← Chapters

ရွှီချင်း၏ တာအိုအစောင့်အရှောက်

Vol. 15 Ch. 219

ရွှီချင်း၏ တာအိုအစောင့်အရှောက်

Vol. 15 Ch. 219

ထိုပြုတ်ကျလာသော အဏ္ဏဝါရုပ်အလောင်းကျင့်ကြံသူသည် ပထမတောင်ထိပ်သခင်ကြီး၏ ဓားချက်ကြောင့် ကိုယ်တစ်ပိုင်း ပျက်စီးသွားခဲ့ရသည့် ကျင့်ကြံသူမှန်း ရွှီချင်း သိလိုက်သည်။ ယခုအခါတွင် ထိုကျင့်ကြံသူသည် ဒဏ်ရာအပြင်းအထန် ရရှိထားပြီး နောက်ထပ်တိုက်ပွဲတွင် ထပ်ခုတ်ခံလိုက်ရခြင်းဖြစ်မှန်း သိသာသည်။

သူက အမှန်တကယ် သေဆုံးသွားသည့်ဟန်မရှိပါသော်လည်း မသေသည့်တိုင်အောင် သေလုမျောပါးဖြစ်နေမည်မှာ သေချာသည်။

ရွှီချင်းသည် ထိုလူ ပြုတ်ကျသွားသည့်နေရာရှိ ပင်လယ်ပြင်ကို စူးစိုက်ကြည့်လိုက်သည်။ ယခင်က ကျူးယင်အသားကို ခေါင်းဆောင် ကြည့်ခဲ့စဉ်အခါကလိုမျိုး ရွှီချင်း၏မျက်လုံးများ တဖိတ်ဖိတ် လက်နေသည်။ သင်္ဘောအပြင်ဘက်ရှိ ပထမတောင်ထိပ်လူငယ်သည်လည်း ချီတုံချတုံ ဖြစ်နေဟန်ဖြင့် လှမ်းကြည့်နေသည်။

ရွှီချင်းသည် အသက်ရှူချိန်အနည်းငယ်ကြာ ငြိမ်သက်နေပြီးနောက် သူ့မျက်နှာပေါ်တွင်း ဆုံးဖြတ်ချက်ချလိုက်ဟန် အထင်းသား ပေါ်လာသည်။ မှော်သင်္ဘောအောက်ရှိ ရှဲကျင်းလုံက သူ၏ ထိန်းချုပ်မှုအောက်တွင် ပင်လယ်အောက်ခြေမှနေ၍ တန်းတန်း မတ်မတ်သွားလိုက်သည်။ မကြာခင် ပြုတ်ကျနေသော အဏ္ဏဝါရုပ်အလောင်းကျင့်ကြံသူကို ၎င်း မြင်လိုက်ရသည်။

ထိုလူသည် ဆိုးဆိုးဝါးဝါးအခြေအနေသို့ ရောက်နေ၏။ သူ့ခန္ဓာကိုယ်အောက်ပိုင်းနှင့် ခေါင်းမှာ မရှိတော့ဘဲ ခန္ဓာကိုယ်အပေါ်ပိုင်းသာ ကျန်တော့သည်။ သူ၏မည်းနက်နေသောသွေးများက ပင်လယ်ရေနှင့် ပေါင်းစည်းသွားပြီး သူက အသက်မရှိတော့သည့်အလား မလှုပ်ရှားတော့ပေ။

ထို့နောက် တားမြစ်ပင်လယ်ရှဲကျင်းလုံက တစ်ဆင့်ချင်း တိုးသွားသည်။ ထိုစဉ် ခန္ဓာကိုယ်ပျက်ကြီးက ရုတ်တရက် လူးလွန့်လာသည်။ ၎င်းက ညာလက်ကို မြှောက်၍ ချဉ်းကပ်လာနေသော ရှဲကျင်းလုံအပေါ်သို့ ဖိချလိုက်သည်။

ထိုတွန်းအားကြောင့် ရှဲကျင်းလုံ၏ ခန္ဓာကိုယ်တစ်ခုလုံး တဝုန်းဝုန်းမြည်ဟည်းကာ ပြိုကွဲသွားပြီး လိပ်ကြီး၏ ပုတီးနက်သည်သာ ကျန်ခဲ့သည်။ ရုတ်တရက် ရှဲကျင်းလုံအသစ်တစ်ကောင် ပေါ်ထွက်လာပြန်သည်။

အဏ္ဏဝါရုပ်အလောင်းမျိုးနွယ်ဝင်သည် အားအင်များကုန်ခမ်းသွားဟန်တူသည်။ သူ့ညာလက်က အောက်သို့ တွဲလောင်းကျနေပြီး သူ ထုတ်လွှတ်နေသည့်အရှိန်အဝါမှာ ပို၍ပင် အားနည်းသည်။ အစောပိုင်း တိုက်ခိုက်မှုကြောင့် သူ့ကိုယ်ပေါ်တွင် ဒဏ်ရာများ ပို၍ပင် များလာသည်။

