ဘာရလိုက်တုံး
Vol. 15 Ch. 221
ပထမတောင်ထိပ်မှလူငယ် ဆွံ့အသွားသည်။
ယင်းအမွေအနှစ်မှာ မဆိုးလှဟု သူ ခံစားမိလိုက်ပြီး ကဗျာများဖြင့် သီဖွဲ့ပြောဆိုရန် ပြင်လိုက်သည်။ သု့ိသော်လည်း ကျောက်စိမ်းပေလွှာထဲမှ စာသားကြောင့် သူ အနည်းငယ် စိတ်ရှုပ်ထွေးသွားရပြီး တစ်လုံးချင်း ဖတ်ကြည့်လိုက်သည်။
သို့သော်လည်း သူ အနည်းငယ် ဇဝေဇဝါဖြစ်သွားရမြဲပင်။ နောက်တစ်ခေါက် ဂရုတစိုက် ဖတ်ကြည့်ပြီးနောက် သူ ဘာမှမပြောနိုင်အောင် ဖြစ်သွားရသည်။
“ မျိုးဆက်ကို မွေးပေးရမယ်၊ ဘာကြီးတုန်း။ ဘာလု့ိ ချင်အဲ့ ဖြစ်နေရတာတုံး။ ချင်အဲ့ဆိုတာ အမျိုးသမီးတွေကို ပြောတာမလား ”
ခဏအကြာ ပုလင်းလေးကို သူ ကြည့်လိုက်သည်။ ရုတ်တရက် တစ်စုံတစ်ခုကို သူ တွေးလိုက်မိပြီး သူ့မျက်လုံးများ ပြူးကျယ်သွားသည်။
“ ဒါဆိုရင် …”
မကြာသေးခင်က သူ ရှူရှိုက်ခဲ့မိသည်ကို ပြန်တွေးမိလိုက်ပြီး အီလည်လည်ခံစားလာရသည်။ သူ အံတင်းတင်းကြိတ်၍ ခပ်တိုးတိုးဆိုလိုက်၏။
“ ဒါကြီးကတော့ လွန်တယ်ကွာ ”
သူ ပုလင်းလေးကို အလိုလိုလွှင့်ပစ်ချင်လာပါသော်လည်း လွှင့်မပစ်နိုင်အောင် ဖြစ်နေသည်။ ယင်းမှာ ရှေးဘုရင်တစ်ပိုင်း၏ သွေးမျိုးဆက်ဖြစ်ကောင်းဖြစ်နေနိုင်ကြောင်း သူ့ကိုယ်သူ စိတ်ဖြေသိမ့်လိုက်သည်။ ထို့ကြောင့် ပုလင်းလေးကို လက်ထဲကိုင်ထားရင်း အမျိုးသားများ မလုပ်နိုင်သည့်အရာက မည်သည့်အရာဖြစ်မည်ကို တွေးကာ အလွန် စိတ်ရှုပ်ထွေးသွားသည်။
တချိန်တည်းမှာပင် ခပ်လှမ်းလှမ်းရှိ မှော်သင်္ဘောပေါ်တွင် ရွှီချင်း၏ မျက်လုံးများ ပွင့်လာပြီး သူ့နောက်မှ ဓားကြီးပေါ်ရှိ ပထမတောင်ထိပ်လူငယ်ကို ကြည့်လိုက်သည်။ ပထမတောင်ထိပ်လူငယ်မှာ ဆန္ဒမွန်သေတ္တာကို ဖောက်ပြီးသွားပြီဖြစ်ကြောင်း သူ ခန့်မှန်းမိလိုက်ပြီး သိချင်စိတ်ပြင်းပြသွားသည်။
“ ဘာရလိုက်တုံး ”
ရွှီချင်းက မေးလိုက်သည်။
ဓားကြီးပတ်လည်ရှိ အကာအကွယ်အလွှာ လွင့်ပျယ်သွားပြီး ပထမတောင်ထိပ်လူငယ် ပေါ်လာသည်။ သူ့မျက်နှာမှာ မြင်မကောင်းအောင် ရှုံ့မဲ့နေပြီး သူ့နှာခေါင်းကို သန့်ရှင်းနေသည့်အလား လေထဲသို့ တဟူးဟူး မှုတ်ထုတ်နေသည်။
နှာခေါင်းပေါက်များထဲသို့ ဓမ္မစွမ်းအားများပင် သူ သွတ်သွင်းလိုက်သည်။ အချိန်အတော်ကြာပြီးမှသာ သူ့အမူအရာက အနည်းငယ် ပုံမှန်ပြန်ဖြစ်လာသည်။ သူသည် ကောင်းကင်ကြီးကို မော့ကြည့်ကာ စကားမဆိုတော့ပေ။ ဆန္ဒမွန်သေတ္တာကိုမူ သူ သိမ်းဆည်းထားလိုက်ပြီ ဖြစ်သည်။
