← Chapters

စစ်ပွဲအခွင့်အလမ်း

Vol. 15 Ch. 223

စစ်ပွဲအခွင့်အလမ်း

Vol. 15 Ch. 223

“ ဓမ္မအသုံးအဆောင်တွေက တတိယထပ်မှာ ရှိပါတယ်။ ဒီလမ်းပါ ဆရာရှင့် ”

ရွှီချင်းက ဓမ္မအသုံးအဆောင်ကို ဝယ်ယူချင်ကြောင်း ကြားသိလိုက်ရ၍ ဂိုဏ်းမှ အခြေတည်အဆင့် ကျင့်ကြံသူများကို လက်ခံဖူးသော ထိုမိန်းကလေးသည် သူမရှေ့မှ အနှီရုပ်ချောသော လူငယ်လေးမှာ သေချာပေါက် အခြေတည်အဆင့်ကျင့်ကြံသူတစ်ယောက်ဖြစ်မည်ဖြစ်ကြောင်း တန်းသိလိုက်သည်။

ယင်းကြောင့် သူမ၏ရင်ထဲ တုန်ခါသွားရပြီး စကားပြောသည့်ပုံစံကို ပြောင်းလဲလိုက်သည်။ သူမ၏မျက်လုံးများသည် ပို၍ပင် ဝင်းလက်တောက်ပလာပြီး တလေးတစားဖြင့် လမ်းကို ဦးဆောင်သွားလိုက်သည်။

တချိန်တည်းမှာပင် လှေကားပေါ်တက်သောအခါတွင် သူမက မူယာများလိုက်သည်။ ရွှီချင်းကို အရင်ဆုံး တက်ခွင့်မမေးဘဲ ဦးအောင်တက်သွားကာ လမ်းပြပေးလိုက်သည်။

ယင်းသည် ရိုင်းပြသောလုပ်ရပ်မဟုတ်ပေ။ ထို့ပြင် သူမ လှေကားထစ်များပေါ် လှုပ်လီလှုပ်လဲ့ တက်သွားကာ တင်ပါးအစုံကို လှစ်ဟပြလေသည်။ သူမ၏ တင်ပါးက သိသိသာသာ နောက်သို့ ကားထွက်လာလေရာ တင်းရင်းသော ဝတ်စုံအောက်တွင် မက်မွန်သီးအလား ထင်ရသည်။

ယင်းသည် စွဲမက်ဖွယ်ကောင်းလှပြီး ကျစ်ဆံမြီးနှစ်ချောင်း ဘယ်ညာယိမ်းနွဲ့နေဟန်မှာလည်း တစ်မျိုး ချစ်စဖွယ်ကောင်းနေသည်။

ကံဆိုးစွာပင် ရွှီချင်းသည် ထိုအခြင်းအရာကို လျစ်လျူရှုထားသည်။

တတိယအထပ်သို့ ရောက်သောအခါတွင် ရွှီချင်း၏မျက်နှာအမူအရာ အပြောင်းအလဲကို မမြင်ရ၍ မိန်းကလေးမှာ အနည်းငယ် စိတ်ဓာတ်ကျသွားရသည်။ သို့သော်လည်း အတွေးများကို အစီအစဉ်တကျ ပြန်ထားလိုက်ပြီး ရွှီချင်းကို အခန်းထဲသို့ ဦးဆောင်ခေါ်သွားကာ ရွှီချင်း လိုအပ်သည်များကို လေးစားစွာ မေးမြန်းလိုက်သည်။

“ တိုက်ခိုက်ရေးအမျိုးအစား အသုံးအဆောင်ထဲကပေးပါ။ ဝိညာဉ်ကျောက်တုံး သုံးသိန်းပတ်ချာလည်လောက် သုံးမယ် ”

ရွှီချင်းက တည်ငြိမ်စွာ ပြောလိုက်သည်။

ထိုစကားကို မိန်းကလေး ကြားသောအခါ ခေါင်းညိတ်၍ ထွက်သွားသည်။ မကြာခင် ပစ္စည်းသုံးမျိုး ထည့်ထားသော ဗန်းတစ်ချပ်နှင့်အတူ ပြန်ရောက်လာသည်။

တစ်ခုမှာ အဆောင်တစ်ခုဖြင့် အရှိန်အဝါ၏ ကိုးဆယ့်ကိုးရာခိုင်နှုန်းကို ဖုံးအုပ်ခံထားရသော ဓားပြာလေးတစ်လက် ဖြစ်သည်။ ထိုဓားအရှိန်အဝါ အနည်းအကျဉ်းကိုသာ အာရုံခံမိနိုင်မည် ဖြစ်သည်။

