← Chapters

ဆန္ဒမွန်သေတ္တာ

Vol. 15 Ch. 220

ဆန္ဒမွန်သေတ္တာ

Vol. 15 Ch. 220

ထိုသေတ္တာကို မြင်သည်နှင့် ရွှီချင်း၏ မျက်လုံးများ မှေးသွားသည်။

ထိုသေတ္တာကို သူ နှစ်ကြိမ် မြင်ဖူးသည်။

ပထမတစ်ကြိမ်မှာ ရတနာမုဆိုးစခန်းမှာရှိစဉ်အခါက မြင်းလေးထံတွင် မြင်ခဲ့ဖူးခြင်း ဖြစ်ပြီး ဒုတိယတစ်ကြိမ်မှာ ရေသူထီးလူငယ်ထံတွင် မြင်ခဲ့ဖူးခြင်း ဖြစ်သည်။

သို့သော်လည်း ယခုတိုင်အောင် ထိုပစ္စည်းက မည်သည့်အရာဖြစ်သည်ကို ရွှီချင်း မသိပေ။ ပင်မမြို့ကြီးထဲရှိ ဆိုင်များ၌ သူ လိုက်ရှာခဲ့ပါသော်လည်း တူညီသောပစ္စည်း မတွေ့ခဲ့ပေ။

ယခု တတိယမြောက် သတ္တုပြားလေးကို သူ မြင်နေရပြီ ဖြစ်သည်။

ရွှီချင်း လှမ်းကြည့်လိုက်သည့်အခိုက် ပထမတောင်ထိပ်မှ လူငယ်က ထိုပစ္စည်းလေးကို ဆတ်ခနဲ လှမ်းယူလိုက်ပြီး ရွှီချင်းကို စိုးရိမ်တကြီး ကြည့်ကာ ပြောလိုက်သည်။

“ အန်ထုတ်ခဲ့ရ သွေးအလုတ်သုံးရာ၊ သုံ့ပန်းပဏ္ဍာခွဲဝေသည့်တိုင်အောင် သူရဲကောင်းဆန်သတဲ့ ”

“ လူနားလည်အောင် ပြောစမ်း ”

ရွှီချင်းက အေးစက်စက်ပြောသည်။ ထို့နောက် မှော်သင်္ဘော၏ အကာအကွယ်ကို ဖွင့်၍ ထိုလူငယ် ထွက်သွား၍ မရအောင် ပိတ်ဆို့လိုက်သည်။

ပထမတောင်ထိပ်မှလူငယ်မှာ ထိုအခြင်းအရာကို မြင်သောအခါ သက်ပြင်းချလိုက်ပြီး သူ့ကိုယ်သူ ထိုးနှက်ကာ သွေးမည်းတစ်လုပ်စာကို အန်ထုတ်လိုက်သည်။ သူ အဆိပ်ထပ်မိသွားပြီဖြစ်ကြောင်း အတည်ပြုပြီးနောက် အဆိပ်ဓာတ်ကို ထိန်းချုပ်ရန် လျှို့ဝှက်အတတ်ကို အသုံးပြုလိုက်ပြီး ရွှီချင်းအား ကူကယ်ရာမဲ့စွာဖြင့် ကြည့်လိုက်သည်။ သတ္တမမြောက်တောင်ထိပ်မှ လူများမှာ ရက်စက်ကြမ်းကြုတ်သော စရိုက်များ ရှိပေသည်ဟူ၍ သူ တစ်ကိုယ်တည်း တွေးတောမိလိုက်သည်။ ထိုကလေးငယ်မှာ သူ့သင်္ဘောပေါ်မှာပင် အဆိပ်ကို ထုတ်လွှတ်ဝံ့နေပေရာ အဆိပ်မိ၍ သေသွားမည်ကို မကြောက်ရွံ့လေသလော။

အချိန်အတော်ကြာပြီးနောက် ရွှီချင်း၏ တည်ငြိမ်သော အကြည့်ကြောင့် ပထမတောင်ထိပ်မှ မင်းသားကိုးသည် သက်ပြင်းချ၍သာ ပြောလိုက်လေသည်။

“ အရင်က မင်း ငါ့ကို စစ်သုံ့ပန်းပဏ္ဍာတွေ ခွဲပေးဖို့ သဘောတူထားတယ်နော်။ ငါ ဒါကိုပဲ လိုချင်တယ်။ ကျန်တာ မင်းဥစ္စာပဲ ”

ရွှီချင်းသည် တစ်ခွန်းမှ မပြောဘဲ အောက်မှ ပစ္စည်းများအားလုံးကို သိမ်းလိုက်သည်။ ပစ္စည်းများကို သိမ်းပြီးနောက် သက်တန့်ရောင်တံဆိပ်ပြားတစ်ခုကို သူ တွေ့လိုက်သည်။