ထိုအခြင်းအရာကိုမြင်၍ ရွှီချင်း ခန့်မှန်းမိလိုက်ပြီး အကြည့်လွှဲကာ နောက်ထပ်စကားမဆိုတော့ပေ။
အချိန်များ ထပ်မံကုန်လွန်သွားသည်။ သူတို့နှစ်ယောက်သည် ချီရွှဲ့ထုံဂိုဏ်းနှင့် နီးကပ်သည်ထက် နီးကပ်လာပြီး ထိုငှက်မွေးဓမ္မအသုံးအဆောင်အကြောင်းကိုလည်း သူ အနည်းငယ် နားလည်လာသည်။
ထိုပစ္စည်း၏ စွမ်းရည်မှာ အမြန်နှုန်း ဖြစ်သည်။
ထိုပစ္စည်းကို အသက်သွင်းလိုက်သည်နှင့် ကျင့်ကြံသူကို အဆပေါင်းများစွာ မြန်ဆန်သွားစေမည်ဖြစ်သည်။ သို့သော်လည်း ခန္ဓာကိုယ် တောင်းဆိုချက် အလွန်မြင့်မားသည်။
ဘေးပတ်လည်တွင် အပြင်လူတစ်ယောက် ရှိနေ၍ ထိုပစ္စည်းကု ရွှီချင်း မစမ်းသပ်ပေ။ သို့သော်လည်း ထိုပစ္စည်းကို အာရုံခံကြည့်ပြီးနောက် အသက်သွင်းလိုက်သည်နှင့် သူ၏အမြန်နှုန်းက ကြောက်ခမန်းလိလိအဆင့်အထိ ရောက်သွားမည်မှာ သေချာသည်။
“ ဒီပစ္စည်းနဲ့ အကျွမ်းတဝင်ဖြစ်အောင် စမ်းသပ်ကြည့်ဖို့ နေရာရှာရမယ် ”
ရွှီချင်းသည် ခပ်တိုးတိုးရေရွတ်လိုက်ရင်း အဝေးရှ သတ္တမမြောက်တောင်ထိပ်မှ မှော်သင်္ဘောကို သတိထားမိလိုက်သည်။
သတ္တမမြောက်တောင်ထိပ်မှ မှော်သင်္ဘောပေါ်လာသည်နှင့် တစ်ပြိုင်နက် ဆန္ဒမွန်သေတ္တာဖွင့်ပြီးကတည်းက မှိုင်တွေငေးမောနေခဲ့သော ပထမတောင်ထိပ်လူငယ်မှာ ချက်ချင်း ခေါင်းမော့လာပြီး လက်ချောင်းများကို ချိုးလိုက်သည်။ ထို့နောက် တာအိုဝတ်ရုံအသစ်တစ်ထည်ကို ဆင်မြန်းလိုက်၏။
သူ့လှုပ်ရှားမှုများသည် အလွန် ကျင်လည်သွက်လက်နေပြီး ကြိမ်ဖန်များစွာ လေ့ကျင့်ထားခဲ့သည့်အလားပင်။ သူ၏မျက်နှာအမူအရာသည်လည်း ရေခဲအသွင် ပြောင်းလဲသွားသည့်အလား အေးစက်စက်ဖြစ်သွားသည်။
သူ့ကိုယ်ပေါ်မှာလည်း ဓားချီအငွေ့အသက်အနည်းအကျဉ်း ပေါ်လာသည်။ ဓားချီများက သူ့ကို ဝန်းရံလှည့်ပတ်သွားရာ သူ့ဆံပင်ရှည်များ တဖျပ်ဖျပ်လွင့်သွားသည်။ အပြင်လူများသာ မြင်လျှင် သူသည် ထူးခြားသော လူတစ်ယောက်ဖြစ်ကြောင်း တွေးထင်မိလိုက်ကြမည်သာ ဖြစ်သည်။
သတ္တမမြောက်တောင်ထိပ်မှ မှော်သင်္ဘော ထွက်သွားသောအခါမှသာ ပထမတောင်ထိပ်လူငယ်မှာ စိတ်ဓာတ်ကျနေသည့်အသွင် ပြန်ဖြစ်သွားသည်။
