← Chapters

ဟော်ရန်ကျားအတွက် ပွဲဦးထွက်ပွဲ

Vol. 17 Ch. 243

ဟော်ရန်ကျားအတွက် ပွဲဦးထွက်ပွဲ

Vol. 17 Ch. 243

တိတ်ဆိတ်ခြင်းက ကြီးစိုးလာလေ၏။

မီယာကို၏ အံစာတုံးတစ်ခုကို နှစ်ခုအဖြစ် ခွဲလိုက်ခြင်းနှင့် ယှဉ်လိုက်လျင် ရဲ့လင်းချန်၏ အခြေအနေအား လူတိုင်း၏ အတွေးကို ဗလာဖြစ်စေသည့် ဆန်းကြယ်မှုဟု သတ်မှတ်ရပေမည်။

*မီယာကို … ရှုံးသွားတာပေါ့*

“ဆ…ဆ…ဆရာရဲ့ နိုင်သွားတာလား”

လုဟောင်သည် အိပ်မက်ကမ္ဘာထဲ၌ ပိတ်မိနေသကဲ့သို့ မှင်တက်ကာ တစ်ကိုယ်တည်း ရေရွတ်နေသည်။

သူ့အသံက တော်တော်များများကို အသိပြန်ဝင်လာစေသည်။ ချက်ချင်းဆိုသလိုပင် ခန်းမတစ်ခုလုံး ဆူညံ ပွက်လောရိုက် သွားတော့သည်။

“ဒါ တကယ်ကြီးလား ဒါမှမဟုတ် ငါ့မျက်လုံးတွေက လှည့်စားနေတာလား”

“အမြင်မှားတာ၊ ဒါ ထင်ယောင်ထင်မှား ဖြစ်တာပဲ ဖြစ်ရမယ်”

“အား … ငါ့မျက်လုံးတွေ၊ ငါ့မျက်လုံးတွေ ကန်းသွားပြီ ထင်တယ်”

“ဒါ အိပ်မက်သက်သက်ပဲ၊ ဒါ မယုံနိုင်ဘူး၊ ဝတ္ထုဆိုရင်တောင်မှ ဒီလိုမျိုး မရေးသင့်ဘူးလေ”

အားပေးသံများ ဆက်လက် ထွက်ပေါ်လာပြီး အသံများက ခန်းမတွင်း၌ ဆူနာမီလှိုင်းသဖွယ် ရိုက်ခတ်လာ၏။

“နင် ဒါကို ဘယ်လိုလုပ်လိုက်တာလဲ”

မီယာကို၏ မျက်နှာတွင် သွေးမရှိသကဲ့သို့ ဖြစ်နေသည်။ သူမက ရဲ့လင်းချန်ကို ငေးငိုင်၍ ကြည့်ကာ မေးလာ လေသည်။

“ဒါ မင်း မေးသင့်တဲ့ မေးခွန်းလား၊ ငါ့ကို သခင်လို့ အရင်ခေါ်”

ရဲ့လင်းချန်က မီယာကိုကို ပြုံး၍ ပြောလိုက်သည်။

“နင် စည်းကျော်လာပြီ”

မီယာကို၏ မျက်လုံးအိမ် ကျဉ်းမြောင်းလာပြီး ရဲ့လင်းချန်ကို စူးစိုက်ကြည့်ကာ လက်နှစ်ဖက်ကို ကျစ်ကျစ် ပါအောင် ဆုပ်ထားသည်။

“အခုမှာ ဘာလဲ၊ မင်းက မင်းစကားကို ပြန်ရုတ်သိမ်းမလို့လား”

ရဲ့လင်းချန်ကို နှုတ်ခမ်းကို တင်းနေအောင် စေ့လိုက်သည်။

“ဒါမှမဟုတ် မင်း ငါတို့ အလောင်းအစားကို မေ့သွားတာလား”

