ပေ။ သို့သော် ယခုတော့ သူ့ပတ်ဝန်းကျင်မှ တန်ခိုးစွမ်းအားလှိုင်းလုံးကြီးများက သူ့အရေပြားကို ကွဲကြေစေပြီး နာကျင်ခြင်းကို ခံစားရသည်။

နာကျင်မှုက အသဲခိုက်မတတ်ဖြစ်သည့်တိုင် ကောင်ငယ်လေးက ရပ်တန့်ခြင်း မရှိသလို အရှိန်လည်း မလျှော့ခဲ့ပေ။ သူ ရပ်တန့်လိုက်သည်နှင့် ဤစစ်မြေပြင်တွင် ထာဝရအိပ်စက်သွားရမည်ကို နားလည်ထားသည်။

ထိုခဏတွင် နတ်လူသားမျိုးနွယ်များကလည်း သူ့ထံသို့ ဦးတည်လာနေသည်ကို တွေ့မြင်လိုက်ရသည်။ ဇာမဏီမျိုးနွယ်များက ကာကွယ်ထားသဖြင့် မည်သူကမှ သူ့ကို တိုက်ရိုက်တိုက်ခိုက်နိုင်ခြင်း မရှိသေးသည့်တိုင် တိုက်ပွဲ၏ နောက်ဆက်တွဲ တန်ခိုးစွမ်းအားရိုက်ခတ်မှုများက စစ်မြေပြင်တစ်ခုလုံးသို့ ပျံ့နှံ့နေသည်။

ကောင်ငယ်လေး အံတင်းတင်းကြိတ်လိုက်သည်။ သူ့မျက်လုံးများထဲတွင် ကြောက်ရွံ့မှု တစ်စွန်းတစ်စပင် ရှိမနေခဲ့ပေ။

ထို့နောက် သူ့ခန္ဓာကိုယ်မှ ကြောက်မက်ဖွယ်ရာ တန်ခိုးစွမ်းအားတစ်ခု ထွက်ပေါ်လာပြီး သူ ဆက်ပြေးပြန်သည်။

"ဘုန်း"

ရုတ်တရက် ထူးဆန်းသည့် ပြောင်းလဲမှုတစ်ခု စစ်မြေပြင်ထက်တွင် ဖြစ်ပေါ်လာသည်။ စစ်မြေပြင်မှ တိုက်ပွဲတစ်ခုလုံးက သေချာသည့် နေရာတစ်ခုသို့ ရွေ့လျားနေသည်ဟု လူပေါင်းများစွာ ခံစားလိုက်ကြရသည်။

ဘာဖြစ်နေမှန်း မသိသည့်တိုင် နတ်လူသားမျိုးနွယ်များရော ဇာမဏီမျိုးနွယ်များပါ ကောင်ငယ်လေးဆီသို့ ရွေ့လျားလာနေကြသည်။ ဤသည်က တစ်ခုခု မှားယွင်းနေသည့်အလားပင်။

သို့သော် ဇာမဏီမျိုးနွယ်များမှာ နတ်လူသားမျိုးနွယ်များနောက်သို့လိုက်လာပြီး တိုက်ခိုက်မိခြင်းအတွက် နောင်တရသွားကြသည်။ အဘယ်ကြောင့်ဆိုသော် ဤအတိုင်းသာ ဆက်လက်တိုက်ခိုက်နေမည်ဆိုလျှင် တိုက်ပွဲကြောင့် ဖြစ်ပေါ်လာသည့် တန်ခိုးစွမ်းအားရိုက်ခတ်မှုများအလယ်တွင် ဟုန်ယာ အသက်ဆုံးရှုံးသွားနိုင်သောကြောင့်ပင်။

ကောင်ငယ်လေးကတော့ ဟုန်ယာကို ပွေ့ချီပြီး စစ်မြေပြင်ကို ဖြတ်ကျော်လျှက် ရှိသည်။ သူ၏ ဦးတည်ရာက ဇာမဏီမျိုးနွယ်များ၏ စစ်စခန်း ရှိရာသို့ ဖြစ်သည်။

ဆိုတော့…

ကောင်ငယ်လေးပွေ့ချီထားသည့် ဇာမဏီကောင်မလေးသည် သေချာပေါက် အရေးပါသူတစ်ယောက်ဖြစ်ကြောင်း နတ်လူသားမျိုးနွယ် အကြီးအကဲများ ရိပ်မိသွားကြသည်။