အဝတ်အစားများကို မြန်ဆန်သွက်လက်စွာလဲကာ ပြောင်းလဲသွားသည့် သူ့အမူအရာများကြောင့် ရွှီချင်းမှာ တစ်မျိုးတမြည်ဖြစ်သွားရသည်။
သို့သော်လည်း အချိန်ကြာလာသည်နှင့်အမျှ လမ်းတစ်လျှောက်တွင် ချီရွှဲ့ထုံဂိုဏ်းသားများကို တွေ့လာရပြီး ထိုသို့ တွေ့လိုက်သည့်အခါတိုင်း ပြောင်းလဲသွားသော ထိုလူငယ်၏ အမူအရာများကို ရွှီချင်း တဖြည်းဖြည်း အသားကျလာသည်။ ကျင်းကန်းဂိုဏ်းစောင့်ဘိုးဘိုးက ထိုအခွင့်အရေးကို အမိအရ ဖမ်းဆုပ်ကာ ရွှီချင်းအား အသံလွှင့်ပြောလိုက်သည်။
“ သခင်လေး၊ အဲဒီကလေးက သူ့ပုံရိပ်က သိပ်အလေးထားမှန်း သိသာတယ်။ ကျွန်တော်မျိုးတို့ အဲဒီလိုလူတစ်ယောက်ကို မသတ်တာကောင်းမယ်လို့ ထင်တယ်။ သူ့အကျင့်စရိုက်ကို အသုံးချပြီး ကျွန်တော်မျိုးအတွက် သူ့ကို ခိုင်းလို့ရတယ် ”
“ ဥပမာ အရေးကြုံလာရင် သခင်လေး သူ့ကို နည်းနည်းလောက် မြှောက်ပင့်ပေးလိုက်ပါ။ ကျွန်တော်မျိုး ဖတ်ခဲ့ရတဲ့ ရှေးဟောင်းစာအုပ်တွေထဲမှာဆိုရင် အဲဒီလိုလူမျိုးတွေက နာမည်ကြီးဖု့ိဆိုရင် အသားတောင်အနာခံမယ့်သူတွေပါ ”
“ ပြီးတော့ သူက နာမည်ကြီးဖု့ိ သိပ်အလေးထားတာကို စောစောကတည်းက ကျနော် ရိပ်မိခဲ့ပါတယ်။ အဲဒါကြောင့် ကျွန်တော်မျိုး မန္တန်တစ်ခုစီရင်ပြီး လမ်းမှာ သူ့ရဲ့ ဆိုးဆိုးဝါးဝါးပုံစံတွေအားလုံးကို မှတ်သားထားခဲ့ပါတယ်။ ပြီးတော့ သူ လူလိုသူလို စကားပြောတာကိုလည်း မှတ်သားထားပါတယ်။ အဲဒါက အသုံးဝင်မလား၊ မဝင်လား မသိပေမဲ့ အနည်းဆုံးတော့ သူ့စရိုက်ကို ဖျက်ဆီးဖု့ိ နည်းလမ်းတစ်ခု ဖြစ်မှာပါ ”
“ နောက်ကျအခွင့်သင့်ရင် သခင်လေးအနေနဲ့ အဲဒီကလေးကို အခုထက်ပိုပြီး အရှက်ရအောင် အခြေအနေတွေ ဖန်တီးလို့ရတယ်။ ဥပမာ သူ့ကို ညစ်တီးညစ်ပတ်တွေ လုပ်ခိုင်းတာမျိုး၊ ဒူးထောက်တောင်းပန်ခိုင်းတာမျိုးလိုတွေ လုပ်ခိုင်းလို့ရပါတယ်။ ကျွန်တော်မျိုးတို့ လိုအပ်လာရင် အသုံးချဖို့ အဲဒီသူ့ပုံတွေအားလုံး သိမ်းထားပါ့မယ် ”
ကျင်းကန်းဂိုဏ်းစောင့်ဘိုးဘိုးက အလျင်အမြန် ပြောလိုက်သည်။ သူက သူမည်မျှ အသုံးမဝင်ကြောင်း မပြောဘဲ အကြံပေးစကားများဆိုခြင်းဖြင့် သူ့တန်ဖိုးကို ပါးပါးလေး လှစ်ဟပြသလေသည်။
