လောင်းကစားပြိုင်ပွဲ၏ အထွတ်အထိပ်
Vol. 17 Ch. 241
မြို့တော်သည် ဧကရာဇ် နေခဲ့သော နေရာဖြစ်ပြီး တရုတ်နိုင်ငံ၏ အဓိက မြို့တော်ကြီးလည်း ဖြစ်သည်။
မြေဈေးကို ဘေးချိတ်ထားလျင်တောင်မှ မြို့တော်၏ ဒုတိယမြို့ပတ်လမ်းမှ မြေသည် ထူးခြားသော အမှတ်သညာ သင်္ကေတ ဖြစ်လေသည်။ တရုတ်နိုင်ငံ၏ အထင်ကရ အဆောက်အုံနှင့် ဂုဏ်သိက္ခာတို့က ဒုတိယမြို့ပတ်လမ်းတွင် ရှိသည်ဟု ဆိုနိုင်ပေသည်။ ၎င်းမှမြေသည် ဧကရာဇ်၏ နန်းဆောင်နှင့်ပင် တူညီလေ၏။
ဂျပန်နိုင်ငံက ထိုသို့ အဖိုးတန်သော မြေနေရာကို အရယူရန် ပစ်မှတ်ထားနေပါတကား။
ထိုသို့ ထူးခြားသော အမှတ်သညာရှိသည့် မြေကို ပိုင်သွားလျင် ဘာဖြစ်သွားမည်နည်း။ တရုတ်နိုင်ငံ၏ အဖိုးတန်ဆုံးသောမြေကို ဂျပန်နိုင်ငံအား ပေးလိုက်သည်နှင့် အတူတူပင်။
ဝမ်ယွမ်၏ မျက်နှာအမူအရာက သုန်မှုန်လာပြီး ဘာမှမပြောချေ။
“ဟေ့ မင်းကလည်း မြို့တော်ရဲ့ မြေကို ရဖို့ ကြိုးစားချင်တာလား၊ ဆုတောင်းနေလိုက်”
စနောက်သလို ပြောလိုက်သည့်အသံက လူတိုင်း၏ အာရုံကို ဖမ်းစားသွားသည်။ မီယာကို၏ လှပသော မျက်ဝန်းများက ရဲ့လင်းချန်အား အေးတိအေးစက် လှမ်းကြည့်လာသည်။
“ဟေ့ အလှလေး၊ မင်းက စိတ်ဆိုးနေတဲ့အချိန်ဆို ချစ်စရာလေးပဲ၊ ငါ့ကို WeChat မှာ အပ်ပေးလို့ ရမလား၊ ငါတို့ အချင်းချင်း ရင်းနှီးလာနိုင်တာပေါ့”
ရဲ့လင်းချန်က မီယာကိုကို တည့်တည့်ကြည့်၍ ပြုံးကာ ပြောလိုက်သည်။
“နင်လည်း ဒီကို လောင်းကစားလုပ်ဖို့ လာတာလား”
မီယာကို၏ အမူအရာက စက္ကန့်ပိုင်းအတွင်း ပိုအေးစက်လာပြီး တည်ငြိမ်စွာ ပြန်ပြောလာသည်။
“ဟုတ်တယ်”
ရဲ့လင်းချန် ခေါင်းညိတ်လိုက်သည်။
“အခု ငါတို့နှစ်ယောက်ပဲ တိုကင်ပြား ကျန်တော့တာ၊ ငါ မင်းနဲ့ ပရောပရည် လုပ်ဖို့ပဲ ဒီကို လာတယ်လို့ ထင်နေတာလား”
မီယာကိုက မျက်တောင် တဖျတ်ဖျတ်ခတ်၍ ရဲ့လင်းချန်ကို စိုက်ကြည့်နေသည်။
ကာစီနိုထဲသို့ ဝင်လာကတည်းက သူမ လူတိုင်းကို သတိဖြင့် ကြည့်ခဲ့သည်။ ယင်းက ကျွမ်းကျင်သော လောင်းကစားသမား တစ်ယောက်၏ အခြေခံ အရည်အသွေးပင်။
အမှန်အတိုင်း ပြောရလျင် ရဲ့လင်းချန်ကို သူမ လုံးဝ စိတ်မဝင်စားမိပါ။ သူက အလွန် သာမန်ကျလွန်းပြီး ငယ်ရွယ်လွန်းသည်။