ဒုတိယပစ္စည်းမှာ လက်သည်းခွံအရွယ်ပုလဲငါးလုံး မြှုပ်နံှထားသည့် လည်ဆွဲတစ်ကုံးဖြစ်သည်။ ယင်းလည်ဆွဲကိုလည်း အဆောင်ဖြင့် ဖုံးအုပ်ထားသည်။

နောက်ဆုံးပစ္စည်းမှာ ခေါင်းလောင်းနီလေး ဖြစ်သည်။

“ အေးစိမ့်တောင်ဖြိုဓား၊ ဒီဓားမှာ တားမြစ်ပင်လယ်အရှိန်အဝါတွေ ရှိပါတယ်။ ဓားသွန်းလုပ်တုန်းက ဓားကို ပင်လယ်အောက်မှာ သုံးနှစ်လောက် ထားခဲ့လို့ အဲဒီဓားရဲ့ အေးစိမ့်စိမ့်အငွေ့အသက်တွေက ကြောက်စရာကောင်းပါတယ်။ အဲဒီအေးစိမ့်စိမ့်အငွေ့အသက်တွေ ထွက်လာအောင် ဓမ္မစွမ်းအားသုံးပြီး ထိန်းချုပ်နိုင်ပါတယ်။ ဒီဓားက မြန်ဆန်သွက်လက်သလို တိကျပြတ်သားပါတယ် ”

“ မိစ္ဆာပုလဲငါးလုံး၊ ပုလဲတစ်လုံးစီတိုင်းကို နတ်မိစ္ဆာအငွေ့အသက်တစ်ခုစီနဲ့ ပိတ်လှောင်ထားပါတယ်။ အဲဒါကို လွှတ်လိုက်တာနဲ့ မိုးခြိမ်းသံမြည်ဟည်းသွားပြီး အားလုံးကို သုတ်သင်ပစ်ပါတယ်။ အဲဒါက အစွမ်းမကုန်မချင်း မရပ်ပါဘူး။ အဲဒါကို အသုံးပြုတဲ့နည်းက ဓမ္မစွမ်းအားတွေ ပေါင်းထည့်ပြီး အဲဒီအပေါ်မှာ ရန်သူရဲ့ နာမည်ကို ရေးထွင်းရတာပါ ”

“ နောက်ဆုံးတစ်ခုက ဝိညာဉ်ခေါ်သံခေါင်းလောင်းပါ။ အဲဒီခေါင်းလောင်းကို လှုပ်လိုက်တာနဲ့ ရန်သူရဲ့ ဝိညာဉ်ကို တုန်ခါပြီး ဘာမှမလှုပ်ရှားနိုင်အောင် လုပ်နိုင်ပါတယ်။ ဒါပေမဲ့ မကောင်းဆိုးဝါးတွေကို သုံးလု့ိမရပါဘူး။ ခန္ဓာရှိတဲ့ကျင့်ကြံသူတွေအပေါ်ကိုသာ အသုံးပြုနိုင်ပါတယ်။ ပြီးတော့ ဒီအသုံးအဆောင်မှာ အားနည်းချက်တွေ ရှိပါတယ်။ အဲဒီခေါင်းလောင်းကို အသက်သွင်းလိုက်တာနဲ့ အသုံးပြုတဲ့သူမှာ ခန္ဓာကိုယ်ရှိနေရင် အဲဒီအသုံးပြုတဲ့သူကိုပါ ဒဏ်ရာရစေပါတယ်။ ဒါပေမဲ့ အဲဒါက ရှားပါးတဲ့ ဝိညာဉ်အမျိုးအစား ဓမ္မအသုံးအဆောင်ဖြစ်နေလို့ ဈေးက ပိုကြီးပါတယ် ”

“ အေးစိမ့်ဓားက ဝိညာဉ်ကျောက်တုံးနှစ်သိန်းခုနစ်သောင်းပါ။ မိစ္ဆာပုလဲငါးလုံးကတော့ ဝိညာဉ်ကျောက်တုံးသုံးသိန်းပါ။ ဝိညာဉ်ခေါ်သံခေါင်းလောင်းက ဝိညာဉ်ကျောက်တုံးသုံးသိန်းသုံးသောင်းပါ ”