ထိုအချိန်မှာပင် နတ်လူသားမျိုးနွယ်များက သူတို့ (၂)ယောက်ကို ရပ်တန့်ရန်အတွက်ကောင်ငယ်လေး၏ မြန်နှုန်းကို ဆုံးရှုံးစေရန် ပြုလုပ်ခဲ့ကြသည်။ သို့ဆိုလျှင် သူတို့ (၂)ယောက်လုံးကို ဖမ်းဆီးရန် လုံလောက်ပြီ ဖြစ်သည်။

ဇာမဏီမျိုးနွယ်များကလည်း နတ်လူသားမျိုးနွယ်များကို တားဆီးထားကြသည်။

တိုက်ပွဲနောက်ဆက်တွဲ ဖြစ်ပေါ်လာသည့် တန်ခိုးစွမ်းအားရိုက်ခတ်မှုများသည် ကောင်ငယ်လေး၏ ခန္ဓာကိုယ်ထက်သို့ ကျရောက်လာပြီး သူ့ခန္ဓာကိုယ်တစ်ခုလုံး သွေးစိမ်းရှင်ရှင်စီးကျလျှက် ရှိသည်။

ပြေးလွှားနေသည့် ကောင်ငယ်လေး၏ ခြေထောက်များသည် တိုက်ခိုက်မှုကို ကြံ့ကြံ့ခံရင်း ရှေ့ဆက်လျှက် ရှိသည်။ သို့သော် သူ ဘယ်လောက်ပဲ တောင့်ခံနေပါစေ အရှိန်က တဖြည်းဖြည်း နှေးကွေးလာသည်။

သူရရှိထားသည့် ဒဏ်ရာများကလည်း ပို၍နာကျင်လာသည်။

သူ ဤစစ်မြေပြင်တွင် သေရတော့မည်ဟု ကောင်ငယ်လေး ခံစားလာရသည်။ သူ အသက်ရှူကြပ်လာပြီး ရှေ့ဆက်ရန် စွမ်းအားလုံးဝမရှိတော့ကြောင်း ခံစားမိနေသည်။

ယခုအချိန်ထိ သူ စစ်မြေပြင်ကို ကျော်ဖြတ်ရန် မဖြစ်နိုင်သေးပေ။

ခန္ဓာကိုယ်တစ်ခုလုံး ပြင်းထန်စွာ နာကျင်နေပြီး သူ၏ ခြေလှမ်းများကလည်း တဖြည်းဖြည်း လေးလံလာသည်။ သူ့ပတ်ဝန်းကျင်မှ တန်ခိုးစွမ်းအားရိုက်ခတ်မှုများကလည်း မုန်တိုင်းတစ်ခုအလား ပြင်းထန်လွန်းလှ၏။

သူသည် မုန်တိုင်းအလယ် အချိန်မရွေး အမြစ်မှ ကျွတ်ထွက်လဲပြိုသွားနိုင်သည့် ပဲပင်လေးတစ်ပင်အလား ဖြစ်သည်။

"သူ့နောက်ကို လိုက်ကြ ၊ သူ မပြေးနိုင်တော့ဘူး ၊ ဒဏ်ရာလည်း အပြင်အထန်ရထားတော့ အကြာကြီးတောင့်ခံထားနိုင်မှာ မဟုတ်ဘူး"

အနောက်မှလိုက်လာသည့် နတ်လူသားမျိုးနွယ်များ၏ အော်ဟစ်သံထွက်ပေါ်လာသည်။ ထိုသူများက လက်ထဲတွင် ဒိုင်းလွှားများကို ကိုင်ထားပြီး ကောင်ငယ်လေးအနားသို့ ချဉ်းကပ်လာကြသည်။

သူတို့၏ အရှိန်အဟုန်က ကောင်ငယ်လေးလောက် လျှင်မြန်ခြင်း မရှိပေ။ သို့သော် ယခု ကောင်ငယ်လေးက နှေးကွေးလာပြီဖြစ်သဖြင့် သူတို့လိုက်မီလာကြခြင်း ဖြစ်သည်။

ထိုအသံများကို ကြားသည်နှင့် ကောင်ငယ်လေးက အရှိန်မြှင့်ကာ ဆက်ပြေးချင်သော်လည်း သူ့တွင် ခွန်အားတစ်စက်မှ မရှိတော့ပေ။ သူ့အသိစိတ်များသည်လည်း ဝေဝါးလာသည်။

