လူ့အဖွဲ့အစည်းထဲ ဝင်ရောက်လာသော မီးခိုးရောင်ဝတ်ရုံဝတ်
Vol. 15 Ch. 222
နောက်တစ်နေ့တွင် ရွှီချင်းက တံဆိပ်ပြား၏ တည်နေရာကို သွားလိုက်သည်။ ထိုနေရာတွင် ကုန်တင်သင်္ဘောလေးတစ်စီးရှိသည်။ သင်္ဘောထဲရှိ ပစ္စည်းများက မဆိုးလှပေ။ အလွန်အဖိုးတန်သည်ဟု မဆိုနိုင်သော်လည်း တန်ဖိုးရှိသေးသည်။ အရေးအကြီးဆုံးမှာ သင်္ဘောလေးထဲတွင် ဆေးပင်အပုံလိုက် မြင်လိုက်ရခြင်း ဖြစ်သည်။
ထိုနေရာကို တာဝန်ယူရသည့် ဂိုဏ်းသား၏ စေ့စပ်သေချာသောအဖြေအရ ဤသင်္ဘောကို တစ်ယောက်မှ လာမယူသည်မှာ နှစ်လကြာနေပြီ ဖြစ်သည်။
ရွှီချင်းက ဆေးပင်များကို သိမ်းဆည်းလိုက်ပြီး သူ့သတင်းပေးသမားအား ကုန်တင်သင်္ဘောကို တာဝန်ယူရန် လှမ်းခေါ်လိုက်သည်။ ထို့နောက် ဆိပ်ကမ်းဖွင့်မည့်အကြောင်းအား မေးမြန်းလိုက်၏။
“ သခင်လေး၊ ဆိပ်ကမ်းဖွင့်တဲ့အကြောင်းကို ကျမ အကုန်လုံး နားလည်သွားပါပြီ။ အခု သခင်လေးကို ကျမ တင်ပြပါ့မယ် ”
“ အသစ်ဖွင့်လိုက်တဲ့ ဆိပ်ကမ်းကို အတွင်းနဲ့ အပြင်စီးပွားရေး ဆိုပြီး ခွဲခြားထားပါတယ်။ တစ်ခုစီမှာ အကျိုးနဲ့အပြစ် ရှိပါတယ်။ အတွင်းစီးပွားရေးက အကျိုးအမြတ်အများကြီး မရဘူးဆိုပေမဲ့ သခင်လေးအနေနဲ့ သာမန်ဂိုဏ်းသားတွေနဲ့ ဆက်ဆံရေးတည်ဆောက်ရတာ လွယ်ပါတယ် ”
“ အပြင်စီးပွားရေးက အကျိုးအမြတ် အများကြီး ရပါတယ်။ ဒါပေမဲ့ ဌာနခွဲတွေအများကြီး ဆိပ်ကမ်းမှာ လာနေဖို့ လိုပါတယ်။ ဥပမာ စေလွှတ်ရေးဌာနတို့၊ ရေကြောင်းပြဌာနတို့၊ သယ်ယူပို့ဆောင်ရေးဌာနတို့လိုမျိုးတွေပါ။ ဒါပေမဲ့ ဆိပ်ကမ်းတစ်ခု တည်ဆောက်လိုက်ပြီဆိုတာနဲ့ ရိုးရိုးဆိပ်ကမ်းဖြစ်နေရင်တောင် ကုန်တင်သင်္ဘောတွေ ဝင်ထွက်သွားလာရင် အကျိုးအမြတ်က ယုံနိုင်စရာမရှိလောက်အောင် ရမှာပါ။ ပြီးတော့ ဈေးဆိုင်တွေကိုလည်း ဆိပ်ကမ်းမှာ လာဖွင့်ဖို့ ဆွဲဆောင်နိုင်သွားမှာပါ။ အဲဒါက နောက်ထပ်အကျိုးအမြတ်တစ်ခုပါ ”
သတင်းပေးသမားက ခပ်တိုးတိုးပြောလိုက်သည်။ ရွှီချင်း ပေးလိုက်သည့် တာဝန်နှင့် ပတ်သက်လာပါက သူမမှာ ပျင်းရိပျင်းတွဲ မနေဝံ့ပေ။ ပြီးခဲ့သည့်နှစ်လအတွင်း အဆက်မပြတ် စုံစမ်းရှာဖွေခဲ့ပြီး သတင်းအများစုကို ဝိညာဉ်ကြေးပြားများပင် ပေး၍ ဝယ်ခဲ့သည်။