လူငယ်မျိုးဆက်အတွင်း၌ မည်သူကမှ သူမ၏ လေးစားမှုနှင့် မထိုက်တန်ဟု မီယာကို တွေးတောခဲ့သည်။
“နင်က ဒီအထိ ရှင်သန်နိုင်အောင် လုပ်နိုင်ခဲ့တာပဲ၊ နင့်ဆရာက ဘယ်သူလဲ”
မီယာကို မေးလိုက်သည်။
ရဲ့လင်းချန်တွင် သူမကဲ့သို့ ဆရာတစ်ယောက် ရှိကိုရှိလိမ့်မည်ဟု သူမ ထင်နေသည်။ သို့မဟုတ်ပါက သူ ထိုမျှကြာအောင် နေနိုင်မည် မဟုတ်ပါ။
“ငါ့ဆရာရဲ့ မျိုးရိုးနာမည်က လောင်၊ နောက်နာမည်က ကုန်း”
ရဲ့လင်းချန်က လေးနက်သော အမူအရာကို ထိန်း၍ ခပ်သွက်သွက် ဖြေလိုက်သည်။
“လောင်ကုန်းလား”
[ဒီမှာ ရဲ့လင်းချန် ပြောလိုက်တဲ့ လောင်ကုန်းက ခင်ပွန်းဆိုတဲ့ တရုတ် အသံထွက် လောင်ကုန်းကို ပြောတာပါ၊ မီယာကိုက ဂျပန်သူမို့လို့ တမင် စလိုက်တာပါ]
မီယာကိုသည် ထိုနာမည်က ထူးဆန်းသည်ဟု ခံစားလိုက်မိသည်။ သို့သော် သူမ သိပ်များများစားစား မတွေးမိပါ။ ထိုအစား သူမက သရော်လိုက်သည်။
“ငါ သူ့အကြောင်း မကြားဖူးဘူး၊ နင့်ဆရာက မှတ်ထားဖို့ မတန်ဘူးနဲ့တူတယ်၊ နင် မပြောနဲ့ သူ ဒီမှာ ရှိရင်တောင်မှ ငါနဲ့ ယှဉ်နိုင်မှာ မဟုတ်ဘူး”
“သူနဲ့ ပြိုင်ဖို့ စီစဉ်ချင်ရင် လွယ်လွယ်လေးပါ၊ မင်း လုပ်ဖို့ လိုတာဆိုလို့ သူ့နာမည်ကို ခဏခဏ အော်ခေါ်ရုံပဲ၊ သူ့ဘာသာသူ ကိုယ်ထင်ပြလာလိမ့်မယ်”
ရဲ့လင်းချန်က ပြုံး၍ မီယာကိုကို ပြောလိုက်သည်။
“သူ့ကို နည်းနည်းလောက် အော်ခေါ်ရမယ် ဟုတ်လား၊ လောင်ကုန်း၊ လောင်ကုန်း၊ အဲ့လိုလား”
မီယာကို စမ်းခေါ်ကြည့်သည်။
“ဟုတ်တယ်၊ ဆက်ခေါ်နေ၊ မရပ်လိုက်နဲ့”
ရဲ့လင်းချန်က မျက်လုံးကို စင်း၍ အလွန့်အလွန် ကျေနပ်နေသော အမူအရာမျိုး ဖြစ်နေလေသည်။
“ခွိ”
“ဟားဟားဟား”
သူတို့ဘေးပတ်လည်မှ လူများသည် မထိန်းနိုင်တော့ဘဲ ဟားတိုက် ရယ်မောကြတော့သည်။
မရေတွက်နိုင်သော မျက်လုံးများက ရဲ့လင်းချန်အား လေးစားစွာ ကြည့်နေကြသည်။
*ဒါက မိုက်တယ်ကွာ၊ လောင်းကစားဘုရင်ရဲ့ တပည့်ကို စရဲရတယ်လို့၊ ကြောက်စရာပဲ၊ တကယ် ကြောက်ဖို့ ကောင်းတယ်*
“နင်ကများ ငါ့ကို နောက်ပြောင်ရဲသလား”
