← Chapters

စစ်ကြေညာခြင်း

Vol. 15 Ch. 224

စစ်ကြေညာခြင်း

Vol. 15 Ch. 224

ထိုသတင်းစကားက မုန်တိုင်းအလား ဂိုဏ်းတခွင် ပျံ့နှံ့သွားပြီး တောင်ခြေနှင့် တောင်ပေါ်ရှိ မရေမတွက်နိုင်သော ကျင့်ကြံသူများ၏ စိတ်အာရုံကို ဆွဲဆောင်သွားသည်။

စစ်ပွဲ၌ အဆင့်မြင့်ကျင့်ကြံသူများက အဓိကဖြစ်ပါသော်လည်း ချီစုစည်းခြင်းအဆင့်ကျင့်ကြံသူများလုပ်နိုင်သည့် ကိစ္စများစွာ ရှိသည်။ ဥပမာအနေဖြင့် မန္တန်အစီအရင်များ တပ်ဆင်ခြင်း၊ သယ်ယူပို့ဆောင်ရေးနှင့် တခြားစစ်ပွဲဆိုင်ရာတောက်တိုမယ်ရအလုပ်လေးများ ဖြစ်သည်။

ထို့ပြင် အဏ္ဏဝါရုပ်အလောင်းမျိုးနွယ်သည်ပင် တိုက်ခိုက်ရန် ချီစုစည်းခြင်းအဆင့်ကျင့်ကြံသူများ သေချာပေါက် စေလွှတ်ပေမည်။ ထိုကိစ္စ၌ ချီရွှဲ့ထုံဂိုဏ်းမှ သာမန်ဂိုဏ်းသားများသည်လည်း ဝင်ရောက်တိုက်ခိုက်ရမည်ဖြစ်သည်။

တောင်ပေါ်ရှိ ကျင့်ကြံသူများနှင့် ယှဉ်ပါက သာမန်ဂိုဏ်းသားများမှာငြင်းပယ်ခွင့် မရှိပေ။ အခြေတည်အဆင့်သို့ ရောက်မှသာ တိုက်ပွဲတွင် ပါမလား၊ မပါဘူးလား ဆုံးဖြတ်ခွင့်ရှိသည်။

ထိုသို့ဖြင့် ထိုသတင်းက ပင်မမြို့ကြီးထဲတွင် တောမီးပမာ ပျံ့နှံနေ၏။ ရွှီချင်းမှာ အံ့အားသင့်မသွားပေ။

ပင်လယ်ပြင်၌ အဏ္ဏဝါရုပ်အလောင်းမျိုးနွယ်မှ ထိပ်သီးကျင့်ကြံသူများနှင့် ဂိုဏ်းအကြီးအကဲများ၊ တောင်သခင်များကြားမှ တိုက်ပွဲကို မြင်ခဲ့ရခြင်းကြောင့်ဖြစ်စေ၊ ဟွမ်ရန်၏ သတိပေးစကားနှစ်ခွန်းကြောင့်ဖြစ်စေ၊ ကျန်းစန်း၏ အစီအစဉ်ကြောင့်ဖြစ်စေ ထိုအခြင်းအရာအားလုံးက စစ်ပွဲစတော့မည်ကို ညွှန်ပြနေသည်။

မူလက စစ်ပွဲနှင့် ပတ်သက်ပြီး ရွှီချင်း၌ အတွေးများ မရှိပေ။ တောင်ပေါ်သို့ သူ တက်ခဲ့စဉ်အခါက ချီရွှဲ့ထုံဂိုဏ်းမှ အခြေတည်အဆင့်ကျင့်ကြံသူများသည် ဆန္ဒမရှိပါက စစ်ပွဲတွင် ဝင်ပါရန် မလိုကြောင်း ကျန်းယွင်ရှစ်က ပြောခဲ့ဖူးသည်။ ထို့ကြောင့် စစ်ပွဲတွင် ဝင်ပါခြင်း၊ မပါခြင်းသည် အကျိုးအမြတ်ဖြင့်သာ အဓိကသက်ဆိုင်သည်။

သို့သော်လည်း မိစ္ဆာမီးဝိညာဉ်ဝါးမျိုခြင်းအတတ်ကို လေ့ကျင့်ပြီးနောက် ရွှီချင်း၏အတွေးများ အနည်းငယ် ပြောင်းလဲသွားသည်။ မိစ္ဆာမီးဝိညာဉ်အတတ်ကို ကျင့်ကြံသည့် အခြေတည်အဆင့်ကျင့်ကြံသူများအားလုံး စစ်ပွဲကို တန်ဖိုးထားကြ၏။