မိန်းကလေးက ရွှီချင်းကို ကြည့်၍ ခပ်လွင်လွင်ကလေး ပြောလိုက်သည်။

ရွှီချင်းက ထိုပစ္စည်းသုံးမျိုးကို စေ့စေ့စပ်စပ်ကြည့်လိုက်သည်။ အပြင်ပန်းတွင် သူ့ပုံစံက ပုံမှန်ဖြစ်ပါသော်လည်း စိတ်ထဲတွင် ဓမ္မအသုံးအဆောင်များ ဈေးကြီးခြင်းကြောင့် သက်ပြင်းချနေရသည်။ သို့သော် ရွှမ်ယောက်အသွင်သဏ္ဍာန်ကို အသက်မသွင်းနိုင်သေးခင် ဓမ္မအသုံးအဆောင်များက သူ့အတွက် အလွန်အရေးပါသည်ကို သူ သိသည်။

ထို့အပြင် စစ်ပွဲစတော့မည်ဖြစ်ရာ လုံလောက်သော ပြင်ဆင်မှုများ သူ လုပ်ထားရပေမည်။ ထိုသို့မဟုတ်ပါက စစ်ပွဲသတင်းပျံ့နှံ့သွားသည်နှင့် ပစ္စည်းဈေးနှုန်း ပို၍ မြင့်တက်သွားပေမည်။

ထိုဓမ္မအသုံးအဆောင်သုံးခုလုံးကို သူ သဘောကျပါသော်လည်း မဝယ်နိုင်ပေ။

ကျောက်စိမ်းအဆောင်များနှင့် အဆိပ်မြက်အမြောက်အမြား သူ ဝယ်ရဦးမည်ဖြစ်သည်။

ထို့ကြောင့် ထိုပစ္စည်းများကို တစ်ခုချင်း စစ်ဆေးကြည့်ပြီးနောက် ရွှီချင်းသည် အံတင်းတင်းကြိတ်၍ ဝိညာဉ်ခေါ်သံခေါင်းလောင်းကို ဝယ်လိုက်သည်။ ထိုပစ္စည်းတွင် အားနည်းချက်ရှိပါသော်လည်း ထိုပြဿနာကို ဖြေရှင်းရန်နည်းလမ်း သူ့မှာ ရှိသည်။

သူက သံတုတ်နက်လေးတွင် ထိုခေါင်းလောင်းကို ချည်နှောင်လိုက်မည်ဖြစ်ပြီး ကျင်းကန်းဂိုဏ်းစောင့်ဘိုးဘိုးအနေဖြင့် ရန်သူများကို အဝေးမှ သတ်နိုင်သွားမည်ဖြစ်သည်။ ကျင်းကန်းဂိုဏ်းစောင့်ဘိုးဘိုးသည် လက်နက်စောင့်ဝိညာဉ်ဖြစ်ပြီး ခန္ဓာနှင့်ဝိညာဉ်ရှိသူ မဟုတ်ပေရာ သူ့အပေါ် အကျိုးသက်ရောက်မှုရှိမည် မဟုတ်ပေ။

“ ဒါ ယူမယ် ”

ရွှီချင်းက ဝိညာဉ်ခေါ်သံခေါင်းလောင်းကို ကိုင်၍ ဖြည်းညင်းစွာ ပြောလိုက်သည်။

မိန်းကလေးမှာ အနည်းငယ် စိတ်လှုပ်ရှားသွားရသည်။ ဓမ္မလက်နက်အသုံးအဆောင်ရောင်းချခြင်းသည် သူတို့၏ အဓိကစီးပွားရေး မဟုတ်ပါလား။ သူမက ရွှီချင်းကို လေးစားစွာဖြင့် ရောင်းချပေးလိုက်ပြီးနောက် ရွှီချင်း၏ တောင်းဆိုချက်အရ ကျောက်စိမ်းအဆောင်များ ကြည့်ရှုရန် ဒုတိယအထပ်သို့ ခေါ်သွားသည်။ ထိုနေရာတွင် ရွှီချင်းသည် အကာအကွယ်နှင့် တိုက်ခိုက်ရေးကို တိုးတက်စေသည့် ကျောက်စိမ်းအဆောင်သုံးခုကို ဝယ်ခဲ့ပြီး စုစုပေါင်း ဝိညာဉ်ကျောက်တုံးတစ်သိန်းနှစ်သောင်း ပေးချေလိုက်ရသည်။

ဆိုင်အပြင်ဘက်သို့ သူ ရောက်သောအခါ သူ့အိတ်ကို ကိုင်ကြည့်လိုက်ပြီး သက်ပြင်းချလိုက်သည်။