ထိုမြင်ကွင်းကြောင့် ရွှီချင်းက လက်နှစ်ဖက်ဖြင့် မန္တန်လက်ကွက်များ အလျင်အမြန် ဖော်လိုက်သည်။ ရုတ်တရက် ပင်လယ်အောက်ခြေ၌ ပြန်လည်ရုပ်လုံးပေါ်လာသော ရှဲကျင်းလုံက ထပ်မံချဉ်းကပ်သွားကာ အညှာအတာမဲ့စွာ ကိုက်လိုက်သည်။ ယခုတစ်ကြိမ်တွင် ခန္ဓာကိုယ်တစ်ပိုင်း ကျင့်ကြံသူ၏ တိုက်ခိုက်မှုကြောင့် ပြိုကွဲသွားရပါသော်လည်း လက်တစ်ချောင်းကို ကိုက်နိုင်ခဲ့သည်။

သို့သော်လည်း ရွှီချင်းက ကိုယ်တိုင်မသွားသေးပေ။ ရှဲကျင်းလုံကိုသာ ပြန်လည်ရုပ်လုံးပေါ်စေလိုက်သည်။ ယင်းအပြင် သူက တိုက်ခိုက်မှုများကို ပုန်းလျှိုးကွယ်လျှိုး လုပ်မနေသည့်အတွက်ကြောင့် ဘေးရှိ ပထမတောင်ထိပ်လူငယ်က ထိုအခြင်းအရာကို ကောင်းစွာ သတိထားမိနေသည်။

လူငယ်မှာ အစက တွေဝေတွန့်ဆုတ်နေပါသော်လည်း ထိုမြင်ကွင်းကို မြင်သောအခါ မျက်လုံးများ ဝင်းလက်သွားသည်။ ရွှီချင်းကို သူ ဖျတ်ခနဲ ကြည့်လိုက်ပြီး ပင်လယ်ပြင်ကို ငုံ့ကြည့်လိုက်သည်။ တချိန်တည်းမှာပင် ရွှီချင်းက ရှဲကျင်းလုံကို ထိန်းချုပ်၍ ထပ်မံတိုက်ခိုက်လိုက်သည်။

တဝုန်းဝုန်းမြည်ဟည်းသံများနှင့်အတူ အဏ္ဏဝါရုပ်အလောင်းမျိုးနွယ်ဝင်၏ လက်တစ်ဖက် ပျက်စီးသွားကာ ရှဲကျင်းလုံသည်လည်း ပြိုကွဲသွားသည်။ ရွှီချင်းက ရုတ်တရက် ထရပ်လိုက်ပြီး ဝင်ရောက်သွားရန် ပြင်လိုက်သည်။

ပထမတောင်ထိပ်လူငယ်က တဟားဟား ရယ်မောကာ ရွှီချင်းထက်ဦးစွာ ပင်လယ်ထဲသို့ ပြေးဝင်သွားပြီး အဏ္ဏဝါရုပ်အလောင်းမျိုးနွယ်ကျင့်ကြံသူထံ ဝင်ရောက်သွားသည်။

ရွှီချင်းသည် မရပ်တန့်ဘဲ ပင်လယ်ထဲသို့ တိုးဝင်သွားသည်။ သူက အရှိန်တင်ကာ သွားနေဟန်တူပါသော်လည်း နောက်ဆုတ်နေခြင်းဖြစ်သည်။ သူက ရှေ့မှ ပထမတောင်ထိပ်လူငယ်၏ နောက်ကျောကို အေးတိအေးစက် ကြည့်လိုက်သည်။

ရွှီချင်းသည် အရင်သွားရန် မစီစဉ်ထားပေ။ ရှဲကျင်းလုံက ကြိမ်ဖန်များစွာ တိုက်ခိုက်နိုင်ခဲ့ပြီး ဖြစ်သည့်တိုင်အောင် သူ သတိထားနေဆဲပင်။ အကြီးအကဲတစ်ယောက်နှင့် အဆင့်တူသော ကျင့်ကြံသူတစ်ယောက်၌ ယခုကဲ့သို့ အခြေအနေမှာပင် သက်စောင့်နည်းလမ်းတစ်မျိုး ရှိနေနိုင်ကြောင်း သူ ခံစားမိနေ၏။

အထူးသဖြင့် ထူးဆန်းသော အဏ္ဏဝါရုပ်အလောင်းမျိုးနွယ်ဝင်များတွင် ပို၍ ရှိနေနိုင်သည်။ ယခင်က သူတို့၏ ကြောက်မက်ဖွယ် ပြန်လည်ကုစားနိုင်စွမ်းကို သူ မြင်ခဲ့ဖူးသည် မဟုတ်ပါလား။