အန္တရာယ်။

အသက်အန္တရာယ်။

ထိုအချက်တစ်ခုကိုသာ သူ အထင်ရှားဆုံး ခံစားနေမိသည်။

ထိုအချိန် အဋ္ဌမမင်းသားပြောသည့် စကားကို သတိရလိုက်သည်။ သူ အသက်အန္တရယ်နှင့် ကြုံတွေ့သည့်အခါ နာမည်တစ်ခုကို ခေါ်ဆိုနိုင်သည်ဟု ဆို၏။

ထိုနာမည်က သူ့ကို အန္တရယ်များမှလွတ်မြောက်အောင် ကူညီပေးနိုင်သည်ဟု လုန်မန်က မှာကြားလိုက်သည်။ ထိုနာမည်ကို ကောင်ငယ်လေး မှတ်မိသော်လည်း သိပ်မယုံကြည်မိပေ။

ဘာပဲဖြစ်ဖြစ် ယခုတော့ အဋ္ဌမမင်းသား၏စကားကို မျက်စိမှိတ် ယုံရပေတော့မည်။

"ငတုံးနဂါးက ငါ့ကို မလှည့်စားလောက်ဘူးလို့ မျှော်လင့်ပါတယ်"

ကောင်ငယ်လေးတွေးလိုက်သည်။

ထို့နောက် ပြေးလွှားနေရင်းဖြင့်ပင် ခြောက်သွေ့နေသည့် ပါးစပ်ကို ဖြည်းညင်းစွာ ဖွင့်ဟလိုက်သည်။ အားနည်းဖျော့တော့သည့် အသံတစ်သံက သူ့နှုတ်ခမ်းများဆီမှ ထွက်ပေါ်လာ၏။

သူ့အသံက တိုးလျလွန်းလေရာ သူ့အနားတွင် တစ်စုံတစ်ယောက် ရှိနေလျှင်တောင် သူ့ပါးစပ်မှ ထွက်လာသည့် စကားသံကို ကြားနိုင်မည် မဟုတ်ပေ။

"ပြိုင်ဘက်ကင်းလက်သီးနတ်ဘုရား…"

***

အနောက်ဘက်စွန့်ပစ်နယ်မြေ အစွန်အဖျားရှိ အမည်မသိ တောင်တစ်ခု။

ထိုနေရာတွင် တစ်ယောက်တည်း ကျင့်ကြံနေသည့် ကျန်းလန်သည် ရုတ်တရက် မျက်လုံးများကို ဖွင့်ကြည့်လိုက်သည်။ သူ၏ နတ်ဘုရားရာထူးနာမည်ကို တစ်စုံတစ်ယောက်က ခေါ်ဆိုနေကြောင်း အာရုံခံလိုက်မိသောကြောင့် ဖြစ်၏။

သို့သော် သူ့နာမည်ကို ခေါ်ဆိုနေသူမှာ အနီးပတ်ဝန်းကျင်မှ မဟုတ်ပေ။ သူ၏ နတ်ဘုရားရာထူးနှင့် ဆက်စပ်နေသည့် တစ်စုံတစ်ယောက်က ခေါ်ဆိုနေခြင်း ဖြစ်သည်။

ထို့နောက် ကျန်းလန်က နတ်ဘုရားရာထူးတွင်ပေါ်နေသည့် အလင်းစက်လေး (၃)ခုကို ကြည့်လိုက်သည်။ အလင်းစက်လေးတစ်ခုက မှိတ်တုပ်မှိတ်တုပ်ဖြင့် တောက်ပနေသည်ကို တွေ့မြင်လိုက်ရသည်။

"ကောင်ငယ်လေးပါလား…"

ကျန်းလန် အတော်လေး အံ့အားသင့်သွားသည်။

ကောင်ငယ်လေး အလယ်ပိုင်းလွင်ပြင်ဒေသသို့ ခရီးထွက်စဉ် အဋ္ဌမမင်းသားက အရေးကြုံလျှင် ခေါ်ဆိုနိုင်ရန်အတွက် "ပြိုင်ဘက်ကင်းလက်သီးနတ်ဘုရား" နာမည်ကို ပြောပြခဲ့သည်။

ယခု ကောင်ငယ်လေးက ထိုနာမည်ကို ခေါ်ဆိုနေပြီ ဖြစ်၏။

"ဒီကောင် အန္တရယ်နဲ့ကြုံနေရတာလား"