“ သခင်လေး၊ ကျွန်တော်မျိုး နှေးကွေးနေလို့ အပြစ်ပေးပါ။ သခင်လေးအတွက်တော့ ဒီလိုကိစ္စလေးတွေက ချက်ချင်း တွေးမိနိုင်တာတွေပါ။ ဒါပေမဲ့ ဒီလိုမျိုးတွေကို တွေးမိအောင် အချိန်အကြာကြီး စဉ်းစားလိုက်ရပါတယ်။ သခင်လေး၊ ကျွန်တော်မျိုးကို အပြစ်ပေးပါ။ ကျွန်တော်မျိုးက တုံးအလွန်းသလို သခင်လေးထက် ပါရမီက နည်းပါတယ် ”
“ သခင်လေး၊ ကျွန်တော်မျိုးကို နောက်ထပ်အခွင့်အရေးပေးပါ။ နောက်ကျရင် အခုလို အသေးအမွှားကိစ္စတွေကို ကျနော်မျိုး သေချာပေါက် ကိုင်တွယ်လိုက်ပါ့မယ်။ အဲဒီ ညစ်ပတ်စုတ်ပြတ်တဲ့ကိစ္စတွေကို ကျနော်မျိုးလက်ထဲ လွှဲလိုက်ပါ။ ယုံလင်းကျစ်ဆိုတဲ့ ကျနော်မျိုး သခင်လေး စိတ်မပျက်ရအောင် အကောင်းဆုံး လုပ်ပါ့မယ် ”
ရွှီချင်းက ဘေးရှိ သံတုတ်နက်လေးကို လှမ်းကြည့်လိုက်ပြီး တည်ငြိမ်စွာ ပြောလိုက်သည်။
“ သုံးလပြည့်ခါနီးပြီ။ မင်းကို နောက်ထပ်တစ်လ ပေးလိုက်မယ်။ အရိပ်၊ မင်းလည်း အတူတူပဲ ”
ကျင်းကန်းဂိုဏ်းစောင့်ဘိုးဘိုးမှာ ချက်ချင်းပင် စိတ်လှုပ်ရှားသွားရပြီး အရိပ်ကို သာမန်ကာလျှံကာ လှမ်းကြည့်ဟန်ဆောင်လိုက်သည်။ အရိပ်မှာမူ တုန်ရီသွားရပြး ချက်ချင်း ပြန့်ကားသွားသည်။ ထို့နောက် ၎င်းက ပင်လယ်ထဲဆင်းသွားပြီး ဓာတ်နှောများကို အရူးအမူး စုပ်ယူလိုက်သည်။
ရွှီချင်းသည် သူတို့နှစ်ယောက်ကို လှမ်းကြည့်လိုက်ပါသော်လည်း ဘာမှမဆိုပေ။ ထို့နောက် မျက်လုံးများကို မှိတ်လိုက်ပြီး သက်ရှည်အတတ်ကို ကျင့်ကြံလိုက်သည်။
အချိန်များကုန်လွန်သွားပြီး မြင်ကွင်းထဲ ချီရွှဲ့ထုံဂိုဏ်းဆိပ်ကမ်း ပေါ်လာသည်။ လှေများနှင့် သင်္ဘောများစွာကို သူတို့ ကြုံတွေ့လာရသောအခါတွင် ပထမတောင်ထိပ်လူငယ်သည် စိုးရိမ်ပူပန်စိတ်များကို ဘေးဖယ်လိုက်ဟန်တူပြီး ဆုံးဖြတ်ချက်ချလိုက်ဟန်ဖြင့် မတ်တတ်ရပ်ကာ တချိန်လုံး အထီးကျန်သူရဲကောင်းတစ်ယောက်အသွင်ဖြင့် နေလေသည်။
ယခင်ကကဲ့သို့ ရွှီချင်း၏ အေးစက်စက်အကြည့်ကို သူ စိုးရိမ်ကြောက်လန့်နေဟန်မတူတော့ပေ။ သူက ရွှီချင်းကိုပင် အကြိမ်အနည်းငယ် စိုက်ကြည့်ကာ တည်ငြိမ်စွာ ပြောလိုက်သည်။
“ မြို့နတ်ဘုရားကျောင်းတော်ရှေ့က တိမ်စိုင်တွေလို ကျင့်ကြံသူတွေဆိုတာ သေမျိုးတွေပါပဲ ”
ထိုစကားကို ရွှီချင်း ကြားသောအခါ ဘေးရှိ သံတုတ်ကို ကိုင်လိုက်သည်။ ကျင်းကန်းဂိုဏ်းစောင့်ဘိုးဘိုးသည်လည်း ပါးနပ်ပြီး ပထမတောင်ထိပ်လူငယ်ကို ရက်စက်ကြမ်းကြုတ်စွာ ကြည့်လိုက်သည်။