ထို့ကြောင့် ရွှီချင်း မေးလာသောအခါတွင် ကြာရှည်စွာ စဉ်းစားမနေရဘဲ ဆိပ်ကမ်းအသစ်ဖွင့်လှစ်ခြင်းနှင့် ပတ်သက်သည့်အကြောင်းအရာအားလုံးကို မခြွင်းမချန် ပြောပြလိုက်လေသည်။
“ ဒါပေမဲ့ အဲဒီစီမံကိန်းက ကြီးပါတယ်။ ရိုးရိုးဆိပ်ကမ်းဆိုရင်တောင် အခြေခံအဆောက်အအုံ တည်ဆောက်စရိတ်တင် အနိမ့်ဆုံး ဝိညာဉ်ကျောက်တုံးသုံးသန်းလိုပါတယ်။ ဆိုင်ခန်းတွေနဲ့ တခြားလိုအပ်တာတွေပါ ပေါင်းလိုက်ရင် စုစုပေါင်း ရင်းနှီးမြှုပ်နှံစရိတ်က ဝိညာဉ်ကျောက်တုံးဆယ်သန်းအထက် ရှိပါတယ်။ ပြီးတော့ ဆိပ်ကမ်းကို လိုအပ်တိုင်း အမြဲ ပြင်ဆင်ပေးနေရပါတယ် ”
ထိုစကားကို ရွှီချင်း ကြားသောအခါ မျက်နှာအမူအရာ ပြောင်းလဲမသွားပါသော်လည်း စိတ်ထဲတွင် တုန်ခါသွားသည်။ မူလက သူ့ကိုယ်သူ ချမ်းသာနေပြီဟု သူ ထင်ထားခဲ့သည်။ အဏ္ဏဝါရုပ်အလောင်းမျိုးနွယ်ဝင်၏ သိုလှောင်အိတ်ထဲတွင် ဝိညာဉ်ကျောက်တုံး သိန်းဂဏန်းခန့် ရှိသည် မဟုတ်ပါလား။
သို့သော်လည်း သတင်းပေးသမား၏ စကားများကို ကြားသောအခါ ရွှီချင်း ငြိမ်ကျသွားရသည်။
“ ဒါပေမဲ့ နောက်ဆုံး အကျိုးအမြတ်က မယုံနိုင်လောက်အောင် ကြီးပါတယ်။ ကျမတို့ ချီရွှဲ့ထုံဂိုဏ်းဆိပ်ကမ်းက လှေတွေ ဝင်နိုင်၊ ထွက်နိုင်တာနဲ့ ပတ်သက်ပြီး အကန့်အသတ်ရှိပါတယ်။ ဒီအတောအတွင်း လှေတွေအဝင်အထွက်ကို ကျမ စုံစမ်းကြည့်တာတော့ ချီရွှဲ့ထုံဂိုဏ်းကို ဝင်တဲ့ လှေသုံးဆယ်ရာခိုင်နှုန်းက နေ့တိုင်း အပြင်မှာ စီတန်းနေရတာပါ ”
“ ဒီတော့ ကျမတို့ ဆိပ်ကမ်းအသစ်ဖွင့်လိုက်တာနဲ့ ကုန်တင်သင်္ဘောတွေ အဝင်၊ အထွက်မရှိမှာ မပူရပါဘူး။ တခြားဆိပ်ကမ်းတွေနဲ့ယှဉ်ရင် ကနဦးရင်းနှီးမြှုပ်နှံမှုက ဝိညာဉ်ကျောက်တုံးသုံးသန်းလောက် ရှိပါမယ်။ အဲဒီကနေ ရလာမယ့်အကျိုးအမြတ်တွေနဲ့ တခြားလိုအပ်တာတွေကို တဖြည်းဖြည်းချင်း ဖြည့်သွားလို့ရပါတယ် ”
“ အားလုံး အဆင်ပြေပြေ ဖြစ်ရင် အလွန်ဆုံး ( ၂ ) နှစ်အတွင်း အရင်းကြေပါတယ်။ တတိယမြောက်နှစ်မှာ အမြတ်ငွေ စရလာမှာပါ။ နောက်ကျရင် သခင်လေးရဲ့ နှစ်စဉ်ဝင်ငွေက ဝိညာဉ်ကျောက်တုံးသုံးသန်းပတ်ချာလည် ရှိပါမယ် ”