ထို့ကြောင့် ပထမဆုံးတစ်ယောက်က သွားရောက်စစ်ဆေးနိုင်လျှင် အကောင်းဆုံး ဖြစ်သည်။

ပထမတောင်ထိပ်လူငယ် အသတ်ခံရနိုင်ချေနှင့် ပတ်သက်၍လည်း ဖြစ်နိုင်သည်ဟု သူ မထင်ပေ။

ပထမတောင်ထိပ်လူငယ်ထံတွင် သက်စောင့်ဝှက်ဖဲများစွာ ရှိသည်။ ထိုလူငယ်သာ အမှန်တကယ် သေဆုံးသွားခဲ့ပါက သူ့ကိုယ်သူ အရိပ်ဖြင့် ဖုံးလွှမ်းထားရန် ရွှီချင်း စဉ်းစားထားသည်။ ထိုနည်းလမ်းက အလုပ်ဖြစ်မည်မှန်း မသေချာပါသော်လည်း အချိန်ကျလာလျှင် ကြိုးစားကြည့်ရမည်ဖြစ်သည်။

ရွှီချင်းက ပင်လယ်အောက်တွင် ထိုလူငယ်နှင့် ခပ်ကွာကွာမှနေ၍ လိုက်သွားသည်။ ပထမတောင်ထိပ်လူငယ်သည် အဏ္ဏဝါရုပ်အလောင်းမျိုးနွယ်ကျင့်ကြံသူနှင့် နီးကပ်သွားပြီး လက်နှစ်ဖက်ဖြင့် မန္တန်လက်ကွက်များ ဖော်လိုက်သည်။ ရုတ်တရက် ဓားကြီးများ ပေါ်လာပြီး အလောင်းထံ ပြေးဝင်သွားသည်။

သူသည် မတုံးအပေ။ ရွှီချင်းထက် ဦးစွာ သူ ပြေးထွက်လာခဲ့ပါသော်လည်း ထောင်ချောက်ဖြစ်နေနိုင်ကြောင်း သူသိသည်။ ယင်းအလောင်းက ဆွဲဆောင်နိုင်စွမ်း ကြီးမားလွန်းနေသည့်အတွက်ကြောင့်သာ သူ လက်လျော့ချင်စိတ်မရှိခြင်း ဖြစ်သည်။ ယခု သူ အနီးရောက်သွားပြီးဖြစ်ရာ ပထမဆုံး စမ်းသပ်တိုက်ခိုက်ကြည့်ရန် စီစဉ်ထားသည်။

ဓားကြီး ဒါဇင်ကျော်က အလောင်းထံ နီးကပ်သွားပြီး ခုတ်ပိုင်းမည့်ဟန်ပြင်လိုက်သည်။ ထိုစဉ် အလောင်း၏ ဗိုက်က ချက်ချင်း ပွင့်သွားပြီး သွေးမည်းလုံးတစ်လုံး အပြင်ထွက်လာသည်။ ယင်း သွေးမည်းလုံးက ရက်စက်ကြမ်းကြုတ်သော တစ္ဆေအရိပ်တစ်ခုအသွင် ပြောင်းလဲသွားပြီး ပထမတောင်ထိပ်လူငယ်ကို ဟိန်းဟောက်လိုက်သည်။

ယင်းဟိန်းသံက ပြင်းထန်သော အသံလှိုင်းအသွင်ဖြင့် ရိုက်ခတ်သွားရာ ဓားကြီးဒါဇင်ကျော်မှာ တစ်လက်မချင်း ပျက်စီးကြေမွသွားသည်။ တချိန်တည်းမှာပင် ပထမတောင်ထိပ်လူငယ်၏ ဒွါရခုနစ်ပါးမှ သွေးများ စီးကျလာ၏။ သူ့လက်ထဲရှိ ကျောက်စိမ်းလည်ဆွဲမှာ ပျက်စီးသွားပြီး အကာအကွယ်အလွှာတစ်ခုအသွင် ပြောင်းလဲသွားကာ သူ အလျင်အမြန် နောက်ဆုတ်သွား၏။

သူ့မျက်နှာပေါ်တွင် ကြောက်ရွံ့နေဟန်များ အထင်းသား ပေါ်လွင်နေသည်။ အသံလှိုင်းကို သူ ရှောင်တိမ်းပြီးသည်နှင့် သူ့နောက်မှ ရွှီချင်းက အဏ္ဏဝါရုပ်အလောင်းမျိုးနွယ်ဝင်ထံ လှစ်ခနဲ ပြေးဝင်သွားသည်။ သူသည် မြန်ဆန်လွန်း၍ ချက်ချင်းပင် အနီးသို့ ရောက်သွားသည်။