ပထမတောင်ထိပ်လူငယ် ချောင်းတဟွတ်ဟွတ် ဆိုးသွားသည်။ ထိုကလေးငယ်က သူ့စကားကို နားမလည်ကြောင်း သူ သိလိုက်ပြီး သူသည်လည်း ရှင်းပြချင်စိတ်မရှိပေ။ သူက ကျောက်စိမ်းပေလွှာကို ထုတ်၍ ရေးထွင်းလိုက်သည်။ ထို့နောက် ထိုကျောက်စိမ်းပေလွှာထဲတွင် သူ ပြောချင်သည့်စကားများ ရှိသည့်အလား ရွှီချင်းထံ ပစ်ပေးလိုက်သည်။
ရွှီချင်း မျက်မှောင်ကြုတ်သွားပြီး ကျောက်စိမ်းပေလွှာကို ဖမ်းယူလိုက်ရာ ထိုလူငယ် ပြောချင်သည့်စကားများ သူ့ခေါင်းထဲ ပေါ်လာသည်။
“ ညီလေး၊ ငါတို့နှစ်ယောက်က ရင်းနှီးတယ်လို့ ယူဆလို့ရတယ်။ ငါက ပထမတောင်ထိပ်က နဝမမြောက်မင်းသား ဝူကျန်းဝူပါ။ ငါတု့ိနှစ်ယောက်က တိုက်ခိုက်ပြီးတော့ ရင်းနှီးလာခဲ့ကြတယ်။ ငါတို့နှစ်ယောက်လုံး တစ်ဂိုဏ်းတည်းသားချင်းတွေပဲ။ မင်းလူသတ်ငွေ့တွေက ပြင်းလွန်းတယ်လို့ ငါ ထင်တယ်။ ငါတို့ အသက်သေတဲ့အထိ တိုက်ခိုက်ဖို့ မလိုပါဘူး ”
“ ဒါပေမဲ့ အပြင်ဘက်မှာ ဒီလိုမျိုး ရက်စက်ကြမ်းကြုတ်တာက မကောင်းဘူးနော်။ အရင်တုန်းက တတိယမြောက်တောင်ထိပ်က အဓိကဂိုဏ်းသား ဂိုဏ်းတူအစ်ကိုချန်က အဆင့်တက်သွားပေမဲ့ ရက်စက်ကြမ်းကြုတ်လွန်းလို့ ပျောက်သွားတယ်လို့ ငါ ကြားတယ်။ နှစ်တွေ ဒီလောက်ကြာတာတောင် လူသတ်သမားကို ရှာမတွေ့သေးဘူး ”
“ ပြီးတော့ ဆဋ္ဌမမြောက်တောင်သခင်ရဲ့သားကလည်း မင်းလို ရက်စက်ကြမ်းကြုတ်တာပဲ။ သူလည်း ပျောက်သွားတယ် ”
“ ဒီတော့ မင်းလည်း မင်းကိုယ်မင်း ဆန်းစစ်ကြည့်ဖို့ ငါ အကြံပေးချင်တယ် ”
ဓားကြီးပေါ်တွင် ရပ်နေသော ပထမတောင်ထိပ်မှ လူငယ် ဝူကျန်းဝူက ရွှီချင်းကို လှမ်းကြည့်လိုက်သည်။ ကျောက်စိမ်းပေလွှာကို ရွှီချင်း ကြည့်နေသည့်အခိုက်မှာပင် သူ လှစ်ခနဲ ပြေးထွက်သွားသည်။ သူ့တစ်ကိုယ်လုံး သွေးနီရောင်အလင်းတန်းအသွင် ပြောင်းလဲသွားပြီး ကောင်းကင်ယံသို့ လွင့်ပျံသွားသည်။ သူ့ခြေထောက်အောက်တွင် ဓားကြီးက သိသိသာသာ ပေါ်လွင်နေ၏။
သူသည် ထူးခြားသော လူတစ်ယောက်အသွင် ရှိပြီး ရွှီချင်း၏မှော်သင်္ဘောနှင့် အဝေးသို့ ချက်ချင်း ရောက်သွားသည်။ သူက ချီရွှဲ့ထုံဂိုဏ်းမှ ပထမတောင်ထိပ်သို့ တန်းတန်းမတ်မတ် ပျံသန်းသွားလိုက်သည်။
“ သာမန်လောကကို ဝင်စားပြီး တိမ်ပင်လယ်ကို ဆွတ်ခူးလို့ တန်ခိုးရှင်ဖြစ်ခဲ့လေရဲ့ ”