“ ဆိပ်ကမ်းတွေဖွင့်တဲ့ တခြားဝါရင့်အခြေတည်အဆင့်ကျင့်ကြံသူတွေထဲမှာ တစ်ယောက်တည်း ရင်းနှီးမြှုပ်နှံပြီး လုပ်တာ ရှားပါတယ်။ တခြားသူတွေနဲ့ ပေါင်းပြီး ဆိပ်ကမ်းဖွင့်ကြတာပါ။ ဒီတော့ သခင်လေးမှာလည်း ဆိပ်ကမ်းဖွင့်ချင်တဲ့သူ ရှိရင် အတူပေါင်းလုပ်လို့ ရပါတယ်။ ဒါပေမဲ့ အဲဒီလူက အခြေတည်အဆင့်ကျင့်ကြံသူ ဖြစ်နေဖို့တော့ လိုပါမယ် ”
“ ပြီးတော့ ဂိုဏ်းက ဘဏ်တွေအများစုကလည်း အဲဒီကိစ္စနှင့်ပတ်သက်ရင် အားတက်သရောရှိတယ်။ ဒါပေမဲ့ ဂိုဏ်းက ကန့်သတ်ချက်တွေ ထားလို့ ဆိပ်ကမ်းမှာ အဲဒီဘဏ်တွေက ရင်းနှီးမြှုပ်နှံမှုတွေ မပါဘူးလို့ ကြားပါတယ် ”
ရွှီချင်း ငြိမ်သက်သွားသည်။
မူလက ဆိပ်ကမ်းဖွင့်ရန် အခွင့်အရေးအား လက်မလွှတ်သင့်ကြောင်း သူ ခံစားခဲ့ရသည်။ ထို့အပြင် ဆိပ်ကမ်းကို တည်ဆောက်လိုက်သည်နှင့် သူ ဘာမှလုပ်ရတော့မည် မဟုတ်ဘဲ နှစ်စဉ်အကျိုးအမြတ် ကြီးကြီးမားမား ရနေမည်ဖြစ်သည်။ ထို့ကြောင့် သူက သတင်းပေးသမားကို စုံစမ်းကြည့်စေခဲ့ခြင်း ဖြစ်သည်။
သို့သော်လည်း ယခု အသေးစိတ် သိလိုက်ရသောအခါတွင် ရွှီချင်းမှာ စိတ်ဝင်စားနေဆဲဖြစ်ပါသော်လည်း ရင်းနှီးမြှုပ်နှံစရိတ်က ခေါက်ခိုက်လွန်းနေသည်။
ထို့ပြင် သူသာ ထိုမျှ ဝိညာဉ်ကျောက်တုံးအမြောက်အမြားကို ရင်းနှီးမြှုပ်နှံလိုက်မည်ဆိုပါက သူ့ကိုယ်သူ ချီရွှဲ့ထုံဂိုဏ်းနှင့် နက်ရှိုင်းစွာ ချည်နှောင်လိုက်သကဲ့သို့ ဖြစ်သွားပေမည်။ ရွှီချင်းမှာ အနည်းငယ် ချီတုံချတုံ ဖြစ်သွားရပြီး မည်သည့်အတွက်ကြောင့် အခြေတည်အဆင့်ကျင့်ကြံသူအများစုက ဆိပ်ကမ်းမဖွင့်ကြသည်ကို ရုတ်တရက် နားလည်သွားသည်။
တစ်ဖက်တွင် သူတို့အတွက် အချုပ်အနှောင်တစ်ခုကို ဖန်တီးမိသွားမည်ဖြစ်ပြီး တခြားတစ်ဖက်တွင် ရင်းနှီးမြှုပ်နှံစရိတ်က ကြီးနေပေသည်။
ထိုဝိညာဉ်ကျောက်တုံးပမာဏနှင့်ဆိုပါက တခြားသူများကို သူ့အတွက် ပင်လယ်သတ္တဝါများ သွားရောက်ဖမ်းစေရန် သူ စေခိုင်းနိုင်သည်။
ရွှီချင်းမှာ လက်လျော့လိုက်ပြီ ဖြစ်သည်။
သတင်းပေးသမားကို သူ ထွက်ခွာခွင့်ပြုလိုက်၏။ ထို့နောက် မီးခိုးရောင်တာအိုဝတ်ရုံကို သူ ပြောင်းလဲဝတ်ဆင်လိုက်ပြီး ပစ္စည်းများ လဲလှယ်ရန် ပြင်လိုက်သည်။