ချီစုစည်းခြင်းအဆင့်တွင် ရှိစဉ်အခါက ချီစုစည်းခြင်းအဆင့်ကျင့်ကြံသူများအတွက် လိုအပ်သော အရင်းအမြစ်များမှာ အလွန် ဈေးကြီးသည်ဟု သူ ခံစားခဲ့ရသည်။ အခြေတည်အဆင့်သို့ ရောက်သောအခါတွင် ချီစုစည်းခြင်းအဆင့်အတွက် အသုံးစရိတ်မှာ အဆင်ပြေပြီး အခြေတည်အဆင့်ဆေးလုံးများမှာ အလွန် ဈေးကြီးလှသည်ဟု ခံစားခဲ့ရသည်။ သို့သော်လည်း ယခုတွင် ထိုအရာများမှာ ဘာမှမဟုတ်ကြောင်း သူ သိလာရသည်။

အခြေတည်အဆင့်ကျောက်စိမ်းအဆောင်များနှင့် ဓမ္မအသုံးအဆောင်များက ဈေးအကြီးဆုံး ဖြစ်ပေသည်။

“ ငါ မှော်လှေကို အဆင့်မြှင့်ဖို့လည်း ဝိညာဉ်ကျောက်တုံးတွေ အများကြီး လိုသေးတယ် ”

ရွှီချင်းက ခေါင်းယမ်းလိုက်သည်။ ဓမ္မလက်နက်ကို ဝယ်ယူပြီးနောက် နောင်တရသည့်စိတ်ကို သူ ကြိတ်မှိတ်သည်းခံလိုက်ပြီး ဆေးပင်များကြည့်ရန် ဒုတိယတောင်ထိပ်၏ ချန်းလင်နယ်မြေသို့ သွားလိုက်သည်။ ချန်းလင်နယ်မြေနှင့်ယှဉ်ပါက ဆိပ်ကမ်းမှဆေးပင်များသည် အလွန် အရည်အသွေးနိမ့်သည်။

တစ္ဆေဆန္ဒများနှင့် ပင်လယ်မှိုများ သူ ဝယ်ယူနိုင်မလားဆိုသည်ကိုလည်း သူ မြင်ချင်သည်။ ယင်းသည် ပင်လယ်သတ္တဝါများကို ဆွဲဆောင်ကာ ဓမ္မတံခါးများ ဖွင့်နိုင်သည့် နည်းလမ်းတစ်ခု ဖြစ်သည်။

သို့သော်လည်း ဒုတိယမြောက်တောင်ထိပ်၏ ချန်းလင်နယ်မြေသို့ သွားသည့်လမ်းတွင် သူ့ဂိုဏ်းတံဆိပ်ပြား တုန်ခါသွားသည်။ သူ ထုတ်၍ ကြည့်လိုက်ရာ ကျန်းစန်းပို့လိုက်သော အသံလွှင့်စာတစ်စောင်ကို မြင်လိုက်ရသည်။

“ ရွှီချင်း၊ မင်း ပြန်ရောက်ပြီလား ”

“ မနေ့က ပြန်ရောက်တာ ”

ရွှီချင်းက ပြန်ဖြေလိုက်သည်။

“ မင်း ဘယ်မှာတုံး။ ဒီကိုလာလို့ ရလား။ ဒါမှမဟုတ် ငါပဲလာရမလား။ ငါမင်းနဲ့ အရေးကြီးတာ ဆွေးနွေးချင်လို့ ”

“ ဆေးပင်တွေကြည့်ဖို့ ကျနော်က ချန်းလင်နယ်မြေကို သွားနေတာ ”

ရွှီချင်းမှာ ကျန်းစန်း ရှာနေရသည့်အကြောင်းအရင်းကို အနည်းငယ် သိချင်သွားသည်။ တချိန်တည်းမှာပင် ခေါင်းဆောင်က သူ့ထံသို့ ကြိမ်ဖန်များစွာ လာလည်ရန် ကြိုးစားခဲ့သည်ကို ပြသခဲ့သော သူ့ဂူထဲရှိ ကျောက်ပြားပေါ်မှ မှတ်တမ်းများကို ပြန်တွေးမိလိုက်သည်။

“ ကောင်းပြီလေ။ ချန်းလင်နယ်မြေမှာ ဆေးပင်တစ်ရာဆိုင်ရှိတယ်။ အဲဒီမှာ ငါတို့ တွေ့ကြတာပေါ့ ”