စစ်ပွဲထဲ၌ ဝိညာဉ်များကို ဝါးမျိုရန် အလွယ်ကူဆုံးဖြစ်သည်။ ကျင့်ကြံသူတစ်ယောက်က စစ်ပွဲထဲ အသက်ရှင်နေသမျှ ဓမ္မတံခါးများကို ဖွင့်နိုင်မည် ဖြစ်သည်။

အဘယ်ကြောင့်ဆိုသော် စစ်ပွဲထဲ၌ နေရာတိုင်းတွင် သတ်ဖြတ်ခြင်းများ ရှိနေပြီး ဝိညာဉ်များကို ဝါးမျိုရန် ပို၍ လွယ်ကူသည့်အတွက်ကြောင့် ဖြစ်ပေသည်။ ထို့ပြင် အဏ္ဏဝါရုပ်အလောင်းမျိုးနွယ်ဝင်များ၏ ဝိညာဉ်များက မိစ္ဆာမီးဝိညာဉ်ဝါးမျိုခြင်းအတတ်၌ ကြီးစွာသော အကျိုးသက်ရောက်မှု ဖြစ်စေသည်။

ထိုအချက်သည် ရွှီချင်းကို အလွန်ဆွဲဆောင်နေပြီး အထူးသဖြင့် အဏ္ဏဝါရုပ်အလောင်းမျိုးနွယ်ဝင်၏ ဝိညာဉ်က မည်မျှကောင်းမွန်သည်ကို သူ မြည်းစမ်းကြည့်ခဲ့ရသောအခါတွင် ဖြစ်ပေသည်။

ယခုအခါတွင် သူသည် ဓမ္မတံခါးနှစ်ဆယ်ကို ဖွင့်ပြီးသွားပြီဖြစ်ပြီး သက်စောင့်မီးလုံးတစ်လုံးဖြစ်ပေါ်ရန် ဓမ္မတံခါးတစ်ဆယ် ဖွင့်ရန်သာ လိုတော့သည်။ ဓမ္မတံခါးဖွင့်ရန် အလွန်ခက်ခဲသည့်အတွက် နောက်ဆုံးတစ်ခေါက်မှာကဲ့သို့ တစ္ဆေဆန္ဒကောင်များနှင့် ပင်လယ်မှိုများကို သုံးသည့်နည်းလမ်းကို သူ တွက်ချက်ကြည့်ပါသော်လည်း သက်စောင့်မီးလုံးဖြစ်ရန် ခန့်မှန်းချေ အနိမ့်ဆုံး ( ၂ ) နှစ် ကြာမည်ဖြစ်သည်။

ထိုအတောအတွင်း သူ၏အမြန်နှုန်းကို အရှိန်မြင့်သွားစေနိုင်သည့် အခြေတည်အဆင့် သတ္တဝါများနှင့် ရံဖန်ရံခါ သူ ကြုံရနိုင်ပါသော်လည်း ယင်းမှာ အလွန် အန္တရာယ်များသည်။

ထိုတွက်ချက်မှုထဲတွင် တစ္ဆေဆန္ဒကောင်များ မလုံလောက်၍ ပင်လယ်ပြင်နှင့် အသွားအပြန်လုပ်ရမည့်အချိန်ကိုလည်း ထည့်မတွက်ရသေးပေ။ ထိုအချက်များအားလုံးပါ ပေါင်းလိုက်ပါက သုံးနှစ်ကျော်ကြာပေလိမ့်မည်။ ရွှမ်ယောက်အသွင်သဏ္ဍာန်ကို အသက်မသွင်းနိုင်သေးဘဲ ထိုမျှအချိန်ကြာမြင့်စွာ ပင်လယ်ထဲ သွားလာနေခြင်းမှာ အန္တရာယ်ကို လက်ယပ်ခေါ်နေသကဲ့သု့ိ ဖြစ်နေပေမည်။

ချီစုစည်းခြင်းအဆင့် ကျင့်ကြံသူများ ပင်လယ်ပြင်သို့ သွားပြီး ထိပ်သီးကျင့်ကြံသူများနှင့် ကြုံတွေ့ရပါက ထိုကျင့်ကြံသူများက ချီစုစည်းခြင်းအဆင့်ကျင့်ကြံသူများကို သတ်ရသည်မှာ သေးဖွဲသိမ်နုပ်နေသကဲ့သို့ ခံစားနေရပေမည်။ သို့သော်လည်း အခြေတည်အဆင့်ကျင့်ကြံသူများကိုသာ တွေ့သွားပါက အများစုက ထိုသို့ တွေးကြမည် မဟုတ်ပေ။