အပြန်တွင် ဆေးပင်များ သို့မဟုတ် အဆောင်များ စသည့်ပစ္စည်းများစွာ သူ ဝယ်ချင်နေခဲ့သည်။ ယင်းအပြင် ဂိုဏ်းထဲမှာ ရောင်းချသည့် ဓမ္မအသုံးအဆောင်များကိုလည်း သွားကြည့်ရန် စီစဉ်ထားသည်။
ဓမ္မအသုံးအဆောင်များသည် အလွန် ဈေးကြီးပြီး ယခင်ကဆိုလျှင် ၎င်းတို့ကို ဝယ်ယူရန် ရွှီချင်း မတတ်နိုင်ပေ။ ယခုတွင် သူ့မှာ ဝိညာဉ်ကျောက်တုံးအမြောက်အမြား ရှိနေပြီဖြစ်၍ ဓမ္မအသုံးအဆောင်တစ်ခု ဝယ်ယူရန်စီစဉ်ထားသည်။
ပထမတောင်ထိပ်မှ ဝူကျန်းဝူ ပစ်လွှတ်ခဲ့သည့် ဝိညာဉ်ပေလွှာများကိုလည်း သူ အလွန် စိတ်ဝင်စားသည်။ ၎င်းတို့အား ရောင်းချလားဆိုသည်ကို သူ သိချင်သည်။ ထိုပစ္စည်းများ၏ အသုံးဝင်မှုက သာမန်သာဖြစ်ပါသော်လည်း ဝိညာဉ်များကို စုပ်ယူရာတွင် အလွန် လွယ်ကူသည်။
“ လင်းရှီမီးအိမ်လည်း ရှိသေးတယ် ”
ရွှီချင်းသည် စဉ်းစားတွေးတောရင်း လမ်းများပေါ် လျှောက်သွားနေသည်။ မီးခိုးရောင်တာအိုဝတ်ရုံကို ဝတ်ဆင်ကာ ကျင့်ကြံခြင်းအဆင့်ကို ဖုံးကွယ်ထားခြင်းကြောင့် သူက သာမန်ဂိုဏ်းသားတစ်ယောက်ကဲ့သို့ ဖြစ်နေသည်။ လူအုပ်ထဲမှ သူ့ကို လှမ်းကြည့်လိုက်သည့် အကြည့်တစ်စ၊ နှစ်စတော့ ရံဖန်ရံခါ ရှိတတ်သည်။
ထိုသို့လှမ်းကြည့်လိုက်ကြသည့်လူများသည် ရွှီချင်းကဲ့သု့ိ မီးခိုးရောင်တာအိုဝတ်ရုံများကို ဝတ်ဆင်ထားကြသည့် အခြေတည်အဆင့်ကျင့်ကြံသူများ ဖြစ်ကြသည်။ တခြားသူများ၏ အရှိန်အဝါကို သူတို့ အာရုံခံမိလိုက်သောအခါတွင် တစ်ယောက်ကိုတစ်ယောက် မနှောင့်ယှက်ဘဲ ချက်ချင်း အကြည့်လွှဲသွားသည်သာ ဖြစ်သည်။
ထိုသို့ဖြင့် ရွှီချင်းသည် နေ့တိုင်း သူသွားနေကျ မနက်စာဆိုင်လေးသို့ ရောက်လာသည်။ သူက ဆိုင်ရှင်၏ စိတ်အားထက်သန်သော နှုတ်ဆက်စကားအောက်တွင် ထိုင်ချလိုက်ပြီး မနက်စာစားလိုက်သည်။
ယခုတစ်ခေါက်တွင် ကြက်ဥလေးလုံးကို သူ စားလိုက်သည်။
အခြေတည်အဆင့်သို့ ရောက်ပြီးနောက် ဓမ္မစွမ်းအားများဖြင့် သူ့ကိုယ်သူ အားဖြည့်နိုင်ပါသော်လည်း ထိုသို့စားသောက်ရသည်ကို သူ နှစ်သက်နေဆဲပင်။ ယင်းသည် သူ့ကို အားရကျေနပ်သော ခံစားချက် ဖြစ်စေသည်။