အသံလွှင့်ခြင်း အဆုံးသတ်သွားသည်။

ရွှီချင်းက ဒုတိယမြောက်တောင်ထိပ်၏ ချန်းလင်နယ်မြေသို့ လျှောက်သွားသည်။ မကြာခင် ကျန်းစန်းပြောသည့် ဆေးပင်တစ်ရာဆိုင်ကို တွေ့သွားသည်။ ထိုဆိုင်သည် အလွန်ကြီးမားပြီး ထိုနယ်မြေ၌ နာမည်ကြီးသော ဆိုင်တစ်ဆိုင်အဖြစ် ယူဆနိုင်သည်။

အဝေးမှနေ၍ ဆေးပင်တစ်ရာဆိုင်အပြင်ဘက်တွင် စောင့်နေသော ကျန်းစန်းကို ရွှီချင်း မြင်လိုက်ရသည်။

ကျန်းစန်းသည် ဆိုင်ဘေးရှိ လှေကားထစ်များပေါ်တွင် ထိုင်ကာ ဆေးတံကို သောက်နေသည်။ သူ၏မီးခိုးရောင်တာအိုဝတ်ရုံကြောင့် သူ့ပုံစံက သိသာထင်ရှားမနေပေ။ ရွှီချင်းကို မြင်သောအခါ သူ့မျက်နှာပေါ်တွင် အပြုံးတစ်စ ပေါ်လာသည်။ သူက ထရပ်ကာ သူ့ဖင်မှ ဖုန်များကို ခါလိုက်ပြီး လျင်မြန်စွာ လျှောက်သွားသည်။

“ ညီလေးရွှီချင်း၊ ခေါင်းဆောင် မင်းကို လာရှာသေးလား ”

ကျန်းစန်းက ရွှီချင်းကို ချောင်တစ်ချောင်သို့ ဆွဲခေါ်သွားပြီး ခပ်တိုးတိုးမေးလိုက်သည်။

“ ကျနော် ပြန်ရောက်ကတည်းက ခေါင်းဆောင်ကို မတွေ့ရသေးဘူး ”

ရွှီချင်းက နားလည်ရခက်နေဟန်ဖြင့် ကျန်းစန်းကို ကြည့်လိုက်သည်။

“ အဲဒါကောင်းတယ်။ ခေါင်းဆောင်က အရူးတစ်ယောက်လို တွေ့တဲ့လူဆီကနေ ပိုက်ဆံတွေလိုက်ချေးနေတာ။ သူ့ဆိပ်ကမ်းဖွင့်ခွင့်ကိုတောင် သူ ပေါင်မိတော့မလို့ပဲ။ သူပြောတာတော့ သူ့ကိုယ်သူ တခြားမျိုးနွယ်တစ်ယောက်လို ရုပ်ဖျက်မယ့်နည်း ဝယ်ချင်လို့တဲ့။ အဲဒါသာ အောင်မြင်သွားရင် အဆတစ်ရာထက်တောင် ပိုပြီး ထောသွားမှာတဲ့။ မင်းကိုလည်း သူ ရှာမယ်လို့ ငါ ထင်တာပဲ ”

“ မင်းမှာ ဆိပ်ကမ်းဖွင့်ခွင့် ရှိသေးလား ”

ကျန်းစန်းက ရွှီချင်းကို မျှော်လင့်တကြီး ကြည့်လိုက်သည်။

“ ရှိတယ် ”

ရွှီချင်းက ခေါင်းညိတ်ပြလိုက်သည်။

“ ကောင်းတယ်ဟေ့ ”

ကျန်းစန်းက တဟားဟား ရယ်မောလိုက်ပြီး အလျင်အမြန် ဆိုလိုက်သည်။

“ ရွှီချင်း၊ မင်းရဲ့ ဆိပ်ကမ်းဝယ်ခွင့်ကို ငါ့ကို ပေးလိုက်။ ခဏနေရင် ခေါင်းဆောင်ဆီကနေလဲ သူ့ဝယ်ခွင့်ကို မပေါင်ဖို့ ငါ စည်းရုံးလိုက်မယ်။ ဒါဆိုရင် မင်းဝယ်ခွင့်ကောပေါင်းရင် ငါတို့ အလုပ်ကြီးကြီး လုပ်လို့ရပြီ ”