အဏ္ဏဝါရုပ်အလောင်းမျိုးနွယ်ဝင်၏ ဗိုက်ပေါ်မှ တစ္ဆေအရိပ်က ထပ်မံဟိန်းဟောက်လိုက်သည်။

ရွှီချင်း၏မျက်လုံးများ အေးစက်စက်ဝင်းလက်သွားသည်။ သူ့ကိုယ်ထဲတွင် ဝှက်ထားသော ထီးနက်က အနည်းငယ် ပွင့်သွားပြီး သူ ရှေ့တိုးသွားသည်။ ပင်လယ်အောက်မှ တဝီဝီမြည်သံ လွင့်ပျံလာသည်။

ရွှီချင်း၏တစ်ကိုယ်လုံး တုန်ရီသွားပြီး သွေးများ စီးကျလာသည်။ တချိန်တည်းမှာပင် သူသည် မီးတောက်နက်များမှ ဖြစ်ပေါ်လာသော ဓားမြှောင်ကို ညာလက်တွင် ကိုင်၍ တစ္ဆေအရိပ်ကို အညှာအတာမဲ့စွာ ထိုးသွင်းလိုက်သည်။

တစ္ဆေအရိပ်၏ တစ်ကိုယ်လုံး မီးတောက်နက်များ လွှမ်းခြုံသွားသည်။ တချိန်တည်းမှာပင် ထိုကျင့်ကြံသူ၏ ဗိုက်ထဲမှ ဒုတိယမြောက်တစ္ဆေအရိပ် တွားသွားထွက်လာပြီး ဟိန်းဟောက်လိုက်ပြန်သည်။

ရွှီချင်း၏ခန္ဓာကိုယ် အရှိန်ပြင်းစွာ တုန်ခါသွားပြီး နောက်သို့ ပေရာပေါင်းများစွာ အကွာအဝေးအထိ လွင့်သွားသည်။ အဏ္ဏဝါရုပ်အလောင်းမျိုးနွယ်ကျင့်ကြံသူက ထိုအခွင့်အရေးကို အသုံးချ၍ ထွက်ပြေးလိုက်သည်။

ရွှီချင်း၏မျက်လုံးများ အေးစက်စက်ဝင်းလက်သွားသည်။ အစောပိုင်းက ထိပ်တိုက်တွေ့ဆုံရာတွင် ထိုကျင့်ကြံသူ၏ခန္ဓာကိုယ်ထဲ၌ ဝိညာဉ်အကြွင်းအကျန် ရှိနေသေးသည်ကို အာရုံရခဲ့သည်။ ယင်းဝိညာဉ်အကြွင်းအကျန်သည် သူ့ကို အလွန် ဆွဲဆောင်နေသည်။ တချိန်တည်းမှာပင် ထိုကျင့်ကြံသူ၏ခန္ဓာကိုယ်ပေါ်၌ သိုလှောင်အိတ်တစ်လုံး ရှိနေသည်ကို ဝိုးတဝါး မြင်လိုက်ရသည်။

ထိုကဲ့သု့ိ အခွင့်အရေးကို ရွှီချင်း လက်လွှတ်ပစ်လိုက်ရန် စိတ်ကူးမရှိပေ။

သေလုမျောပါးဖြစ်နေသည့် အကြီးအကဲအဆင့် လူတစ်ယောက်ကို ကြုံတွေ့ရသည်မှာ ကြုံတောင့်ကြုံခဲပင် မဟုတ်ပါလား။ အကယ်၍ ကြုံတွေ့ခဲ့ရလျှင်တောင် လူအမြောက်အမြား လုယူကြမည်သာ ဖြစ်သည်။

ရွှီချင်း ဆုံးဖြတ်ချက်ချလိုက်ပြီဖြစ်သည်။ သူက ပင်လယ်အောက်ခြေသို့ အလျင်အမြန် ငုပ်လျှိုးနေသော အဏ္ဏဝါရုပ်အလောင်းကျင့်ကြံသူကို ကြည့်ကာ ပြေးလိုက်သွားသည်။

ရှဲကျင်းလုံသည်လည်း ရောက်လာကာ သူ့ကို လွှမ်းခြုံလိုက်ရာ သူ့အရှိန် မြင့်တက်သွားသည်။ မှော်သင်္ဘောသည်လည်း ပင်လယ်အောက်သို့ ငုပ်လျှိုးသွားသည်။ မှော်သင်္ဘောမှာ ရွှေရောင်တဖျပ်ဖျပ်ဝင်းလက်နေပြီး နတ်အစွမ်းတိုက်ကွက်ကို ပြင်ဆင်ထားသည်။

ပထမတောင်ထိပ်လူငယ်သည် အလောင်းနောက်သို့ တဟုန်ထိုး ပြေးလိုက်သွားသည့် ရွှီချင်းကိုကြည့်ကာ မျက်လုံးများပြူးကျယ်နေသည်။ သူ့အတွေးများ ယောက်ယက်ခတ်သွားသည်။ အလောင်းက ဆွဲဆောင်မှုကြီးလွန်းပါသော်လည်း အသက်နှင့်ရင်းရလောက်အောင် မတန်ဟု သူ ခံစားနေရသည်။

