မရပ်တန့်နိုင်သော
Vol. 29 Ch. 396
အခန်း (၃၉၆) မရပ်တန့်နိုင်သော
ကျန်းလန် ကောင်ငယ်လေးကို ကြည့်လိုက်သည်။
ပတ်ဝန်းကျင်တစ်ခုလုံး တန်ခိုးစွမ်းအားလှိုင်းလုံးများက ဖုံးလွှမ်းနေပြီး ကောင်လေးနောက်မှ လူအများ လိုက်ပါလာသည်ကို တွေ့မြင်နေရသည်။
ထိုသူများက နတ်လူသားမျိုးနွယ်များဖြစ်ကြ၏။ သူ၏ ရန်သူများပင်။
သို့သော် ကျန်းလန်က ထိုအချက်ကို သိပ်အရေးမစိုက်ဘဲ အခြေအနေကို ခွဲခြမ်းစိတ်ဖြာသုံးသပ်လိုက်သည်။
"တာ့လော်အင်မော်တယ်တွေကတော့ ရောက်လာဖို့ အလှမ်းဝေးသေးတယ် ၊ အခု မိုးကောင်းကင်အင်မော်တယ်တွေ ထိပ်တိုက်ရင်ဆိုင်နေကြလို့ နောက်ဆက်တွဲအနေနဲ့ တန်ခိုးစွမ်းအားလှိုင်းလုံးတွေက ပျံ့နှံ့နေတယ်"
"ကောင်လေးနောက်ကိုလိုက်နေတဲ့ နတ်လူသားမျိုးနွယ် မိုးကောင်းကင်အင်မော်တယ်တွေကို ဇာမဏီမျိုးနွယ် မိုးကောင်းကင်အင်မော်တယ်တွေက ထိန်းချုပ်ထားတယ် ၊ ဒီတော့ ဒီကောင်ရှေ့ဆက်ပြေးနေသရွေ့ ဘာမှ စိတ်ပူစရာမရှိဘူး"
"ဒီကောင်လေး မရပ်တန့်သရွေ့ မသေနိုင်ဘူး ၊ ပြီးတော့ သေရည်ဆိုင်ပိုင်ရှင်ကလည်း သူ့မြေးကိုတော့ စောင့်ကြည့်နေမယ်ထင်ရတာပဲ"
"ဒါပေမဲ့ သိပ်တော့မသေချာဘူး ၊ ငါက ကောင်လေးကို ကယ်ချင်တယ်ဆိုရင် တာ့လော်အင်မော်တယ်တွေမလှုပ်ရှားခင် ကူညီရမယ် ၊ မဟုတ်ရင်တော့ ကောင်လေး လုံး၀ အန္တရယ်ထဲ ကျရောက်သွားလိမ့်မည် ၊ ငါ့ရဲ့လက်ရှိတန်ခိုးစွမ်းအားနဲ့ တာ့လော်အင်မော်တယ်တွေကို ရင်ဆိုင်နိုင်မှာ မဟုတ်ဘူး"
ထို့နောက် ကျန်းလန်က တစ်ချက်မတုံ့ဆိုင်းဘဲ သူ့လက်ကို ဆန့်ထုတ်လိုက်ပြီး တောင်နှင့်ပင်လယ်ကြေးမုံမှန်မှတစ်ဆင့် တန်ခိုးစွမ်းအားကို ထုတ်ဖော်အသုံးပြုလိုက်သည်။
သူ အကြာကြီးစဉ်းစားနေ၍ မဖြစ်ပေ။
ပထမအချက်မှာ ကောင်ငယ်လေး ကြာရှည်တောင့်ခံနိုင်မည် မဟုတ်ပေ။
ဒုတိယအချက်မှာ တစ်စုံတစ်ယောက်က သူ့ကို ရှာဖွေတွေ့ရှိမသွားခင် တောင်နှင့်ပင်လယ်ကြေးမုံမှန်ကို ပြန်လည်ရုတ်သိမ်းရန် လိုအပ်သည်။
ဤကိစ္စကို အမြန်အဆုံးသတ်ပေးရမည် ဖြစ်၏။
***
ကောင်ငယ်လေးသည် ခက်ခက်ခဲခဲ ရှေ့ဆက်ပြေးလာသည်။ သူ့နောက်မှလူများက သူ့ကို မီလာပေတော့မည်။