“ ဂိုဏ်းက အဏ္ဏဝါရုပ်အလောင်းမျိုးနွယ်နဲ့ စစ်ဖြစ်တော့မယ်လို့ ငါ သတင်းအတိအကျ ရထားတယ်ကွ။ အဲဒီသတင်းကို လူတော်တော်များများ သိတယ်။ အဲဒီသတင်းနဲ့ ပတ်သက်ပြီး လူတွေကတော့ အမျိုးမျိုးတွေးနေမှာပဲ ”

“ တချို့လူတွေကတော့ အဲဒီစစ်သတင်းကြားရင် သူတု့ိကိုယ်သူတို့ ကာကွယ်ဖို့ တွေးမှာ။ တချို့ကျတော့ စွမ်းဆောင်မှုရမှတ်တွေ ဘယ်လိုရအောင်လုပ်မလဲ တွေးနေမှာ။ တချို့ကျ ကြောက်လန့်တုန်လှုပ်နေမယ်။ တချို့ကျလဲ ချမ်းသာအောင်လုပ်မယ်လို့ တွေးပေမဲ့ ဘယ်လိုလုပ်ရမလဲ မသိတာလည်း ဖြစ်မယ် ”

“ အဲဒီထဲက အများစုကတော့ ပစ္စည်းတွေ စုဆောင်းဖို့တွေးနေလောက်မှာ။ ငါကတော့ မတူဘူးကွ ”

ထိုနေရာအရောက်တွင် ကျန်းစန်းသည် ဝင့်ကြွားသော အမူအရာတစ်ခုကို ဆင်မြန်းလိုက်သည်။

“ ရွှီချင်း ၊ ငါ ပြောပြမယ်။ စစ်ဖြစ်လာတာက ကံကြမ္မာဖန်တီးဖို့ အချိန်ရောက်လာတာပဲ။ အဲဒါကို ရင်းမြစ်ပစ္စည်းတွေ စုဆောင်းဖို့ မတွေးနဲ့။ အဲဒါက ဘာမှမဟုတ်ဘဲ တခြားသူတွေ မုန်းတီးတာပဲခံရမှာ ”

“ ဂိုဏ်းတူရောင်းရင်းတွေဆီကနေ ငါတု့ိ ပိုက်ဆံမယူဘူး။ ဂိုဏ်းဆီကနေပဲ ငါတို့ ပိုက်ဆံယူမှာ ”

“ အဏ္ဏဝါရုပ်အလောင်းမျိုးနွယ်နဲ့ စစ်ဖြစ်ရင် ဂိုဏ်းက သေချာပေါက် တိုက်ပွဲကြီးတစ်ခု ဖော်ဆောင်မှာ။ အချိန်ကျလာရင် စစ်ပွဲထဲပါဖို့ ဆိပ်ကမ်းအားလုံးကိုလည်း ချောဆွဲမှာပဲ။ ဓမ္မအသုံးအဆောင်တွေကို စီစဉ်တာပဲ ဖြစ်ဖြစ်၊ စစ်သင်္ဘောတွေ နေရာချတာပဲဖြစ်ဖြစ်၊ တောင်ထိပ်အသီးသီးကို နေရာရွှေ့တာပဲ ဖြစ်ဖြစ် ဆိပ်ကမ်းတွေက အဓိကကျလာမှာ ”

“ သတ္တမမြောက်တောင်ထိပ်က ဆိပ်ကမ်းအရေအတွက်ကို ကန့်သတ်ထားတယ်။ ဒီတော့ ငါ ဆိပ်ကမ်းသုံးခုပေါင်းပြီး ဖွင့်လိုက်မယ်။ ဒါဆိုရင် ဂိုဏ်းက ဒီလိုမျိုး ဆိပ်ကမ်းကြီးကို သေချာပေါက် ချောဆွဲမှာပဲ ”

“ ချောဆွဲရင် သူတု့ိ ပိုက်ဆံပေးရမှာပဲ။ ဒီတော့ စစ်ပွဲမစခင် ငါ ဆိပ်ကမ်းတွေအများကြီး လုပ်ထားချင်တယ်။ ငါ တွက်ကြည့်ရသလောက် စစ်ပွဲက သုံးလကြာရင် ငါတို့ အရင်းကြေပြီ။ တစ်နှစ်လောက်ကြာရင် ငါတု့ိ အနည်းဆုံး လေးဆလောက်မြတ်ပြီပဲ ”

“ ဒီလိုမျိုးအခွင့်အရေးက ကြုံရခဲတယ်။ ငါတို့ ချက်ကောင်းကို တွယ်မှဖြစ်မယ် ”