ထိုတံဆိပ်ပြားမှာ သစ်သားဖြင့် လုပ်ထားပြီး ဂိုဏ်းတံဆိပ်ပြားအသွင် ရှိပါသော်လည်း အနည်းငယ် ပျက်စီးနေသည်။

အနီးကပ်ကြည့်ပါက ထိုတံဆိပ်ပြား၏ တချို့နေရာများ ပြောင်နေသည်ကို မြင်နိုင်သည်။ ယင်းမှာ ထိုဂိုဏ်းတံဆိပ်ပြားကို လူတစ်ယောက်က မကြာခဏ ကိုင်ခဲ့သောကြောင့် ဖြစ်ပေသည်။ ပထမတောင်ထိပ်မှ လူငယ်ကို သူ လှမ်းကြည့်လိုက်သည်။

“ မြေပြင်ပေါ်က စလွင့်ပျယ်၊ အာကာကျယ်က တိမ်လွှာကွယ် ”

ပထမတောင်ထိပ်မှလူငယ်သည် ထိုသို့ ပြောပြီးသည်နှင့် ရွှီချင်းက မျက်မှောင်ကြုတ်နေသည်ကို သတထားမိလိုက်သည်။ သူ စိတ်ထဲတွင် ဝမ်းနည်းပူဆွေးသွားရပြီး သူသာ နားလည်အောင် မပြောပါက အနှီကလေးငယ်က သူ့အား ထပ်မံတိုက်ခိုက်လာမည်ကို စိုးရိမ်သွားသည်။ ထို့ကြောင့် သူ ကြိတ်မှိတ်၍ ပြောလိုက်၏။

“ အဲဒါ ခုနစ်ဂိုဏ်းမဟာမိတ်ဂိုဏ်းတံဆိပ်ပြားပဲ။ ငါတို့သတ်ခဲ့တဲ့ အဏ္ဏဝါမျိုးနွယ်ဝင်ကျင့်ကြံသူက အသက်ရှင်တုန်းက ခုနစ်ဂိုဏ်းမဟာမိတ်အဖွဲ့ဝင်တစ်ယောက် ဖြစ်လောက်တယ် ”

“ စောစောက မင်း ယူလိုက်တာ ဘာလဲ ”

ရွှီချင်းက မေးလိုက်သည်။

လူငယ် ချီတုံချတုံဖြစ်သွားသည်။ သူ့ရှေ့မှ သတ္တမမြောက်တောင်ထိပ်ဂိုဏ်းသားက ဆန္ဒမွန်သေတ္တာအကြောင်း မသိသေးမှန်း သူ ပြောနိုင်သည်။ မူလက ဖုံးကွယ်ထားရန် သူ တွေးထားပါသော်လည်း ယင်းက လျှို့ဝှက်ချက်မဟုတ်ကြောင်း စဉ်းစားတွေးတောမိလိုက်သည်။ ထို့ပြင် ထိုကလေးငယ်သာ နားလည်မှုလွဲသွားပြီး ရတနာတစ်ပါးဖြစ်ကြောင်း ထင်မှတ်သွားပါက ပို၍ အန္တရာယ်များသွားပေလိမ့်မည်။

သူက ခေါင်းယမ်းလိုက်ပြီး အမှန်အတိုင်း ပြောလိုက်၏။

“ အဲဒါ ဆန္ဒမွန်သေတ္တာပဲ ”

“ ဆန္ဒမွန်သေတ္တာဆိုတာ အရင်ခေတ်က ကျင့်ကြံသူတွေ ချန်ထားခဲ့တဲ့ လက်ဆောင်ပဲ ”

“ နတ်ဘုရားရဲ့ မျက်နှာပျက်ကြီး ရောက်လာတဲ့နောက်မှာ ဝမ်ကူးဒေသကြီးထဲက ခေတ်တိုင်း အဆုံးသတ်ကို ရောက်သွားတယ်။ အဲဒါကြောင့် ဒီလိုဓလေ့ ခေတ်စားလာခဲ့တယ်။ ခေတ်ရဲ့အဆုံးသတ်မှာ လူအများစုက ထူးခြားတဲ့ပစ္စည်းတွေနဲ့ ဆန္ဒမွန်သေတ္တာတွေကို စတင်ထုဆစ်ကြတယ်။ အဲဒီလိုနဲ့ ဆန္ဒမွန်သေတ္တာတွေက အခုခေတ်အထိ ဆင်းသက်လာခဲ့တာပဲ ”