မီယာကို သတိထားမိသွားလေသည်။ သူမအကြည့်က ကျောချမ်းစရာ ကောင်းလှသော အကြည့်သို့ ပြောင်းလဲ သွားပြီး ရဲ့လင်းချန်အား စေ့စေ့ကြည့်နေ၏။ ထိုအခိုက်တွင် သူမက မယုံနိုင်လောက်အောင် ပြင်းထန်သော အရှိန်အဝါကို ထုတ်ဖော်နေသည်။
“နင် သေချင်နေတာပဲ”
“ဟူး … မိန်းမတွေကို တကယ်ကို မှန်းရအခက်ဆုံး သက်ရှိပဲ၊ ခုနကပဲ မင်းက ငါ့ကို ယောက်ျားရေလို့ ခေါ်နေပြီး အခု စက္ကန့်ပိုင်းလေး အတွင်းမှာ ငါ့ကို သတ်ဖို့ ပြောနေပြီ၊ ငါတို့ အရင်က ခံစားချက်ကို နည်းနည်းလေးတောင် ထည့်မတွေးဘူးပဲ”
ရဲ့လင်းချန်က မီယာကို၏ ဒေါသကို လုံးဝ မခံစားမိဟန်ဖြင့် တစ်ကိုယ်တည်း ပြောနေသည်။
“ဟွန့်”
မီယာကိုက မကျေနပ်သံ ပြုလာပြီး ဒေါသထွက်နေသော အမူအရာမှနေ၍ တဖြည်းဖြည်း တည်ငြိမ်လာသည်။ ထို့နောက် သူမက ရဲ့လင်းချန်ကို နောက်ပြောင်ဟန်ဖြင့် ကြည့်လိုက်သည်။
“တရုတ်နိုင်ငံက ဒီမြေကို ဂျပန်က ယူမယ်၊ နင် ငါ့ကို နိုင်နိုင်ချေကို အသာထားလိုက်ဦး၊ ငါ နင့်နဲ့ ပြိုင်လောင်းဖို့ ငြင်းရင် ငါ ပထမနေရာကို အေးအေးဆေးဆေး ရမှာပဲ၊ ငါနဲ့ ပြိုင်ရအောင် နင့်မှာ ဘာရှိလို့လဲ”
မီယာကို၏ စကားက ရဲ့လင်းချန်၏ မျက်ခုံးကို ကြုံ့သွားစေသည်။
“နင် ငါနဲ့ လောင်းချင်တယ်ဆိုရင် ရတယ်၊ ဒါပေမဲ့ ငါ နောက်ထပ် အခြေအနေတစ်ခုကို ထပ်ထည့်မယ်”
မီယာကို၏ အပြုံးက အေးစက်လာသည်။
“နင် ရှုံးရင် ငါ့ကျွန် ဖြစ်လာပြီးတော့ တစ်သက်လုံး ငါ့ဆီမှာ အမှုထမ်းရမယ်”
သူမ ချလာသော အကွက်က အလွန် ရက်စက်လှသည်။ ရဲ့လင်းချန်က သူမကို စနောက်ခဲ့သော်လည်း သူမက သူ့ကို သူမကျွန်ဖြစ်စေချင်ပြီး ထိုနောက်ပြောင်မှုအတွက် တစ်ဘဝလုံး ကျွန်ခံစေချင်ခဲ့သည်။
“ဆရာရဲ့၊ ဒါ … ခင်ဗျား သဘောတူလိုက်လို့ မဖြစ်ဘူး”
လုထျန်းရှုံးနှင့် လုဟောင်တို့က သူ့ကို တိတ်တဆိတ် သတိပေးလာပြီး သူတို့မျက်နှာတွင် မလိုလားစိတ်နှင့် ဒေါသစိတ်တို့ ပေါ်လွင်နေ၏။
*ဒါက ပေါ်တင် စော်ကားတာပဲ*
“ရတယ်”
ရဲ့လင်းချန်က တစ်စက္ကန့်ကလေးမျှ မစဉ်းစားဘဲ သဘောတူလိုက်သဖြင့် လူတိုင်း အံ့ဩသွားကြသည်။ သူက ပြုံး၍ ပြောလိုက်သည်။
“ဒီမိန်းမလှလေးက ငါ့ကို နေ့တိုင်း မြင်ဖို့ တမ်းတနေမှတော့ ငါ စိတ်ပျက်အောင် လုပ်လို့ ဘယ်ဖြစ်မလဲ၊ ဒါပေမဲ့ မင်း ရှုံးရင်တော့ မင်းကို ငါ့အိမ်အကူ ဖြစ်စေချင်တယ်”