သူသည် စားနေရင်း ဂိုဏ်းတံဆိပ်ပြားကို ထုတ်လိုက်ပြီး ဟွမ်ရန်ထံသို့ လင်းရှီမီးအိမ်အား ဝယ်ယူမည့်ကိစ္စနှင့် ပတ်သက်၍ မေးမြန်းလိုက်သည်။
ဟွမ်ရန်က ချက်ချင်း ပြန်မဖြေသေးဘဲ သူ စားပြီးနောက် ထွက်သွားတော့မည့်အခါမှသာ ဟွမ်ရန်ထံမှ စာတစ်စောင် ရောက်လာသည်။
“ ငါ ဝယ်မှာလေ။ ရွှီချင်း၊ မင်း ပြန်ရောက်ပြီလား။ ဘယ်မှာတုံး။ ငါ မင်းဆီ ”
ဟွမ်ရန်၏ ပြန်စာကို ကြည့်၍ ရွှီချင်း၏မျက်လုံးများထဲတွင် မျှော်လင့်ချက်များဖြင့် ဝင်းလက်သွားသည်။ ဝိညာဉ်ကျောက်တုံးငါးသိန်းရတော့မည့်အတွေးကြောင့် သူ စိတ်ကောင်းဝင်နေသည်။ ဟွမ်ရန်ကို သူ၏တည်နေရာပြောပြပြီးနောက် မကြာခင် သုတ်သီးသုတ်ပြာရောက်ချလာသော ဟွမ်ရန်ကို သူ မြင်လိုက်ရသည်။
ဟွမ်ရန်မှာ အနည်းငယ် ပိုဝလာဟန်တူသည်။ သူ့ခန္ဓာကိုယ်ပေါ်တွင် အဆီများ ထပ်တိုးလာ၏။
ရွှီချင်းကို မြင်၍ ဟွမ်ရန်က တဟားဟား ရယ်မောလိုက်ပြီး ဝိညာဉ်လက်မှတ်အထပ်လိုက် ပစ်ပေးလိုက်သည်။
“ အဲဒါ ဝိညာဉ်ကျောက်တုံးတစ်ထောင်တန် လက်မှတ်တွေပဲ။ ဆဋ္ဌမမြောက်တောင်ထိပ်က အထူးထုတ်လုပ်ထားတဲ့ ဝိညာဉ်လက်မှတ်တွေ။စုစုပေါင်း လက်မှတ်နှစ်ရာရှိတယ် ”
“ အချိန်သိပ်မကျန်တော့ဘူးဆိုတော့ ငါ့မှာ အဲဒီဝိညာဉ်လက်မှတ်တွေပဲ ရှိသေးတာ။ ကျန်တာကို ဓမ္မအသုံးအဆောင်တစ်ခု ငါ ပေးလို့ရမလား ”
ဟွမ်ရန်က ပြောရင်းဆိုရင်း အနက်ရောင်အတွင်းဝတ်ချပ်ဝတ်တန်ဆာကို ထုတ်လိုက်ပြီး ရွှီချင်းကို ပေးလိုက်သည်။
“ ဓမ္မအသုံးအဆောင်လား ”
ရွှီချင်းက အတွင်းဝတ်ချပ်ဝတ်တန်ဆာကို ယူလိုက်သည်။ ဓမ္မစွမ်းအားများ စီးဝင်သွားပြီး အတွင်းဝတ် ချပ်ဝတ်တန်ဆာက မရေမတွက်နိုင်သော ကမ္ပည်းစာများဖြင့် ပြည့်နှက်သွားပြီး ရုပ်ပုံတစ်ပုံအသွင် စီစဉ်ထားသည်။ အကြမ်းဖျင်းကြည့်ရုံဖြင့် အနိမ့်ဆုံး ဝိညာဉ်ကျောက်တုံးတစ်သိန်းအောက် မလျော့ကြောင်း သိနိုင်သည်။ အနည်းငယ်မျှသာ အာရုံခံကြည့်မိလိုက်သည်နှင့် ထိုအတွင်းဝတ်ချပ်ဝတ်တန်ဆာက အလွန် ထူးခြားသည်ကို သူ သိလိုက်သည်။
“ အဲဒါက ကမ္ပည်းအသင်္ချေချပ်ဝတ်တန်ဆာပဲ။ အစက ဂိုဏ်းတူအစ်မကို ငါ ပေးဖို့ စီစဉ်ထားတာ။ ဒါပေမဲ့ သူက လင်းရှီမီးအိမ်ကို ပိုသဘောကျတယ်လို့ ငါ ထင်တယ်။ အဲဒီချပ်ဝတ်တန်ဆာကို မင်းနဲ့ လဲလိုက်မယ်။ မင်း အဲဒီချပ်ဝတ်တန်ဆာကို ဝိညာဉ်ကျောက်တုံးသုံးသိန်းနဲ့ ရောင်းလို့ရတယ် ”