အခြေတည်အဆင့်ကျင့်ကြံသူများကို သတ်သည့်တန်ဖိုးမှ များစွာ မြင့်မားနေသည် မဟုတ်ပါလား။

သို့ဖြစ်ပေရာ စစ်ပွဲသည် အန္တရာယ်များပါသော်လည်း အကျိုးအမြတ်များစွာ ရမည်ဖြစ်သည်။

စစ်ပွဲသတင်းပျံ့သွားသောအခါ ကျန်းစန်းသည် ဆိပ်ကမ်းသုံးခုအပေါ်တွင် အလွန် အာရုံစိုက်နေပြီး ဆိပ်ကမ်းဖွင့်သည့်လုပ်ငန်းစဉ်ကို အချိန်ဆွဲမနေတော့ပေ။

သူသည် ဝိညာဉ်ကျောက်တုံးအမြောက်အမြား သုံးစွဲလိုက်ပြီး ဆိပ်ကမ်းများဖွင့်ရန် နေရာကို ရွေးချယ်လိုက်သည်သာမက ဆဋ္ဌမမြောက်တောင်ထိပ်မှ သာမန်ဂိုဏ်းသားထောင်ပေါင်းများစွာနှင့် အလုပ်ကြမ်းသမား သောင်းဂဏန်းခန့်ကိုလည်း ခန့်လိုက်သည်။ တည်ဆောက်ရေးလုပ်ငန်းစဉ် စတင်နေပြီ ဖြစ်သည်။

လူအမြောက်အမြားဖြင့် တည်ဆောက်နေသည်ဖြစ်၍ ဆိပ်ကမ်းက နေ့စဉ်နှင့်အမျှ ပြောင်းလဲနေသည်။ တချိန်တည်းမှာပင် ဆိပ်ကမ်း စီးပွားရေးလုပ်ငန်းစဉ်များကိုလည်း ဆောင်ရွက်လိုက်သည်။

သယ်ယူပို့ဆောင်ရေးဌာန၏ လက်ထောက်ဌာနမှူးတစ်ယောက်ဖြစ်၍ ကျန်းစန်းက သူ့လုပ်ပိုင်ခွင့်ကို အသုံးချကာ ဆိပ်ကမ်းအသစ်၌ ဌာနခွဲကြီးတစ်ခု တည်ဆောက်လိုက်သည်။

ခေါင်းဆောင်သည်လည်း အတူတူပင်။ ဂိုဏ်းထဲမှာ မရှိသော်လည်း လူဆိုးထိန်းဌာန၏ အခွဲအဖြစ် ရွှမ်ဌာနကို ဆိပ်ကမ်းအသစ်သို့ ပို့လိုက်သည်။

ဟွမ်ရန်မှာ ထိုဆိပ်ကမ်းဖွင့်ရာတွင် ရွှီချင်းသည်လည်း စပ်တူပါဝင်နေသည်ကို တစ်နေရာရာမှ ကြားသိလိုက်ပြီးနောက် ထိုဆိပ်ကမ်း၌ ရေကြောင်းပြဌာနခွဲကို ဖွင့်စေလိုက်သည်။ ကူးမုချင်းသည်လည်း ထိုဆိပ်ကမ်း၌ ဆေးဆိုင်နောက်တစ်ဆိုင်ဖွင့်ရန် ဆိုင်အကြီးကြီးတစ်ခုကို ဝယ်ယူလိုက်သည်။

ရွှီချင်းကို ခြိမ်းခြောက်ငွေညှစ်ရန် ကြိုးစားခဲ့ဖူးသည့် ဆိုင်ရှင်သည်လည်း သူ့နောက်ကွယ်မှ ပုဂ္ဂိုလ်ကြောင့်ပေလော၊ ဆိပ်ကမ်းသို့ ချက်ချင်းရောက်လာကာ သူ၏စိတ်သဘောထားကို ပြသသည့်အနေဖြင့် ဆိုင်တစ်ဆိုင် ဝယ်သွားခဲ့သည်။