ထိုလူငယ်မှာ အစပိုင်းတွင် ပုံမှန်အတိုင်း စကားပြောရသည်ကို အသားမကျသေးပါသော်လည်း ပြောနေရင်း စကားပြောအဆင်ပြောလာသည်။ သူ့အတွေးများ လွတ်လပ်စွာ လွင့်မျောနေသည်ဟူ၍ပင် သူ ခံစားလာရသည်။

“ ဆန္ဒမွန်သေတ္တာလုပ်တဲ့ ပစ္စည်းက အတော်လေး ထူးခြားတယ်။ အဲဒါကြောင့် ခေတ်ရဲ့အဆုံးသတ်မှာ ချန်ရစ်နိုင်တာ။ ဒါပေမဲ့ ငါ ကြားရသလောက် အရင်က ခေါင်းတလားနဲ့ တူတဲ့ ဆန္ဒမွန်သေတ္တာတစ်လုံးကု လူတစ်ယောက် ရခဲ့ပေမဲ့ အဲဒီထဲက ကျင့်ကြံသူက သေနေပြီတဲ့။ ဘာမှမပါတဲ့ ဆန္ဒမွန်သေတ္တာကို ရသွားတဲ့သူလည်း ရှိတာပဲ။ ဒီတော့ ဆန္ဒမွန်သေတ္တာထဲမှာ ဘာပါမလဲ ဘယ်သူမှ မသိဘူး ”

“ ပညာရှင်အမျိုးမျိုးက ဆန္ဒမွန်သေတ္တာကို ပိတ်လှောင်ပြီး ထည့်ထားတာဆိုတော့ အဲဒီသေတ္တာထဲမှာ ဘာတွေရှိမှန်း ထည့်တဲ့လူက လွဲပြီး ဘယ်သူမှ မသိဘူး ”

“ ဒါပေမဲ့ ငါ ကြားရသလောက် တချို့လူတွေက အရင်ခေတ်က ဓမ္မရတနာတွေနဲ့ ကျင့်ကြံခြင်းပညာရပ်တွေလိုမျိုး အဖိုးတန်ပစ္စည်းတွေ ရကြတယ်တဲ့။ သာမန်သစ်ရွက်တွေပဲ ရတဲ့လူတွေလည်း ရှိတယ်။ တိုတိုတုတ်တုတ် ပြောရရင် ဆန္ဒမွန်သေတ္တာထဲက ပစ္စည်းက သာမန်လည်း ဖြစ်နိုင်တယ်။ အဖိုးမဖြတ်နိုင်တာလည်း ဖြစ်နိုင်တယ်။ အဲဒါက ကံကြမ္မာအပေါ်ပဲ မူတည်တယ် ”

“ ငါ သေတ္တာသုံးလုံး ဖွင့်ကြည့်ပြီးသွားပြီ။ ငါရတာ မဆိုးဘူးဆိုပေမဲ့ ငါ့ကံက အတော်လေး ကောင်းနေတယ်လို့ ငါ ယုံတာပဲ ”

“ ဆန္ဒမွန်သေတ္တာကို ဖွင့်ရတာကလည်း လွယ်ပါတယ်။ အဲဒီသေတ္တာထဲကို ဓမ္မစွမ်းအားတွေ ပြည့်အောင် ဖြည့်လိုက်ရင် ပွင့်သွားတာပဲ ”

“ ပုံမှန်ဆိုရင်တော့ အဲဒီလိုလုပ်ရတာ တော်တော်ကြာတယ်။ ငါ ဒီသေတ္တာကို လိုချင်တာက ဒီသေတ္တာက လွယ်လွယ်ကူကူ ဖွင့်လို့ရလောက်အောင် ဓမ္မစွမ်းအားတွေ ပြည့်ခါနီးနေလို့ပဲ ”

ပထမတောင်ထိပ်သခင်လေးမှာ စကားမပြောလျှင်သာ နေမည်၊ ယခု ပြောလိုက်သောအခါတွင်လည်း ရွှီချင်း မေးမြန်းနေစရာပင်မလိုဘဲ သူ သိသမျှ ခရေစေ့တွင်းကျ ပြောပြလေသည်။

ထိုသို့ဖြင့် သူသည် ခြေလှမ်းအနည်းငယ် နောက်ဆုတ်၍ ရွှီချင်းကို စိုးရိမ်တကြီး ကြည့်လိုက်သည်။

“ မင်း သဘောမတူရင် ငါ မင်းကို ဒီပစ္စည်းပေးမယ်။ ဒါပေမဲ့ ဓမ္မအသုံးအဆောင်နဲ့ ကျောက်စိမ်းအဆောင်နှစ်ခုကိုတော့ ငါ ယူမှာနော် ”