ဂျပန်နိုင်ငံမှ လူများအတွက် သူ လုံးဝ အပြစ်ရှိသလို မခံစားမိပါ။ ထို့အပြင် သူတို့က တရုတ်နိုင်ငံ၏ မြေကို အရယူရန် ကြိုးစားခဲ့သည်။ သူတို့ကို သူ ရှုံးစေချင်ပြီး ပြန်လည်၍ ပေးဆပ်စေချင်၏။

မီယာကို၏ မျက်နှာတွင် အလွန် ခါးသီး၍ ရုန်းကန်နေရသော အမူအရာ ပေါ်လာသည်။ လောင်းကစားက လောင်းကစားပင်။ ယင်းက လောင်းကစားသမားတစ်ဦး ဖြစ်သည့် သူမ၏ အခြေခံ စည်းမျဉ်းပင်။

သူမသည် ငယ်စဉ်ကတည်းက လောင်းကစားပညာကို သင်ယူခဲ့သည်။ လောင်းကစား၏ အခြေခံ အကျဆုံး စည်းမျဉ်းများမှ စတင်၍ သူမ အလုံးစုံကို တင်းတင်းကျပ်ကျပ် လိုက်နာခဲ့သည်။ သူမကိုယ်တိုင်အတွက် နာမည်တစ်ခုကို တည်ဆောက်ခဲ့ပြီး သူမ၏ ဂုဏ်သိက္ခာကို အစွမ်းကုန် ကာကွယ်ခဲ့ပါသည်။

“သ…သ…သခင်”

မီယာကို အံကြိတ်ထားရာမှ ဖျစ်ညှစ်၍ ခေါ်လိုက်သည်။

သူမက သူ့ကို သခင်ဟု တကယ် ခေါ်လိုက်ပါတကား။

သူတို့ဘေးပတ်လည်မှ လူတိုင်း၏ စိတ်ထဲတွင် ထိတ်လန့်မှုများ စိုးမိုးလာသည်။ ဤမြင်ကွင်းက မယုံနိုင်စရာ ကောင်းလှပြီး ကြောက်စရာ ကောင်းပေသည်။

*မီယာကိုက လောင်းကစားဘုရင်ရဲ့ တပည့်လေ၊ ဒါပေမဲ့ အခု သူက … တစ်ခြားသူတစ်ယောက်ရဲ … အစေခံ ဖြစ်သွားတာလား*

သူတို့ ကိုယ်တိုင်ကိုယ်ကျ မတွေ့ခဲ့ရလျင် စိတ်ကူးထဲ၌ပင် တွေးမိမည် မဟုတ်ပေ။

“မဆိုးဘူး”

ရဲ့လင်းချန်က အားရကျေနပ်စွာ ခေါင်းညိတ်လေသည်။

“အခု မင်းက ငါ့အစေခံ ဖြစ်သွားပြီဆိုတော့ မင်း အဲ့ကီမိုနိုကို စွန့်လွှတ်လိုက်သင့်ပြီ၊ ရယ်ချင်စရာ ကောင်းတယ်၊ သွားလဲလိုက်”

မကြာခင်မှာပင် ရဲ့လင်းချန်က မီယာကိုအတွက် တရုတ်ရိုးရာဝတ်စုံတစ်ထည်ကို ရွေးပေးလေသည်။

“ထင်တဲ့အတိုင်းပဲ၊ အဝတ်အစားနဲ့ ပတ်သတ်လာရင် တရုတ်နိုင်ငံက ပိုပြီး စတိုင်ကျတယ်၊ မင်းရဲ့ ကီမိုနိုက အရမ်း ရှုပ်ထွေးလွန်းတယ်”

ရဲ့လင်းချန်က ဖဲ့လေသည်။ သူ့အကြည့်က မီယာကိုကို အလွန် အနေရခက်စေပြီး သူမစိတ်ထဲ၌ အမုန်းတရားတို့ ကြီးထွားလာစေ၏။

“ဆရာရဲ့၊ ဒါတွေက ခင်ဗျား နိုင်သွားတဲ့ တိုကင်ပြားတွေပါ၊ စုစုပေါင်း ယွမ် ၄၆၅,၀၀၀,၀၀၀ ပါ”