ပထမတောင်ထိပ်မင်းသားတစ်ပါးဖြစ်နေ၍ သင့်တော်သော စွန့်စားခြင်းမျိုးကို သူ လုပ်နိုင်ပါသော်လည်း အသက်နှင့်ရင်း၍ မစွန့်စားနိုင်ပေ။ ကြိုတင်သတ်မှတ်ထားသည့် အစီအစဉ်အတိုင်းသာ သူ လိုက်သွားမည်ဆိုပါက သူ့အနာဂတ်က တောက်ပနေမည် မဟုတ်ပါလား။

သို့သော်လည်း ရွှီချင်းက နောက်မှ လိုက်သွားနေပေပြီ။

သူသည် ရွှီချင်းနှင့် အသက်ချင်းဆက်အဆောင်ဖြင့် ဆက်ထားသည်ဖြစ်ပြီး ထိုအဆောင်၏ အချုပ်အနှောင်များက နှစ်ဖက်လုံးအပေါ်တွင် သက်ရောက်နေသည်။ သူသာ သေသွားခဲ့ပါက ရွှီချင်း၏ဝိညာဉ် ပျောက်ကွယ်သွားမည်ဖြစ်သည်။ ထိုနည်းတူပင် ရွှီချင်းသာ သေသွားခဲ့ပါက သူ့ဝိညာဉ်သည်လည်း ပျောက်ကွယ်သွားမည်ဖြစ်သည်။

ယင်းကြောင့် အစောပိုင်းက သူ စိတ်သက်သာရာရနေခဲ့ရပါသော်လည်း ယခုတွင် ချက်ချင်း စိုးရိမ်ကြောင့်ကြလာတော့သည်။

ယင်းကိစ္စက အမြော်အမြင်ရှိသော လုပ်ရပ်မဟုတ်ကြောင်း သူ ချက်ချင်း ခံစားလိုက်ရသည်။ သူ ရုတ်တရက် စိတ်ထဲတွင် ဒွိဟဖြစ်လာတော့သည်။ နောက်ဆုံး၌ သူသည် အံတင်းတင်းကြိတ်ကာ စိတ်ထဲမှ ကျိန်ဆဲလိုက်ပြီး နောက်မှလိုက်သွားသည်။

ယင်းအပြင် သူသည် ပို၍ပင် မြန်ဆန်နေ၏။ သူက လျှာထိပ်ကို ကိုက်၍ လျှို့ဝှက်အတတ်ကို သုံးကာ သွေးဓားကြီးအသွင် ပြောင်းလဲလိုက်သည်။ သူသာ နောက်ကျသွားခဲ့ပါက သတ္တမမြောက်တောင်ထိပ်မှ ထိုငမိုက်သား သေသွားမည်ကို အကြောက်ကြီးကြောက်နေ၏။

ရွှီချင်းကို မီသွားပြီးနောက် ပထမတောင်ထိပ်လူငယ်မှာ အလွန် ပူဆွေးသောကရောက်နေလျက် သူ သဘောကျသည့် သက်စောင့်အဆောင်တစ်ခုကို ရွှီချင်းထံ ပစ်လွှတ်လိုက်သည်။

ရွှီချင်းက ကျောက်စိမ်းအဆောင်အား ကျင်လည်စွာ ယူသွားသည်ကို မြင်၍ ပထမတောင်ထိပ်လူငယ်မှာ စိတ်ထဲတွင် အော်ဟစ်မြည်တမ်းလိုက်သည်။ ယခုတစ်ခေါက် ပင်လယ်ခရီးတွင် ထိုငမိုက်သား၏ ပင်လယ်သတ္တဝါကို မယူသင့်ကြောင်း သူ ခံစားလိုက်ရသည်။

ယခု အသက်ချင်းဆက်အဆောင်အောက်တွင် သူ စိတ်အေးလက်အေး မနေရသည်သာမက ထိုငမိုက်သား၏ တာအိုအစောင့်အရှောက်ပါ လုပ်နေရပြီ ဖြစ်သည်။ ရွှီချင်း မသေသွားစေရန် သူ့အသက်ကိုပါ စွန့်စားနေရ၏။

ရွှီချင်းက အဏ္ဏဝါရုပ်အလောင်းမျိုးနွယ်ကျင့်ကြံသူထံသို့ ဝင်ရောက်သွားသည်ကို မြင်သောအခါတွင် ထိုဝမ်းနည်းပူဆွေးစိတ်မှာ ပို၍သာ ကြီးမားလာသည်။ သူသည် အရူးအမူး အရှိန်တင်လိုက်ပြီး ရွေးချယ်စရာမရှိတော့ဘဲ ရွှီချင်းနှင့် ပူးပေါင်းတိုက်ခိုက်လိုက်ရသည်။ သူသည် ရွှီချင်းကို ကာကွယ်ပေးရင်း သူ့ကာကွယ်ရေးအတွက်ပါ စဉ်းစားနေရသည်။