ရွှီချင်း ငြိမ်သက်သွားသည်။ အတန်ငယ် တွေးတောပြီးနောက် သူက လက်ကိုဝှေ့ယမ်းလိုက်ပြီး မှော်သင်္ဘော၏ အကာအကွယ်ကို ဖွင့်လိုက်သည်။ ပထမတောင်ထိပ်မှ လူငယ်မှာ ရွှီချင်းက သူ့အား လွှတ်ပေးလိုက်မှန်း နားလည်လိုက်ပြီး အလျင်အမြန် အပြင်ထွက်လိုက်သည်။

ရွှီချင်းသည် ထိုလူငယ် မှော်သင်္ဘောပေါ်မှ ထွက်သွားပြီး ဓားကြီးပေါ် စီးကာ နောက်မှလိုက်နေသည်ကို ကြည့်လိုက်ပြီးနောက် အကြည့်လွှဲလိုက်သည်။ ထို့နောက် သူက တင်ပျဉ်ခွေထိုင်ချလိုက်ပြီး မှော်သင်္ဘောကို ထိန်းချုပ်၍ ချီရွှဲ့ထုံဂိုဏ်းသို့ ဦးတည်သွားလိုက်သည်။

သူ ဂိုဏ်းသို့ မြန်မြန်ပြန်ကာ အသက်ဆက်အဆောင်ကို လွင့်ပျယ်စေချင်နေသည်။ အရိပ်က အဆောင်ကို တဖြည်းဖြည်း တိုက်စားနိုင်ပါသော်လည်း အလွန်နှေးကွေးနေပေရာ ရွှီချင်းမှာ အချိန်မဖြုန်းချင်ပေ။

သူက သူ၏အကျိုးအမြတ်များကို စတင် တွက်ချက်ကြည့်လိုက်သည်။

အကြီးအကဲတစ်ယောက်အဆင့်ရှိသော ရွှေအမြုတေကျင့်ကြံသူတစ်ယောက်၏ သိုလှောင်အိတ်ထဲရှိ ပစ္စည်းများ တန်ဖိုးမှာ ကြောက်ခမန်းလိလိပင်။ ဝိညာဉ်လက်မှတ်များ၏ ကြမ်းခင်းတန်ဖိုးသည်ပင် ဝိညာဉ်ကျောက်တုံးနှစ်သိန်းကျော်လေသည်။

ဝိညာဉ်လက်မှတ်များကို ဂိုဏ်းထဲတွင် သုံး၍ မရပါသော်လည်း လဲလှယ်နိုင်သည့်နေရာ ရှိသည်။ ထိုသု့ိလဲလှယ်ရာတွင် တန်ကြေးလျော့ကျသွားပါသော်လည်း အများကြီးတော့ မဟုတ်ပေ။

တခြားတိုလီမိုလီပစ္စည်းများကို ရောင်းချပါက ဝိညာဉ်ကျောက်တုံးတစ်ထောင်ကျော် ရနိုင်ကြောင်း သူ ခန့်မှန်းမိသည်။

ကျောက်စိမ်းအဆောင်နှစ်ခုကိုမူ ပင်မမြို့ကြီးထဲတွင် ဝိညာဉ်ကျောက်တုံးတစ်သောင်းဖြင့် ရောင်းချနိုင်သည်။ ထိုအဆောင်များ၏ တန်ကြေးက ၎င်းတို့၏ အစွမ်းများအပေါ်တွင် မူတည်မည် ဖြစ်သည်။

အဖိုးတန်ဆုံးအရာမှာ ငှက်မွေးဓမ္မအသုံးအဆောင်ဖြစ်သည်။

ထိုပစ္စည်းသည် ရွှီချင်းကို ရင်ခုန်စိတ်လှုပ်ရှားသွားစေသည်။ တချိန်တည်းမှာပင် ထိုကျင့်ကြံသူ၏ ပစ္စည်းများက ထိုမျှသာ မဟုတ်နိုင်ကြောင်း သူ ခံစားမိလိုက်သည်။ သူ ရရှိခဲ့သည်မှာ တစ်စိတ်တပိုင်းသာ ဖြစ်ပေမည်။

ပုံမှန်ဆိုလျှင် သိုလှောင်အိတ်တစ်အိတ်ထက် ပို၍ ရှိသင့်သည် မဟုတ်ပါလား။

“ တခြားသိုလှောင်အိတ်တွေကို သတ်လိုက်တဲ့လူ ဒါမှမဟုတ် တခြားကျင့်ကြံသူတစ်ယောက်ယောက်က ယူသွားတာပဲ ဖြစ်မယ် ”

ရွှီချင်း သက်ပြင်းချလိုက်သည်။ သူ့ခန့်မှန်းချက်များကို ချိုးနှိမ်လိုက်ပြီးနောက် ဝိညာဉ်အကြွင်းအကျန်က ထင်းပမာ တောက်လောင်နေသည်ကို သူ အာရုံခံမိလိုက်သည်။ သူ့မျက်လုံးများ စူးရှတောက်ပသွားသည်။