လူအားလုံး ဟိုဝင်သည်ထွက်ဖြင့် ဆိပ်ကမ်းအသစ်မှာ သက်ဝင်လှုပ်ရှားနေသည်။ ယင်းသည် စစ်ပွဲသတင်းပြီးလျှင် ဂိုဏ်းထဲ၌ ရေပန်းအစားဆုံးသတင်း ဖြစ်လာသည်။

တင်းရွှယ်က ထိုအကြောင်းကို သိသွားသောအခါ ရိုးရှင်းစွာပင် သူမ၏အထောက်အပံ့ကို ပြသလိုက်လေသည်။ သူမက ကူးမုချင်း၏ ဆေးဆိုင်ပတ်လည်တွင် တြွိဂံပုံစံဖြင့် ဆိုင်သုံးဆိုင် ဝယ်ယူလိုက်သည်။

ထိုဆိုင်သုံးဆိုင်ကို မည်သို့လုပ်ရန် သူမ တွေးမထားဘဲ သူမ၏ဂုဏ်အရှိန်အဝါကို ထုတ်ပြလိုက်ခြင်းသာ ဖြစ်ပေသည်။

တင်းရွှယ်က တောင်ထိပ်အသီးသီးမှ သူမ၏အရင်းနှီးဆုံး မိတ်ဆွေများကိုပင် ဆက်သွယ်ကာ အကူအညီ တောင်းခဲ့သည်။

ဆိုင်များကို တင်းရွှယ်ဝယ်ယူပြီး ဒုတိယမြောက်နေ့တွင် ကျောက်ကျုံးဟန်က ထိုဆိပ်ကမ်း၌ စေလွှတ်ရေးဌာနခွဲတစ်ခုဖွင့်ရန် အလျင်အမြန် စီစဉ်လိုက်သည်။

ကျန်းစန်းမှာ အလွန် ကျေနပ်သဘောကျနေသည်။ ထိုဆိပ်ကမ်းသတင်းအား ဖြန့်ခဲ့သူမှာ သူ ဖြစ်ပေသည်။ သို့သော်လည်း ထိုသို့ဖြန့်ရန် စီစဉ်ခဲ့သည်မှာ ခေါင်းဆောင်သာ ဖြစ်သည်။ ခေါင်းဆောင်က ထွက်မသွားခင် ရွှီချင်း၏နာမည်အား အသုံးချရန် သူ့ကို မှာကြားခဲ့၏။ ရုပ်ချောသောလူများက အလွန် အသုံးဝင်သည် မဟုတ်ပါလော။

ကျန်းစန်းသည်လည်း သူ့အဆက်အသွယ်များကို ဆော်သြော်လိုက်သည်။ မကြာခင် တတိယမြောက်၊ စတုတ္ထမြောက်နှင့် ပဉ္စမမြောက်တောင်ထိပ်မှလူများ တစ်ဆိုင်ပြီးတစ်ဆိုင် ဝယ်ယူလိုက်လေသည်။

ဆိပ်ကမ်းကို လူဆိုးထိန်းဌာနလည်း ပိုင်ဆိုင်ကြောင်း ကြားသိလိုက်ရသည်ဖြစ်၍ လောင်းကစားရုံများလည်း ရောက်ချလာသည်။

လောင်ကစားရုံပိုင်ရှင်များက ဆိုင်အများစုကို ဝယ်ယူလိုက်ကြသည်။ ပင်မမြို့ကြီးထဲရှိ ထိုကဲ့သို့ လောင်းကစားရုံများအားလုံးနီးပါး ဤဆိပ်ကမ်းတွင် အခွဲများ လာရောက်ဖွင့်ကြလေသည်။

မြို့ထဲမှတခြားနေရာများရှိ ဆိုင်များသည်လည်း တစ်ဆိုင်ပြီးတစ်ဆိုင် ရွှေ့လာကြသည်။ လဝက်ကြာသွားပြီး ဆေးပင်တစ်ရာဆိုင်မှ တစ္ဆေဆန္ဒကို ရွှီချင်း ရလိုက်သည့်အချိန်တွင် ဆိပ်ကမ်းအကြမ်းထည် ပြီးစီးသွားပြီ ဖြစ်သည်။

သတ္တမမြောက်တောင်ထိပ်တွင် နံပါတ်တစ်ခုကိုလည်း သူ အဆိုတင်သွင်းခဲ့ပြီး ဆိပ်ကမ်းကို ဆိပ်ကမ်းအမှတ် ( ၁၇၆ ) အဖြစ် သတ်မှတ်ပေးလိုက်သည်။