သူသည် ပျံသန်းနေရင်း ကြည်လင်ပြတ်သားသောလေသံဖြင့် ဆိုလိုက်ရာ အရပ်မျက်နှာအနှံ့ လွင့်ပျံသွားပြီး လူများစွာ၏ အာရုံစိုက်ခြင်း ခံလိုက်ရသည်။
ထိုလူများ၏ အမြင်၌ ကြက်သွေးရောင်တာအိုဝတ်ရုံကို ဝတ်ဆင်ထားပြီး ဆံပင်များ တဖျပ်ဖျပ်လွင့်နေသည့် ပထမတောင်ထိပ်၏ ကောင်းကင်လက်ရွေးစင်မှာ တန်ခိုးရှင်တစ်ပါးအလားပင်။
ရွှီချင်းသည် အေးတိအေးစက်ကြည့်လိုက်ပါသော်လည်း ထိုလူငယ်၏ လှည့်ကွက်အသေးစားကို စိတ်မဝင်စားဘဲ ဂိုဏ်းနှင့် နီးကပ်လာသည်နှင့်အမျှ သူ့အပြုအမူများကို ထိန်းသိမ်းလာခဲ့သည်။
သူက အကြည့်လွှဲလိုက်ပြီး မှော်သင်္ဘောကို ထိန်းချုပ်၍ ချီရွှဲ့ထုံဂိုဏ်းဆိပ်ကမ်းသို့ တန်းတန်းမတ်မတ်သွားလိုက်သည်။ သူ အနီးသို့ ရောက်သည့်အခိုက် သူ့ခန္ဓာကိုယ်ပေါ်မှ အသက်ဆက်အဆောင်အမှတ်အသားက ခပ်ဖျော့ဖျော့ဝင်းလက်သွားပြီး အလျင်အမြန် ပျောက်ကွယ်လာသည်။
ချီရွှဲ့ထုံဂိုဏ်းဆိပ်ကမ်းပေါ်သို့ သူ လုံးလုံးလျားလျား ခြေချလိုက်သောအခါတွင် သူ့ကိုယ်ပေါ်မှ ကမ္ပည်းစာများ ပျောက်ကွယ်သွားလေသည်။
ရွှီချင်း စိတ်သက်သာရာရသွားပြီး ပထမတောင်ထိပ်သို့ ပျံသန်းသွားပြီဖြစ်သော ဝူကျန်းဝူကို သူ လှမ်းကြည့်လိုက်သည်။ ထို့နောက် မှော်သင်္ဘောကို သိမ်းဆည်းကာ လေထဲသို့ ပျံတက်လိုက်ပြီး သတ္တမမြောက်တောင်ထိပ်သို့ ပျံသန်းသွားသည်။ မကြာခင် သတ္တမမြောက်တောင်ထိပ်သို့ သူ ရောက်သွားပြီး သူ၏အင်မော်ဂူသို့ ပြန်သွားသည်။
ဂူဝင်ပေါက်သု့ိ သူ ရောက်သောအခါတွင် သူ မထွက်သွားခင်ကအတိုင်း အရာအားလုံး ပုံမှန်ဖြစ်ကြောင်း စစ်ဆေးလိုက်သည်။ ထိုသို့စစ်ဆေးပြီးသောအခါမှသာ ဂူတံခါးကို ဖွင့်၍ အထဲသို့ ဝင်သွားသည်။ ထို့နောက် ဂူတံခါးကို ပြန်ပိတ်လိုက်ပြီး သူ တင်ပျဉ်ခွေထိုင်လိုက်၏။
“ ဆိပ်ကမ်းဖွင့်ဖို့ ဝိညာဉ်ကျောက်တုံးဘယ်နှတုံးလိုလဲ ငါ သိမှဖြစ်မယ်။ ပြီးတော့ တောင်ပေါ်မှာနေရတာကလည်း အဆင်မပြေဘူး။ မှော်သင်္ဘောပေါ်မှာ နေတာကမှ ပိုပြီး သက်သောင့်သက်သာ ဖြစ်သေးတယ် ”
ရွှီချင်းက စဉ်းစားတွေးတောပြီးနောက် သူ ဝတ်ဆင်ထားသည့် ခရမ်းရောင်တာအိုဝတ်ရုံကို ကြည့်ကာ ခေါင်းဆောင်နှင့် ကျန်းစန်းတို့၏ မီးခိုးရောင်တာအိုဝတ်ရုံကို တွေးမိလိုက်သည်။ ထို့နောက် သူ ဆုံးဖြတ်ချက်အနည်းငယ် ချလိုက်သည်။