“ မိစ္ဆာမီးဝိညာဉ်အတတ်ကို ကျင့်ကြံရင် အဏ္ဏဝါရုပ်အလောင်းမျိုးနွယ်ဝင်တွေရဲ့ ဝိညာဉ်က ကြောက်စရာကောင်းလောက်အောင် အကျိုးသက်ရောက်မှုရှိတယ်လို့ ပြောထားတာ၊ အဲဒီအကြီးအကဲအဆင့် ဝိညာဉ်အကြွင်းအကျန်က ဓမ္မတံခါး ဘယ်နှခုတောင် ဖွင့်နိုင်တုန်း ကြည့်ရသေးတာပေါ့ ”

ထိုအတွေးဖြင့် ရွှီချင်းသည် ဘေးပတ်လည်ရှိ အကာအကွယ်အလွှာကို စစ်ဆေးကြည့်လိုက်ပြီး သူ့ကို စောင့်ကြပ်နေသည့် ပထမတောင်ထိပ်လူငယ်ကို လှမ်းကြည့်လိုက်သည်။ ပြီးသည်နှင့် သူသည် မျက်လုံးများကို မှိတ်လိုက်ပြီး သူ့ကိုယ်ပေါ်တွင် မီးတောက်နက်များ တဟုန်းဟုန်း တောက်လောင်လာသည်။

ရုတ်တရက် ဓမ္မတံခါးဆယ့်သုံးခုက တစ်ပြိုင်နက်တည်း မြည်ဟည်းလာသည်။ ရွှီချင်း၏ ထိန်းချုပ်မှုအောက်တွင် မီးတောက်များ မြင့်တက်လာပြီး အဏ္ဏဝါရုပ်အလောင်းမျိုးနွယ်ဝင်၏ တောက်လောင်နေသော ဝိညာဉ်အကြွင်းအကျန်မှာ ဆယ့်လေးခုမြောက် ဓမ္မတံခါးဆီ ဝင်ရောက်သွားသည်။

သူ့ဓမ္မတံခါးမှာ ချက်ချင်း တုန်ရီသွားပြီး ဝုန်းခနဲ ပွင့်သွားသည်။

ယင်းသည် အဆုံးသတ် မဟုတ်သေးပေ။ ရွှီချင်းသည် ထင်းကဲ့သု့ိ တောက်လောင်နေသော ဝိညာဉ်အကြွင်းအကျန်ကို ထိန်းချုပ်လိုက်ပြီး ဆယ့်ငါးခုမြောက် ဓမ္မတံခါးကို ဆက်ဖွင့်လိုက်သည်။

ထို့နောက် တစ်ဆယ့်ခြောက်ခုမြောက်၊ တစ်ဆယ့်ခုနစ်ခုမြောက် …

နောက်ဆုံးတွင် နှစ်ဆယ်မြောက်ဓမ္မတံခါးပွင့်သွားပြီး ဝိညာဉ်အကြွင်းအကျန်လည်း လွင့်ပျယ်သွားသည်။

“ ငါ ဓမ္မတံခါးခုနစ်ခုတောင် ဖွင့်လိုက်နိုင်တာပဲ ”

ရွှီချင်း၏ မျက်လုံးများ တဖိတ်ဖိတ်လက်သွားပြီး ရင်တဒိန်းဒိန်းခုန်သွားသည်။ ထိုသို့ဖြစ်မည်မှန်း သူ တွေးထားခဲ့ပါသော်လည်း တအံ့တသြ ဖြစ်သွားရဆဲပင်။

ဓမ္မတံခါးများ ပို၍ ဖွင့်လာသည်နှင့်အမျှ ပို၍ ခက်ခဲလာလေပင်။ ဆယ်ခုမြောက်ဓမ္မတံခါးကို ဖွင့်ပြီးနောက်တွင် ဓမ္မတံခါးတစ်ခုကို ဖွင့်ရန် ဝိညာဉ်စွမ်းအင်ပမာဏ အမြောက်အမြားလိုအပ်သည်ကို သူ အာရုံခံမိခဲ့သည်။

သို့တိုင်အောင် ဤဝိညာဉ်အကြွင်းအကျန်က ဓမ္မတံခါးခုနစ်ခုကို ဖွင့်နိုင်ခဲ့သည်။ သို့ဖြစ်ပေရာ ထိုဝိညာဉ်အကြွင်းအကျန်က မည်မျှ အစွမ်းထက်ကြောင်း ပြသနေပေသည်။ ယင်းကြောင့် ရွှီချင်းက အလားတူ ဝိညာဉ်အကြွင်းအကျန်များကို ရရှိရန် စိတ်အားထက်သန်နေတော့သည်။