“ အဲဒါက အဆင့်နိမ့်ဓမ္မအသုံးအဆောင်ဆိုပေမဲ့ အဲဒါရဲ့ အကာအကွယ်က မဆိုးဘူး။ မင်း အဲဒါကို ဝတ်ပြီး ရွှမ်ယောက်အသွင်သဏ္ဍာန်ရောက်နေတဲ့ အခြေတည်အဆင့်ကျင့်ကြံသူတစ်ယောက်နဲ့ ကြုံလိုက်ရလို့ အဲဒီကျင့်ကြံသူက ဒုတိယမီးလုံးအထိ မကျင့်ကြံရသေးရင် အဲဒီချပ်ဝတ်တန်ဆာက ဘယ်လောက်တိုက်ခိုက်တိုက်ခိုက် မဖြုံဘူး ”
ဟွမ်ရန်က အခြေတည်အဆင့်ကျင့်ကြံခြင်းအကြောင်းကို များစွာ သိထားဟန်တူသည်။ သူ့ဂိုဏ်းတူအစ်မက သူ့ကို များစွာ သင်ပေးထားပြီး အဆင့်တက်တော့မည့်အနေအထားသို့ ရောက်တော့မည်မှန်း သိသာသည်။
ရွှီချင်း ခေါင်းညိတ်ပြလိုက်သည်။ အသင်္ချေကမ္ပည်းချပ်ဝတ်တန်ဆာကို သူ သိမ်းလိုက်ပြီးနောက် လင်းရှီမီးအိမ်ကို ဟွမ်ရန်အား ပေးလိုက်သည်။
“ သတ္တမတောင်ထိပ်ထိ ခင်ဗျားကို လိုက်ပို့ရဦးမလား ”
ရွှီချင်းက လင်းရှီမီးအိမ်ကို ဆော့ကစားနေသော ဟွမ်ရန်အား ကြည့်၍ ခပ်တိုးတိုးမေးလိုက်သည်။
“ မလိုပါဘူးကွ။ ဂိုဏ်းတူအစ်မပေးမယ့်ပစ္စည်းကို ဘယ်ကောင်လုရဲမှာတုံး ”
ဟွမ်ရန်က ဗိုက်ကို ပုတ်လိုက်ပြီး လင်းရှီမီးအိမ်ကို အားရဝမ်းသာ သိမ်းလိုက်သည်။ သူ ကျောက်စိမ်းပေလွှာကို ထုတ်၍ ဂိုဏ်းတူအစ်မထံ အသံပို့လွှတ်ရန် ပြင်လိုက်စဉ်မှာပင် ရုတ်တရက် တစ်စုံတစ်ခုကို သူ သတိရသွားပြီး ရွှီချင်းကို လှည့်ကြည့်လိုက်သည်။
“ ရွှီချင်း၊ မင်းနဲ့ နောက်ဆုံးတစ်ခေါက် တွေ့တုန်းက ငါ ပြောခဲ့တဲ့ စစ်ပွဲကိစ္စကို အတည်ပြုလိုက်ပြီတဲ့။ မင်း ဝင်ပါမလား၊ ဝင်မဘူးလား ဆုံးဖြတ်ထားနော် ”
ပြောပြီးသည်နှင့် သူက ရွှီချင်းကို လက်ဝှေ့ယမ်းပြလိုက်ပြီး သတ္တမမြောက်တောင်ထိပ်သို့ အလျင်အမြန် ပြေးသွားသည်။
ဟွမ်ရန်၏ ထွက်သွားသော လူရိပ်ကို ကြည့်၍ ရွှီချင်းသည် ဟွမ်ရန် မည်မျှချမ်းသာကြောင်း တွေးကာ စိတ်ထဲတွင် သက်ပြင်းချလိုက်သည်။ သူက ဝိညာဉ်ကျောက်တုံးသိန်းဂဏန်းနှင့် ဓမ္မအသုံးအဆောင်များကို ထိုသို့ သုံးဖြုန်းနိုင်ပေသည်။ သို့သော် သူ၏နောက်ခံကို ရွှီချင်း စုံစမ်းနေမည် မဟုတ်ပေ။