သူက ဂူအလယ်ရှိ ကျောက်စိမ်းပြားကို လှည့်ကြည့်လိုက်သည်။ ဂူထဲသို့ သူ ရောက်ကတည်းက ထိုကျောက်စိမ်းပြားက ခပ်ဖျော့ဖျော့ဝင်းလက်နေသည်။
ထိုကျောက်စိမ်းပြားသည် ဂူထဲရှိ မန္တန်အစီအရင်ကြီး၏ ဗဟိုချက်ဖြစ်သည်။ ထိုနေရာတွင် ဝိညာဉ်ကျောက်တုံးများကို အစားထိုးသွင်းနိုင်ပြီး ယင်းတွင် မှတ်သားနိုင်သည့်စနစ်တစ်ခုလည်း ရှိသည်။
ရွှီချင်းက လျှောက်သွားပြီး ကျောက်စိမ်းပြားပေါ်သို့ ဖိချလိုက်သည်။ ရုတ်တရက် သူ့ခေါင်းထဲ သတင်းအချက်အလက်များ စီးဝင်လာသည်။ ယင်းသည် သူ ပြန်မရောက်သည့်အတောအတွင်း သူနှင့် တွေ့ခွင့်ရရန် တောင်းဆိုထားသည့် လူများကို မှတ်သားထားသည်။
ယင်းလူများအနက် ဟွမ်ရန်က တစ်ကြိမ် တောင်းဆိုထားပြီး ကျိုးချင်ဖုန်းက တစ်ကြိမ် တောင်းဆိုထားကာ တင်းရွှယ်က သုံးကြိမ် တောင်းဆိုထားသည်။ ကူးမုချင်းက နှစ်ကြိမ် တောင်းဆိုထားသည်။ ထို့ပြင် တွေ့ခွင့်ရရန် တောင်းဆိုထားဆုံး နှစ်ယောက် ရှိသေးသည်။
တစ်ယောက်က လူဆိုးထိန်းဌာနမှူးဖြစ်ပြီး သူက နှစ်ဆယ့်သုံးကြိမ် တောင်းဆိုထားသည်။ တခြားတစ်ယောက်က လူဆိုးထိန်းဌာန၏ အမှတ်ခြောက်အသင်းဝင်ဖြစ်ပြီး သူ တင်ပြထားသည့်နာမည်မှာ လူအလေး ဖြစ်သည်။
လူအလေးက သူနှင့် တွေ့ခွင့်ရရန် လေးဆယ့်တစ်ကြိမ် တောင်းဆိုထားသည်။
သို့ဖြစ်ပေရာ သူက နေ့တိုင်း တွေ့ခွင့်ရရန် လာတောင်းဆိုထားသည့် သဘောပင်။
ရွှီချင်းက ထိုမှတ်တမ်းများကို ကြည့်လိုက်ပြီး လူအလေးအား ကယ်ခဲ့သည့်အကြောင်းကို တွေးမိလိုက်သည်။ လူအလေးမှာ အလွန် အသက်ပြင်းပြီး အသက်ရှင်သွားခဲ့ပြီဖြစ်သည်မှာ သေချာပေသည်။
ရွှီချင်း စစ်ဆေးနေစဉ် ကျောက်စိမ်းပြားက ရုတ်တရက် လင်းလက်သွားပြန်သည်။ နောက်ထပ်မှတ်တမ်းတစ်ခု ပေါ်လာပြီး ယင်းမှာ လူအလေးပင်။
အပြင်လူများအနေဖြင့် တောင်ပေါ်မှ ဂိုဏ်းသားများထံ သွားလည်ရန် ခွင့်တောင်းရမည်ဖြစ်ပြီး အထူးသဖြင့် သာမန်ဂိုဏ်းသားများပင်။ ရွှီချင်းသည် အတန်ငယ် တွေးတောပြီးနောက် ထိုတောင်းဆိုချက်ကို လက်ခံလိုက်သည်။
မကြာခင် ပိန်ပိန်ပါးပါး လူရိပ်လေးတစ်ရိပ်သည် မန္တန်အစီအရင်ကြီး၏ လမ်းညွှန်ပြသခြင်းနောက်တွင် ရွှီချင်း၏ ဂူရှေ့သို့ ရောက်လာသည်။ ရွှီချင်းက ဂူတံခါးကို ဖွင့်၍ အပြင်သို့ ထွက်လာသည်။
“ ဘာကိစ္စလဲ ”
ရွှီချင်းသည် သူ့အနား မကပ်ဝံ့ဘဲ ဖြစ်နေသော လူအလေးကို ကြည့်၍ မေးမြန်းလိုက်သည်။