ကျန်းစန်း၏စကားများကို နားထောင်ရင်း ကျန်းစန်းကို စိုက်ကြည့်နေသည့် သူ၏ မျက်လုံးများ ပြူးကျယ်လာသည်။ သူ့ရင်ထဲတွင် လေးစားစိတ်များ ထိန်းချုပ်မရအောင် ထွက်ပေါ်လာ၏။

ကျန်းစန်း၏ ငွေနှင့်ပတ်သက်၍ အကွက်မြင်နိုင်စွမ်းမှာ တခြားလူများထက် ပို၍ သာလွန်သည်ဟု သူ အမှန်တကယ် ခံစားလိုက်ရသည်။

ရွှီချင်း၏ အမူအရာကို ကျန်းစန်း သတိထားမိသောအခါ အားရကျေနပ်သွားပြီး တဟားဟား ရယ်မောလိုက်သည်။

“ ရွှီချင်း၊ မင်းနဲ့ ခေါင်းဆောင်တို့က ဝိညာဉ်ကျောက်တုံးတစ်တုံးမှ ထုတ်ဖို့ မလိုဘူး။ ငါ့ကို ဆိပ်ကမ်းဖွင့်ခွင့်လေးပဲ ပေးလိုက်။ ငါပဲ ရင်းနှီးမြှုပ်နှံလိုက်မယ်။ အကျိုးအမြတ်ခွဲရင် မင်းနဲ့ ခေါင်းဆောင်က တစ်ယောက်ကို နှစ်ဆယ့်ငါးရာခိုင်နှုန်းစီယူ။ ငါကတော့ ငါးဆယ်ရာခိုင်နှုန်းယူမှာ။ အဆင်ပြေလား ”

“ ပြီးတော့ စစ်ပွဲကြီးပြီးသွားရင်လဲ ဆိပ်ကမ်းကို လည်ပတ်နေဦးမှာ။ ဒီတော့ အဲဒီအကျိုးအမြတ်က အကြာကြီး ရနေမှာနော် ”

ကျန်းစန်းက ရွှီချင်းကို ကြည့်၍ သူ့အဖြေကို စောင့်နေသည်။

ရွှီချင်းက တွေးတောလိုက်ပြိးနောက် ကျန်းစန်းကို တံဆိပ်ပြားတစ်ခု ပေးလိုက်သည်။ ယင်းတံဆိပ်ပြားသည် ဆိပ်ကမ်းဖွင့်ခွင့်တံဆိပ်ပြားဖြစ်သည်။

ကျန်းစန်းမှာ စိတ်လှုပ်ရှားကာ စိတ်အားတက်ကြွသွားသည်။

“ တစ်နှစ်နေရင် အနည်းဆုံး ဝိညာဉ်ကျောက်တုံးသန်းဂဏန်းခန့်တော့ မင်း ရမယ်လို့ ငါ ယုံတယ် ”

ကျန်းစန်းက တဟားဟား ရယ်မောလိုက်သည်။ သူက ကျောက်စိမ်းပေလွှာကို ထုတ်လိုက်ပြီး ထိုကိစ္စကို အစီအစဉ်ချရန် သူ့အဆက်အသွယ်များအား အလျင်အမြန် ဆက်သွယ်လိုက်သည်။ ပြီးသည်နှင့် ရွှီချင်းကို လက်ဝှေ့ယမ်းပြကာ နှုတ်ဆက်စကားပြောလိုက်သည်။

ကျန်းစန်းထွက်သွားသည်ကို ကြည့်နေပြီးနောက် ရွှီချင်းသည် စိတ်ထဲမှ သက်ပြင်းချလိုက်သည်။ ကျန်းစန်းက ပါရမီရှင်တစ်ယောက်ဖြစ်သည်ဟု သူ အမှန်တကယ် ခံစားလိုက်ရသည်။ သူက ပစ္စည်းများ လုပ်ရာတွင် ပါရမီပါသည်သာမက သူ့ကျင့်ကြံသည်လည်း နှေးကွေးမနေပေ။ ထို့ပြင် စီးပွားရေးနှင့်ပတ်သက်၍ စူးရှသောအမြင်လည်း ရှိသည်။

“ တစ်နှစ်ကို ဝိညာဉ်ကျောက်တုံးတွေအများကြီး သူ ရရင် သိပ်ကောင်းမယ် ”

ကျန်းစန်းက တစ်နှစ်လျှင် ဝိညာဉ်ကျောက်တုံးသန်းဂဏန်းခန့် သူ ရနိုင်ကြောင်း ပြောခဲ့သည်ကို တွေးမိသောအခါ သူ အနည်းငယ် ရင်ခုန်နှုန်း မြန်ဆန်လာရသည်။