"သူ မပြေးနိုင်တော့ဘူး ၊ နှေးသွားပြီ ၊ သူ့ကို သတ်ပြီး ဇာမဏီကောင်မလေးကို ခေါ်သွားမယ်"
အနောက်ဘက်မှ အော်ဟစ်သံများ ထွက်ပေါ်လာသည်။
နတ်လူသားမျိုးနွယ်များက ကောင်ငယ်လေးအနားသို့ ချဉ်းကပ်လာကြပြီး မကြာမီ ကောင်ငယ်လေးနှင့် အလွန်နီးကပ်သည့်နေရာသို့ ရောက်ရှိလာကြသည်။
ကောင်ငယ်လေးမှာ ကျဉ်းထဲကျပ်ထဲလုံး၀ ကျရောက်နေသည်။
"ဒါက တကယ် အသုံးမကျဘူးလား"
ကောင်ငယ်လေး တွေးလိုက်၏။
သူ မောပန်းနွမ်းနယ်နေပြီး ခြေလှမ်းများလည်း လေးလံလျှက် ရှိသည်။
"နဂါးစုတ် ၊ ငါ့ကို ထပ်ပြီးလိမ်ပြောပြန်ပြီ"
ကောင်ငယ်လေး စိတ်ထဲက မကျေမနပ်ဖြင့် ရေရွတ်လိုက်သည်။
အခွင့်အရေးရပါက အဋ္ဌမမင်းသားနှင့် စာရင်းရှင်းရမည်ဟု သူ တွေးလိုက်သည်။ သို့သော် လောလောဆယ်မှာတော့ သူ့မှာ ရှေ့ဆက်ပြေးနိုင်စွမ်းပင် မရှိတော့လေရာ တွေးရုံသာ တတ်နိုင်တော့သည်။
ထိုအချိန်...
မမြင်နိုင်သည့်လက်တစ်ဖက်က သူ့ပခုံးထက်သို့ ကျရောက်လာသည်ကို ခံစားလိုက်ရသည်။ ထို့နောက် သူ့ခန္ဓာကိုယ်ထဲသို့ တန်ခိုးစွမ်းအားများ တဟုန်ထိုးစီးဆင်းဝင်ရောက်လာသည်။
ကောင်ငယ်လေး၏ ခန္ဓာကိုယ်တစ်ခုလုံး ပေါ့ပါးသွားသည်။
ဘာတွေဖြစ်နေတာလဲ...။
ကောင်ငယ်လေး စိတ်ရှုတ်ထွေးသွားချိန်မှာပင် အသံတစ်သံက သူ့စိတ်အာရုံထဲဝင်ရောက်လာသည်။
"ပြေး ၊ မင်း အားကုန်သုံးပြီးပြေး ၊ မင်း မြန်မြန်ပြေးလေ ငါ မင်းကို ကူညီနိုင်လေပဲ"
အသံက မည်သူ့အသံဖြစ်ကြောင်း ခွဲခြားမရသော်လည်း ကောင်ငယ်လေး အံ့အားသင့်သွားသည်။
သူ့ခန္ဓာကိုယ်ထဲဝင်ရောက်လာသည့် တန်ခိုးစွမ်းအားများက မည်သည့်နေရာမှ ဖြစ်သည်ကို သိရှိလိုက်သည်။
ယခုတစ်ကြိမ်တော့ အဋ္ဌမမင်းသား သူ့ကို လိမ်ပြောခြင်း မဟုတ်ပေ။ လက်သီးနတ်ဘုရားက သူ့ကို အမှန်တကယ် ကူညီပေးနိုင်သည်။
သူရရှိသည့် အကူအညီအတွက် တန်ဖိုးမည်မျှပေးဆပ်ရမည်ကို မသိသော်လည်း ကောင်ငယ်လေးက တွန့်ဆုတ်မနေခဲ့ပေ။ သူ့ရင်ထဲတွင် မျှော်လင့်ချက်အသစ်တစ်ခု ဖြစ်တည်လာသည်။
သူ မြန်မြန်ပြေးနိုင်လေ အန္တရယ်ကင်းလေ ဖြစ်သည်။
သို့သော် သူ့ခန္ဓာကိုယ်ကို သယ်ရသည်မှာပင် လေးလံလွန်းလှလေရာ စတင်ပြေးလွှားရန်အတွက် ကြီးမားသည့်ပေးဆပ်မှု လိုအပ်သည်။