ယင်းသည် ချီရွှဲ့ထုံဂိုဏ်း၌ တားမြစ်ထားသောအရာဖြစ်ပြီး ရွှီချင်းသည်လည်း ထိုသု့ိလုပ်ရန် စိတ်မဝင်စားပေ။
မကြာသေးခင်က ဟွမ်ရန် ပြောခဲ့သည့်စကားကို သူ တွေးကြည့်လိုက်သည်။
“ စစ်ပွဲ …”
ထိုအချိန်၌ ဆိပ်ကမ်းဖွင့်မည်ဆိုသော အတွေးလက်ကျန်ကိုလည်း ခေါင်းထဲမှ ရှင်းထုတ်လိုက်သည်။ လမ်းပိုင်ဆိုင်ခွင့်ကိုသာ အသုံးပြုရန် သူ ပြင်ဆင်လိုက်၏။
အကျိုးအမြတ်က မများပါသော်လည်း ဘာမှမရှိသည်ထက်စာလျှင် ကောင်းနေသေးသည် မဟုတ်ပါလား။
ထိုအတွေးကြောင့် ရွှီချင်းက ကျေက်စိမ်းအဆောင်များ ရောင်းချသည့်ဆိုင်များဘက် လျှောက်လာသည်။
ပင်မမြို့ကြီးထဲရှိ အခြေတည်အဆင့်ကျင့်ကြံသူများအတွက် ပစ္စည်းများရောင်းချသော ဆိုင်အများစုမှာ ဆဋ္ဌမမြောက်တောင်ထိပ်၏ ဖုန်းမင်နယ်မြေတွင် တည်ရှိသည်။ ထိုကဲ့သို့ ဆိုင်များ၌ ဈေးနှုန်းများက အလွန် ခေါက်ခိုက်နေပြီး ဈေးဝယ်သူအလွန်နည်းပါးသည့်အတွက်ကြောင့် ဆိပ်ကမ်းတွင် ထိုကဲ့သို့ဆိုင်မျိုး များများစားစား မရှိပေ။
အများစုက ဧည့်သည်များ ကြည့်ရှုရန် သီးခြားဆိုင်ခန်းများသာ ဖွင့်ထားကြသည်။
ဖုန်းမင်နယ်မြေသို့ ရောက်သွားပြီးနောက် ရွှီချင်းသည် အတန်ငယ် ရှာဖွေလိုက်သည်။ နောက်ဆုံးတွင် အလင်းအသုံးအဆောင်စံအိမ်ဆိုသည့် ဈေးဆိုင်ကို သူ ရွေးချယ်လိုက်ပြီး အထဲသို့ ဝင်သွားသည်။
ထိုဆိုင်ကို ဖုန်းမင်နယ်မြေထဲရှိ ဆဋ္ဌမမြောက်တောင်ထိပ်တစ်ခုလုံးမှ အကြီးဆုံးဆိုင်များအနက် တစ်ဆိုင်အဖြစ် သတ်မှတ်နိုင်သည်။ ထိုဆိုင်၌ အထပ်ငါးထပ်ရှိပြီး တစ်ထပ်လျှင် ပေနှစ်ထောင်ခန့် ကျယ်ဝန်းသည်။
အတွင်းပိုင်းမှာ ပို၍ပင် ခမ်းနားထည်ဝါသည်။ ဆိုင်က ဝယ်သူ များသည့်အတွက်ကြောင့် လှပချောမောသော အလုပ်သမားများ ခန့်ထားသည်။
ဆိုင်ထဲသို့ ရွှီချင်း ဝင်လိုက်သည်နှင့် ဆိုင်အလုပ်သမားများစွာက ချက်ချင်း အာရုံစိုက်သွားကြသည်။ ရွှီချင်းက မီးခိုးရောင်တာအိုဝတ်ရုံကို ဝတ်ဆင်ထားပါသော်လည်း သူ့ရုပ်ရည်က အလွန် ထူးခြားသည်။ ဆိုင်အလုပ်သမားမိန်းမပျိုလေးများ၏ မျက်လုံးများထဲတွင် ရွှီချင်း ရောက်ရှိလာခြင်းသည် တစ်ဆိုင်လုံးကို အလင်းပေးလိုက်သည့်အလားပင်။