ထိုသို့ဖြင့် သူတို့နှစ်ယောက်သည် ပင်လယ်ထဲတွင် အဏ္ဏဝါရုပ်အလောင်းမျိုးနွယ်ဝင်၏ ခန္ဓာပျက်ကြီးနှင့် ပြင်းထန်သော တိုက်ပွဲတစ်ပွဲ ဆင်နွဲှလိုက်ကြလေသည်။ ထိုမျိုးနွယ်ဝင်၌ ဝိညာဉ်အကြွင်းအကျန်သာ ရှိတော့ပါသော်လည်း သူ အသွင်းပြောင်းလိုက်သည့် တစ္ဆေအရိပ်က ကြောက်စရာကောင်းသည်။ သူတို့နှစ်ယောက်လုံး ဒဏ်ရာပြင်းထန်စွာ ရသွားကြ၏။

ရွှီချင်းသည် သူ့အသက်ကို ဂရုစိုက်ဟန်မတူပေ။ ထိုအခြင်းအရာကြောင့် လူငယ်မှာ ပို၍ပင် စိတ်နှလုံးပူဆွေးသွားရပြီး ရွှီချင်းအား သက်စောင့်ကျောက်စိမ်းအဆောင်များ အဆက်မပြတ် ပေးကာ ဝှက်ဖဲများကိုပင် သုံး၍ တိုက်ပွဲအား မြန်မြန် အဆုံးသတ်ရန် ကြိုးစားလိုက်သည်။

နောက်ဆုံး၌ ရွှီချင်းသည် သူ့ကိုယ်သူ ကာကွယ်နေရန် ဂရုစိုက်စရာ မလိုတော့ပေ။ သူသည် လက်နှစ်ဖက်ဖြင့် မန္တန်လက်ကွက်များ ဖော်လိုက်ပြီး မီးတောက်နက်များ အဆက်မပြတ် ထုတ်လွှတ်လိုက်သည်။ သူသည် ပထမတောင်ထိပ် လူငယ်၏ စိတ်ပျက်လက်ပျက်ဖြင့် ကာကွယ်ပေးခြင်းကို ခံယူကာ ခန္ဓာပျက်ကြီးကို တရစပ်တိုက်ခိုက်ရင်း ဝိညာဉ်စွမ်းအားများကို စုပ်ယူလိုက်သည်။

အပြင်လူတစ်ယောက်သာ ထိုကဲ့သို့ ကာကွယ်ပေးခြင်းမျိုး မြင်သွားပါက စိတ်ထဲခံစားသွားရမည်မှာ သေချာသည်။

ပထမတောင်ထိပ်လူူငယ်မှာ အကြီးအကျယ် စိတ်ဓာတ်ကျနေတော့သည်။ သူသည် အံတင်းတင်းကြိတ်၍ ထိုငမိုက်သားအား ကာကွယ်မပေးရန် ဆုံးဖြတ်လိုက်ပြီး နောက်ဆုတ်လိုက်သည်။ ထိုငမိုက်သားက သူ့သေတွင်းသူ တူးလိမ့်မည်ဟု သူ မယုံကြည်ပေ။

ရွှီချင်းသည် လူငယ်ကို အေးတိအေးစက်ကြည့်လိုက်ပြီး ဘာမှမပြောဘဲ ဆက်လက်တိုက်ခိုက်လိုက်သည်။

ခဏအကြာ ပထမတောင်ထိပ်လူငယ်မှာ အထိတ်တလန့် ဖြစ်သွားသည်။ ရွှီချင်းမှာ အကြိမ်ပေါင်းများစွာ အသတ်ခံရလုနီးပါး ဖြစ်သွားသည်ကို သူ မြင်ပြီး စိတ်ထဲ တုန်ရီသွားရသည်။ သူ ဝမ်းနည်းပူဆွေးစွာဖြင့် ရွှီချင်းကို ကာကွယ်ရန် အကာအကွယ် ကျောက်စိမ်းအဆောင်တစ်ခုကို အလျင်အမြန် ပစ်ပေးလိုက်သည်။ ထို့နောက် သူက ခါးသီးသောအမူအရာဖြင့် တိုက်ပွဲထဲ ပြန်ဝင်လိုက်ပြီး အဏ္ဏဝါရုပ်အလောင်းမျိုးနွယ်ဝင်ကို တိုက်ခိုက်လိုက်သည်။