ကောင်ငယ်လေး အံတင်းတင်းကြိတ်လိုက်သည်။ သူ့ခန္ဓာကိုယ်မှသွေးများ လျှင်မြန်စွာလှည့်ပတ်သွားပြီး ပွက်ပွက်ဆူသွားသည့်အလား ခံစားရသည်။
"ပြေး"
ကောင်ငယ်လေး သူ့စိတ်ထဲမှ အော်ဟစ်လိုက်သည်။
တစ်ချိန်တည်းမှာပင် ကျယ်လောင်သည့် ကြုံးဝါးသံတစ်သံ ထွက်ပေါ်လာသည်။
"ယား"
သူ့ ခြေဖဝါးမှ သွေးများကျဆင်းလာပြီး တစ်ချန်တည်းမှာပင် စွမ်းအားအပြည့်နှင့် အရှေ့ဆီသို့ ပြေးလွှားထွက်ခွာသွားတော့သည်။
ကောင်ငယ်လေး၏ ခြေထာက်မြေပြင်ထက်သို့ ချမိသည်နှင့် လှစ်ခနဲပင် ပျောက်ကွယ်သွားသည်။ အလင်းတန်းတစ်ခုပမာ စစ်မြေပြင်ကို လျှင်မြန်စွာ ဖြတ်ကျော်ပြေးလွှားသွားသည်။
ကောင်ငယ်လေးနောက်မှလိုက်လာသည့် နတ်လူသားမျိုးနွယ်များမှာ ထိတ်လန့်သွားကြပြီး စိတ်ရှုတ်ထွေးသွားကြသည်။ ရှေ့ဆက်နိုင်ရန် စွမ်းအားပင်မကျန်တော့သည့် လူသားကောင်လေးတစ်ယောက်က ရုတ်တရက် ကြောက်မက်ဖွယ်ရာစွမ်းအားများ မည်သို့ ထွက်ပေါ်လာပါသနည်း။
ကောင်လေး၏မြန်နှုန်းက အလင်းတန်းတစ်ခုအလား ဖြစ်သည်။ သူ့ကိုဖမ်းဆီးရန် မည်သည့်နည်းနှင့်မှ မဖြစ်နိုင်တော့ပေ။သူတို့ ဆက်မလိုက်နိုင်တော့ကြောင်း နားလည်လိုက်သည်။
နတ်လူသားမျိုးနွယ် အင်မော်တယ်အချို့ ကောင်ငယ်လေးကို တားဆီးထားနိုင်ရန်သာ သူတို့မျှော်လင့်မိကြသည်။ ကောင်ငယ်လေးကို တားဆီးထားနိုင်သည့် တာ့လော်အင်မော်တယ်အချို့ နတ်လူသားမျိုးနွယ်များတွင် ရှိလေသည်။
ထိုလူနည်းစု တာ့လော်အင်မော်တယ်များသာလျှင် ကောင်ငယ်လေးကို ဖမ်းဆီးနိုင်ပေလိမ့်မည်။
ထို့ပြင် ယခု ကောင်ငယ်လေးက လွတ်မြောက်သွားပြီဖြစ်လေရာ တာ့လော်အင်မော်တယ်များ လှုပ်ရှားမည်ဆိုလျှင်တောင်မှ တစ်ခဏမျှသာ အချိန်ရနိုင်တော့သည်။
ကောင်ငယ်လေးကတော့ တတ်စွမ်းသမျှ ရှေ့သို့ ဆက်ပြေးနေသည်။ သူ့ခန္ဓာကိုယ်မှ သွေးများဆူပွက်နေသည့်အသံများ ထွက်ပေါ်လျှက် ရှိသည်။
သူ့ခန္ဓာကိုယ်တစ်ခုလုံးမှာလည်း လောင်ကျွမ်းနေသည့်အလား ထင်မှတ်ရသည်။ သူ့ခန္ဓာကိုယ်က အလွန်လျှင်မြန်စွာပြေးလွှားနေကြောင်း သူကိုယ်တိုင် ခံစားမိနေသည်။
"မကြာတော့ဘူး ၊ မကြာတော့ဘူး"