သူတု့ိဆိုင်ထဲသို့ ခြေချဝံ့သည့်လူများမှာ သာမန်လူများမဟုတ်သည်ကို ပြောနေရန် မလိုပေ။ အနိမ့်ဆုံး အဓိကဂိုဏ်းသားများ ဖြစ်ကြသည်။ ထို့ပြင် သူတို့က အခြေတည်အဆင့်ကျင့်ကြံသူများစွာနှင့် ဆက်ဆံဖူးသည်ဖြစ်၍ ဂိုဏ်းထဲရှိ အခြေတည်အဆင့်ကျင့်ကြံသူအများစုက မီးခိုးရောင်တာအိုဝတ်ရုံများအား ဝတ်ဆင်တတ်ကြသည်ကို ကောင်းစွာ နားလည်ထားသည်။
အလုပ်သမားအများစုက သူ့ကို ကြိုဆိုရန် အပြေးအလွှားလျှောက်လာကြသည်။ သို့သော်လည်း ကျစ်ဆံမြီးနှစ်ဖက်ကျစ်ထားသည့် မိန်းမလှလေးတစ်ယောက်က တခြားသူများထက်အရင် ရွှီချင်းရှေ့သို့ ရောက်သွားသည်။
“ အစ်ကို၊ ညီမကို ရှောင်ဟွေ့လို့ ခေါ်လို့ရပါတယ်။ အစ်ကို လိုအပ်တာမှန်သမျှ ညီမ အကောင်းဆုံး လုပ်ပေးပါ့မယ်ရှင့် ”
မိန်းကလေးက ပြောနေရင်း ရွှီချင်း၏ မျက်နှာကို လှမ်းကြည့်လိုက်ပြီး မျက်နှာလေး နီမြန်းသွားသည်။
“ ညီမတို့ အလင်းအဆောင်စံအိမ်က ပစ္စည်းတွေကို အဓိက ရောင်းချတာပါ။ ပထမထပ်မှာ အဆောင်တွေကို ရောင်းပါတယ်။ ဒုတိယအထပ်က ကျောက်စိမ်းအဆောင်တွေကို ရောင်းပါတယ်။ တတိယအထပ်မှာ ဓမ္မအသုံးအဆောင်တွေကို ရောင်းပါတယ်။ အစ်ကို၊ ဘာများကြည့်ချင်တာလဲရှင့်။ ညီမ အစ်ကို့ကို လိုက်ပြပါ့မယ် ”
ရွှီချင်းက ဘေးပတ်လည်ကို ဝေ့ကြည့်လိုက်ပြီး ပထမထပ်တွင် သူမှလွဲ၍ တခြားဝယ်သူများ မရှိကြောင်း သတိထားမိလိုက်သည်။ ပထမထပ်ရှိ နံရံများမှာလည်း အဆောင်အမျိုးမျိုးဖြင့် ပြည့်နှက်နေသည်ကို သူ မြင်လိုက်သည်။
ထိုအဆောင်များကို ချိတ်ပိတ်ထားသည့်တိုင်အောင် ၎င်းတို့ထံမှ အားကောင်းသော အငွေ့အသက်များ လွင့်ပျံနေသေးသည်။
ထို့ပြင် ခန်းမထဲမှ ဖန်ကျောက်တိုင်ဒါဇင်များစွာထဲရှိ အဆောင်များထံမှ စွမ်းအားအငွေ့အသက်များက ပို၍ပင် သိသာထင်ရှားနေသည်။
ထိုအဆောင်များကို သီးခြားသိမ်းဆည်းထားသည့်အချက်ကို ကြည့်ပါက ၎င်းတို့က အဆပေါင်းများစွာ အရည်အသွေးကောင်းမှန်း သိနိုင်သည်။
“ ဓမ္မအသုံးအဆောင်တွေကို ငါ ကြည့်ချင်တယ် ”
ရွှီချင်းက အကြည့်လွှဲလိုက်ပြီး ပန်းနုရောင်ရှက်သွေးဖြာနေသော မိန်းကလေးကို ကြည့်လိုက်သည်။
ထိုမိန်းကလေးသည် ထိုစကားကို ကြားသောအခါ မျက်လုံးများ ပို၍ ဝင်းလက်သွားသည်။