“ ဒါပေမဲ့ အဲဒီလိုရဖို့ သိပ်ခက်တယ် ”

ထိုဝိညာဉ်အကြွင်းအကျန်အား ရယူနိုင်သည့်အခါတွင် ပထမတောင်ထိပ်မှ လူငယ်၏ အကူအညီက အဓိကျသော ကဏ္ဍတွင် ပါဝင်နေသည်ကို ရွှီချင်း ကောင်းစွာ သိသည်။ ပထမတောင်ထိပ်မှ လူငယ်သာ သက်စောင့်ကျောက်စိမ်းအဆောင်များထုတ်၍ သူ့ကိုဘေးမှ မကူညီခဲ့ပါက ယခုအချိန်တိုင်အောင် ထိုဝိညာဉ်အကြွင်းအကျန်ကို သူ ရဦးမည် မဟုတ်ပေ။

“ ငါ ဒီတစ်ခေါက် အချီကြီး ရလိုက်တာ။ ဂိုဏ်းကို မြန်မြန်ပြန်ပြီး အသက်ဆက်အဆောင်ကို ဖယ်ပစ်ရမယ်။ ပြီးရင် ပင်လယ်ထဲ နောက်တစ်ခေါက်ပြန်ထွက်ပြီး ငါ့သက်စောင့်မီးတောက် မြန်မြန်ပေါ်ဖို့ လုပ်ရမယ် ”

ရွှီချင်း၏မျက်လုံးများထဲတွင် မျှော်လင့်ချက်များဖြင့် ဝင်းလက်နေသည်။ သူ့ခန္ဓာကိုယ်ထဲရှိ ဓမ္မတံခါးနှစ်ဆယ်ကို အာရုံခံကြည့်ပြီးနောက် ထိုဓမ္မတံခါးများကို ပျိုးထောင်လိုက်ရင်း ငှက်မွေးဓမ္မအသုံးအဆောင်ကို ထုတ်လိုက်သည်။

သူ ထိုဓမ္မအသုံးအဆောင်ကို ဂရုတစိုက် စစ်ဆေးကြည့်ပြီးနောက် ဓမ္မစွမ်းအားများ ထည့်သွင်းကာ စတင်လေ့လာလိုက်သည်။

အချိန်များ ကုန်လွန်သွားပြီး မကြာခင် သုံးရက်တာ ကုန်လွန်သွားသည်။

ရွှီချင်းသည် ဓမ္မတံခါးများကို ပျိုးထောင်ပြီး ဓမ္မအသုံးအဆောင်ကို လေ့လာနေစဉ် မှော်သင်္ဘောအပြင်ဘက်ရှိ ပထမတောင်ထိပ်လူငယ်မှာ နောက်ဆုံးတွင် ဆန္ဒမွန်သေတ္တာကို ဖြည့်တင်းပြီးသွားပြီ ဖြစ်သည်။

၎င်း ပြည့်သွားသည့်အခိုက်တွင် သူ အလွန် စိတ်လှုပ်ရှားသွားပြီး ရွှီချင်းကို ဖျတ်ခနဲ လှမ်းကြည့်လိုက်သည်။ ရွှီချင်းက ကျင့်ကြံနေဆဲဖြစ်သည်ကို သူ အာရုံခံမိလိုက်ပြီးနောက် ဖြည်းဖြည်းချင်း အရှိန်လျော့လိုက်ပြီး မှော်သင်္ဘောနှင့် အဝေးသို့ သွားလိုက်သည်။ သူက လက်ကို ခပ်သွက်သွက်ဝှေ့ယမ်းလိုက်ရာ အမြင်အာရုံကို ပိတ်ပင်တားဆီးသည့် အကာအကွယ်အလွှာတစ်ခု ပေါ်လာသည်။

ထိုအခါမှသာ လက်ထဲရှိ သံသေတ္တာလေးကု သူ ကြည့်လိုက်သည်။

ရွှီချင်းကို သူ မလိမ်ခဲ့ပေ။ သူ အမှန်တကယ်ပင် ဆန္ဒမွန်သေတ္တာသုံးခုကို ဖွင့်ခဲ့ပါသော်လည်း သူ မပြောပြခဲ့သည့်ကိစ္စတစ်ခုရှိသည်။ ယင်းမှာ ပထမဆန္ဒမွန်သေတ္တာထဲတွင် ရှေးဟောင်းဝါးပေလွှာတစ်ခု ရှိနေခဲ့ခြင်း ဖြစ်သည်။

ထိုရှေးဟောင်းဝါးပေလွှာသက်သက်သာဆိုပါက အဖိုးမတန်ပါသော်လည်း ထိုဝါးပေလွှာထဲတွင် ရှေးဘုရင်များနှင့် အရှင်သခင်များအကြောင်း မှတ်တမ်းတင်ထားသည်။