အချိန်အနည်းငယ် ပိုမိုရရှိသည်နှင့် သူ ဇာမဏီမျိုးနွယ်များ၏ စစ်စခန်းဆီသို့ ရောက်အောင် ပြေးနိုင်တော့မည် ဖြစ်သည်။
သို့သော်…
"ဝေါ့"
ကောင်ငယ်လေး သွေးများအန်ထုတ်လိုက်သည်။
ပြေးရင်ဖြင့် သူ၏ခံနိုင်ရည်ရှိမှုကို ကျော်လွန်သွားပြီဖြစ်သည်။ သို့သော် ကြီးမားသည့် တန်ခိုးစွမ်းအားတစ်ခုက သူ့ခန္ဓာကိုယ်ကို ထိန်းချုပ်ထားဆဲပင်။
ထိုတန်ခိုးစွမ်းအားက သူ့ခန္ဓာကိုယ်တစ်ခုလုံးကို ပြိုကွဲသွားစေနိုင်ပြီး မခံမရပ်နိုင်သည့်နာကျင်မှုကို ခံစားရစေသည်။ သို့သော် ကောင်ငယ်လေးက လုံးဝရပ်တန့်ခြင်းမရှိဘဲ အံကိုတင်းတင်းကြိတ်ကာ အရှိန်မြှင့်လိုက်သည်။
သူ့တစ်ကိုယ်လုံးမှ အရိုးများ ကျိုးကျေစေဦးတော့ သူက ဆက်ပြေးနေဦးမည် ဖြစ်သည်။
"ယား…"
ကောင်ငယ်လေးက နောက်ထပ်ကြုံးဝါးသံတစ်သံကို ပြုလုပ်လိုက်ပြီး အရှိန်အဟုန်ကို မြှင့်တင်လိုက်သည်။
သူ့မျက်နှာထက်မှ သွေးများစီးကျလာ၏။ သွေးစက်များက သူ့ရင်ခွင်ထဲမှ ဟုန်ယာ၏မျက်နှာထက်သို့ စီးကျသွားသည်။ ဟုန်ယာ၏မျက်တောင်လေးများ လှုပ်ရှားသွးသည့်တိုင် သတိရလာခြင်း မရှိသေးပေ။
လူငယ်၏မျက်နှာထက်မှသွေးစက်များက နောက်ဆုံးအကြိမ်ကြိုးစားအားထုတ်မှုကို ပြသနေခြင်းပင်။ သူက အလင်းတန်းတစ်ခုပမာ လျှင်မြန်စွာဖြင့် စစ်မြေပြင်ကို ဖြတ်ကျော်သွားသည်။
အခြားသူများမှာ သူ့ကိုတားဆီးရန် အချိန်ပင် မရခဲ့ကြပေ။
ထိုအချိန်…
အရှေ့ဆီမှ တာ့လော်အင်မော်တယ်တစ်ယောက်ထွက်ပေါ်လာပြီး ကောင်ငယ်လေးရှေ့သို့ ရောက်ရှိလာသည်။ ထို တာ့လော်အင်မော်တယ်ထံမှ တန်ခိုးစွမ်းအားတစ်ခု ထွက်ပေါ်လာပြီး ကောင်ငယ်လေးကို တားဆီးလိုက်၏။
"မရပ်နဲ့ ၊ ဆက်ပြေး"
ကျန်းလန်၏ အသံက ကောင်ငယ်လေး၏ စိတ်အာရုံထဲ ဝင်ရောက်လာသည်။ သို့သော် ကောင်ငယ်လေးက သူ့စကားနားမထောင်တော့ဘဲ ခြေလှမ်းများကို ရပ်တန့်လိုက်လေရာ ကျန်းလန် အံ့အားသင့်သွားရသည်။
အမှန်တော့ ကောင်ငယ်လေး သတိလစ်သွားခြင်း ဖြစ်၏။
ထိုအချိန် ကောင်ငယ်လေးသည် အလွန်တရာ အံ့သြစရာကောင်းသည်ဟု ကျန်းလန် ခံစားလိုက်မိသည်။ အဘယ်ကြောင့်ဆိုသော် ထိုကောင်ငယ်လေးသည် စိတ်စွမ်းအား အလန်ပြင်းထန်လွန်းကြောင်း ရိပ်မိလိုက်သောကြောင့် ဖြစ်သည်။