“ရတယ်လေ”
မီယာကိုကလည်း တွေဝေမနေဘဲ ပြန်ဖြေလိုက်သည်။ သူမကိုယ်သူမ ရှုံးလိမ့်မည်ဟု သူမ တစ်ခါမှ တွေးမထားပါ။
သူတို့ဘေးမှ လူများ မှင်တက်နေကြသည်။ ကိစ္စများက ဤသို့ ဖြစ်လာလိမ့်မည်ဟု မည်သူမှ ထင်မထားမိပေ။
“အဲ့ကောင်လေး ရူးနေတာပဲ”
ကျင်းဟမ်က ခေါင်းခါလေသည်။
“မီယာကိုက ဘယ်လောက် ကြောက်စရာကောင်းလဲ သူ မသိဘူး၊ ဒီစိတ်ကြီးဝင်နေတဲ့ ကောင်လေးက တကယ် သတ္တိကောင်းတာပဲ”
သူ့ဘေးမှ နိုင်ငံခြားသား ကျွမ်းကျင်သူတောင်မှ ရှုံးသွားရသဖြင့် ရဲ့လင်းချန်က ဘာများ ပိုလုပ်နိုင်မည်နည်း။
“သူ့ထိုက်နဲ့ သူ့ကံပဲ”
ဝေ့ဟုန်က ရဲ့လင်းချန် သူ့ကို ပြုတ်သွားအောင် လုပ်ခဲ့သည့်အပေါ် ယခုအထိ မကျေမနပ် ဖြစ်နေဆဲပင်။
“အဲ့ကောင်က အရမ်း ပမာမခန့် လုပ်တာပဲ၊ ဒီတစ်ခါတော့ သူ ဝါးနိုင်တာထက် ပိုကိုက်လိုက်တာပဲ”
ကျန်လူများအားလုံး ခေါင်းခါနေကြလေသည်။ အလားအလာ အများကြီး ရှိသည့် ဤသို့သော လူငယ်လေး ဖြစ်သော်လည်း ယနေ့တွင် သူ့ဘဝက အဆုံးသတ်သွားလောက်သည်။
လုထျန်းရှုံးတစ်ယောက် မချိပြုံးသာ ပြုံးနေရသည်။ ဆရာရဲ့၏ အကျင့်စရိုက်ကို သူ သိပါသည်။ ယင်းက သူ့သွေးထဲ လည်ပတ်နေသော မာနတရားပင်။ ထင်ထားသည့်အတိုင်းပင် သူက ထိုသို့သော လောင်းကစားကို သဘောတူ လိုက်လေသည်။
“နင် ဘာကို အကျွမ်းဆုံးလဲ၊ နင် ရွေးလိုက်”
မီယာကိုက အေးအေးလူလူ ပြောလာသည်။
“မင်း ရွေးသင့်တယ်၊ ဘာပဲဖြစ်ဖြစ် မကြာခင် မင်းက ငါ့အစေခံ ဖြစ်လာတော့မှာပဲကို၊ ဒါ မင်းရဲ့ နောက်ဆုံး ကိုယ်ပိုင် ဆုံးဖြတ်ချက် ဖြစ်လာမှာ”
ရဲ့လင်းချန်က အပြုံးနှင့် ပြောလိုက်သည်။
ရဲ့လင်းချန်၏ စကားက လူအုပ်ကြီးကို ထပ်မံ၍ မှင်တက်သွားစေသည်။
*ဒီလိုအချိန်မျိုးမှာတောင်မှ ဒီလူက လေကျယ်နေသေးတာပဲ၊ လူငယ်တွေက တကယ်ကို အတင့်ရဲပြီး စိတ်ကြီးဝင်တတ်တာပဲ*
“ဟင်းဟင်း ဒါကို နင် ပြောတာနော်”
မီယာကိုက ရဲ့လင်းချန် အတင့်ရဲနေသည်ကို စိတ်အနှောင့်အယှက် အဖြစ်မခံတော့ပါ၊ လက်ရှိတွင် သူမစိတ်ထဲ၌ တွေးနေသည့် တစ်ခုတည်းသော အရာက ရဲ့လင်းချန်ကို မြန်မြန် အနိုင်ယူ၍ သူ ပြောခဲ့သော စကားများအတွက် နောင်တရအောင် လုပ်ချင်လိုခြင်းပင်။