လူအလေး၏ အဝတ်အစားများက ဟောင်းနွမ်းနေပြီး သူ့ကိုယ်ပေါ်မှ ဒဏ်ရာများက သက်သာပျောက်ကင်းသွားသည်မှာ ကြာပြီဖြစ်သည်။ ထို့ပြင် သူ့တစ်ကိုယ်လုံးမှ ပို၍ အေးစက်သော အငွေ့အသက်များ ထွက်ပေါ်နေပေရာ သေရေးရှင်ရေးအခြေအနေအောက်တွင် သူ ကောင်းစွာ ကြီးပြင်းလာခဲ့လေပြီ။
ရွှီချင်း၏အကြည့်ကြောင့် လူအလေး တုန်ရီသွားသည်။ သူက တံဆိပ်ပြားကို ထုတ်၍ ဘေးတွင် လေးစားစွာ ချထားလိုက်သည်။ ပြီးသည်နှင့် ခြေလှမ်းအနည်းငယ် နောက်ဆုတ်ကာ ရွှီချင်းကို မျက်နှာသေးသေးလေးအား မော့၍ ကြည့်လိုက်သည်။ ရုတ်တရက် သူက ဒူးထောက်ချလိုက်ပြီး ကြိမ်ဖန်များစွာ ကန်တော့လိုက်သည်။
သူ့နဖူးတွင် သွေးများစို့လာသောအခါမှသာ သူ မတ်တတ်ရပ်လိုက်ပြီး ချက်ချင်း တောင်အောက်သို့ ဆင်းပြေးသွားသည်။
ရွှီချင်းက လူအလေး ထွက်သွားသည်ကို ကြည့်နေလိုက်သည်။ ထို့နောက် ညာလက်ကို မြှောက်၍ ဖမ်းဆုပ်ဟန်ပြုလိုက်ရာ မြေပြင်ပေါ်မှ တံဆိပ်ပြား ပျံသန်းလာသည်။ ယင်းတံဆိပ်ပြားသည် ဂိုဏ်းတံဆိပ်ပြား မဟုတ်ဘဲ သိုလှောင်တံဆိပ်ပြားဖြစ်သည်။
ဆိပ်ကမ်းနှင့် အလွန် ရင်းနှီးနေသော ရွှီချင်းမှာ ထိုတံဆိပ်ပြားအကြောင်းကို ကောင်းစွာ သိထားသည်။
ချီရွှဲ့ထုံဂိုဏ်း၏ ဆိပ်ကမ်းတစ်ဝက်ကို သတ္တမမြောက်တောင်ထိပ်ဂိုဏ်းသားများက အသုံးချကြပြီး ကျန်တစ်ဝက်ကို အပြင်လောကမှ အသုံးချသည်။ အများအားဖြင့် ဆိပ်ကမ်းတွင် ဝင်ထွက်သွားလာနေကြသော မှော်လှေများနှင့် မှော်သင်္ဘောများစွာရှိပြီး ပင်လယ်ဓားပြသင်္ဘောများလည်း ထိုအထဲတွင် ပါဝင်သည်။
ထိုတခြားလှေများကို ချီရွှဲ့ထုံဂိုဏ်း၏ မှော်လှေများကဲ့သို့ သိမ်းဆည်း၍ မရပေ။ ၎င်းတို့ ဆိုက်ကပ်ရန်နှင့် သိမ်းဆည်းရန် လိုအပ်သည်။ ယင်းတံဆိပ်ပြားသည် လှေများကို ထုတ်ယူခွင့်ပြုသည့် သက်သေခံပစ္စည်းဖြစ်သည်။
လူတစ်ယောက်က လှေများကို ထုတ်ယူရန်လာသည့်အခါ ချီရွှဲ့ထုံဂိုဏ်းက တံဆိပ်ပြားများကိုသာ စစ်ဆေးသည်။
လူအလေးသည် ယခင်တစ်ခေါက်က ရာဇဝတ်ကောင်များကို ပို့ရာတွင် ရွှီချင်းက သဘောမကျကြောင်း သိလိုက်ရပြီးနောက် ယခုတစ်ခေါက်တွင် လူမရေမတွက်နိုင်အောင် သတ်ဖြတ်ကာ ရွှီချင်းအတွက် ထိုတံဆိပ်ပြားကို အရယူခဲ့ခြင်း ဖြစ်သည်။
ယခုတစ်ကြိမ်၌ ထိုတံဆိပ်ပြားကို ရွှီချင်း လက်ခံလိုက်၏။