တစ်ချိန်တည်းမှာပင် ကောင်ငယ်လေး၏ ပတ်ဝန်းကျင်တွင် ပြေးလွှားနေသည့် နွားရိုင်တစ်ကောင်၏ပုံရိပ်ထွက်ပေါ်လာသည်။ ထိုနွားရိုင်းက တောင်နှင့်မြစ်ရေများကို ချိုးဖျက်ပြီး အာကာသတစ်ခုလုံးကို ထိုးခွင်းဝင်ရောက်သွားတော့မည့်အလား ထင်မှတ်ရသည်။
ထို့နောက် ကောင်ငယ်လေးသည် ချက်ချင်းပင် တာ့လော်အင်မော်တယ်ရှိရာသို့ တစ်ချက်မတုံ့ဆိုင်းဘဲ ပြေးဝင်သွား၏။ ထိုအလုပ်များအားလုံးကို ကောင်ငယ်လေးသည် မသိစိတ်ဖြင့် ပြုလုပ်နေခြင်းဖြစ်ကြောင်း ကျန်းလန်တစ်ယောက်သာ သိရှိလေသည်။
"ဘူး…"
နွားရိုင်းအော်သံကြီး ထွက်ပေါ်လာ၏။
ကောင်ငယ်လေးသည် တာ့လော်အင်မော်တယ်ကို အရှိန်အဟုန်ပြင်းစွာဖြင့် ဝင်ရောက်တိုက်ခိုက်လိုက်သည်။
"ဘန်း…"
တိုက်ခိုက်မှုက အားပြင်းလှသောကြောင့် ကျယ်လောင်သည့်အသံကြီးတစ်သံ ထွက်ပေါ်လာပြီး ကောင်ငယ်လေးကို ပိတ်ဆို့ထားသည့် နတ်လူသားမျိုးနွယ် ၊ တာ့လော်အင်မော်တယ်မှာ လွင့်စင်ထွက်သွားရသည်။
သူ့ကို မည်သူမှ မတားဆီးနိုင်တော့ပေ။
အလင်းရောင်က အမှောင်ထုကို ချိုးဖျက်ပြီး အမှောင်ထုပျောက်ကွယ်ကာ အလင်းရောင် တောက်ပလောသည်။
ကောင်ငယ်လေးသည် ဟုန်ယာကို ပွေ့ချီပြီး စစ်မြေပြင်ကို ဖြတ်ကျော်ကာ ဇာမဏီမျိုးနွယ်များ၏ စစ်စခန်းတည်ရှိရာနေရာသို့ အန္တရယ်ကင်းစွာ ရောက်ရှိသွားသည်။
စစ်မြေပြင်မှလူများအားလုံး သူ့ကို အံ့သြတုန်လှုပ်စွာဖြင့် ကြည့်နေကြသည်။
"ဘန်း…"
စစ်စခန်းနေရာသို့ ရောက်သည်နှင့် ကောင်ငယ်လေး သတိလစ်လဲကျသွားတော့သည်။
သို့သော် မသိစိတ်ဖြင့် ပြေးလာသည့် အရှိန်အဟုန်ကြောင့် မြေပြင်ထက် ဒလိမ့်ခေါက်ကွေး လိမ့်ထွက်သွားပြီး ဟုန်ယာမှာလည်း ဘေးသို့ လွင့်စင်ကျသွား၏။
ကောင်ငယ်လေး လိမ့်ဆင်းသွားရာနေရာတွင် ခြေထောက်တစ်စုံပေါ်လာသည်။ ထိုခြေထောက်များပိုင်ရှင်မှာ သေရည်ဆိုင်ရှင်အဘိုးအိုပင် ဖြစ်သည်။
အဘိုးအိုက ကောင်ငယ်လေးကိုကြည့်လိုက်ပြီး ငုတ်တုတ်ထိုင်ချလိုက်သည်။ ထို့နောက် ကောင်ငယ်လေး၏ ဦးခေါင်းကို လက်ဖြင့်ပုတ်ကာ ဝမ်းသာအားရ ပြောလိုက်သည်။
"ကောင်းတယ် ၊ သိပ်ကောင်းတယ် ၊ ဒီနေရာမှာ မင်းကို အဖော်ပြုပေးဖို့ ကျုပ်အချိန်တွေ ဖြုန်းစရာမလိုတော့ဘူးပေါ့"