ဆိပ်ကမ်းကို အသုံးပြုရန် ဖွင့်လိုက်သည့်နေ့တွင် ရွှီချင်းသည် တောင်ပေါ်မှ ထွက်လာပြီး ဆိပ်ကမ်းအမှတ် ( ၁၇၆ ) ၌ သီးသန့်လှေရပ်နားရန်နေရာတစ်ခုကို မြင်လိုက်ရသည်။

ဆိပ်ကမ်းသို့ လာသည့်လမ်းတွင် သူသည် စတင်လည်ပတ်နေပြီဖြစ်သော ဆိပ်ကမ်းကို ကြည့်ကာ ခံစားချက်များဖြင့် သက်ပြင်းချလိုက်သည်။ ဂိုဏ်းမှ ချောဆွဲခရရန် ကျန်းစန်းသည် တည်ဆောက်ခြင်းလုပ်ငန်းစဉ်ကို အမှန်အကန် လုပ်ခဲ့လိုက်ပြီ ဖြစ်သည်။

ရွှီချင်းသည် ဂူထဲမှ ဆိပ်ကမ်းသို့ ပြန်လည် ပြောင်းရွှေ့လိုက်ပြီး မှော်သင်္ဘောပေါ်တွင် ထိုင်လိုက်သည်။ ထို့နောက် ရေလှိုင်းပုတ်သံကို နားထောင်ကာ သင်္ဘောလှုပ်ယမ်းနေသည်ကို ခံစားနေသည်။ ယင်းသည် သူ့ကို ချီစုစည်းခြင်းအဆင့်၌ ရှိစဉ်က အချိန်ကာလများဆီသို့ ပြန်ရောက်သွားသည့်အလား ခံစားသွားရစေသည်။

သူက ပင်လယ်ပြင်သို့ သွားမည့်ခရီးကို ရပ်နားလိုက်ပြီ ဖြစ်သည်။

ဤရက်အနည်းငယ်အတွင်း စစ်ပွဲနှင့် ပတ်သက်သော သတင်းစကားများ ပို၍ ပျံ့နှံ့လာသည့်အတွက်ကြောင့် ထိုသို့ ရပ်နားလိုက်ခြင်း ဖြစ်သည်။ နေ့စဉ်နေ့တိုင်း အပြင်လောကမှနေ၍ တောင်ထိပ်ခုနစ်လုံးသို့ တန်းတန်းမတ်မတ် ပြန်လာကြသော အလင်းတန်းများကို မြင်နေရသည်။

ယင်းမှာ စစ်ပွဲစတင်တော့မည့် ရှေ့ပြေးနိမိတ်များဖြစ်ကြောင်း ရွှီချင်း သိလိုက်သည်။

နောက်ထပ်လဝက် ကုန်လွန်သွားသည်။ ရွှီချင်းက သက်ရှည်အတတ်ကို သုံးပြီး နှစ်ဆယ့်တစ်ခုမြောက် ဓမ္မတံခါး၏ တစ်ဆယ်ရာခိုင်နှုန်းအထိ ကျင့်ကြံပြီးသောအချိန်တွင် ချီရွှဲ့ထုံဂိုဏ်း၏ တောင်ထိပ်ခုနစ်လုံးမှ ခေါင်းလောင်းသံများ တစ်ပြိုင်နက်တည်း မြည်လာသည်။ ယင်းမှာ အလွန်ရှားပါးသော ဖြစ်ရပ်ပင်။

ခေါင်းလောင်းသံများ မြည်ဟည်းကာ ချီရွှဲ့ထုံဂိုဏ်းတခွင် တဒေါင်ဒေါင် လွင့်ပျံနေစဉ် ထိုခေါင်းလောင်းသံများကို ကြားလိုက်ရသော တောင်ခြေမှလူများဖြစ်စေ၊ တောင်ပေါ်မှလူများဖြစ်စေ မျက်နှာအမူအရာများ ပြောင်းလဲသွားကြသည်။ ဂိုဏ်းသားအများစုက မှော်လှေများထဲမှပင် ထွက်လာကာ တောင်ထိပ်ခုနစ်လုံးကို ကြည့်လိုက်သည်။

ထိုဂိုဏ်းသားများထဲတွင် အခြေတည်အဆင့်ကျင့်ကြံသူအများအပြား ပုန်းလျှိုးကွယ်လျှိုး ရှိနေသည်။