"တကယ်တော့ ငါ့အတွက် အချိန်ကောင်းမဟုတ်ဘူး ၊ ဘယ်လိုဖြစ်ရတာလဲ"

ကျန်းလန်က ရွှေခန္ဓာမဟာစွမ်းအားဆေးလုံးကို စားသုံးပြီး ရန်သူများကို တိုက်ခိုက်ပြီးနောက် အားနည်းသွားခဲ့သည်။

ယခုမှ တစ်ယောက်တည်းကျင့်ကြံရင်း ပြန်လည်အားပြည့်ခါစ ရှိသေးသည်။  ကောင်ငယ်လေးကို ကူညီရန် သူ၏တန်ခိုးစွမ်းအားများကို အပြည့်အ၀ အသုံးပြုနိုင်ပါမည်လား မသေချာပေ။

ထို့ပြင် ကောင်ငယ်လေးအနေဖြင့် အန္တရယ်နှင့် ကြုံတွေ့ရန်မှာ အလွန်ခက်ခဲသည်။ အနည်းဆုံးတော့ သေရည်ဆိုင်ရှင်အဘိုးက သူနှင့်အတူ ရှိနေသည် မဟုတ်ပါလား။

ယခု ဒီကောင်လေး အကူအညီရှာရလောက်သည်အထိ မည်သူက အန္တရယ်ပြုနေပါသနည်း။

ကျန်းလန် သံသယများစွာဖြင့် တောင်နှင့်ပင်လယ်ကြေးမုံမှန်ကို ထုတ်ယူလိုက်သည်။

တစ်ဖက်သားက သူနှင့်ပတ်သက်ပြီး ကံကြမ္မာအခွင့်ကောင်းရောင်ဝါ ရရှိထားသူ ဖြစ်လေရာ မျက်နှာလွှဲရန် မဖြစ်နိုင်ပေ။

ထို့ကြောင့် ကောင်ငယ်လေး မည်သို့သောအန္တရယ်ကြုံတွေ့နေရသည်ကို သိရှိရန် တောင်နှင့်ပင်လယ်ကြေးမုံမှန်မှတစ်ဆင့် ကြည့်လိုက်သည်။

တစ်ချိန်တည်းမှာပင် သူ၏ သစ်ရွက်အမြင်တန်ခိုးစွမ်းအားကိုလည်း အမြင့်ဆုံးအဆင့်ထိ ထုတ်ဖော်လိုက်၏။

အခြားသူများ သူ မည်သူဖြစ်ကြောင်း ကြည့်မည်ဆိုလျှင် ကာကွယ်ရန် ဖြစ်သည်။

အလင်းစက်လေးက တောင်နှင့်ပင်လယ်ကြေးမုံမှန်နှင့် ချိတ်ဆက်သွားပြီး အင်အားစုများ အပြင်းအထန်တိုက်ခိုက်နေသည့် စစ်မြေပြင်တစ်ခုကို တွေ့မြင်လိုက်ရသည်။

စစ်မြေပြင်တစ်ခုလုံးက အက်ကွဲလျှက် တန်ခိုးစွမ်းအားလှိုင်းလုံးများက နေရာအနှံ့သို့ ရိုက်ခတ်နေသည်။

ကျန်းလန်က ထိုအရာများကို အရေးမစိုက်ဘဲ မြင်ကွင်း၏ အလယ်ဗဟိုသို့ လှမ်းကြည့်လိုက်သည်။

ဟုန်ယာကို ပွေ့ချီရင်း ပြေးလွှားနေသည့် ကောင်ငယ်လေးကိုတွေ့လိုက်ရပြီး ဒဏ်ရာအပြင်းအထန်ရထားဟန် ရှိသည်။

သူ၏စွမ်းအားများလည်း ကုန်ခမ်းနေပြီး ကန့်သတ်ချက်ပြည့်နေပြီ ဖြစ်သည်။

"ပြိုင်ဘက်ကင်းလက်သီးနတ်ဘုရား ၊ ကျွန်တော်ခေါ်တာကို ကြားတယ်ဆိုရင် ရှေ့ဆက်ပြေးနိုင်ဖို့ လုံလောက်တဲ့ ခွန်အားတွေပေးသနားပါ"

ကောင်ငယ်လေး၏ တိုးလျဖျော့တော့သည့် ဆုတောင်းသံသည် ကျန်းလန်နားထဲသို့ ဝင်ရောက်လာလေတော့၏။

All Chapters