လုဟောင်းက ပြုံး၍ ပြောလိုက်ပြီး တိုကင်ပြားအားလုံးနှင့် လဲလာသော ငွေသားထည့်ထားသည့် ATM ကဒ်ကို ရဲ့လင်းချန်အား လှမ်းပေးလေသည်။

“သန်းလေးရာပဲလား”

ရဲ့လင်းချန် မျက်မှောင်ကြုတ်သွားသည်။ နောက်ထပ် ၆၅ သန်းက ကာစီနိုက ဖြတ်သွားသည့်ပုံပင်။ နှမြောစရာ ပါတကား။

ယခုနှစ် လောင်းကစား ပြိုင်ပွဲက ယမန်နှစ်များထက် ပို၍ မြန်ဆန်စွာ ပြီးဆုံးသွားခဲ့သည်။ သို့သော် စိတ်လှုပ်ရှားမှုနှင့် နောက်ဆက်တွဲ အဖြစ်အပျက်များက လူအများအတွက် ကျောချမ်းဖွယ် ကောင်း လောက်ပေ၏။

ရဲ့လင်းချန်နှင့် အပေါင်းအပါများ ထွက်သွားသည်အထိ သူတို့အကြောင်း ပြောဆိုနေကြသည်က ရပ်မသွားချေ။ လူတိုင်း ထူးဆန်းသော လူငယ်လေး ရဲ့လင်းချန်ကို မှတ်မိနေကြပြီး ထိုမှတ်ဉာဏ်က သူတို့၏ စိတ်ထဲ၌ စွဲထင်နေလေသည်။

လူအချို့ဆိုလျင် သူသည် တဖြည်းဖြည်းနှင့် လောင်းကစားဘုရင် ဖြစ်လာလိမ့်မည်ဟုပင် ထင်ကြေးပေးကြသည်။

ထိုအခိုက်တွင် ရဲ့လင်းချန်က လုမိသားစု ပြင်ဆင်ထားသော လေယာဉ်နှင့် ထွက်ခွာနေလေပြီ။ ခရီးစဉ် တစ်လျှောက်၌ မီယာကို၏ အမူအရာက ကျေနပ်ခြင်းမရှိဘဲ ကြည့်ရဆိုးနေသည်။

“ဟေ့ … ဒါ ဘာအမူအရာကြီးလဲ”

ရဲ့လင်းချန်က မီယာကိုကို လှမ်းကြည့်သည်။

“ငါ့အတွက် ပြုံးစမ်းပါ”

မီယာကို၏ မျက်ဝန်းတွင် ရှက်စိတ်တို့ ပြည့်နှက်လာပြီး ရဲ့လင်းချန်ကို မုန်းတီးစွာ စိုက်ကြည့်၍ အတင်း ပြုံးလိုက်သည်။

“အခုမှ ပိုကောင်းသွားတယ်”

ရဲ့လင်းချန်က စိတ်အေးသော အမူအရာနှင့် ထိုင်ချလိုက်သည်။ ထို့နောက် သူက သူ့ဘေးမှ ခုံကို ပုတ်ပြပြီး မီယာကိုကို ထိုင်ခိုင်းလေသည်။

ထိုစဉ် လေယာဉ်မယ်တစ်ဦးက သစ်သီးအချို့ ယူလာသည်။ အစက ကိုယ်ပိုင် လေယာဉ်မယ်များက သူ့ဘေးမှနေ၍ ဝန်ဆောင်မှုပေးသော်လည်း ရဲ့လင်းချန်က သူတို့ကို သွားခိုင်းလိုက်သည်။ ထို့နောက် မီယာကိုအား သူ့အတွက် စပျစ်သီး ခွာခိုင်းလေသည်။

“နင် လွန်မလာနဲ့”

မီယာကို စိတ်မထိန်းနိုင်တော့ချေ။ သူမမျက်နှာက ဒေါသကြောင့် နီရဲနေသည်။

“အစေခံက အစေခံလို ပြုမူသင့်တယ်၊ ငါ့ကို ဒီလိုလေသံနဲ့ ပြောသင့်လို့လား”