တိုက်ခိုက်နေရင်း သူ့စိတ်ထဲတွင် ရူးသွပ်စိတ်များ ဝင်လာသည်။ တိုက်ပွဲက တစ်နေ့တာ ကြာမြင့်သွားသည်။ ရွှီချင်းနှင့် ပထမတောင်ထိပ်၏ နဝမမြောက်မင်းသားတု့ိ အားအင်ကုန်ခမ်းသွားသောအခါတွင် အဏ္ဏဝါရုပ်အလောင်းမျိုးနွယ်ဝင်၏ ဝိညာဉ်အကြွင်းအကျန်သည်လည်း တောင့်မခံနိုင်တော့ဘဲ ပျောက်ကွယ်သွားသည်။ ရွှီချင်းက ဝိညာဉ်တစ်ဝက်ကျော်ကို စုပ်ယူလိုက်ပြီး ထိုမျိုးနွယ်ဝင်၏ သိုလှောင်အိတ်ကိုလည်း ယူလိုက်သည်။

သို့သော်လည်း မှော်သင်္ဘောဆီသို့ သူ ပြန်သွားသောအခါ ပထမတောင်ထိပ်၏ မင်းသားကိုးက ဓားတစ်လက်ကို ထုတ်၍ သူ့လည်ပင်းပေါ် တင်လိုက်သည်။ သူက သွေးရူးသွေးတန်းဖြင့် အံတင်းတင်းကြိတ်ကာ ပြောလိုက်သည်။

“ ချင်းမင်အုတ်ဂူနှစ်ဂူပေါ်က အမွှေးတိုင်တစ်ချောင်း၊ စစ်သုံ့ပန်းပဏ္ဍာတွေသာ အညီအညွှတ်မခွဲခဲ့လျှင် အူပြတ်လတ္တံ့ ”

“ ငါ နားမလည်ဘူး ”

ရွှီချင်းက တည်ငြိမ်စွာ ပြောလိုက်ပြီး လက်ထဲရှိ သိုလှောင်အိတ်ကို သိမ်းလိုက်သည်။

ပထမတောင်ထိပ်မှ မင်းသားကိုး၏ မျက်လုံးများ နီမြန်းသွားပြီး ရွှီချင်းကို စူးစူးရဲရဲ ကြည့်လိုက်သည်။ သူက အချိန်အတော်ကြာသည်အထိ ငြိမ်သက်နေပြီးနောက် ယခုတစ်ခေါက် ခရီးစဉ်အတွင်း ဒုတိယမြောက် လူနားလည်သည့်စကားကို ပြောလိုက်လေသည်။

“ ငါ့ကို ခွဲပေးဦး၊ နို့မဟုတ်ရင် ငါ့ကိုယ်ငါ သတ်သေလိုက်မှာနော် ”

ရွှီချင်းက လူငယ်ကို တည်ငြိမ်စွာ ကြည့်လိုက်သည်။ လူငယ်၏ မျက်လုံးများထဲမှ ဆုံးဖြတ်ချက်ချထားသည့် အရိပ်အယောင်များကို သူ မြင်လိုက်ရသည်။ သူ အတန်ငယ် ငြိမ်သက်သွားပြီး မကြာသေးခင်က တိုက်ပွဲအတွင်း ထိုလူငယ်က သူ့အား အမှန်တကယ် ကူညီခဲ့သည်ကို တွေးမိလိုက်သည်။ လူငယ်က သူ့ကို ကာကွယ်ရန် အပြင်းအထန် ကြိုးစားခဲ့သည်။ တာအိုအစောင့်အရှောက်ထက်ပင် ပို၍ စောင့်ရှောက်ခဲ့သည်။

သူက သိုလှောင်အိတ်ကို ဖွင့်လိုက်ပြီး လူငယ်၏ရှေ့တွင် သွန်ချလိုက်သည်။

ရုတ်တရက် ပစ္စည်းအများအပြား ထွက်လာသည်။ ဝိညာဉ်လက်မှတ်တစ်ထပ်၊ ဝိညာဉ်ကျောက်တုံးပုံကြီးနှင့် ကျောက်စိမ်းပေလွှာများ၊ ဆေးပုလင်းများ စသည့်ပစ္စည်းများ ပါဝင်သည်။ သန့်စင်ထားသော ပစ္စည်းများပင် ပါဝင်ပြီး ထိုပစ္စည်းများကို စုပုံလိုက်သောအခါ အတော်အတန်အမြင့်အထိ ရောက်သွားသည်။

စွမ်းအင်အငွေ့အသက်များ ထွက်ပေါ်နေသည့် ကျောက်စိမ်းအဆောင်နှစ်ခု ရှိသည်။ ထိုကဲ့သို့ ကျောက်စိမ်းအဆောင်များကို ယခင်က ရွှီချင်း မြင်ခဲ့ဖူးသည်။ လူငယ်၏ သက်စောင့်ပစ္စည်းများနှင့် ဆင်တူသည်။ သို့သော်လည်း ထိုကျောက်စိမ်းအဆောင်နှစ်ခုမှ ထွက်ပေါ်နေသော အငွေ့အသက်များက များစွာ ပို၍ ပြင်းထန်နေသည်။