ထို့နောက် သူက ဟုန်ယာကို လှမ်းကြည့်လိုက်သည်။
"ကြည့်ရတာ ဒီကောင်မလေးကလည်း အသုံးဝင်နေတုန်းပဲထင်တယ်"
သေရည်ဆိုင်ရှင်အဘိုအိုက ကောင်ငယ်လေးကို လက်ဖြင့်နှစ်ချက်ခန့် ပုတ်လိုက်ရာ ခန္ဓာကိုယ်ထက်မှဒဏ်ရာများ တဖြည်းဖြည်း စတင်သက်သာလာသည်။
ထို့နောက် အဘိုးအို ကောင်းကင်ထက်သို့ မော့ကြည့်လိုက်၏။
ကောင်းကင်ထက်တွင် လူငယ်တစ်ယောက် မတ်တတ်ရပ်လျှက်ရှိသည်။ ထိုလူငယ်မှာ စောစောက ကောင်ငယ်လေးကို တားဆီးလိုက်သည့် တာ့လော်အင်မော်တယ် လူငယ်ပင် ဖြစ်သည်။
သူ၏ မျက်နှာက တည်ကြည်လေးနက်လွန်းသည်။
စစ်မြေပြင်တစ်ခုလုံးက ထိုလူငယ်ကို ဝိုင်းဝန်းကြည့်နေကြသည်။ သူတို့အားလုံးမှာ ထိုလူငယ်ထက် များစွာနိမ့်ကျသည်ဟု မသိစိတ်မှ ခံစားနေကြရသည်။
သို့ပေသိ သေရည်ဆိုင်ရှင်အဘိုးအိုကတော့ ထိုသို့မခံစားရပေ။ အဘိုးအိုက စိတ်ရှုတ်ထွေးစွာဖြင့် ထိုလူငယ်ကြည့်နေသည့်နေရာသို့ လှမ်းကြည့်လိုက်သည်။
ဟုတ်ပေ၏။
ထိုသူကြည့်နေသည့်အရပ်မှာ ကျန်းလန် တည်ရှိရာအရပ်ဖြစ်သည်။
တစ်ဖက်လူက ကြည့်လာသည်နှင့် ကျန်းလန်မှာလည်း ပြင်းထန်သည့် ဖိအားနှင့်အတူ အန္တရယ်အငွေ့အသက်များကို ခံစားလိုက်ရသည်။
ထိုနတ်လူသားမျိုးနွယ်၏မျက်ဝန်းထဲတွင် အရာအားလုံးက ဘာမှမဟုတ်သလို ခံစားချက်ကင်းမဲ့နေသည်။ လောကတွင် သူကိုယ်တိုင်မှလွဲပြီး အခြားမည်သည့်အရာကမှ အရေးမပါသည့်အလား ဖြစ်သည်။
ထိုသူမည်သူဖြစ်ကြောင်း ကျန်းလန် ချက်ချင်းသိရှိသွား၏။
ကောင်းကင်ဧကရာဇ်ကျမ်းစာကို အောင်မြင်သည်အထိ ကျင့်ကြံနိုင်ခဲ့သော နတ်လူသားမျိုးနွယ်များ၏ ပါရမီရှင်ကျင့်ကြံသူပင် ဖြစ်သည်။
မမြင်နိုင်သည့် တန်ခိုးစွမ်းအားတစ်ခုက လူတိုင်း၏ စိတ်နှလုံးကို ဖိနှိပ်ထားသည့်အတွက် စစ်မြေပြင်တစ်ခုလုံး တိတ်ဆိတ်ငြိမ်သက်လျှက် ရှိသည်။
ထိုလူငယ်နှင့် ကျင့်ကြံခြင်းအဆင့် တူညီသူများပင်လျှင် ထိုသူကို မည်သည့်နည်းနှင့်မှ ယှဉ်နိုင်မည် မဟုတ်ပေ။
"မင်းနာမည် ပြောခဲ့"
နတ်လူသားမျိုးနွယ်လူငယ်၏နှုတ်ဖျားမှ တည်ငြိမ်သည့်အသံထွက်ပေါ်လာသည်။
သူ့နာမည်ကို မပြောပါက လွယ်လွယ်နှင့် ထွက်ခွာသွားနိုင်မည်မဟုတ်ကြောင်း ကျန်းလန် နားလည်လိုက်တော့၏။