ရဲ့လင်းချန် ခနဲ့လိုက်သည်။

“မှတ်ထားပါ၊ မင်း ငါနဲ့ စကားပြောတဲ့အခါတိုင်း သခင်ဆိုတဲ့ စကားကို ထည့်ပြောဖို့ လိုတယ်”

မီယာကို တစ်ဒင်္ဂမျှ အသက်ရှူရပ်သွားပြီး ဒေါသကြောင့် တုန်ယင်လာသည်။ သို့ရာတွင် ပါးစပ်ကို ပိတ်၍ ရဲ့လင်းချန်အတွက် စပျစ်သီးကို ငြိမ်ငြိမ်လေး ထိုင်ခွာနေလိုက်သည်။

အနီးအနားတွင် လုဟောင်နှင့် လုထျန်းရှုံးတို့ ထိုင်နေကြပြီး နဖူးတွင် ချွေးစို့ကာ ရင်တဒိန်းဒိန်း ခုန်နေကြသည်။

*ဆရာရဲ့ရဲ့ သတ္တိက တကယ့်ကို ပြိုင်ဘက်ကင်းပဲ၊ ငါတို့မျိုးဆက်အတွက် စံပြပါလား*

မီယာကို၏ အဆင့်အတန်းက အတော်လေး ထူးခြားသည်။ အစက ရဲ့လင်းချန်သည် နောက်ပြောင်နေရုံမျှသာ ဖြစ်ပြီး ခင်မင်မှု ရရှိရန် မီယာကိုကို လျှော်ပေးလိုက်မည်ဟု လူတိုင်း ထင်ခဲ့ကြသည်။ ရဲ့လင်းချန်က မီယာကိုကို သူ့အစေခံသဖွယ် တကယ် ဆက်ဆံလိမ့်မည်ဟု မည်သူက ထင်ထားမည်နည်း။

အကြောက်အလန့် ကင်းမဲ့သည်ဟု ဖော်ပြရုံနှင်ပင် မလုံလောက်ပေ။

သို့သော် သူတို့ ဘာမှမပြောရဲသလို မေးလည်း မမေးရဲချေ။

ဆရာရဲ့ဖြစ်စေ၊ မီယာကိုဖြစ်စေ နှစ်ယောက်လုံးက သူတို့ ရန်စ၍ တတ်နိုင်သည့် လူများ မဟုတ်ပါ။

တစ်ချိန်တည်းလိုလိုမှာပင် ဟော်ရန်ကျားနှင့် ပတ်သက်သည့် ဆွေးနွေးပြောဆိုမှုများက အွန်လိုင်းပေါ်၌ ပေါ်လာသည်။ မတူညီသော အမြင်များ စတင် ပေါ်ထွက်လာပြီး ယခုတစ်ခေါက်၌ သတင်းများက လျင်မြန်စွာ ပျံ့သွားလေသည်။

[ဒီရုပ်ရှင်က မိုက်တယ်၊ လက်ရာကောင်းဆိုတာကို ငါ့သိက္ခာနဲ့ ရင်းပြီး အာမခံရဲတယ်ကွာ]

[အပေါ်ကလူ ပြောတာကို ငါ ထောက်ခံတယ်၊ ဒီလိုကောင်းတဲ့ ရုပ်ရှင်က အဆင့်နိမ့်နိမ့်လေးပဲ ရတာ မတွေးဝံ့စရာပဲ၊ ဒီကမ္ဘာကြီးက ဘာတွေ ဖြစ်နေတာလဲ]

[မြတ်စွာဘုရား … သောက်ကျိုးနည်းကွာ … ဝိုင်ကြောင့်သာ မဟုတ်ရင် ဒီလို ကောင်းတဲ့ ရုပ်ရှင်ကို ငါ ကြည့်ခွင့် မရှိဘဲ ဖြစ်တော့မလို့၊ တော်ပြီကွာ၊ ငါ နောက်တစ်ခါ သွားကြည့်ဦးမယ်]