ချီရွှဲ့ထုံဂိုဏ်း၏ ပင်မမြို့ကြီးထဲ၌လည်း အလားတူ ဖြစ်ပျက်နေလေသည်။

တောင်ထိပ်ခုနစ်လုံးတွင် နေထိုင်သော အခြေတည်အဆင့်ကျင့်ကြံသူများမှာလည်း ထိုနည်းတူပင်။ ဂူများထဲမှ အသီးသီးထွက်လာကြကာ စူးရှတောက်ပသောအကြည့်ဖြင့် လှမ်းကြည့်လိုက်ကြသည်။

ခဏအကြာ အိုမင်းရင့်ရော်ပြီး သြဇာညောင်းသောအသံတစ်သံက ခေါင်းလောင်းသံများကို လွှမ်းကာ ဂိုဏ်းတခွင် ပျံ့လွင့်သွားသည်။

“ ဂိုဏ်းသားတို့၊ ငါက ရွှယ်လျန့်ကျစ်ပဲ။ မင်းတို့ ငါ့ကို ဘိုးဘိုးလို့ ခေါ်နိုင်တယ်။ ဒီနေ့ စစ်ပွဲနဲ့ ပတ်သက်ပြီး မင်းတို့ကို ကြေညာစရာလေးရှိလို့ဟေ့ ”

“ ငါတို့ဂိုဏ်းက အဏ္ဏဝါရုပ်အလောင်းမျိုးနွယ်နဲ့ စစ်တိုက်မယ် ”

“ အဏ္ဏဝါရုပ်အလောင်းမျိုးနွယ်က သန်းတစ်ရာကျော် ချမ်းသာတယ်။ ဒီတော့ ဒီအဘိုးကြီး ဆုံးဖြတ်ထားတာက သန်းငါးဆယ်ကို ဆုလာဘ်အနေနဲ့ မင်းတို့ ယူနိုင်တယ် ”

ထိုအိုမင်းရင့်ရော်သောအသံကြီး ပဲ့တင်ထပ်သွားသည့်အခိုက် ချီရွှဲ့ထုံဂိုဏ်း၏ တောင်ထိပ်ခုနစ်လုံးမှ မရေမတွက်နိုင်သော သွေးစီးကြောင်းများ ကောင်းကင်ယံသို့ လွင့်ပျံတက်သွားသည်။ ထိုသွေးစီးကြောင်းများသည် ပိုးခြည်မျှင် မရေမတွက်နိုင်အောင် ရစ်ပတ်နေသည့်အလားပင်။ ၎င်းတို့က ကောင်းကင်ယံသို့ တစ်ပြိုင်နက်တည်း ပျံတက်သွားကြပြီး ချီရွှဲ့ထုံဂိုဏ်းကောင်းကင်ကြီးတစ်ခုလုံးကို ဖုံးလွှမ်းနေသည့် တိမ်စိုင်ကြီးတစ်ခုအဖြစ် ပြောင်းလဲသွားသည်။

ထိုတိမ်တိုက်ကြီးက အနီရောင်မျဉ်းကြောင်းများဖြင့် ရက်လုပ်ထားသည်ကို မြင်နိုင်သည်။ ထိုအနီရောင်မျဉ်းကြောင်းများသည် ကောင်းကင်ယံတွင် သိပ်သည်းစွာ စုဝေးသွားနေရာမှ နောက်ဆုံးတွင် ဧရာမမျက်နှာကြီးတစ်ခုအသွင် ပြောင်းလဲသွားသည်။

ယင်းမျက်နှာသည် အဘိုးအိုတစ်ယောက်၏ မျက်နှာဖြစ်သည်။ ထိုမြင်ကွင်းသည် ထိတ်လန့်တုန်လှုပ်ဖွယ်ကောင်းလွန်းပြီး ကောင်းကင်ယံတွင် မိုးခြိမ်းသံများလည်း မြည်ဟည်းနေ၏။ ချီရွှဲ့ထုံဂိုဏ်းတစ်ဂိုဏ်းလုံး သွေးရောင်လွှမ်းနေပြီး ယခင်က ရွှီချင်း မြင်ခဲ့ဖူးသည့် မီးလျှံဖီးနစ်ငှက်ကြီး၏ စိတ်ဆန္ဒကို ဝိုးတဝါး အာရုံခံနိုင်သည်။