သူမက ချက်ချင်း ဆုံးဖြတ်လိုက်သည်။
“ငါတို့ အရိုးရှင်းဆုံး နည်းလမ်းဖြစ်တဲ့ အံစာတုံး ခေါက်နည်းနဲ့ လောင်းကစား လုပ်ကြတာပေါ့”
သူမ ပြော၍ ပြီးသည်နှင့် တစ်စုံတစ်ယောက်က ချက်ချင်း အံစာတုံးခွက် အသစ်နှစ်ခွက်ကို သယ်လာပေး၏။
ထိုအံစာတုံးခွက်များသည် သာမန် အံစာတုံးခွက်များနှင့် မတူချေ။ ၎င်းတို့က သာမန်ထက် သုံးဆ ပိုကြီးသည်။ ထို့အပြင် တစ်ခုချင်းစီတွင် သုံး သို့မဟုတ် ခြောက် ရှိသည့် အံစာတုံးများ မဟုတ်ချေ။ တစ်ခွက်ချင်းစီတွင် အံစာတုံးက နံပါတ် နှစ်ဆယ့်လေးခု ပါရှိလေသည်။
“ကောင်းကင်ဘုရင် အံစာတုံးပါလား”
လူအုပ်ထဲမှ အချို့လူများသည် ၎င်းအံစာတုံး ကစားနည်း၏ နာမည်ကို သတိထားမိသွားပြီး တအံ့တဩ ရေရွတ်လာပြီး လေးနက်သော အမူအရာများ ဖြစ်သွားလေသည်။
ကောင်းကင်ဘုရင် အံစာတုံးနှင့် သာမန် အံစာတုံးများကြားတွင် မတူသော အချက်မှာ အံစာတုံး ခေါက်ရသည့က အဆတစ်ရာမက ပိုခက်သွားခြင်းပင်။ အန်စာတုံးခွက်၏ အရွယ်အစား၊ အလေးချိန်နှင့် အံစာတုံး အရေအတွက်က ပုံမှန် မဟုတ်ပါ။ အန်စာတုံး နှစ်ဆယ့်လေးခုလုံးကို တစ်ပြိုင်တည်း ခေါက်ရန်အတွက် လူတစ်ယောက်သည် အတော်လေး အားစိုက်၍ ထိန်းချုပ်ရသည်။ ယင်းက အန်စာတုံး လောက၏ အကန့်အသတ်သို့ ရောက်နေသဖြင့် ကောင်းကင်ဘုရင် အံစာတုံးဟု ခေါ်တွင်ခြင်း ဖြစ်သည်ဟု ဆိုကြသည်။
မီယာကိုက ကောင်းကင်ဘုရင် အံစာတုံးကို ရွေးလိမ့်မည်ဟု ဘယ်သူမှ ထင်မထားမိပါ။
လူတစ်ယောက်သည် ကြိုးစားအားထုတ်၍ မလေ့ကျင့်ထားလျင် ယင်းကို ထိတွေ့ကစားသည့် မည်သူမဆို ရှုံးရန် သေချာပေါက် နီးပါးပင်။
၎င်းက မီယာကို၏ အားသာချက်မှန်း သိသာလှသည်။ ရဲ့လင်းချန်ကမူ … ကောင်းကင်ဘုရင် အံစာတုံးကို ခေါက်ရန် မဆိုထားနှင့် ဘာမှန်းပင် သိမည် မဟုတ်ပါ။
“ဒီတစ်ခါတော့ အဲ့ကောင်လေး တကယ် ဒုက္ခရောက်ပြီ …”
လူအုပ်ထဲမှ တစ်ချို့က မှတ်ချက် ပြုလေသည်။
ဤလူများထဲတွင် အများစုက တရုတ်နိုင်ငံသားများ ဖြစ်ကြသည်။ သူတို့က ရဲ့လင်းချန်အပေါ် အနည်းနှင့်အများ ဆိုသလို ဘက်လိုက်ချင်ကြသည်။ သူတို့က မချိတင်ကဲ ရယ်၍ ခေါင်းသာ ခါနေလေ၏။