[ဟင့်ဟင့်ဟင့် … ဒီရုပ်ရှင်က ငါ့ကို ဇာတ်သိမ်းအထိ ငိုအောင် လုပ်တယ်၊ စွဲလမ်းဖို့ကောင်းပြီး၊ စိတ်ထိခိုက်ဖို့ ကောင်းသလို ကြည်နူးဖို့ ကောင်းတယ်၊ အရေးအကြီးဆုံးက တရုတ်ကွန်ဖူးပညာနဲ့ သူ့ကျွန်မခံစိတ်ကို ပြထားတာပဲ]

[ဟော်ရန်ကျား … ဒါက တကယ့် သမိုင်းဇာတ်ကောင် ဖြစ်နေမလား၊ တရုတ်နိုင်ငံမှာ ဒီလို အံ့ဩစရာကောင်းတဲ့ လူမျိုး ရှိခဲ့တာကို ငါ ဂုဏ်ယူတယ်]

…

ထိုဝေဖန်ချက်များက မနေ့ညကတည်းက ဘယ်ကမှန်းမသိ ပေါ်လာခဲ့၏။ ထို့အပြင် ရပ်တန့်မရနိုင်သော လှိုင်းလုံးသဖွယ် ပျံ့နှံ့လာလေသည်။ မကောင်းသတင်း ဖြန့်သူများမှလွဲ၍ ရုပ်ရှင်ကို သွားကြည့်သူများအားလုံး ကောင်းသော ဝေဖန်ချက်များ ပေးကြသည်။

အစက သူတို့ တော်တော်များများသည် ဝိုင်၏ မျက်နှာကို ထောက်၍ တရုတ်ကွန်ဖူးအတွက် သွားကြည့်ခြင်း ဖြစ်သည်။ အချို့က သိချင်စိတ်ကြောင့် သွားကြည့်ကြသည်။ ဟော်ရန်ကျား၏ အဆင့် သတ်မှတ်ချက်သည် အစက တော်တော်လေး နိမ့်နေခဲ့သည် မဟုတ်ပါလော။ သို့သော်ငြားလည်း ဤမျှ အံ့ဩစရာကောင်းလိမ့်မည်ဟု သူတို့ ထင်မထားမိပေ။

*မိုက်လိုက်တာ*

*အံ့ဩဖို့ကောင်းတယ်*

ရုပ်ရှင်တစ်ကားလုံးတွင် အလေအလွင့်ဖြစ်သည့် အခန်းများ လုံးဝ မရှိပါ။ ဇာတ်ကြောင်းက အဆက်မပြတ် တိုးနေသည်။ တရုတ်ကွန်ဖူးကိုလည်း အစမှအဆုံးတိုင် ဖော်ပြထားပြီး ကြည့်ရှုသူများအား ဇာတ်လမ်းထဲ နစ်မျောမြဲ နစ်မျောစေခဲ့သည်။

ရှောင်ကောသည် ရုပ်ရှင် ဘလော့ဂ်ဂါတစ်ဦး ဖြစ်သည်။ ပုံမှန်ဆိုလျင် သူက ရုပ်ရှင်တစ်ကားနှင့် ပတ်သက်၍ သူ့အမြင်များကို ဝေ့ပေါ်တွင် မျှဝေ၍ ရုပ်ရှင်ကားကောင်းများ၏ နာမည်ကို ညွှန်းတတ်သည်။ အချစ်ရေး၊ စိတ်ဖိစီးမှု နည်းစေခြင်း၊ ဂျပန်နိုင်ငံကို မနှစ်သက်သူများ သို့မဟုတ် အချို့သော ဂန္တဝင်ကို မှီငြမ်းထားသည့် ရုပ်ရှင်များကို သူ ညွှန်းတတ်သည်။

သို့ရာတွင် ယနေ့၌ သူသည် ရုပ်ရှင်ရုံထဲမှ ထွက်လာပြီးနောက် အတွေးထဲ နစ်မျောနေခဲ့သည်။ ထို့နောက် သူသည် “ဟော်ရန်ကျားအပေါ်သို့ အမြင်များ” ဟူသည့် ခေါင်းစဉ်တစ်ခု ရသွားလေ၏။

All Chapters