အဝေးမှ ကြည့်ပါက လောကကြီးတစ်ခုလုံး မိစ္ဆာနယ်မြေအဖြစ် ပြောင်းလဲသွားသည့်အလားပင်။

တချိန်တည်းမှာပင် ချီရွှဲ့ထုံဂိုဏ်း၏ ပထမတောင်ထိပ်ရှိ ဧရာမသွေးမျက်လုံးကြီးထဲမှ ကြောက်ခမန်းလိလိ ဓားချီတစ်ခု ထွက်ပေါ်လာပြီး ကောင်းကင်ယံသို့ ပျံတက်သွားကာ သွေးရောင်ဓားတစ်လက်အသွင် ပြောင်းလဲသွားသည်။

ထိုဓားကြီးမှာ မရေမတွက်နိုင်သော အနီရောင်မိုးကြိုးလျှပ်စီးများဖြင့် လုပ်ထားခြင်းဖြစ်ပြီး ဝိညာဉ်တုန်ခါသွားစေနိုင်သည့်အစွမ်းရှိဟန်တူသည်။ ထိုဓားကြီးထဲရှိ မိုးကြိုးလျှပ်စီးတိုင်းက အခြေတည်အဆင့်ကျင့်ကြံသူတစ်ယောက်ကို သတ်ဖြတ်ပစ်နိုင်ဟန်တူသည်။

ထိုဓားကြီးပေါ်၌ နီမြန်းနေသော မျက်နှာနှင့် အဘိုးအိုတစ်ယောက် ရပ်နေသည်။ သူက ပထမတောင်ထိပ်သခင်ဖြစ်ပြီး ဓားကြီးပေါ်၌ ရပ်နေရင်း ကြက်သွေးရောင်အရှိန်အဝါများကို ထုတ်လွှတ်နေကာ သူ့ထံမှ နတ်ဘုရားများကိုပင် ဇီဝိန်ခြွေနိုင်သည့်အလား လူသတ်ငေ့ွများ ကောင်းကင်သို့တိုင်အောင် လွင့်ပျံတက်နေသည်။

“ ဘိုးဘိုးရဲ့ အမိန့်ကို ကျုပ် နာခံပါတယ် ”

သူ ပေါ်လာသည့်အခိုက် ဒုတိယမြောက်တောင်ထိပ်မှ တဂျုံးဂျုံးမြည်ဟည်းသံ လွင့်ပျံလာသည်။ ဧရာမဆေးပေါင်းဖိုကြီးတစ်လုံး လေထဲသို့ လွင့်ပျံတက်လာပြီး ထိုဆေးပေါင်းဖိုကြီးပေါ်၌ လှပကြော့ရှင်းသော သက်လတ်ပိုင်းအရွယ် အမျိုးသမီးတစ်ဦး တင်ပျဉ်ခွေထိုင်နေသည်။ ဆေးနံ့များ လေထဲ သင်းပျံ့သွားပြီး စူးရှတောက်ပသော အလင်းများ ဖြာကျလာသည်။

ထိုအမျိုးသမီးအောက်ရှိ ဆေးပေါင်းဖိုကြီးက နေတစ်စင်းပမာ အလင်းတန်းများ ထုတ်လွှတ်နေသည့် ဆေးလုံးတစ်လုံးကို ဖော်စပ်နေပြီး ၎င်းမှ ထွက်ပေါ်နေသည့် အငွေ့အသက်များက အလွန် ကြောက်မက်ဖွယ်ကောင်းသည်။

“ ဘိုးဘိုးရဲ့အမိန့်ကို ကျမ နာခံပါတယ် ”

နောက်ထပ်အလှည့်ကျသူမှာ တတိယမြောက်တောင်သခင် ဖြစ်သည်။ စာပေသမားတစ်ယောက်ပုံစံရှိသော သက်လတ်ပိုင်းလူတစ်ယောက် လျှောက်လာသည်။ သူ့ခြေထောက်အောက်၌ အဝါရောင်မြူခိုးလုံးတစ်လုံးရှိနေသည်။ မြူခိုးက တရွှီရွှီအော်မြည်လျက် တုန်လှုပ်ချောက်ချားစရာကောင်းသော အရှိန်အဝါမျိုး ထုတ်လွှတ်နေသည်။ သူ့ပတ်လည်မှာလည်း တစ္ဆေများပမာ ဝိုးတဝါးအရိပ်များ မရေမတွက်နိုင်အောင် ရှိနေသည်။