ရှေးဘုရင်များ၊ အရှင်သခင်များနှင့် ပတ်သက်ဆက်နွှယ်သည့် မည်သည့်ပစ္စည်းမဆို ကြောက်ခမန်းလိလိ အဖိုးတန်သည်။ ထိုဝါးပေလွှာလေးက ရှေးဘုရင်သုံးဦးအကြောင်းကို မှတ်သားထား၏။

ယင်းမှတ်သားချက်မှာ ဖော်ပြချက်လေးတစ်ခုသာ ဖြစ်ပါသော်လည်း ပထမတောင်ထိပ်မှ လူငယ်မှာ အလွန် သဘောကျသွားခဲ့ရသည်။ အထူးသဖြင့် ရှေးဘုရင်ရွှမ်ယုံအကြောင်း ဖော်ပြချက်မှာ သူ့ဦးနှောက်ထဲ စွဲမြဲနေပြီး ဘုရင်ရွှမ်ယုံက သူ့ဘဝတစ်လျှောက် ကဗျာများထဲတွင် လျှို့ဝှက်ချက်များ သိုဝှက်ရသည်ကို သဘောကျနှစ်ခြိုက်ကြောင်း သူ သိခဲ့ရသည်။

ယင်းအချက်ကြောင့် သူ အလွန် အားကျသွားခဲ့ရ၏။

ပထမတောင်ထိပ်မှ လူငယ်လေးသည် အသက်ပြင်းပြင်းရှူသွင်းလိုက်ပြီး ရွှီချင်းက ဂရုမစိုက်နေဘဲ ပတ်ဝန်းကျင်လည်း ငြိမ်သက်နေကြောင်း အတည်ပြုပြီးနောက် လက်နှစ်ဖက်ကို ပွတ်လိုက်သည်။ ထို့နောက် သူ့နဖူးကို ရိုက်ကာ သူ့ဗိုက်ကို အကြိမ်အနည်းငယ် ပုတ်လိုက်သည်။

သူက ပူဇော်နည်းတစ်မျိုး လုပ်နေသည့်အလားပင်၊ မျက်လုံးများကိုပင် သူ မှိတ်ထား၏။ အမွှေးတိုင်တစ်တိုင် လောင်ကျွမ်းစာအချိန်ကြာပြီးနောက် သူ့မျက်လုံးများ ဆတ်ခနဲ ပွင့်လာပြီး စူးရှသောအလင်းများ ဝင်းလက်သွားသည်။ သူ ချက်ချင်းပင် သေတ္တာကို ကလော်ထုတ်လိုက်သည်။

ချပ်ခနဲ အသံမြည်သွားသည်။

မူလက အပေါက်များ မရှိခဲ့သော သံသေတ္တာလေးမှာ သေတ္တာအစစ်တစ်လုံးအလား ချက်ချင်း ပွင့်သွားပြီး လက်သည်းခွံအရွယ် ကျောက်စိမ်းပုလင်းလေး ပေါ်လာသည်။

ကျောက်စိမ်းပုလင်းမှာ အနက်ရောင်အစက်အပျောက်များ ရှိနေပြီး ရှေးဆန်သော အငွေ့အသက်များ ထုတ်လွှတ်နေသည်။ ယင်းပုလင်းထဲတွင် ဆေးရည်အနည်းငယ် ရှိနေ၏။ ဘေးတွင်လည်း ရှေးဟောင်းကျောက်စိမ်းပေလွှာတစ်ခု ရှိသည်။

ယင်းမြင်ကွင်းကြောင့် ပထမတောင်ထိပ်လူငယ်မှာ စိတ်လှုပ်ရှားသွားပြီး ရင်ခုန်နှုန်း မြန်ဆန်သွားသည်။

နှစ်ပေါင်းများစွာတစ်လျှောက် ပထမသေတ္တာလေးထဲမှ ရှေးဟောင်းဝါးပေလွှာကို ရခဲ့သည်မှလွဲ၍ တခြားသေတ္တာနှစ်ခုမှ အသုံးမဝင်သော ပစ္စည်းများသာ သူ ရခဲ့ရပြီး ယခု ရှေးဟောင်းကျောက်စိမ်းပေလွှာအပြင် ဆေးရည်များ ပါဝင်နေဟန်တူသည့် ပုလင်းလေးတစ်လုံးကိုပါ မြင်လိုက်ရသောအခါတွင် သူ ပျော်ရွှင်မြူးထူးသွားရပေသည်။

“ ငါ ထောပြီကွ ”