ထိုကဲ့သု့ိ ပစ္စည်းကို ဆိပ်ကမ်းရှိ ဆိုင်တစ်ဆိုင်၌ ရွှီချင်း မြင်ခဲ့ဖူးသည်။ ယင်းသည်လည်း အဆောင်တစ်ခု ဖြစ်ပြီး အခြေတည်အဆင့် ကျင့်ကြံသူတစ်ယောက် လုပ်ထားခြင်း မဟုတ်ဘဲ ရွှေအမြုတေအဆင့် ကျင့်ကြံသူတစ်ယောက် လုပ်ထားခြင်း ဖြစ်သည်။

ရွှေအမြုတေအဆင့်ကျင့်ကြံသူများသည် အစွမ်းထက်လွန်းသည့်အတွက်ကြောင့် သူတို့စွမ်းအားများကို ထည့်သွင်းနိုင်သော ကျောက်စိမ်းတုံးများ မရှိပေ။ ကျောက်စိမ်းအဆောင်အများစုသည်သာ ရွှေအမြုတေစွမ်းအားအနည်းအကျဉ်းကို ထည့်သွင်းနိုင်သည်။ ထိုအဆောင်နှစ်ခုကို လုပ်ထားသည်မှာ သိပ်မကြာသေးဟန်တူသည်။ ယင်းအဆောင်နှစ်ခုမှာ ထိုကျင့်ကြံသူကိုယ်တိုင်သုံးရန်အတွက်မဟုတ်မှန်း သိသာသည်။ သူ့အတွက် ထိုသို့လုပ်နေရန်လည်း မလိုအပ်ပေ။

တခြားတစ်ယောက်အတွက် ပြင်ဆင်ထားသည့် ဖြစ်နိုင်ချေ များသည်။

ထိုပစ္စည်းများအနက် မျက်စိကို အဆွဲဆောင်နိုင်ဆုံးပစ္စည်းမှာ ကျောက်စိမ်းဖြင့် ထွင်းထုထားသော ငှက်မွေးဖြစ်သည်။ ယင်းကျောက်စိမ်းငှက်မွေးသည် စူးရှတောက်ပသောအလင်းများဖြင့် ဝင်းလက်နေသည်။ ရွှီချင်းနှင့် မင်းသားကိုးတို့ ထိုပစ္စည်းကို မြင်သောအခါ မျက်လုံးများ မှေးသွားသည်။

“ ဓမ္မအသုံးအဆောင် ”

ရွှီချင်း စိတ်လှုပ်ရှားသွားသည်။ လင်းရှီမီးအိမ်သည်လည်း ဓမ္မအသုံးအဆောင်ဖြစ်ပြီး သံတုတ်လေးကိုလည်း ဓမ္မအသုံးအဆောင်အဖြစ် ခေါ်ဆိုနိုင်သည်။

ဓမ္မအသုံးအဆောင်များသည် အဆောင်ရတနာများနှင့် ဓမ္မရတနာများကြားတွင် ရှိသည်။ ယင်းတို့ကို လူလုပ်ဓမ္မရတနာများအဖြစ် မှတ်ယူနိုင်သည်။ သို့သော်လည်း အစစ်အမှန် ဓမ္မရတနာများနှင့် ၎င်းတို့အကြားတွင် ကြီးမားသော ကွာဟချက်ရှိသည်။ ၎င်းတို့ကု အဆင့်နိမ့်၊ အလယ်အလတ်အဆင့်နှင့် အဆင့်မြင့်ဟူ၍ အဆင့်သုံးဆင့်ခွဲထားသည်။

သို့သော်လည်း ဓမ္မရတနာများကို ရရန် ကံမကောင်းသည့် ကျင့်ကြံသူများအတွက် ဓမ္မအသုံးအဆောင်များသည်ပင် အတော်လေး ကောင်းနေပြီဖြစ်သည်။

ရွှီချင်းသည် တွေဝေမနေဘဲ ကျောက်စိမ်းငှက်မွေးကို ယူလိုက်သည်။ ပထမတောင်ထိပ်မှ မင်းသားကိုးသည်လည်း လက်ကို မြှောက်လိုက်သည်။ သို့သော် သူ ယူလိုက်သည်မှာ ငှက်မွေးမဟုတ်ဘဲ ပစ္စည်းပုံထဲမှ မထင်မရှားပစ္စည်းတစ်ခုသာ ဖြစ်သည်။

ယင်းပစ္စည်းမှာ သေတ္တာလေးတစ်လုံးအသွင်ရှိသော သတ္တုပြားလေးတစ်ချပ်သာ ဖြစ်ပေသည်။

All Chapters