၎င်းတို့ကို မြင်သောအခါ ရွှီချင်း၏စိတ်အစဉ် တုန်ရီသွားပြီး မြို့ပျက်ကြီးထဲမှ အဖြူရောင်ဝတ်စုံဝတ် မျက်နှာမဲ့အမျိုးသမီးအား တွေ့လိုက်ရသည့်ပမာ သူ ခံစားလိုက်ရသည်။ သူတို့က တူညီသော ရင်းမြစ်တစ်ခုမှ ဆင်းသက်လာကြသည့်အလားပင်။

သူတို့အားလုံး မကောင်းဆိုးဝါးများပေလော။

“ ဘိုးဘိုးရဲ့အမိန့်ကို ကျုပ် နာခံပါတယ် ”

သက်လတ်ပိုင်းအရွယ် စာပေသမားက ထွက်လာပြီးနောက် တည်ငြိမ်စွာ ပြောလိုက်သည်။ ပြီးသည်နှင့် စတုတ္ထမြောက်တောင်ထိပ်မှ လူတစ်ယောက် ထွက်လာသည်။

ထိုလူမှာ လူထွားကြီးတစ်ယောက်ဖြစ်သည်။ သူ ပေါ်လာသည်နှင့် သူ့ကိုယ်ပေါ်မှ သံကြိုးတစ်ချောင်းကို ရှင်းရှင်းလင်းလင်း မြင်နိုင်သည်။ သံကြိုး၏ အဆုံးတစ်ဖက်ကို လက်ထဲတွင် ကိုင်ထားပြီး တခြားတစ်ဖက်၌ ဧရာမမျက်လုံးကြီးတစ်လုံးရှိသည်။

ထိုမျက်လုံးကြီးပေါ်လာသည်နှင့် နတ်စိတ်ဆန္ဒ တားမနိုင်ဆီးမရ ထွက်ပေါ်လာသည်။ ကျူးယင်ကဲ့သို့ အစွမ်းထက်သည်ဟူသော ခံစားချက်မျိုး ရွှီချင်း မခံစားရပါသော်လည်း ယင်းသည်လည်း နတ်သတ္တဝါတစ်ကောင်သာ ဖြစ်ပေသည်။

ပဉ္စမမြောက် နှင့် ဆဋ္ဌမမြောက်တောင်ထိပ်များမှ ထွက်လာသူ မရှိပေ။

နောက်ဆုံး၌ သတ္တမမြောက်တောင်ထိပ်အလှည့်ကျလာသည်။

သတ္တမမြောင်တောင်ထိပ် တုန်ခါသွားပြီး အမှတ်ခုနစ်သခင်ကြီး ထွက်လာသည်။ သူသည် ရိုးရှင်းသောအမူအရာဖြင့် ကောင်းကင်ယံသို့ တစ်လှမ်းချင်း လျှောက်လာသည်။ သူ့ကိုကြည့်ရသည်မှာ ကောင်းကင်ယံရှိ လူများအနက် ဟိတ်ဟန်အနည်းဆုံးဖြစ်သည်။

အဝေးမှ ကြည့်ပါက သူသည် တစ်ခါမှ မကျင့်ကြံဖူးသည့် သာမန်လူတစ်ယောက်ကဲ့သို့ပင်။ သို့သော်လည်း သူ ရောက်ရှိလာခြင်းကြောင့် ပထမတောင်သခင်မှလွဲ၍ တခြားတောင်သခင်များအားလုံး ခေါင်းများငုံ့ကာ လေးစားသည့်အမူအရာများ ပြသလိုက်ကြလေသည်။

“ ဘိုးဘိုးရဲ့အမိန့်ကို ကျုပ် နာခံပါတယ် ”

အမှတ်ခုနစ်သခင်ကြီးသည် ဝေဟင်သို့ ရောက်သွားပြီး လက်နှစ်ဖက်ကို ဆုပ်၍ ဘိုးဘိုးကို အရိုအသေပေးလိုက်သည်။

ဘိုးဘိုး ရွှယ်လျန့်ကျစ်၏ အကြည့်က အမှတ်ခုနစ်သခင်ကြီးအပေါ် ချက်ချင်း ရောက်သွားသည်။ သူ အနည်းငယ် အံ့အားသင့်သွားပုံရပြီး တဟားဟား ရယ်မောလိုက်လေသည်။

“ အမှတ်ခုနစ်လေး … မင်းတာအိုက မသိမသာ မြင့်တက်လာတာ အဆင့်တောင်တက်တော့မှာပဲကွ။ သိပ်ကောင်းတယ် ”

All Chapters