ကျန်းစန်းပြောသည့် အကျိုးအမြတ်ပမာဏမှာ ကြီးမားလွန်းသည်။ အထူးသဖြင့် အိတ်ဟောင်းလောင်း ဖြစ်နေသော ရွှီချင်းအတွက် ယင်းမှာ ဆွဲဆောင်လွန်းနေသည်။

ခဏအကြာ ရွှီချင်းသည် သက်ပြင်းရှိုက်လိုက်ပြီး ဆေးပင်တစ်ရာဆိုင်ထဲသို့ ဝင်လိုက်သည်။

အမွှေးတိုင်တစ်တိုင် လောင်ကျွမ်းစာအချိန်ကြာပြီးနောက် ရွှီချင်းက သူ လိုအပ်သည့် အဆိပ်မြက်ပင်များကို ဝယ်ယူကာ ဆိုင်ထဲမှ ထွက်လာခဲ့သည်။ ဤဆိုင်တွင် ဝိညာဉ်ကျောက်တုံးအမြောက်အမြား သုံးစွဲခဲ့ပါသော်လည်း သူ ကျေနပ်နေသည်။ ဤဆိုင်ထဲရှိ အဆိပ်မြက်ပင်များသည် ယန်ဆေးပင်များထက်ပို၍ အရည်အသွေးကောင်းသည်။

သာမန်ဆေးဆိုင်တစ်ဆိုင်က ထိုသို့ ဖြစ်နေသင့်သည်ဟု ရွှီချင်း တွေးလိုက်မိသည်။

ယင်းအပြင် အပင်အများစုမှာ အဆိပ်များပင် ဖြစ်ကြသည် မဟုတ်ပါလား။

ယခင်က သမားတော်ကြီးပိုင်ချန်ခဲ့သည့် စာအုပ်ထဲတွင် မြင်ရသော အဆိပ်မြက်ပင်များကိုသာ သူ ဝယ်ခဲ့သည်။ ယခု သူသည် ပြန်သွားကာ အဆိပ်အသစ်တစ်မျိုး ဖော်စပ်ရန် စီစဉ်ထား၏။

တစ္ဆေဆန္ဒအကောင်များ ဤဆိုင်တွင် မရသည့်အချက်ကိုတော့ သူ နှမျောတသဖြစ်နေရသည်။ သို့သော်လည်း ဆိုင်ရှင်က တန်ဖိုးအပြည့်ပေးကာ ကြိုမှာထားနိုင်ပြီး တစ်လအတွင်း ရမည်ဖြစ်ကြောင်း သူ့ကို ပြောပြခဲ့၍ သူ သဘောတူလက်ခံခဲ့သည်။

“ အခြေတည်အဆင့်ကျင့်ကြံသူတွေကို ခဏလေးနဲ့ သတ်နိုင်တဲ့အဆိပ်ကို ငါ ဖော်ရမယ်။ အထူးသဖြင့် အဏ္ဏဝါရုပ်အလောင်းမျိုးနွယ်ဝင်တွေအတွက်ပေါ့ ”

ရွှီချင်းက လေပေါ်သို့ ပျံတက်လိုက်ပြီး သတ္တမမြောက်တောင်ထိပ်ဂူသု့ိ တန်းတန်းမတ်မတ်သွားလိုက်သည်။

အချိန်များ ကုန်လွန်သွားသည်။ ရွှီချင်းက အဆိပ်ဖော်စပ်ပြီး ဂူထဲ ကျင့်ကြံနေစဉ်အတောအတွင်း လဝက်က ကုန်မှန်းမသိ ကုန်လွန်သွားခဲ့သည်။

လူအားလုံး၏စိတ်အာရုံကို ဆွဲဆောင်သွားနိုင်သည့် သတင်းစကားတစ်ခွန်း ဂိုဏ်းထဲ ပျံ့နှံ့လာသည်။ ထိုသတင်းစကားအောက်တွင် တစ်ဂိုဏ်းလုံး ဖိအားများအောက်သို့ပင် ရောက်သွားသည်။

“ အဏ္ဏဝါရုပ်အလောင်းမျိုးနွယ်နဲ့ ချီရွှဲ့ထုံဂိုဏ်းတို့ မီးကုန်ယမ်းကုန် တိုက်တော့မယ်ဟေ့ ”

All Chapters