သူ ခပ်တိုးတိုးရေရွတ်လိုက်ရင်း ရုတ်တရက် သတိထားသွားသည်။ ယခုအခါတွင် သူက သာမန်အတိုင်း စကားပြောနေပြီဖြစ်ကြောင်း ခံစားလိုက်ရသည်။ ထို့ကြောင့် သူ ချက်ချင်း သတိထားသွားပြီး စကားလုံးများကို အလျင်အမြန် ပြောင်းလဲလိုက်သည်။

“ ပင်လယ်ထဲက ဆိုးဝါးတဲ့ဘဝဟာ အချည်းနီး မဖြစ်ခဲ့ပေဘူး။ အမှောင်ညတွေ ကျော်လွန်လို့ ထိပ်ဆုံးကို ငါ တက်မယ် ”

ထပ်မံ၍ ခပ်တိုးတိုးရေရွတ်ပြီးနောက် သူ စိတ်သက်သာရာရသွားသည်။ ပုလင်းလေးကို သူ ဖွင့်ကြည့်ရန် မထိန်းနိုင်တော့ပေ။ သူ လှည့်ပတ်ကြည့်ရှုပြီးနောက် ပုလင်းလေးကို အလျင်အမြန် ဖွင့်လိုက်ပြီး ရှူကြည့်လိုက်သည်။

ယင်းပစ္စည်းသည် သေချာထုတ်ပိုးထားပြီးသား ဖြစ်ပါသော်လည်း ဖွင့်လိုက်ပြီးနောက် ညှီစို့စို့အနံ့ ရှိနေသေးသည်။

ပထမတောင်ထိပ်လူငယ်မှာ ထိုအရည်က မည်သည့်အရာဖြစ်မှန်း မသိပါသော်လည်း ထိုအနံ့သည်ပင် သူ့စိတ်ကို လန်းဆန်းသွားစေသည်။ သို့ဖြစ်ပေရာ ထိုပုလင်းထဲရှိ အရည်တွင် ဆေးစွမ်းသတ္တိများ ရှိနေရပေမည်။

“ ကျောက်စိမ်းနဂါးဝိညာဉ်ရဲ့ မဟာအခွင့်အရေးကြီးကို ငါ ကြုံကြိုက်လိုက်ရပြီဟေ့ ”

သို့သော်လည်း ထိုအရည်ကို သူ တစ်ခါတည်း မသောက်ဝံ့ပေ။ သူက စိတ်တက်ကြွနေသည့်အမူအရာဖြင့် ပုလင်းကို နောက်တစ်ခေါက် ရှူကြည့်လိုက်ပြီးနောက် ပြန်ပိတ်ကာ သေတ္တာထဲရှိ ရှေးဟောင်းဝါးပေလွှာကလေးကို ကြည့်လိုက်သည်။

ထို့နောက် ဝါးပေလွှာလေးကို ယူ၍ အလျင်အမြန် စစ်ဆေးကြည့်လိုက်သည်။ မကြာခင် ဝါးပေလွှာထဲမှ အချက်အလက်များ သူ့ခေါင်းထဲပေါ်လာသည်။

“ ကံကြမ္မာချင်းရေစက်ဆုံသူရေ … ကျန်းခန့်သာလို့ မာပါစေလို့ ကျွန်ုပ်ဆန္ဒပြုပါတယ် ”

“ ရှေးဟောင်းရွှမ်ယုံခေတ်မှာ ကျွန်ုပ်ကို ဖွားမြင်ခဲ့ပြီးတော့ ရှေးဘုရင်ရဲ့ နည်းနိဿယတွေကို ကျွန်ုပ် ကျင့်ကြံခဲ့ပါတယ်။ အခုချိန်ထိ နတ်ဘုရားကြီး ရှိနေသေးလား ကျွန်ုပ် သိချင်မိတယ်။ ဒီသေတ္တာက ရတနာတွေ သိုလှောင်ဖို့ ဆိုပေမဲ့ ကျွန်ုပ် ရွံရှာစက်ဆုပ်မိတယ် ”

“ ကျွန်ုပ်ရတနာကတော့ ကျွန်ုပ်ရဲ့ သွေးမျိုးဆက်ပါပဲ။ ရှာဖွေတွေ့ရှိသူက အမျိုးသမီးတစ်ဦးဖြစ်ဖို့ ကျွန်ုပ် မျှော်လင့်ပါတယ်။ အဲဒါမှသာ ကျွန်ုပ်ရဲ့ မျိုးဆက်ကို ဖွားမြင်ပေးနိုင်မှာပါ ”

“ ကံကြမ္မာချင်း ရေစက်ဆုံသူရေ … ကျွန်ုပ်ကို ကျေးဇူးမတင်ပါနဲ့။ နှုတ်ဆက်လိုက်ပါတယ် ”

All Chapters